← Chapters

အခန်း ၁၇

Vol. 2 Ch. 17

အခန်း ၁၇

Vol. 2 Ch. 17

အခန်း (၁၇) လုပ်ကြံခြင်း

ယုံလဲ့ရပ်ကွက်အတွင်း၌ လီဟွိုင်က ဆုရှင်းကို ကျင်ရှန်းလောင်းကစားရုံဆီသို့ တိုက်ရိုက် ဦးဆောင်ခေါ်သွားသည်။

တိုင်ချုံးက လောင်းကစားကျိုးတစ်ဦးဖြစ်ပြီး သူ၏နေ့ရက်များကို ကျင်ရှန်းလောင်းကစားရုံတွင် ဖြတ်သန်းနေကြောင်းကို ဟွမ်ပင်းချန်က ရှာဖွေတွေ့ရှိပြီးဖြစ်လေ၏။

သူပြဿနာရှာမိပြီဖြစ်ကြောင်းသိသောအခါ ကျန်းဟုန်က သူ၏ခေါင်းဆောင်ကို ဖားယားရန်ကြိုးစားလျက်တိုင်ချုံးနောက်သို့ လိုက်နေခဲ့သည်။

ဆုရှင်းက ယခင်ကယုံလဲ့ရပ်ကွက်သို့ ရောက်ဖူးကောင်းရောက်ဖူးနိုင်သော်လည်း သူ၏မှတ်ဉာဏ်များက အချိန်ခရီးသွားပြီးနောက် အနည်းငယ် မှုန်ဝါးနေပြီ ဖြစ်သည်။ ထို့ကြောင့် ယခု သူက ပတ်ဝန်းကျင်ကို လမ်းလျှောက်ကြည့်ရှုနေခြင်းမှာ သိချင်စိတ်ကြောင့်မဟုတ်ဘဲ လုပ်ကြံပြီးနောက် လွတ်မြောက်ရန် အကောင်းဆုံးလမ်းကြောင်းကို ရွေးချယ်ရန်ဖြစ်သည်။

တိုင်ချုံးကို လုပ်ကြံရန် ဆုရှင်း၏ဆုံးဖြတ်ချက်က စိတ်လိုက်မာပါ သို့မဟုတ် မဆင်မခြင် ပြုလုပ်ခဲ့ခြင်း မဟုတ်ပေ။ အောင်မြင်ရန် ရာခိုင်နှုန်း ၉၀ သေချာမှသာထိုရွေးချယ်မှုကို ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

လွန်ခဲ့သော သုံးရက်က သူက သွေးကြောအမှတ် ၃၆ခုကို ဖွင့်ပြီးဖြစ်ကာ ဟောက်ထျန်းအစောပိုင်းအဆင့်သို့ တရားဝင်တက်လှမ်းနိုင်ခဲ့ပြီဖြစ်ပေ၏။

ထိုသွေးကြောအမှတ် ၃၆ ခုက ဆက်နွယ်နေပြီး ခန္ဓာကိုယ်အတွင်း လည်ပတ်မှုအသေးစားတစ်ခုကို ဖန်တီးပေးကာ မူလချီကိုအဆက်မပြတ် လည်ပတ်စေသည်။

ဆုရှင်းကို ယခုအခါ အစစ်အမှန်သိုင်းပညာရှင်တစ်ဦးအဖြစ် သတ်မှတ်နိုင်ပြီဖြစ်သည်။

သူတို့ လင်းယုန်ပျံဂိုဏ်း၏ခေါင်းဆောင်ကြီး ဆယ့်သုံးဦးထဲမှ မည်သူမျှ သွေးကြောအမှတ် ၃၆ ခုလုံးကိုမဖွင့်ရသေးကြောင်း တတိယသခင်ကြီးဟူက တစ်ခါက ပြောခဲ့ဖူးသည်။

ထို့ကြောင့် လင်းယုန်ပျံဂိုဏ်းနှင့် အင်အားတူညီသော မိုးပြာဝါးဂိုဏ်းကလည်း ဤကဲ့သို့ပင်ဖြစ်မည်ဟု ဆုရှင်း ခန့်မှန်းမိသည်။

တိုင်ချုံးက အတွင်းအားကျင့်ကြံခြင်းကို လေ့ကျင့်ထားကောင်းလေ့ကျင့်ထားနိုင်သော်လည်း ဟောက်ထျန်းအစောပိုင်းအဆင့် သိုင်းပညာရှင်တစ်ဦးဖြစ်လာရန် သွေးကြောအမှတ် ၃၆ ခုလုံးကို သေချာပေါက်ဖွင့်ထားခြင်း မရှိပေ။

ထို့အပြင် ဆုရှင်းတွက်ချက်မှု မှားယွင်းခဲ့လျှင်ပင် တိုင်ချုံးက ဟောက်ထျန်းအစောပိုင်းအဆင့်တွင်သာရှိနေမည်ဖြစ်ရာ သူ မကြောက်ပေ။

တူညီသောအဆင့်အောက်တွင် ကျင်းဝူမင်၏လျှပ်တပြတ်ဓားကို ပိုင်ဆိုင်ထားသော ဆုရှင်းက တိုင်ချုံးကို သတ်နိုင်ခြေရာခိုင်နှုန်း ၉၀ ရှိပါသည်။

ဤဓားသိုင်းက မယုံနိုင်ဖွယ်သတ်ဖြတ်နိုင်စွမ်းရှိပြီး အားနည်းသူက အားကြီးသူကိုအနိုင်ယူခြင်းမှာ မထူးဆန်းပေ။

ကျင်ရှန်းလောင်းကစားရုံ အဝင်ဝသို့ရောက်သောအခါ ဆုရှင်းက လီဟွိုင်ကိုပြောလိုက်၏။ "ငါ တိုင်ချုံးအနားကိုကပ်သွားတဲ့အခါ မင်းက အဝင်ဝကို စောင့်နေပေးရုံပဲ။"

"ငါ့ကို အကြောင်းပြချက်တစ်ခုပေး။" လီဟွိုင် မျက်မှောင်ကြုတ်လိုက်သည်။

ဆုရှင်း၏အစီအစဉ်က သူ့ကို ဆုတ်ခွာရာတွင် ကာကွယ်ပေးရန်နှင့် တိုင်ချုံးကိုလုပ်ကြံရာတွင် ကိုယ်တိုင်ပါဝင်ခြင်းမှ တားဆီးထားရာ ၎င်းက လီဟွိုင်ကို အလွန်ဘဝင်မကျဖြစ်စေ၏။

"မင်းရဲ့မျက်နှာကို အရင်ကြည့်ဦး။ မင်းက တိုင်ချုံးကိုလုပ်ကြံမယ်ဆိုရင် သူ့အနားဆယ်မီတာတောင် မရောက်ခင်မှာ သူ့လူတွေရဲ့တားဆီးတာကို ခံရလိမ့်မယ်။"

လီဟွိုင်၏သေမင်းတမန်ကဲ့သို့မျက်နှာထားဖြင့်ဆိုလျှင် ငါကလူဆိုးကွဟူသော စကားလုံးကို နဖူးတွင်တက်တူးထိုးထားသကဲ့သို့ဖြစ်နေပြီး သူ့ကိုကြည့်မိသူတိုင်းသက်သောင့်သက်သာဖြစ်စေမည်မဟုတ်ပေ။

*ငါသာ သူ့ကိုသွားခွင့်ပြုလိုက်မယ်ဆိုရင် အဲဒါက လုပ်ကြံတာမဟုတ်တော့ဘဲ အတင်းဝင်တိုက်ခိုက်မှုကြီး ဖြစ်သွားလိမ့်မယ်။*

လီဟွိုင်က တစ်ခဏမျှစကားမပြောနိုင်ဖြစ်သွားသော်လည်း သူကခေါင်းညိတ်ရုံသာ တတ်နိုင်တော့သည်။

ဆုရှင်း၏ဓားကြီးက ထင်ရှားလွန်းသဖြင့် ၎င်းကို သစ်သားသေတ္တာတစ်လုံးထဲတွင်ထည့်ကာ လုံခြုံစွာသိမ်းဆည်းထားရန် လီဟွိုင်အား ပေးလိုက်ပြီး သူ၏ဓားသွယ်ကိုမူ အင်္ကျီလက်အိုးထဲတွင် ဖုံးကွယ်ထားလိုက်၏။

ဤတစ်ကြိမ်တွင် သူက အလွန်ကြီးမားသော လက်အိုးများပါရှိသည့် ခမ်းနားသောပိုးထည်ဝတ်ရုံကိုဝတ်ဆင်ထားသဖြင့်အထဲတွင် ဓားတစ်လက် ဖုံးကွယ်ထားကြောင်း မည်သူမှမသိနိုင်ပေ။

ဆုရှင်းက အပျော်အပါးထွက်လာသော ချမ်းသာသည့် မိသားစုမှသခင်လေးတစ်ဦးကဲ့သို့ ဝတ်ဆင်ထားပါသည်။ ကျင်ရှန်းလောင်းကစားရုံထဲသို့ သူ ဝင်ရောက်လိုက်သည်နှင့် သူ၏အမူအရာ လုံးဝ ပြောင်းလဲသွားခဲ့၏။

ရက်စက်ပြီးပြတ်သားသော ခေါင်းဆောင်ဆုမှ ဆွဲဆောင်မှုရှိပြီး အထက်တန်းကျသောသခင်လေးဆုအဖြစ်သို့ ပြောင်းလဲသွားခြင်းက လီဟွိုင်ကို အံ့အားသင့်စေခဲ့သည်။

အနည်းဆုံးတော့ သူ၏သေမင်းတမန်ကဲ့သို့ မျက်နှာထားဖြင့် ထိုကဲ့သို့ပြောင်းလဲမှုကို မစွမ်းဆောင်နိုင်ပေ။

ကျင်ရှန်းလောင်းကစားရုံက အတော်လေးကြီးမားပြီး ပိုင်ရှင်ဟွမ်၏မူလ ရွှန်းသယ်လောင်းကစားရုံထက်ပင် ပိုကြီးမားပါသည်။

ခန်းမထဲတွင်ဆူညံသော အော်ဟစ်သံများဖြင့် ပြည့်နှက်နေပြီး နေရာတစ်ခုလုံးအတော်လေးရှုပ်ထွေးနေပုံရပေ၏။

အစေခံအချို့နှင့် လှပသောအစေခံမိန်းကလေးများက ဝိုင်နှင့် အဆာပြေမုန့်များကို သယ်ဆောင်ကာ ဟိုဒီ လျှောက်သွားနေကြ၏။ ဤနည်းဗျူဟာက ပျော်ရွှင်ဖွယ်တောအုပ်မှ သင်ယူထားခြင်း ဖြစ်သည်မှာ ရှင်းနေပါသည်။

ပျော်ရွှင်ဖွယ်တောအုပ်၏ပုံစံက ချန်နင်စီရင်စု တစ်ခုလုံးသို့ ပျံ့နှံ့နေသည်မှာကြာပြီဖြစ်သည်။ မြေနေရာကန့်သတ်ချက်များကြောင့် ပျော်ရွှင်ဖွယ်တောအုပ်၏ပုံစံကို လုံးဝကူးယူ၍ မရသော်လည်း ကောင်းမွန်သောလှည့်ကွက်အချို့ကို သူတို့ သင်ယူနိုင်ပါသေးသည်။

ဆုရှင်းက ရယ်မောလိုက်ပြီးလှပသော အစေခံမိန်းကလေးတစ်ဦးကို ကလူကျီစယ်လိုက်၏။ အစေခံမိန်းကလေး၏ချွဲနွဲ့သော အပြစ်တင်မှုကြားတွင် သူကဝိုင်အိုးတစ်အိုးကိုယူလိုက်ပြီး တိုင်ချုံးဆီသို့ ယိမ်းယိုင်စွာလျှောက်သွားခဲ့သည်။

တိုင်ချုံး၏ ဝါသနာများမှာ အတော်လေးထူးဆန်းပ့သည်။

အဆင့်အတန်းနှင့် ရာထူးရှိသူများက များသောအားဖြင့် သီးသန့်အခန်းများတွင် လောင်းကစားလုပ်လေ့ရှိသော်လည်း တိုင်ချုံးက ဆူညံသောပင်မခန်းမတွင် လောင်းကစားလုပ်ရသည်ကို ပိုနှစ်သက်ပေ၏။

ဤအချိန်တွင် တိုင်ချုံးက အခြားလူသုံးဦးနှင့် ဖိုင်ကျှိုး (Pai Gow/ဖဲချပ်ကစားနည်းတစ်မျိုး ပိုကာ‌ဒေါင်းနဲ့တူမယ်ထင်ပါတယ်) ကစားနေသည်။ သူ၏ဘယ်ဘက်မှ ပြိုင်ဘက်မှာ ကျန်းဟုန်ဖြစ်ပြီး တိုင်ချုံးကိုသေချာစွာ အကွက်ချထိုးကျွေးနေ၏။

ယခင်တစ်ခေါက်က သူကလင်းယုန်ပျံဂိုဏ်းမှ အဖွဲ့ဝင် တစ်ဦးကိုသတ်ခဲ့မိသည်။ တိုင်ချုံးက ထိုကိစ္စကို ဖိနှိပ်နိုင်ခဲ့သော်လည်း ၎င်းက တိုင်ချုံးကို လင်းယုန်ပျံဂိုဏ်းအား တောင်းပန်ရန်တွန်းအားပေးခဲ့ပြီး မျက်နှာပျက်စေခဲ့သည်။

ဤခေါင်းဆောင်တိုင်ချုံးက ခန့်မှန်းရခက်သည်။ ယခုလောလောဆယ်အဆင်ပြေနေသော်လည်း တစ်နေ့လောင်းကစား စားပွဲတွက် ရှုံးနိမ့်ကာစိတ်မကြည်မလင်ဖြစ်လာပါက ဤဖြစ်ရပ်အားသတိရပြီး သူ့ကိုရိုက်နှက်ကောင်း ရိုက်နှက်နိုင်ပါသည်။

ထို့ကြောင့် မကြာသေးမီက ကျန်းဟုန်က သူ၏ကိုယ်ပိုင် နယ်မြေကို စီမံခန့်ခွဲရန် စိတ်ဝင်စားမှု ပျောက်ဆုံးသွားပြီးခေါင်းဆောင်က ဤကိစ္စကိုမေ့သွားစေရန် ဖားယားရန်အတွက် သူ၏အချိန်အားလုံးကို တိုင်ချုံး၏ဘေးတွင် ဖြတ်သန်းနေခဲ့၏။

ထိုအချိန်မှာပင် ကျန်းဟုန်မော့ကြည့်လိုက်ရာ ဆုရှင်းက ဝိုင်အိုးတစ်အိုးကိုင်ကာ ယိမ်းယိုင်လာသည်ကို မြင်လိုက်သည်။ သူက မျက်မှောင်ကြုတ်ကာ စိတ်မရှည်စွာဖြင့် ပြောလိုက်၏။ "ဟေ့ မင်း ဘယ်ကလာတာလဲ။ ဒါက မင်းနေရာထင်နေလား။ ဒီဒီကနေ လစ်စမ်း။"

ဆုရှင်း နှုတ်ခမ်းမဲ့ကာ မထီမဲ့မြင်ပြုသည့် မျက်နှာထားဖြင့် ပြောလိုက်၏။ "ဘာလဲ။ မင်းက ဒီလောင်းကစားရုံကိုပိုင်လို့လား။ ခန်းမထဲမှာ ခုံလွတ် နည်းနည်းပဲရှိတော့လို့ ငါ ဘာလို့လာလို့မရရမှာလဲ။"

"ငါ့အပေါ် မောက်မာချင်ယောင်လာမဆောင်နဲ့။ မင်း အဲဒီလောက်စွမ်းတယ်ဆိုရင် အပေါ်ထပ်က သီးသန့် အခန်းကိုသွားလေ။ အများနေရာမှာ မောက်မာနေရအောင် မင်းက ဘယ်လိုအရေးပါတဲ့လူမို့လို့လဲ။"

"သောက်ခွေးကောင်... မင်းသေချင်နေတာလား။" ကျန်းဟုန်က ဒေါသတကြီးဖြင့်စားပွဲကို လက်သီးဖြင့် ထုလိုက်သည်။

တိုင်ချုံးက ဆုရှင်းကို တစ်ချက်ကြည့်လိုက်ပြီးနောက် သူ၏အနီးတွင် ရပ်နေသော သူ၏လူများကို မျက်ရိပ်ပြကာ ဆုရှင်းကိုအပြင်သို့ မောင်းထုတ်ပြီး ပညာပေးရန်အချက်ပြလိုက်၏။

ဆုရှင်း၏ ဝတ်စားဆင်ယင်မှုက ချမ်းသာသော သခင်လေးတစ်ဦးဖြစ်ကြောင်း ညွှန်ပြနေသော်လည်း တိုင်ချုံးက သူ့ကိုဂရုမစိုက်ခဲ့ပေ။

ယုံလဲ့ရပ်ကွက်တွင် ချမ်းသာသော ကုန်သည် အများအပြား ရှိပါသည်။ ခေါင်းဆောင်တိုင်ကို မည်သူက စိန်ခေါ်ရဲမည်နည်း။

ဤကောင်လေး ယနေ့ပညာပေးခံရလျှင် သူမျက်စိကန်းနေခြင်းကိုသာ ကိုယ့်ကိုယ်ကိုယ်အပြစ်တင်ရလိမ့်မည်။

သို့သော် ထိုအချိန်တွင်ဖဲစားပွဲသို့ အကြည့်ပြန်လွှဲလိုက်သော တိုင်ချုံးက မျက်လုံးထောင့်မှ ထက်ရှသောအလင်းတန်းတစ်ခု ဖြတ်သွားသည်ကို ရုတ်တရက် ခံစားလိုက်ရ၏။

သွေးဆာနေသော ဝံပုလွေတစ်ကောင်က သူ့အား ရက်စက်ကြမ်းကြုတ်သော အစွယ်များထုတ်ပြနေသည့်အလား ကြောက်မက်ဖွယ်သတ်ဖြတ်လိုစိတ် တစ်ခုက သူ့ကို ချက်ချင်းလွှမ်းခြုံသွားသည်။

ဆုရှင်း၏ ဓားကို ဆွဲထုတ်လိုက်လေပြီ။

ဓားသွယ်က သူ၏လက်ထဲသို့ မည်သို့ရောက်လာသည်ကို မည်သူမျှမမြင်လိုက်ပေ။

ထိုရုတ်တရက်ဓားချက်က လျှပ်စီးကဲ့သို့ပင် ဖုံးကွယ်ထားခြင်းမရှိဘဲပစ်မှတ် တစ်ခုတည်းသာ ဦးတည်သွားခဲ့၏။ တိုင်ချုံး၏ လည်ပင်းပင်။

ကျန်းဟုန်က ဓားချက်ကို မြင်လိုက်ရသကဲ့သို့ တိုင်ချုံး၏ လက်ပါးစေ အချို့လည်း မြင်လိုက်ရသော်လည်း သူတို့တုံ့ပြန်ရန် အလွန်နှေးကွေးလွန်းနေသည်။

တစ်လကြာ လေ့ကျင့်ပြီးနောက် လျှပ်တပြတ်ဓားအား သူ၏ကျွမ်းကျင်မှုက ၃၀%သို့ ရောက်ရှိသွားပြီဖြစ်ရာ ဤအောက်ခြေကောင်များက သူ့ကို တားဆီးရန် မဖြစ်နိုင်တော့ပေ။

တံခါးကို စောင့်ကြပ်နေပြီး အတွင်းဘက်ရှိ လှုပ်ရှားမှုများကို သေချာစွာစောင့်ကြည့်နေသည့် လီဟွိုင်က ဓားချက်ကို သဘာဝကျကျပင်မြင်တွေ့လိုက်ရ၏။

ဤဓားချက်က လီဟွိုင်ကိုလည်း အလွန် အံ့အားသင့်စေခဲ့သည်။

သူကလည်း ဓားကိုအသုံးပြုရာ တတိယသခင်ကြီးဟူ၏အမိန့်အောက်တွင် သူ၏မြန်ဆန်သော ဓားသိုင်းကြောင့်လည်း လူသိများပါသည်။

သို့သော် ဆုရှင်း၏ဓားနှင့် နှိုင်းယှဉ်လျှင် လုံလောက်အောင်မမြန်ဆန်ရုံသာမက ရက်စက်ကြမ်းကြုတ်မှုလည်း မရှိပေ။

ဤအရေးကြီးသော အခိုက်အတန့်တွင် တိုင်ချုံးက သူ၏ခေါင်းကို ရုတ်တရက်စောင်းလိုက်ရာ ဤမယုံနိုင်လောက်အောင် လှပသောဓားချက်က တိုင်ချုံး၏လည်ပင်းကို ရှပ်သွားပြီး သွေးထွက်နေသော အရာတစ်ခုသာ ကျန်ရစ်ခဲ့သည်။

သူ၏နှလုံးသားမှာ ပြင်းထန်စွာ ခုန်ပေါက်နေခဲ့သည်။ ထိုအချိန်တွင် တိုင်ချုံးကတိုက်ခိုက်မှုကို ရှောင်တိမ်းနိုင်ခဲ့သည့်အတွက် အောင်ပွဲခံသည့် ခံစားချက်မျိုးမခံစားရပေ။ ထိုအစား သေမင်း၏ နှုတ်ခမ်းဝမှပြန်လည်ရောက်ရှိလာခြင်းမှ သက်သာရာရမှုကိုသာ သူ ခံစားလိုက်ရ၏။

ဆုရှင်း၏ဓားချက်က လျင်မြန်ပြီးရက်စက်ကာ အစွန်းရောက်သည်အထိ ကြမ်းကြုတ်ပါသည်။ အကယ်၍ သူလှည့်ကြည့်လိုက်သည့် အခိုက်အတန့်တွင် ဓား၏တောက်ပသော အရိပ်အယောင်ကိုသတိပြုမိပြီး သူ၏နှစ်ပေါင်းများစွာ တိုက်ခိုက်ရေးအတွေ့အကြုံကြောင့် အလိုအလျောက်မရှောင်တိမ်းမိပါက ယခုအချိန်တွင် သူက အလောင်းတစ်ခု ဖြစ်နေလောက်ပြီ ဖြစ်သည်။

"မင်း ဘယ်သူလဲ။"

တိုင်ချုံးက သူ၏မျက်လုံးများတွင် ကြောက်ရွံ့မှုများ ကျန်ရှိနေသေးလျက်အနီးရှိ ရွှေတူကြီးကို ချက်ချင်း ဆုပ်ကိုင်လိုက်၏။

ဆုရှင်းက ရုတ်တရက်ပြုံးပြီး ပြောလိုက်သည်။ "ငါက..."

စကားလုံးများ မဆုံးမီမှာပင် နောက်ထပ်ဓားချက်တစ်ခုက လျှပ်စီးကဲ့သို့အမြန်နှုန်းဖြင့် ရောက်ရှိလာပြီး ၎င်း၏ရှုထောင့်မှာ ပါးနပ်ကာကြိုတင်ခန့်မှန်း၍ မရနိုင်ပေ။

ဤတစ်ကြိမ်တွင် တိုင်ချုံးက သတိထားနေပြီဖြစ်ရာ ဆုရှင်းကို ဤမျှအလွယ်တကူ ထပ်မံ အောင်မြင်ခွင့်ပေးမည် မဟုတ်ပေ။

သူ၏ရွှေတူကြီးကို လွှဲယမ်းလိုက်ရာ ထိုက်ရှန်းတောင်ကြီးပြိုကျလာသကဲ့သို့ခွန်အားက အလွန် ကြီးမားလှသည်။ ဆုရှင်းက မရှောင်တိမ်းပါက တိုင်ချုံး၏လည်ပင်းကို ဓားဖြင့် ထိုးနိုင်လျှင်ပင် သူကိုယ်တိုင် အသားပုံကြီးအဖြစ် အရိုက်ခံရပေလိမ့်မည်။

သို့သော် တိုင်ချုံးအံ့အားသင့်သွားသည်မှာ ဆုရှင်းက တူကြီးကျလာသည်ကို မမြင်လိုက်သည့်အလား ရပ်တန့်မည့် အရိပ်အယောင် လုံးဝမပြပေ။

တိုင်ချုံးက အောင်မြင်နေသော ခေါင်းဆောင်တစ်ဦးဖြစ်ရာ မည်သူမည်ဝါမှန်းပင်မသိရသော ဆုရှင်းနှင့် အတူသေဆုံးရန် သဘာဝကျကျဆန္ဒမရှိပေ။

ထို့ကြောင့် သူက ဓားကိုခဲယဉ်းစွာ ကာကွယ်ရန် ရွှေတူကြီးကို သူ၏ရင်ဘတ်ရှေ့တွင် ကန့်လန့်ဖြတ် ကိုင်ကာနည်းဗျူဟာကို ချက်ချင်းပြောင်းလဲလိုက်ရ၏။

"ချွမ်.."

စူးရှသောသတ္တုသံတစ်ခု ထွက်ပေါ်လာပြီး လူနှစ်ဦး၏မျက်နှာအမူအရာများ တစ်ပြိုင်နက် ပြောင်းလဲသွားပါသည်။

တိုင်ချုံး၏ ဗုံပုံသဏ္ဍာန်ရွှေတူကြီးပေါ်တွင် နက်ရှိုင်းသောဓားရာတစ်ခုကို ရှင်းလင်းစွာမြင်တွေ့နိုင်ပြီး ၎င်းက ဆုရှင်း၏ဓားချက်အင်အားက သူမျှော်လင့်ထားသည်ထက် ကျော်လွန်နေကြောင်း ညွှန်ပြနေသည်။

ဆုရှင်း၏မျက်နှာအမူအရာ ပြောင်းလဲသွားစေသောအရာမှာ သူက တိုင်ချုံး၏ခွန်အားကို မှန်ကန်စွာတွက်ချက်ထားသော်လည်း အချက်တစ်ချက်ကို လျစ်လျူရှုထားခဲ့ခြင်းကြောင့် ဖြစ်သည်။

တိုင်ချုံးက ဟောက်ထျန်းအစောပိုင်းအဆင့်သို့ မထိုးဖောက်နိုင်ခဲ့သော်လည်း သူ၏ခွန်အားမှာ ကြီးမားလှပြီး ၎င်းကို နတ်ဘုရားခွန်အားဟုပင် ယူဆနိုင်ပါသည်။

ဟောက်ထျန်းအဆင့်၏ အစောပိုင်းအဆင့်က သိုင်းပညာရှင်များအတွက် ပထမဆုံး အခက်အခဲ ဖြစ်သော်လည်း ခွန်အားကိုမြင့်တင်ရာတွင် ၎င်း၏အကျိုးသက်ရောက်မှုမှာ အကန့်အသတ်ရှိပါသည်။

သွေးကြောအမှတ် ၃၆ ခုကို ဖွင့်ခြင်းက သင့်၏အရိုးများနှင့် ကြွက်သားများကို သန်မာစေပြီး သင့်၏သွေးလည်ပတ်မှုကို တိုးတက်စေနိုင်သော်လည်း နောက်ထပ်မရှိတော့ပေ။

ဟောက်ထျန်း၏အစောပိုင်းအဆင့်များတွင် လူတစ်ဦး၏နည်းပါးလှသော အတွင်းအားက မူလချီကိုအပြင်သို့ ထုတ်လွှတ်ရန်ပင်မလုံလောက်ပေ။

ထို့ကြောင့် ၎င်းက ဟောက်ထျန်းအစောပိုင်းအဆင့်သို့ မထိုးဖောက်နိုင်ခဲ့သော်လည်း တိုင်ချုံး၏မွေးရာပါခွန်အားက ၎င်းကိုပြန်လည်ဖြည့်ဆည်းပေးခဲ့ပြီး အစစ်အမှန် ဟောက်ထျန်းအစောပိုင်းအဆင့် သိုင်းပညာရှင်တစ်ဦးထက်ပင် သူ့ကို ပိုမိုသန်မာစေခဲ့သည်။

သမိုင်းတစ်လျှောက်တွင် ဧရာမတူကြီးကို ကိုင်ဆောင်ရဲသူများအားလုံးက ပြိုင်ဘက်ကင်းသော စစ်သည်တော်များ ဖြစ်ကြသည်။

တိုင်ချုံးက တူကြီးတစ်လက်တည်းသာ ကိုင်ဆောင်နိုင်သော်လည်း ထိုတစ်ချက်အပြီးတွင် ဆုရှင်း၏လက်မှာ ထုံကျင်သွားခဲ့၏။

"ဒီကောင်လေးကို အရှင်ဖမ်းစမ်း။ ငါ့ကို သတ်ချင်တာ ဘယ်သူလဲဆိုတာ ငါကြည့်ချင်တယ်။"

တိုင်ချုံးဟိန်းဟောက်လိုက်ပြီးမှသာ ကျင်ရှန်းလောင်းကစားရုံမှ မိုးပြာဝါးဂိုဏ်းဝင်များ တုံ့ပြန်လာကြသည်။ သူတို့သည် ဓားအမျိုးမျိုးကို အလျင်အမြန်ဆွဲထုတ်ကာ ဆုရှင်းကို တိုက်ခိုက်လိုက်ကြ၏။

၎င်းကိုမြင်သောအခါ အခြားလောင်းကစားသမားများ စူးစူးဝါးဝါးအော်ဟစ်ကာ အပြင်သို့ ထွက်ပြေးကြပြီး မြင်ကွင်းမှာချက်ချင်းပင် ဖရိုဖရဲဖြစ်သွားသည်။

တိုင်ချုံးက ခေါင်းဆောင်ကြီးတစ်ဦးဖြစ်ရာ လူအနည်းငယ်မျှဖြင့်ရောက်လာမည် မဟုတ်ပေ။ လောင်းကစားရုံပတ်လည်မှ လူ ဒါဇင်ပေါင်းများစွာ တစ်ယောက်ပြီးတစ်ယောက်ပြေးလာကြသဖြင့် ဤတစ်ကြိမ်တွင် လီဟွိုင်ကို ခေါ်လာခဲ့မိသည့်အတွက် ဆုရှင်း ဝမ်းသာသွားခဲ့၏။

ဤအချိန်တွင် လီဟွိုင်က ဆုရှင်းကို စိတ်ပျက်မစေခဲ့ပေ။

ဆုရှင်းဆီသို့ ပြေးဝင်လာသော ဂိုဏ်းဝင်များကို ရင်ဆိုင်ရာတွင် လီဟွိုင်က ရုတ်တရက်လှုပ်ရှားလိုက်သည်။

သူ၏လက်နက်များမှာ ကိုးလက်မသာရှည်သော ဓားတိုနှစ်လက်ဖြစ်ပြီး ၎င်းတို့မှာ ဓားတိုများထက် ဓားမြှောင် နှစ်လက်နှင့် ပိုတူပါသည်။

လီဟွိုင်က သူ၏ဓားကို ပြောင်းပြန်ကိုင်ထားပြီး သူ၏ဓားချက်များမှာ မယုံနိုင်လောက်အောင် လျင်မြန်ကာ ရက်စက်ပြီး ချွင်းချက်မရှိ လည်ချောင်းများကိုသာ ထိုးစိုက်ဖြတ်သန်းသွားသည်။

ဤလုပ်ကြံသူတွင်ကြံရာပါများ ရှိမည်ဟု မည်သူမျှ မမျှော်လင့်ထားခဲ့ပေ။

လီဟွိုင်လူအုပ်ထဲမှ ရုတ်တရက်ပေါ်ထွက်လာပြီး မျက်စိတစ်မှိတ်အတွင်း လူ လေးငါးယောက်ကို သတ်ပစ်လိုက်၏။

All Chapters