← Chapters

အခန်း ၁၈

Vol. 2 Ch. 18

အခန်း ၁၈

Vol. 2 Ch. 18

အခန်း (၁၈) လျှပ်တပြတ်ဓားသိုင်း နှင့် သုမေရု ဓားသိုင်း

လီဟွိုင်၏ ရုတ်တရက် ထွက်ပေါ်လာမှုက မိုးပြာဝါးဂိုဏ်းဝင်များကို ထိတ်လန့်သွားစေသည်။

သူတို့ထဲမှအများစုမှာ လမ်းဘေးရန်ပွဲများတွင်သာ ကျွမ်းကျင်ကြ၏။ ဤကဲ့သို့လူသတ်ပွဲနှင့်သွေးထွက်သံယိုဖြစ်နေသည့် မြင်ကွင်းမျိုးကို သူတို့ထဲက ဘယ်နှစ်ယောက်များမြင်ဖူးကြသနည်း။

လီဟွိုင်၏ဓားတိုမှာ ရက်စက်ပြီးထိုးသွင်းခြင်း၊ ခုတ်ပိုင်းခြင်းနှင့် ကာကွယ်ခြင်းတို့ကိုပြုလုပ်ကာ သူ့အားကူညီရန်လာသော ဂိုဏ်းဝင်များကိုသူ တစ်ယောက်တည်းနှင့်ပင် နှိမ်နင်းလိုက်၏။

"ဒီအသုံးမကျတဲ့ ကောင်တွေ"

၎င်းကိုမြင်သောအခါ တိုင်ချုံးက ဒေါသကြောင့် သွေးအန်မတတ်ဖြစ်သွားပါသည်။ သူ၏လူများ ဤမျှအသုံးမကျဖြစ်မည်ဟု သူ ဘယ်သောအခါမျှ မမျှော်လင့်ထားခဲ့ပေ။

သူတို့ များစွာပူးပေါင်းသော်လည်း ရန်သူ့ဘက်က လူတစ်ယောက်လေးကိုပင် မတားဆီးနိုင်ကြပေ။

"ဒီကောင်လေးကို အရင်ဖမ်းစမ်း"

တိုင်ချုံးနှင့်အတူ အခြားလူလေးယောက်ရှိနေသည်။

ဤလူလေးယောက်မှာ တိုင်ချုံးနောက်သို့ နှစ်အတော်ကြာလိုက်ပါလာခဲ့သော လူဟောင်းများ ဖြစ်ကြ၏။ သူတို့အားလုံးလူသတ်ဖူးပြီး ဂိုဏ်းစစ်ပွဲများတွင် သွေးထွက်သံယိုဖြစ်ဖူးကြသဖြင့် လှုပ်ရှားရန် တုံ့ဆိုင်းနေမည်မဟုတ်ပေ။

လူလေးယောက်က သူတို့၏လက်နက်များကို ချက်ချင်းဆွဲထုတ်ကာ ဆုရှင်းထံသို့ ပြေးဝင်သွားကြ၏။

တိုင်ချုံးက သူ၏ဧရာမတူကြီးကို ရက်စက်ကြမ်းကြုတ်ကျွမ်းကျင်မှုဖြင့် လွှဲယမ်းလိုက်သည်။ တစ်ချက်တည်းဖြင့်ပင် ပစ်မှတ်ကိုသေစေနိုင် သို့မဟုတ် ပြင်းထန်စွာဒဏ်ရာရစေနိုင်သည်။

ဆုရှင်းက ကာကွယ်ရန် သူ၏ဓားသွယ်ကို မြှောက်လိုက်ပြီး ခုတ်ပိုင်းလာသော ဓားရှည်နှစ်လက်ကို လျင်မြန်စွာ တားဆီးလိုက်၏။

တိုင်ချုံး၏တူကြီးမှာ ကျဆင်းလာပြီဖြစ်ရာ ဆုရှင်းမှာ နောက်ဆုတ်ရန်သာ တတ်နိုင်တော့ပြီး တိုင်ချုံး၏ရှေ့ရှိ လောင်းကစား စားပွဲတစ်လုံးကို ကန်လိုက်ရာ ၎င်းမှာတူကြီး၏ရိုက်ခွဲမှုကြောင့် အပိုင်းပိုင်းအစစဖြစ်သွားသည်။

တိုင်ချုံး၏ကိုယ်ပိုင် ခွန်အားမှာ ဟောက်ထျန်း အစောပိုင်းအဆင့်ရှိ သိုင်းပညာရှင်တစ်ဦးနှင့် နှိုင်းယှဉ်နိုင်ပြီး သူ၏ဘေးတွင် ကျွမ်းကျင်သော ဂိုဏ်းဝင်လေးဦးရှိနေသဖြင့် ဆုရှင်းမှာ ချက်ချင်းပင်ဖိနှိပ်ခံလိုက်ရပြီး ခဲယဉ်းစွာသာခုခံနေရသည်။

"ကောင်လေး၊မင်းတို့ နှစ်ယောက်က ငါ့ကိုလုပ်ကြံရဲတယ်ပေါ့လေ။ မင်းတို့က တကယ်ကို ပြဿနာရှာနေတာပဲ"

တိုင်ချုံးက သိုင်းလောကတွင် ဆယ်စုနှစ်တစ်ခုကျော် ကျင်လည်ခဲ့ပြီး သူ၏လက်နက်ကို ကိုင်ကာ အိပ်စက်ခဲ့ရသူဖြစ်ရာ ဂျူနီယာနှစ်ဦးက သူ့ကို နေ့ခင်းကြောင်တောင်လုပ်ကြံရဲခြင်းမှာ လုံးဝ ရယ်စရာ ကောင်းလှပါသည်။

ဆုရှင်းက အမူအရာကင်းမဲ့နေ၏။ သူက ခဲယဉ်းစွာ ခုခံနေရသော်လည်း သူ၏မျက်နှာပေါ်တွင် စိုးရိမ်ပူပန်မှု အရိပ်အယောင်အလျဉ်းမရှိပေ။

ဤအချိန်တွင် လီဟွိုင်က ဆုရှင်းနှင့် မလှမ်းမကမ်းသို့ ရောက်ရှိနေပြီဖြစ်ပြီး ဓားကြီးပါရှိသော သေတ္တာကိုဆုရှင်းထံသို့ ပစ်ပေးလိုက်၏။

"ဓားကို ဖမ်းလိုက်"

ဆုရှင်းခုန်တက်သွားပြီး သေတ္တာကို ဓားတစ်ချက်တည်းဖြင့်ခွဲပစ်လိုက်ကာ ဓားကြီးကို ဆုပ်ကိုင်၍ တိုင်ချုံးနှင့် အခြားသူများဆီသို့ တိုက်ရိုက် ပြေးဝင်သွားသည်။

ဆုရှင်း၏လက်နက်က နိမ့်ကျနေခြင်းကြောင့်သာ စောစောက တိုင်ချုံး၏ဖိနှိပ်မှုကို ခံခဲ့ရခြင်း ဖြစ်သည်။

ဓားသွယ်က ထက်မြက်သော်လည်း ပါးလွှာလွန်းပြီး ဂိုဏ်းဝင်လေးဦးက သူ့ကိုဟန့်တားထားသဖြင့် သူက တိုင်ချုံးကိုမျက်နှာချင်းဆိုင် မတိုက်ခိုက်ရဲခဲ့ပေ။

ထိုရွှေတူကြီးက ပေါင်တစ်ရာကျော် အလေးချိန်ရှိသည်။ အချက်အနည်းငယ်ရိုက်ခံရလျှင် သူ၏ဓားသွယ်မှာ သေချာပေါက် ပျက်စီးသွားပေလိမ့်မည်။

ယခုတော့ ဓားကြီးလည်းလက်ထဲရောက်လာပြီဖြစ်ရာ ဆုရှင်းက ကြီးမြတ်သော သုမေရုဓားသိုင်းကို ချက်ချင်း ထုတ်လွှတ်လိုက်သည်။ ဓားအလင်းတန်းက ရေကူးနေသောနဂါးတစ်ကောင်ကဲ့သို့ ထူထပ်ပြီးတားဆီး၍ မရနိုင်ပေ။

လေးလံသော ဓားကြီးကို ဆုရှင်းက မည်သည့် ဟာကွက်မျှမချန်ထားဘဲ လွှဲယမ်းနေခဲ့၏။

တိုင်ချုံး၏ရွှေတူကြီးက ပြင်းထန်စွာကျဆင်းလာသော်လည်း ဓားကြီး၏လမ်းလွှဲခြင်းကို ချက်ချင်း ခံလိုက်ရသည်။

ဂိုဏ်းဝင်လေးဦးမှာ ပို၍ပင် ဆိုးရွားသေး၏။ သူတို့တွင် အတွင်းအားမရှိသလို တိုင်ချုံး၏မွေးရာပါ ခွန်အားမျိုးလည်း မရှိကြပေ။

သူတို့က ခွန်အားအရဆုရှင်းထက်များစွာနိမ့်ကျရာ အလွယ်တကူလွင့်စင်သွားကြသည်။

"ဒါက ဘယ်လို ထူးဆန်းတဲ့ ဓားသိုင်းလဲ"

တိုင်ချုံးက ဟောက်ထျန်းအစောပိုင်းအဆင့်သို့ မရောက်ရှိသေးသော်လည်း အတွင်းအားကျင့်ကြံထားသော သိုင်းပညာရှင်တစ်ဦးဖြစ်နေသေးပြီး ဆုရှင်း၏ဓားသိုင်းက သာမန်မဟုတ်ကြောင်း တစ်ချက်ကြည့်ရုံဖြင့် သိနိုင်သည်။

ကြီးမြတ်သော သုမေရု ဓားသိုင်းက ရိုးရှင်းပုံရသော်လည်း နက်နဲပါသည်။ ၎င်း၏ဓားသိုင်းကွက်များမှာ ရှုပ်ထွေးသော်လည်း ထိန်းချုပ်နိုင်၏။

၎င်းက အကာအကွယ်အနေအထားကို ယူလိုက်သည်နှင့် တိုင်ချုံးမဆိုထားနှင့် ဆုရှင်းထက် ပိုမို သန်မာသူတစ်ဦးပင်လျှင် ဖောက်ထွက်ရန် ခက်ခဲပေလိမ့်မည်။

"ချွမ်.....ချွမ်"

သတ္တုချင်းရိုက်ခတ်သံများ ဆက်တိုက် ထွက်ပေါ်လာသည်။

ဓားကြီးက အစွမ်းထက်ပြီးလေးလံကာ ရွှေတူကြီးနှင့် ရိုက်ခတ်မိတိုင်း အနည်းငယ်မျှပင်မနိမ့်ကျပေ။

ဂိုဏ်းဝင် လေးဦးက ကူညီချင်သော်လည်း ကြီးမြတ်သော သုမေရု ဓားသိုင်းက ထိုးဖောက်၍မရပေ။ သူတို့၏ခွန်အားဖြင့် ဆုရှင်းကို အနည်းငယ်မလှုပ်ခတ်နိုင်ခဲ့ပေ။

ဓားနှင့် တူရိုက်ခတ်မိစဉ် ဆုရှင်းက သူ၏ဘယ်ဘက်လက်ရှိ ဓားသွယ်ကို ရုတ်တရက်ထိုးသွင်းလိုက်ပြီး တိုင်ချုံး၏ဒနထျန်ကို တည့်တည့် ချိန်ရွယ်လိုက်၏။

ဧရာမတူကြီး၏လက်ကိုင်ရိုးက ကျဆင်းလာပြီး ဓားချက်ကို သီသီလေးကာကွယ်နိုင်ခဲ့ရာ တိုင်ချုံးမှာ ချွေးစေးများထွက်လာပါသည်။

ကံကောင်းစွာဖြင့် သူက တူလက်ကိုင်ရိုးကို အဆင်ပြေစေရန်အတွက် အရှည်ထား ထားသဖြင့် ဓားကို ကာကွယ်နိုင်ခဲ့သည်။ သို့မဟုတ်ပါက ဓားက သူ၏ဒန်ထျန်ကို တိုက်ရိုက် ထိုးဖောက်သွားပေလိမ့်မည်။

"ဘယ်သန်ဓားပဲ။ ဘယ်လောက်တောင် ရက်စက်တဲ့ ဘယ်သန်ဓားလဲ။"

သမိုင်းတစ်လျှောက်တွင် ဘယ်သန်ဓားကို အသုံးပြုရဲသူများအားလုံးသည်။ သူတို့အားလုံးက ပုံမှန်မဟုတ်သော ရက်စက်ကြမ်းကြုတ်သည့် နည်းလမ်းများရှိကြ၏။

အထူးသဖြင့်လွန်ခဲ့သော အခိုက်အတန့်ကပင် ဆုရှင်းက ဂုဏ်သိက္ခာကြီးမားသောဓားသိုင်းဖြစ်သည့် ကြီးမြတ်သောသုမေရု ဓားသိုင်းကို သူ၏ညာလက်ဖြင့် အသုံးပြုနေခဲ့သော်လည်း သူကကာကွယ်၍မရနိုင်သော အလွန်ရက်စက်ကြမ်းကြုတ်သည့် ဘယ်သန်ဓားချက်ကို ရုတ်တရက်ထုတ်လွှတ်လိုက်သည်။

"ငါ့လူတွေအားလုံးကို အမြန်ခေါ်စမ်း။ ဘာပဲဖြစ်ဖြစ် ဒီနေ့အဲဒီနှစ်ယောက်ကို ယုံလဲ့ရပ်ကွက်မှာပဲ အသေသတ်ရမယ်" တိုင်ချုံးက ဂိုဏ်းဝင် လေးဦးကို ဟိန်းဟောက်လိုက်၏။

ဆုရှင်းက မည်မျှဒုက္ခပေးနိုင်ကြောင်းကို သူ ယခုမှ သဘောပေါက်သွားသည်။ သူသာ သတိမထားပါက သူ၏အသက်ကိုပင် ဆုံးရှုံးသွားနိုင်လေ၏။

*သူ့ကို အရှင်ဖမ်းဖို့ ဘာလို့ အလုပ်ရှုပ်ခံနေမှာလဲ သူ့ကို အရင်သတ်ပစ်*

လူလေးယောက် ထွက်သွားသည်နှင့် တစ်ပြိုင်နက် တိုင်ချုံးက ကာကွယ်ရေးအနေအထားကို ချက်ချင်း ယူလိုက်သည်။

အစွမ်းထက်ပြီး လေးလံသောတူကြီးက အကာအကွယ်အနေအထားယူလိုက်ရာ ဆုရှင်းကို သူ၏ဘယ်သန်ဓားဖြင့် အလစ်အငိုက်တိုက်ခိုက်ရန် အခွင့်အရေး မပေးတော့ပေ။

တစ်ချိန်တည်းတွင် လီဟွိုင်သည်လည်း ဒုက္ခရောက်နေသည်။

သူက ကျွမ်းကျင်သော်လည်း ကိုယ်တိုင်သင်ယူထားသူဖြစ်ပြီး အတွင်းအားကျင့်ကြံခြင်းကို မလေ့ကျင့်ထားသဖြင့် သူ၏ ခွန်အားမှာ ဆုရှင်းထက်များစွာ အားနည်းပါသည်။

မိုးပြာဝါးဂိုဏ်းဝင်များထဲမှ မည်သူမျှသူ့ကိုတစ်ယောက်ချင်း တိုက်ပွဲတွင် အနိုင်မယူနိုင်သော်လည်း လူတစ်ဒါဇင်ခန့်က လီဟွိုင်ကို ဝိုင်းရံထားပြီး ပြင်းထန်သောတိုက်ခိုက်မှုလည်း မလုပ်သလို ဆုရှင်းကိုကူညီရန်လည်း ခွင့်မပြုသဖြင့် သူ့ကို လောလောဆယ်ကူကယ်ရာမဲ့ဖြစ်နေစေသည်။

တိုင်ချုံးက လှောင်ပြောင်လိုက်၏။ "ကောင်လေး၊ အခု မင်းရဲ့ဓားကို ချထားပြီး ငါ့ကိုသတ်ဖို့ ဘယ်သူ အမိန့်ပေးတာလဲဆိုတာပြောပြရင် မင်း အသက်ကို ငါ ချမ်းသာပေးကောင်းပေးနိုင်တယ်။ အဲလိုမှမဟုတ်ရင် ငါ့လူတွေရောက်လာတာနဲ့ ဘာဖြစ်မလဲဆိုတာ မင်း သိပါတယ်။"

"မနေ့က မင်းတို့မိုးပြာဝါးဂိုဏ်း သတ်လိုက်တဲ့ လင်းယုန်ပျံဂိုဏ်းဝင်ကို မင်း မှတ်မိသေးရဲ့လား။"

တိုင်ချုံး၏မျက်နှာတွင် မယုံကြည်နိုင်သည့် အမူအရာ ချက်ချင်း ပေါ်လာပါသည်။ "မင်းက လင်းယုန်ပျံဂိုဏ်းကလား။ မဖြစ်နိုင်ဘူး။ လင်းယုန်ပျံဂိုဏ်းက ဒီအချိန်မှာ ငါ့ရဲ့မိုးပြာဝါးဂိုဏ်းနဲ့ နောက်ထပ်တိုက်ပွဲကြီးတစ်ခုကို ဘယ်တော့မှ ဆင်နွှဲမှာ မဟုတ်ဘူး။ ပြီးတော့ မင်းရဲ့ ခွန်အားက ခေါင်းဆောင်ကြီးတွေနဲ့ ယှဉ်နိုင်နေပြီဆိုပေမဲ့ လင်းယုန်ပျံဂိုဏ်းမှာ မင်းကိုတစ်ခါမှမတွေ့ဖူးပါဘူး"

"ချွမ်..."

ဆုရှင်းက သူ၏ဘယ်ဘက်လက်ဖြင့် ဓားကို ရုတ်တရက်ထိုးသွင်းလိုက်သော်လည်း တိုင်ချုံးက ကာကွယ်နိုင်ဆဲပင်။

သူ၏ ဓားက မြန်ဆန်သော်လည်း တိုင်ချုံးကလည်း မနှေးကွေးပေ။

ထို့အပြင် ဆုရှင်း၏ဘယ်သန်ဓားက ထူးဆန်းပြီး ရက်စက်ကြောင်း တိုင်ချုံးသိထားရာ ဆုရှင်း၏ လှုပ်ရှားမှုကို အမြဲတမ်းသတိထားနေခဲ့သည်။ သူ စကားပြောနေစဉ်မှာပင် သူ၏မျက်လုံးများက ဆုရှင်း၏ ဘယ်ဘက်လက်မှ မခွာခဲ့ပေ။

"အလစ်အငိုက်တိုက်ခိုက်ဖို့ ကြိုးစားနေတာလား။ မင်းငယ်ပါသေးတယ်ကွ"

တိုင်ချုံး အေးစက်စွာ ပြုံးလိုက်သော်လည်း သူ၏အပြုံးမပျောက်ကွယ်မီမှာပင် ဆုရှင်း၏ ညာဘက်လက်ရှိဓားကြီးက သူ၏ဝမ်းဗိုက်ထဲသို့ ထိုးဖောက်ဝင်ရောက်သွားပြီဖြစ်သည်။

၎င်း၏အမြန်နှုန်းမှာ ဓားသွယ်ထက်ပင် သုံးဆ ပိုမြန်နေသေး၏။

"ငါက ဘယ်သန်ဓားကိုကျွမ်းကျင်တယ်လို့ တစ်ခါမှ မပြောခဲ့ဘူး" ဆုရှင်းက တိုးညင်းစွာ ပြောလိုက်သည်။

ကျင်းဝူမင်၏ဓားသိုင်းက ၎င်း၏ထက်မြက်မှု၊ ရက်စက်မှုနှင့် ခန့်မှန်းရခက်မှုတို့ကြောင့် နာမည်ကြီးပါသည်။ သူက စတင်ထွက်ပေါ်လာကတည်းက ဘယ်သန်ဓားကို အမြဲတစေအသုံးပြုခဲ့သည်။

သို့သော် 'နယ်စပ်မြို့တော်၏ဓား' တွင် သူ၏ဘယ်ဘက်လက်ဖြတ်ခံရပြီးနောက် လူတိုင်းက သူ့ကို ဒုက္ခိတတစ်ယောက်ဟု ထင်ခဲ့ကြသော်လည်း ထိုလူများအားလုံး သူ၏ညာလက် ဓားအောက်တွင် သေဆုံးခဲ့ရကြောင်း ကျင်းဝူမင်က တစ်ခါပြောခဲ့ဖူးသည်။

ကျင်းဝူမင်၏ ဓားက ဘယ်ဘက်လက်ထက် ညာဘက်လက်တွင် ပိုမိုအားကောင်းပါသည်။ ပြီးခဲ့သည့် တစ်လအတွင်း ဆုရှင်းက ညာဘက်လက်ဖြင့်လည်း လေ့ကျင့်နေခဲ့ခြင်းဖြစ်သည်။

တိုင်ချုံး၏မျက်လုံးများတွင် နာကြည်းမှုများ ပြည့်နှက်နေသော်လည်း ဓားကြီးက သူ၏ခန္ဓာကိုယ်ကို ဖောက်ထွင်းသွားကာ လက်ဝါးအရွယ်အစားရှိသော ဒဏ်ရာတစ်ခုချန်ထားခဲ့ပြီး ကြီးမားသော သွေးထွက်လွန်မှုကြောင့် သူ၏ခွန်အားများ ကုန်ဆုံးသည်။

"နောက်ဆုံးအချက် အနေနဲ့ မင်းကိုပြောပြပါရစေ။ ငါက တကယ်ပဲလင်းယုန်ပျံဂိုဏ်းက အဖွဲ့ဝင် တစ်ယောက်ပါ၊ ပြီးတော့ အသတ်ခံလိုက်ရတဲ့ ဂိုဏ်းဝင်အတွက် လက်စားချေဖို့ လာတာပဲ။"

သူ၏ဘယ်ဘက်လက်ကို တစ်ချက် လှုပ်ရှားလိုက်ရာ တိုင်ချုံး၏ခေါင်းက ဆုရှင်း၏ဆုပ်ကိုင်မှုထဲ ရောက်သွားပြီဖြစ်သည်။

လီဟွိုင်နှင့် အပြင်းအထန်တိုက်ခိုက်နေသော မိုးပြာဝါးဂိုဏ်းဝင်များ ရုတ်တရက် ရပ်တန့်သွားကြ၏။

*ခေါင်းဆောင်က အသတ်ခံလိုက်ရပြီဆိုတော့ တိုက်နေတာက ဘာအဓိပ္ပာယ် ရှိတော့မှာလဲ။*

ဂိုဏ်းဝင်များက စကားတစ်ခွန်းမျှမပြောဘဲ လှည့်ကာ ထွက်ပြေးကြလေတော့သည်။

တိုင်ချုံးက သူတို့၏ခေါင်းဆောင်သာဖြစ်ပြီး သူတို့၏ အဖေအရင်းမဟုတ်ပေ။ သူတို့၏ ခေါင်းဆောင်သေဆုံးသွားပြီဖြစ်ရာ ဆုရှင်းကဲ့သို့သော ရက်စက်သည့်လူတစ်ယောက်ကို တိုက်ခိုက်ရန် သူတို့ဘာကြောင့် အလုပ်ရှုပ်ခံရမည်နည်း။

ထွက်ခွာသွားသော အုပ်စုနောက်သို့ ဆုရှင်း မလိုက်တော့ဘဲ သူတို့ထဲမှတစ်ဦးကို ရုတ်တရက်တားလိုက်ပြီး ပြုံးလျက်မေးလိုက်၏။ "ကျန်းဟုန်လား။"

ဆုရှင်း တားလိုက်သူမှာ သူ၏လက်အောက်ငယ်သားကို သတ်ခဲ့သော ကျန်းဟုန် ပင်။

တိုက်ပွဲစတင်သောအခါ ဤလူကဘေးတွင် ပုန်းနေပြီး အလစ်အငိုက်တိုက်ခိုက်ရန် မူလက စီစဉ်ထားခဲ့သည်။

သို့သော် ယခုတိုင်ချုံးက ဆုရှင်း၏သတ်ဖြတ်ခြင်းကို ခံလိုက်ရကြောင်းမြင်တွေ့ရပြီး ရိုက်သတ်ခံလိုက်ရသောဂိုဏ်းဝင်အတွက် လက်စားချေရန် ဆုရှင်း လာရောက်ခြင်းဖြစ်ကြောင်း ကြားသိရသောအခါ သူ အလွန် ထိတ်လန့်သွားခဲ့၏။

"မဟုတ်ဘူး။ ငါ မဟုတ်ဘူး" ကျန်းဟုန်၏မျက်နှာမှာ ဖြူရော်သွားပြီး လက်ကိုအလျင်အမြန် ဝှေ့ယမ်းကာ ငြင်းဆိုလိုက်သည်။

"အို၊ ဒါဆို မင်း မဟုတ်ဘူးပေါ့။" ဆုရှင်းက ပြုံးပြီး လက်ဝှေ့ယမ်းပြလိုက်၏။

ကျန်းဟုန်က လွတ်ငြိမ်းချမ်းသာခွင့်ရလိုက်သကဲ့သို့ လှည့်ကာပြေးသွားသော်လည်း နောက်တစ်ခဏတွင် သူ၏ ခေါင်းမှာ ဆုရှင်း၏လက်ထဲသို့ ရောက်ရှိနေပြီဖြစ်သည်။

သူက စားပွဲခင်းတစ်ခုကိုပေါ့ပေါ့ပါးပါး ယူကာ ခေါင်းနှစ်လုံးကို ထုပ်ပိုးလိုက်၏။ ထို့နောက် ရှုပ်ထွေးသောမျက်နှာအမူအရာဖြင့် လျှောက်လာသော လီဟွိုင်ကို မြင်လိုက်ရသည်။

သူ၏ ပုံမှန်အားဖြင့် ပြောင်းလဲမှုမရှိသော သေမင်းတမန်ကဲ့သို့ မျက်နှာထားတွင် ယခုအခါ ပဋိပက္ခဖြစ်နေသော အသွင်အပြင်ရှိနေသည်။

"ခေါင်းဆောင်ဆု၊ အရင်က ကျွန်တော် မင်းကို အထင်လွဲခဲ့မိတယ်။" လီဟွိုင်က ဤစကားများကို ခဲယဉ်းစွာ ပြောထွက်လိုက်သည်။

လီဟွိုင်၏စကားများမှာ ရှုပ်ထွေးနေပုံရသော်လည်း သူ ဘာဆိုလိုသည်ကို ဆုရှင်း သိသည်။ တတိယသခင်ကြီးဟူ၏စံအိမ် အဝင်ဝတွင် သူ ပြောခဲ့သောစကားများကို ရည်ညွှန်းခြင်းပင်။

တကယ်တမ်းတွင် လီဟွိုင်၏စကားများကို ဆုရှင်း စိတ်ထဲ မထားခဲ့ပေ။ ဟွမ်ပင်းချန်၏ အချက်အလက်များနှင့် လီဟွိုင်နှင့် သူ၏ထိတွေ့ဆက်ဆံမှုအပေါ် အခြေခံ၍ လီဟွိုင်က မည်သို့သောလူမျိုးဖြစ်ကြောင်းကို သူ အကြမ်းဖျင်း ခန့်မှန်းမိခဲ့သည်။

သူက ဒေါသကြီးကောင်းကြီးနိုင်သော်လည်း သူထက်သန်မာသူများကိုသာ လေးစားပါသည်။

တတိယသခင်ကြီးဟူက သူထက် သန်မာသောကြောင့် တတိယသခင်ကြီးဟူ၏လက်ပါးစေ ဖြစ်ရန် သူ ဆန္ဒရှိခဲ့သည်။ သူ အာဏာကို မရှာဖွေခဲ့ပေ။ သူ လိုချင်သမျှမှာ တတိယသခင်ကြီးဟူက သူ့ကိုတိုက်ခိုက်ရန် အခွင့်အရေးပေးရန်သာ ဖြစ်သည်။

ကျစ်ကန်းက သူ့လောက် မသန်မာပေ။ ကျစ်ကန်းက သူ့ကဲ့သို့ တူညီသောအဆင့်အတန်း ရှိသော်လည်း လီဟွိုင်က ကျစ်ကန်းကို အလေးအနက် မထားခဲ့ပေယ

ယခင်က ဆုရှင်းကိုလည်း ထိုနည်းတူပင်။ သူက တတိယသခင်ကြီးဟူ၏သားဖြစ်ပြီး လင်းယုန်ပျံဂိုဏ်း၏ခေါင်းဆောင်ငယ် တစ်ဦးဖြစ်သော်လည်း လီဟွိုင်က သူ့ကို အထင်ကြီးစရာမရှိဟု ထင်ခဲ့သည်။

ယခု ဆုရှင်း၏ ခွန်အားကို မျက်မြင်တွေ့ပြီးမှသာ သူ့ကို သူ၏ခေါင်းဆောင်အဖြစ် အမှန်တကယ် သတ်မှတ်ခဲ့ပြီး ယခုမှသာ ဆုရှင်းက လီဟွိုင်၏ ခေါင်းဆောင်ဆုဟု ခေါ်ဆိုခြင်းနှင့် ထိုက်တန်ပေတော့သည်။

ဆုရှင်းက သူ့ပခုံးကို ပုတ်လိုက်၏။ "မှားသွားတယ်လို့ပြောပြီးပြီပဲ၊အခု အဆင်ပြေသွားပါပြီ။ သွားကြစို့၊ မိုးပြာဝါးဂိုဏ်းဝင်တွေ အကုန်ရောက်လာတဲ့အထိ ဆက်စောင့်နေရင် ငါတို့ထွက်သွားလို့ရမှာ မဟုတ်တော့ဘူး။"

မိုးပြာဝါးဂိုဏ်း၏ခေါင်းဆောင်ကြီး အနေဖြင့် တိုင်ချုံးတွင် ယုံလဲ့ရပ်ကွက်၌အနည်းဆုံး လူရှစ်ရာ သို့မဟုတ် တစ်ထောင်ခန့် ရှိပါသည်။ သူတို့ နှစ်ယောက် မည်မျှပင်ရဲရင့်ပါစေ ဤမျှထိများပြားသောလူများဖြင့် ဝိုင်းရံခြင်းခံလိုက်ရပါက သေချာပေါက်သေဆုံးရပါလိမ့်မည်။

"ကျွန်တော် မင်းကိုအထင်လွဲခဲ့တာမဟုတ်ဘူးလို့ မျှော်လင့်ပါတယ်။ တတိယသခင်ကြီးဟူနောက် လိုက်ကတည်းက သွေးမမြင်ရတာကြာပြီ။" ဓားများနှင့် လူသတ်ခြင်းကသာ သူ့ကိုစိတ်ဝင်စားစေနိုင်သည့်အလား လီဟွိုင်၏မျက်လုံးများမှာ စိတ်လှုပ်ရှားမှုဖြင့် တောက်ပနေခဲ့သည်။

ဆုရှင်းက ဖြတ်တောက်ထားသောခေါင်းကို ကိုင်ကာ လောင်းကစားရုံထဲမှထွက်လာခဲ့၏။ "စိတ်မပူပါနဲ့၊ ငါနဲ့အတူဆိုရင် ဒီလိုအခွင့်အရေးတွေ အများကြီး ရှိဦးမှာပါ။ တောင့်ခံနိုင်ဖို့ပဲ လိုတယ်။"

ယခုအချိန်မှာတောါ ဆုရှင်းကလည်း လီဟွိုင်ကို အနည်းငယ် စိတ်ဝင်စားနေပြီဖြစ်သည်။

ဓားများနှင့် လူသတ်ခြင်းကိုသာ စိတ်ဝင်စားသောသူတစ်ဦးက ဤစရိုက်လက္ခဏာမျိုးကို မည်သို့ ဖန်တီးခဲ့သနည်းဆိုတာ တကယ်ကို မသိနိုင်ပေ။

လီဟွိုင်ကဲ့သို့သော လူမျိုးကဂိုဏ်းငယ်လေးတစ်ခုတွင် မနေသင့်ပေ၊ စစ်မြေပြင်ရှေ့တန်းများသို့ စစ်တပ်သို့ဝင်ရောက်ခြင်းက သူ့အတွက်ပို၍ သင့်လျော်ပေလိမ့်မည်။

သူတို့နှစ်ဦး အေးအေးဆေးဆေးလမ်းလျှောက် ထွက်လာခဲ့ကြပြီး နာရီဝက်ခန့်အကြာတွင်မှ မိုးပြာဝါးဂိုဏ်း၏အဓိက တပ်ဖွဲ့ ရောက်ရှိလာခဲ့သည်။

သို့သော် သူတို့ကိုစောင့်ကြိုနေသည့်အရာမှာ ခေါင်းမပါသော အလောင်းနှစ်လောင်းသာဖြစ်နေ၏။

All Chapters