အခန်း ၁၉
Vol. 2 Ch. 19
အခန်း (၁၉) ကြီးမားတဲ့အဖြစ်အပျက်ကြီးတစ်ခု ဖြစ်ပေါ်လာတော့မယ်
ဆုရှင်းနှင့် လီဟွိုင်တို့က ဖြတ်လာသောခေါင်းများကို သယ်ဆောင်လျက်ပျော်ရွှင်ဖွယ်တောအုပ်သို့ ပြန်လာခဲ့ကြချိန်တွင် လီချင်းနှင့် အခြားသူများက စိတ်အားထက်သန်စွာ စောင့်ဆိုင်းနေကြ၏။
မူလက ဆုရှင်းက သူတို့ကိုအနောက်တွင် အကူအညီပေးနိုင်ရန် စီစဉ်ထားခဲ့၏။ သို့သော် ဆုရှင်းနှင့် လီဟွိုင်တို့က အလွန်လျင်မြန်စွာလှုပ်ရှားခဲ့ကြသဖြင့် မိုးပြာဝါးဂိုဏ်းမှလူများမရောက်လာမီ တိုင်ချုံးနှင့် ကျန်းဟုန်တို့၏ခေါင်းများကို ယူဆောင်လာနိုင်ခဲ့ကာ သူတို့ကို လိုက်လံဖမ်းဆီးရန် အခွင့်အရေးပင်မရလိုက်ပေ။
"ခေါင်းဆောင်။ ခင်ဗျားတို့အဆင်ပြေရဲ့လား။" လီချင်းက အလျင်အမြန်မေးလိုက်သည်။
"ငါတို့က ဒုက္ခရောက်နေတဲ့ပုံပေါက်နေလို့လား။ ဒီမှာ တိုင်ချုံးနဲ့ ကျန်းဟုန်တို့ရဲ့ခေါင်းတွေပဲ။ သေချာ ယူထားလိုက်။" ဆုရှင်းက ခေါင်းများပါသောအထုပ်ကို လီချင်းထံ ပစ်ပေးလိုက်သည်။
ဤကောင်လေးက အတော်လေးအသိဉာဏ်ရှိပါသည်။ လုပ်ကြံမှုအောင်မြင်သလားဟု မမေးဘဲ တွေ့တွေ့ချင်း ခေါင်းဆောင်၏ဘေးကင်းလုံခြုံမှုကို အရင်မေးတတ်သည်။ သူက အကဲခတ်အတော်လေး ကောင်းမွန်ပုံရပေ၏။
လီချင်းက အထုပ်ကိုယူလိုက်စဉ် တုန်ယင်သွားပြီး သူဟာ အလွန်အမင်းအံ့အားသင့်သွားသည်။
တကယ်တမ်းတွင် သူကိုယ်တိုင်ပင်လျှင် ဆုရှင်းကတိုင်ချုံးအားလုပ်ကြံရန် အောင်မြင်လိမ့်မည်ဟု မယုံကြည်ခဲ့ပေ။
ထိုစဉ်က သူမတ်တပ်ရပ်ခဲ့ခြင်းမှာ သူ၏နာကြည်းမှုကို မမျိုသိပ်နိုင်သောကြောင့်သာဖြစ်သည်။ သူ၏ညီအစ်ကို တစ်ယောက်၏အသက်ကို ငွေတစ်ဆယ်ဖြင့် ဝယ်ယူသွားမည်ကို သူလက်မခံလိုပေ။
ချန်ဆန်းအတွက် လက်စားချေမည်ဟု ဆုရှင်း ပြောခဲ့စဉ်ကတည်းက ဤမစ်ရှင်အောင်မြင်သည်ဖြစ်စေ၊ မအောင်မြင်သည်ဖြစ်စေ သူ၏အသက်ကို ဆုရှင်းထံအပ်နှင်းမည်ဟု လီချင်းက စိတ်ထဲမှ ကျိန်ဆိုထားခဲ့ပါသည်။
မမျှော်လင့်ဘဲ ဆုရှင်းက တိုင်ချုံးနှင့် ကျန်းဟုန်တို့၏ခေါင်းများကို အမှန်တကယ်ပင်ပြန်လည် ယူဆောင်လာခဲ့၏။
"အားဆန်း၊အခုတော့ မင်းငြိမ်းချမ်းစွာအနားယူလို့ ရပါပြီ။ ငါတို့ ခေါင်းဆောင်ကောင်း တစ်ယောက်ကို တွေ့ခဲ့ပြီ။" လီချင်းက ဖြတ်တောက်ထားသော ခေါင်းများကိုသယ်ဆောင်လျက် ဆုရှင်း၏ နောက်မှ တိတ်ဆိတ်စွာလိုက်ပါလာခဲ့ရင်း သူ၏ မျက်လုံးများမှာ နီရဲနေခဲ့သည်။
ဤအချိန်တွင် ပျော်ရွှင်ဖွယ်တောအုပ်ရှိ ပင်မခန်းမအတွင်း၌ ဟွမ်ပင်းချန်က စိုးရိမ်တကြီးဖြင့် ဟိုဒီ လမ်းလျှောက်နေရလွန်းရာ သူ့ခေါင်းပင်မူးလာခဲ့သည်။
ဆုရှင်းကဲ့သို့သော ခေါင်းဆောင်တစ်ဦးနောက်သို့ လိုက်ရခြင်းပ တကယ်ကိုဂုဏ်ယူစရာကောင်းလှသည်။ ငွေနှင့် အာဏာကို လိုချင်သည့်အချိန်တိုင်း ရယူနိုင်၏။
သို့သော် ဤခေါင်းဆောင်မှာ မယုံနိုင်လောက်အောင်လည်း ရဲတင်းလွန်းလှသည်။
ဟွမ်ပင်းချန်က ယခုအခါ အမြဲတစေအကြောက်တရားဖြင့် နေထိုင်ရသည်ကို အသားကျနေပြီ ဖြစ်သည်။ အထူးသဖြင့် ဤတစ်ကြိမ်တွင် မမျှော်လင့်ထားသောအရာ တစ်ခုခုဖြစ်ပေါ်လာပါက သူတို့၏ပျော်ရွှင်ဖွယ်တောအုပ်လေးမှာ ချက်ချင်း ပြိုကွဲသွားပေလိမ့်မည်။
ခန်းမအတွင်းရှိ စိုးရိမ်ပူပန်နေသော လူအုပ်ကို ကျစ်ကန်းက အေးစက်စွာကြည့်နေခဲ့၏။ လုပ်ကြံမှု အောင်မြင်သည်ဖြစ်စေ၊ မအောင်မြင်သည်ဖြစ်စေ ဆုရှင်းမှာ သေဘေးမှလွတ်မြောက်နိုင်မည် မဟုတ်ပေ။ ထိုအချိန်ကျလျှင် ၎င်းတို့အားလုံး မည်ကဲ့သို့ဖြေရှင်းမလဲဆိုတာကို စောင့်ကြည့်ရမည်။
"ခေါင်းဆောင်နဲ့ တခြားလူတွေ ပြန်ရောက်လာပြီ။" ဂိုဏ်းဝင်တစ်ဦးက သတင်းပို့ရန် လာရောက်ရင်း အော်ဟစ်လိုက်၏။
ဟွမ်ပင်းချန်က ဟိုဒီ လမ်းလျှောက်နေခြင်းကို ချက်ချင်း ရပ်တန့်လိုက်ပြီး ဆုရှင်းနှင့် အခြားသူများကိုကြိုဆိုရန် အလျင်အမြန် ထွက်သွားသည်။
"ခေါင်းဆောင်။ အခြေအနေ ဘယ်လိုလဲ။" ဟွမ်ပင်းချန်က အလျင်အမြန် မေးလိုက်သည်။
လီချင်းက ခေါင်းပြတ်များအားထုတ်ပိုးထားသည့် အထုပ်ကိုစားပွဲပေါ်တွင်တင်ကာ ဖွင့်လိုက်ရာ အားလုံးမှာ အံ့အားသင့်စွာဖြင့် အသက်ရှူမှားသွားကြ၏။
မိုးပြာဝါးဂိုဏ်း၏ခေါင်းဆောင်ကြီး တိုင်ချုံးက တတိယသခင်ကြီးဟူနှင့် တန်းတူအဆင့်အတန်းရှိသူ တစ်ဦး ဖြစ်သည်။ သူ အပြင်ထွက်သည့်အခါ အမြဲတစေခမ်းနားကြီးကျယ်လေ့ရှိပြီး သူတို့ထဲမှ အများစုမှာ သူ့ကိုမြင်ဖူးကြ၏။
သို့သော် ယခုအခါ ဤလူက ဆုရှင်း၏ခေါင်းဖြတ်ခြင်းကို ခံလိုက်ရပြီး သူတို့ရှေ့တွင် ရောက်ရှိနေလေပြီ။
"သူ တကယ်ပဲ အောင်မြင်သွားတာလား။ တိုင်ချုံးကို တကယ်သတ်နိုင်ခဲ့တာလား။ ဒါဆို သူ့ရဲ့ ခွန်အားက အခု တတိယသခင်ကြီးဟူနဲ့ ယှဉ်နိုင်နေပြီဆိုတဲ့ သဘော မဟုတ်ဘူးလား။" ကျစ်ကန်းမှာ အလွန်အံ့အားသင့်သွားသဖြင့် စကားပင် မပြောနိုင်တော့ပေ။
ဆုရှင်းက ထိုနေရာတွင်ပင် သေဆုံးသွားမည် သို့မဟုတ် ကံကောင်း၍လွတ်မြောက်သွားမည်ဟု သူ ခန့်မှန်းခဲ့သော်လည်း ဆုရှင်း အမှန်တကယ် အောင်မြင်သွားလိမ့်မည်ဟု ဘယ်သောအခါမျှ မမျှော်လင့်ထားခဲ့ပေ။
ကျစ်ကန်းက ကုလားထိုင်ပေါ်သို့ အရုပ်ကြိုးပြတ် လဲကျသွားပြီး စကားမပြောနိုင်တော့ပေ။
ကိစ္စရပ်များက ဤအခြေအနေအထိတိုးတက်လာခဲ့ပြီး သူ၏အဆုံးစွန်သော မျှော်မှန်းချက်များထက်ပင် ကျော်လွန်နေသည်။
လင်းယုန်ပျံဂိုဏ်း၏အထက်လူကြီးများ စုံစမ်းစစ်ဆေးသည့်အခါ သူ့ကိုအပြစ်မတင်ရန်သာ သူ မျှော်လင့်နေမိခဲ့သည်။
ထိုအကြောင်းကို တွေးမိသောအခါ ကျစ်ကန်းက လီဟွိုင်ကို ပြင်းထန်စွာစိုက်ကြည့်လိုက်၏။ အားလုံးက ဤအရူးကြောင့်သာ ဖြစ်သည်။
လီဟွိုင်က တတိယသခင်ကြီးဟူ လက်အောက်တွင် အလုပ်လုပ်နေစဉ်ကတည်းက သူက စိတ်ပိုင်းဆိုင်ရာ မတည်ငြိမ်ကြောင်း၊ သွေးဆာနေပြီး အခြေအနေအရပ်ရပ်ကို မကြာခဏလျစ်လျူရှုတတ်ကြောင်း ကျစ်ကန်း သိထားခဲ့သည်။
သို့သော် တိုင်ချုံးအား လုပ်ကြံရန် တတိယသခင်ကြီးဟူ၏လျှို့ဝှက်အမိန့်များကို လျစ်လျူရှုကာ ဆုရှင်းနှင့် ပူးပေါင်းလောက်အောင် သူဤမျှ ရူးသွပ်နေမည်ကို မည်သူကသိမည်နည်း။
"ထုံးနည်းနည်း သွားရှာ၊ ဒီခေါင်းတွေကိုစီမံပြီး သေချာ သိမ်းထားလိုက်။ ကျန်တဲ့သူတွေ လူစုခွဲလို့ ရပြီ။"
ဟွမ်ပင်းချန်က တီးတိုးမေးလိုက်၏။ "ကျစ်ကန်း ကော ဘယ်လိုလုပ်မလဲ။ သူ့ကို စောင့်ကြည့်ဖို့ လူတစ်ယောက် လွှတ်လိုက်ရမလား။"
ဆုရှင်းက ခေါင်းယမ်းလိုက်ပြီး သူ၏မျက်နှာပေါ်တွင် ပြုံးတစ်ဝက်ဖြင့် ပြောလိုက်သည်။ "မလိုပါဘူး။ သူ ပြောချင်တာ ပြောပါစေ။ ပြီးတော့ သူ မပြောရင်တောင် လင်းယုန်ပျံဂိုဏ်းရဲ့ အထက်လူကြီးတွေ သေချာပေါက် သိသွားမှာပဲ။"
တိုင်ချုံးအား လုပ်ကြံစဉ်အတွင်း ဆုရှင်းနှင့် လီဟွိုင်တို့သည် သူတို့၏အသွင်အပြင်ကို ဖုံးကွယ်ထားခြင်း မရှိခဲ့ပေ။
သူတို့က လင်းယုန်ပျံဂိုဏ်းတွင် လူသိနည်းသော ဂျူနီယာများ ဖြစ်ကြသော်လည်း အနည်းငယ် စုံစမ်းစစ်ဆေးလိုက်ရုံဖြင့် ချက်ချင်း သိရှိသွားနိုင်ပါသည်။ နာရီဝက်ပင် မပြည့်မီအချိန်အတွင်း သတင်းများက ချန်နင်စီရင်စု တစ်ခုလုံးသို့ ပျံ့နှံ့သွားလိမ့်မည်ဟု ခန့်မှန်းထား၏။
"ဒါဆို အခု ငါတို့ ဘာလုပ်ကြမလဲ။" ဟွမ်ပင်းချန်က မေးလိုက်သည်။
"အိပ်မယ်။"
"အိပ်မယ်လား။" ဟွမ်ပင်းချန် မှင်တက်သွားသည်။
ဆုရှင်းက ရိုးရိုးရှင်းရှင်းပင်ပြန်ဖြေလိုက်၏။ "လူသတ်တာက ပင်ပန်းတဲ့အလုပ်ပဲ။ ဒါကြောင့် သေချာပေါက် အနားယူဖို့ လိုတာပေါ့။ ဒါမှ လင်းယုန်ပျံဂိုဏ်းရဲ့အထက်လူကြီးတွေကို ငါတို့ကို ဘယ်လို ကိုင်တွယ်ဖြေရှင်းရမလဲဆိုတာ စဉ်းစားဖို့ အချိန်နည်းနည်း ရသွားစေတယ်။ မနက်ဖြန်ကျရင် တစ်ယောက်ယောက် ငါတို့ကိုလာရှာလိမ့်မယ်လို့ ငါ ထင်တယ်။"
ဆုရှင်း၏စကားကို ကြားပြီးနောက် ဟွမ်ပင်းချန်မှာ အိပ်ချင်စိတ် လုံးဝ မရှိတော့ပေ။ ထိုအစား သူ ပို၍ပင် စိုးရိမ်ပူပန်လာသည်။
အကြံပေးလျို ယခင်က သူတို့ကို ပြောပြခဲ့သလိုပင် လင်းယုန်ပျံဂိုဏ်းက ယခုအခါ မိုးပြာဝါးဂိုဏ်းနှင့် နောက်ထပ် တိုက်ပွဲကြီးတစ်ခု ဆင်နွှဲရန် အခြေအနေ မရှိပေ။
အုပ်စု နှစ်စုစလုံးက ခွန်အားအကြမ်းဖျင်း တူညီကြသည်။ အကယ်၍ သူတို့ စစ်ခင်းခဲ့လျှင်ပင် အရင်းအမြစ်များနှင့် လူအင်အားကို ဖြုန်းတီးရာသာရောက်မည်ဖြစ်ပြီး မည်သည့် အားသာချက်ကိုမျှ ရရှိမည်မဟုတ်ပေ။
သို့သော် ယခု ဆုရှင်းက တိုင်ချုံးအား လုပ်ကြံလိုက်ခြင်းက ဂိုဏ်းနှစ်ခုကြားရှိ မျှခြေကို ပျက်ပြားသွားစေခဲ့ပြီး မိုးပြာဝါးဂိုဏ်း မည်မျှဒေါသထွက်နေမည်ကို ဟွမ်ပင်းချန် မှန်းဆကြည့်၍ ရနိုင်ပါသည်။
အုပ်စု နှစ်စုထိပ်တိုက်တွေ့သောအခါ ဆုရှင်းက တရားခံဖြစ်လာမည်ဖြစ်ပြီး သူတို့၏ကံကြမ္မာမှာ ခန့်မှန်းရ လွယ်ကူပေလိမ့်မည်။
စိုးရိမ်ပူပန်နေသော ဟွမ်ပင်းချန်ကို လျစ်လျူရှုကာ ဆုရှင်းက သူ၏ ခြံဝင်းငယ်လေးသို့ အေးအေးဆေးဆေး ပြန်လာခဲ့သည်။
ရွှမ်းအာက ခြံဝင်းထဲတွင် သူမ၏ဓားသိုင်းကို လေ့ကျင့်နေခဲ့၏။
ပြီးခဲ့သည့် တစ်ခေါက်က ဆုရှင်း သူမအတွက် လုပ်ပေးခဲ့သော သစ်သားဓားလေးကို သူမက အတော်လေးကျွမ်းကျင်စွာလွှဲယမ်းနေပြီး သူမ အသုံးပြုနေသော သိုင်းကွက်မှာ ကြီးမြတ်သော သုမေရုဓားသိုင်းပယယင် ဖြစ်သည်။
ရွှမ်းအာက ဓားသိုင်းလေ့ကျင့်ချင်သည်ဟု ပထမဆုံး ပြောစဉ်က သူမ ကစားချင်ရုံ သက်သက်ဟု ဆုရှင်း ထင်ခဲ့သဖြင့် ကြီးမြတ်သော သုမေရု ဓားသိုင်းကို ပေါ့ပေါ့ပါးပါး သင်ပေးခဲ့သည်။ မမျှော်လင့်ဘဲ သူကျင့်ကြံနေစဉ် အလုပ်ရှုပ်နေချိန်တွင် သူမက ၎င်းကိုအတော်လေး ကောင်းမွန်စွာ လေ့ကျင့်နိုင်ခဲ့ပါသည်။
*ကျွတ်.. ငါ့ညီမက ဓားသိုင်းမှာ တော်တော်လေး ပါရမီရှိတာပဲ*
ဆုရှင်း၏ နှုတ်ခမ်းများ တွန့်ကွေးသွား၏။ ဆုရွှမ်းအာ၏ဓားသိုင်း ပါရမီက သူ၏ပါရမီထက် သာလွန်ကြောင်းကို သူ မငြင်းဆိုနိုင်ပေ။
စနစ်မှ ရရှိသော ၅% ကျွမ်းကျင်မှု အပိုဆုသာ မရှိပါက သူက ယခုအချိန်တွင် ရွှမ်းအာလောက်ပင် ကျွမ်းကျင်မည် မဟုတ်ပေ။
"အစ်ကို ပြန်လာပြီပဲ။" ရွှမ်းအာက ဆုရှင်းပြန်လာသည်ကို မြင်သည်နှင့် တစ်ပြိုင်နက် သူ့ဆီသို့ ပြေးသွားပါသည်။
သို့သော် မကြာခက်ရွှမ်းအာက ဆုရှင်းကို တွန်းဖယ်လိုက်ပြီး သူမ၏နှာခေါင်းကို ပိတ်ကာ ရွံရှာသော အမူအရာဖြင့် ပြောလိုက်၏။ "အစ်ကို့ ကိုယ်ပေါ်မှာ ဘာအနံ့တွေလဲ။ နံလိုက်တာ သွားရေချိုးချေ။"
"ကောင်မလေး။ မင်းနှာခေါင်းက တော်တော်စူးတာပဲ။" ဆုရှင်းက ရွှမ်းအာ၏ခေါင်းလေးကို ပုတ်လိုက်သည်။
လူတစ်ယောက်ကို အခုလေးတင် သတ်လာခဲ့သဖြင့် သူက သွေးစွန်းနေခြင်းမှ မလွတ်ကင်းနိုင်ဘဲ နေ့လယ်ခင်းနေရောင်နှင့် ထိတွေ့သောအခါ မှိန်ဖျော့ဖျော့ချဉ်စော်နံသည့် အနံ့တစ်ခုဖြစ်ပေါ်လာခဲ့၏။
"ကောင်းပြီ။ ဆော့တာကို ရပ်လိုက်တော့။ ရေချိုးပြီးရင် သွားစားကြမယ်။" ဆုရှင်းက သူမ၏ နှာခေါင်းလေးကို ဆွဲညှစ်လိုက်သည်။
ရွှမ်းအာက ဆုရှင်း၏လက်ကို မကျေမနပ်ဖြင့် ရိုက်ဖယ်လိုက်၏။ "သမီး ဆော့နေတာ မဟုတ်ဘူး။ သမီးဓားသိုင်းကို ကျွမ်းကျင်သွားရင် အစ်ကို့ကို ကာကွယ်ပေးနိုင်ပြီလေ။"
ရေချိုး၊ထမင်းစားပြီးနောက် ဆုရှင်းက ချက်ချင်း အနားမယူဘဲ ထိုနေ့ကတိုက်ပွဲကို ပြန်လည် စဉ်းစားနေသည်။
တကယ်တမ်းတွင် ဤတိုက်ပွဲက သိုင်းပညာစတင် လေ့ကျင့်ပြီးနောက် သူ၏ပထမဆုံး တိုက်ခိုက်မှု ဖြစ်သည်။ ဓားသုံးလက်လျိုကို သတ်ခဲ့စဉ်က ချန်သောက်နှင့် ဓားသုံးလက်လျိုနှစ်ဦးစလုံးမှာ အလွန် အားနည်းလွန်းသဖြင့် သူ၏ခွန်အားကို အပြည့်အဝ နားလည်ရန် မဖြစ်နိုင်ခဲ့ပေ။
ဤတစ်ကြိမ်တွင်မူ တိုင်ချုံးနှင့် ဆုရှင်းတို့မှာ အင်အား မျှတနေခဲ့၏။ တကယ်တော့ တိုက်ခိုက်ရေးတွင် ဆုရှင်းက တိုင်ချုံးထက်အတွေ့အကြုံ နည်းပါးသည်။ သူ၏သာလွန်သော ဓားသိုင်းသာ မရှိပါက သူတို့နှစ်ဦးကြားတွင် မည်သူ အနိုင်ရမည်မှာ မသေချာနိုင်ပေ။
ထို့အပြင် ဤတိုက်ပွဲတွင် သူ၏ကိုယ်ပိုင် အားနည်းချက်များကိုလည်း သူ မြင်တွေ့ခဲ့ရ၏။
သူ၏ အတိတ်ဘဝတွင်ဖြစ်စေ ယခုဘဝတွင်ဖြစ်စေ။ ဆုရှင်းက သူ၏အတိတ်ဘဝက အသတ်ခံခဲ့ရသော်လည်း သွေးကိုမြင်ဖူးပြီး လူသတ်ဖူးပါသည်။
သွေးကို မြင်သည်နှင့် တုန်ယင်သွားတတ်သော အတွေ့အကြုံမရှိသူများနှင့် မတူဘဲ သူက တွေဝေသွားမည် မဟုတ်ပေ။
သို့သော် ဘဝတစ်ဝက်ရောက်မှ သိုင်းပညာကို စတင်ခဲ့ပြီး တစ်လခန့်သာလေ့ကျင့်ခဲ့ရသူ တစ်ဦးအနေဖြင့် ငယ်စဉ်ကတည်းက လေ့ကျင့်လာခဲ့သော ထိုသိုင်းပညာရှင်များကဲ့သို့ ဆရာတစ်ဦး၏လမ်းညွှန်မှုကို မရရှိနိုင်ဘဲ နည်းစနစ်များကို အပြည့်အဝတတ်မြောက်နိုင်မည် မဟုတ်ပေ။
ဆုရှင်းက ယခုအခါ တိုက်ခိုက်ရာတွင် အလွန် တောင့်တင်းနေပုံပေါ်သည်။ တစ်စိတ်တစ်ပိုင်းမှာ မတည်ငြိမ်သောအခြေခံကြောင့်ဖြစ်ပြီး တစ်စိတ်တစ်ပိုင်းမှာ အတွေ့အကြုံနည်းပါးခြင်းကြောင့်သာ ဖြစ်သည်။
ကျင်းဝူမင်၏ လျှပ်တပြတ်ဓားသိုင်းက အဓိကအားဖြင့် တိုက်ခိုက်ရေးအတွက် ဖြစ်ပြီး ကြီးမြတ်သော သုမေရု ဓားသိုင်းမှာ အဓိကအားဖြင့် ကာကွယ်ရေးအတွက်ဖြစ်သည်။
ဆုရှင်းက ဤနည်းလမ်းနှစ်ခုကိုသာ သိသော်လည်း ၎င်းတို့ကြားတွင်ပင် ပြောင်းလွယ်ပြင်လွယ်အောင် မလုပ်နိုင်သေးပေ။ တကယ်တမ်းပြောရလျှင် ဓားကြီးမရှိဘဲ ကြီးမြတ်သော သုမေရုဓားသိုင်းကိုပင် သူ အသုံးမပြုနိုင်ပါဘူး။
ဤအရာအားလုံးမှာ ဓားသိုင်းကျွမ်းကျင်မှု အဆင့်ကြောင့်သာ ဖြစ်သည်။ ၅% ကျွမ်းကျင်မှုဖြင့်သာ သူက ဤဓားသိုင်းကိုခဲယဉ်းစွာသာ ဖော်ဆောင်နိုင်ပါသည်။ သူ ၎င်းကို အပြည့်အဝ တတ်မြောက်ရန်မှာ မဖြစ်နိုင်ပေ။
ကျွမ်းကျင်မှုကို တိုးတက်စေရန် ဝီရိယရှိရှိ လေ့ကျင့်ရပါလိမ့်မည်ဖြစ်သည်။ သေချာသည်မှာ တိုက်ခိုက်ရေးက အကောင်းဆုံး လေ့ကျင့်မှုပုံစံဖြစ်ပါသည်။
တိုက်ပွဲ တစ်ကြိမ်အပြီးတွင် ကြီးမြတ်သော သုမေရု ဓားသိုင်းတွင် ဆုရှင်း၏ကျွမ်းကျင်မှုက ၁၀% သို့ တိုးလာခဲ့၏။
သို့သော် ဤသည်မှာလည်း ပြဿနာတစ်ခုပင်။ မိမိ၏ကျွမ်းကျင်မှုကို တိုးတက်စေရန် ကြိုးစားပမ်းစားလေ့ကျင့်မှုအပေါ်တွင်သာ မှီခိုနေပါက အချိန်များစွာ ယူရပေလိမ့်မည်။
ကြီးမြတ်သော သုမေရု ဓားသိုင်း ကိုယ်တိုင်က အဆင့်အနေဖြင့် ကြယ်တစ်ပွင့်ခွဲသာ ရှိပြီး အနာဂတ်တွင် မလွဲမသွေဖယ်ရှားခံရမည်ဖြစ်ရာ ၎င်းအပေါ် အချိန်ဖြုန်းခြင်းက ထိုက်တန်မှုမရှိသည်မှာ ထင်ရှာ၏။
ထိုအကြောင်းကို တွေးမိသောအခါ ဆုရှင်းက မေးခွန်းအချို့မေးရန် စနစ်အတွင်းသို့ အလျင်အမြန် ဝင်ရောက်သွားခဲ့သည်။
"မင်္ဂလာပါ လက်ခံသူ နံပါတ် ၀၁၊ ဗီလိန်စနစ်ကြီးမှ ကြိုဆိုပါတယ်။" အေးစက်သော အသံတစ်ခု ထွက်ပေါ်လာသည်။
"ငါ့မှာ မေးခွန်းတစ်ခုရှိတယ်။ သိုင်းပညာ ကျွမ်းကျင်မှုတွေကို ကြိုးစားပမ်းစားလေ့ကျင့်တာနဲ့ တိုက်ခိုက်တာကနေတစ်ဆင့်ပဲ တိုးတက်လာနိုင်တာလား။"
"ကြီးမြတ်သော သုမေရု ဓားသိုင်းက အခု ငါ့အတွက်အသုံးဝင်နေသေးပေမဲ့ အခု ဒီသိုင်းပညာကို သွေးဖို့အချိန်တွေသုံးနေမယ်ဆိုရင် ငါ့ရဲ့ ခွန်အားတွေ တိုးလာတာနဲ့အမျှ အဲဒါက အသုံးမဝင် ဖြစ်သွားမှာ မဟုတ်ဘူးလား။ ပြီးတော့ အဲဒါကို သွေးဖို့သုံးခဲ့တဲ့ အချိန်တွေ အားလုံးက အလဟဿ ဖြစ်သွားမှာပေါ့။"
စနစ်က ပြန်လည်ဖြေကြားသည်။ "သိုင်းပညာ ကျွမ်းကျင်မှုတွေကို ရုတ်တရက်ဉာဏ်အလင်းပွင့်ခြင်းကနေတစ်ဆင့်လည်း ရရှိနိုင်ပါတယ်။ တကယ်တမ်းပြောရရင် တချို့သောအဆင့်မြင့် သိုင်းပညာတွေက ကျွမ်းကျင်မှုအဆင့်တစ်ခုကို ရောက်သွားတာနဲ့ ကြိုးစားအားထုတ်မှုကနေတစ်ဆင့်တိုးတက်လို့ မရတော့ဘဲ ရုတ်တရက် ဉာဏ်အလင်းပွင့်ခြင်းကိုသာ အားကိုးရပါတယ်။"
"ဒုတိယအချက်နဲ့ ပတ်သက်ပြီးတော့ လက်ခံသူက အထင်အမြင်လွဲမှားမှုတစ်ခုထဲကို ကျရောက်နေပါတယ်။ သိုင်းပညာကျွမ်းကျင်မှုတွေက လက်ခံသူရဲ့ သိုင်းပညာအသစ်တွေကို သင်ယူခြင်းကနေ လာတာတင်မဟုတ်ဘဲ လက်ခံသူရဲ့ သိုင်းပညာ အခြေခံသဘောတရားတွေကို နားလည်ခြင်းကနေလည်း လာတာပါ။"
"အကယ်၍လက်ခံသူသာ ရှီမင်ချွေ့ရွှယ်လို ဓားနတ်ဘုရားတစ်ပါးဖြစ်ခဲ့ရင် သူက ကြီးမြတ်သော သုမေရုဓားသိုင်းကို တစ်ချက်ကြည့်ရုံနဲ့ အပြည့်အဝ တတ်မြောက်နိုင်ပြီး အတွေးအနည်းငယ်နဲ့ သူရဲ့ မူလကြယ်တစ်ပွင့်ခွဲ သိုင်းပညာအဆင့်ကိုတောင် တိုးမြှင့်ပေးနိုင်ပါတယ်။"
"ဒါကြောင့် လက်ခံသူအနေနဲ့ ကြီးမြတ်သော သုမေရု ဓားသိုင်းကို ကြိုးစားပမ်းစား လေ့ကျင့်ပြီးနောက်အချိန်ဖြုန်းနေရတယ်လို့ စိတ်ပူစရာ မလိုပါဘူး။ ဘာလို့လဲဆိုတော့ သင်က ကြီးမြတ်သော သုမေရု ဓားသိုင်းကို လေ့ကျင့်နေရုံတင် မဟုတ်ဘဲ ဓားလမ်းစဉ်ကိုပါလေ့ကျင့်နေတာ ဖြစ်လို့ပါ။"
စနစ်၏စကားဆုံးသည်နှင့် တစ်ပြိုင်နက် ဆုရှင်းက သူ အမှန်တကယ်ပင် အထင်အမြင်လွဲမှားမှုတစ်ခုထဲသို့ကျရောက်နေခဲ့ကြောင်း သဘောပေါက်သွားခဲ့သည်။
သိုင်းပညာများက နည်းလမ်းတစ်ခုမျှသာဖြစ်ပြီး မိမိ၏ကိုယ်ပိုင် သိုင်းပညာအခြေခံ သဘောတရားများကသာ အခြေခံအုတ်မြစ်ဖြစ်သည်။
"ငါ လုပ်ဖို့လိုအပ်တာက ကြီးမြတ်သော သုမေရု ဓားသိုင်းထဲမှာ ကိုယ့်ကိုယ်ကိုယ်မြှုပ်နှံထားဖို့ မဟုတ်ဘဲ။ အဲဒီအထဲက ဓားသိုင်းကို နားလည်သဘောပေါက်ဖို့ပဲ။"