အခန်း ၂၁
Vol. 3 Ch. 21
အခန်း (၂၁) လွတ်မြောက်ခြင်း
"ကျွန်တော် လင်းယုန်ပျံဂိုဏ်းဝင် တစ်ယောက်ဖြစ်နေတာကြောင့်မို့လို့ပဲ တိုင်ချုံးကို လုပ်ကြံဖို့ ရွေးချယ်ခဲ့တာပါ"
ဆုရှင်းက ဖြောင့်မတ်သောဒေါသများဖြင့် ပြည့်နှက်နေခဲ့သည်။ "တိုင်ချုံးက ကျွန်တော့်ညီအစ်ကိုကိုသတ်ပြီး လင်းယုန်ပျံဂိုဏ်းကို စိန်ခေါ်ခဲ့တယ်။ သူ့ရဲ့ ပြစ်မှုတွေက ခွင့်လွှတ်လို့မရနိုင်ဘူး။ကျွန်တော် ဆုရှင်းရဲ့ဒီနေ့ အောင်မြင်မှုက လင်းယုန်ပျံဂိုဏ်းရဲ့ပြုစုပျိုးထောင်ပေးမှုကြောင့် လုံးဝကို ဖြစ်တည်လာတာပါ။ လင်းယုန်ပျံဂိုဏ်းကို စော်ကားတာက ကျွန်တော်ဆုရှင်းကို စော်ကားတာပါပဲ။"
"ဒီလုပ်ရပ်ရဲ့အကျိုးဆက်တွေကို မင်း စဉ်းစားပြီးပြီလား" တုန်းချန်ဝူက လှောင်ပြောင်လိုက်သည်။
ဆုရှင်းက သူ၏ရင်ဘတ်ကို ပုတ်လိုက်၏။ "ကျွန်တော့်မိဘတွေက စောစောစီးစီး ဆုံးပါးသွားခဲ့ပြီး ပညာကောင်းကောင်းမသင်ခဲ့ရဘူး၊ ဒါကြောင့် အဲဒီလောက် အများကြီးမတွေးတတ်ပါဘူး။ ဘာပဲဖြစ်ဖြစ် ကျွန်တော်သူတို့ကို အကုန် သတ်ပြီးပြီ။ ဒီကိစ္စက ဂိုဏ်းကိုထိခိုက်စေမယ်ဆိုရင် ကျွန်တော် ဆုရှင်းက ကျွန်တော့်အသက်နဲ့ ပေးဆပ်ဖို့ အသင့်ပါပဲ"
ဤစကားများကို ကြီးမားသော စိတ်အားထက်သန်မှု၊ပြင်းပြမှုတို့ဖြင့် ပြောဆိုခဲ့ပြီးလူအများအပြားကို တကယ်ကို စိတ်လှုပ်ရှားစေခဲ့၏။
မည်သို့ပင်ဆိုစေ၊ ရောက်ရှိနေသော ခေါင်းဆောင်ကြီးများနှင့် ခန်းမသခင်သုံးဦးစလုံးက အောက်ခြေမှတိုက်ခိုက်ပြီး တက်လာခဲ့ကြသူများ ဖြစ်သည်။ သူတို့ ငယ်ရွယ်စဉ်က ဆုရှင်းကဲ့သို့ပင် ရဲရင့်ပြီး စိတ်လိုက်မာပါလုပ်တတ်ကြသော်လည်း၊ ပိုမိုကြီးမားသောပုံရိပ်ကို မစဉ်းစားခဲ့ကြပေ။
သို့သော် တတိယသခင်ကြီးဟူမှာမူ တိတ်တဆိတ် သွေးအန်မတတ်ဖြစ်သွားပြီး၊ ဆုရှင်းကို ထိုနေရာတွင်ပင် ကန်ထုတ်လိုက်ချင်ပင်စိတ်ပေါက်သွား၏။
*မင်းက စာအလုံအလောက်မဖတ်ရလို့ ဒီလောက် အများကြီး မတွေးတတ်ဘူးဟုတ်လား။*
ဆုရှင်းက သူ၏ပြောင်မြောက်သော စကားပြောစွမ်းရည်ကို အသုံးပြု၍၊ မိမိကိုယ်ကို လူသတ်ခဲ့သော ရာဇဝတ်ကောင်တစ်ဦးမှ ပျော်ရွင်ဖွယ်တောအုပ်၏ခေါင်းဆောင်ငယ် တစ်ဦးအဖြစ်သို့ ပြောင်းလဲခဲ့သည်။ သူက မြေခွေးတစ်ကောင်ထက်ပင် ပို၍ပါးနပ်သေး၏။
ထို့အပြင် တစ်လအတွင်း ပျော်ရွင်ဖွယ်တောအုပ်ရှိ ကုန်သည်များကို ကြိုးကိုင်ခြယ်လှယ်နိုင်ခဲ့ပုံကို ကြည့်လျှင်၊ ဤကောင်လေးက ရိုးအပုံရပြီး၊ စိတ်လိုက်မာပါလုပ်တတ်ကာ အလွယ်တကူဒေါသထွက်တတ်ပုံရပါသည်။
ရောက်ရှိနေသူများထဲမှ မည်သူမျှ ဆုရှင်းနှင့် တစ်ခါမှ မတွေ့ဖူးကြပေ။ သူ၏စရိုက်ကိုလည်း မသိကြချေ။ တတိယသခင်ကြီးဟူက သိသော်လည်း၊ထောင့်တစ်နေရာတွင် မမြင်ချင်ဟန်ဆောင်နေရုံသာ တတ်နိုင်ပြီး စကားမပြောရဲခဲ့ပါဘူး။
မည်သို့ပင်ဆိုစေ ဆုရှင်းက သူ၏လက်အောက်ငယ်သားနှင့် သူ၏မွေးစားသားပင်။ လူအများကြီးရှေ့တွင် သူလဲကျနေချိန်တွင် အခွက်တက်နင်းလိုက်ပါက လင်းယုန်ပျံဂိုဏ်းထဲမှ သူ၏ဂုဏ်သိက္ခာ လုံးဝပျက်စီးသွားပေလိမ့်မည်။
ထို့အပြင် ဂိုဏ်းက ဆုရှင်းကို အပြစ်ပေးရန် အတင်းအကျပ်လုပ်မည်ဆိုပါက၊ သူပါဆွဲစိခံရနိုင်သဖြင့် အခြားသူများ၏အာရုံစိုက်မှုကို ခံရအောင် မည်သို့စကားပြောရဲပါမည်နည်း။
"ဟွန့်။ မင်းရဲ့အသက်နဲ့ပေးဆပ်မယ် ဟုတ်လား။ တကယ်လို့ ငါတို့က မိုးပြာဝါးဂိုဏ်းနဲ့ တကယ် စစ်ခင်းရမယ်ဆိုရင်၊ လင်းယုန်ပျံဂိုဏ်းက ငါတို့ထဲကတစ်ယောက်၊နှစ်ယောက် သေရုံတင် မဟုတ်ဘူး။ မင်းရဲ့အသက်နဲ့ပါ ပေးဆပ်ရုံနဲ့ရမလား" တုန်းချန်ဝူက ဆုရှင်း၏စကားကြောင့် လုံးဝစိတ်မလှုပ်ရှားခဲ့ပေ။
တုန်းချန်ဝူက ဆုရှင်း၏စကားကြောင့် စိတ်မလှုပ်ရှားခဲ့သော်လည်း အချို့သူများကမူ စိတ်လှုပ်ရှားခဲ့ကြ၏။
"အဘိုးကြီးတုန်း....ဒီလောက်သွေးအေးမနေပါနဲ့..။ ငါတို့လင်းယုန်ပျံဂိုဏ်း စတင်တည်ထောင်တုန်းက၊ ရှန်းလဲ့ရပ်ကွက်က နဂါးညီနောင်သုံးဖော်ကို သတ်ဖို့ ကိုင်းခုတ်ဓားတစ်လက်ကိုသုံးပြီး ငါတို့လင်းယုန်ပျံဂိုဏ်းအတွက် ပထမဆုံးနယ်မြေကို ယူပေးခဲ့ရတာပဲ" [စာကြွင်း-အမှန်က ဒီနေရာမှာ ခေါင်းသုံးလုံးနဂါးပါ ဒါပေမဲ့ ပိုပြီးနားလည်အောင် ပြင်ဆင်ထားပါတယ်၊သို့ပေငြား သုံးခေါင်းနဂါးအစစ်ဖြစ်နေလို့ ပြန်ပြင်ခဲ့ရင် မရှုပ်သွားကြပါနဲ့^.°]
စကားပြောနေသူမှာ ခန်းမသခင်သုံးဦးအနက် စစ်ရေးခန်းမ၏ အကြီးအကဲ လင်းဖူဟူပင်။
သူက အရပ်ရှည်ပြီးထင်ပေါ်ကျော်ကြားကာ၊ ပင်မ ခန်းမကြီးသုံးခုအနက် စစ်ရေးခန်းမကို တာဝန်ယူထားပါသည်။ လင်းဖူဟူတွင် အားအကောင်းဆုံးသော သတ်ဖြတ်လိုစိတ်လည်း ရှိသူဖြစ်၏။
ဆုရှင်း၏မျက်လုံးများ တောက်ပသွားပြီး စိတ်လှုပ်ရှားနေသောအမူအရာဖြင့် ပြောလိုက်သည်။ "ကျွန်တော် လင်းယုန်ပျံဂိုဏ်းကို ပထမဆုံးဝင်တုန်းက၊ ဓားတစ်လက်၊ လူတစ်ယောက်တည်းနဲ့ လင်းယုန်ပျံဂိုဏ်းရဲ့ပထမဆုံး နယ်မြေအတွက် တိုက်ခိုက်ခဲ့တဲ့ ခင်ဗျားရဲ့အဲဒီတုန်းက လုပ်ရပ်တွေအကြောင်းကိုကြားခဲ့ရတယ်"
"ဟဲဟဲ...သူရဲကောင်းဆိုတာ အတိတ်က အောင်ပွဲတွေအပေါ်မှာ အာရုံမစိုက်ပါဘူး၊ ဒါကြောင့် အဲဒီအကြောင်းတွေ ဆက်မပြောကြပါနဲ့တော့" လင်းဖူဟူ၏လေသံမှာ နှိမ့်ချနေသော်လည်း သူ၏မျက်နှာပေါ်တွင် ဂုဏ်ယူမှုကိုဖုံးကွယ်မထားနိုင်ပေ။
မည်သို့ပင်ဆိုစေ ဤသည်မှာ သူ၏ဘဝတွင် ဂုဏ်ယူစရာအကောင်းဆုံး အောင်မြင်မှုဖြစ်ပါသည်။
တုန်းချန်ဝူက ဆုရှင်းကို တစ်ချက်ကြည့်လိုက်ပြီးနောက် လင်းဖူဟူကို မျက်မှောင်ကြုတ်ကာ ပြောလိုက်၏။ "အဘိုးကြီး လင်း။ ဒါက အဲဒီတုန်းက ငါတို့ လုပ်ခဲ့တာတွေနဲ့မတူဘူး။ ငါတို့ ဂိုဏ်း စတင် တည်ထောင်တုန်းက ငါတို့ရဲ့လုပ်ငန်းကို တည်ဆောက်ဖို့ ငါတို့အသက်တွေကို စွန့်စားခဲ့ရတယ်။ ဒါပေမဲ့ အခုဂိုဏ်းက ပိုပြီး စနစ်တကျ ဖြစ်လာပြီဆိုတော့။ ငါတို့နဲ့ ခွန်အား အကြမ်းဖျင်း တူညီတဲ့ မိုးပြာဝါးဂိုဏ်းနဲ့ စစ်ခင်းတာက ဘာအကျိုးအမြတ်မှ ရမှာမဟုတ်ဘူး။"
လင်းဖူဟူက လက်ဝှေ့ယမ်းကာ ဂရုမစိုက်စွာပြောလိုက်သည်။ "တုန်းချန်ဝူ၊ မင်းက သိုင်းလောကမှာ အသက်ကြီးလာလေလေ၊ ပိုပိုပြီးကြောက်တတ်လာလေလေပဲလို့ ငါထင်တယ်။ မိုးပြာဝါးဂိုဏ်းနဲ့ စစ်ဖြစ်တာပဲလေ။ ငါတို့အရင်က မိုးပြာဝါးဂိုဏ်းနဲ့ မတိုက်ဖူးတာ ကျနေတာပဲ။ ဒီကောင်လေးက အတော်လေးကောင်းတယ်လို့ ငါ ထင်တယ်။ သူက ငါအရင်တုန်းကရှိခဲ့တဲ့ ဟန်ပန်မျိုးရှိတယ်။ သူ့ကို အပြစ်မပေးသင့်ဘူး ဆုချသင့်တယ်။ အဲလိုမှမဟုတ်ရင်ဂိုဏ်းအတွက် တိုက်ခိုက်ဖို့ တစ်စိုက်မတ်မတ်အာရုံစိုက်နေတဲ့ အဲဒီလူငယ်တွေကို စိတ်ဓာတ်ကျစေမှာ မဟုတ်ဘူးလား။"
"အဲဒါက ယုတ္တိမတန်တဲ့အကြောင်းပြချက် သက်သက်ပဲ။ ဂိုဏ်းအတွက် တိုက်ခိုက်တာနဲ့ အမိန့်မနာခံဘဲ မဆင်မခြင်လုပ်တာက လုံးဝမတူတဲ့ ကိစ္စ နှစ်ခုပဲ" တုန်းချန်ဝူက စားပွဲကို ဘန်းခနဲ ထုလိုက်ရာ လက်ဖက်ရည်ခွက်ပင် မှောက်လုနီးပါးဖြစ်သွားခဲ့၏။
"တုန်းချန်ဝူ မင်း ဒါကိုဘာဆိုလိုတာလဲ။ ဘယ်သူ့ကို မင်းက စားပွဲထုပြနေတာလဲ။ငါက မင်းကို ကြောက်တယ်လို့ ထင်နေလား" လင်းဖူဟူ ရုတ်တရက် မတ်တပ်ရပ်လိုက်၏။
သူ၏မျက်လုံးများတွင် ပြင်းထန်သော အလင်းတန်းတစ်ခု တလက်လက်တောက်ပသွားခဲ့၏။
သူတို့နှစ်ဦးအလွန် ပြင်းထန်စွာငြင်းခုံနေသည်ကို မြင်သောအခါ၊ ဆုရှင်းက ဟွမ်ပင်းချန်၏သတင်းပေးမှုက တကယ်ကိုတိကျကြောင်း တွေးကာ တိတ်တဆိတ်ရယ်မောလိုက်သည်။
ဆုရှင်း ပျော်ရွင်ဖွယ်တောအုပ်ကို ပထမဆုံး တာဝန်ယူစဉ်က၊ လင်းယုန်ပျံဂိုဏ်း၏အဆင့်မြင့် အဖွဲ့ဝင်အချို့အကြောင်း ဟွမ်ပင်းချန်အား မေးမြန်းခဲ့ပါသည်။
သေချာသည်မှာ၊ ဟွမ်ပင်းချန်၏အမြင်တွင် ဤအရာများက အတင်းအဖျင်းသက်သက်သာ ဖြစ်ပါသည်။
လင်းယုန်ပျံဂိုဏ်း၏ခေါင်းဆောင် သုံးဦးဖြစ်သော စစ်ရေးခန်းမ၏ အကြီးအကဲ လင်းဖူဟူနှင့် ပြစ်ဒဏ်ခန်းမ၏အကြီးအကဲ တုန်းချန်ဝူတို့က သဘောထားကွဲလွဲနေကြကြောင်း လူသိများပါသည်။
လင်းဖူဟူက အလွယ်တကူဒေါသထွက်တတ်ပြီး စိတ်လိုက်မာပါလုပ်တတ်ကာ၊ သူ၏လူများကို အလွန် အကာအကွယ်ပေးတတ်သည်။
သို့သော် တုန်းချန်ဝူမှာမူ အဂတိကင်းစင်ပြီး၊ လူတစ်ဦးက ဂိုဏ်းစည်းမျဉ်းများကိုချိုးဖောက်ပါက မည်မျှပင် တောင်းပန်ပါစေအလကားပင်။
လွန်ခဲ့သောနှစ်အနည်းငယ်က တိုက်ပွဲတစ်ခုအတွင်း၊စစ်ရေး ခန်းမ၏တပည့်တစ်ဦးက လက်နက်ချသွားသော ပြိုင်ဘက်ဂိုဏ်းဝင်များကို တမင်နှိပ်စက်သတ်ဖြတ်ခြင်းဖြင့် ဂိုဏ်းစည်းမျဉ်းများကို ချိုးဖောက်ခဲ့သည်။
တုန်းချန်ဝူက သူ့ကိုပြစ်ဒဏ်အနေဖြင့် ကိုယ်လက်အင်္ဂါချို့ယွင်းအောင် လုပ်ချင်ခဲ့ပြီး၊ မိမိလူကို အကာအကွယ်ပေးတတ်သော လင်းဖူဟူက သူ့အတွက် သဘာဝကျကျပင်လာရောက် တောင်းပန်ခဲ့ပါသည်။
သူ၏အမြင်တွင် လက်နက်ချသွားသော ဂိုဏ်းဝင်တစ်ဦးကို သတ်လိုက်ခြင်းက ဘာအရေးကြီးသနည်း။ သူတို့အားလုံးက သတ္တိရှိသည့်ယောက်ျားများပင်။ တစ်ခါတလေ ထိန်းချုပ်နိုင်စွမ်းလွတ်သွားသည်မှာ ပုံမှန်သာဖြစ်လေ၏။
ရလဒ်ကို ခန့်မှန်း၍ရနိုင်ပါသည်။ တုန်းချန်ဝူက လင်းဖူဟူကို မည်သည့်သနားညှာတာမှုမျှမပြဘဲ စစ်ရေးခန်းမတပည့်၏လက်နှင့် ခြေထောက်ရှိ အကြောများကို ထိုနေရာတွင်ပင်ဖြတ်တောက်ကာ ဒုက္ခိတဖြစ်စေခဲ့သည်။
၎င်းက ခန်းမသခင်နှစ်ဦးကြားရှိ ရန်ငြိုးကို ခိုင်မာသွားစေခဲ့၏။
ဆုရှင်း၏လက်ရှိ အခြေအနေမှာ ထိုစဉ်က စစ်ရေး ခန်းမတပည့်နှင့် ဆင်တူနေသဖြင့် လင်းဖူဟူက သူ့ကို မျက်နှာသာပေးရန် သဘာဝကျကျထွက်ပေါ်လာပါသည်။
ဆုရှင်း၏စိတ်အားထက်သန်သော စကားများက တုန်းချန်ဝူအတွက် အနည်းငယ်ဟန်ဆောင်နေပုံရသော်လည်း၊ လင်းဖူဟူအတွက်မူ ဤသည်မှာ လင်းယုန်ပျံဂိုဏ်း၏တပည့်ကောင်းတစ်ဦး၏ ပုံစံပင်။
ငယ်ရွယ်ပြီး၊ စိတ်အားထက်သန်ကာ တိုက်ခိုက်ရဲသူ ဖြစ်၏။
"တော်တော့။ မင်းတို့နှစ်ယောက် ပေါင်းလိုက်ရင်ဖြင့် အသက် တစ်ရာနီးပါးရှိနေပြီ။ ဒီလောက်နှစ်တွေအကြာကြီးငြင်းခုံရတာ မဝသေးဘူးလား" ရှားဖေးယင်းက ပြောလိုက်ရာ သူတို့နှစ်ဦးချက်ချင်း တိတ်ဆိတ်သွားပြီး လိမ္မာစွာပြန်ထိုင်လိုက်ကြ၏။
"ကျွမ်းလီ၊မင်း ဘယ်လိုထင်လဲ" ရှားဖေးယင်းက အထွေထွေခန်းမ၏ အကြီးအကဲ ကျွမ်းလီကို မေးလိုက်သည်။
အပေါ်ယံကြည့်လျှင် ကျွမ်းလီက အရပ်ပုပြီး ဝဝကစ်ကစ်ရှိကာ သူ၏မျက်နှာတွင် ဖော်ရွေသော အပြုံးတစ်ခု ရှိပါသည်။ သူက ဂိုဏ်းခေါင်းဆောင် တစ်ဦးနှင့် မတူဘဲချမ်းသာသော အဘိုးအိုတစ်ဦးနှင့် ပိုတူနေ၏။
ရှားဖေးယင်း စကားပြောသည်ကို ကြားသောအခါ၊ ကျွမ်းလီက ရယ်မောလိုက်ပြီးပြန်ဖြေလိုက်၏။ "ငါ အဘိုးကြီးကျွမ်း ဆီမှာ ဘာအကြံဉာဏ်တွေ ရှိနိုင်မှာလဲ။ လူတိုင်းရဲ့ဆွေးနွေးမှုတွေကိုပဲ ငါ နားထောင်ပါ့မယ်။ ဒါပေမဲ့ဒီကိစ္စကို သတိထားပြီး ကိုင်တွယ်တာ ပိုကောင်းတယ်။ ခန်းမသခင်လင်း ပြောသလိုပဲ အဆင်မပြေရင် ဂိုဏ်းထဲက တပည့်တွေကို အလွယ်တကူ စိတ်ဓာတ်ကျစေနိုင်တယ်"
တုန်းချန်ဝူက ကျွမ်းလီကို စူးရှစွာကြည့်လိုက်ရာ သူ၏မျက်လုံးများတွင် အရိပ်တစ်ခုဖြတ်သွားခဲ့သည်။
ရောက်ရှိနေသူ အားလုံးက လုံးဝ မသိနားမလည်သူများ မဟုတ်ပါက၊ ကျွမ်းလီ၏စကားများနောက်ကွယ်ရှိဆိုလိုရင်းကို နားလည်ကြပါသည်။ သူက လင်းဖူဟူကို ထောက်ခံသူဖြစ်ပါသည်။
တုန်းချန်ဝူက အဂတိကင်းစင်ပြီး ဘက်မလိုက်ပေ။ သူ ပြစ်ဒဏ်ခန်းမ၏အကြီးအကဲအဖြစ် တာဝန်ထမ်းဆောင်စဉ် အတွင်း၊ သူ့အပေါ် ပြစ်မှုကျူးလွန်သူများထဲတွင် စစ်ရေးခန်းမမှ အဖွဲ့ဝင်များသာမက အထွေထွေခန်းမမှ တပည့်အများအပြားလည်း ပါဝင်ခဲ့၏။
အထွေထွေခန်းမက ဂိုဏ်း၏ဘဏ္ဍာရေးနှင့် ရိက္ခာများကို စီမံခန့်ခွဲရာ၊ သူတို့က အမြတ်အစွန်းအချို့ကို တိတ်တဆိတ်အလွဲသုံးစားလုပ်ခြင်းမှာ ပုံမှန်ပင်။ သို့သော် တုန်းချန်ဝူသိသွားပါက သူတို့သည် အသတ်မခံရလျှင်ပင် ပြင်းထန်စွာအပြစ်ပေးခံရမည်ဖြစ်လေ၏။
သို့သော် ကျွမ်းလီက လင်းဖူဟူကဲ့သို့ မရိုးရှင်းပေ။ တုန်းချန်ဝူကို သူမကျေနပ်သော်လည်း၊ ပေါ်ပေါ်ထင်ထင် ထိပ်တိုက်ရင်ဆိုင်မည်မဟုတ်ပါဘူး။
လူသုံးယောက်၊ ထင်မြင်ချက် နှစ်မျိုး။ သေချာသည်မှာ၊လင်းယုန်ပျံဂိုဏ်းတွင် အများစု ဆုံးဖြတ်ချက်ဆိုသော စည်းမျဉ်းမရှိချေ။ ခန်းမသခင်သုံးဦးက သူတို့၏ရပ်တည်ချက်များကို ဖော်ပြရုံသာ ဖြစ်ပါသည်။
ဆုံးဖြတ်ချက်ကို ဂိုဏ်းချုပ်ကသာ ချမှတ်ရမည် ဖြစ်ပေ၏။
"အဟမ်း" ရှားဖေးယင်း လည်ချောင်းရှင်းလိုက်ပြီး ပြောလိုက်သည်။
"ဆုရှင်းနဲ့ ပတ်သက်တဲ့ ကိစ္စကို သတိထားပြီး ကိုင်တွယ်သင့်တယ်။ ယုတ္တိတန်တန်တွေးကြည့်ရင် တိုင်ချုံးကို မင်းသတ်ခဲ့တာဆိုတော့ မင်းကိုကြီးကြီးမားမား ဆုချသင့်တယ်၊ ဒါမှမဟုတ် အဆင့်မြင့်ခေါင်းဆောင် တစ်ယောက်အနေနဲ့တောင် ရာထူးတိုးပေးသင့်တယ်။
ဒါပေမဲ့ စည်းမျဉ်းမရှိရင် စည်းကမ်းမရှိနိုင်ဘူး။ မိုးပြာဝါးဂိုဏ်းကို ပြဿနာမရှာဖို့ ဂိုဏ်းက တင်းတင်းကျပ်ကျပ်အမိန့်ပေးထားတာကို မင်းက လှုပ်ရှားခဲ့တယ်။ ဒါကဂိုဏ်းစည်းမျဉ်းတွေကို လျစ်လျူရှုတာဖြစ်ပြီး အပြစ်ပေးခံရမယ်။
ဒါကြောင့် ဒီတစ်ခါ မင်းရဲ့အကောင်းနဲ့ အဆိုး ချေပသွားသလိုပဲ၊ မင်းကို ငါတို့ဆုမချသလို အပြစ်လည်း မပေးဘူး။ ဒါပေမဲ့ စည်းမျဉ်းတွေကို လိုက်နာတဲ့သူတွေကပဲ အသက်ပိုရှည်ရှည်ရှင်သန်နိုင်တယ်ဆိုတာ မင်း မှတ်ထားရမယ်"
သူ၏နောက်ဆုံး စကားများဖြင့် ရှားဖေးယင်းက ဆုရှင်းကို စူးရှစွာကြည့်လိုက်ရာ သူ၏စကားများတွင် ထူးဆန်းသောအဓိပ္ပာယ်တစ်ခု ပါဝင်နေသည်။
ရှားဖေးယင်း၏ ဆုံးဖြတ်ချက်ကို ကြားသောအခါ၊ တုန်းချန်ဝူ၏ မျက်နှာအမူအရာ မှောင်မိုက်သွားခဲ့သည်။ ဆုရှင်းကို အပြစ်မပေးခြင်းဖြင့် ရှားဖေးယင်းက လင်းဖူဟူဘက်မှ ရပ်တည်ကြောင်း သွယ်ဝိုက်ဖော်ပြလိုက်ခြင်းဖြစ်သည်။
"ဂိုဏ်းချုပ်၊ မိုးပြာဝါးဂိုဏ်းအပေါ် ငါတို့က ဘယ်လိုတုံ့ပြန်မှာလဲ။ တိုင်ချုံးသေသွားပြီဆိုတော့ သူတို့က ဒီကိစ္စကိုအလွယ်တကူလွှတ်ထားမှာ မဟုတ်ဘူး" တုန်းချန်ဝူက အနည်းငယ်မလိုလားစွာဖြင့် မေးလိုက်လေသည်။
ရှားဖေးယင်းက လက်ဝှေ့ယမ်းကာ ပြောလိုက်သည်။ "သူတို့က လက်မလျှော့ရင်လည်း မလျှော့စေနဲ့။ မိုးပြာဝါးဂိုဏ်းက ငါတို့ထက်အားနည်းနေပြီ။ အခု တိုင်ချုံးသေသွားပြီဆိုတော့၊ သူတို့က တကယ်လုပ်ချင်တယ်ဆိုရင်လည်း ငါတို့ ကစားပေးလိုက်မယ်။
ဒါပေမဲ့ မိုးပြာဝါးဂိုဏ်းဝင်တွေက အရူးတွေ မဟုတ်ဘူးလို့ ငါ ယုံကြည်တယ်။ တိုင်ချုံးလိုရက်စက်တဲ့ စစ်သူကြီးသေသွားပြီဆိုတော့၊ တိုက်ပွဲမှာ သူတို့ ပိုပြီးအားနည်းသွားမှာပဲ။ ဒါပေမဲ့ငါတို့လည်း ပေါ့ဆနေလို့မရဘူး။ သတိထားပြီး တိုက်ပွဲအတွက် အဆင်သင့်ဖြစ်နေဖို့ ငါ့လက်အောက်က လူတွေကို ပြောလိုက်။ မမျှော်လင့်ထားတာ တစ်ခုခုဖြစ်လာရင် ချက်ချင်း စတိုက်မယ်"
"ဟုတ်ကဲ့"
ရောက်ရှိနေသော လူကြီးပိုင်းများ အားလုံးက သဘောတူလိုက်ကြ၏။
လင်းဖူဟူ၏ မျက်နှာတွင် ကျေနပ်သော အမူအရာတစ်ခု ပေါ်လာခဲ့၏။ သူတို့၏စစ်ရေးခန်းမက ဂိုဏ်းစစ်ပွဲများကို မကြောက်ရွံ့သည့်အထဲတွင် ပါဝင်ပါသည်။ တိုက်ပွဲက ပိုပြင်းထန်လေ၊ သူတို့ ရရှိမည့် အသိအမှတ်ပြုမှုကပိုကြီးမားလေ ဖြစ်လေ၏။
တုန်းချန်ဝူ လှည့်ထွက်သွားပြီး၊ မသွားမီ ဆုရှင်းကို စူးရှစွာတစ်ချက်ကြည့်လိုက်သည်။
လင်းဖူဟူက ဆုရှင်း၏ပခုံးကို ပြင်းပြင်းထန်ထန် ပုတ်လိုက်ပြီးကျယ်လောင်စွာ ရယ်မောလိုက်၏။ "မင်း မဆိုးဘူး ကောင်လေး။ မင်းက ငါ သဘောကျတဲ့ ပုံစံမျိုးပဲ။ ဓားတစ်လက်တည်းနဲ့ တိုင်ချုံးကိုတစ်ယောက်တည်း လုပ်ကြံရဲတယ်။ မင်းမှာ သတ္တိရှိတယ်။ မင်းက ခေါင်းဆောင်ငယ် တစ်ယောက်ဖြစ်မနေဘူးဆိုရင်၊ မင်းကို စစ်ရေး ခန်းမဆီ ငါခေါ်သွားမှာ"
"ခင်ဗျားရဲ့ချီးကျူးစကားတွေအတွက် ကျေးဇူးတင်ပါတယ် ခန်းမသခင်လင်း။ လင်းယုန်ပျံဂိုဏ်းကို ဝင်ကတည်းက၊ ခင်ဗျားကိုကျွန်တော့်ရဲ့ စံပြပုဂ္ဂိုလ်တစ်ယောက်အဖြစ် သတ်မှတ်ထားတာပါ" ဆုရှင်းက ကျွမ်းကျင်စွာမြှောက်ပင့်လိုက်ပြီး၊ စစ်ရေးခန်းမ၏ခန်းမသခင်ကို ပြုံးလျက် နှုတ်ဆက်လိုက်သည်။
အခြားခေါင်းဆောင်ကြီးများ ထွက်သွားပြီးနောက်၊ တတိယသခင်ကြီးဟူက မတ်တပ်ရပ်ပြီး ဆုရှင်း၏ ပခုံးကိုပုတ်ကာ ပြောလိုက်၏။
"အရမ်းကောင်းတယ်..နောက်မလုပ်နဲ့။ ပြဿနာတစ်ခုခုရှိရင် မင်းရဲ့ မွေးစားအဖေကို ပြောလို့ရတယ်"
ဆုရှင်းခေါင်းငုံ့ပြီး ပြောလိုက်၏။ "မွေးစားအဖေအတွက် ပြဿနာဖြစ်မှာကို ကြောက်လို့ပါ"
"မင်း ဘာတွေပြောနေတာလဲ။ မင်းရဲ့ မွေးစားအဖေ ငါက ပြဿနာကိုကြောက်တဲ့သူလို့ မင်း ထင်နေလား" တတိယသခင်ကြီးဟူက မကျေနပ်ဟန်ဆောင်ကာ ဆူပူလိုက်သည်။
"ဟုတ်ကဲ့၊ ကျွန်တော် နားလည်ပါပြီ။ အနာဂတ်မှာ ဒီလိုကိစ္စမျိုးထပ်ဖြစ်လာရင်၊ မွေးစားအဖေနဲ့ သေချာပေါက် ဆွေးနွေးပါ့မယ်"
သူတို့နှစ်ဦး၏စကားလုံးများက သားသမီးဝတ္တရားနှင့် မိဘမေတ္တာ၏ အငွေ့အသက်ကို ဆောင်ကြဉ်းပေးသော်လည်း၊ သူတို့ကမည်သူ့ကို သရုပ်ဆောင်ပြနေကြသနည်းဆိုသည်မှာ မရှင်းလင်းပေ။
သူတို့၏ဟန်ဆောင်မှုအပြီးတွင်၊ နောက်ဆုံး၌ပင်မခန်းမထဲမှ ထွက်ခွာသွားကြလေ၏။
တံခါးအပြင်ဘက်တွင် အကြံပေးလျို နှင့် ဟွမ်ပင်းချန်တို့ စိုးရိမ်နေကြပါသည်။ ဆုရှင်း ဘေးကင်းစွာ ထွက်လာသည်ကို မြင်သောအခါ၊ ဆုရှင်း ဤအခက်အခဲမှလွတ်မြောက်သွားကြောင်း သူတို့ ချက်ချင်း သိလိုက်ကြ၏။
သို့သော် လူနှစ်ဦး၏တုံ့ပြန်မှုမှာ ကွဲပြားပါသည်။ ဟွမ်ပင်းချန်က ဝမ်းသာအံ့သြသွားသော်လည်း၊အကြံပေးလျိုမှာ အလွန် အံ့အားသင့်သွားခဲ့၏။