← Chapters

အခန်း ၂၂

Vol. 3 Ch. 22

အခန်း ၂၂

Vol. 3 Ch. 22

အခန်း (၂၂) အကြံအစည်များနှင့် မဲနှိုက်ခြင်း

အပြန်လမ်းတွင် အကြံပေးလျိုက တတိယသခင်ကြီးဟူထံမှ ပင်မခန်းမအတွင်းဖြစ်ပျက်ခဲ့သည်များကို သိရှိသွားပြီးနောက်၊ သူ၏ပေါင်ကို ပြင်းပြင်းထန်ထန် ရိုက်မိလိုက်၏။

ဆုရှင်းက ဤအကွက်ကို အလွန်ပြောင်မြောက်စွာ ကစားသွားခဲ့ပြီး၊ စစ်ဆေးခံရမှုမှ လင်းယုန်ပျံဂိုဏ်းအတွင်းအာဏာလုပွဲတစ်ခုအဖြစ်သို့ ပြောင်းလဲပစ်ခဲ့ပါသည်။

အစကတည်းက ဆုရှင်းက မိမိကိုယ်ကို ကာကွယ်ရန် မကြိုးစားခဲ့ပေ။ ထိုအစား သူက ညီအစ်ကိုများအတွက် မိုးပြာဝါးဂိုဏ်းကို သူ၏အသက်နှင့် ရင်း၍ တိုက်ခိုက်လိုပြီး၊ထို့ကြောင့် ဂိုဏ်းစည်းမျဉ်းများကို ချိုးဖောက်ခဲ့သော သူရဲကောင်းတစ်ဦးအဖြစ် သူ့ကိုယ်သူ ပုံဖော်ခဲ့၏။

အချို့သူများက ဤအရာကို သေချာပေါက် ယုံမည်မဟုတ်သော်လည်း၊ ရိုးရှင်းသော်လည်းသန်မာသော ဤခန်းမသခင်လင်းဖူဟူက ယုံကြည်နေသမျှကာလပတ်လုံး၊ သူက ဆုရှင်းဘက်မှ သဘာဝကျကျပင်ရပ်တည်ပေးလိမ့်မည် ဖြစ်လေ၏။

လင်းဖူဟူ စကားပြောလိုက်သည့် အခိုက်အတန့်မှစ၍၊ ကိစ္စရပ်က ဆုရှင်းနှင့် မသက်ဆိုင်တော့ဘဲ ခန်းမသခင်သုံးဦးကြားရှိ အတွင်းအာဏာလုပွဲတစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့၏။

လင်းဖူဟူက တုန်းချန်ဝူအပေါ် ရန်ငြိုးရှိပြီး၊ တုန်းချန်ဝူ ဆန့်ကျင်သမျှကို အမြဲတစေထောက်ခံမည် ဖြစ်သည်။

တုန်းချန်ဝူ၏ အထွေထွေခန်းမအပေါ် လုပ်ရပ်များက ကျွမ်းလီ၏ကြွယ်ဝချမ်းသာမှုလမ်းကြောင်းကို ပိတ်ဆို့ခဲ့သောကြောင့်၊ ခန်းမသခင်ကျွမ်းလီက အမှားအမှန်ကို ထည့်တွက်မည်မဟုတ်ဘဲ တုန်းချန်ဝူ၏ဆန့်ကျင်ဘက်တွင် သေချာပေါက်ရပ်တည်ပါလိမ့်မည်။

၎င်းက ရိုးရှင်းသောပြဇာတ်တစ်ခု ဖြစ်သော်လည်း လင်းယုန်ပျံဂိုဏ်း၏ ခေါင်းဆောင် သုံးဦးစလုံးကို လှည့်စားနိုင်ခဲ့သည်။ အကြံပေးလျိုတွေးမိလေလေ၊ ပိုမိုပြောင်မြောက်ပုံပေါ်လေလေဖြစ်ပြီး၊ လက်ခုပ်တီးကာ မချီးကျူးဘဲမနေနိုင်အောင် ဖြစ်သွားခဲ့၏။

သို့သော် သူ၏ကျေးဇူးရှင် တတိယသခင်ကြီးဟူ၏ မျက်နှာပေါ်ရှိ မှုန်ကုပ်နေသော အမူအရာကို မြင်သောအခါ၊ အကြံပေးလျိုက သူ၏နောက်မှ တိတ်ဆိတ်စွာလိုက်ပါသွားရုံသာ တတ်နိုင်တော့သည်။

ယခင်က တတိယသခင်ကြီးဟူက ဆုရှင်းအပေါ် လျှို့ဝှက်စွာယုတ်မာသောအကွက်များ ရွှေ့ခဲ့သော်လည်း၊ ယခုတော့ ဆုရှင်းနှင့် အဆက်အသွယ် ဖြတ်ရန် ပို၍ပင် စိတ်အားထက်သန်နေခဲ့၏။

ဤမွေးစားအဖေနှင့် သားတို့၏ဆက်ဆံရေးမှာ ပြိုကွဲလုနီးပါး ဖြစ်နေလေပြီ။ ယခု ဆုရှင်းဘေးကင်းသွားပြီဖြစ်ရာ တတိယသခင်ကြီးဟူ မပျော်ရွှင်သည်မှာ အံ့သြစရာမရှိပေ။

တတိယသခင်ကြီးဟူက အလွန်ဆိုးရွားသော အကွက်တစ်ခုကိုရွှေ့ခဲ့ကြောင်း အကြံပေးလျို ခပ်ရေးရေးခံစားမိလေသည်။

အကယ်၍ သူက အလားအလာကောင်းသော လူငယ်တစ်ဦးဖြစ်သည့် ဆုရှင်းကိုထောက်ခံခဲ့ပါက၊ သူက ဆုရှင်း၏မွေးစားအဖေဖြစ်ခြင်းမှတစ်ဆင့်အနာဂတ်တွင် အကျိုးကျေးဇူးအချို့ ရရှိနိုင်ပါသည်။

သို့သော် သူ့ကို ဖိနှိပ်ရန် ရွေးချယ်ခဲ့ခြင်းက ကိစ္စရပ်များကို ခက်ခဲသွားစေခဲ့၏။

တစ်ချိန်တည်းတွင် ဆုရှင်းနှင့်အတူ ပျော်ရွင်ဖွယ်တောအုပ်သို့ပြန်လာသော ဟွမ်ပင်းချန်မှာမူ ချွေးစေးများ ထွက်နေပါသည်။

ပင်မခန်းမအတွင်းရှိ ထိပ်တိုက်ရင်ဆိုင်မှုကို သူ မမြင်တွေ့ခဲ့ရသော်လည်း၊ ဆုရှင်း၏ရှင်းပြချက်ကို နားထောင်ရုံဖြင့်ပင် သူ့ကို တုန်လှုပ်သွားစေရန် လုံလောက်သည်။ သူသာ ဆုရှင်းနေရာတွင် ရှိနေပါက စကားကိုသွက်လက်စွာပြောနိုင်မည်မဟုတ်ဘဲ၊ သူ၏ခြေထောက်များမှာ ဒူးမှစ၍အားနည်းသွားမည်မှာ သေချာ၏။

"ခေါင်းဆောင်၊ ခင်ဗျား တော်တော် ရဲတင်းတာပဲ။ ဂိုဏ်းချုပ်နဲ့ ခန်းမသခင်သုံးဦးရှေ့မှာ တကယ်ပဲ သရုပ်ဆောင်ရဲတယ်။ ဂိုဏ်းချုပ်က ရိပ်မိသွားရင် ဘယ်လိုလုပ်မလဲ" ဟွမ်ပင်းချန်က ထိတ်လန့်နေပုံဖြင့် ပြောလိုက်၏။

ဆုရှင်းက ခေါင်းယမ်းကာ ပြောလိုက်ပါသည်။ " ဂိုဏ်းချုပ်က အစကတည်းကရိပ်မိနေပြီးသားပဲ။ တကယ်တော့ အဲဒီအချိန်က ရောက်နေတဲ့သူတိုင်း၊ ဘဝတစ်လျှောက်လုံးရုန်းကန်လာခဲ့ပေမဲ့ နည်းနည်းလေးခေါင်းထိနေတဲ့ လင်းဖူဟူလိုလူကလွဲရင် အားလုံး ရိပ်မိနေကြတယ်။"

သူ၏သရုပ်ဆောင်စွမ်းရည်ကို လွန်စွာယုံကြည်သော်လည်း၊ လင်းယုန်ပျံဂိုဏ်းကို တည်ထောင်ခဲ့သည့် ရှားဖေးယင်းကိုတော့ သေချာပေါက် မလှည့်စားနိုင်သလို၊ တုန်းချန်ဝူနှင့် ပါးနပ်သည့် ကျွမ်းလီကိုလည်း လှည့်စားနိုင်မည်မဟုတ်ပေ။

ဟွမ်ပင်းချန် ချက်ချင်းမှင်တက်သွားခဲ့၏။ "ခင်ဗျား... ခင်ဗျား သိနေတာပဲ။ဒါဆို ဘာလို့ ဂိုဏ်းချုပ်က ခင်ဗျားဘက်ကနေပြောပေးနေရတာလဲ။"

"မင်းစကားကို ပြင်ပေးရရင်၊ ဂိုဏ်းချုပ်က ငါ့ဘက်ကနေ ပြောပေးနေတာ မဟုတ်ဘူး၊ လင်းဖူဟူ ဘက်ကနေ ပြောပေးနေတာ။"

ဆုရှင်းက ရှင်းပြလေသည်။ "လင်းဖူဟူနဲ့ တုန်းချန်ဝူတို့ငြင်းခုံကြတယ်၊ ပြီးတော့ ကျွမ်းလီက မီးလောင်ရာလေပင့်လိုက်တယ်။ ဂိုဏ်းချုပ်အနေနဲ့ သူက ဘက်တစ်ခုကိုရွေးချယ်ရမယ်။ အကယ်၍ သူကကိစ္စတွေကိုချောမွေ့အောင် ကြိုးစားမယ်ဆိုရင်၊ နှစ်ဖက်စလုံးရဲ့မကျေနပ်မှုကိုပဲ ဖြစ်စေလိမ့်မယ်။"

"အဓိက မဟာမိတ်က တုန်းချန်ဝူဖြစ်နေရင်ကော" ဟွမ်ပင်းချန်က သံသယဖြင့် မေးလိုက်၏။

ဆုရှင်းက ခေါင်းယမ်းလိုက်သည်။ "မဟုတ်ဘူး၊ ဂိုဏ်းချုပ်က လင်းဖူဟူကို သေချာပေါက် ကူညီလိမ့်မယ်။"

"ဘာဖြစ်လို့လဲ။"

"ဘာလို့လဲဆိုတော့ ခန်းမသခင်သုံးဦးအထဲမှာ လင်းဖူဟူတစ်ယောက်တည်းကသာ ဂိုဏ်းချုပ်ရဲ့ယုံကြည်ရသူ ဖြစ်နေလို့ပဲ"

ဆုရှင်းက လေးနက်သောလေသံဖြင့် ပြောလိုက်သည်။ "ဘာလို့ လင်းဖူဟူက ဂိုဏ်းထဲက အားအကောင်းဆုံး စစ်ရေးခန်းမကို ထိန်းချုပ်နိုင်တာလဲ။ သူက အကောင်းဆုံး တိုက်ခိုက်ရေးသမားဖြစ်နေလို့လား။ မဟုတ်ဘူး အဲဒါက သူကပါးနပ်မှု အနည်းဆုံးဖြစ်ပြီး ခန်းမသခင်သုံးဦးအထဲမှာ ထိန်းချုပ်ရ အလွယ်ဆုံးဖြစ်နေလို့ပဲ"

ဟွမ်ပင်းချန် မှင်တက်သွားခဲ့၏။

"လင်းယုန်ပျံဂိုဏ်းရဲ့အစွမ်းအထက်ဆုံး တိုက်ခိုက်ရေး အင်အားစုအနေနဲ့၊ စစ်ရေးခန်းမရဲ့ အရေးပါမှုက သက်သေပြစရာတောင်မလိုဘူး။ ဒါကြောင့် စစ်ရေးခန်းမကို စီမံခန့်ခွဲဖို့ယုံကြည်စိတ်ချရတဲ့ လူတစ်ယောက်ကို အပ်နှံရမယ်။

ခန်းမသခင် သုံးဦးအထဲမှာ ကျွမ်းလီက ပါးနပ်ပြီး ကောက်ကျစ်တယ်၊ ဂိုဏ်းချုပ်က သူ့ကို ယုံကြည်မှာ မဟုတ်ဘူး။

တုန်းချန်ဝူက တင်းမာပြီး ဘက်မလိုက်ပုံပေါ်ပေမဲ့၊ သူတကယ်တမ်းဘာတွေးနေလဲဆိုတာ ဘယ်သူမှ မသိဘူး။

လင်းဖူဟူ တစ်ယောက်တည်းကပဲ ခန္ဓာကိုယ်သန်မာပြီး စိတ်ပိုင်းဆိုင်ရာအားနည်းတဲ့သူဖြစ်တယ်။

သူ့ရဲ့ စွမ်းရည်တွေက အားအကောင်းဆုံး မဟုတ်ပေမဲ့၊ အခြားနှစ်ဦးထက် ထိန်းချုပ်ဖို့များစွာ ပိုမို လွယ်ကူတာကြောင့် ရှားဖေးယင်းက သူ့ကို အယုံကြည်ဆုံးပဲ။

တုန်းချန်ဝူက ဂိုဏ်းစည်းမျဉ်းတွေကို ချိုးဖောက်တဲ့ စစ်ရေးခန်းမတပည့်တစ်ဦးကို လူပုံအလယ်မှာ ကိုယ်လက်အင်္ဂါချို့ယွင်းအောင် လုပ်ခဲ့တယ်လို့ မင်းတစ်ခါက ပြောခဲ့တယ်။ ဂိုဏ်းချုပ်က ဝင်မစွက်ဖက်ခဲ့တာက အဲ့အချိန်က သူတုန်းချန်ဝူရဲ့ ဘက်မှာ ရှိနေခဲ့တယ်လို့ဆိုလိုတာပဲ။

အခုအကြိမ်၊ သူတို့နှစ်ယောက် ထပ်မံထိပ်တိုက်တွေ့ချိန်မှာ၊ ဂိုဏ်းချုပ်က တုန်းချန်ဝူဘက်ကနေ ထပ်မံ ရပ်တည်ပေးမယ်ဆိုရင် လင်းဖူဟူကို သေချာပေါက် စိတ်ဓာတ်ကျစေလိမ့်မယ်။ ဒါကြောင့် ဒီတစ်ကြိမ်မှာ သူက လင်းဖူဟူရဲ့ဘက်မှာ ရပ်တည်ရလိမ့်မယ်။"

ဟွမ်ပင်းချန် စကားမပြောနိုင် ဖြစ်သွားပါသည်။ ခေါင်းဆောင်ဆု၏အကြီးမားဆုံးသော ခွန်အားမှာ သူ၏သိုင်းပညာ စွမ်းရည်မဟုတ်ဘဲ၊ လူများ၏နှလုံးသားကို နားလည်နိုင်စွမ်းဖြစ်ကြောင်း သူ သဘောပေါက်သွားခဲ့၏။

သို့သော် ဆုရှင်းက အခြားအရာတစ်ခုကိုမူ မပြောခဲ့ပေ။ ဤအရာအားလုံးမှာ ခွန်အားရှိခြင်းအပေါ် အခြေခံခြင်းဖြစ်သည်။ ခွန်အားမရှိဘဲ၊ သင် မည်မျှပင် အကြံအစည်ရှိစေကာမူ အချည်းနှီးဖြစ်သွားမည်ဖြစ်လေ၏။

အကယ်၍ ဤတစ်ကြိမ်တွင် တိုင်ချုံးအား သူ သတ်ရန်ကျရှုံးခဲ့ပြီး၊ လုပ်ကြံမှုကျရှုံးပြီးနောက် ပြန်လည်ထွက်ပြေးလာရပါက မည်မျှပင်ဆင်ခြေပေးစေကာမူ အသုံးဝင်မည်မဟုတ်ပေ။

ထိုအစား၊ သူတို့က တိုင်ချုံးကိုသတ်ခဲ့ပြီး မိုးပြာဝါးဂိုဏ်းကို အင်အားနည်းပါးသွားစေကာပြင်းထန်စွာ အားနည်းသွားစေခဲ့သည်။

အကယ်၍ မိုးပြာဝါးဂိုဏ်းကသာ ဤအချိန်တွင် လင်းယုန်ပျံဂိုဏ်းနှင့် စစ်စတင်မည်ဆိုပါက၊ ၎င်းက အင်အားတူညီသောအခြေအနေမျိုး မဟုတ်တော့ဘဲ၊ သူတို့အားနည်းသည့် အနေအထားတွင် ရှိနေမည့် အခြေအနေဖြစ်ပေလိမ့်မည်။

ထို့ကြောင့် ဆုရှင်း၏လုပ်ရပ်များက ကျစ်ကန်းနှင့် အခြားသူများ ထင်မှတ်ထားသကဲ့သို့ ဂိုဏ်းအတွက် ပြဿနာ မဖြစ်စေခဲ့ပေ။

ဆုရှင်းနှင့် ပတ်သက်သည့် အဓိကပြဿနာမှာ သူက ဂိုဏ်းစည်းမျဉ်းများကို ချိုးဖောက်ခဲ့သည်လော။ သူ့ကိုအပြစ်ပေးသင့်သည်လော ဆိုသည့်အရာပင်။

ဤအရာတစ်ခုတည်း ကျန်ရှိတော့သဖြင့်၊ ကိစ္စရပ်များမှာများစွာ ပိုမိုလွယ်ကူသွားပါသည်။ ပြဇာတ်လေးတစ်ခုက အရာအားလုံးကို ဖြေရှင်းနိုင်လေ၏။

သို့သော် အားနည်းချက်များလည်း ရှိနေပါသည်။

ဂိုဏ်းချုပ်ရှားဖေးယင်းနှင့် တုန်းချန်ဝူတို့က ဆုရှင်းကို ရှင်းလင်းစွာမှတ်မိနေကြပါသည်။ အကယ်၍ နောက်တစ်ကြိမ်တွင် သူသရုပ်ဆောင်လိုပါက၊ ပြီးဆုံးသွားရန် ဤမျှလွယ်ကူမည် မဟုတ်တော့ပေ။

ပျော်ရွင်ဖွယ်တောအုပ်သို့ ပြန်ရောက်လာပြီး ဆုရှင်း ဘေးကင်းကြောင်း သိရှိရသောအခါ သူ၏ဂိုဏ်းဝင်များ အားလုံး အောင်ပွဲခံလိုက်ကြ၏။

ဤဖြစ်ရပ်ပြီးနောက်၊ ဆုရှင်း၏ လက်အောက်ငယ်သားများအကြား စည်းလုံးညီညွတ်မှုမှာများစွာ တိုးတက်လာခဲ့ပါသည်။

ရက်ရောသောခေါင်းဆောင်တစ်ဦး နောက်သို့ လိုက်ရခြင်းမှာ မလွယ်သလို။ သူ၏လက်အောက်ငယ်သားများအတွက် ရပ်တည်ပေးရန်ဆန္ဒရှိသော ခေါင်းဆောင်တစ်ဦးနောက်သို့ လိုက်ရခြင်းမှာ ပို၍ပင်ခက်ခဲလေ၏။

ထို့ကြောင့် ဆုရှင်းဘေးကင်းစွာ ပြန်လာသည်ကို မြင်ရ၍ လူတိုင်းပျော်ရွှင်နေကြပါသည်၊ သေချာသည်မှာ ကျစ်ကန်းမှလွဲ၍ပင်။

ဆုရှင်းကလည်း သူ့ကို လျစ်လျူရှုထားလိုက်၏။

ကျစ်ကန်းက တတိယသခင်ကြီးဟူ၏ လူဖြစ်သည်။ ဆုရှင်းနှင့် တတိယသခင်ကြီးဟူတို့က မခွာပြဲသေးသဖြင့်၊ ကျစ်ကန်း အလွန်အကျွံမလုပ်သရွေ့ ဆုရှင်းက သူ့ကိုထိမည် မဟုတ်ပေ။

လူတိုင်း၏ စိတ်အခြေအနေ ကောင်းမွန်နေခြင်းကို အခွင့်ကောင်းယူ၍၊ ဆုရှင်းက ငွေတစ်ရာ ထုတ်ပေးပြီး လူတိုင်းနှင့်အတူ စားသောက်ဆိုင်တစ်ခုလုံး ငှားကာမှောင်သည်အထိ အရက်သောက်ပြီးမှ အိမ်သို့ ပြန်လာခဲ့သည်။

သို့သော် ဆုရှင်း တံခါးဝသို့ ဝင်လာသည်နှင့် တစ်ပြိုင်နက် ရွှမ်းအာက သူ့ကိုအပြင်သို့ တွန်းထုတ်လိုက်၏။

"အစ်ကို။ အစ်ကို့ဆီက အနံ့ဆိုးကြီးထွက်နေတယ်။ ဘာလို့ ဒီလောက်အများကြီး သောက်ရတာလဲ။ အရင်သွားရေချိုးဦး သန့်ရှင်းသွားတဲ့အထိတံခါးဝထဲ ဝင်ခွင့်မပြုဘူး" ရွှမ်းအာက ရွံရှာသောအမူအရာဖြင့် သူမ၏နှာခေါင်းကို ပိတ်ထားခဲ့သည်။

"ကောင်းပါပြီ ကောင်းပါပြီ။ ငါ အခုချက်ချင်း သွားပါ့မယ်။" ဆုရှင်းက ခါးသီးစွာပြုံးပြီး အရင်ရေသွားချိုးရုံသာ တတ်နိုင်တော့သည်။

ချန်လဲ့ရပ်ကွက်ရှိ ပျက်စီးယိုယွင်းနေသော အိမ်တွင် နေထိုင်စဉ်က ရွှမ်းအာတွင် ပြဿနာ များများစားစား မရှိခဲ့ပေ။ ယခု သူတို့အိမ်သစ်သို့ ပြောင်းလာသောအခါ ဤကောင်မလေး၏သန့်ရှင်းရေးအပေါ် စွဲလမ်းမှုမှာ ပိုမိုသိသာထင်ရှားလာခဲ့သည်။

ပုံမှန်အားဖြင့် ဆုရှင်း၏အဝတ်အစားများတွင် အနည်းငယ်မျှစွန်းထင်းနေပါက၊ ရွှမ်းအာက အတင်းအကျပ်ပင် ချွတ်ပစ်လေ့ရှိသည်။

ရေကျိုပြီးရေချိုးကန်ထဲ လောင်းထည့်ပြီးနောက် ဆုရှင်းခုန်ဝင်လိုက်ပြီး ကျေနပ်စွာညည်းတွားလိုက်၏။

ယနေ့ မည်သူနှင့်မှ မတိုက်ခိုက်ခဲ့ရသော်လည်း လင်းယုန်ပျံဂိုဏ်းမှ ထိုအဘိုးကြီးများ နှင့် တစ်နေ့လုံးသရုပ်ဆောင်နေရ၏။ ထို့ကြောင့် စိတ်ပိုင်းဆိုင်ရာဖိအားများဖြင့် သူလွန်စွာပင်ပန်းနေပါသည်။

လင်းဖူဟူကဲ့သို့သော ရိုးရှင်းသည့်သူများအလွန် နည်းပါးလှ၏။ ဆယ်စုနှစ်များစွာ နေထိုင်လာခဲ့သော ဤအဘိုးကြီးများက သူ၏ယခင်ဘဝမှပါးနပ်သောခေါင်းဆောင်များထက်လျော့နည်းခြင်းမရှိပေ။

*မင်း စကားမှားပြောမိတာနဲ့၊ သူတို့က မင်းကို အသုံးချဖို့အခွင့်အရေးယူသွားနိုင်တယ်။*

ရေချိုးနေစဉ် ဆုရှင်း၏စိတ်ဝိညာဉ်က စနစ်နေရာလွတ်ထဲသို့ ဝင်ရောက်သွားသည်။

ဆုရှင်းက မူလက မဲနှိုက်ခွင့်များကို ပိုမိုစုဆောင်းပြီး တစ်ကြိမ်တည်းဖြင့် အားလုံးမဲနှိုက်ရန်၊ သို့မဟုတ် အဆင့်မြင့်မဲနှိုက်မှုတစ်ခုအတွက် စုဆောင်းရန် စီစဉ်ထားခဲ့၏။

သို့သော် တိုင်ချုံးနှင့် တိုက်ပွဲက ဆုရှင်း၏ခွန်အားမှာ လုံလောက်မှုမရှိသေးကြောင်းသိရှိစေခဲ့သည်။ သူ၏ခွန်အားကို အလျင်အမြန်တိုးမြှင့်ရန် လိုအပ်နေပြီး၊ အဆင့်မြင့် မဲနှိုက်မှုတစ်ခုနှင့် လဲလှယ်ရန် သုံးလကျော်ကြာအတွေ့အကြုံများကို စုဆောင်းရန်မှာ လက်တွေ့မကျပေ။

ဤသုံးလအတွင်းတွင် မည်သည့်အရာများဖြစ်လာနိုင်သည်ကို မည်သူသိနိုင်မည်နည်း။ ကိုယ့်ခွန်အားကို တိုးတက်ထားစေသည်မှာ ယခုချိန်တွင်အရေးကြီးဆုံးဖြစ်၏။

မြူခိုးများဖုံးလွှမ်းနေသော စနစ်နေရာလွတ်ထဲတွင် ဆုရှင်းက မေးလိုက်သည်။ "အခု ငါ့မှာဆုမဲနှိုက်ခွင့် ဘယ်နှစ်ကြိမ် ရှိလဲ။"

စနစ်က ပြောသည်။ "လက်ခံသူမှာ အခုအခြေခံ မဲနှိုက်ခွင့် ၃၅ ကြိမ်နဲ့ အလယ်အလတ်မဲနှိုက်ခွင့် ၁ ကြိမ် ရှိပါတယ်။"

"ဒါကို အလယ်အလတ်မဲနှိုက်ခွင့် သုံးကြိမ်နဲ့ လဲလှယ်လိုက်။"

အစပြုသူမဲနှိုက်ခြင်းမှ ပစ္စည်းကောင်းများ ရရှိနိုင်ခြေမှာ အလွန် နိမ့်ကျလွန်းလှ၏။ ဆုရှင်း ယခု လိုအပ်နေသည်မှာ ကျင်းဝူမင်၏ လျှပ်တပြတ်ဓားသိုင်းအဆင့်ရှိသော ကျင့်စဉ်တစ်ခုဖြစ်ပြီး၊ကြယ်နှစ်ပွင့်အောက်ရှိ အဆင့်နိမ့်ကျင့်စဉ်တစ်ခု မဟုတ်ပေ။

"လဲလှယ်မှု အောင်မြင်ပါတယ်။ အခုမဲနှိုက်ချင်ပါသလား။"

"မဲနှိုက်မယ်၊အလွတ်တွေကို ဖယ်ရှားလိုက်။"

အလယ်ရှိ မျက်နှာပြင်ကြီးပေါ်တွင်၊ ဘီးက ဖြည်းညှင်းစွာလည်ပတ်နေပြီး၊ ညွှန်တံက ကျင့်စဉ် အပိုင်းကိုကျော်လွန်ကာ ဆေးလုံးအပိုင်းပေါ်သို့ ရောက်ရှိသွားခဲ့သည်။

"ဂုဏ်ယူပါတယ် လက်ခံသူ၊ ဉာဏ်အလင်းပွင့် ဆေးမှုန့် တစ်ပုလင်းကိုမဲပေါက်ပါတယ်။ သင့်ရဲ့ အဆင့်သတ်မှတ်ချက်က ကြယ်နှစ်ပွင့်ပါ။"

သန့်ရှင်းသော ကြွေပုလင်းဖြူတစ်လုံးက ဆုရှင်းရှေ့တွင် ပေါ်လာပြီး၊ လမ်းညွှန်ချက်တစ်ခုကလည်း သူ့စိတ်ထဲသို့ ဝင်ရောက်လာသည်။

"ဉာဏ်အလင်းပွင့်ဆေးမှုန့်က စိတ်ကိုကြည်လင်စေပြီး မျက်လုံးကိုတောက်ပစေတယ်၊ သွေး နဲ့ ချီ ကို အားဖြည့်ပေးတယ်၊ ဟောက်ထျန်းသိုင်းပညာရှင်တွေအတွက် သူတို့ရဲ့မူလချီကို လေ့ကျင့်ဖို့ သင့်တော်တယ်။ ရေရှည်အသုံးပြုရင် မွေးရာပါ အဆင့်ကိုတက်လှမ်းဖို့ အနည်းငယ်ကူညီပေးနိုင်တယ်။"

ဆုရှင်းက ဆေးပုလင်းကိုကြည့်လိုက်၏။ "နည်းနည်းတော့ နှမြောစရာပဲ။ အကျိုးသက်ရောက်မှုက မဆိုးပေမဲ့ရေရှည် သောက်သုံးဖို့လိုတယ်။ အဲလိုမှမဟုတ်ရင် ချီစုဆောင်းခြင်းဆေးလုံး နဲ့ အတူတူလောက်ပဲ ဖြစ်နေလိမ့်မယ်။"

"ဆက်ပြီး မဲနှိုက်မလား၊ ဒါမှမဟုတ် အလွတ်တွေကို ဖယ်ရှားမလား။"

ဘီးက ထပ်မံ လည်ပတ်လာပြီး ဤတစ်ကြိမ်တွင် ဆုရှင်းမျှော်လင့်ထားသည့်အတိုင်း ကျင့်စဉ်အပိုင်းပေါ်တွင် ရပ်တန့်သွားခဲ့၏။

စုတ်ပြတ်နေသောအဝတ်အစားများ ဝတ်ဆင်ထားသည့် လူလတ်ပိုင်းသူတောင်းစားတစ်ဦးက မျက်နှာပြင်ကြီးပေါ်တွင် ပေါ်လာခဲ့၏။

သူ၏အဝတ်အစားများမှာ စုတ်ပြတ်နေသော်လည်း၊ အလွန်သန့်ရှင်းနေပြီး သူက သူတောင်းစားတစ်ဦးနှင့် မတူဘဲ ပညာတတ်တစ်ဦးကဲ့သို့ သန့်စင်ပြီးပညာရှိသော အသွင်အပြင်ရှိပါသည်။

"ဂုဏ်ယူပါတယ် လက်ခံသူ၊ ဇာတ်ကောင် ချွမ်ကွမ်းချင်းကို မဲပေါက်ပါတယ်။ သူစ နဲ့ ပြီးပြည့်စုံမှုမရှိတဲ့ ခွေးရိုက်တုတ် သိုင်းစွမ်းရည်ပါလာပါတယ်။ ထပ်ပြီး မဲနှိုက်ဖို့မလိုတော့ပါဘူး။ စွမ်းရည် အဆင့်သတ်မှတ်ချက် - ကြယ်တစ်ဝက်။"

ဆုရှင်း သွေးတစ်လုတ်အန်မတတ် ဖြစ်သွားခဲ့၏။

*အလယ်အလတ်မဲနှိုက်မှုမှာ ကြယ်တစ်ဝက် ကျင့်စဉ် ရတာက ဘာသဘောလဲ။*

*ဒါကို ကံကောင်းတယ်လို့သတ်မှတ်နိုင်တာဘဲလား။ ချွမ်ကွမ်းချင်းက အနည်းဆုံးတော့ သူတောင်းစားဂိုဏ်းရဲ့ အကြီးအကဲတစ်ယောက်ပဲ၊ ဒါဆို သူကဘာလို့ကြယ်တစ်ဝက်ပဲ တန်ရတာလဲ။*

ဆုရှင်း ကန့်ကွက်ချင်ခဲ့သော်လည်း ပါးစပ်ဟလိုက်သည်နှင့် ပါးစပ်ပြန်ပိတ်သွားခဲ့ရ၏။

ကျင်းယုံ၏သိုင်းလောကကမှ သိုင်းနည်းစနစ်များကအဆင့်နိမ့်နေပြီး၊ ချွမ်ကွမ်းချင်း ထွက်ပေါ်လာသည်နှင့် စိတ်မကောင်းစွာဖြင့် ဤကဲ့သို့သာဖြစ်သွားခဲ့၏။

အမှန်တော့ ၎င်း၏သိုင်းပညာ စွမ်းရည်များမှာလည်း တကယ်ကိုသနားစရာ ကောင်းလှပါသည်။

သို့သော် ဆုရှင်းသဘောမတူသည့် အရာတစ်ခုရှိသေး၏။ "ခွေးရိုက်တုတ်သိုင်းက ကောင်းပါတယ်၊ ဒါပေမဲ့ ဘာလို့ ပြီးပြည့်စုံမှုမရှိရတာလဲ။" ဆုရှင်း ချက်ချင်း ကန့်ကွက်လိုက်သည်။

စနစ်က ရှင်းပြလေသည်။ "ခွေးရိုက်တုတ်သိုင်း က သူတောင်းစားဂိုဏ်းရဲ့ ပြိုင်ဘက်ကင်းတဲ့စွမ်းရည် တစ်ခုပါ။ သာမန်တပည့်တွေလည်း ဒါကိုသိကြပေမဲ့၊ ပြီးပြည့်စုံမှုမရှိတဲ့ သိုင်းကွက်တွေလောက်ပဲ သိကြပါတယ်။ ချွမ်ကွမ်းချင်းက သူတောင်းစား ဂိုဏ်းရဲ့အကြီးအကဲ တစ်ယောက်ဖြစ်ပေမဲ့၊ ခွေးရိုက်တုတ်သိုင်းရဲ့ အပြည့်အစုံဗားရှင်းကို သင်ယူဖို့ အရည်အချင်းမပြည့်မီသေးပါဘူး၊ ဒါကြောင့် အဲဒါက ပြီးပြည့်စုံမှုမရှိတဲ့ဗားရှင်း ဖြစ်နေတာပါ။

ဒီအခြေအနေက တခြားကျင့်စဉ်တွေနဲ့လည်း သက်ဆိုင်ပါတယ်။ ဥပမာ - စစ်မှန်တဲ့ယင်ကိုးပါး ကျမ်းမှာ ကြယ်လေးပွင့်အဆင့်သတ်မှတ်ချက် ရှိပေမဲ့၊ လက်ခံသူက အိုးယန်ဖုန်းကို မဲပေါက်ရင်၊ ကြယ်သုံးပွင့်အဆင့်သတ်မှတ်ချက်ရှိတဲ့ ပြောင်းပြန်ယင်ကိုးပါးကျမ်းဗားရှင်းကိုပဲ ရရှိပါလိမ့်မယ်။"

ဆုရှင်းက ခါးသီးစွာပြုံးလိုက်၏။ ဤစနစ် သတ်မှတ်ထားသောစည်းမျဉ်းများက တကယ်ကို အပြစ်ကင်းစင်ပြီး၊ မည်သူမျှအားနည်းချက်များကို အခွင့်ကောင်းယူရန်နေရာမချန်ထားခဲ့ပေ။

All Chapters