← Chapters

အခန်း ၂၃

Vol. 3 Ch. 23

အခန်း ၂၃

Vol. 3 Ch. 23

အခန်း (၂၃) သိုင်းလောကကိုစိုးမိုးရန် ကိုယ်ပိုင်ဖွားဖက်တော်ကို ဖြတ်ပစ်ရမည်

အလယ်အလတ်အဆင့် မဲနှိုက်မှု နှစ်ကြိမ်စလုံးမှ တန်ဖိုးရှိသောအရာ ဘာမျှမရခဲ့သောကြောင့် ဆုရှင်းက တတိယအကြိမ်မဲနှိုက်ရန် ယုံကြည်မှု အနည်းငယ် ကင်းမဲ့နေသည်။

သို့သော် ဤကဲ့သို့ကံစမ်းရသော ကစားပွဲမျိုးက မည်သည့်ကျွမ်းကျင်မှုမျှ မလိုအပ်သောကြောင့် ဆုရှင်းက အံကြိတ်ပြီးတတိယအကြိမ် မဲနှိုက်လိုက်၏။

ဘီးက ဖြည်းညှင်းစွာလည်ပတ်သွားပြီး သိုင်းပညာကဏ္ဍပေါ်တွင် အံ့သြဝမ်းသာစရာကောင်းလောက်အောင် ရပ်တန့်သွားခဲ့၏။ ဤတစ်ကြိမ်တွင်မူ မျက်နှာပြင်ကြီးပေါ်၌ လူငယ်ဓားသမားတစ်ယောက် ပေါ်လာသည်။

သူက တောက်ပသောအနီရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး အရပ်ရှည်သွယ်လျကာလှပနူးညံ့သော မျက်လုံးများ ရှိသည်။ ပထမတစ်ချက်ကြည့်လိုက်သည်နှင့် ချောမောသော လူငယ်လေးတစ်ယောက်ဟု ထင်ရ၏။

သို့သော် သေချာစွာ ကြည့်လိုက်ပါက သူ၏ဓားကဲ့သို့သော မျက်ခုံးများက မိုးမခရွက်များအလား အောက်ဘက်သို့ ကွေးဆင်းနေပြီး သူ၏အသားအရေမှာ ပုံမှန်ယောက်ျားတစ်ယောက်နှင့် မတူဘဲမိန်းမဆန်သောနူးညံ့မှုမျိုးပင် ပါဝင်နေသည်ကို တွေ့နိုင်၏။

ထို့အပြင် လူငယ်ဓားသမား၏မျက်လုံးများထဲတွင် ယုတ်မာပြီး မျှော်လင့်ချက်ကင်းမဲ့ကာ ရူးသွပ်နေသော အသွင်အပြင်ရှိနေသောကြောင့် ကြက်သီးထစရာခံစားချက်မျိုးကို ပေးစွမ်းနေသည်။

"ဂုဏ်ယူပါတယ် လက်ခံသူ၊ ဇာတ်ကောင် လင်းဖျင်ကျီကို မဲပေါက်ပါတယ်။ သူနဲ့အတူ မိစ္ဆာနှိမ်နင်းရေး ဓားသိုင်းကျမ်းကျင့်စဉ် ပါလာပါတယ်။ ထပ်ပြီး မဲနှိုက်ဖို့မလိုတော့ပါဘူး။ ကျင့်စဉ် အဆင့်သတ်မှတ်ချက်က ကြယ်နှစ်ပွင့်ခွဲပါ။"

စနစ်၏စကားကို ကြားလိုက်ရချိန်တွင် ဆုရှင်း ခေါင်းမူးသွားသကဲ့သို့ခံစားလိုက်ရပြီး သွေးတစ်လုတ်အန်မတတ်ဖြစ်သွား၏။

ဆုရှင်းက ကြယ်နှစ်ပွင့်ခွဲ ကျင့်စဉ်တစ်ခုကို သဘာဝကျကျပင်လိုအပ်နေသော်လည်း မိစ္ဆာနှိမ်နင်းရေးဓားသိုင်းကျမ်းကို ကျင့်ကြံရန်ကြိုတင်လိုအပ်ချက်များက မည်သည့်အရာနည်း။ သိုင်းလောက၏အထွတ်အထိပ် သိုင်းပညာရှင်ဖြစ်လာရန် ဖွားဖက်တော်ကို ဓားဖြင့် ဖြတ်တောက်ပစ်ရမည်မဟုတ်လော။

ဤကဲ့သို့ကျင့်စဉ်မျိုးကို လေ့ကျင့်ရန် ဆန္ဒရှိသော ယောက်ျားဆိုသည်မှာ တော်တော်လေးရှားပါးလိမ့်မည်။

အကယ်၍ဆုရှင်းက ၎င်းကို မဟာကျိုးနန်းတော်ဆီသို့ပို့လိုက်မည်ဆိုပါက ထိုနေရာမှ မိန်းမစိုးများက တော်တော်လေး စိတ်ဝင်စားကြလိမ့်မည်။

အလယ်အလတ်မဲနှိုက်မှုသုံးကြိမ်ဆက်တိုက် ကျရှုံးပြီးနောက် ဆုရှင်းက နောက်ဆုံးတွင် လက်လျှော့ရန် ဆုံးဖြတ်လိုက်သည်။

လိုအပ်လာပါက ဆုရှင်းတွင် အလယ်အလတ် မဲနှိုက်ခွင့် တစ်ကြိမ်ကျန်နေသေး၏။ ထို့အပြင် ထိုဗီလိန်အမှတ် ၂၀၀ ကိုလည်း မသုံးရသေးပေ။

ဇာတ်ကောင်မဲပေါက်ပြီးနောက် ကျင့်စဉ်တစ်ခုကို ရွေးချယ်သည်ဖြစ်စေ၊ စတိုးဆိုင်ပွင့်ပြီးနောက်တွင်ဖြစ်စေ ဗီလိန်အမှတ်များက တန်ဖိုးကြီးမားသော အရာတစ်ခုဖြစ်ပြီး ယခု မဲနှိုက်ရန်အတွက် သုံးလိုက်ခြင်းက အလဟဿဖြုန်းတီးပစ်ခြင်းနှင့် အတူတူပင်။

ဆုရှင်းက မိစ္ဆာနှိမ်နင်းရေးဓားသိုင်းကျမ်းကို စနစ်၏ထောင့်တစ်နေရာတွင် ပေါ့ပေါ့ပါးပါး ပစ်ထားခဲ့ပြီး နေရာလွတ်ထဲမှ ထွက်တော့မည့်အချိန်တွင် စနစ်က နောက်ထပ်ပင်မမစ်ရှင်တစ်ခုကို ထုတ်ပြန်လိုက်၏။

"ပင်မ မစ်ရှင် အာဏာရှင်တစ်ဦး၏ အရှိန်အဝါ (အပိုင်း ၂)ကို အသက်သွင်းလိုက်ပါပြီ။ မစ်ရှင် ရှင်းလင်းချက် - သင့်မှာ ငွေရှိနေပြီဆိုတော့ အာဏာကိုသိမ်းယူသင့်ပါတယ်။ လင်းယုန်ပျံဂိုဏ်းရဲ့ ခေါင်းဆောင်များထဲက တစ်ယောက် (ခန်းမသခင် အဆင့်)ဖြစ်လာအောင် လုပ်ပါ။ အချိန်ကန့်သတ်ချက် တစ်နှစ်။"

"ကျရှုံးမှုအကျိုးဆက် - သင်ရဲ့သိုင်းပညာ စွမ်းရည်တစ်ခု ကျပန်းရုပ်သိမ်းခံရမယ့်အပြင် အဆင့်ငယ် တစ်ခုကိုလည်း လျှော့ချခံရပါမယ်။"

"မစ်ရှင် ဆုကြေး - ၅၀% အောင်မြင်ပါက တိကျတဲ့ အမျိုးအစားတစ်ခုအတွက် မဲနှိုက်ခွင့်တစ်ကြိမ် (ကြယ်နှစ်ပွင့် သို့မဟုတ် အထက်၊ ကြယ်သုံးပွင့် သို့မဟုတ် အောက်) ကို ဆုချီးမြှင့်ပါမယ်။ ၁၀၀% အောင်မြင်ပါက ဆုကြေးများ - ခရမ်းရောင်တိမ်တိုက်နတ်ဘုရားကျင့်စဉ် (အဆင့်သတ်မှတ်ချက် ကြယ် ၂.၅ ပွင့်)၊ ဗီလိန်အမှတ် ၈၀၀ နဲ့ အလယ်အလတ် မဲနှိုက်ခွင့်နှစ်ကြိမ်။"

"သူတို့က လူတွေကိုနားဖို့ အချိန်တောင် မပေးဘူးပဲ။ ပင်မမစ်ရှင်တွေက တစ်ခုပြီးတစ်ခု ဆက်တိုက် လာနေတာပဲ။" နေရာလွတ်ထဲမှ ထွက်လာရင်း ဆုရှင်းက ခေါင်းယမ်းကာ သက်ပြင်းချလိုက်သည်။

ယနေ့ သူကံမကောင်းပေ။ အလယ်အလတ် မဲနှိုက်ခွင့်သုံးကြိမ်တွင် ဉာဏ်အလင်းပွင့်ဆေးမှုန့်တစ်ခုတည်းသာ အနည်းငယ်အသုံးဝင်၏။ ကျန်သည့် နှစ်ခုမှာမူ အသုံးမဝင်သကဲ့သို့ တန်ဖိုးလည်း မရှိပေ။

ထို့အပြင် ဤအသစ်ထွက်လာသော ပင်မမစ်ရှင်ကလည်း ပြီးမြောက်ရန်သိပ်မလွယ်ကူပေ။ လင်းယုန်ပျံဂိုဏ်း၏ခေါင်းဆောင် ဖြစ်လာရန် အနည်းဆုံးတော့ ခန်းမသခင်အဆင့်တွင်ရှိနေရမည်ဖြစ်ပြီး ၎င်းကို တစ်နှစ်အတွင်းပြီးမြောက်ရမည်ဆိုခြင်းမှာ တော်တော်လေးခက်ခဲသော အခြေအနေပင်။

ရှားဖေးယင်းနှင့် ခန်းမသခင်သုံးဦးကို မတွေ့ခင်က သူ ဤကဲ့သို့တွေးခဲ့မည် မဟုတ်သော်လည်း ယခု လူကိုယ်တိုင် တွေ့လိုက်ရသောအခါ လင်းယုန်ပျံဂိုဏ်းကို တည်ထောင်ခဲ့သော ဤဂိုဏ်းခေါင်းဆောင်များအားလုံးက သူ့ထက်အများကြီး ပိုသန်မာကြောင်း သူသဘောပေါက်သွားခဲ့၏။

ဤမစ်ရှင်အတွက် အခြေအနေများက အနည်းငယ် ကြမ်းတမ်းသည်ဟုဆိုနိုင်သော်လည်း ကြယ်နှစ်ပွင့်ခွဲအတွင်းအားကျင့်စဉ်တစ်ခုဖြစ်သော နာမည်ကြီး ခရမ်းရောင်တိမ်တိုက်နတ်ဘုရားကျင့်စဉ် ပါဝင်နေသောကြောင့် ဆုကြေးမှာတကယ်ကို ရက်ရောလှသည်။

ထို့အပြင် မစ်ရှင်ပြီးမြောက်မှု ၅၀% သို့ ရောက်လျှင်ပင် ဆုကြေးကို ရယူနိုင်သောကြောင့် စနစ်က ဤမစ်ရှင်၏အတိုင်းအတာ တော်တော်လေး ကြီးမားသည်ကိုသိကာ အကျိုးခံစားခွင့်အချို့ကို ကြိုတင်ပေးထားခြင်းဖြစ်ကြောင်း ပြသနေသည်။

သိုင်းပညာစွမ်းရည်များနှင့် နှိုင်းယှဉ်လျှင် မဲနှိုက်ခြင်းမှတစ်ဆင့် အတွင်းအားရရှိနိုင်ခြေမှာ အများကြီးပိုနည်းကြောင်းကိုလည်း ဆုရှင်းတွေ့ရှိခဲ့၏။

မဲနှိုက်ခြင်းကိုသာ အားကိုးနေမည်ဆိုပါက သင့်တော်သော အတွင်းအားကျင့်စဉ်တစ်ခုကို ဘယ်တော့ရမည်ဆိုသည်ကို မည်သူသိနိုင်မည်နည်း။ ဤမစ်ရှင်၏ဆုကြေးများမှာ တကယ်ကို ဆွဲဆောင်မှု ရှိပါသည်။

အချိန်တစ်နှစ်သာ ရသောကြောင့် ဆုရှင်းက မိမိကိုယ်ကို ကျင့်ကြံရန်နှင့် သူ၏အာဏာကို တည်ဆောက်ရန်အချိန်ကို အမိအရ ဆုပ်ကိုင်ရုံသာ တတ်နိုင်တော့သည်။

ဆုရှင်းက ဉာဏ်အလင်းပွင့်ဆေးမှုန့်ကို ထုတ်ယူကာ ပါးစပ်ထဲသို့ အနည်းငယ်ထည့်၍ မြိုချလိုက်၏။

အေးမြသော ခံစားချက်တစ်ခုက ခန္ဓာကိုယ်အနှံ့သို့ ချက်ချင်း ပျံ့နှံ့သွားသည်။

ဉာဏ်အလင်းပွင့် ဆေးမှုန့်၏လမ်းညွှန်မှုအောက်တွင် သူ၏မူလချီနှင့် သွေးများက ယခင်ကထက် အမြန်နှုန်းသုံးဆပိုမြန်နေပြီး သူ၏ခန္ဓာကိုယ်ထဲမှ သွေးကြောအမှတ်များကို လှုပ်ခတ်နေသည်ကို ဆုရှင်း ရှင်းရှင်းလင်းလင်း ခံစားလိုက်ရသည်။

သို့သော် ဉာဏ်အလင်းပွင့်ဆေးမှုန့်က ကြယ်နှစ်ပွင့် အဆင့်ရှိသော်လည်း ၎င်း၏ဆေးဖက်ဝင် စွမ်းအားမှာ သွေးကြောအမှတ်တစ်ခုကို တိုက်ရိုက်ဖွင့်ပေးရန် မလုံလောက်သေးပေ။

ဆုရှင်းက တစ်လကျော်လေးအတွင်းမှာပင် သွေးကြောအမှတ် ၃၆ ခုကို ဖွင့်နိုင်ခဲ့ခြင်းက မြန်ဆန်ပုံရသော်လည်း ထိုနောက်ပိုင်းတွင် သူ၏အမြန်နှုန်းမှာ မလွဲမသွေနှေးကွေးသွားပါလိမ့်မည်။

လူ့ခန္ဓာကိုယ်တွင်ရှိသော သွေးကြောအမှတ် ၁၀၈ ခုအထဲတွင် ရှေ့ဆက်သွားလေလေ ၎င်းတို့ကိုဖွင့်နိုင်သည့် အမြန်နှုန်းက လျော့နည်းလာလေလေ ဖြစ်သည်။ ပထမဆုံး သွေးကြောအမှတ် ၃၆ ခုမှာ အမြည်းသဘောသာဖြစ်၏။

ဉာဏ်အလင်းပွင့်ဆေးမှုန့်၏လွှမ်းမိုးမှုအောက်တွင် သူ၏ချီနှင့် သွေးများ လျင်မြန်စွာလည်ပတ်နေသည်ကို အခွင့်ကောင်းယူကာ ဆုရှင်းက ခြံဝင်းထဲသို့သွားပြီး စုစုပေါင်း ပေါင် ၃၀ဝ အလေးချိန်ရှိသော ကျောက်တုံးသော့ခလောက်နှစ်ခုကို မ၍ လျင်မြန်စွာလွှဲယမ်းကာ သူ၏ချီနှင့် သွေးများကို ပိုမိုမြန်ဆန်စွာ လည်ပတ်စေသည်။

ဟောက်ထျန်းအဆင့်တွင် တရားထိုင်၍သာ ကျင့်ကြံမည်ဆိုပါက ရူးသွပ်သောလုပ်ရပ်တစ်ခုဖြစ်လိမ့်မည်။ သိုင်းပညာရှင်တစ်ယောက်အတွက် သိုင်းပညာ ကျင့်ကြံခြင်းက တကယ်တော့ မိမိ၏ကိုယ်တွင်းအင်္ဂါများကို ဖွံ့ဖြိုးတိုးတက်စေသော လုပ်ငန်းစဉ် တစ်ခု ဖြစ်သည်။

ဟောက်ထျန်းက ခန္ဓာကိုယ်ကိုသန့်စင်ခြင်းဖြစ်ပြီး၊ ရှန်းထျန်းက ချီကျင့်ကြံခြင်းဖြစ်သည်။

ရှန်းထျန်း၏ကျင့်ကြံခြင်းဆိုသည်မှာ တရားထိုင်ခြင်းမှ ကျင့်ကြံခြင်းကို ရည်ညွှန်းပါသည်။

ဟောက်ထျန်း၏ သန့်စင်ခြင်းဆိုသည်မှာ မိမိ၏ခန္ဓာကိုယ်ကို သံတုံးတစ်တုံးအဖြစ် သဘောထားကာ ထုရိုက်ပုံသွင်းသည့် ပုံသွင်းသန့်စင်ခြင်းကို ရည်ညွှန်း၏။

အကြိမ်တစ်ထောင်ထုရိုက်ပုံသွင်းပြီးမှသာ နတ်ဘုရားလက်နက်တစ်ခုက ၎င်း၏ထက်မြက်မှုကို စတင်ပြသနိုင်ပါလိမ့်မည်။

စကားလုံးတစ်လုံးတည်းကွာခြားသော်လည်း၊ ၎င်းက ကြီးမားကျယ်ပြန့်သော နယ်ပယ်ကြီးနှစ်ခု၏ စစ်မှန်သော အနှစ်သာရကို ဖော်ပြနေသည်။

နောက်တစ်နေ့ မနက်တွင် ဆုရှင်းက ရွှမ်းအာကို မနက်စာသွားစားရန်အဖော်ပြုပေးပြီး ပျော်ရွှင်ဖွယ်တောအုပ်သို့ တိုက်ရိုက်ထွက်သွားခဲ့၏။

တစ်လကျော်ဖွံ့ဖြိုးတိုးတက်ပြီးနောက် ပျော်ရွှင်ဖွယ်တောအုပ်မှာ အစပိုင်းကထက် အဆဆယ်ဆကျော် ပိုမိုစည်ကားနေသည်။ နေ့ခင်းကြောင်တောင်၌ပင် လမ်းများပေါ်တွင် လူများနှင့် ရှုပ်ယှက်ခတ်နေသေး၏။

ချန်လဲ့ရပ်ကွက်၏အခြား နေရာများကို မကြည့်မိပါက ဤနေရာမှာချန်နင်စီရင်စု၏ဗဟိုဟုပင် ထင်သွားနိုင်သည်။

"ခေါင်းဆောင်ဆု ဂုဏ်ယူပါတယ်။" လမင်းယစ်မူးမျှော်စင်၏ပိုင်ရှင်လျိုက လက်ထဲမှ ယပ်တောင်ကို ကိုင်ကာပြုံးရွှင်စွာ ပြောလိုက်သည်။

ဆုရှင်း မျက်ခုံးပင့်လိုက်၏။

"အိုး...ဘာများ ဝမ်းသာစရာရှိလို့လဲ။"

ပိုင်ရှင်လျိုက သူ၏ယပ်တောင်ကို ဝှစ်ခနဲ ဖွင့်လိုက်ပြီး မြှောက်ပင့်လိုက်၏။ "ခေါင်းဆောင်ဆု။ သင့်ရဲ့ ညီအစ်ကိုတွေအတွက် တိုင်ချုံးကို လုပ်ကြံဖို့ ကြိုးစားခဲ့တဲ့အကြောင်းကို လူတိုင်းသိပါတယ်။ သင်က တကယ်ကိုဂုဏ်သိက္ခာရှိတဲ့ လူတစ်ယောက်ပါ။ လင်းယုန်ပျံဂိုဏ်းက သင့်ကိုဒီတစ်ကြိမ်မှာ ဆုမချပေမဲ့ လင်းယုန်ပျံဂိုဏ်းထဲမှာ သင့်ရဲ့ရာထူးက ပိုပြီး ခိုင်မာသွားပါပြီ။"

ဆုရှင်းက ပိုင်ရှင်လျိုကို အံ့အားသင့်စွာ တစ်ချက် ကြည့်လိုက်၏။ သူက ကိစ္စများကိုတော်တော်လေး သိထားပုံရပါသည်။

ဤတစ်ကြိမ်တွင် ဆုရှင်းက လက်ငင်း အကျပ်အတည်းကို ကျော်လွှားနိုင်ခဲ့ရုံသာမက လူအများ၏နှလုံးသားကိုပါ အနိုင်ရခဲ့၏။

လူပေါင်းတစ်သောင်းနီးပါးရှိသော လင်းယုန်ပျံဂိုဏ်းထဲတွင် ဆုရှင်းက အရေးမပါသည့်သူ တစ်ယောက်မဟုတ်ဘူးဆိုသည်ကို ပြောနေစရာပင် မလိုတော့ပေ။

ဆုရှင်းအကြောင်း ပြောသည့်သူတိုင်းက သူ့ကို စဉ်းစားကြပါလိမ့်မည်။

"အင်း...ဒါက ညီအစ်ကိုအတွက် လက်စားချေဖို့ မိုးပြာဝါးဂိုဏ်းရဲ့ခေါင်းဆောင်ကို လုပ်ကြံခဲ့တဲ့ သူရဲကောင်းပဲ။"

မျက်စိဖြင့်မမြင်နိုင်သော ဤအဆင့်အတန်းက အရေးမပါဘူးဟု ထင်ရသော်လည်း ဆုရှင်းကို လင်းယုန်ပျံဂိုဏ်းက တရားဝင်အသိအမှတ်ပြုလိုက်ပြီ ဆိုသည်ကို ကိုယ်စားပြုနေသည်။

ယခင်က ဓားသုံးလက်လျိုကဲ့သို့ပင် သူက ခေါင်းဆောင်ငယ် တစ်ယောက် ဖြစ်သော်လည်း သူ၏ရာထူးက တရားဝင် မဟုတ်ခဲ့ပေ။ ဆုရှင်းက သူ့ကို ဓားတစ်ချက်တည်းဖြင့် သတ်ပစ်ခဲ့ပြီး ယခုဆိုလျှင် မည်သူကမျှထိုကဲ့သို့သော လူမျိုးကို မှတ်မိနိုင်တော့မည် မဟုတ်ပေ။

ယခု ဆုရှင်းကိုဖြုတ်ချရန်မှာ မည်သူ့အတွက်မျှ အဲဒီလောက် လွယ်ကူတော့မည် မဟုတ်ပေ။ ဂိုဏ်းချုပ်ကိုယ်တိုင်ပက် ထိုသို့လုပ်ရန် အကြောင်းပြချက်ကောင်းကောင်း တစ်ခုလိုအပ်မည်ဖြစ်ပြီး၊ သို့မဟုတ်ပါက အခြား ဂိုဏ်းဝင်များ စိတ်ဓာတ်ကျသွားလိမ့်မည်။

"ဟဲဟဲ။ငါ ဆုရှင်းက ဘာဆုကြေးမှ မတောင်းဆိုပါဘူး။ကိုယ့်လုပ်ရပ်အတွက် လိပ်ပြာသန့်ဖို့ပဲ လိုပါတယ်။ ဒါပေမဲ့ ငါတော်တော်လေး သိချင်နေတာက ပိုင်ရှင်လျို ငါ့ကို ဘာလို့ လာဂုဏ်ပြုရတာလဲ။"

"ပျော်ရွှင်ဖွယ်တောအုပ်က လူတိုင်းက ငါသေဖို့ကိုပဲ မျှော်လင့်နေကြမယ်လို့ ထင်ထားတာ၊ ဒါမှ မင်းတို့ရဲ့အမြတ်ငွေ ဝေစုတွေကို လာကောက်မယ့်သူမရှိတော့မှာလေ" ဆုရှင်းက ပြုံးတစ်ဝက်ဖြင့် ပြောလိုက်သည်။

ပိုင်ရှင်လျို၏ မျက်နှာအမူအရာမှာ လေးနက်သွားခဲ့၏။ သူပ ယပ်တောင်ကို သိမ်းလိုက်ပြီး တိုးညင်းသော အသံဖြင့် ပြောလိုက်သည်။ "စိတ်မပူပါနဲ့ ခေါင်းဆောင်ဆု။ ကျွန်တော်လျိုခွန်းက အဲဒီလို အမြော်အမြင်တိမ်ကောတဲ့သူမျိုး မဟုတ်ပါဘူး။ တခြားသူတွေ ဘယ်လိုတွေးလဲတော့ မသိဘူး၊ ဒါပေမဲ့ခေါင်းဆောင်ဆုကို ကျွန်တော် အမြဲတမ်း ထောက်ခံသွားမှာပါ။"

"ဒီပျော်ရွှင်ဖွယ်တောအုပ်ရဲ့ ခေါင်းဆောင်အဖြစ် သင် ရှိနေတာပါ။ ကျွန်တော်တို့က အမြတ်အစွန်းရဲ့ တစ်စိတ်တစ်ပိုင်းကိုပဲပေးရပေမဲ့ အပြန်အလှန်အနေနဲ့ တည်ငြိမ်တဲ့ပတ်ဝန်းကျင်တစ်ခုကို ခံစားရတယ်။ လင်းယုန်ပျံဂိုဏ်းက တခြားလူ တစ်ယောက်ယောက်သာဆိုရင်တော့ ဟဲဟဲ၊ ကျွန်တော်တို့က ဝဖြိုးနေတဲ့သိုးအုပ်ကြီးဖြစ်သွားမှာပေါ့။"

ဤနေရာတွင် ပိုင်ရှင်လျိုက အေးစက်သော အပြုံးတစ်ခုကို ပြသလိုက်၏။ "တခြားနေရာတွေက ခေါင်းဆောင်တွေက ဘယ်လိုလူမျိုးတွေလဲဆိုတာ ကျွန်တော် သိပါတယ်။ သူတို့က သူတို့ရဲ့လက်အောက်ငယ်သားတွေကို လစဉ်လစာ ပိုပိုပြီး လျှော့ပေးကြတယ်။ အဲဒီ ဂိုဏ်းဝင်တွေက အပိုငွေ နည်းနည်းရှာချင်တယ်ဆိုရင် ကျွန်တော်တို့ဆီကနေ ရအောင်ကြိုးစားဖို့ပဲ ရှိတော့တယ်။"

"သူတို့က ဒီနေ့ နည်းနည်း၊ မနက်ဖြန် နည်းနည်း ရအောင်ကြိုးစားကြလိမ့်မယ်။ ငွေက ပြဿနာ မဟုတ်ပေမဲ့ သူတို့ကလုပ်ငန်းတွေကို တော်တော်လေး အဟန့်အတားဖြစ်စေတယ်။"

"ပျော်ရွှင်ဖွယ်တောအုပ်ထဲက အမြော်အမြင်တိမ်ကောတဲ့ အဲဒီအရူးတွေက စီမံခန့်ခွဲတဲ့သူကို ပြောင်းလိုက်ရင် အမြတ်ငွေဝေစုတွေ မူလပမာဏကို ပြန်ရောက်သွားမယ်လို့ ထင်နေကြပေမဲ့၊ ဝေစုတွေကတိုးလာဖို့ပဲရှိပြီး လျော့သွားမှာ မဟုတ်ဘူးဆိုတာကို သူတို့ သဘောမပေါက်ကြဘူး။"

ဆုရှင်းက လျိုခွန်း၏ပခုံးကို ပြုံး၍ ပုတ်လိုက်၏။ "ပိုင်ရှင်လျိုက တကယ်ကို ပညာရှိတဲ့သူပဲ။ အမြတ်ငွေ ဝေစုကိုယူလိုက်လို့ ငါက သူတို့ဆီကနေ ဖြတ်ယူနေတယ်လို့ သူတို့ အကုန်လုံး ထင်နေကြတာ။ ဒါပေမဲ့ တခြား တစ်ယောက်ယောက်သာဆိုရင် အသားကို လှီးဖြတ်ရုံတင် မကဘူး၊ သွေးထွက်လွန်အောင်ပါ လုပ်ပစ်မှာ။"

နောက်ထပ် စကားအနည်းငယ် ပြောပြီးနောက် ဆုရှင်းအပေါ် သစ္စာရှိကြောင်း ကတိပြုခဲ့သော လျိုခွန်းသည် မိမိကိုယ်ကို ယပ်ခတ်ရင်းထွက်သွား၏။ သူ၏ချောမောပြီး သန့်စင်သော အသွင်အပြင်နှင့်ဆိုလျှင် သူက အင်ပါယာစာမေးပွဲတွင် တတိယနေရာရခဲ့သော ချန်နင်စီရင်စု၏အကြီးအကဲထက်ပင် ပို၍ကြော့ရှင်းနေသေးသည်။

နှမြောစရာကောင်းသည်မှာ ဤလူက ထိုလုပ်ငန်းလုပ်နေသော ခေါင်းဆောင် တစ်ယောက် ဖြစ်နေခြင်းပင်။

ဟွမ်ပင်းချန် ခန်းမထဲမှ ထွက်လာပြီး ပိုင်ရှင်လျို၏ ကျောပြင်ကို မြင်လိုက်၏။ သူက သံသယဖြစ်စွာဖြင့် မေးလိုက်သည်။ "ခေါင်းဆောင်၊ အဲဒီ ကုန်သည်တွေက အခုဘာပြဿနာတွေ ဖန်တီးနေပြန်ပြီလဲ။"

ဆုရှင်းက ခေါင်းယမ်းလိုက်သည်။ "သူတို့ အရင်ကလည်းမလုပ်ရဲခဲ့သလို အခု ပိုလို့တောင် လုပ်ရဲမှာ မဟုတ်ဘူး။ ပိုင်ရှင်လျိုက ဉာဏ်ကောင်းတဲ့သူပဲ။ သူ အဲဒီလို လုပ်မှာမဟုတ်ဘူး။ ဆန့်ကျင်ဘက်အနေနဲ့ သူက ဉာဏ်နည်းတဲ့ကောင် တချို့ကို တားဆီးပေးလိမ့်မယ်။"

ဟွမ်ပင်းချန်လည်း မမိုက်မဲပေ။ ဆုရှင်း၏ ရှင်းပြချက်ကို နားထောင်ပြီးနောက် ဘာများဖြစ်နေသနည်းဆိုသည်ကို သူ နားလည်သွားသည်။ သူတို့သည် ခေါင်းဆောင်အပေါ် သစ္စာရှိကြောင်း ကတိပြုရန် လာခဲ့ကြခြင်းပင်။

ဤပြည့်တန်ဆာခေါင်းဆောင်က တကယ်ကို လူကဲခတ် တော်ပါသည်။

"သွားပြီး လီဟွိုင်ကို ခေါ်လိုက်။ ငါတို့ ဆွေးနွေးစရာ တချို့ရှိတယ်" ဆုရှင်းက ညွှန်ကြားလိုက်သည်။

ဟွမ်ပင်းချန်က ခေါင်းညိတ်ပြီး လီဟွိုင်ကို ရှာရန် အလျင်အမြန် ပြေးသွားခဲ့၏။

လီဟွိုင်က လူတိုင်းကို မနှစ်မြို့သော အေးစက်ပြီး ခပ်ခွာခွာနေတတ်သည့် လူတစ်ယောက်ဖြစ်သည်။ ဆုရှင်းလက်အောက်တွင် သူ အလုပ်လုပ်စဉ်က လူတိုင်းက သူ့ကိုကြောက်ရွံ့ကြ၏။

အကြောင်းရင်း တစ်ချက်မှာ လီဟွိုင်၏စရိုက်ကြောင့်ဖြစ်ပြီး နောက်တစ်ခုမှာ လီဟွိုင်၏ခွန်အားကြောင့်ပင်။

တတိယသခင်ကြီးဟူ လက်အောက်တွင် အလုပ်လုပ်စဉ်ကတည်းက လီဟွိုင်က တော်တော်လေး နာမည်ကြီးနေပြီ ဖြစ်သော်လည်း အများစုမှာ သူ၏နာမည်ဆိုးကြောင့်သာ ဖြစ်သည်။

ဤလူက အကြမ်းဖက်တတ်သော သဘောထားရှိပုံရ၏။ သူလှုပ်ရှားလိုက်ပြီဆိုလျှင် ပြိုင်ဘက်မှာ သေလျှင်သေ၊ မသေလျှင် ကိုယ်လက်အင်္ဂါ ချို့ယွင်းသွားရစမြဲပင်။

ဂိုဏ်းထဲမှ တပည့်များပင် သူနှင့် သိုင်းမပြိုင်ရဲကြပေ။

သို့သော် တိုင်ချုံးကို လုပ်ကြံရန် ဆုရှင်းနှင့်အတူ သူ လိုက်သွားပြီးနောက်တွင်မူ သူ့အပေါ် လူများ၏ အထင်အမြင်မှာ အများကြီး ကောင်းမွန်လာသည်။ သူက အပြင်ပန်းတွင် အေးစက်နေသော်လည်း အတွင်းစိတ်မှာ နွေးထွေးပြီး သူ၏ညီအစ်ကိုများအတွက် ဘာမဆိုလုပ်ရန် ဘယ်တော့မှ တွန့်ဆုတ်နေမည် မဟုတ်ဟု သူတို့ ခံစားခဲ့ကြ၏။

တကယ်တော့ လီဟွိုင်က တိုက်ခိုက်လိုခြင်းနှင့် စိတ်လှုပ်ရှားမှုကို ရှာဖွေချင်ရုံ သက်သက်ဖြင့် တိုင်ချုံးကို လုပ်ကြံရန် ဆုရှင်းနောက် လိုက်သွားခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် လူတိုင်းက လီဟွိုင်ကို ထပ်တွေ့သောအခါ သူ့ကိုတက်တက်ကြွကြွ စတင် နှုတ်ဆက်လာကြပြီး သူတို့၏လေသံမှာလည်း အလွန် သိမ်မွေ့နေသောကြောင့် လီဟွိုင်အား အတော်လေး အနေရခက်စေသည်။

သူက လူများနှင့် အေးစက်ပြီး ခပ်ခွာခွာနေတတ်သည်ကို အသားကျနေပြီဖြစ်ရာ တစ်ယောက်ယောက်က သူ့ကိုကြင်နာမှုပြသောအခါ တကယ်တော့ နည်းနည်းထူးဆန်းနေသလို ခံစားရ၏။

ထင်သည့်အတိုင်းပင် လီဟွိုင်က မနက်ပိုင်း ဂိုဏ်း၏နောက်ဖေးရှိ သိုင်းလေ့ကျင့်ရေး ကွင်းတွင် သူ၏စွမ်းရည်များကို လေ့ကျင့်ရန် ပြင်နေစဉ် သူ့ကို အားကျသောမျက်လုံးများနှင့် ကြည့်နေသည့် လူငယ် ဂိုဏ်းဝင် အနည်းငယ်၏ဝိုင်းရံခြင်းကို ခံလိုက်ရသည်။

"အစ်ကိုလီ၊ခင်ဗျားနဲ့ ခေါင်းဆောင်က တိုင်ချုံးကို ဘယ်လို အနိုင်ယူခဲ့လဲဆိုတာ ပြောပြပါဦး။"

"ဟုတ်တယ် အစ်ကိုလီ၊တိုင်ချုံးက အရပ် ရှစ်ပေ၊ ခါးအကျယ်ရှစ်ပေ ရှိတယ်လို့ ကြားတယ်။ တကယ်လား"

လီဟွိုင်၏ နဖူးတွင် ချွေးများထွက်နေပြီး စကားထစ်နေကာ ဘာမှ မပြောနိုင်ဖြစ်နေခဲ့၏။

သူ့ကို လူသတ်ခိုင်းရန် လွယ်ကူသော်လည်း ဤလူငယ်ဂိုဏ်းဝင်များနှင့် စကားပြောခိုင်းရန်မှာမူ အလွန် ခက်ခဲပါသည်။

ထိုအချိန်မှာပင် ဟွမ်ပင်းချန်ပြေးလာပြီး ဆူပူလိုက်သည်။

"မင်းတို့အားလုံး ဒီမှာဘာလုပ်နေကြတာလဲ။ မနက်စောစောထပြီး မင်းတို့ရဲ့ကြွက်သားတွေနဲ့ လက်သီးတွေကို လေ့ကျင့်ရမယ့်အစား တိုင်ချုံးကိုဘယ်လို သတ်ခဲ့လဲဆိုတာ သိချင်နေကြတယ်ပေါ့။ ပါးစပ်နဲ့ သူ့ကိုသတ်နိုင်မယ်လို့ ထင်နေလား။"

ဂိုဏ်းဝင်အနည်းငယ်ကို ဆူပူပြီးနောက် ဟွမ်ပင်းချန်က ပြောလိုက်၏။

"လီဟွိုင်။ ခေါင်းဆောင်က မင်းကို တွေ့ချင်နေတယ်။"

လီဟွိုင်က ချွေးများကို သုတ်လိုက်ပြီး ဟွမ်ပင်းချန်ကို ခေါင်းညိတ်ပြကာ သူ၏မျက်လုံးထဲတွင် ကျေးဇူးတင်သော အရိပ်အယောင်တစ်ခုတောင် ပြသလိုက်၏။

၎င်းက ချက်ချင်းပင်ဟွမ်ပင်းချန်ကို လန့်ခုန်သွားစေပြီး *လီဟွိုင် ဒီနေ့ ဆေးသောက်ဖို့ မေ့သွားတာများလား* ဟု စိတ်ထဲမှ တွေးလိုက်မိသည်။

All Chapters