အခန်း ၂၄
Vol. 3 Ch. 24
အခန်း (၂၄) ကျင့်စဉ်များ သင်ကြားပေးခြင်း
ခန်းမအတွင်းရှိ သီးသန့်အခန်းတစ်ခန်းထဲတွင် ဆုရှင်းက ကုလားထိုင်ပေါ်၌မတ်မတ်ထိုင်ကာ လက်ဖက်ရည် သောက်နေသည်။ မကြာမီတွင် ဟွမ်ပင်းချန်က လီဟွိုင်ကိုတံခါးပေါက်မှတစ်ဆင့် ခေါ်ဆောင်လာခဲ့၏။
"ခေါင်းဆောင်"
"ခေါင်းဆောင်ဆု"
လီဟွိုင်က "ခေါင်းဆောင်ဆု"ဟု ခေါ်လိုက်ခြင်းက ဟွမ်ပင်းချန်ကို အတော်လေးအံ့အားသင့်သွားစေခဲ့သည်။
*ဒီကောင်နဲ့ ပထမဆုံးတွေ့တုန်းက သူက မယုံနိုင်လောက်အောင်မောက်မာခဲ့ပြီး ဆုရှင်းရဲ့အမိန့်တွေကို နာခံမှာမဟုတ်ဘူးလို့တောင်ပြောခဲ့တာ။ အခု ဘာလို့ ဆုရှင်းကို ခေါင်းဆောင်လို့ ခေါ်နေရတာလဲ။*
သို့သော် ဟွမ်ပင်းချန်က ၎င်းကို သိပ်အရေးမကြီးဟု ထင်ခဲ့၏။ သူ၏ခေါင်းဆောင်မှာ အလွန်ပါးနပ်သဖြင့် လီဟွိုင်ကို သိမ်းသွင်းနိုင်ခဲ့ခြင်းမှာ အံ့သြစရာမဟုတ်ပေ။
"ကျေးဇူးပြုပြီး ထိုင်ကြပါ။ မတ်တပ်မရပ်နေပါနဲ့။ မင်းတို့ကိုခေါ်လိုက်တာက ကိစ္စတချို့ ဆွေးနွေးချင်လို့ပါ။"
ဆုရှင်းက သူတို့နှစ်ဦးကို ထိုင်ရန်အချက်ပြလိုက်ပြီး မေးလိုက်သည်။ "ငါ့လက်အောက်မှာ ရှိနေတဲ့ လူတွေအပေါ် မင်းတို့ ဘယ်လိုထင်လဲ။"
လီဟွိုင်က ဤကိစ္စများကိုဘယ်သောအခါမျှ ဂရုမစိုက်သော်လည်း ဟွမ်ပင်းချန်ကမူ စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ "ရိုးရိုးရှင်းရှင်းပြောရရင် အဓိက အချက်ကတော့ လူတွေရဲ့နှလုံးသားက ငါတို့ရဲ့ လက်ထဲမှာ ရှိနေတယ် ဆိုတာပါပဲ။"
ဆုရှင်းက ရယ်မောကာ ဆူပူလိုက်၏။ "စကားပုံတွေကို အလွဲမသုံးပါနဲ့။ အစိုးရက မင်းအဲလိုပြောတာကြားသွားရင် မင်းကို ထောင်ထဲ ထည့်ပစ်လိမ့်မယ်။"
ဟွမ်ပင်းချန်က ရယ်မောလိုက်ပြီး ပြောသည်။ "ဘာပဲဖြစ်ဖြစ် အဓိကသဘောတရားကတော့ အဲဒါပါပဲ။ ခေါင်းဆောင် မင်းက အရမ်းရက်ရောတယ်။ ငါတို့ ညီအစ်ကိုတွေက စစ်ရေးခန်းမကလူတွေထက်တောင်ငွေပိုရနေကြတာ။
ဒါ့အပြင် မိုးပြာဝါးဂိုဏ်း၏ခေါင်းဆောင်ကို ညီအစ်ကိုတွေအတွက် အသက်ကိုစွန့်စားရဲတဲ့ ခေါင်းဆောင်ဆန္ဒက အဲဒီကောင်တွေကို မျက်ရည်ကျလုမတတ်စိတ်လှုပ်ရှားသွားစေခဲ့တယ်။ အခုချက်ချင်း ယုံလဲ့ရပ်ကွက်ကိုတိုက်ခိုက်ဖို့ သူတို့ကိုအမိန့်ပေးလိုက်ရင်တောင် ဓားတွေကိုင်ပြီး ဝင်တိုက်ဖို့ ဝန်လေးနေမှာ မဟုတ်ဘူး။"
ဆုရှင်းက စားပွဲကိုလက်ချောင်းများဖြင့် ခေါက်ကာ ပြောလိုက်၏။ "ဟုတ်တယ်။စိတ်ဓာတ်ရေးရာက တကယ်ကို ကောင်းတယ် ဒါပေမဲ့ အဲဒါက မလုံလောက်သေးဘူး။"
ဟွမ်ပင်းချန် အနည်းငယ်ဇဝေဇဝါဖြစ်သွားခဲ့၏။ သူ၏အမြင်တွင် ဆုရှင်း၏လူများက အတော်လေး ထူးချွန်နေပြီ ဖြစ်သည်။
အခြားခေါင်းဆောင်ငယ်များ၏လက်ပါးစေ အများစုမှာ ငွေညှစ်ရန်နှင့် ရန်ဖြစ်ရန်အတွက် လုံလောက်သော အတွေ့အကြုံရှိ စစ်မှုထမ်းဟောင်းများဖြစ်ကြသော်လည်း ကြီးမားသည့် ကိစ္စရပ်တစ်ခုပေါ်လာပါက သူတို့သည် နောက်ကွယ်တွင် ပုန်းနေကြလိမ့်မည်။
ဆုရှင်း၏လက်အောက်ငယ်သားများမှာမူ တိုက်ခိုက်ရဲသော လူငယ်များဖြစ်ကြပြီး သူ့ကိုလည်း လေးစားကြည်ညိုနေကြပြီ ဖြစ်သည်။ အသက်ကြီးသော လူအနည်းငယ်ပင်လျှင် ဤလေထုထဲတွင် တဖြည်းဖြည်းပေါင်းစပ်ပါဝင်လာကြ၏။
အကယ်၍ ဆုရှင်းက ယခု တိုက်ပွဲစတင်ပါက သူတို့သည် ဟိန်းဟောက်သံများဖြင့် ရှေ့သို့ပြေးဝင်သွားကြမည်မှာ သေချာသည်။ လင်းယုန်ပျံဂိုဏ်းအတွင်း ဤကဲ့သို့သောအရှိန်အဟုန်မျိုးကို လစာကောင်းကောင်းရသော စစ်ရေးခန်းမတွင်သာ တွေ့ရလောက်သည်။
ဆုရှင်း ခေါင်းယမ်းလိုက်၏။ "မူလက တော်တော်ကောင်းတယ်လို့ ထင်ခဲ့တာ။ ဒါပေမဲ့ ပြီးခဲ့တဲ့တစ်ခေါက်ပင်မဌာနချုပ်ကို သွားတုန်းက အဝင်ဝမှာ စစ်ရေးခန်းမက တပည့်တွေကို မင်း မြင်ခဲ့တယ်မလား။ ငါ့လက်အောက်မှာ လူနှစ်ရာလောက်ရှိပေမဲ့ သူတို့အားလုံးကိုနှိမ်နင်းဖို့ တစ်ဖက်က လူဆယ်ယောက်လောက်ပဲ လိုလိမ့်မယ်။"
ဟွမ်ပင်းချန် ချက်ချင်းမှင်တက်သွားပါသည်။ "အဲဒါက နည်းနည်းပိုလွန်းမနေဘူးလား။ လူနှစ်ဆယ်နဲ့ သူတို့ထဲက တစ်ယောက်ကိုတောင်မနိုင်နိုင်ဘူးလား။"
စစ်ရေးခန်းမက တပည့်များသန်မာကြောင်း သူ သိသော်လည်း ဤမျှအထိသန်မာလိမ့်မည်ဟု သူ ဘယ်သောအခါမျှ မထင်မှတ်ခဲ့ပေ။
ဆုရှင်း ခေါင်းယမ်းလိုက်၏။ "မင်းက သိုင်းပညာ မလေ့ကျင့်ဖူးတော့ သူတို့ဆီကနေ ထွက်ပေါ်နေတဲ့ အစွမ်းထက်တဲ့ သွေးနဲ့ ကျောချမ်းဖွယ်သတ်ဖြတ်လိုစိတ်တွေကို မခံစားနိုင်ဘူး။ ပွင့်ပွင့်လင်းလင်း ပြောရရင် ငါကိုင်တွယ်ခဲ့ဖူးပြီး သွေးမမြင်ဖူးတဲ့ အဲဒီအတွေ့အကြုံမရှိတဲ့ကောင်တွေက သူတို့နဲ့ ယှဉ်ရင် ဘာမှမဟုတ်ဘူး။"
တစ်လျှောက်လုံး တိတ်ဆိတ်နေခဲ့သော လီဟွိုင်က နောက်ဆုံးတွင် စကားပြောလာခဲ့သည်။ "ခေါင်းဆောင်ဆု ပြောတာမှန်တယ်။ အဲဒီ စစ်ရေးခန်းမက တပည့်တွေက အရမ်းသန်မာတယ်။ သူတို့ထဲက တစ်ယောက်ကိုတော့ ငါ နိုင်နိုင်တယ်၊ ဒါပေမဲ့ သုံးယောက်ဆိုရင်တော့ မနိုင်ဘူး။"
ဟွမ်ပင်းချန်၏မျက်လုံးများ ချက်ချင်း ပြူးကျယ်သွားပါသည်။ စစ်ရေးခန်းမကတပည့်များ မည်မျှ သန်မာကြောင်းကို သူ တစ်ခါမှ မမြင်ဖူးသော်လည်း လီဟွိုင်မည်မျှ အစွမ်းထက်ကြောင်းကိုမူ သူသိသည်။
ဤလူက ယခင်က တတိယသခင်ကြီးဟူ၏ထိပ်တန်းလက်ပါးစေဖြစ်ခဲ့ပြီး အခြားဂိုဏ်းများမှ အဖွဲ့ဝင်ဒါဇင်ပေါင်းများစွာကို သတ်ဖြတ်ခဲ့ဖူး၏။
ထို့အပြင် လီဟွိုင်က ပြီးခဲ့သည့် တစ်ခေါက်က တိုင်ချုံးအားလုပ်ကြံရန် ဆုရှင်းနှင့် အတူလိုက်ပါသွားခဲ့ပြီး သူတို့နှစ်ဦးပ မိုးပြာဝါးဂိုဏ်း၏ နယ်မြေထဲမှ တိုက်ခိုက်ပြီး လွတ်မြောက်လာခဲ့ကြရာ ၎င်းက သူတို့၏ခွန်အားကို အထင်အရှား ပြသနေခဲ့သည်။
*ဒါပေမဲ့ လီဟွိုင်လိုအစွမ်းထက်တဲ့လူကတောင် စစ်ရေးခန်းမက တပည့် သုံးယောက်ကို မနိုင်ဘူးလား*
လီဟွိုင်က တည်ငြိမ်စွာ ပြောသည်။ "စစ်ရေးခန်းမက တပည့်တွေအားလုံးကို လင်းယုန်ပျံဂိုဏ်းက သေချာ ရွေးချယ်ထားတာ။ သူတို့က သန်မာပြီး ကျန်းမာတယ်၊ပြီးတော့ ငယ်ငယ်ကတည်းက လေ့ကျင့်ပေးခံရတာ။ အသားနဲ့ ကြက်ဥတွေကို အမြဲစားရပြီးတစ်နေ့ကို ငါးနပ်စားရတယ်။ ညဘက်ဆိုရင် သွေးနဲ့ချီကို အားဖြည့်ဖို့ သူတို့ခန္ဓာကိုယ်ကို ဆေးဖက်ဝင်အပင်တွေထဲမှာ စိမ်ထားရတယ်။"
"သူတို့က နယ်မြေကို နေ့တိုင်းကင်းလှည့်ဖို့ မလိုဘူး၊ သူတို့လုပ်ရမယ့် တစ်ခုတည်းသော အလုပ်က သိုင်းပညာ လေ့ကျင့်ဖို့ပဲ။ ပြီးတော့ ခန်းမသခင် လင်းဖူဟူကိုယ်တိုင်က သူတို့ကို သင်ကြားပေးတယ်။ တစ်ခါတလေ ဂိုဏ်းချုပ်ကိုယ်တိုင်တောင် သင်ပေးဖို့ လာတတ်တယ်။"
"ဒါပေမဲ့ ဒါက သူတို့ကို စစ်ရေးခန်းမရဲ့စစ်မှန်တဲ့ တပည့်တွေဖြစ်လာဖို့ အရည်အချင်း မပြည့်မီစေသေးဘူး။ လူဆယ်ယောက်ထက်မက သတ်ဖူးပြီး ဂိုဏ်းစစ်ပွဲတွေမှာ အသက်ရှင်ကျန်ရစ်သူတွေကိုမှ စစ်မှန်တဲ့တပည့်တွေလို့ သတ်မှတ်တယ်။"
"အဲဒီလိုလူတွေကိုမှ စစ်ရေးခန်းမရဲ့တပည့်တွေ ဖြစ်လာဖို့ အရည်အချင်း ပြည့်မီတယ်။"
ဟွမ်ပင်းချန်က အံ့အားသင့်စွာမေးလိုက်သည်။ "မင်းက ဘယ်လိုလုပ် ဒီလောက်အများကြီး သိနေရတာလဲ။"
"ဘာလို့လဲဆိုတော့ ငါ တစ်ချိန်က စစ်ရေးခန်းမကို ဝင်ချင်ခဲ့ဖူးတယ်။ ဒါပေမဲ့ နောက်ဆုံးတော့ ငြင်းပယ်ခံရတယ်။"
"မင်းရဲ့ကျွမ်းကျင်မှုနဲ့တောင် အရွေးမခံရဘူးလား။"
လီဟွိုင်က တည်ငြိမ်သောလေသံဖြင့် ပြောသည်။ "အဲဒီတုန်းက ငါ့မိဘတွေ သေဆုံးသွားတယ်၊ ငါ့ဦးလေးက ငါ့မိသားစုပိုင်ဆိုင်မှုတွေကို သိမ်းယူပြီး ငါ့ကို တစ်နှစ်လောက်နှိပ်စက်ခဲ့တယ်။ ငါ ထွက်ပြေးလွတ်မြောက်ပြီး စစ်ရေးခန်းမကိုဝင်ချင်တဲ့အချိန်မှာ ငါကပိန်လှီပြီးအားနည်းနေပြီ၊ ဒါကြောင့် ငြင်းပယ်ခံရတာပေါ့။"
ဟွမ်ပင်းချန်က လီဟွိုင်၏မိသားစု နောက်ခံအကြောင်းကို ပထမဆုံးအကြိမ်ကြားရခြင်းဖြစ်ပြီး သူက "အဲဒီတုန်းက မင်းရဲ့မိသားစု ပိုင်ဆိုင်မှုတွေကို သိမ်းယူခဲ့တဲ့ ဦးလေးက ဘာဖြစ်သွားလဲ" ဟု မမေးဘဲ မနေနိုင်ခဲ့ပေ။
"သတ်ပစ်လိုက်ပြီ"
ဟွမ်ပင်းချန် နောက်တွန့်သွားပြီး သူ၏ပါးစပ်သရမ်းမှုအတွက် မိမိကိုယ်ကိုကျိန်ဆဲလိုက်မိသည်။ ဤသို့ အဆုံးသတ်မည်ကို သူ သိခဲ့သင့်ပေသည်။
ဆုရှင်းက စားပွဲကို ခေါက်လိုက်၏။ "ကောင်းပြီ။ အတင်းပြောတာကို ရပ်လိုက်ကြတော့။ ငါတို့ရဲ့ လူတွေကို သန်မာစေမယ့် နည်းလမ်းတစ်ခု ဆွေးနွေးဖို့ ဒီနေ့မင်းတို့ကို ခေါ်လိုက်တာပဲ။ ငါ့လူတွေက စစ်ရေးခန်းမကို ရှုံးလို့မဖြစ်ဘူး"
"အဲဒါက ခက်တယ်" လီဟွိုင်က ခေါင်းယမ်းလိုက်၏။
ဟွမ်ပင်းချန်က ပြန်ပြောလိုက်သည်။ "ငါတို့လည်း အမြဲတမ်း အသားစားရရင်ရော ဘာဖြစ်လဲ။ အခု ငါတို့မှာ ငွေအများကြီး ရှိနေပြီပဲ၊ အသား နည်းနည်းပိုစားရတာ ဘာများလဲ။ နောက်မှ ခန်းမရဲ့ နောက်ဖေးက လေ့ကျင့်ရေးကွင်းကို ငါတို့ချဲ့လိုက်မယ်၊ ပြီးတော့ ခေါင်းဆောင်ကိုယ်တိုင်က သူတို့ကို သင်ပေးလိမ့်မယ်။"
လီဟွိုင်က လှောင်ပြောင်လိုက်၏။ "သိုင်းပညာဆိုတာ တစ်ရက်တည်းနဲ့ တတ်မြောက်လို့ မရဘူး။ အဲဒီလို ဆက်လေ့ကျင့်နေရင် အပေါ်ယံသိုင်းကွက်တွေပဲ ရလိမ့်မယ်၊ တစ်ခါတည်းနဲ့ လူဒါဇင်ပေါင်းများစွာကို ရင်ဆိုင်နိုင်တဲ့ စစ်ရေးခန်းမက ကျွမ်းကျင်သူတွေလို ဖြစ်လာမှာ မဟုတ်ဘူး။"
ဟွမ်ပင်းချန် ထပ်မပြောခင် ဆုရှင်းက လက်ကို ဝှေ့ယမ်းကာ ပြောလိုက်၏။ "လီဟွိုင် ပြောတာ မှန်တယ်။ စစ်ရေးခန်းမက အဲဒီလူတွေကို လင်းယုန်ပျံဂိုဏ်းက နှစ်အတော်ကြာအောင် လေ့ကျင့်ပေးခဲ့တာ။ အကယ်၍ ငါတို့က အချိန်တိုအတွင်း စစ်ရေးခန်းမရဲ့အဆင့်ကို ရောက်ချင်တယ်ဆိုရင် ဒီနည်းလမ်းနဲ့ လုပ်ဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ဘူး။"
"လီဟွိုင် မင်း အတွင်းအားကျင့်စဉ်လေ့ကျင့်တာကို သင်ဖူးလား။" ဆုရှင်းက ခေါင်းစဉ်ကို ရုတ်တရက် ပြောင်းကာ မေးလိုက်သည်။
"သေချာပေါက် မသင်ဖူးပါဘူး။"
လီဟွိုင်က တတိယသခင်ကြီးဟူ၏ထိပ်တန်း လက်ပါးစေဖြစ်သော်လည်း တတိယသခင်ကြီးဟူ၏ယခင် မွေးစားသားဖြစ်သူ ချန်သောက် ပင်လျှင် တတိယသခင်ကြီးဟူ၏အတွင်းအား ကျင့်စဉ်များကို သင်ယူရန် အရည်အချင်းမပြည့်မီခဲ့သဖြင့် လီဟွိုင်မှာမူ ၎င်းတို့ကို သင်ယူရန် အခွင့်အရေး မရှိသည်မှာ သေချာပါသည်။
"အခုချက်ချင်း မင်းကို အတွင်းအားကျင့်စဉ်တစ်ခု ပေးလိုက်မယ်ဆိုရင် မင်းရဲ့ ခွန်အားက ဘယ်နှစ်ဆ တိုးလာမယ်လို့ ထင်လဲ။" ဆုရှင်းက မေးလိုက်သည်။
"အနည်းဆုံး ဆယ်ဆပဲ" လီဟွိုင်၏ မျက်လုံးများ ချက်ချင်း တောက်ပသွားခဲ့၏။
လီဟွိုင်၏ခွန်အားက ယခုအခါ ၎င်း၏အကန့်အသတ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ သူက လင်းယုန်ပျံဂိုဏ်း၏အဖွဲ့ဝင်ဖြစ်လာသည်မှာ နှစ်အတော်ကြာပြီဖြစ်ပြီး တတိယသခင်ကြီးဟူ လက်အောက်တွင် နံပါတ်တစ် လက်ပါးစေ ဖြစ်သည်။
သူ့တွင် စားစရာသောက်စရာအတွက် ပူပန်စရာ မရှိဘဲ သူ၏ကြွက်သားများ၊ အရိုးများနှင့် သွေးများမှာ အလွန်သန်မာလာစေရန် ပုံသွင်းခံထားရပြီး ဖြစ်သည်။
သို့သော် ဤအရာက လီဟွိုင်အတွက် အကန့်အသတ်တစ်ခုဖြစ်နေ၏။ သူက မွေးရာပါခွန်အားရှိသည့် တိုင်ချုံးနှင့် မတူပေ။ သူ့၏လက်ရှိ ခွန်အားက မည်မျှပင်လေ့ကျင့်စေ ထပ်ပြီးမတိုးတက်နိုင်တော့သည့်အခြေအနေကိုရောက်နေလေပြီ။
သူက သူ့၏ သွေးနှင့် ချီကို အားဖြည့်ဖို့နှင့် သွေးကြောအမှတ်များကို ဖွင့်ဖို့အတွင်းအားကို မကျင့်ကြံသရွေ့ သူကရှေ့ဆက်ပြီး တိုးတက်နိုင်မည်မဟုတ်ပေ။
"မင်းရဲ့ခွန်အားက ဆယ်ဆ တိုးလာနိုင်တယ်ဆိုရင် သာမန် ဂိုဏ်းဝင်တွေက မင်းလောက် မသန်မာရင်တောင် အတွင်းအားကျင့်ကြံပြီးရင် သူတို့ရဲ့ တိုက်ခိုက်ရေး စွမ်းအားက အဆပေါင်းများစွာ တိုးလာနိုင်တယ်။ ဒါကြောင့် ငါ့ရဲ့အဖြေက ငါ့လက်အောက်ငယ်သားတွေကို အတွင်းအား ကျင့်ကြံခိုင်းဖို့ပဲ။"
ဆုရှင်းက ပြီးခဲ့သည့်ညက သူ ကူးယူထားသော ချွမ်ကျန်းဂိုဏ်း၏အခြေခံ အတွင်းအားကို ထုတ်ယူကာ စားပွဲပေါ်သို့ ပစ်ချလိုက်သည်။
"အတွင်းအား ကျင့်စဉ်"
လီဟွိုင်က သူ၏ကုလားထိုင်မှ ရုတ်တရက် မတ်တပ်ရပ်လိုက်ရာဘေးမှ ဟွမ်ပင်းချန်ကို လန့်သွားစေခဲ့၏။
ဤလူ ဤမျှစိတ်လှုပ်ရှားနေသည်ကို သူ တစ်ခါမှ မမြင်ဖူးခဲ့ပေ။
"ဒါက ငါတို့ကျင့်ကြံဖို့လား" လီဟွိုင်က မေးလိုက်သည်။
ဆုရှင်း ခေါင်းညိတ်လိုက်ပြီး လီဟွိုင်၏အသံတွင် အနည်းငယ်တုန်ယင်နေမှုကို သူ သတိပြုမိလိုက်၏။
သို့သော် လီဟွိုင်စိတ်လှုပ်ရှားရခြင်းတွင် အကြောင်းပြချက် ရှိပါသည်။ အတွင်းအားဆိုသည်မှာ သူအမြဲတစေအိပ်မက်မက်ခဲ့သော အရာတစ်ခု ဖြစ်သည်။
အတွင်းအားမရှိလျှင် လီဟွိုင်၏လက်ရှိ အဆင့်က သူ၏ဘဝတွင် ရောက်ရှိနိုင်သော အကန့်အသတ်ပင်။ သူက ဂိုဏ်း၏အဖွဲ့ဝင် တစ်ဦး၊ တိုက်ခိုက်ရာတွင် အနည်းငယ်စွမ်းဆောင်နိုင်သောအဖွဲ့ဝင် တစ်ဦးမျှသာ ဖြစ်သည်။
ဂိုဏ်းချုပ်နှင့် ခန်းမသခင်သုံးဦးစလုံးက အတွင်းအားသိုင်းပညာများကို သိကြပြီး၊ တတိယသခင်ကြီးဟူကဲ့သို့ ခေါင်းဆောင်ကြီးများပင် သိကြ၏။ သို့သော် သူတို့က သူ့ကိုသင်ပေးလိမ့်မည်ဟု သူ ဘယ်တုန်းကမှ မမျှော်လင့်ရဲခဲ့ပေ။
သိုင်းလောကမှ လူများအတွက် အတွင်းအားဆိုသည်မှာ လျှို့ဝှက်စွာသိမ်းဆည်းထားသော အရာတစ်ခုဖြစ်ပြီး သူတို့ကဲ့သို့သော ဂိုဏ်းငယ်လေးများအတွက်ဆိုလျှင်ဆိုဖွယ်ရာ မရှိတော့ပေ။
တတိယသခင်ကြီးဟူ၏မွေးစားသား ချန်သောက် ပင်လျှင် တတိယသခင်ကြီးဟူ၏အတွင်းအား ကျင့်စဉ်များကို သင်ကြားခွင့်မရခဲ့ပါက လီဟွိုင်တွင် ၎င်းတို့ကို သင်ယူရန် မည်သည့် အရည်အချင်း ရှိပါမည်နည်း။
နောက်ပိုင်းတွင် တိုင်ချုံးကိုလုပ်ကြံရန် ဆုရှင်းနှင့်အတူ လိုက်သွားသောအခါ ဆုရှင်းတွင်လည်း အတွင်းအားရှိရမည်ကို သူ သိခဲ့သော်လည်း ၎င်းနှင့် ပတ်သက်၍ အခြားမည်သည့် အတွေးမျှမရှိခဲ့ပေ။
*ငါက ဆုရှင်းနဲ့ မရင်းနှီးဘူး၊ပြီးတော့ ငါက သူ့အကြောင်းမကောင်းပြောခဲ့ဖူးတယ်။ ဆုရှင်းက ရန်ငြိုးမထားဘဲ ခွင့်လွှတ်ပေးတာတောင် တော်တော်လေး သဘောထားကြီးနေပြီ၊ ဒါဆို ငါက သူ့ဆီမှာ အတွင်းအား ရှိလိမ့်မယ်လို့ ဘာလို့ မျှော်လင့်ရမှာလဲ*
ဆုရှင်းက ယနေ့ သူ၏အဖိုးတန် အတွင်းအား ကျင့်စဉ်စာအုပ်ကို ပွင့်ပွင့်လင်းလင်းကျင့်ကြံခွင့်ပြုကာ ဤမျှအလွယ်တကူ ပေးအပ်လိမ့်မည်ဟု သူ ဘယ်သောအခါမျှ မမျှော်လင့်ထားခဲ့ပေ။
"ဘာဖြစ်လို့လဲ။ တစ်ခုခု မှားနေလို့လား။" လီဟွိုင်၏မျက်နှာအမူအရာကို မြင်သောအခါ ဆုရှင်းက ပြုံးလျက် မေးလိုက်သည်။
လီဟွိုင်က ခေါင်းမော့ကာ လေးနက်သော လေသံဖြင့် ပြောလိုက်၏။ "အတွင်းအား ကျင့်စဉ်တွေဆိုတာ လက်ဆင့်မကမ်းတဲ့လျှို့ဝှက်ချက်တွေပါ။ သိုင်းဂိုဏ်းတွေမှာတောင် အဲဒါတွေကို သင်ယူနိုင်ဖို့ တပည့်ခံရပါတယ်။ ငါတို့လင်းယုန်ပျံဂိုဏ်းက သာမန်အဖွဲ့ဝင်တွေကို အတွင်းအားကျင့်စဉ် ဘယ်တော့မှ မသင်ပေးပါဘူး။"
"ဘာကြောင့် အဲဒီလို ဖြစ်ရတာလဲဆိုတာ မင်း သိလား" ဆုရှင်းက မေးလိုက်၏။
လီဟွိုင်က မေးလိုက်သည်။ "အတွင်းအား ကျင့်စဉ်က အဖိုးတန်လို့လား။"
ဆုရှင်းက လှောင်ပြောင်လိုက်သည်။ "အဖိုးတန်တာ အသာထား။ ဒီအရာက အဖိုးတန်တယ်ဆိုရင်တောင် အဲဒါက တစ်ခါသုံးပစ္စည်းမဟုတ်ဘူးလေ။ ဒါကိုသင်ယူပြီးရင် ဟိုဟာဒီဟာကိုသင်ယူလို့ မရတော့တာမျိုး မဟုတ်ဘူး။ ဂိုဏ်းချုပ်နဲ့ ခေါင်းဆောင်ကြီးတွေက သူတို့ရဲ့အတွင်းအား ကျင့်စဉ်တွေကို သူတို့ရဲ့လက်အောက်ငယ်သားတွေကို လက်ဆင့်မကမ်းတာက သူတို့ကြောက်လို့ပဲ။"
ဟွမ်ပင်းချန်နှင့် လီဟွိုင်တို့ နှစ်ဦးစလုံး အံ့အားသင့်သွားခဲ့ကြသည်။
*ကြောက်တယ် ဟုတ်လား။ သူတို့က ဘာကို ကြောက်တာလဲ။*
"အတွင်းအားဆိုတာ ဘာလဲ။ အဲဒါက သာမန်လူတွေနဲ့ သိုင်းပညာရှင်တွေကြားက နယ်နိမိတ်မျဉ်းပဲ။ အတွင်းအားကို သင်ယူမှသာ အနာဂတ်အတွက် အဆုံးမရှိတဲ့ဖြစ်နိုင်ခြေတွေ ရှိလာနိုင်မယ်။ အဲလိုမှမဟုတ်ရင် ချန်နင်စီရင်စုရဲ့ဒီထောင့်လေးမှာ ရုန်းကန်ရင်းတစ်သက်လုံး အချိန်ကုန်သွားနိုင်တယ်။"
တတိယသခင်ကြီးဟူက အတွင်းအားကို ဆယ်စုနှစ်တစ်ခုကျော်ကျင့်ကြံခဲ့သော်လည်း သွေးကြော အမှတ် ၃၆ ခုလုံးကို မဖွင့်နိုင်သေးပေ။
သူ့လက်အောက်ငယ်သား တစ်ယောက်ယောက်က အတွင်းအားကို သင်ယူပြီး သူ့ထက်ပိုသန်မာလာပါက မည်သို့လုပ်မည်နည်း။ သူရာထူးကနေ ဆင်းပေးပြီးပိုတော်သည့်သူကို နေရာပေးရတော့မည် မဟုတ်လော။
ဂိုဏ်းချုပ်နှင့် ခန်းမသခင်သုံးဦးက ပိုသန်မာကြသော်လည်း သူတို့ကြောက်သည့်အရာကလည်း ဤအရာပင်။ အာဏာနှင့်အတူ ရည်မှန်းချက်များပါလာပြီး ၎င်းတို့ကိုထိန်းချုပ်ဖို့ ပိုပို၍ခက်ခဲလာကြသည်။
"ခင်ဗျား မကြောက်ဘူးလား။" လီဟွိုင်က ခေါင်းမော့ကာ မေးလိုက်၏။
ဟွမ်ပင်းချန်က သူ့ကိုတစ်ချက်ကြည့်လိုက်ပါသည်။
*ဒီကောင်က ဘာမဆို မေးရဲတာပဲ*
ဆုရှင်းက ပြုံးပြီးပြောလိုက်သည်။ "ငါ မကြောက်ပါဘူး။"
"ဘာဖြစ်လို့လဲ။"
"ဘာလို့လဲဆိုတော့ ငါကမင်းတို့ထက်ပိုပြီး ရှေ့ရောက်သွားမှာမို့လို့ပဲ။"