← Chapters

အခန်း ၂၇

Vol. 3 Ch. 27

အခန်း ၂၇

Vol. 3 Ch. 27

အခန်း (၂၇) ရည်မှန်းချက် မျိုးစေ့များ

"ဘာလို့ အားလုံးတိတ်ဆိတ်နေကြတာလဲ။ လီချင်း ပြောတာ မှားနေလို့လား။" အောက်ဘက်ရှိ တိတ်ဆိတ်နေသော လူအုပ်ကို ကြည့်ကာ ဆုရှင်းက မေးလိုက်၏။

လီချင်းက သူ၏အနည်းငယ် နီရဲနေသော မျက်လုံးများကို ပွတ်သပ်ကာ အနေခက်စွာရယ်မောလိုက်သည်။ "ခေါင်းဆောင် ကျွန်တော့်ကို ဂရုမစိုက်ပါနဲ့။ ကျွန်တော်က ဒီအတိုင်းရင်ဖွင့်ပြီး အဓိပ္ပာယ်မရှိတာတွေ ပြောနေတာပါ။"

"လီချင်း မင်း လိမ်မနေပါနဲ့။ ငွေအတွက် လုပ်တာက ဘာများ မှားနေလို့လဲ။ ငါဆုရှင်းလည်း ဒီနေ့ ပွင့်ပွင့်လင်းလင်းပြောလိုက်မယ်။ ငါ လင်းယုန်ပျံဂိုဏ်းကို ဝင်လာတာက ငွေနဲ့ အာဏာအတွက်ပဲ။"

အောက်ဘက်ကို ကြည့်ကာ ဆုရှင်းက အော်ဟစ်လိုက်၏။ "ငါတို့ အားလုံးက ယောက်ျားကောင်းတွေပဲ။ တစ်သက်လုံး အလုပ်ကြမ်းသမားအဖြစ်နဲ့ တခြားသူတွေ အရက်သောက်၊ အသားစားနေတာကို ကြည့်ပြီးကိုယ်တိုင်ကတော့ ဝအောင်တောင် မစားရတဲ့ ဘဝမျိုးကိုဘယ်သူက လိုချင်မှာလဲ။"

"သိုင်း‌လောကကို ဝင်လာတာက အနက်ရှိုင်းဆုံး ပင်လယ်ထဲကိုကျဆင်းသွားတာနဲ့ တူတယ်။ လီချင်းက လီမျိုးနွယ်ရဲ့မျိုးဆက် မပြတ်ဖို့အတွက် သူ့အသက်ကိုတောင်စွန့်ရဲတယ်။ မင်းတို့ရော အဲဒီလို လုပ်ရဲလား။"

"လုပ်ရဲတယ်။"

စင်အောက်ရှိ ဂိုဏ်းဝင်များ၏မျက်လုံးများမှာ နီရဲနေကြ၏။ လင်းယုန်ပျံဂိုဏ်းတွင် နှစ်အတော်ကြာ ရှိနေခဲ့သော စစ်မှုထမ်းဟောင်းများပင်လျှင် ဆုရှင်း၏စကားများကြောင့် စိတ်လှုပ်ရှားသွားပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်ကြသည်။

"လုပ်ရဲရုံနဲ့ မလုံလောက်ဘူး။ မင်းတို့မှာ ခွန်အားလည်း ရှိဖို့လိုတယ်။ မင်းတို့က အသားစားချင်တဲ့ ဆန္ဒရှိရင်တောင် အဲဒီလိုစားနိုင်ဖို့ကံကြမ္မာတော့ မရှိသေးဘူး။"

ဆုရှင်းပ သူ၏ခါးမှ ဓားကြီးကို ဆွဲထုတ်ကာ မြေကြီးထဲသို့ထိုးစိုက်လိုက်ရာ သုံးလက်မခန့် အထူရှိသော စကျင်ကျောက်ကြမ်းပြင်မှာ ချက်ချင်း ကွဲကြေသွားခဲ့သည်။

"ခွန်အားရှိမှသာ ရည်မှန်းချက်ရှိနိုင်မယ်။ ငါ့ရဲ့ဒီနေ့ အဆင့်အတန်းက ကံကောင်းလို့မဟုတ်ဘူး ခွန်အားကြောင့်ပဲ။"

ဆုရှင်းက အရှေ့ဘက်သို့ လက်ညှိုးထိုးပြလိုက်၏။ "ချန်သယ်ရပ်ကွက်က အထပ်ခုနစ်ထပ်ရှိတဲ့ ရှန်းလုံ စားသောက်ဆိုင်၊ချန်နင်စီရင်စုတစ်ခုလုံးမှာ အမြင့်ဆုံးနဲ့ အကြီးဆုံးစားသောက်ဆိုင်ပဲ။ အရင်တုန်းက တော်ဝင်မိသားစုက သခင်လေးတွေပဲ အဲဒီအထပ်အမြင့်ဆုံးမှာရပ်ပြီး တိုင်းပြည်ကိုအပေါ်စီးကနေ ကြည့်နိုင်ခဲ့တာ။"

"လက်ရှိမှာချန်နင်စီရင်စုမှာ ရှန်းလုံ စားသောက်ဆိုင်ရဲ့ အထပ်မြင့်ဆုံးမှာ ရပ်ဖို့ အရည်အချင်းပြည့်မီတဲ့သူ ဆယ်ယောက်တောင် မပြည့်ဘူး။ ဒါပေမဲ့ ငါ ဆုရှင်းက ဒီနေ့ ကျိန်ဆိုတယ်၊ သုံးနှစ်အတွင်းမှာ ငါအဲဒီနေရာမှာ ရပ်ပြီး ချန်နင်စီရင်စုတစ်ခုလုံးကို ငါ့ခြေဖဝါးအောက်မှာ နင်းထားပစ်မယ်။"

လွန်စွာလွှမ်းမိုးနိုင်သော အရှိန်အဝါပင်။

အောက်ရှိ ဂိုဏ်းဝင်များက ဆုရှင်း၏စကားများကြောင့် စိတ်အားထက်သန်မှုများဖြင့်ပြည့်နှက်သွားကြ၏။

အကယ်၍ အခြားတစ်စုံတစ်ဦးက ဤသို့ပြောခဲ့ပါက မိမိကိုယ်ကို အထင်ကြီးလွန်းသည်ဟု လှောင်ပြောင်ခံရပေမည်။

သို့သော် တစ်လအတွင်း ပျော်ရွှင်ဖွယ်တောအုပ်တွင် သူ၏နေရာကိုခိုင်မာစေခဲ့ပြီး တိုင်ချုံးကို အောင်မြင်စွာလုပ်ကြံကာ လင်းယုန်ပျံဂိုဏ်းအတွက် သူရဲကောင်းတစ်ဦးဖြစ်လာခဲ့သော ဆုရှင်းတွင် ဤသို့ပြောရန် အခွင့်အရေးရှိပါသည်။

ဆုရှင်းပြောခဲ့သကဲ့သို့ပင် သူ၏လက်ရှိ အဆင့်အတန်းက ကံကောင်းခြင်းကြောင့် မဟုတ်ဘဲ သူ၏ခွန်အားကြောင့် ဖြစ်သည်။

"ဒီနေ့ကစပြီး ငါက မင်းတို့အားလုံးကို အတွင်းအား ကျင့်စဉ်တွေနဲ့ သိုင်းပညာတွေကို အလှည့်ကျ သင်ပေးမယ်။ မင်းတို့က အထက်ကို တက်ချင်တယ်ဆိုရင် အရင်ဆုံးအထက်ကို တက်နိုင်တဲ့ အရည်အချင်း ရှိရမယ်။"

"မှတ်ထား ငါ ဆုရှင်းက ငါ့လက်အောက်မှာ အသုံးမကျတဲ့သူတွေကို မထားဘူး။ မင်းတို့က အရက်သောက်ပြီးအသားစားချင်တယ်ဆိုရင် ပြီးတော့ ပိုမြင့်တဲ့နေရာမှာ ရပ်ချင်တယ်ဆိုရင် ပြင်းပြင်းထန်ထန်လေ့ကျင့်ပြီး ပြင်းပြင်းထန်ထန် တိုက်ခိုက်ရမယ်။"

"မင်းတို့က လစဉ်လစာကိုပဲမှီခိုပြီး အချောင်ခိုဖို့ ကြိုးစားနေတယ်ဆိုရင်။ ငါ ဆုရှင်းက ရက်စက်တယ်လို့အပြစ်မတင်နဲ့။ ဒီကနေ ထွက်သွားလိုက် မင်းတို့ မြို့တံခါးမှာအထမ်းသမားသွားလုပ်ရင်လည်း ငတ်မှာ မဟုတ်သေးပါဘူး။"

"အခု ငါမင်းတို့ကို နောက်ဆုံးမေးခွန်းတစ်ခု မေးမယ်။ မင်းတို့ အသားစားချင်သလား ဒါမှမဟုတ် ချန်လဲ့ရပ်ကွက်က တဲအိမ်တွေဆီပြန်သွားပြီး ကြမ်းတမ်းတဲ့ အစားအစာတွေပဲစားချင်သလား။"

"အသားစားချင်ပါတယ်။"

"အသားစားချင်ပါတယ်။"

"အသားစားချင်ပါတယ်။"

ဂိုဏ်းဝင်တစ်စုက နီရဲနေသောမျက်လုံးများဖြင့် အော်ဟစ်လိုက်ကြ၏။ လီဟွိုင်မှလွဲ၍ ပါးနပ်သော မြေခွေးအိုကြီးဟွမ်ပင်းချန်ပင်လျှင် သူတို့နှင့်အတူ မျက်လုံးများ နီရဲလျက်အော်ဟစ်နေခဲ့သည်။

ဆုရှင်း ယနေ့သူတို့ကို ပြောခဲ့သော အရာများက သူတို့ကိုယခင်က မည်သူကမျှ မပြောခဲ့ဖူးသော အရာများဖြစ်သည်။

လင်းယုန်ပျံဂိုဏ်းတွင် နှစ်အတော်ကြာ ရှိနေခဲ့သော ထိုစစ်မှုထမ်းဟောင်းများပင်လျှင် သူတို့ထံမှ ဤကဲ့သို့သောအရာများကို တစ်ခါမျှမကြားခဲ့ဖူးပေ။

လင်းယုန်ပျံဂိုဏ်း၏အထက်လူကြီးများက ဂိုဏ်းအပေါ် သစ္စာရှိရန်နှင့် ဂိုဏ်းက သင့်ကိုမတရား ဆက်ဆံမည်မဟုတ်ကြောင်းကိုသာ ပြောကြလိမ့်မည်ဖြစ်သော်လည်း နောက်ဆုံးတွင် သူတို့ကပါးနပ်လာကြပြီးသတ္တိကြောင်သော ဘဝမျိုးဖြင့်သာ နေထိုင်တတ်လာကြ၏။

ယခုမူ ဆုရှင်းက သူတို့ကိုရည်မှန်းချက်ဆိုသည်မှာ မည်သည့်အရာဖြစ်ကြောင်းပြသလိုက်ပြီ ဖြစ်၏။

ဤသည်မှာ မျိုးစေ့တစ်ခု၊ သူတို့ကို ပိုမိုရှေ့ဆက်သွားနိုင်စေမည့် မျိုးစေ့တစ်ခုဖြစ်သည်။ သူတို့၏ ဤဘဝတွင် ပါရမီအကန့်အသတ်ရှိနေစေကာမူ ဤမျိုးစေ့အညှောက်ပေါက်လာသရွေ့ သူတို့က ယခင်ကကဲ့သို့ သာမန်နှင့် အကျိုးမရှိသော ဘဝမျိုးဖြင့် သေချာပေါက် နေထိုင်သွားကြမည်မဟုတ်ပေ။

လင်းယုန်ပျံဂိုဏ်း၏အထက်လူကြီးများက ဤအရာများကို မပြောရဲကြပေ။ အဘယ်ကြောင့်ဆိုသော်မျက်စိစုံမှိတ်သစ္စာခံသူများက ရုပ်သေးရုပ်နှင့် တူသော်လည်း ရည်မှန်းချက်ရှိသူများထက် ထိန်းချုပ်ရန် ပိုမိုလွယ်ကူသောကြောင့်ဖြစ်သည်။

သို့သော် ဆုရှင်းက မကြောက်ပေ။ သူ၏အမြင်တွင် သူကလုံလောက်အောင် သန်မာနေသရွေ့ အခြားသူများမည်မျှပင် သန်မာစေကာမူ သူတို့သည် သူ့ကိုအောက်ခြေမှသာ မော့ကြည့်နိုင်ကြပါလိမ့်မည်။

ခန်းမအတွင်း၌ရည်မှန်းချက် မျိုးစေ့များ တဖြည်းဖြည်း အညှောက်ပေါက်လာပြီး လေထုမှာလည်း လုံးဝနိုးကြားလာခဲ့သည်။ ဆုရှင်းက တိတ်တဆိတ် ပြုံးလိုက်၏။

ဤလူများက လှည့်စားရန် အတော်လေးလွယ်ကူပါသည်။

သူတို့က အရမ်းရိုးအလွန်းသည်။ စကားအနည်းငယ်ဖြင့် သူတို့၏ဆန္ဒတွေကို လောင်ကျွမ်းသွားစေနိုင်ခဲ့၏။

သူ၏ယခင်ဘဝတွင် ဆုရှင်းက ဝန်ထမ်းရာပေါင်းများစွာအတွက် စည်းရုံးရေးအစည်းအဝေးတစ်ခုကို တစ်ခါကျင်းပခဲ့ဖူးသည်။

သူတို့က စံပြကြောင်းများ၊ ဘဝနှင့် ရုန်းကန်မှုများအကြောင်း၊ထို့အပြင် ရာထူးတိုးခြင်း၊ လစာတိုးခြင်း၊ ချမ်းသာပြီးလှပသော အမျိုးသမီးတစ်ဦးနှင့် လက်ထပ်ခြင်း စသည်တို့အကြောင်း ပြောဆိုခဲ့ကြသည်။

ပေါ့ပေါ့ပါးပါးနှင့် အသက်ဝင်သော လေထုတစ်ခု ဖန်တီးနိုင်ရန် နာရီဝက်ခန့်အချိန်ယူခဲ့ရ၏။

ယခင်ဘဝမှ ထိုပါးနပ်ပြီးကောက်ကျစ်သော လူငယ်များနှင့် နှိုင်းယှဉ်လျှင်၊ ဆင်းရဲသားရပ်ကွက်မှ လာပြီး စာပေမတတ်သော ဤဂိုဏ်းဝင်များမှာ လှည့်စားရန်ပို၍လွယ်ကူသည်မှာ သေချာပါသည်။

"အခုကစပြီးလူသုံးပုံတစ်ပုံက နေ့တိုင်းပျော်ရွှင်ဖွယ်တောအုပ်ကို ပုံမှန်အတိုင်း ကင်းလှည့်ရမယ်၊ ကျန်တဲ့သုံးပုံနှစ်ပုံက လေ့ကျင့်ရေးကွင်းကိုလာရမယ်။ လီဟွိုင်က မင်းတို့အားလုံးကိုအတွင်းအား၊ သိုင်းပညာတွေနဲ့ တကယ့်တိုက်ခိုက်ရေးနည်းလမ်းတွေကို သင်ပေးလိမ့်မယ်။"

ဟွမ်ပင်းချန်က မနေ့ကတည်းက လူနှစ်ရာနီးပါးကို အလှည့်ကျမည်သို့ ခွဲဝေရမည်ကို စီစဉ်ပြီးဖြစ်၏။ သူက ကင်းလှည့်ရန်လိုအပ်သူများကို စေလွှတ်လိုက်ပြီး ကျန်သူများကို ခန်းမနောက်ဖေးရှိ လေ့ကျင့်ရေးကွင်းသို့ စေလွှတ်လိုက်သည်။

ဤလေ့ကျင့်ရေးကွင်းမှာ မူလကနောက်ဖေးတစ်ခုမျှသာဖြစ်သော်လည်း လူတစ်ရာကျော်နှင့်ဆိုလျှင် အနည်းငယ်ကျပ်သိပ်နေသလို ခံစားရသော်လည်း သူတို့က အနည်းငယ်လှုပ်ရှားနိုင်ပါသေးသည်။

"ဟွမ်ကြီး ပိုင်ရှင်လျိုနဲ့ တခြားသူတွေကို သူတို့ရဲ့ နောက်ဖေးတွေကိုပါ ငှားမယ့်အကြောင်းသွားပြောလိုက်။ သူတို့လည်းအဲဒါတွေကို သုံးတာမှ မဟုတ်တာ။"

ပျော်ရွှင်ဖွယ်တောအုပ် ဌာနခွဲ၏ဘေးတွင် လမင်းယစ်မူးမျှော်စင်နှင့် တည်းခိုခန်းတစ်ခုရှိပါသည်။ နောက်ဖေးမှာသိပ်အသုံးမဝင်ဘဲ ပစ္စည်းအဟောင်းအချို့ကို သိမ်းဆည်းရန်သာ အသုံးပြုကြ၏။

ဆုရှင်းက သူက ၎င်းကို အလကားနီးပါးဖြင့်ရယူနိုင်လိမ့်မည်ဟု ပြောလိုက်သည်။

မနက်ပိုင်းတွင် ဆုရှင်းက သူတို့ကို များများစားစား မသင်ပေးခဲ့ဘဲအတွင်းအားကိုသာ လေ့ကျင့်စေခဲ့သည်။ ကျင့်စဉ်ကို အလွတ်ကျက်မှတ်ပြီး ပြန်ရောက်သောအခါ ဖြည်းဖြည်းချင်းလေ့ကျင့်ရန် ပြောလိုက်၏။

နောက်ဆုံးတွင် ဤအရာက ပါရမီပေါ်တွင် မူတည်ပါသည်။ လူတိုင်းလေ့ကျင့်နိုင်သော်လည်း နောက်ဆုံးရလဒ်မှာ လူတစ်ဦးနှင့်တစ်ဦး ကွာခြားသွားပါလိမ့်မည်။

ဥပမာအားဖြင့် တတိယသခင်ကြီးဟူနှင့် ခန်းမသခင်သုံးဦးတို့က အသက်အရွယ်အကြမ်းဖျင်း တူညီကြသော်လည်း တတိယသခင်ကြီးဟူက ဆယ်စုနှစ်များစွာကြာသည့်တိုင် သွေးကြောအမှတ် ၃၆ ခုကို မဖွင့်နိုင်သေးဘဲ ခန်းမသခင်သုံးဦးမှာမူ သွေးကြောအမှတ် ၇၂ ခုကို ဖွင့်နိုင်ခဲ့ပြီး ဟောက်ထျန်းအလယ်အလတ်အဆင့် သိုင်းပညာရှင်များ ဖြစ်နေကြပြီဖြစ်သည်။

မနေ့က ဆုရှင်းက ဟွမ်ပင်းချန်အား သွားလုပ်ခိုင်းထားသည့် အချွန်နှစ်ဘက်ပါသံတုတ်တိုမှာ အားလုံးပြီးစီးသွားပြီ ဖြစ်သည်။

လူတိုင်းတစ်ချောင်းစီရရှိကြပြီးနောက် ခွေးရိုက်တုတ်သိုင်းကို စတင်လေ့ကျင့်ကြတော့သည်။

ခွေးရိုက်တုတ်သိုင်းအတွက် ရုပ်ပုံရှစ်ခုပါ လမ်းညွှန်မှာ အလွန်ရိုးရှင်းသော်လည်း ၎င်းကို ကျွမ်းကျင်စွာ အသုံးပြုနိုင်ရန် ကာလရှည်ကြာလေ့ကျင့်ရန် လိုအပ်သေးသည်။

အမှန်တကယ် အရေးပါသည့် အပိုင်းမှာ နေ့လယ်ပိုင်းတွင်ရောက်ရှိလာပြီးနောက် လီဟွိုင်က သူတို့ကို တကယ့်အသက်လုတိုက်ပွဲနည်းလမ်းများအကြောင်း စတင် သင်ကြားပေးခဲ့၏။

လီဟွိုင်က သူဓားသိုင်းတစ်ခုကိုမျှ မသင်ယူဖူးကြောင်း တစ်ခါပြောခဲ့ဖူးသည်။ သူ၏သိုင်းပညာ စွမ်းရည်များ အားလုံးက အသက်လုတိုက်ပွဲများတွင် ကျွမ်းကျင်လာခဲ့ခြင်းဖြစ်ပြီး၊ မြန်ဆန်၊ ရက်စက်ပြီးတိကျခြင်းမှလွဲ၍ အခြားမရှိပေ။

သို့သော် ဤအချက်သုံးချက်မှာ မည်သည့်သိုင်းပညာအတွက်မဆို အခြေခံအုတ်မြစ်ဖြစ်ပြီးရိုးရှင်းသော်လည်း လက်တွေ့ကျသည်။

ဤနည်းလမ်းက ကျင်းဝူမင်၏ လျှပ်တပြတ်ဓားသိုင်းနှင့် ဆင်တူ၏။ ဆုရှင်းက ကျင်းဝူမင်၏လျှပ်တပြတ်ဓားသိုင်းကို လီဟွိုင်အား ပေးရန် စဉ်းစားခဲ့သေးသည်။

သို့သော် ကျင်းဝူမင်၏လျှပ်တပြတ်ဓားသိုင်းမှာ အလွန်ထူးခြားလွန်းသဖြင့် အခြားကျင့်ကြံသူများအနေဖြင့် ၎င်းကိုလေ့ကျင့်ရန်မှာ မဖြစ်နိုင်ပေ။ အကယ်၍ ဆုရှင်းသာ စနစ်ထံမှ ၅% ကျွမ်းကျင်မှု အပိုဆုကို မရရှိခဲ့ပါက၊ သူသည်လည်း ၎င်းကို သင်ယူနိုင်မည် မဟုတ်ပေ။

ကြီးမြတ်သော သုမေရု ဓားသိုင်းမှာ လီဟွိုင်၏ပုံစံနှင့် မကိုက်ညီဘဲ ၎င်းကိုအတင်းအကျပ်သင်ယူခြင်းက သူ၏တိုက်ခိုက်ရေးစွမ်းအားကို တိုးလာစေမည် မဟုတ်သည့်အပြင် သူ၏ကိုယ်ပိုင် တိုက်ခိုက်ရေးပုံစံကိုပါ ထိခိုက်စေပါလိမ့်မည်။

ဆုရှင်းတွင် သိုင်းပညာနှစ်မျိုးသာရှိပြီး လီဟွိုင်ကို လေ့ကျင့်ရန်ပေးစရာမရှိသဖြင့် သူ့အတွက် သင့်လျော်သောသိုင်းပညာတစ်ခု ရရှိလာမည့် အချိန်အထိစောင့်ရန်မှလွဲ၍ ရွေးချယ်စရာမရှိပေ။

လီဟွိုင်သစ္စာဖောက်မည်ကို သူ မကြောက်ပေ။ အဘယ်ကြောင့်ဆိုသော် လီဟွိုင်က တတိယသခင်ကြီးဟူ၏ လူ ဘယ်သောအခါမျှ မဟုတ်ခဲ့သောကြောင့် ဖြစ်သည်။

တတိယသခင်ကြီးဟူနှင့် လီဟွိုင်တို့က အချင်းချင်း အသုံးချနေကြခြင်းသာဖြစ်ပြီး၊ ကျစ်ကန်းသာလျှင် တတိယသခင်ကြီးဟူ၏ အစစ်အမှန်လူဖြစ်သည်။

လီဟွိုင်၏စရိုက်ကြောင့် မည်သည့် အထက်လူကြီးကမျှ သူ့ကိုလူယုံကြည်တစ်ဦးအဖြစ် ပြုစုပျိုးထောင်မည် မဟုတ်ပေ။

ဆုရှင်း တစ်ယောက်သာ ၎င်းကို အလေးအနက် မထားခဲ့ပေ။ သူ၏အမြင်တွင် လီဟွိုင်၏စရိုက်မှာ အလုံခြုံဆုံး ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် သူက လိုအင်ဆန္ဒအလွန်နည်းပါးပြီး ကြီးမားလွန်းသောသွေးဆောင်မှုမျိုး မရှိပါက အလွယ်တကူသစ္စာဖောက်မည် မဟုတ်သောကြောင့်ဖြစ်သည်။

သူ၏ယခင်ဘဝတွင် ဆုရှင်းက လူရာပေါင်းများစွာကို စီမံအုပ်ချုပ်ခဲ့ပြီး စီမံခန့်ခွဲမှုအတွေ့အကြုံ ဆယ်နှစ်နီးပါးရှိခဲ့သည်။ မည်ကဲ့သို့သော လူမျိုးများကို သူ မမြင်ဖူးဘဲ နေမည်နည်း။

ကုမ္ပဏီ၏စီနီယာအင်ဂျင်နီယာများအားလုံးမှာ မောက်မာပြီး မိမိကိုယ်ကိုအထင်ကြီးကြသော်လည်း တကယ်တမ်းတွင် သူတို့က စီမံခန့်ခွဲရန် အလွယ်ကူဆုံးဖြစ်ကြသည်။

ဆန့်ကျင်ဘက်အနေဖြင့် သင်၏ရှေ့တွင် အမြဲတမ်းပြုံးရွှင်ပြီး ရိုသေလေးစားသယောင် ပြုမူနေသူများမှာ သင်သတိမထားမိချိန်တွင် သင့်ကို နောက်ကျောမှဓားနှင့် ထိုးမည့်သူများဖြစ်ကြ၏။

လီဟွိုင်က သူ၏နောက်လိုက်များအား သင်ကြားပေးရာတွင် ရက်စက်သောနည်းလမ်းများကို အသုံးပြုသည်။

သူလုပ်ဆောင်ခဲ့သည်များကို သင်ကြားခြင်းဟု မဆိုနိုင်ဘဲ တစ်ဖက်သတ်အနိုင်ကျင့်ခြင်းဟုပင်ဆိုရမည်။

သူက ဂိုဏ်းဝင်ငါးဦးကို ရှေ့ထွက်လာစေပြီး အချွန်နှစ်ဖက်သံတုတ်များဖြင့် သူ့ကို တိုက်ခိုက်ရန် ချက်ချင်း အမိန့်ပေးခဲ့သော်လည်း လီဟွိုင်၏လက်ထဲတွင် သစ်သားဓားတစ်လက်သာရှိနေသည်။

ငါးယောက် တစ်ယောက် တိုက်ခိုက်သော်လည်း ဂိုဏ်းဝင်ငါးဦးမှာ လီဟွိုင်၏ထိုးနှက်ခြင်းနှင့် ရိုက်နှက်ခြင်းကို အကြိမ်ကြိမ်ခံရပြီး နာကျင်စွာ အော်ဟစ်နေကြရ၏။

သစ်သားဓားပင်ဖြစ်စေကာမူ လီဟွိုင်က ဓားကို ပြင်းထန်စွာအသုံးပြုလိုက်သဖြင့် ထိုးမိသည့် နေရာတိုင်းတွင် သွေးများစို့နေသောအမာရွတ်များ ကျန်ရစ်ခဲ့သည်။

သူက လူငါးဦးစလုံးကို တစ်လှည့်စီရိုက်နှက်ပြီးနောက် ဘာလုပ်ရမည်ကို လူတိုင်းအားပြောပြကာ ထပ်မံ ရိုက်နှက်ပြန်သည်။ ထိုလူငါးဦးက သူနှင့် သိုင်းကွက် ဆယ်ကွက်ကျော်ခန့် လေ့ကျင့်နိုင်သည့် အချိန်အထိ ဤလုပ်ငန်းစဉ်ကို ထပ်ခါတလဲလဲ လုပ်ဆောင်ပြီးနောက်မှ အခြားလူများကို ပြောင်းလဲ လေ့ကျင့်ပေးသည်။

ဤနည်းလမ်းက ဂိုဏ်းဝင်များကို နာကျင်စွာ ညည်းတွားစေခဲ့သော်လည်း ဆုရှင်း အရင်က ပြောခဲ့သော စကားများကြောင့် သူတို့ကနာကျင်မှုကို သည်းခံရုံသာ တတ်နိုင်တော့သည်။

အဘယ်ကြောင့်ဆိုသော် ဆင်းရဲသားရပ်ကွက်သို့ ပြန်သွားပြီး ကြမ်းတမ်းသောအစားအစာများကို မည်သူမျှ မစားချင်သောကြောင့်ပင်။

မွန်းလွဲပိုင်းတစ်ပိုင်းလုံးကြည့်ရှုပြီးနောက် အချို့လူများနာကျင်စွာအော်ဟစ်နေကြသော်လည်း မည်သူမျှမညည်းညူကြသည်ကို မြင်သောအခါ ဆုရှင်းက ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။

လီဟွိုင်၏နည်းလမ်းက အမှန်တကယ်ပင် ပိုမို ရက်စက်သော်လည်း ၎င်းက အလွန်ထိရောက်မှုလည်းရှိသည်။

သူ့လူများ၏တစ်ခုတည်းသော အားသာချက်မှာ သူတို့က ငယ်ရွယ်ပြီးခွန်အားရှိကြခြင်းဖြစ်သော်လည်း တကယ့်တိုက်ပွဲတစ်ခုဖြစ်ပွားပါက သူတို့က တိုက်ပွဲနှင့်ပင် မရင်းနှီးသေးသော လူဆိုးလူမိုက်များနှင့် ရန်ပွဲတစ်ခုကိုတိုက်ခိုက်နိုင်မည် မဟုတ်ပေ။

သူတို့၏အခြေခံမှာ အလွန်အားနည်းလွန်းသဖြင့် ဤကဲ့သို့ အတင်းအကျပ်ကြီးထွားစေသော နည်းလမ်းကသာ သူတို့ကိုလျင်မြန်စွာကြီးထွားလာစေရန် ကူညီပေးနိုင်သည့်တစ်ခုတည်းသော နည်းလမ်း ဖြစ်သည်။

"ဟွမ်ကြီး။ လေ့ကျင့်ပြီးရင် ညစာစားဖို့အိမ်ပြန်စရာမလိုဘူးလို့ အားလုံးကိုပြောလိုက်။ လေ့ကျင့်ပြီးရင် ဒီမှာပဲ စားလို့ရတယ်။ နေ့တိုင်း အသားစားရမယ် ဒါပေမဲ့ အရက်တော့မသောက်ရဘူး။" ဆုရှင်းက ဟွမ်ပင်းချန်ကိုခေါ်ကာ ညွှန်ကြားလိုက်၏။

"ဒီကောင်လေးတွေက ခေါင်းဆောင်နဲ့တွေ့ဖို့ သူတို့ရဲ့အတိတ်ဘဝတွေမှာ ကောင်းတာတွေအများကြီး လုပ်ခဲ့ကြတာ ဖြစ်ရမယ်။" ဟွမ်ပင်းချန် ချက်ချင်း ရှေ့သို့ တက်လာပြီး သူ့ကိုဖားယားလေတော့သည်။

ဆုရှင်း ခေါင်းယမ်းလိုက်ပြီး တီးတိုးပြောလိုက်၏။ "သေချာပေါက်တော့ မဟုတ်လောက်ဘူး။ သူတို့ရဲ့အတိတ်ဘဝမှာဆိုးရွားတာ တစ်ခုခုလုပ်ခဲ့တာလည်း ဖြစ်နိုင်တယ်။"

ဟွမ်ပင်းချန် သူ၏ခေါင်းကို ကုတ်လိုက်သော်လည်း ဆုရှင်းမှာမူထွက်သွားပြီဖြစ်သည်။

နောက်ရက်အနည်းငယ်တွင် လေ့ကျင့်မှုများကို သတ်မှတ်ထားသည့်အတိုင်း ဆက်လက် လုပ်ဆောင်ခဲ့၏။ မနက်ပိုင်းတွင် ဆုရှင်းက တာဝန်ယူပြီးနေ့လယ်ပိုင်းတွင် လီဟွိုင်က တိုက်ခိုက်ရေး နည်းလမ်းများကို သင်ကြားပေးပါသည်။

လေ့ကျင့်မှုကြောင့် ဂိုဏ်းဝင်များအကြီးအကျယ် ဒုက္ခရောက်ခဲ့ကြသော်လည်း ရလဒ်များမှာ ချက်ချင်းထွက်ပေါ်လာခဲ့သည်။

အနည်းဆုံး ဤလူနှစ်ရာနီးပါးထဲမှ တစ်ဦးက လီဟွိုင်နှင့် တစ်ယောက်ချင်းတိုက်ပွဲတွင် သိုင်းကွက် ဆယ်ကွက်ကျော်ကို အလွယ်တကူလေ့ကျင့်နိုင်လာသည်။

လွန်ခဲ့သောရက်အနည်းငယ်ကမူ သူနှင့် သူ၏အဖော် ငါးဦးတို့က လီဟွိုင်၏သိုင်းကွက် ဆယ်ကွက်ကိုခဲယဉ်းစွာသာ ခုခံနိုင်ခဲ့ကြ၏။

ဤအတောအတွင်း အချို့လူများက ပျော်ရွှင်ဖွယ်တောအုပ်သို့ ဝင်ရောက်လိုကြသော်လည်း သူတို့ထဲမှ အများစုမှာ ဆုရှင်း၏ငြင်းပယ်ခြင်းကို ခံခဲ့ရပြီး ကိုယ်လက်အင်္ဂါကောင်းမွန်သော လူနှစ်ဆယ်ခန့်သာ ကျန်ရှိတော့သည်။

ဆုရှင်းက လူမလိုချင်၍မဟုတ်ဘဲ လူပိုများလာပါက မလိုအပ်သောပြဿနာအချို့ကိုဖြစ်ပေါ်စေနိုင်သောကြောင့် ဖြစ်သည်။

ပုံမှန်ခေါင်းဆောင်ငယ် တစ်ဦး၏အမိန့်အောက်တွင် လူဒါဇင်အနည်းငယ်သာရှိပြီး အများဆုံး တစ်ရာခန့်သာ ရှိပါသည်။

ဆုရှင်း၏လက်အောက်ငယ်သား နှစ်ရာကျော်မှာ ခွင့်ပြုထားသေ အရေအတွက်ထက် များစွာ ကျော်လွန်နေပြီ ဖြစ်သည်။ သိထားသင့်သည်မှာ... တတိယသခင်ကြီးဟူ၏အမိန့်အောက်တွင်ပင် လူ ခြောက်ရာကျော်သာရှိသည်။

သူ့လို အောက်ခြေလူတစ်ယောက်က ထိပ်တန်း ခေါင်းဆောင်ကြီးတစ်ယောက်နီးပါး လက်အောက်ငယ်သားများစွာ ရှိ၍မရပေ။ မဟုတ်လျှင် တတိယသခင်ကြီးဟူက ဤကိစ္စကိုသေချာပေါက် ပြဿနာရှာလာလိမ့်မည်။

ဆုရှင်းကလည်း ယခုအချိန်တွင် တတိယသခင်ကြီးဟူနှင့် ပြဿနာများမဖြစ်ချင်သေးပေ။ သူတို့နှစ်ဦး၏ လက်ရှိရင်းနီးမှုမှာ ဟန်ဆောင်မှုသာဖြစ်သော်လည်း အပေါ်ယံတွင်မူလေးစားမှုတစ်ခုကို ထိန်းသိမ်းထားရန် လိုအပ်သေး၏။

All Chapters