← Chapters

အခန်း ၃၀

Vol. 3 Ch. 30

အခန်း ၃၀

Vol. 3 Ch. 30

အခန်း (၃၀) အထက်လူကြီးများကို လှည့်စားခြင်းနှင့် အမှန်တရားကို ဖုံးကွယ်ခြင်း

"ဟား..ဟား။ ဆုရှင်း မင်း အစိုးရအရာရှိမဖြစ်လာတာ မင်းရဲ့ပါရမီကို နှမြောမိတယ်။" ထျဲဝူချင်က ဆုရှင်းကို စိတ်ဝင်တစားကြည့်နေသည်။

ပန်းခိုးသူကို ဖမ်းနေစဉ်အတွင်း ဤမျှစိတ်ဝင်စားစရာကောင်းသော လူတစ်ယောက်နှင့် တွေ့ရမည်ဟု သူ ဘယ်သောအခါမျှ မမျှော်လင့်ထားခဲ့ပေ။

အရှေ့ရပ်ကွက် ၁၂ ခု၏ ရဲမက်ခေါင်းဆောင်ကြီး ဖြစ်သော သူ့ကိုသာမန်ဂိုဏ်းဝင်များက ကြောက်ရွံ့ခြင်း သို့မဟုတ် ရိုသေခြင်းသာရှိခဲ့သော်လည်း မည်သူကမျှရှေ့ထွက်၍ အကျိုးပြုရန် မကြိုးစားခဲ့ပေ။ ဤသည်မှာ အတော်လေး စိတ်ဝင်စားစရာ ကောင်းလှသည်။

ထျဲဝူချင်၏ သံဘောလုံးနှစ်လုံးမှာ ပို၍လျင်မြန်စွာ လည်ပတ်နေသော်လည်း ထူးဆန်းစွာပင် အသံတစ်ချက်မျှ မထွက်ပေါ်ပေ။

"အင်ပါယာနန်းတော်က ကျွန်တော့်လိုနောက်ခံရှိတဲ့သူကိုဘယ်တော့မှ အကောင်းမြင်မှာ မဟုတ်တာ နှမြောစရာပဲ" ဆုရှင်းက မိမိကိုယ်ကို နှိမ့်ချကာ ပြောလိုက်၏။

"အဲဒါ အမြဲတမ်းတော့မမှန်ပါဘူး။ ငါတို့ မဟာကျိုးမင်းဆက်က အရည်အချင်းကိုပဲ တန်ဖိုးထားတာ နောက်ခံကို မဟုတ်ဘူး။"

ထျဲဝူချင်က လက်ဝှေ့ယမ်းကာ ပန်းခိုးသူကို လက်ညှိုးထိုးပြလိုက်၏။ "ဒီကောင်ကို ကြိုးတုပ်ပြီး စာရေးကြီးဆီလွှဲပေးဖို့ အစိုးရရုံးကိုပြန်ခေါ်သွားလိုက်။"

လှည့်လာပြီးနောက် ထျဲဝူချင်က ဆုရှင်းကို မျက်နှာမူကာ ပြောလိုက်၏။ "မင်းရဲ့စေတနာကို ငါ ကျေးဇူးတင်ပါတယ်။ အနာဂတ်မှာ မင်းတစ်ခုခု လိုအပ်ရင် အစိုးရရုံးကိုလာရှာလို့ ရပါတယ်။"

"အဲဒါဆို အတော်ပဲ။ သခင်ကြီးကိုပေးချင်တဲ့ နောက်ထပ် အရာတစ်ခုရှိသေးတယ်" ဆုရှင်းက ပြောလိုက်သည်။

"အဲဒါ ဘာလဲ။"

ဆုရှင်းက လက်ဝှေ့ယမ်းလိုက်ရာ လည်ဝယ်သော လီချင်းက သူ၏ဂိုဏ်းဝင် အနည်းငယ်ကို ဦးဆောင်ကာ ဆုတ်ခွာသွားခဲ့သည်။ ၎င်းကို မြင်သောအခါ ပိုင်ရှင်လျိုကလည်း ချက်ချင်း လှည့်ထွက်သွား၏။

အချို့ကိစ္စများတွင် မသိချင်ယောင်ဆောင်နေခြင်းက ပိုကောင်းပါသည်။

ထျဲဝူချင်က နားလည်စွာပြုံးလိုက်ပြီး အခြား ရဲမက်များအား ပန်းခိုးသူကို ချက်ချင်းခေါ်ဆောင်သွားစေသည်။

"သခင်ကြီးထျဲက ကြီးမားတဲ့အမှုတွေနဲ့ အလုပ်ရှုပ်နေပြီဆိုတော့၊ သူခိုးလေးတွေ ဒါမှမဟုတ် တခြား အသေးအဖွဲပြစ်မှုတွေနဲ့ ကြုံလာရရင် အချိန်လည်း ကုန်သလိုလူလဲပင်ပန်းမှာပဲ။"

"သခင်ကြီးထျဲလိုအပ်ရင် ကျွန်တော့်ကို အသိပေးလိုက်ပါ။ သုံးရက်အတွင်းမှာ အဲဒီလူကို ခင်ဗျားအိမ်တံခါးဝကို ရောက်အောင်ပို့ပေးပါ့မယ်လို့ ကျွန်တော် အာမခံပါတယ်။"

ထျဲဝူချင်က မျက်စိမှေးလိုက်၏။ "ချန်နင်စီရင်စုက ဒီလောက် ကြီးတာ။ မင်းလက်အောက်က လူနှစ်ရာကျော်လေးနဲ့ ရာဇဝတ်မှုမှတ်တမ်းရှိတဲ့ ပြစ်မှုကျူးလွန်သူအားလုံးကို ဖမ်းပြီး ငါ့ဆီလွှဲပေးနိုင်မယ်လို့ တကယ်ထင်နေတာလား။"

"သေချာတာပေါ့ ကျွန်တော်တို့ သူတို့ကိုမဖမ်းနိုင်ပါဘူး။ ဒါပေမဲ့ လိုအပ်ရင်သုံးရက်အတွင်းမှာ သူတို့အုပ်စုထဲကတစ်ယောက်ယောက်က အစိုးရရုံး တံခါးဝမှာ ကိုယ်တိုင်လာအဖမ်းခံပါလိမ့်မယ်။ သခင်ကြီးတင်မကဘူး၊ စီရင်စုသခင်တောင် အရမ်းဝမ်းသာသွားလိမ့်မယ်လို့ ကျွန်တော် ယုံကြည်တယ်" ဆုရှင်းက တိုးညင်းစွာပြောလိုက်၏။

ထျဲဝူချင် အံ့အားသင့်သွားပြီးနောက် ရယ်မောလိုက်သည်။

"ငါခုနကပြောခဲ့တာကို ပြန်ရုပ်သိမ်းတယ်။ မင်း အစိုးရအရာရှိမဖြစ်လာတာက မင်းရဲ့ပါရမီကို နှမြောစရာကောင်းယုံတင် မကဘူး။ တကယ်လို့ မင်းသာဖြစ်လာခဲ့ရင် မင်းကသစ္စာဖောက်ကြီး တစ်ယောက်ဖြစ်လာမှာ သေချာတယ်။"

ဆုရှင်း၏ စကားများကို သူ ဘယ်လိုလုပ် နားမလည်ဘဲ နေမည်နည်း။ သူတို့က ထိုလူအားမဖမ်းနိုင်လျှင်ပင်။ ကိုယ်တိုင်လာအဖမ်းခံပြီးအပြစ်ကို ခံယူမည် အစားထိုးတစ်ယောက်ကို ရှာ၍ရသည်။

သေဒဏ် မဟုတ်သရွေ့။ ထို့အတူ စျေးနှုန်းသာ မှန်မည်ဆိုပါက ချန်လဲ့ရပ်ကွက်ကဲ့သို့သော နေရာမျိုးတွင် ထိုသို့လုပ်ချင်သည့်သူ များစွာရှိလိမ့်မည်။

ထိုသို့လုပ်ရသည့် ရည်ရွယ်ချက်မှာတစ်ခုတည်းသာ ရှိ၏။ ထျဲဝူချင်၏နိုင်ငံရေး အောင်မြင်မှုများကို မြှင့်တင်ရန်နှင့် စီရင်စုသခင်၏ နိုင်ငံရေး အောင်မြင်မှုများကို မြှင့်တင်ရန်ဖြစ်သည်။

မည်သည့် အစိုးရအရာရှိမှ သူတို့၏စားပွဲပေါ်တွင် အမှုများ တောင်ပုံရာပုံစုပုံနေခြင်းကို မနှစ်သက်ကြပေ။ အမှုများ အားလုံးဖြေရှင်းပြီးသွားသရွေ့ အစစ်မှန်ပြစ်မှုကျူးလွန်သူများ လွတ်မြောက်သွားသည်ကို မည်သူက ဂရုစိုက်မည်နည်း။

"ကောင်းပြီ။ ဒီရက်ရောတဲ့ လက်ဆောင်ကို ငါ လက်ခံပါတယ်။ ကဲ ပြောပါဦး မင်း ဘာလိုချင်လို့လဲ။"

"သခင်ကြီးက တတ်နိုင်သလောက်ကျွန်တော့်ကို ကူညီပေးဖို့ပဲ လိုချင်တာပါ။" ဆုရှင်းက တတ်နိုင်သလောက်ဟူသော စကားလုံးများကို အလေးအနက်ထား ပြောလိုက်သည်။

"မင်း မပြောရင်တောင် ငါ လုပ်ပေးမှာပါ။ ဘာပဲဖြစ်ဖြစ် ချန်နင်စီရင်စု တစ်ခုလုံးမှာ..."

"ဂိုဏ်းသုံးဂိုဏ်းနဲ့အဖွဲ့လေးဖွဲ့မှာတောင် မင်းလို စိတ်ဝင်စားစရာကောင်းတဲ့ လူကိုမရှာနိုင်ဘူး။" ထျဲဝူချင်၏ နှုတ်ခမ်းများပေါ်တွင် မှိန်ဖျော့ဖျော့ အပြုံးတစ်ခု ထပ်မံ ပေါ်လာပြန်သည်။

*ဒီလူငယ်က တကယ်ကို စိတ်ဝင်စားစရာ ကောင်းတယ်။ ဂိုဏ်းသုံးဂိုဏ်းနဲ့ အဖွဲ့လေးဖွဲ့က အခြားအဖွဲ့ဝင်တွေ အားလုံးက အင်ပါယာနန်းတော်က လူတွေနဲ့ ဆက်ဆံတဲ့အခါ ခပ်ခွာခွာနေဖို့ တစ်ခုတည်းကိုပဲ အမြဲတမ်း ပြောတတ်ကြတယ်။*

*ဂိုဏ်းသုံးဂိုဏ်းနဲ့ အဖွဲ့လေးဖွဲ့က ချန်နင်စီရင်စုမှာ အတော်လေးအင်အားကြီးပေမဲ့ အင်ပါယာ နန်းတော်ကို စိန်ခေါ်နိုင်လောက်အောင်တော့ မစွမ်းဆောင်နိုင်ကြပါဘူး။ ဒါကြောင့် သူတို့က အစိုးရကို လေးလေးစားစားဆက်ဆံပြီး တစ်ခါတလေ လာဘ်တောင် ထိုးကြသေးတယ်။*

*ဒါပေမဲ့ ဒီလူတွေထဲက တစ်ယောက်မှ ဆုရှင်းလိုမျိုး မျက်နှာလိုမျက်နှာရလုပ်ဖို့တက်တက်ကြွကြွ မကြိုးစားသလို၊ သူ့ရဲ့နိုင်ငံရေး အောင်မြင်မှုတွေကို မြှင့်တင်ဖို့ လိမ္မာပါးနပ်တဲ့ လှည့်စားမှုတွေကိုတောင် အသုံးမပြုခဲ့ကြဘူး။*

ထျဲဝူချင် လက်ဝှေ့ယမ်းလိုက်ရာ ရဲမက်အချို့က ချက်ချင်း လိုက်လာကြ၏။ ရဲမက်ငယ်လေး တစ်ဦးက မနေနိုင်ဘဲမေးလိုက်သည်။ "ခေါင်းဆောင်၊ အဲဒီကောင်လေးက ခင်ဗျားကို ဘာပြောလိုက်တာလဲ။"

"ဒေါက်.."

ထျဲဝူချင်က သူ့နဖူးကိုခေါက်လိုက်ရာ ရဲမက်ငယ်လေး၏ခေါင်းပေါ်တွင် အနီရောင်အကွက်ကြီး တစ်ခု ကျန်ရစ်ခဲ့၏။

"မမေးသင့်တာတွေ မမေးနဲ့။ပြီးတော့ မင်းက သူ့ကို ကောင်လေးလို့ ခေါ်နေသေးတယ်။ အဲ့ဒီကောင်လေးသာ မင်းနေရာမှာဆိုရင်..."

"အခုလောက်ဆို ရဲမက်ခေါင်းဆောင်ဖြစ်နေလောက်ပြီ။ အခုတော့ မင်းကသာမန်ရဲမက်လေးပဲရှိသေးတယ်။"

ရဲမက်ငယ်လေးက နှုတ်ခမ်းမဲ့ကာ မကျေနပ်ကြောင်း သိသာစွာပြသနေသော်လည်း ထျဲဝူချင်၏ ဖိအားအောက်တွင် သူထပ်မံ မငြင်းခုံရဲတော့ပေ။

ထျဲဝူချင်က သူ၏လက်ထဲရှိ သံဘောလုံးကို လှည့်ကာ သူသာကြားနိုင်သော အသံဖြင့်တီးတိုးပြောလိုက်၏။ "ဟက်... အဲဒီခွေးအိုကြီးရှားဖေးယင်းရဲ့ လူတွေထဲမှာ ဒီလိုစိတ်ဝင်စားစရာကောင်းတဲ့ လူငယ်လေးတစ်ယောက် ပေါ်လာလိမ့်မယ်လို့ မထင်ထားဘူး။ လင်းယုန်ပျံဂိုဏ်းက အခုတော့ စိတ်ဝင်စားစရာကောင်းလာတော့မယ်။ သူ ဘယ်လောက်အထိခရီးရောက်နိုင်မလဲ ဆိုတာ ငါ သိချင်နေပြီ။"

ထျဲဝူချင် ထွက်သွားသည်ကို ကြည့်ရင်း ဆုရှင်းက လီချင်းကို ပျော်ရွှင်ဖွယ်တောအုပ်တွင် ဆက်လက် ကင်းလှည့်ရန် လက်ဝှေ့ယမ်းပြလိုက်ပြီးနောက် အိမ်သို့ ပြန်လာခဲ့၏။

ထျဲဝူချင်နှင့် ဆက်သွယ်မှုတစ်ခု တည်ဆောက်နိုင်ခဲ့ခြင်းမှာ ဝမ်းသာစရာအံ့သြမှုတစ်ခု ဖြစ်သည်။ တကယ်တမ်းတွင် သူက အစိုးရအရာရှိများနှင့် အမြဲတစေအဆင်ပြေအောင် နေချင်ခဲ့သော်လည်း သင့်လျော်သူတစ်ဦးကို တစ်ခါမျှမတွေ့ခဲ့ဖူးပေ။

ရှားဖေးယင်းနှင့် သူ၏အပေါင်းအပါများက အင်ပါယာ နန်းတော်နှင့် အစိုးရအရာရှိများထံမှ ခပ်ခွာခွာ နေတတ်ကြ၏။ အဘယ်ကြောင့်ဆိုသော် သူတို့က လုံးဝ ကွဲပြားခြားနားသောလောကတစ်ခုတွင် နေထိုင်ကြသည်ဟု ယုံကြည်သောကြောင့်ပင်။

သို့သော် ဆုရှင်း၏အတွေးက သူတို့နှင့် ကွဲပြားသည်။ အစိုးရအရာရှိများနှင့် ဆက်ဆံရေးကောင်းမွန်ခြင်းက အချို့သောအခြေအနေများတွင် အလွန်အသုံးဝင်နိုင်သည်ဟု သူ ယုံကြည်၏။

သူ၏ယခင်ဘဝတွင် ဆုရှင်း၏သူဌေးဖြစ်သူ၊ ကုန်ထုတ်လုပ်မှုကုမ္ပဏီကြီးဒါဇင်ပေါင်းများစွာကို ပိုင်ဆိုင်ကာ အပြင်ထွက်လေ့မရှိသည့် သူဌေးကြီး တစ်ဦးက ထိုအတိုင်းပင် လုပ်ဆောင်ခဲ့သည်။

သူ၏အတန်းဖော် တစ်ဦးက အစိုးရ အရာရှိ တစ်ဦး ဖြစ်သည်။ သူ၏အတန်းဖော်က နေရာတစ်ခုတွင် တာဝန်ကျတိုင်း သူက ထိုနေရာတွင် စက်ရုံတစ်ရုံ သွားဖွင့်လေ့ရှိပါသည်။ ငွေပေးရန်မဟုတ်ဘဲ နိုင်ငံရေးအောင်မြင်မှုများပေးရန် သက်သက်သာ ဖြစ်သည်။

နောက်ဆုံးတွင် ဆုရှင်း၏ယခင်ဘဝ သူဌေး၏လုပ်ရပ်များမှာ အလဟဿမဖြစ်ခဲ့ကြောင်း တွေ့ရှိရ၏။

သူ မစော်ကားသင့်သော သူတစ်ဦးကို စော်ကားမိပြီး သူ၏မိသားစု တစ်ခုလုံး ဆုံးရှုံးရလုနီးပါးဖြစ်ခဲ့ချိန်တွင်၊ ထိုအခါ အဆင့်မြင့်အရာရှိကြီး တစ်ဦး ဖြစ်နေပြီဖြစ်သော အတန်းဖော်က သူ၏ဘက်မှ ရပ်တည်ပြောဆိုပေးခဲ့သဖြင့် ဘေးအန္တရာယ်မှ ကင်းလွတ်ခဲ့ရသည်။

ဆုရှင်းက ထျဲဝူချင်ထံမှ မည်သည့် ကတိကဝတ်မျှ မလိုချင်ပေ။ အရေးကြီးသော အချိန်များတွင် သူ၏ဘက်မှ ရပ်တည်ပေးရန်သာ လိုချင်ပြီး ၎င်းမှာ လုံလောက်ပါသည်။

နောက်တစ်နေ့ နံနက်တွင် ဆုရှင်း ခန်းမသို့ ရောက်လာရာ ဟွမ်ပင်းချန်က တံခါးဝတွင် သူ့ကို စောင့်နေနှင့်ပြီ ဖြစ်သည်။

"ငါ့ရဲ့ မွေးစားအဖေက ဘာပြောလဲ။" ဆုရှင်းက ဟွမ်ပင်းချန်ကို ပင်မခန်းမရှိ သီးသန့်အခန်းတစ်ခန်းထဲသို့ ဆွဲခေါ်သွားရင်း မေးလိုက်သည်။

ဟွမ်ပင်းချန်က ဆုရှင်းအတွက် လက်ဖက်ရည် ငှဲ့ပေးရင်း ပြောလိုက်၏။ "ကျုပ်တို့က သူ့ကိုပိုက်ဆံသွားပေးတာဆိုတော့ သူက ဘာပြောနိုင်မှာလဲ။ ကျုပ်သူ့ကိုတောင် မတွေ့ခဲ့ရဘူး။ ပိုက်ဆံကို အကြံပေးလျိုဆီ တိုက်ရိုက်ပေးခဲ့ရတာ။"

ဆုရှင်း ခေါင်းယမ်းလိုက်၏။ သူ၏မွေးစားအဖေမှာ အလွန်သဘောထားသေးသိမ်လွန်းသေးသည်။ သူက ဆုရှင်းနှင့် စတင် ခပ်ခွာခွာနေနေပြီ ဖြစ်၏။

"ဒါနဲ့ မိုးပြာဝါးဂိုဏ်းနဲ့ ငါတို့ လင်းယုန်ပျံဂိုဏ်း အကြောင်း စုံစမ်းခိုင်းထားတာ ဘယ်လိုနေလဲ။"

ဟွမ်ပင်းချန်က ရယ်မောလိုက်ပြီး ပြောသည်။ "အကုန်လုံးနီးပါးစုံစမ်းပြီးသွားပြီ။ တိုင်ချုံးကို လုပ်ကြံပြီး မိုးပြာဝါးဂိုဏ်းက နောက်ဆုတ်သွားကတည်းက သူတို့ရဲ့ဂိုဏ်းဝင်တွေက မကျေမနပ် ဖြစ်လာကြတယ်။"

ဆုရှင်းက လက်ဖက်ရည်ခွက်ကို မှုတ်လိုက်ပြီး ပြောလိုက်၏။ "မကျေနပ်တာ ပုံမှန်ပါပဲ။ ခေါင်းဆောင်ကြီး တစ်ယောက်က ငါလိုနာမည်မရှိတဲ့ ကောင်လေး တစ်ယောက်ရဲ့သတ်တာကို ခံလိုက်ရတာတောင် သူတို့က လက်စားမချေရဲဘူးလေ။ ဘယ်သူမဆို အဲဒီလို အခြေအနေမျိုးမှာ ဒေါသထွက်မှာပဲ။"

ဟွမ်ပင်းချန်က သဘောတူကြောင်း ခေါင်းညိတ်လိုက်သည်။ "အဲဒါ အဓိပ္ပာယ်ရှိတယ်။ ပြီးတော့ မိုးပြာဝါးဂိုဏ်းရဲ့အခြေအနေက ပိုဆိုးလာပြီး အတွင်းရေး ပဋိပက္ခတွေ အမြဲဖြစ်နေတယ်။ မိုးပြာဝါးဂိုဏ်းရဲ့ဂိုဏ်းချုပ်ဟောင်းက ပြီးခဲ့တဲ့လကမှ ဆုံးသွားတာဆိုတော့ အခု ဂိုဏ်းကအုပ်စုနှစ်စု ကွဲနေတယ်။"

"အုပ်စုတစ်စုက ဂိုဏ်းချုပ်ရဲ့ သား ဝေ့ဖုန်း ။ သူက အမည်ခံ ဂိုဏ်းချုပ်ဖြစ်ပေမဲ့ မိုးပြာဝါးဂိုဏ်းရဲ့ ခေါင်းဆောင်ကြီးဆယ့်တစ်ယောက်ထဲက သုံးယောက်ကပဲ သူ့ကိုထောက်ခံတယ်။"

"မဟုတ်ဘူး။ အခု နှစ်ယောက်ပဲ ရှိတော့တယ်။ ခေါင်းဆောင်သတ်လိုက်တဲ့ တိုင်ချုံးက မူလက သူ့ကို ထောက်ခံတဲ့ သူတွေထဲက တစ်ယောက်ပဲ။"

"ကျန်တဲ့ နှစ်ယောက်ကတော့ ဝေ့ဖုန်းထက် အများကြီး ပိုသန်မာတဲ့ ဒုဂိုဏ်းချုပ်နှစ်ယောက်ဖြစ်တဲ့ ချန်ဟုန် နဲ့ မာချင်းယွမ်တို့ပဲ။"

"ဒါပေမဲ့ ဒီကောင်နှစ်ယောက်က ကိုယ်ပိုင် အကြံအစည်တွေ ရှိကြပြီး နှစ်ယောက်စလုံးက ဂိုဏ်းချုပ် ဖြစ်ချင်ကြတယ်။ ဒါကြောင့် နောက်ဆုံးတော့ ဝေ့ဖုန်းကို အဲဒီနေရာမှာ ခဏထိုင်ခိုင်းထားရတယ်။"

"လင်းယုန်ပျံဂိုဏ်းအပေါ် ဒီအုပ်စုနှစ်စုရဲ့ သဘောထားက အခု ဘယ်လိုရှိလဲ။"

ဟွမ်ပင်းချန်က ပြန်ဖြေလိုက်၏။ "ဝေ့ဖုန်းက စစ်တိုက်ချင်တယ်။ သူက အားနည်းပြီး ငယ်ရွယ်သေးတော့ လူတွေရဲ့ထောက်ခံမှုကိုရဖို့ ခက်ခဲတယ်။ သူ့ရဲ့နေရာကို ခိုင်မာအောင်လုပ်ဖို့ တိုက်ပွဲတစ်ခု အရေးတကြီးလိုအပ်နေတယ်။"

"သူ ရှုံးရင်တောင် အနည်းဆုံးတော့ မိုးပြာဝါးဂိုဏ်းထဲမှာ သူ့ရဲ့နေရာကို တည်ဆောက်နိုင်မယ်။ အဲလိုမှမဟုတ်ရင် မိုးပြာဝါးဂိုဏ်းက အောက်ခြေအဆင့် တချို့က သူတို့ရဲ့ခေါင်းဆောင် နာမည်ကိုတောင် သိကြမှာ မဟုတ်ဘူး။"

"ဒုဂိုဏ်းချုပ် နှစ်ယောက်ကတော့ စစ်မဖြစ်အောင် အစွမ်းကုန် ကြိုးစားနေကြတယ်။"

"သူတို့က အခု ဝေ့ဖုန်းကို တရားဝင်ဖြုတ်ချချင်နေတာ။ တိုက်ပွဲဖြစ်သွားရင် သူတို့ရဲ့အင်အားတွေ သေချာပေါက်အားနည်းသွားမှာဖြစ်ပြီး အဲဒါက သူတို့အတွက် ဘာအကျိုးမှ မရှိဘူးလေ။"

"ဒီအုပ်စု နှစ်စုက အပြင်းအထန်တိုက်ခိုက်နေကြတာလား။" ဆုရှင်းက လက်ဖက်ရည် တစ်ငုံ သောက်ပြီးနောက် မေးလိုက်၏။

ဟွမ်ပင်းချန် ခေါင်းညိတ်လိုက်ပါသည်။ "တော်တော် အံ့သြစရာကောင်းပါတယ်။ သူတို့က မျက်နှာဖုံးတွေကို ချက်ချင်းခွာချလုနီးပါးပဲ။"

"အခု ငါတို့လင်းယုန်ပျံဂိုဏ်း နယ်မြေနားက လူတွေ အားလုံးကို ဒုဂိုဏ်းချုပ်နှစ်ယောက်ရဲ့ လူတွေနဲ့ အစားထိုးလိုက်ပြီ။ ဝေ့ဖုန်းက ငါတို့ကို ရန်စပြီး ဂိုဏ်းနှစ်ခုကြားစစ်ဖြစ်လာမှာကို သူတို့ ကြောက်နေကြတယ်။"

"ဒီလောက် ကြိုတင်ကာကွယ်ထားတာတောင် လွန်ခဲ့တဲ့ ရက်အနည်းငယ်က တစ်ခုခုဖြစ်ခဲ့သေးတယ်။"

"ငါတို့ လင်းယုန်ပျံဂိုဏ်းက ညီအစ်ကို နှစ်ယောက်က မိုးပြာဝါးဂိုဏ်းရဲ့ဌာနချုပ်ဖြစ်တဲ့ ချန်သယ်လမ်းက ဆွေမျိုးတွေဆီအလည်သွားခဲ့တယ်။ ကံမကောင်းတဲ့ အဲဒီနှစ်ယောက်ကိုမှတ်မိသွားပြီး ဝေ့ဖုန်းရဲ့လူတွေက အဲဒီနေရာမှာတင် ရိုက်သတ်လုနီးပါး ဖြစ်ခဲ့တယ်။"

"ကံကောင်းလို့ ချန်ဟုန်က အခြေအနေကိုအချိန်မီ သိသွားပြီး လူကိုကယ်တင်ကာ လင်းယုန်ပျံဂိုဏ်းကို ပြန်ပို့ပေးခဲ့တယ်။ သူက လျော်ကြေးငွေ အများကြီးပေးပြီး သူတို့ရဲ့မျက်နှာကို ဆယ်ပေးခဲ့တယ်။ ပြီးတော့ ငါတို့ဘက်ကလည်း မတိုက်ချင်တော့ အဲဒီကိစ္စကို အဲဒီမှာတင်အဆုံးသတ်လိုက်တယ်။"

ဆုရှင်း ခဏမျှ စဉ်းစားလိုက်၏။ နှစ်ဖက်စလုံးက အလွန်ထိန်းချုပ်နေကြခြင်းမှာ သူ မြင်တွေ့လိုသော အရာမဟုတ်ပေ။

"ဟွမ်ကြီး။ ဒီသတင်းတွေကို စုဆောင်းခိုင်းတာ ငါ ဘာဆိုလိုလဲဆိုတာ မင်းသိသင့်တယ် ဟုတ်တယ်မလား။"

ဟွမ်ပင်းချန် ခဏမျှတုံ့ဆိုင်းသွားပြီးနောက် ခေါင်းညိတ်ကာ တီးတိုးပြောလိုက်၏။ "ခေါင်းဆောင်က မိုးပြာဝါးဂိုဏ်းကို တိုက်ချင်တာလား။"

ဆုရှင်း ဘာကိုမျှ မဖုံးကွယ်ဘဲ ခေါင်းညိတ်လိုက်သည်။ "ငါတို့ရဲ့ပျော်ရွှင်ဖွယ်တောအုပ်က အကန့်အသတ်ကိုရောက်နေပြီ။ ငါဆက်ပြီး လူစုနေရင် နေရာမလောက်တာတင် မကဘူး၊ ငါ့ရဲ့ မွေးစားအဖေကလည်း ငါ့ကိုသည်းခံမှာ မဟုတ်ဘူး၊ ပြီးတော့ ပြစ်ဒဏ်ခန်းမရဲ့အကြီးအကဲကလည်း ငါ့ကို အလွယ်တကူလွှတ်ထားမှာ မဟုတ်ဘူး။"

"ပျော်ရွှင်ဖွယ်တောအုပ် ကြီးထွားချင်ရင် တစ်ခုတည်းသော နည်းလမ်းက ဂုဏ်သိက္ခာရှိတဲ့ တိုက်ပွဲတွေကနေတစ်ဆင့်ပဲ။ ငါတို့ ညီအစ်ကိုတွေ တိုက်ခိုက်ပြီးသွေးချောင်းစီး‌ခဲ့ရတဲ့ နယ်မြေက ဂိုဏ်းချုပ်တောင် ဘာမှပြောလို့မရတဲ့ အရာပဲ။ ဒါကြောင့် ငါတို့ မိုးပြာဝါးဂိုဏ်းကို တိုက်ခိုက်ရမယ်။"

ဟွမ်ပင်းချန်က သူ၏ခေါင်းကို ကုတ်ကာ အနည်းငယ်ဒုက္ခရောက်နေပုံပေါ်၏။ "ဒါပေမဲ့ အခု နှစ်ဖက်စလုံးက အရမ်းထိန်းချုပ်နေကြပါတယ်။ ကျုပ်တို့ဘက်ကလည်း မတိုက်ချင်ဘူး။ မိုးပြာဝါးဂိုဏ်းကလည်း မတိုက်ချင်ကြဘူး။ ကျုပ်တို့လူတွေကြားမှာ ပွတ်တိုက်မှုနည်းနည်းရှိရင်တောင် ငွေနည်းနည်းနဲ့ မျက်နှာသာပေးမှု နည်းနည်းနဲ့ ဖြေရှင်းလို့ ရနိုင်ပါတယ်။တကယ့်တိုက်ပွဲတစ်ခု ဖြစ်လာဖို့ မလွယ်ပါဘူး။"

ဆုရှင်း၏ မျက်လုံးများတွင် အေးစက်သော အရိပ်အယောင် တစ်ခုဖြတ်သွားသည်။ "သူတို့က မတိုက်ချင်ဘူးဆိုမှတော့။ ငါက သူတို့ကို အခွင့်အရေးတစ်ခုပေးပြီး မတိုက်ဘဲ မနေနိုင်အောင် လုပ်ပေးရမှာပေါ့။"

All Chapters