← Chapters

အခန်း ၂၂၃၂

Vol. 139 Ch. 2232

အခန်း ၂၂၃၂

Vol. 139 Ch. 2232

အခန်း (၂၂၃၂) မဟာထန် စစ်ရှုံးခြင်း

သို့သော် အရာရာတိုင်းမှာ လုံးဝပြီးဆုံးသွားခြင်း မရှိသေးပါချေ။

ဘုန်း ဘုန်း ဘုန်း

ကျိလိလောင်ဇူမှာ အနောက်ဘက်ရှိ သံမဏိ စင်မြင့်ကြီးတစ်ခုပေါ်တွင် မတ်မတ်ရပ်နေခဲ့သည်။ ဤနေရာမှာ လုံခြုံရေး အလွန်တင်းကျပ်လွန်းလှပြီး ရှေ့တန်းတိုက်ပွဲ၏ သက်ရောက်မှုကို အနည်းငယ်မျှ လုံးဝမခံရသော အလုံခြုံဆုံး နေရာများထဲမှ တစ်ခုပင် ဖြစ်သည်။ တစ်ချိန်တည်းမှာပင် မဟာစစ်အစီအရင်ကြီး တစ်ခုလုံး၏ အဓိက အလယ်ဗဟိုလည်း ဖြစ်ပေသည်။

ဤနေရာတွင် ရပ်နေလျက် ကျိလိလောင်ဇူအနေဖြင့် မဟာစစ်အစီအရင် ကြီး၏ လည်ပတ်မှုကို အချိန်မရွေး ထိန်းချုပ် ညွှန်ကြားနိုင်စွမ်း ရှိသည်။ တစ်ချိန်တည်းမှာပင် ဤနေရာမှနေ၍ မြို့ကြီးတစ်ခုလုံး၏ အတွင်းပိုင်းကို အပေါ်စီးမှ ငုံ့ကြည့်နိုင်ပြီး ပြောင်းလဲမှုများ အားလုံးကို ရှင်းလင်းစွာ မြင်တွေ့နိုင်ပေသည်။

ညအချိန်၏ အမှောင်ထု အတွင်း၌ မီးဆီအမြောက်အမြားမှာ ပြင်းထန်စွာ လောင်ကျွမ်းနေခဲ့ပြီး မြို့ကြီးတစ်ခုလုံးကို လင်းထိန်သွားစေတော့သည်။ သို့သော် မီးရောင်များ မရောက်ရှိနိုင်သော နေရာများတွင်မူ ဤအခိုက်အတန့်၌ အလင်းတန်းများ တစ်ချက်ပြီးတစ်ချက် အဆက်မပြတ် လင်းလက်လာခဲ့ပြီး၊ နားကွဲမတတ် ပြင်းထန်လှသော ပေါက်ကွဲသံကြီးများ အဆက်မပြတ် ထွက်ပေါ်လာတော့သည်။

ပေါက်ကွဲသံ တစ်ချက် ထွက်ပေါ်လာသည့် အကြိမ်တိုင်းတွင် မြို့တွင်းရှိ မဟာစစ်အစီအရင်ကြီး ဖွဲ့စည်းတည်ဆောက်ထားသော သေးငယ်သည့် စစ်အစီအရင်တစ်ခုစီ ပြိုကွဲ ပျက်စီးသွားကြောင်းကို ဆိုလိုခြင်း ပင် ဖြစ်သည်။

ပထမဆုံးသော ဧရာမ မဟာစစ်အစီအရင်ကြီး ပြိုကွဲပျက်စီးသွားပြီးနောက် နောက်ဆက်တွဲ ကွင်းဆက် တုံ့ပြန်မှုများမှာ လုံးဝပြီးဆုံးသွားခြင်း မရှိသေးပါချေ။

ကျိလိလောင်ဇူအနေဖြင့် မြေအောက်ရှိ ဒုတိယမြောက် ဧရာမ မဟာစစ်အစီအရင် ကြီးမှာလည်း အဆက်မပြတ် ပြိုကွဲပျက်စီးနေကြောင်းကို ရှင်းလင်းစွာ ခံစားသိရှိနေတော့သည်။

မြို့ကြီးတစ်ခုလုံးမှာ လုံးဝအကာအကွယ်မဲ့သော အခြေအနေမျိုးသို့ ရောက်ရှိနေပြီ ဖြစ်၏။

ဤမျှသာမက လေအေးများ ပြင်းထန်စွာ တိုက်ခတ်နေခဲ့ရာ ကျိလိလောင်ဇူ၏ မုတ်ဆိတ်များနှင့် အင်္ကျီလည်ပင်းများပေါ်တွင် သာမန်မျက်စိဖြင့် မြင်တွေ့နိုင်လောက်အောင် မြန်ဆန်လှသော အရှိန်ဖြင့် နှင်းခဲလွှာများ လျင်မြန်စွာ ဖြစ်ပေါ်လာတော့သည်။ ထို့ပြင် ကျိလိလောင်ဇူ၏ နေရာမှနေ၍ လှမ်းကြည့်လိုက်မည်ဆိုပါက မြို့တွင်း၌ မီးဆီများ ပြင်းထန်စွာ လောင်ကျွမ်းနေမှုကြောင့် ဖြစ်ပေါ်လာသော ဧရာမ မီးပုံကြီးများမှာလည်း နှင်းမုန်တိုင်းကြီး၏ သက်ရောက်မှု အောက်တွင် တစ်ခုပြီးတစ်ခု အဆက်မပြတ် ငြိမ်းသတ်သွားကြသည်ကို မြင်တွေ့လိုက်ရတော့သည်။

ဘယ်တော့မှ ငြိမ်းသတ်သွားခြင်း မရှိပါဟု နာမည်ကြီးလေ့ ရှိသော "အာရပ် မီးဆီ"များ ပင်လျှင် ဤကဲ့သို့သော ရာသီဥတုမျိုးတွင် အလွန်အမင်း ကြီးမားလှသော စမ်းသပ်မှု ကြီးတစ်ခုကို ရင်ဆိုင်နေရပြီ ဖြစ်တော့သည်။

ကျိလိလောင်ဇူမှာ မြင့်မားလှသော သံမဏိစင်မြင့်ကြီးပေါ်တွင် မတ်မတ်ရပ်နေလျက် လက်သင်္ကေတများ အဆက်မပြတ် ပြုလုပ်ကာ၊ စစ်အစီအရင်ကို တွန်းအားပေးပြီး မဟာစစ်အစီအရင်၏ ပြောင်းလဲမှု လားရာကို ပြောင်းလဲပစ်ရန် ကြိုးပမ်းနေတော့သည်။

သို့သော် ခဏအကြာတွင် ကျိလိလောင်ဇူမှာ ရှည်လျားလှသော သက်ပြင်းကြီးတစ်ခုကို ချလိုက်ပြီး မျှော်လင့်ချက် ကင်းမဲ့စွာဖြင့် မျက်လုံးများကို မှိတ်လိုက်တော့သည်။

"ပြီးပြီ... အရာရာတိုင်း ပြီးဆုံးသွားပြီ"

ကျိလိလောင်ဇူက ခေါင်းကို ဖြည်းညင်းစွာ မော့လိုက်ရာ ထိုအခိုက်အတန့်၌ သူ၏ရင်ထဲတွင် သွေးများ ယိုစီးကျနေသည့်အလား ဖြစ်နေတော့သည်။

အကယ်၍ အသေးအမွှား ချို့ယွင်းချက်လေးတွေသာဆိုပါက သူ အစွမ်းကုန် ကြိုးစားပြင်ဆင်နိုင်သေးသည်။ သို့သော် ယခုအခါ စစ်အစီအရင်မှတစ်ဆင့် မြေအောက် အရပ်မျက်နှာ အားလုံးမှ သူ စုပ်ယူထားသော ကောင်းကင်နှင့်မြေကြီး၏ ယန်ချီ စွမ်းအင်များမှာ အဆက်မပြတ် လွင့်စင်ပျောက်ကွယ်နေပြီ ဖြစ်ကြောင်းကို သူ ရှင်းလင်းစွာ ခံစားသိရှိနေတော့သည်။

စွမ်းအင်များ လွင့်စင် ပျောက်ကွယ်သွားခြင်းမှာ မီးဖို၏ အောက်ခြေ မှနေ၍ ထင်းများကို ဆွဲထုတ်လိုက်သကဲ့သို့ပင် ဖြစ်သည်။ မီးမျိုးစေ့ကို နောက်တစ်ကြိမ် ပြန်လည် မီးမွှေးမည်ဆိုလျှင်တောင်မှ အဓိပ္ပာယ် မရှိတော့ပါချေ။ ယခင်က အတိုင်းအတာမျိုးသို့ ရောက်ရှိရန် လုံးဝမဖြစ်နိုင်တော့ပါချေ။

မြို့ကြီး တစ်ခုလုံး၏ ဧရာမမဟာစစ်အစီအရင် သုံးခုမှာ သူ လုံးဝတွေးတော မထားခဲ့သော အခြေအနေမျိုးတွင် ဤကဲ့သို့ လွယ်လွယ်ကူကူ ပြိုကွဲ ပျက်စီးသွားခဲ့ရပြီ ဖြစ်သည်။

"ဝမ်ချောင်... တောင်းပန်ပါတယ်"

ထိုအခိုက်အတန့်၌ ကျိလိလောင်ဇူ၏ရင်ထဲ၌ အလွန်အမင်း နာကျင်နေတော့သည်။

မြို့ကြီး၏ ပြောင်းလဲမှုများမှာ ဤမျှလောက်သာ မဟုတ်ပါချေ။ အစပိုင်းတွင် မြို့ကြီးကို တည်ဆောက်ခဲ့စဉ်က နိုင်ငံအသီးသီး၏တိုက်ခိုက်မှုကို ပိုမိုထိရောက်စွာ ကာကွယ်တားဆီးနိုင်ရန်အတွက်၊ ကျိလိလောင်ဇူသည် မြေအောက်ရှိ ဧရာမ မဟာစစ်အစီအရင် သုံးခု နှင့် ဘေးပတ်ဝန်းကျင်ရှိ သံမဏိ မြို့ရိုးကြီးကို တစ်သားတည်း ဖြစ်အောင် ပေါင်းစပ်ထားခဲ့ခြင်း ဖြစ်သည်။

ဧရာမ မဟာစစ်အစီအရင် သုံးခုနှင့် သံမဏိခံတပ် အတွင်းရှိ ခိုင်မာလှသော မန္တန်များ၊ ကာကွယ်ရေး စစ်အစီအရင်များမှာ အစောကြီးကတည်းက တစ်သားတည်း ဖြစ်နေခဲ့ကြပြီဖြစ်ရာ၊ ဧရာမ မဟာစစ်အစီအရင် သုံးခု ပြိုကွဲ ပျက်စီးသွားသည့်အချိန်တွင်၊ သံမဏိ မြို့ရိုးကြီး၏ နေရာအများအပြားတွင် ရေးထွင်းထားသော မန္တန်များနှင့် စစ်အစီအရင်များမှာလည်း ရိုက်ခတ်မှုများကြောင့် ပျက်စီးသွားခဲ့ကြရသည်။

ဤသည်မှာ သံမဏိ မြို့တော်ကြီး၏ ခိုင်ခံ့မှု အတိုင်းအတာမှာ အလွန်အမင်း ကြီးမားလှသော အားနည်းသွားမှုနှင့် ပျက်စီးမှုများကို ရင်ဆိုင်လိုက်ရပြီဖြစ်ကြောင်းကို ဆိုလိုခြင်းပင် ဖြစ်တော့သည်။

"ဝုန်း ဝုန်း…"

မည်သည့် နိမိတ်လက္ခဏာမျှ မရှိဘဲ မြို့ကြီး၏ အရှေ့မြောက်ဘက်နေရာရှိ သံမဏိ မြို့ရိုးကြီး တစ်စိတ်တစ်ပိုင်းမှာ ဧရာမ မဟာစစ်အစီအရင်ကြီး ပြိုကွဲပျက်စီးသွားသည့် ရိုက်ခတ်မှုများကြောင့်၊ မြို့ရိုးကြီးတစ်ခုလုံး ရုတ်တရက် ပြိုကျသွားခဲ့သည်။ မြို့ရိုးပေါ်ရှိ မဟာထန်၏စစ်သည်များနှင့်အတူ အံ့ဩထိတ်လန့်စွာ အော်ဟစ်သံများအကြား၌ ရွှေတောင်ကြီးများ ပြိုကျလာသည့်အလား ပြင်းထန်လှသော မြည်ဟည်းသံကြီးများနှင့်အတူ အောက်သို့ ပြိုကျသွားခဲ့ရာ ကောင်းကင်ယံအပြည့် နှင်းပွင့်များ အဆက်မပြတ် လွင့်စင်သွားတော့သည်။

တစ်ချိန်တည်းမှာပင် အနောက်မြောက်ဘက် နေရာရှိ မြို့ရိုး တစ်စိတ်တစ်ပိုင်း မှာလည်း အလားတူပင် ပြိုကျသွားတော့သည်။

မရေမတွက်နိုင်သော လူများ၏အကြည့်များ အောက်တွင် မျက်တောင်တစ်ခတ်မျှ အချိန်လေး အတွင်းမှာပင်၊ ကြေးတံတိုင်း သံတံတိုင်းများ အလား ခိုင်မာလှသော သံမဏိခံတပ်၏ အပြင်ဘက် မြို့ရိုး ကြီး ပေါ်တွင် ဤကဲ့သို့ ဧရာမ အပေါက်နှစ်ခု ရုတ်တရက် ပေါ်ထွက်လာတော့သည်။

"မြို့ ကျသွားပြီ"

ဤမြင်ကွင်းကို မြင်တွေ့လိုက်ရသည့်အခါ သံမဏိခံတပ်၏ အပြင်ဘက်တွင် ထောင်နှင့် သောင်းနှင့်ချီသော နိုင်ငံအသီးသီး၏စစ်သည်များအားလုံး၏ မျက်လုံးများ လင်းလက်သွားခဲ့ပြီး၊ မျက်တောင်တစ်ခတ်အတွင်း ပြင်းထန်လှသော အောင်ပွဲခံ အော်ဟစ်သံကြီးများ အဆက်မပြတ် ပေါက်ကွဲထွက်ပေါ်လာတော့သည်။

စစ်တပ်ကြီး တစ်ခုလုံး၏ စိတ်ဓာတ်များ အလွန်အမင်း မြင့်တက်လာတော့သည်။ မဟာထန်က တောင်ဘက်တွင် တည်ဆောက်ထားသော ဤတပ်စခန်းကြီး၏ မြို့ရိုးများမှာ အလွန်အမင်း မြင့်မားခိုင်ခံ့လွန်းလှရာ လူတိုင်းကို မျှော်လင့်ချက် ကင်းမဲ့သွားစေရန် လုံလောက်ပေသည်။ ပထမဆုံးနေ့တိုက်ပွဲတွင် နိုင်ငံအသီးသီး၏ စစ်တပ်ကြီးမှာ ဤကိစ္စအတွက် အလွန်အမင်း ကြီးမားလှသော ဆုံးရှုံးမှုများကို ရင်ဆိုင်ခဲ့ရသည်။ ယခုအချိန်တွင်ပင်လျှင် နှင်းမုန်တိုင်းကြီး၏အကူအညီ ရှိနေခဲ့သည်ဆိုသော်ငြားလည်း နိုင်ငံအသီးသီး အနေဖြင့် အလားတူပင် အလွန်အမင်း ကြီးမားလှသော သေဆုံး ဒဏ်ရာရမှုများကို ရင်ဆိုင်နေရဆဲပင် ဖြစ်သည်။ သို့သော် ယခုအခါ ဤဧရာမ အပေါက်ကြီးနှစ်ခု ပေါ်ထွက်လာခဲ့ပြီဖြစ်ရာ နိုင်ငံအသီးသီး၏ သံချပ်ကာမြင်းတပ်များမှာ မြင့်မားလှသော မြို့ရိုး ကြီးကို တိုက်ရိုက် ရှောင်ကွင်းသွားနိုင်ပြီ ဖြစ်ပြီး၊ မြင်းများကို အားကုန် စီးနင်းကာ အတားအဆီး မရှိဘဲ သံမဏိခံတပ်၏ အတွင်းပိုင်း သို့ တိုက်ရိုက် ဝင်ရောက်သွားနိုင်တော့မည် ဖြစ်သည်။

"သတ်"

သတ်ဖြတ်အော်ဟစ်သံကြီးများမှာ ထွက်ပေါ်လာခဲ့ပြီး မူလက မြို့ရိုးဆီသို့ ဒီရေလှိုင်းလုံးကြီးများအလား တဟုန်ထိုး ပြေးဝင်နေကြသော နိုင်ငံအသီးသီး၏ စစ်တပ်ကြီးမှာ ရေစီးကြောင်းအသစ်များအဖြစ်သို့ လျင်မြန်စွာ ပြောင်းလဲသွားခဲ့ပြီး၊ စစ်မြေပြင်၏ မျက်နှာစာမှနေ၍ အလိုအလျောက် ရှောင်ကွင်းသွားကာ ထိုအပေါက်နှစ်ခုရှိရာ အရပ်ဆီသို့ လုယက်ကာ ပြေးဝင်သွားကြတော့သည်။

ဤမြင်ကွင်းကို မြင်တွေ့လိုက်ရသည့်အခါ ဝမ်ကျုံးစစ်နှင့် အခြားသူများ၏ မျက်နှာအမူအရာများ ပင်လျှင် ချက်ချင်း ပြောင်းလဲသွားကြတော့သည်။

အကယ်၍ မဟာစစ်အစီအရင်ကြီး ဖျက်ဆီးခံလိုက်ရသည်ဆိုလျှင်တောင်မှ မြင့်မားလှသော မြို့ရိုးကြီးက တားဆီးပေးထားသေးရာ လူတိုင်းအနေဖြင့် အခြေအနေကို ပြောင်းလဲနိုင်မည့် အခွင့်အရေး ရှိနေသေးသည်။ သို့သော် မြို့ရိုးကြီး ပြိုကျသွားသည့်အခါတွင်မူ အလွန်အမင်း အားနည်းလှသော မြို့တွင်းနေရာများမှာ ရန်သူများ၏ သံချပ်ကာမြင်းတပ်များ၏ ရှေ့မှောက်တွင် ချက်ချင်းပင် လုံးဝအကာအကွယ်မဲ့စွာ ကျရောက်သွားပြီ ဖြစ်သည်။

ပို၍အရေးကြီးသည်မှာ ဤစစ်ပွဲတွင် မိမိတို့အနေဖြင့် စစ်အင်အားအများစုကို မြို့ရိုးပေါ်တွင် နေရာချထားခဲ့ခြင်းဖြစ်ပြီး အရာရာတိုင်းကို ဤမြို့ရိုးကြီးပေါ်တွင် အခြေခံ၍ တည်ဆောက်ထားခဲ့ခြင်း ဖြစ်သည်။ ယခု မြို့ရိုး နှစ်ပိုင်း ရုတ်တရက် ပြိုကျသွားခြင်းက လူတိုင်း၏ ကြိုတင် စီစဉ်ထားမှုများ အားလုံးကို လုံးဝဖရိုဖရဲ ဖြစ်သွားစေတော့သည်။

"ငါ့အမိန့်ကို ပေးလိုက်၊ စစ်တပ်တွေကို အဲဒီပြိုကျသွားတဲ့ မြို့ရိုးနေရာ နှစ်ခုဆီကို အမြန်ဆုံး ချက်ချင်း စေလွှတ်လိုက်စမ်း"

"ညီအစ်ကိုကျန်းချိုး.. ကျန်းညီအစ်ကို... ဗိုလ်ချုပ်ကြီးတို့... အခု ငါတို့ ထွက်ရမယ့် အချိန်ရောက်ပြီ၊ ဘာပဲဖြစ်ဖြစ် ဒီအပေါက်နှစ်ခုကို သေချာပေါက် ပိတ်ထားနိုင်ရမယ်"

ဝမ်ကျုံးစစ်က လေးနက်သော မျက်နှာဖြင့် ဘေးပတ်ဝန်းကျင်ရှိ လူတိုင်းကို လှည့်ကြည့်ရင်း ဆိုလိုက်တော့သည်။

မြို့ရိုး နှစ်ပိုင်း ပြိုကျသွားသည့်အခါတွင် နိုင်ငံအသီးသီးဘက်မှ ဖိအားများ အားလုံးမှာ ဤနေရာ နှစ်ခုပေါ်သို့ တိုက်ရိုက် စုစည်းလာတော့မည်ဖြစ်ကြောင်းကို သူ့ထက် ပိုသိရှိနားလည်သူ မည်သူမျှ မရှိပါချေ။ ဗိုလ်ချုပ်ကြီးများကိုယ်တိုင် သွားရောက် ကွပ်ကဲခြင်းမရှိဘဲ ယာယီ စုစည်းထားသော စစ်သည်များဖြင့်သာ ဆိုပါက နိုင်ငံအသီးသီး၏ ရူးသွပ်နေသော တိုက်ခိုက်မှု များကို လုံးဝတားဆီးနိုင်စွမ်း ရှိမည် မဟုတ်ပါချေ။

"နားလည်ပါပြီ"

အခြေအနေများမှာ အလွန်အမင်း အရေးပေါ် ဖြစ်နေပြီး အဆောက်အအုံ ကြီး တစ်ခုလုံး ပြိုကျလုနီးပါးဖြစ်နေပြီဖြစ်ရာ မြို့တွင်းရှိ လူတိုင်းမှာ အလွန်အမင်း အန္တရာယ် ကြီးမားလှသော အခြေအနေ မျိုးသို့ ရောက်ရှိနေပြီ ဖြစ်သည်။ ဤအခိုက်အတန့်၌ သူတို့ကိုယ်တိုင် သွားရောက် ကိုင်တွယ် ဖြေရှင်းရန်မှလွဲ၍ အခြားရွေးချယ်စရာ လုံးဝမရှိတော့ပါချေ။

သူတို့အနေဖြင့် မည်ကဲ့သို့ပင် ကြိုးစား လုပ်ဆောင်နေပါစေ…. မဟာစစ်အစီအရင်ကြီး ဖျက်ဆီးခံလိုက်ရပြီး သံမဏိခံတပ်ကြီးတစ်ခုလုံးမှာ လုံးဝအကာအကွယ်မဲ့သွားပြီဖြစ်သည့် အမှန်တရားကိုမူ လုံးဝပြောင်းလဲနိုင်စွမ်း မရှိတော့ပါချေ။

အလင်းတန်းများ တစ်ချက်လက်သွားခဲ့ပြီး လူတိုင်းမှာ သိမ်းငှက်များ ထိုးဆင်းသည့်အလား မြို့ရိုး ပေါ်မှနေ၍ လျင်မြန်စွာ ပျောက်ကွယ်သွားကြတော့သည်။

အခြားတစ်ဖက်တွင်မူ တိမ်တိုက်များ အနက်ပိုင်း၊ အဆုံးအစမရှိသော နှင်းမုန်တိုင်းများ ပြင်းထန်စွာ တိုက်ခတ်နေသည့် နေရာတွင် ဝမ်ချောင်နှင့်ထိုက်ရှီတို့မှာ မျက်နှာချင်းဆိုင် ရပ်နေကြဆဲပင် ဖြစ်သည်။

အရာရာတိုင်းမှာ နောက်ဆုံး အဆုံးအဖြတ် အချိန်သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ မြေပြင်နှင့် ပေ ခုနစ်ထောင်၊ ရှစ်ထောင်ကျော်ခန့် အကွာအဝေးရှိ ကောင်းကင်ယံ အမြင့်ပိုင်းတွင် ရှိနေသည်ဆိုလျှင်တောင်မှ ဝမ်ချောင်အနေဖြင့် မြေပြင်ပေါ်ရှိ သတ်ဖြတ်အော်ဟစ်သံကြီးများကို ရှင်းလင်းစွာ ကြားနေရဆဲပင် ဖြစ်သည်။ ထို့ပြင် သံမဏိခံတပ်အတွင်း၌ အဆက်မပြတ် ထွက်ပေါ်လာနေသော ပေါက်ကွဲသံကြီးများနှင့် နားကွဲမတတ် ပြင်းထန်လှသော မြည်ဟည်းသံကြီးများမှာ တစ်ချက်ပြီး တစ်ချက် အဆက်မပြတ် နားထဲသို့ ရောက်ရှိလာနေခဲ့ပြီး၊ အသံတစ်သံချင်းစီတိုင်းမှာ ဝမ်ချောင်၏ နှလုံးသားကို ပြင်းထန်စွာ ရိုက်ခတ်နေသည့်အလား ဖြစ်နေတော့သည်။

အချို့သော ကိစ္စများမှာ ထိုက်ရှီရှင်းပြနေစရာပင် မလိုတော့ပါချေ။ ဝမ်ချောင်အနေဖြင့် အရာရာတိုင်းကို နားလည်သဘောပေါက်သွားခဲ့ပြီ ဖြစ်သည်။

စစ်အစီအရင် ပေါင်း သုံးထောင့် ခြောက်ရာ… ဤမျှလောက် များပြားလှသော အရေအတွက်နှင့် ဤမျှလောက် ကြီးမားကျယ်ပြန့်လှသော လှုပ်ရှားမှုများကို ပုံမှန်အခြေအနေမျိုးတွင် လူတိုင်း မသိအောင် လျှို့ဝှက် လုပ်ဆောင်နိုင်ရန် ဆိုသည်မှာ လုံးဝမဖြစ်နိုင်သလောက်ပင် ဖြစ်သည်။ ထို့ကြောင့် ရှေ့တည့်တည့်မှ အပြင်းအထန် တိုက်ခိုက်မှုများ အပါအဝင် ထိုက်ရှီကိုယ်တိုင် ထွက်ပေါ်လာပြီး မိမိကို ကောင်းကင်ယံ အမြင့်ပိုင်းသို့ ဆွဲခေါ်သွားခဲ့ခြင်း အားလုံးမှာ ထောင်ချောက်တစ်ခု သက်သက်သာဖြစ်ပြီး၊ နောက်ကွယ်တွင် ပြုလုပ်ထားသော ထိုအစီအစဉ်များကို ဖုံးကွယ်ထားရန် သက်သက်သာ ဖြစ်ပေသည်။

အန်းလုရှန်းတို့ လူစုအနေဖြင့် ညအချိန်တွင် တိုက်ခိုက်ရန် ရွေးချယ်ခဲ့ခြင်းမှာပင် တိတ်တဆိတ် စစ်အစီအရင်များ တည်ဆောက်နေသူများကို မြို့ရိုးအနီးသို့ ချဉ်းကပ်နိုင်ရန်အတွက် အကာအကွယ် ပေးထားခြင်း သက်သက်သာ ဖြစ်ပေလိမ့်မည်။

ဤကိစ္စတွင် အမည်းရောင်ဝတ်စုံဝတ် အဖွဲ့အစည်းမှ လူအမြောက်အမြား ပါဝင်ပတ်သက်နေမည်မှာ သေချာလှကြောင်းကိုပင် ဝမ်ချောင်အနေဖြင့် တွက်ချက်သိရှိနိုင်ပေသည်။ အကယ်၍ ထိုသို့သာ မဟုတ်ခဲ့ပါက ဤမျှလောက် အချိန်တိုလေးအတွင်းမှာ စစ်အစီအရင်များကို အပြည့်အဝ တည်ဆောက်နိုင်ရန်ဆိုသည်မှာ လုံးဝမဖြစ်နိုင်ပါချေ။

"ထိုက်ရှီ... မင်း ဘယ်တော့မှ အောင်မြင်မှာ မဟုတ်ဘူး။ မင်း ဘာလုပ်လုပ် မင်း လိုချင်တဲ့အတိုင်း လုံးဝဖြစ်လာမှာ မဟုတ်ဘူး"

လေပြင်းများ ပြင်းထန်စွာ တိုက်ခတ်နေခဲ့ပြီး ဝမ်ချောင်က မျက်နှာချင်းဆိုင်ရှိ ထိုက်ရှီကို စိုက်ကြည့်ရင်း ရုတ်တရက် ဆိုလိုက်တော့သည်။

"ဟွန်း... အခု အချိန်အထိ ပါးစပ်က လေကြီးလေကျယ် ပြောနေတုန်းပဲလား၊ ဒီစစ်ပွဲမှာ နိုင်မလား၊ ရှုံးမလား ဆိုတာကို မင်း မကြာခင် မြင်ရတော့မှာပါ"

ထိုက်ရှီက အေးစက်စက် ရယ်မောလိုက်သည်၊ စကားသံ ဆုံးသည်နှင့် တစ်ပြိုင်နက် အလွန်အမင်း အစွမ်းထက်လှသော အသိစိတ်လှိုင်းတစ်ခုမှာ ဟင်းလင်းပြင်ကြီးကို ဖောက်ထွက်လျက် မြေပြင်ပေါ်ရှိ နိုင်ငံအသီးသီး၏ စစ်တပ်ကြီးဆီသို့ တိုက်ရိုက် ဆက်သွယ်သွားတော့သည်။

"အန်းလုရှန်း... အချိန် ကျရောက်လာပြီ။ မဟာထန်ရဲ့ မြို့ရိုး ပြဿနာကို ဒီနတ်ဘုရား ဖြေရှင်းပေးလိုက်ပြီ၊ အခု မင်း လှုပ်ရှားရမယ့် အချိန် ရောက်ပြီ"

ထိုက်ရှီဤစကားကို ပြောဆိုနေသည့် အချိန်တွင် သူ၏ အကြည့်များမှာ မျက်နှာချင်းဆိုင်ရှိ ဝမ်ချောင်ကိုသာ အမြဲတမ်း စိုက်ကြည့်နေခဲ့ရာ၊ သူ၏ရည်ရွယ်ချက်မှာ အလွန်ပင် ရှင်းလင်း ထင်ရှားနေတော့သည်။

ဝမ်ချောင်မှာ စကားများများ ပြောမနေတော့ပါချေ။ နောက်ဆုံးတွင် ထိုက်ရှီကို နက်နက်ရှိုင်းရှိုင်း တစ်ချက် လှမ်းကြည့်လိုက်ပြီးနောက် ခန္ဓာကိုယ်ကို တစ်ချက် လှုပ်ရှားလိုက်ကာ အလွန်အမင်း ထူထပ်လှသော နှင်းမုန်တိုင်းများ အကြား၌ လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့ပြီး၊ မြေပြင်ပေါ်ရှိ သံမဏိခံတပ် ရှိရာ အရပ်ဆီသို့ လျင်မြန်စွာ ဆင်းသက်သွားတော့သည်။

မြေပြင်ပေါ်ရှိ အခြေအနေများမှာ အလွန်အမင်း အန္တရာယ် ကြီးမားနေပြီ ဖြစ်ကြောင်းကို သူ ရှင်းလင်းစွာ ခံစားသိရှိနေတော့သည်။

"မင်း လွတ်တော့မှာ မဟုတ်ဘူး"

ကောင်းကင်ယံတွင် ဝမ်ချောင်ထွက်ခွာသွားသည်ကို ကြည့်နေရင်း ထိုက်ရှီအနေဖြင့် လုံးဝတားဆီးရန် မကြိုးစားခဲ့ပါချေ။ အဆောက်အအုံကြီးတစ်ခုလုံး ပြိုကျသွားခဲ့ပြီ ဖြစ်ရာ ဝမ်ချောင်အနေဖြင့် မည်သို့ပင် ကြိုးစား လုပ်ဆောင်နေပါစေ ဤစစ်ပွဲ၏ ရလဒ် ကို လုံးဝပြောင်းလဲပစ်နိုင်စွမ်း ရှိတော့မည် မဟုတ်ပါချေ။

ယခုအချိန်တွင် ပိုမို၍ရုန်းကန်လေလေ နောက်ဆုံးတွင် ခံစားရမည့် မျှော်လင့်ချက် ကင်းမဲ့မှမှာ ပို၍ နက်ရှိုင်းလာလေလေ သာ ဖြစ်ပေလိမ့်မည်။

"ဘုန်း"

ထိုက်ရှီ၏တစ်ကိုယ်လုံး တုန်ခါသွားခဲ့ပြီး သရဲတစ္ဆေတစ်ကောင်အလား လျင်မြန်စွာ ပျောက်ကွယ်သွားတော့သည်။

တစ်ချိန်တည်းမှာပင် မြေပြင်ပေါ်၌ ကြီးမားကျယ်ပြန့်လှသော စစ်တပ်ကြီး၏ အလယ်ဗဟိုတွင်၊ အန်းလုရှန်းမှာ မြင်းပေါ်တွင် မတ်မတ်ရပ်နေလျက် ထိုက်ရှီ၏အသံကို ကြားလိုက်ရသည့်အခါ နှုတ်ခမ်းထောင့်များတွင် အပြုံးတစ်ခု လျင်မြန်စွာ ပေါ်ထွက်လာတော့သည်။

"နောက်ဆုံးတော့ ဒီအချိန် ကို ရောက်လာပြီပေါ့"

ထိုအခိုက်အတန့်၌ အန်းလုရှန်း၏ မျက်နှာအမူအရာမှာ အလွန်အမင်း ဝမ်းသာဂုဏ်ယူနေတော့သည်။

ကောင်းကင်ဘုံသာ သိပေလိမ့်မည်။ ယခုအချိန်လေးကို ရောက်ရှိလာရန်အတွက် သူ မည်မျှလောက် အချိန်အကြာကြီး စောင့်ဆိုင်းခဲ့ရသနည်း ဆိုသည်ကို။

သို့သော် ယခုအခါ သူ ပေးဆပ်ခဲ့သမျှ အားထုတ်မှုများ အားလုံးမှာ နောက်ဆုံးတွင် အကျိုးအမြတ်များ ပြန်လည်ရရှိလာခဲ့ပြီ ဖြစ်သည်။ မဟာထန်မှ စစ်သည် ခုနစ်သိန်းကျော် တည်ဆောက်ထားသော ခံစစ်မျဉ်းကြီးမှာ လုံးဝပြိုကွဲပျက်စီးသွားခဲ့ပြီဖြစ်ပြီး အောင်ပွဲဆီသို့ ဦးတည်နေသော တံခါးကြီးမှာ သူ၏ရှေ့မှောက်တွင် လုံးဝပွင့်ဟသွားခဲ့ပြီ ဖြစ်၏။

"ငါ့ အမိန့်ကို ပေးလိုက်စမ်း၊ စစ်တပ်ကြီးတစ်ခုလုံးကို အားလုံးစေလွှတ်လိုက်စမ်း၊ ဒီစစ်ပွဲမှာ မဟာထန်ရဲ့ စစ်တပ်တွေ အားလုံးကို အပိုင်းပိုင်းအစစ ခုတ်ထစ်ပစ်ရမယ်”

အန်းလုရှန်းက အနည်းငယ်မျှ တွေဝေခြင်း မရှိဘဲ ချက်ချင်း အမိန့်ပေးလိုက်တော့သည်။

ထိုအခိုက်အတန့်၌ သူ၏နှုတ်ခမ်းထောင့်များ အနည်းငယ် ကွေးတက်သွားခဲ့ပြီး အလွန်အမင်း အေးစက် ရက်စက်လှသော အပြုံးတစ်ခုပေါ်ထွက်လာတော့သည်။

"ဟုတ်ကဲ့ပါ"

အနောက်ဘက်မှနေ၍ အသံတစ်ခု လျင်မြန်စွာ ထွက်ပေါ်လာတော့သည်။

အန်းလုရှန်း၏ အမိန့်နှင့်အတူ ကျယ်လောင် စူးရှလှသော မောင်းသံကြီးတစ်ခုမှာ စစ်မြေပြင်ကြီးတစ်ခုလုံးတွင် ပဲ့တင်ထပ်သွားခဲ့သည်။ ဤသည်မှာ နောက်ဆုံး အဆုံးအဖြတ် တိုက်ပွဲကြီးကို ဆင်နွှဲရန် အမိန့်ပေးလိုက်သည့် အသံပင် ဖြစ်တော့သည်။

ယခင်တိုက်ပွဲတွင် နိုင်ငံအသီးသီး၏ စစ်တပ်များမှာ အဆက်မပြတ် ရှေ့သို့ ချီတက်နေခဲ့ကြသည် ဆိုသော်ငြားလည်း အမှန်တကယ် အသုံးပြုထားသော စစ်အင်အားမှာ တစ်ဝက်ပင် မရှိသေးပါချေ။ အနည်းဆုံး စစ်အင်အား ထက်ဝက်ခန့်မှာ အနောက်ဘက်တွင် အရန်အနေဖြင့် ရပ်တန့်နေကြဆဲပင် ဖြစ်သည်။

သို့သော် ယခုအခါ စစ်တပ်များ အားလုံးမှာ တိုက်ပွဲ အတွင်းသို့ ဝင်ရောက်လာကြပြီ ဖြစ်သည်။

"သတ်"

အော်ဟစ်သတ်ဖြတ်သံကြီးများမှာ ဧရာမ လှိုင်းလုံးကြီးများအလား တလိမ့်လိမ့် ထွက်ပေါ်လာခဲ့ပြီး ယခင်အချိန်များ အားလုံးထက် ပို၍ကျယ်လောင်နေတော့သည်။

မရေမတွက်နိုင်သော စစ်မြင်းများမှာ လျှပ်စစ်မီးပွင့်များအလား အလွန်အမင်း မြန်ဆန်လှသော အရှိန်ဖြင့် ရှေ့သို့ တဟုန်ထိုး ပြေးဝင်သွားကြတော့သည်။ ဤနေရာမှာမှ သူတို့အတွက် အစစ်အမှန် စစ်မြေပြင်ပင် ဖြစ်တော့သည်။ မြို့ရိုး၏ အတားအဆီး မရှိတော့သည့်အခါတွင် မြင်းတပ်များ အားလုံးမှာ လွတ်လပ်စွာ သွားလာ လှုပ်ရှားနိုင်ကြပြီဖြစ်ပြီး မိမိတို့၏အစွမ်းအစများကို အမြင့်ဆုံးအဆင့်အထိ အပြည့်အဝ အသုံးချနိုင်တော့မည် ဖြစ်သည်။

ကြီးမားကျယ်ပြန့်လှသော စစ်မြေပြင်ကြီးပေါ်တွင် နိုင်ငံအသီးသီးမှ ဗိုလ်ချုပ်များ အားလုံး၏ မျက်နှာများမှာ နီရဲနေကြပြီး အလွန်အမင်း စိတ်လှုပ်ရှားနေကြတော့သည်။ သူတို့ အမှန်တကယ် အောင်ပွဲ ရရှိသွားပြီဖြစ်ကြောင်းကို လူတိုင်း ကောင်းကောင်း သိရှိနေကြပြီ ဖြစ်သည်။

"သခင်ကြီး... မြို့ထဲက ထန်လူမျိုးတွေ ဆုတ်ခွာနေကြပြီ၊ သူတို့တွေ အားလုံး ထွက်ပြေးသွားမှာကို ငါတို့ သတိထားရမယ်နော်"

ထိုအချိန်မှာပင် ဗိုလ်ချုပ်တစ်ဦးမှာ ရှေ့သို့ ခြေလှမ်း အနည်းငယ်ခန့် တိုးလာခဲ့ပြီး အန်းလုရှန်း၏ ဘေးနားတွင် အသံကို နှိမ့်ကာ ရုတ်တရက် သတိပေးလိုက်တော့သည်။

"ထွက်ပြေးမယ်။ သူတို့ ဘယ်လို လုပ်ပြီး ထွက်ပြေးနိုင်မှာလဲ?"

အန်းလုရှန်း၏ ဤစကားကို ကြားလိုက်ရသည့်အခါ အသံကျယ်ကြီးဖြင့် ရယ်မောလိုက်ပြီး မျက်ဝန်းထဲ၌ လှောင်ပြောင်နေသော အရိပ်အယောင်အချို့ ပေါ်ထွက်လာတော့သည်။

"လောကကြီး တစ်ခုလုံးက ရေခဲတွေ ဖုံးလွှမ်းပြီး လုံးဝအေးခဲနေပြီ၊ သူတို့တွေ ဘယ်ကို ထွက်ပြေးနိုင်မလဲ၊ ဘယ်လောက် ဝေးဝေး ထွက်ပြေးနိုင်မလဲဆိုတာကို ငါက စောင့်ကြည့်ရသေးတာပေါ့"

"ခိုရာစန်းစစ်ပွဲ တုန်းက အာရပ်လူမျိုးတွေကို ဝမ်ချောင်က မိုင်တစ်ထောင်လောက်အထိ လိုက်လံသတ်ဖြတ်ခဲ့ပြီး နှင်းမုန်တိုင်းတွေ ကြားထဲမှာ လူသိန်းနဲ့ချီ အေးခဲသေဆုံးသွားခဲ့ရတယ်။ အဲဒါကြောင့် ဝမ်ချောင်ရဲ့ စစ်နတ်ဘုရားဆိုတဲ့ နာမည်ကြီးက ထွက်ပေါ်လာခဲ့တာလို့ ငါ ကြားဖူးတယ်။ ဒီနေ့ ငါကလည်း စစ်နတ်ဘုရားလို့ အခေါ်ခံရအောင် လုပ်ပြရသေးတာပေါ့"

သံမဏိခံတပ်၏ တောင်ဘက်သို့ လှမ်းကြည့်လိုက်မည်ဆိုပါက နေရာတိုင်းတွင် လူသူကင်းမဲ့နေသော လူသူအရောက်အပေါက် နည်းပါးသည့် နေရာများသာဖြစ်ပြီး အနည်းဆုံး မိုင်တစ်ထောင်ခန့်အထိ အလွန်အမင်း ခြောက်သွေ့ ညှိုးနွမ်းနေတော့သည်။

ပြည်သူများအားလုံးမှာ အစောကြီးကတည်းက ကုန်းတွင်းပိုင်းသို့ ပြောင်းရွှေ့သွားခဲ့ကြပြီဖြစ်ရာ၊ အအေးဒဏ်ကို ကာကွယ်ပေးနိုင်မည့် မဟာစစ်အစီအရင်ကြီး မရှိတော့သည့် အခါတွင် မြို့တွင်းရှိ မဟာထန်၏ စစ်သည်သိန်းနှင့်ချီမှာ ထွက်ပြေးရန် လမ်း လုံးဝမရှိတော့ပါချေ။ သူ မည်သည့် အရာကိုမျှ မလုပ်ဘဲ သူတို့ကို ကုန်းတွင်းပိုင်းသို့ ဆုတ်ခွာခွင့် ပေးလိုက်မည်ဆိုလျှင်တောင်မှ နောက်ဆုံးတွင် လူတိုင်းမှာ နှင်းမုန်တိုင်း များ အကြား၌ အေးခဲ သေဆုံးသွားကြမည် ဖြစ်ပြီး ရေခဲရုပ်တုများအဖြစ်သို့ ပြောင်းလဲသွားကြမည်သာ ဖြစ်သည်။

ဝမ်ချောင်ရှုံးနိမ့်သွားပြီ၊ မဟာထန်လည်း ရှုံးနိမ့်သွားပြီ။

စစ်အစီအရင်ကြီး ပြိုကွဲပျက်စီးသွားသည့်အချိန်မှ စတင်၍ သူတို့၏ ကံကြမ္မာမှာ အစောကြီးကတည်းက သတ်မှတ်ထားပြီးသား ဖြစ်သွားခဲ့ပြီ ဖြစ်၏။

******

All Chapters