← Chapters

အခန်း ၂၂၃၅

Vol. 139 Ch. 2235

အခန်း ၂၂၃၅

Vol. 139 Ch. 2235

အခန်း (၂၂၃၅) မိုးကြိုးလျှပ်စီး တစ်ချက်

အန်းလုရှန်းအနေဖြင့် ဤအချိန်တွင် လူယုတ်မာ တစ်ယောက် ရည်မှန်းချက် အောင်မြင်သွားပြီး [A မာနထောင်လွှားစွာ ဖြင့် ဝင့်ကြွားနေသည်ကို ထိုက်ရှီအနေဖြင့် လုံးဝဂရုမစိုက်ပါချေ။ သို့သော် အရာရာတိုင်းမှာ အတိုင်းအတာ တစ်ခုရှိသင့်ပေသည်။ လက်ရှိဝမ်ချောင်မှာ တိုက်ခိုက်ရေး စွမ်းအားများ လုံးဝဆုံးရှုံးသွားခြင်း မရှိသေးပါချေ။ သူ့ကို အလွန်အမင်း ဒေါသထွက်အောင် ဆွပေးလိုက်ခြင်းက သူ့ကို အန္တရာယ် ကြီးမားလှသော လှုပ်ရှားမှုများ လုပ်ဆောင်လာအောင် တွန်းအားပေးလိုက်သလို ဖြစ်သွားနိုင်ရာ၊ ထိုအရာက အန်းလုရှန်း အတွက် သတင်းကောင်း တစ်ခု လုံးဝမဟုတ်ပါချေ。

"ဟွန်း၊ နတ်ဘုရား တွေကို မရိုမသေ ပြုလုပ်သူ ,,,အခု အချိန်အထိ အရှုံး မပေးသေးဘူး လား၊ ဒီလို အခြေအနေ မျိုး အထိ ရောက်နေပြီကို မင်းမှာ အခွင့်အရေး ရှိသေးတယ် လို့ ထင်နေတုန်းပဲ လား?"

ထိုက်ရှီက အေးစက်စွာ ဆိုလိုက်ပြီး နောက်ဆုံးတွင် လိုက်တော့သည်။

"မင်းအနေနဲ့ ခဏတာ အသက်ရှူပေါက် လေး ရအောင် အချိန်ဆွဲနိုင်ခဲ့ရင်တောင်မှ နောက်ဆုံးကျရင် သေရမှာပါပဲ"

မဟာထန်၏ စစ်တပ်ကြီးတစ်ခုလုံးမှာ ရှုံးနိမ့်ပြီး အနောက်သို့ အကုန်အစင် ဆုတ်ခွာသွားကြပြီ ဖြစ်သည်။ သို့သော် ဝမ်ချောင်က ထိုအထက်တန်းလွှာ စစ်တပ်များကို ဦးဆောင်ကာ ဤအချိန်တွင် ရှေ့သို့ ထွက်လာခဲ့ခြင်း၏ ရည်ရွယ်ချက်မှာ အလွန်ပင် ရှင်းလင်း ထင်ရှားနေတော့သည်။

ဝမ်ချောင်၏ ရည်ရွယ်ချက် ကို ရှင်းလင်းစွာ မြင်တွေ့နေရသည် ဆိုသော်ငြားလည်း ထိုက်ရှီမှာ အနည်းငယ်မျှပင် ဂရုမစိုက်ခဲ့ပါချေ。

လူသား မင်းဆက်များအကြားရှိ စစ်ပွဲများမှာ နတ်ဘုရားများအတွက်မူ ပုရွက်ဆိတ်များ အကြားရှိ တိုက်ပွဲ တစ်ခု သက်သက်သာ ဖြစ်ပေသည်။ အနိုင်ရသည် ဖြစ်စေ ရှုံးနိမ့်သည် ဖြစ်စေ အနည်းငယ်မျှ အဓိပ္ပာယ် လုံးဝမရှိပါချေ။

အရေးအကြီးဆုံး ကိစ္စမှာ "ထျန်း”၏ သန့်စင်ရေး အစီအစဉ်သာ ဖြစ်ပေသည်။

ဝမ်ချောင်အနေဖြင့် မည်မျှလောက် အချိန်အကြာကြီး ဆွဲထားနိုင်ပါစေ၊ နောက်ဆုံးရလဒ်မှာ "သေခြင်းတရား" ဆိုသည့် စာလုံး တစ်လုံးတည်း သာ ဖြစ်ပေလိမ့်မည်။

"နောက်ဆုံး အချိန် မရောက်သေးသရွေ့ အရာရာတိုင်းက အတည်ပြုလို့ မရသေးပါဘူး၊ ဒီစစ်ပွဲမှာ ငါတို့ ရှုံးသွားတယ် ဆိုရင်တောင်မှ မင်းတို့ လိုချင်တဲ့ အတိုင်း လုံးဝအဖြစ်ခံမှာ မဟုတ်ဘူး၊ ငါတို့ ထွက်ပြေးလို့ မလွတ်ဘူးဆိုရင်တောင်မှ မင်းတို့ကို တန်ဖိုး ကြီးကြီး ပေးဆပ်ရအောင် သေချာပေါက် လုပ်သွားမှာပဲ"

ဝမ်ချောင်က လေထဲတွင် ရပ်နေကာ လေးနက်သော အသံဖြင့် ဆိုလိုက်သ။၊ သူ၏ မျက်နှာအမူအရာမှာ ခိုင်မာ ပြတ်သားနေခဲ့ပြီး တစ်ကိုယ်လုံးမှ နောက်ပြန်ဆုတ်စရာ လမ်းမရှိသော အခြေအနေမျိုးတွင် အသက်စွန့်တိုက်ခိုက်မည့် အရှိန်အဝါတစ်ခု အဆက်မပြတ် ထွက်ပေါ်နေတော့သည်။

ဘယ်အချိန်ပဲ ဖြစ်နေပါစေ၊ နောက်ဆုံး အချိန်ရောက်နေပြီ ဆိုရင်တောင်မှ၊ သူ ဘယ်တော့မှ အလွယ်တကူ လက်လျှော့မှာ မဟုတ်ဘူး။ အနောက်တောင်ပိုင်းစစ်ပွဲ တုန်းကလည်း ဒီလိုပဲ၊ အနောက်မြောက်ပိုင်း စစ်ပွဲတုန်းကလည်း ဒီလိုပဲ၊ အတိတ ကပဲဖြစ်ဖြစ် အနာဂတ် မှာပဲ ဖြစ်ဖြစ် သူ ဘယ်တော့မှ အရှုံးပေးမှာ မဟုတ်ဘူး

"ဟွန်း"

ဝမ်ချောင်၏စကားကို ကြားလိုက်ရသည့်အခါ အန်းလုရှန်းနှင့် ဘေးပတ်ဝန်းကျင်ရှိ ယိုကျိုးမှ ဗိုလ်ချုပ်များ အားလုံး၏မျက်ဝန်းထဲ၌ လှောင်ပြောင်နေသော အရိပ်အယောင် များ အသီးသီး ပေါ်ထွက်လာကြတော့သည်။

ဒီလို အခြေအနေ မျိုး အထိ ရောက်နေပြီကို ဝမ်ချောင်က ဘာများ လုပ်နိုင်ဦးမှာလဲ။

သူတို့ကို တန်ဖိုး ပေးဆပ်ရအောင် လုပ်မယ်။ ဒါက နောက်ဆုံး ရုန်းကန်မှုတွေလား။

ခွေးက ထောင့်ပိတ်မိသွားရင် နံရံကို ခုန်ကျော်ဖို့ ကြိုးစားသလိုမျိုး လုပ်ဖို့ ပြင်နေတာလား။ ဒါမှမဟုတ် ထွက်ပြေးစရာ လမ်း မရှိတော့လို့ သူတို့နဲ့ အတူတူ သေဖို့ ပြင်နေတာလား။

ဒီလို စကားမျိုးတွေ ပြောထွက်လာတယ်ဆိုတော့ ကြည့်ရတာ ဝမ်ချောင်မှာ တကယ်ပဲ လမ်းဆုံး နေပြီ ဖြစ်ပုံ ရသည်။

ရှေ့တည့်တည့်တွင် ဝမ်ချောင်၏စကားကို ကြားလိုက်ရသည့်အခါ ထိုက်ရှီမှာလည်း မျက်ခုံး အနည်းငယ် ကျုံ့သွားခဲ့သည်။ သို့သော် သူ အများကြီး အံ့ဩသွားခြင်း လုံးဝမရှိခဲ့ပါချေ။

"ဒီလို ဆိုမှတော့ မင်းကို လုံးဝမျှော်လင့်ချက် ကင်းမဲ့သွားအောင် လုပ်ပြရသေးတာပေါ့"

ထိုက်ရှီ၏ မျက်နှာအမူအရာမှာ အလွန်အမင်း အေးစက် ရက်စက်နေခဲ့ပြီး စကားသံ ဆုံးသည်နှင့် တစ်ပြိုင်နက် ဘုန်းခနဲ မြည်သံနှင့်အတူ သူ၏ လက်ဝါးကို တစ်ချက် ရိုက်ထုတ်လိုက်ရာ၊ ပြင်းထန်လှသော ဟင်းလင်းပြင်နှင့်အချိန် လှိုင်းဂယက်များ ထွက်ပေါ်နေသည့် ဖြူဝါရောင် အလင်းစက်လုံးကြီးတစ်ခုမှာ လျှပ်စစ်မီးပွင့်အလား ရုတ်တရက် ပစ်ခတ်သွားတော့သည်။ သို့သော် ဝမ်ချောင်ရှိရာ အရပ်ဆီသို့ တိုက်ခိုက်သွားခြင်း မဟုတ်ဘဲ၊ မြို့ရိုး၏ နယ်နိမိတ်အတွင်းမှနေ၍ ထွက်ခွာသွားပြီး နိုင်ငံအသီးသီး၏ စစ်တပ်များနှင့် အပြင်းအထန် တိုက်ခိုက်နေသော မဟာထန်၏ တပ်ဖွဲ့များရှိရာ အရပ်ဆီသို့ အံ့ဩစရာ ကောင်းလောက်အောင် မြန်ဆန်လှသော အရှိန်ဖြင့် ပစ်ခတ်သွားတော့သည်။

ဤမြင်ကွင်းကို မြင်တွေ့လိုက်ရသည့်အခါ ဝမ်ချောင်၏ မျက်နှာအမူအရာ ချက်ချင်း ပြောင်းလဲသွားတော့သည်။ ထိုက်ရှီ၏ ဤလှုပ်ရှားမှုကို သူကိုယ်တိုင်ပင်လျှင် လုံးဝတွေးတောထားခဲ့ခြင်း မရှိပါချေ။ ထိုက်ရှီ၏ စွမ်းရည် ဖြင့် ဤတိုက်ခိုက်မှု တစ်ချက်တည်း ဖြင့် ထိုနေရာရှိ မဟာထန်၏ တပ်ဖွဲ့များ အားလုံးကို လုံးဝအမြစ်ပြတ်အောင် ဖျက်ဆီးပစ်နိုင်စွမ်း ရှိပေသည်။ သူတို့နှင့် အပြင်းအထန် တိုက်ခိုက်နေသော နိုင်ငံအသီးသီး မှ စစ်သည်များ လည်း အပါအဝင် ပင် ဖြစ်တော့သည်။

ထိုက်ရှီမှာ အလွန်အမင်း မြင့်မားသော နေရာတွင် ရပ်တည်နေသူ ဖြစ်ရာ နိုင်ငံအသီးသီး မှ စစ်သည်များ၏အသက်ကို အနည်းငယ်မျှပင် ဂရုမစိုက်ပါချေ။ သို့သော် ဝမ်ချောင်အနေဖြင့်မူ သူ့ကဲ့သို့ လုံးဝလုပ်ဆောင်နိုင်စွမ်း မရှိပါချေ။

"ဘုန်း"

ဝမ်ချောင်၏ ခန္ဓာကိုယ် လှုပ်ရှားသွားခဲ့ပြီး ဖြူဝါရောင် အလင်းစက်လုံး လွင့်ပျံသွားသော အရပ်ဆီသို့ လျင်မြန်စွာ ခုန်ပျံ ထွက်ပေါ်လာခဲ့ပြီး တားဆီးရန် ပြင်ဆင်လိုက်တော့သည်။

မျက်တောင်တစ်ခတ်မျှ အချိန်လေး အတွင်းမှာပင် အမည်းရောင်နှင့် ရွှေရောင် ဟင်းလင်းပြင်နှင့် အချိန် စက်ကွင်းတစ်ခုမှာ လေထဲတွင် ရုတ်တရက် ပေါ်ထွက်လာခဲ့ပြီး၊ ထိုဖြူဝါရောင် အလင်းစက်လုံးကြီး၏ ရှေ့တည့်တည့်တွင် ဟင်းလင်းပြင်နှင့် အချိန် လမ်းကြောင်းတစ်ခုကို ချက်ချင်း ဖွင့်လှစ်လိုက်ကာ၊ လုံးဝဖျက်ဆီးပစ်နိုင်စွမ်း ရှိသည့် ဤဖြူဝါရောင် အလင်းစက်လုံး ကြီးကို မျိုချပစ်လိုက်တော့သည်။

"အလကား ပါပဲ"

ထိုက်ရှီ၏ အသံမှာ အနည်းငယ်မျှ ခံစားချက် လုံးဝမရှိဘဲ အလွန်အမင်း အေးစက်နေခဲ့ပြီး လေထဲမှနေ၍ အဆက်မပြတ် ထွက်ပေါ်လာတော့သည်။

"ဝုန်း"

မိုးခြိမ်းသံအလား ပြင်းထန်လှသော မြည်ဟည်းသံကြီး တစ်ခုကိုသာ ကြားလိုက်ရပြီး၊ မျက်တောင်တစ်ခတ် အတွင်းမှာပင် နောက်ထပ် ဖြူဝါရောင် အလင်းစက်လုံး တစ်ခုမှာ လျှပ်စစ်မီးပွင့်အလား ပစ်ခတ်သွားပြန်သည်၊ ဤတစ်ကြိမ်တွင်မူ လုံးဝကွဲပြားခြားနားသော လားရာ အရပ်ဆီသို့ လွင့်ပျံသွားခဲ့ပြီး အခြား မဟာထန်၏ စစ်တပ် အုပ်စု တစ်စု ရှိရာ အရပ်ဆီသို့ နောက်တစ်ကြိမ် ထပ်မံ တိုက်ခိုက်သွားပြန်သည်။

ထိုက်ရှီအနေဖြင့် ဝမ်ချောင်နှင့် တိုက်ရိုက် ရင်ဆိုငတိုက်ခိုက်ခြင်း ပင် မပြုလုပ်တော့ပါချေ။ ဝမ်ချောင်က ဤပုရွက်ဆိတ်များအလား ဖြစ်နေသော စစ်သည်များ၏ အသက်ကို ဤမျှလောက် ဂရုစိုက်နေသည် ဆိုမှတော့၊ ဝမ်ချောင်ကို လုံးဝအနားမရအောင် လုပ်ပစ်လိုက်မည်ပင် ဖြစ်တော့သည်။

ဝမ်ချောင်၏ ရင်ထဲ၌ အလွန်အမင်း တင်းကျပ်သွားခဲ့သည်။ ရွေးချယ်စရာလုံးဝမရှိတော့သဖြင့် ခန္ဓာကိုယ်ကို တစ်ချက် လှုပ်ရှားလိုက်ကာ ဟင်းလင်းပြင်နှင့် အချိန် ခွန်အားများကို ထိန်းချုပ်ပြီး အခြားဖြူဝါရောင် အလင်းစက်လုံးကြီး၏ ရှေ့တည့်တည့်တွင် ရုတ်တရက် ပေါ်ထွက်လာခဲ့ပြန်သည်။

လေပြင်းများ ပြင်းထန်စွာ တိုက်ခတ်နေခဲ့ပြီး နှင်းမုန်တိုင်းကြီးမှာ အဆက်မပြတ် လိမ့်ဝင်လာနေတော့သည်။ ဝမ်ချောင်မှာ ထိုဖြူဝါရောင် အလင်းစက်လုံးကြီး၏ ရှေ့တည့်တည့်သို့ ရောက်ရှိသွားသည့် အချိန်တွင် ရင်ထဲ၌ ချက်ချင်း နစ်မြုပ်သွားတော့သည်။

ဝမ်ချောင်၏ ဖြေရှင်းမည့် နည်းလမ်း ကို ကြိုတင် မြင်တွေ့ထားသည့်အလား ထိုက်ရှီက ဒုတိယမြောက် ဖြူဝါရောင် အလင်းစက်လုံး အတွင်းသို့ အလွန်အမင်း ကြီးမားကျယ်ပြန့်ပြီး အလွန်အမင်း ဖရိုဖရဲ ဖြစ်နေသော ဟင်းလင်းပြင်နှင့်အချိန် ခွန်အားများကို အထူးထည့်သွင်းထားခဲ့ရာ၊ ဝမ်ချောင်အနေဖြင့် ယခင်အကြိမ်ကဲ့သို့ ထိုဖြူဝါရောင် အလင်းစက်လုံးကြီးကို ဟင်းလင်းပြင်နှင့် အချိန် လမ်းကြောင်း အတွင်းသို့ ထည့်သွင်းရန် လုံးဝမဖြစ်နိုင်အောင် ပြုလုပ်ထားခဲ့ခြင်း ဖြစ်သည်။

မတူညီသော ဟင်းလင်းပြင်နှင့် အချိန်ခွန်အားများမှာ အချင်းချင်း တွန်းကန် လေ့ ရှိကြပေသည်။

"သူက ဒီနည်းလမ်းကို အသုံးပြုပြီး ငါ့ရဲ့စွမ်းအင်တွေကို ကုန်ဆုံးအောင် လုပ်ချင်နေတာပဲ"

မျက်တောင်တစ်ခတ်မျှ အချိန်လေး အတွင်းမှာပင် ဝမ်ချောင်၏ ဦးနှောက်ထဲ၌ အတွေးတစ်ခု ဖြတ်ပြေးသွားခဲ့ပြီး ထိုက်ရှီ၏ ရည်ရွယ်ချက်ကို ချက်ချင်း နားလည်သဘောပေါက်သွားတော့သည်။

ဤနည်းလမ်းကို အသုံးပြုကာ မဟာထန်၏စစ်သည်များ၏အသက်ဖြင့် ဝမ်ချောင်ကို ခြိမ်းခြောက်နေခြင်း ဖြစ်သည်။ တစ်ဖက်တွင် ထိုက်ရှီအနေဖြင့် လုံးဝလွှမ်းမိုးထားနိုင်သော အနေအထားကို ရယူထားနိုင်ပြီး၊ အခြားတစ်ဖက်တွင်မူ ဝမ်ချောင်၏ကိုယ်တွင်းရှိ စွမ်းအင်များကို အဆက်မပြတ် ကုန်ဆုံးသွားစေနိုင်သည်။ နောက်ဆုံးတွင် ဝမ်ချောင်၏ စွမ်းအင်များ အတိုင်းအတာ တစ်ခုအထိ ကုန်ဆုံးသွားသည့်အချိန်တွင်၊ ဂူကောင်းကင်အဆင့်သို့ ရောက်ရှိနေသော ဝမ်ချောင်ပင်လျှင် လွတ်မြောက်နိုင်ရန် လုံးဝခက်ခဲသွားပေလိမ့်မည်။

ဤအတွေးများမှာ ဦးနှောက်ထဲ၌ မျက်တောင်တစ်ခတ်အတွင်း ဖြတ်ပြေးသွားခဲ့ပြီးနောက် ဝမ်ချောင်၏မျက်နှာအမူအရာမှာ အေးစက်သွားခဲ့ပြီး ညာလက်၏လက်ချောင်း ငါးချောင်းကို ဖြန့်လိုက်ကာ ရွှေဝါရောင် လှံတိုလေးကို ချက်ချင်း ဆုပ်ကိုင်လိုက်တော့သည်။

ဒီအတိုင်း လက်ပိုက်ကြည့်ရင်း သေမယ့်အချိန်ကို စောင့်နေတာမျိုးက သူ့ရဲ့စတိုင် လုံးဝမဟုတ်ပေ။

"ဝုန်း"

ဝမ်ချောင်က လက်ကို တစ်ချက် ပစ်လွှတ်လိုက်ရာ ထိုရွှေဝါရောင် လှံတိုလေးမှာ လုံးဝဖျက်ဆီးပစ်နိုင်စွမ်း ရှိသည့် ခွန်အား များကို သယ်ဆောင်လျက် ဒေါသထွက်နေသော နဂါးပျံကြီးတစ်ကောင်ကဲ့သို့ ချက်ချင်း ပြောင်းလဲသွားခဲ့ပြီး၊ မြို့ရိုး အထက် ကောင်းကင်ယံတွင် ရှိနေသော ထိုက်ရှီရှိရာ အရပ်ဆီသို့ ပြေးဝင်သွားတော့သည်။

ဤလှံချက်၏ အရှိန်မှာ အလွန် မြန်ဆန်လွန်းလှသည်၊ အစပိုင်းတွင် ပေ ဆယ်ဂဏန်းခန့် အကွာအဝေးတွင် ရှိနေသေးသော်လည်း၊ မျက်တောင်တစ်ခတ်မျှ အချိန်လေး အတွင်းမှာပင် ထိုက်ရှီ၏ မျက်နှာဆီသို့ တိုက်ရိုက် ရောက်ရှိသွားတော့သည်။

"မင်း သိသွားတယ် ဆိုရင်တောင်မှ ဘာလုပ်နိုင်မှာလဲ"

ထိုက်ရှီမှာ တောင်ကြီး တစ်တောင်အလား လုံးဝမလှုပ်မယှက် ရပ်နေခဲ့ပြီး၊ ကိုယ်တွင်းရှိ ဂူကောင်းကင်အဆင့်၏ ဂန်ချီ စွမ်းအင်များ အားလုံးကို ရှေ့တည့်တည့် သို့ စုစည်းလိုက်ရာ၊ ဟင်းလင်းပြင်နှင့် အချိန် လှိုင်းဂယက်များမှာ ထိုက်ရှီကို ဗဟိုပြု၍ အရပ်မျက်နှာ အားလုံးသို့ အဆက်မပြတ် လှုပ်ခတ်လာခဲ့ပြီး၊ ထိုက်ရှီ၏ ရှေ့တည့်တည့်တွင် အလွန်အမင်း အစွမ်းထက်လှသော ဟင်းလင်းပြင်နှင့် အချိန် အကာအကွယ် အကာတစ်ခု အဖြစ်သို့ ပြောင်းလဲသွားတော့သည်။

ထိုရွှေဝါရောင် လှံတိုလေးမှာ ဟင်းလင်းပြင်နှင့် အချိန် အကာအကွယ် အကာ အပေါ်သို့ ရိုက်ကျလာခဲ့ပြီးနောက် ချက်ချင်းပင် ဟင်းလင်းပြင်နှင့် အချိန် ခွန်အား၏ အလွှာပေါင်းများစွာ တားဆီးခြင်း ကို ခံလိုက်ရတော့သည်။ ရွှေဝါရောင် လှံတိုလေး အပေါ်ရှိ အဆုံးအစမရှိသော ဖျက်ဆီးခြင်း လှိုင်းလုံးကြီးများမှာလည်း ထိုက်ရှီ၏ ဟင်းလင်းပြင်နှင့်အချိန် အနက်ပိုင်းမှတစ်ဆင့် ပျားအုံ ပုံသဏ္ဌာန်ရှိသော ကြီးမား သေးငယ်သည့် ဟင်းလင်းပြင် နေရာများ ထောင်နှင့်သောင်းနှင့်ချီသို့ အဆက်မပြတ် စီးဆင်း ပျောက်ကွယ်သွားကြတော့သည်။

ရွှေဝါရောင် လှံတိုလေးကို တားဆီးထားသည့် တစ်ချိန်တည်းမှာပင် ထိုက်ရှီ၏ ညာလက်မှာ လှုပ်ရှားသွားခဲ့ပြီး နောက်ထပ် ဖြူဝါရောင် ဖျက်ဆီးခြင်း အလင်းစက်လုံးကြီးတစ်ခုမှာ ဟင်းလင်းပြင်ကြီး မှနေ၍ ချက်ချင်း ပေါ်ထွက်လာခဲ့ပြီး၊ သေးငယ်ရာမှ ကြီးမားလာကာ အလွန် လျင်မြန်စွာ ကြီးထွားလာတော့သည်။

"မင်းက ဘာတွေကိုများ ပြောင်းလဲပစ်နိုင်မှာလဲ။ အလင်းစက်လုံးတိုင်းကို မင်းက လိုက်ပြီး တားဆီးနိုင်မှာ မို့လို့လား"

ဘုန်း... ယခုလေးတင် ဖွဲ့စည်းပေါ်ထွက်လာခဲ့သော ထိုဖြူဝါရောင် ဖျက်ဆီးခြင်း အလင်းစက်လုံးကြီးမှာ မြန်ဆန်လှသောအရှိန်ဖြင့် စစ်မြေပြင်ပေါ်ရှိ မဟာထန်၏ သံချပ်ကာမြင်းတပ် အုပ်စုတစ်စုရှိရာ အရပ်ဆီသို့ နောက်တစ်ကြိမ် ထပ်မံပစ်ခတ်သွားပြန်သည်။

မြေပြင်ပေါ်တွင် အစွမ်းကုန် တိုက်ခိုက်နေကြသော မဟာထန်၏ သံချပ်ကာမြင်းတပ် ထောင်နှင့်ချီမှာ လုံးဝအမြစ်ပြတ် ပျက်စီးသွားမည့် ကပ်ဘေးကြီးကို ရင်ဆိုင်ရတော့မည်ကို မြင်တွေ့လိုက်ရသည့်အခါ၊ ဝမ်ချောင်၏ရင်ထဲ၌ သက်ပြင်းချလိုက်ပြီး နောက်တစ်ကြိမ် လေထဲသို့ ခုန်ပျံကာ ထိုဖြူဝါရောင် ဖျက်ဆီးခြင်း အလင်းစက်လုံး ကြီး အပေါ်သို့ လက်သီး တစ်ချက် ဖြင့် ပြင်းထန်စွာ ထိုးချလိုက်တော့သည်။

တစ်လုံး၊ နှစ်လုံး၊ သုံးလုံး...

ထိုက်ရှီမှာ ဖြူဝါရောင် အလင်းစက်လုံးများကို တစ်လုံးပြီး တစ်လုံး အဆက်မပြတ် ပစ်ချနေခဲ့ပြီး ဤနည်းလမ်း ကို အသုံးပြုကာ ဝမ်ချောင်၏ ကိုယ်တွင်းရှိ ဂန်ချီ စွမ်းအင်များ ကို အဆက်မပြတ် ကုန်ဆုံးသွားစေရန် ပြုလုပ်နေတော့သည်။

"ပထမ ရှန်ထိုက်၊ တတိယ ရှန်ထိုက်... လာခဲ့ကြစမ်း"

ဤအဆုံးအစမရှိသော ဖိနှိပ်ခံရမှုကြီးအတွင်းသို့ ကျရောက်သွားတော့မည်ကို မြင်တွေ့လိုက်ရသည့်အခါ ဝမ်ချောင်က ပြင်းထန်စွာ အော်ဟစ်လိုက်ပြီး၊ အခြားသော အပေါက် နေရာများတွင် နိုင်ငံအသီးသီး၏ စစ်တပ်ကြီးကို တားဆီးနေသော ဧရာမ ကိုယ်ပွားကြီးနှစ်ခုကို ရုတ်တရက် ဆင့်ခေါ်လိုက်တော့သည်။

"ဝုန်း"

ထိုက်ရှီက ဖျက်ဆီးခြင်း အလင်းစက်လုံး နှစ်လုံးကို နောက်တစ်ကြိမ် ထပ်မံပစ်ချလိုက်သည့် အချိန်လေး အတွင်းမှာပင်၊ ဝမ်ချောင်၏ ဧရာမ ရှန်ထိုက်ကိုယ်ပွားကြီး နှစ်ခုမှာ လေထဲသို့ ခုန်ပျံ ထွက်ပေါ်လာခဲ့ပြီး တစ်ကိုယ်လုံးရှိ ဂန်ချီ စွမ်းအင်များကို စုစည်းကာ လက်သီးတစ်ချက်ဖြင့် ရုတ်တရက် ပြင်းထန်စွာ ထိုးချလိုက်တော့သည်။

"မဟာ ယင်ယန် ပညာရပ်”

ဟင်းလင်းပြင်ကြီး အတွင်း၌ နေနှင့် လ၏ ပုံရိပ်ယောင်များမှာ တစ်ပြိုင်နက်တည်း ထွက်ပေါ်လာခဲ့ပြီး၊ အဆုံးအစမရှိသော စွမ်းအင်များမှာ ဧရာမ ရှန်ထိုက်ကြီးနှစ်ခု၏ ကိုယ်တွင်းမှနေ၍ ပေါက်ကွဲထွက်ပေါ်လာကာ ဖျက်ဆီးခြင်း အလင်းစက်လုံး နှစ်လုံး၏ ရှေ့တည့်တည့်တွင် တားဆီးလိုက်တော့သည်။

ဝမ်ချောင်တစ်သက်လုံး သင်ယူခဲ့သော သိုင်းပညာများ အားလုံးထဲတွင် မဟာ ယင်ယန် ကောင်းကင်နှင့်မြေကြီး ဖန်ဆင်းခြင်း ပညာရပ်မှနေ၍ ပေါက်ဖွားလာသော ဤသိုင်းပညာ တစ်ခုတည်း သာလျှင် ဂူကောင်းကင်အဆင့်၏ စည်းမျဉ်း ခွန်အားများနှင့် အနီးစပ်ဆုံး တူညီသော ခွန်အားကို ပိုင်ဆိုင်ထားပေသည်။

"အလကား ပါပဲ… ဂူကောင်းကင်အဆင့် ရဲ့ အောက်မှာ ရှိတဲ့ သိုင်းပညာရှင် တွေက လုံးဝတားဆီးနိုင်မှာ မဟုတ်ဘူး၊ မင်းက အတင်းအကျပ် တားဆီးမယ် ဆိုရင်တောင်မှ အရမ်းကြီးမားလှတဲ့ တန်ဖိုးတွေ ပေးဆပ်ရလိမ့်မယ်၊ မင်းရဲ့ကိုယ်ပွားတွေက ဘယ်နှစ်ခါလောက် တောင့်ခံထားနိုင်မလဲ ဆိုတာ ဒီနတ်ဘုရားက စောင့်ကြည့်ရသေးတာပေါ့"

ထိုက်ရှီက အေးဆေးတည်ငြိမ်စွာဖြင့် ဆိုလိုက်တော့သည်။

ဂူကောင်းကင်အဆင့်၏ အထက်နှင့် ဂူကောင်းကင်အဆင့်၏အောက်ဆိုသည်မှာ လုံးဝကွဲပြားခြားနားသော အရာများ ဖြစ်ကြသည်။ ၎င်းတို့နှစ်ခုအကြားတွင် ကောင်းကင်နှင့် မြေကြီးလောက် ကွာခြားလှပေသည်။ အရေးအကြီးဆုံးအချက်မှာ ဂူကောင်းကင်အဆင့် မဟုတ်သော သိုင်းပညာရှင်များအနေဖြင့် အတင်းအကျပ် ဝင်ရောက် တားဆီးမည်ဆိုပါက ဟင်းလင်းပြင်နှင့်အချိန် ခွန်အား၏ ပြင်းထန်လှသော ရိုက်ခတ်မှုများကို ခံရမည်ဖြစ်ပြီး ကိုယ်တွင်း အင်္ဂါများကို အလွန်ကြီးမားလှသော ထိခိုက် ဒဏ်ရာများ ရရှိသွားစေမည် ဖြစ်သည်။

စကားတစ်ခွန်းတည်းဖြင့်ဆိုရလျှင် ဤအရာများမှာ ဂူကောင်းကင်အဆင့် အောက်ရှိ သိုင်းပညာရှင်များအနေဖြင့် သွေးသား ကိုယ်ခန္ဓာ ဖြင့်သာ တားဆီးနိုင်မည့် အရာများ လုံးဝမဟုတ်ပါချေ။

ဝုန်း ဝုန်း ဝုန်း…

သို့သော် ပြင်းထန်လှသော မြည်ဟည်းသံကြီး တစ်ခုကိုသာ ကြားလိုက်ရပြီး၊ ဖြူဝါရောင် ဖျက်ဆီးခြင်း အလင်းစက်လုံးကြီးနှစ်လုံးမှာ လုံးဝပြိုကွဲ ပျက်စီးသွားတော့သည်။ အလင်းစက်လုံးများ အတွင်း၌ ပါဝင်သော ခွန်အားများမှာ ကောင်းကင်နှင့်မြေကြီးကို လွှမ်းခြုံသွားခဲ့ပြီး ကောင်းကင်နှင့် မြေကြီးအကြား၌ ပြင်းထန်လှသော လေပြင်းမုန်တိုင်းကြီး တစ်ခုကို ဖြစ်ပေါ်စေခဲ့သည်။ သို့သော် ထိုက်ရှီ၏အကြည့်များမှာ ဝမ်ချောင်၏ ဧရာမ ကိုယ်ပွားကြီးနှစ်ခုအပေါ်သို့ ရောက်ရှိသွားသည့်အခါတွင်မူ မသိစိတ်ဖြင့် မျက်မှောင်များ ကြုတ်သွားတော့သည်။ သူ၏ တိုက်ခိုက်မှု နှစ်ချက်ကို အတင်းအကျပ် တားဆီးလိုက်ပြီးနောက် ဝမ်ချောင်၏ ဧရာမ ကိုယ်ပွားကြီးနှစ်ခုမှာ ယခင်အတိုင်း အကောင်းပကတိရှိနေဆဲဖြစ်ပြီး ကိုယ်ပေါ်တွင် ခြစ်ရာ တစ်ခုပင်လျှင် လုံးဝရှိမနေခဲ့ပါချေ။

ဒီ ကိုယ်ပွား ကြီး နှစ်ခုက ဒီလောက်တောင် မာကျောနေတာလား။

ထိုက်ရှီ၏ သိုင်းအဆင့်ဖြင့် ထိုအရာများအားလုံး၏ အစစ်အမှန် အခြေအနေများကို ချက်ချင်းပင် တစ်ချက်တည်းဖြင့် ရှင်းလင်းစွာ မြင်တွေ့လိုက်ရပြီး မျက်ဝန်းထဲ၌ အလွန်အမင်း တုန်လှုပ်သွားသော အရိပ်အယောင် များ ပေါ်ထွက်လာတော့သည်။

သို့သော် သူ အများကြီး စဉ်းစားတွေးတောရန် အချိန်ပင် မရလိုက်မီမှာပင်၊ နောက်တစ်ခဏတွင် ဝုန်းခနဲ မြည်သံနှင့်အတူ ဝမ်ချောင်မှာ အလင်းစက်ကွင်းကို နင်းကာ ဟင်းလင်းပြင်ကြီးများ ကို မျက်တောင်တစ်ခတ အတွင်း ဖြတ်ကျော်သွားခဲ့ပြီး ထိုက်ရှီ၏ အထက်ပိုင်း အစွန်းတစ်ဖက်တွင် ရုတ်တရက် ပေါ်ထွက်လာတော့သည်။

"မိုးကြိုးလျှပ်စီး တစ်ချက်”

အလွန်အမင်း ပူပြင်း ပြင်းထန်လှသော မိုးခြိမ်းသံများ နှင့်အတူ အလင်းတန်းများ ပေါက်ကွဲထွက်ပေါ်လာခဲ့ပြီး၊ ဝမ်ချောင်မှာ ခါးပေါ်ရှိ မဟာလော့ဝ်ဓားကို မျက်တောင်တစ်ခတ်အတွင်း ဆွဲထုတ်လိုက်ကာ ထိုက်ရှီရှိရာ အရပ်ဆီသို့ ပြင်းထန်စွာ ခုတ်ပိုင်းလိုက်တော့သည်။

ဤဓားချက်မှာ ပေ သောင်းနှင့်ချီ ရှည်လျားပြီး အလွန်အမင်း ခမ်းနားကြီးကျယ်လှပေသည်။ ပြင်းထန်လှသော မိုးကြိုးလျှပ်စီးများမှာ ကောင်းကင်နှင့် မြေကြီး၊ သက်ရှိ သက်မဲ့ အရာရာတိုင်းကို ဖုံးကွယ်သွားစေခဲ့ပြီး အရာအားလုံး၏ အရောင်များကိုပါ လုံးဝပျောက်ကွယ်သွားစေခဲ့သည်၊ ဤအခိုက်အတန့်၌ ထိုက်ရှီပင်လျှင် အလွန်အမင်း လေးနက်သော မျက်နှာအမူအရာများ ပေါ်ထွက်လာတော့သည်။

"ရွှမ်ယွမ် နတ်ဘုရားဓား”

ထိုက်ရှီမှာ ချက်ချင်းပင် မှတ်မိသွားတော့သည်။ ဝမ်ချောင်၏ ဤဓားချက်ကို ရင်ဆိုင်ရသည့်အခါတွင် ထိုက်ရှီပင်လျှင် အစွမ်းကုန် ကြိုးပမ်း တိုက်ခိုက်ရတော့မည် ဖြစ်သည်။

"ဝုန်း"

မျက်တောင်တစ်ခတ်မျှ အချိန်လေး အတွင်းမှာပင် ထိုက်ရှီ၏ နောက်စေ့တွင် အလင်းတန်း တစ်ချက် လက်သွားခဲ့ပြီး အလင်းစက်ဝန်းတစ်ခု နောက်တစ်ကြိမ် ထပ်မံပေါ်ထွက်လာပြန်သည်။ ထိုက်ရှီ၏ ကိုယ်တွင်းရှိ ဂန်ချီစွမ်းအင်များမှာ ချက်ချင်းပင် အလွန်အမင်း သိပ်သည်း ကျစ်လျစ်သွားခဲ့သည်။ ဝမ်ချောင်၏ ဤတိုက်ခိုက်မှုကို ရင်ဆိုင်ရသည့်အခါတွင် ထိုက်ရှီမှာ လက်သီး တစ်ချက်ဖြင့်သာ ပြန်လည်ထိုးချလိုက်ရာ၊ ကောင်းကင်ယံ အပြည့် ပြည့်နှက်နေသော မိုးကြိုးလျှပ်စီးများ အားလုံးမှာ ထိုက်ရှီ၏ အလင်းစက်ဝန်းမှ ပေါက်ကွဲထွက်ပေါ်လာသော စွမ်းအင်များကြောင့် ချက်ချင်းပင် အပြင်ဘက်သို့ တားဆီး ဖယ်ရှားခြင်း ခံလိုက်ရတော့သည်။

သူတို့နှစ်ဦးမှာ ပထမဆုံးအကြိမ် တိုက်ခိုက်ခြင်း လုံးဝမဟုတ်တော့ပါချေ။ ဝမ်ချောင်အနေဖြင့် ထိုက်ရှီကို အမြဲတမ်း မည်သို့မျှ မလုပ်နိုင်ရခြင်း၏ အဓိကအကြောင်းရင်း တစ်ခုမှာ ဤအလင်းစက်ဝန်း ကြောင့်ပင် ဖြစ်တော့သည်။

ပြဿနာတစ်ခု မရှင်းနိုင်သေးခင်မှာပဲ နောက်ထပ် ပြဿနာတစ်ခု ထပ်ပေါ်လာပြန်သည်။ ဝမ်ချောင်နှင့်ထိုက်ရှီတို့ အပြင်းအထန် တိုက်ခိုက်နေကြသည့်အချိန်လေး အတွင်းမှာပင်၊ ရုတ်တရက် ကောင်းကင်တွင် လျှပ်စီးများ လက်ပြီး မိုးခြိမ်းသံများ ထွက်ပေါ်လာခဲ့ကာ၊ လူတိုင်း တုံ့ပြန်ရန် အချိန်ပင် မရလိုက်မီမှာပင် ရင်းနှီးကျွမ်းဝင်နေသော ဖိအားကြီး တစ်ခုမှာ သံမဏိခံတပ်၏အထက် ကောင်းကင်တွင် နောက်တစ်ကြိမ် ထပ်မံပေါ်ထွက်လာပြန်သည်။ မျက်တောင်တစ်ခတ် အတွင်းမှာပင် ဧရာမ မိုးကြိုးလျှပ်စီးတန်းကြီးတစ်ခုမှာ အပေါ်မှနေ၍ ပြင်းထန်စွာ ရိုက်ချလာတော့သည်။

ဤမိုးကြိုးလျှပ်စီး တန်းကြီးမှာ အလွန်အမင်း ကြီးမားလွန်းလှပြီး သစ်ပင်ကြီးများ၏ အမြစ်များအလား လိမ်ယှက်နေတော့သည်။ အရေးအကြီးဆုံး အချက်မှာ ၎င်း၏ အတွင်း၌ ကြီးမားကျယ်ပြန့်လှသော လောက စိတ်ဆန္ဒတစ်ခု အပြည့်အဝ ပါဝင်နေခြင်းပင် ဖြစ်တော့သည်။

ဝမ်ချောင်၏ ခန္ဓာကိုယ် တုန်ယင်သွားခဲ့ပြီး မျက်တောင်တစ်ခတ်မျှ အချိန်လေး အတွင်းမှာပင် ဤမိုးကြိုးလျှပ်စီး၏ တိုက်ခိုက်မှုကို လျင်မြန်စွာ ရှောင်တိမ်းလိုက်နိုင်ခဲ့သည်။ ချက်ချင်း ခေါင်းလှည့် ကြည့်လိုက်ရာ အဝေးဆီတွင် မတ်မတ်ရပ်နေလျက် မိမိကို ကြည့်ပြီး အေးစက်စက် ပြုံးနေသော အန်းလုရှန်းကို တစ်ချက်တည်းဖြင့် ရှင်းလင်းစွာ မြင်တွေ့လိုက်ရတော့သည်။

ဝမ်ချောင်၏ သိုင်းပညာ တိုးတက်မှု အရှိန်မှာ အမှန်တကယ်ပင် မြန်ဆန်လွန်းလှပေသည်။ ဤမျှလောက် အချိန်တိုလေး အတွင်းမှာပင် ဂူကောင်းကင်အဆင့်သို့ အောင်မြင်စွာ တက်လှမ်းသွားနိုင်ခဲ့ပြီ ဖြစ်သည်။ အန်းလုရှန်းမှာ လောကသံချပ်ကာကို ဆင်မြန်းထားပြီး လောက စိတ်ဆန္ဒ၏ အားဖြည့်ပေးမှုများကို ရရှိထားသည့်အပြင် အနက်ရောင် နဂါးစွမ်းအင်များကိုပါ ရရှိထားခဲ့ရာ၊ မြို့တော်တွင် ဝမ်ချောင်နှင့် တွေ့ဆုံခဲ့စဉ်ကထက် အဆများစွာ ပိုမို အစွမ်းထက်လာခဲ့ပြီ ဖြစ်သည်ဆိုသော်ငြားလည်း၊ ဂူကောင်းကင်အဆင့်၏ တစ်ဝက်သို့သာ ရောက်ရှိသေးရာ ဝမ်ချောင်နှင့် နှိုင်းယှဉ်ပါက အလွန် ကြီးမားသော ကွာဟချက် ရှိနေဆဲပင် ဖြစ်သည်။

အန်းလုရှန်းအနေဖြင့် အလွန်နီးကပ်စွာ မသွားရောက်ဝံ့ပါချေ။ သို့သော် လောက စိတ်ဆန္ဒကို အသုံးပြုကာ ကောင်းကင်ယံ အပြည့် ပြည့်နှက်နေသော မိုးကြိုးလျှပ်စီးများဖြင့် အဝေးမှနေ၍ တိုက်ခိုက်ခြင်းမှာမူ လုံးဝကွဲပြားခြားနားသော ကိစ္စရပ်တစ်ခုပင် ဖြစ်တော့သည်။

လောကသံချပ်ကာ၏ အားဖြည့်ပေးမှုများကို ရရှိထားသဖြင့် အန်းလုရှန်းအနေဖြင့် ပိုမိုများပြားလှသော လောက ခွန်အားများကို ထိန်းချုပ်အသုံးပြုနိုင်စွမ်းရှိပြီး၊ ဝမ်ချောင်၏ အပေါ်သို့ သက်ရောက်စေသော ခြိမ်းခြောက်မှုမှာလည်း ပိုမို၍ ကြီးမားလာတော့သည်။

******

All Chapters