အခန်း ၂၂၃၆
Vol. 139 Ch. 2236
အခန်း (၂၂၃၆) လူယုတ်မာ ရည်မှန်းချက် အောင်မြင်သွားခြင်း
"ဝမ်ချောင်... မင်းက ငါ့ကို အရင်တုန်းက ဘာမှ မတတ်သိနားမလည်တဲ့ အကောင်လို့ ထင်နေတုန်းပဲလား? ငါနဲ့ ထိုက်ရှီသခင်ကြီးတို့ နှစ်ယောက် ပေါင်းပြီး တိုက်ခိုက်တာကို မင်း ဘယ်လိုများ ခုခံတားဆီးမလဲ ဆိုတာကို ငါ ကြည့်ချင်သေးတယ်"
အန်းလုရှန်းက အေးစက်စက် လှောင်ပြုံးများဖြင့် အဆက်မပြတ် ရယ်မောလိုက်တော့သည်။
စကားသံပင် မဆုံးသေးမီ မျက်တောင်တစ်ခတ်မျှ အချိန်လေး အတွင်းမှာပင် မြေကြီးများ တုန်ခါသွားခဲ့ပြီး၊ မြေအောက် အနက်ပိုင်း မှနေ၍ ကျောက်တုံးများဖြင့် ဖွဲ့စည်းထားသော ထက်မြက်သည့် သံစူးချွန်ကြီးတစ်ခုမှာ ရုတ်တရက် ပေါက်ကွဲထွက်ပေါ်လာကာ မြို့ရိုးအထက်ရှိ ဝမ်ချောင်ရှိရာ အရပ်ဆီသို့ အရှိန်ပြင်းပြင်းဖြင့် ဝင်ရောက်သွားတော့သည်။
သံမဏိခံတပ်အတွင်းရှိ ဧရာမ မဟာစစ်အစီအရင် သုံးခု ပြိုကွဲပျက်စီးသွားပြီးနောက်၊ အန်းလုရှန်း၏ လောက ခွန်အားမှာ ကန့်သတ်ချက်များကို ဖောက်ထွင်းနိုင်သွားပြီဖြစ်ပြီး ဤနယ်မြေအတွင်းသို့ ဝင်ရောက်လာကာ လောက စိတ်ဆန္ဒကို အသုံးပြု၍ ပိုမိုများပြားသော ကိစ္စရပ်များ ကို လုပ်ဆောင်နိုင်နေပြီ ဖြစ်၏။
သို့သော် ထိုအချိန်လေး အတွင်းမှာပင် မမျှော်လင့်ထားသော အပြောင်းအလဲ တစ်ခု ရုတ်တရက် ဖြစ်ပေါ်လာတော့သည်။
"ဖုန်း…" သံမဏိခံတပ်၏ တောင်ဘက် နေရာတွင် ရုတ်တရက် မီးရှူးမီးပန်းတစ်ခုမှာ ကောင်းကင်ယံသို့တိုင်အောင် တိုက်ရိုက်ထိုးတက်သွားတော့သည်။ ဧရာမ နှင်းမုန်တိုင်းကြီး အဆက်မပြတ် လိမ့်ဝင်နေပြီး မီးရှူးမီးပန်းမှာ ပေ တစ်ရာခန့် အမြင့်သို့ပင် မရောက်မီ လုံးဝငြိမ်းသတ်သွားခဲ့သည် ဆိုသော်ငြားလည်း၊ ဤအခိုက်အတန့် မျိုးတွင်မူ အလွန်အမင်း တောက်ပနေပြီး မျက်စိကျစရာ ကောင်းနေဆဲပင် ဖြစ်တော့သည်။
"သွားကြ"
"ကျန်းချိုးကျန့်ချုံး၊ မင်းဆရာ သခင်ကြီး လူတိုင်းကို ဦးဆောင်ပြီး အားလုံး အနောက်ကို ဆုတ်ခွာကြ"
လူတိုင်း အလွန်အမင်း အံ့ဩ မှင်တက်နေကြသည့် အချိန်လေး အတွင်းမှာပင် ဝမ်ချောင်၏အသံမှာ နားထဲသို့ ရုတ်တရက် တိုးဝင်လာတော့သည်။
အန်းလုရှန်း၏ရင်ထဲ၌ မှင်တက်သွားခဲ့ပြီး လျင်မြန်စွာပင် နားလည်သဘောပေါက်သွားတော့သည်။ ဤသည်မှာ ဝမ်ချောင်၏ စစ်တပ်ကြီး တစ်ခုလုံး အပြည့်အဝ ဆုတ်ခွာသွားပြီ ဖြစ်ကြောင်း ပြသသည့် အချက်ပြ သင်္ကေတပင် ဖြစ်တော့သည်။
"သွားမယ်….ဘယ်ကို သွားမှာလဲ။ ချွေချန်းယုံ၊ ထျန်းချန်းစီ၊ ထျန်းချန်ကျန်း... သူတို့ကို အစွမ်းကုန် တားဆီးထားကြစမ်း"
အန်းလုရှန်းက ရက်စက်ကြမ်းတမ်းသော လေသံဖြင့် ဆိုလိုက်တော့သည်။
"ဟုတ်ကဲ့ပါ"
မျက်တောင်တစ်ခတ်မျှ အချိန်လေး အတွင်းမှာပင် ယိုကျိုးနှင့် နိုင်ငံအသီးသီးမှ ဗိုလ်ချုပ်များအားလုံး တစ်ပြိုင်နက်တည်း ထွက်ပေါ်လာခဲ့ကြပြီး၊ အလွန်အမင်း ကြောက်မက်ဖွယ်ကောင်းပြီး ရက်စက်ကြမ်းတမ်းသော ပုံစံများဖြင့်အနောက်မှ ကာကွယ်ပေးနေသော ရှန်ဝူ တပ်ဖွဲ့၊ ရွှမ်းဝူ တပ်ဖွဲ့ အစရှိသည့် ထိပ်တန်းတပ်ဖွဲ့များရှိရာ အရပ်ဆီသို့ လိုက်လံ သတ်ဖြတ်သွားကြတော့သည်။
မနည်း ကြိုးစားအားထုတ်ပြီးမှ အပေါ်စီး နေရာကို ရယူထားနိုင်ခဲ့ခြင်းဖြစ်ရာ၊ ဝမ်ချောင်ကို ဤမျှလောက် အေးဆေးတည်ငြိမ်စွာဖြင့် ထွက်ခွာခွင့် ပေးလိုက်မည် မဟုတ်ကြောင်းမှာ သေချာလှပေသည်။
သို့သော် အန်းလုရှန်းမှာ မဟာထန်၏ ဤထိပ်တန်း တပ်ဖွဲ့များ၏စွမ်းရည်ကို အထင်သေးလွန်း နေဆဲပင် ဖြစ်သည်။ ယခင် ဖြစ်ပွားခဲ့သော တိုက်ပွဲကြီးတွင် ရှန်ဝူ တပ်ဖွဲ့၊ ရွှမ်းဝူ တပ်ဖွဲ့၊ ချန်ဝူ တပ်ဖွဲ့၊ မိုဓားတပ်ဖွဲ့၊ ဝူရှန်း သံချပ်ကာမြင်းတပ် အစရှိသော ထိပ်တန်း တပ်ဖွဲ့များ မရောက်ရှိလာသေးမီ အချိန်ကပင်၊ ဝမ်ချောင်သည် ထုံလော့ သံချပ်ကာမြင်းတပ်၊ အန်ဂရာ သံချပ်ကာမြင်းတပ်များနှင့် ဝမ်ကျုံးစစ်၊ ကျန်းရှို့ကွေးတို့ ကွပ်ကဲသော စစ်သည်သိန်းချီကို အားကိုးကာ နိုင်ငံအသီးသီး မဟာမိတ်တပ်ဖွဲ့နှင့် အကြိတ်အနယ် ယှဉ်ပြိုင် တိုက်ခိုက်နိုင်ခဲ့ပြီ ဖြစ်သည်။ ယခုအခါ ဤထိပ်တန်း တပ်ဖွဲ့ များ အားလုံး တစ်နေရာတည်းတွင် စုစည်းလာကြပြီဖြစ်ရာ သူတို့၏ အစွမ်းအစမှာ ယခင်ကထက် များစွာပိုမိုအစွမ်းထက်နေတော့သည်။
ဤတပ်ဖွဲ့များအနေဖြင့် တစ်ယောက်တည်းဖြင့် လူတစ်သောင်းကို ယှဉ်ပြိုင် တိုက်ခိုက်ပြီး၊ မျက်နှာချင်းဆိုင်ရှိ အဆုံးအစမရှိ များပြားလှသော နိုင်ငံအသီးသီး မဟာမိတ်တပ်ဖွဲ့ကို အမြစ်ပြတ် ချေမှုန်းနိုင်ရန် ဆိုသည်မှာ လုံးဝမဖြစ်နိုင်ဘူး ဆိုသော်ငြားလည်း၊ အကယ်၍ အနောက်သို့ ဆုတ်ခွာရန် သက်သက်သာဆိုပါက ချွေချန်းယုံ၊ ထျန်းချန်းစီတို့ လူစုအနေဖြင့် အစွမ်းကုန် ကြိုးပမ်း တားဆီးမည် ဆိုလျှင်တောင်မှ လုံးဝတားဆီးနိုင်စွမ်း ရှိမည် မဟုတ်ပါချေ။
"အရှင့်ရဲ့ အမိန့် ရပြီ၊ သွားကြစို့"
အမိန့်ပေးသံ နှင့်အတူ ကျောက်ဖုန်းချန်မှာ ရွှမ်းဝူ တပ်ဖွဲ့တစ်ခုလုံးကို ဦးဆောင်ကာ မျက်နှာချင်းဆိုင်ရှိ နိုင်ငံအသီးသီး၏ စစ်တပ်ကြီးကို ဖရိုဖရဲ ဖြစ်သွားအောင် တိုက်ခိုက် ချေမှုန်းပစ်လိုက်ပြီးနောက်၊ လျင်မြန်စွာပင် စစ်မြင်းများပေါ်သို့ တက်ရောက်ကာ ငှက်များအလား လျင်မြန်စွာ ထွက်ခွာသွားကြတော့သည်။
ဆက်တိုက်ဆိုသလိုပင် ရှန်ဝူတပ်ဖွဲ့၊ ချန်ဝူတပ်ဖွဲ့၊ မိုဓားတပ်ဖွဲ့နှင့် ဝူရှန်းသံချပ်ကာမြင်းတပ် အစရှိသော ထိပ်တန်း တပ်ဖွဲ့များ အားလုံးမှာ မြင်းခေါင်းကို လှည့်လိုက်ကြပြီး တောင်ဘက် ရှိရာ အရပ်ဆီသို့ လျင်မြန်စွာ ထွက်ခွာသွားကြတော့သည်။
မည်သူ တစ်ဦးတစ်ယောက်ကမျှ အနောက်တွင် ကျန်ရစ်နေခဲ့ခြင်း မရှိသလို၊ အန်းလုရှန်းကို တစ်ချက်မျှပင် လှည့်မကြည့်ခဲ့ကြပါချေ။ ဝမ်ချောင်က အမိန့် ပေးလိုက်ပြီဆိုကတည်းက လူတိုင်းအနေဖြင့် အနည်းငယ်မျှ လစ်ဟင်းမှု မရှိဘဲ လုံးဝတိကျ သေချာစွာ အကောင်အထည် ဖော်ဆောင်ကြမည်သာ ဖြစ်သည်။
စစ်သည်များအတွက် အမိန့်ကို နာခံရန်မှာ မွေးရာပါ တာဝန်ပင် ဖြစ်သည်။ အပိုလုပ်ဆောင်ချက်များ ပြုလုပ်ခြင်းက စစ်ဆင်ရေး အစီအစဉ်တစ်ခုလုံးကို ပျက်စီးသွားစေရုံ သက်သက်သာ ဖြစ်လိမ့်မည်။ ဤအချက်ကို မဟာထန်၏ အကောင်းဆုံးသော ထိပ်တန်း တပ်ဖွဲ့ များ ဖြစ်ကြသည့် သူတို့ထက် ပိုမို သိရှိနားလည်သူ မည်သူမျှ မရှိပါချေ။
"ဟီးးးးး"
စစ်မြင်းများ၏ ဟီးသံများ ထွက်ပေါ်လာခဲ့ပြီး ခဏတာ အချိန်တိုလေး အတွင်းမှာပင် ထိပ်တန်း တပ်ဖွဲ့ များ အားလုံးမှာ အတွင်းမြို့တော်ရှိရာ အရပ်ဆီသို့ လျင်မြန်စွာ ပျောက်ကွယ်သွားကြတော့သည်။
သို့သော် အရာရာတိုင်းမှာ လုံးဝပြီးဆုံးသွားခြင်း မရှိသေးပါချေ။
"ဟေးးးးး"
ပြင်းထန်လှသော ဟောက်သံကြီး တစ်ခုကိုသာ ကြားလိုက်ရပြီး၊ နောက်တစ်ခဏတွင် လေပြင်းများ တိုက်ခတ်လာခဲ့ကာ ဧရာမ အရိပ်မည်း ကြီး တစ်ခုမှာ ထိုက်ရှန်း တောင်ကြီး ဖိချလာသည့်အလား ဝမ်ချောင်တို့ရှိရာ အရပ်ဆီသို့ ကောင်းကင်ယံ မှနေ၍ ပြင်းထန်စွာ ဆင်းသက်လာတော့သည်။ ခြေဖဝါးများ မြေပြင်ပေါ်သို့ပင် မထိရသေးမီ ဧရာမ သတ္တု တုတ်ကြီးတစ်ချောင်းမှာ လေပြင်းများ တိုက်ခတ်သံများနှင့်အတူ အန်းလုရှန်းရှိရာ အရပ်ဆီသို့ အပြင်းအထန် ရိုက်ချလာတော့သည်။
"ဧရာမမျောက်ဝံသားရဲကြီး”
တောင်တန်းများအလား ကြီးမားကျယ်ပြန့်လှသော ဧရာမသတ္တဝါကြီး ပြုတ်ကျလာသည်ကို မြင်တွေ့လိုက်ရသည့်အခါ အန်းလုရှန်း၏ မျက်နှာအမူအရာ ချက်ချင်း ပြောင်းလဲသွားခဲ့ပြီး အလွန်အမင်း အထိတ်တလန့်ဖြင့် အနောက်သို့ လျင်မြန်စွာ ဆုတ်ခွာလိုက်တော့သည်။
ဤဧရာမမျောက်ဝံသားရဲကြီးတွင် သိုင်းအဆင့် ဟူ၍ သီးသန့် ခွဲခြား သတ်မှတ်ထားခြင်း မရှိပါချေ။ သို့သော် အရေပြား ထူထဲပြီး အသားမာကျောကာ တစ်ကိုယ်လုံးတွင် ရိုင်းစိုင်းလှသော ခွန်အားများဖြင့် ပြည့်နှက်နေပြီး အလွန်အမင်း အစွမ်းထက်လွန်းလှရာ၊ ဤတိရစ္ဆာန်ကြီးနှင့် အနီးကပ် တိုက်ခိုက်မည်ဆိုပါက သေချာပေါက် အလွန် ကြီးမားသော အရှုံးများကို ရင်ဆိုင်ရပေလိမ့်မည်။
ဧရာမမျောက်ဝံသားရဲကြီးမှာ တိုက်ခိုက်မှု တစ်ချက်တည်းဖြင့် အန်းလုရှန်းကို အနောက်သို့ ဆုတ်ခွာသွားအောင် ပြုလုပ်လိုက်ပြီးနောက်၊ လက်ထဲရှိ သတ္တု တုတ်ကြီးကို လေထဲတွင် လျင်မြန်စွာ ဝှေ့ယမ်းလိုက်ပြီး ဝမ်ချောင်နှင့် ပူးပေါင်းကာ ကောင်းကင်ယံရှိ ထိုက်ရှီရှိရာ အရပ်ဆီသို့ ချက်ချင်း ညှပ်ပိတ် တိုက်ခိုက်သွားတော့သည်။
"တိရစ္ဆာန်ကောင်"
ဤမြင်ကွင်းကို မြင်တွေ့လိုက်ရသည့်အခါ ထိုက်ရှီ၏မျက်ခုံးများ အနည်းငယ် ကျုံ့သွားတော့သည်။ သူသည် ဤဧရာမမျောက်ဝံသားရဲကြီးကို ကြောက်ရွံ့နေခြင်း လုံးဝမရှိပါချေ။ သို့သော် မျက်နှာစာ နှစ်ဖက်မှနေ၍ တိုက်ခိုက်ခံရခြင်းမှာ ဘာပဲဖြစ်ဖြစ် အနည်းငယ်တော့ ဖိနှိပ်ခံရသလို ဖြစ်နေရာ၊ သူသည်လည်း မသိစိတ်ဖြင့် ခြေတစ်ဝက်ခန့် အနောက်သို့ ဆုတ်ခွာလိုက်ပြီး ထိုတုတ်ချက်ကို ရှောင်တိမ်းလိုက်တော့သည်။
ဧရာမမျောက်ဝံသားရဲကြီးမှာ တုတ်ချက် လွဲချော်သွားခဲ့သည် ဆိုသော်ငြားလည်း အနည်းငယ်မျှ စိတ်ဓာတ် ကျဆင်းသွားခြင်း လုံးဝမရှိဘဲ ရူးသွပ်နေသည့်အလား ရှေ့သို့ ဆက်လက် တဟုန်ထိုး ပြေးဝင် တိုက်ခိုက်သွားတော့သည်။
"ဝုန်း"
ဖရိုဖရဲ ဖြစ်နေသော အခြေအနေများ အကြား၌ ဧရာမမျောက်ဝံသားရဲကြီးက တုတ်ရှည် ကြီး ဖြင့် တစ်ချက် ရိုက်ချလိုက်ရာ၊ မြို့ရိုး ပေါ်သို့ တက်ရောက်လာကြသော နိုင်ငံအသီးသီးမှ စစ်သည် မရေမတွက်နိုင်အောင်မှာ သနားစရာကောင်းလောက်အောင် အော်ဟစ်ရင်း အဝေးသို့ လွင့်စင်သွားကြတော့သည်။ မြို့ရိုး တစ်ခုလုံးတွင် သွေးများနှင့် အသားစများ ဖြင့် ပြည့်နှက်သွားတော့သည်။
ဤမျှသာမက ဧရာမမျောက်ဝံသားရဲကြီးမှာ ခြေတစ်ဖက် ဖြင့် ဝုန်းခနဲ မြည်သံနှင့်အတူ ပြင်းထန်စွာ ဆောင့်နင်းလိုက်ရာ၊ မြို့ရိုး၏ အပေါက်နေရာမှနေ၍ ယခုလေးတင် ဝင်ရောက်လာကြသော နိုင်ငံအသီးသီး၏ စစ်တပ်ကြီးမှာ သံချပ်ကာများနှင့်တကွ အသားစင်းစင်းများအလား ခြေဖဝါးအောက်တွင် ချက်ချင်း အကြိတ်ခံလိုက်ရတော့သည်။
ဤမြင်ကွင်းကို မြင်တွေ့လိုက်ရသည့်အခါ အန်းလုရှန်းနှင့် ယိုကျိုးမှ ဗိုလ်ချုပ်များ၏ မျက်နှာအမူအရာများ ပြောင်းလဲသွားကြတော့သည်။ ဤဧရာမမျောက်ဝံသားရဲကြီးမှာ လောလောဆယ်တွင် အန်းလုရှန်းနှင့်ထိုက်ရှီတို့ကို အသက်အန္တရာယ် ပေးနိုင်လောက်အောင် ခြိမ်းခြောက်နိုင်စွမ်း မရှိသေးဘူး ဆိုသော်ငြားလည်း၊ အကယ်၍ ဒီအတိုင်း လွှတ်ထားမည်ဆိုပါက သူ၏ခွန်အားဖြင့် နိုင်ငံအသီးသီး၏ စစ်တပ်ကြီး အပေါ်သို့ အလွန်အမင်း ကြီးမားလှသော သေဆုံးဒဏ်ရာရမှုများကို သေချာပေါက် ဖြစ်ပေါ်စေမည်မှာ အမှန်ပင် ဖြစ်တော့သည်။
ကောင်းကင်ယံ အလယ်တွင်မူ ထိုက်ရှီမှာ အစပိုင်းတွင် ကြီးကြီးမားမား ဂရုစိုက်ခြင်း မရှိခဲ့ပါချေ။ သို့သော် ဧရာမမျောက်ဝံသားရဲကြီး၏ ထိုကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်နိုင်စွမ်းကို မြင်တွေ့လိုက်ရသည့် အခါတွင်မူ မျက်နှာအမူအရာ ချက်ချင်း လေးနက်သွားတော့သည်။
နတ်ဘုရား အဖွဲ့အစည်းမှာ မိမိကိုယ်ကို နတ်ဘုရား အဖြစ် အမြဲတမ်း သတ်မှတ်ထားလေ့ ရှိသည်၊ နတ်ဘုရား အဖွဲ့အစည်း၏ ထိပ်တန်း ခေါင်းဆောင်များထဲမှ တစ်ဦးအနေဖြင့် ဧရာမမျောက်ဝံသားရဲကြီးကို မိမိ၏မျက်စိရှေ့တွင် ဤကဲ့သို့ ကြီးကျယ် ခမ်းနားစွာ သတ်ဖြတ်ခွင့် ပေးထားပြီး ရက်စက်ကြမ်းတမ်းမှု များကို ပြသခွင့် ပေးထားမည် ဆိုပါက၊ ဘာပဲဖြစ်ဖြစ် သူ့အတွက် မျက်နှာပျက်စရာ ကောင်းလွန်းလှပြီး လုံးဝသင့်တော်မှု မရှိပါချေ။
"သေရမှာကို မကြောက်တဲ့ အကောင်"
ထိုက်ရှီ၏ မျက်ဝန်းထဲ၌ အန္တရာယ် ကြီးမားလှသော အလင်းတန်းတစ်ချက် လက်သွားခဲ့သည်။ သူ၏ လက်ချောင်း ငါးချောင်းကို ဖြန့်ကားလိုက်ရာ လက်ဖဝါး အကြား၌ မန္တန်များ ရေးထွင်းထားသော ဖြူဝါရောင် ဟင်းလင်းပြင်နှင့်အချိန် စက်ကွင်းတစ်ခုမှာ လေထဲတွင် ရုတ်တရက် ပေါ်ထွက်လာခဲ့ပြီး၊ အဆက်မပြတ် တုန်ခါလျက် အောက်ဘက်ရှိ ဧရာမမျောက်ဝံသားရဲကြီး ရှိရာ အရပ်ဆီသို့ အဝေးမှ ချိန်ရွယ်လိုက်တော့သည်။
သို့သော် ထိုက်ရှီလှုပ်ရှားမှု မြန်ဆန်သည် ဆိုသော်ငြားလည်း ဝမ်ချောင်၏ လှုပ်ရှားမှုမှာ ပိုမို၍ပင် မြန်ဆန်နေသေးသည်။ စစ်တပ်ကြီးတစ်ခုလုံး ဆုတ်ခွာသွားကြပြီဖြစ်ပြီး နိုင်ငံအသီးသီး၏ စစ်တပ်ကြီးမှာ အပေါက်များမှတစ်ဆင့် အဆက်မပြတ် တဟုန်ထိုး ပြေးဝင်လာနေသည်ကို မြင်တွေ့လိုက်ရသည့်အခါ၊ ဝမ်ချောင်မှာ အနည်းငယ်မျှ တွေဝေခြင်း မရှိဘဲ စိတ်ဆန္ဒ ကို တစ်ချက် လှုပ်ရှားလိုက်ကာ တတိယမြောက် ရှန်ထိုက်ကို ချက်ချင်း ဆင့်ခေါ်လိုက်သည်၊ တစ်ချိန်တည်းမှာပင် လက်ဝါး နှစ်ဖက် ကို ပူးကပ်လိုက်ပြီး လက်သင်္ကေတများကို လျင်မြန်စွာ ပြုလုပ်လိုက်ရာ၊ ကောင်းကင်နှင့် မြေကြီးကို လွှမ်းခြုံထားသော ဧရာမ နှင်းမုန်တိုင်းကြီးထက်ပင် များစွာပိုမိုကြောက်မက်ဖွယ် ကောင်းသော ရေခဲ စွမ်းအင်များမှာ သူ၏ကိုယ်တွင်းမှနေ၍ ရုတ်တရက် ပေါက်ကွဲထွက်ပေါ်လာတော့သည်။
"ကမ္ဘာကြီးကို အေးခဲစေခြင်း”
ဝမ်ချောင်မှာ အနည်းငယ်မျှ တွေဝေခြင်း မရှိဘဲ ဂူကောင်းကင်အဆင့်၏ ခွန်အားကို အသုံးပြုကာ တတိယမြောက် ရှန်ထိုက်၏ မွေးရာပါ နတ်စွမ်းရည်ကို ချက်ချင်း အသုံးပြုလိုက်တော့သည်။
"ဝုန်း"
ဝမ်ချောင်စတင် လှုပ်ရှားလိုက်သည့် မျက်တောင်တစ်ခတ် အတွင်းမှာပင် ကောင်းကင်နှင့်မြေကြီး တုန်ခါသွားခဲ့ပြီး ဟင်းလင်းပြင်ကြီး တစ်ခုလုံးပင်လျှင် ဝီခနဲ တုန်ခါသွားခဲ့သည်။ အသံများအားလုံးမှာ ထိုအခိုက်အတန့်၌ လုံးဝပျောက်ကွယ်သွားခဲ့ပြီး၊ ၎င်း၏ အနောက်တွင် ဆက်တိုက် ဆိုသလိုပင် အဆုံးအစမရှိ ကြီးမားကျယ်ပြန့်လှသော အပြာနုရောင် စွမ်းအင်တစ်ခုမှာ ဝမ်ချောင်၏ ကိုယ်တွင်းမှနေ၍ ပေါက်ကွဲထွက်ပေါ်လာတော့သည်။
ဝမ်ချောင်ကို ဗဟိုပြု၍ ရှေ့တည့်တည့်ရှိ ပေ သောင်းနှင့်ချီသော နယ်ပယ် အတွင်း၌၊ အရှိန်အပြည့်ဖြင့် ပြေးလွှားနေသော စစ်မြင်းများ၊ လေထဲတွင် လွင့်ပျံနေသော စစ်အလံကြီးများ၊ မြင့်မားလှသော မြို့ရိုးများ နှင့် လှုပ်ရှားနေသော လေစီးကြောင်းများ၊ ကောင်းကင်ယံ အပြည့် ပြည့်နှက်နေသော နှင်းမှုန်များ ပင်လျှင် မျက်တောင်တစ်ခတ် အတွင်းမှာ လုံးဝအေးခဲသွားခဲ့ပြီး၊ လောကကြီး တစ်ခုလုံးမှာ အစစ်အမှန် ရေခဲ ကမ္ဘာကြီးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားတော့သည်။
"ဒုက္ခပဲ"
မမျှော်လင့်ထားသော အပြောင်းအလဲကြီး ဖြစ်ပေါ်လာခဲ့သည်၊ ဝမ်ချောင်၏ ကိုယ်ပေါ်မှနေ၍ အပြာရောင် အလင်းတန်းများ ပေါက်ကွဲထွက်ပေါ်လာသည်ကို မြင်တွေ့လိုက်ရသည့် မျက်တောင်တစ်ခတ် အတွင်းမှာပင် အန်းလုရှန်း၏ ရင်ထဲ၌ ချက်ချင်း အေးစိမ့်သွားခဲ့ပြီး၊ မသိစိတ်ဖြင့် အလွန်အမင်း အန္တရာယ် ကြီးမားလှသော ခံစားချက် တစ်ခု ရုတ်တရက် ပေါ်ထွက်လာတော့သည်။ အသေးစိတ် စဉ်းစား တွေးတောရန် အချိန်ပင် မရလိုက်ဘဲ အန်းလုရှန်း၏ခန္ဓာကိုယ်မှာ တစ်ချက် လှုပ်ရှားသွားခဲ့ပြီး လျင်မြန်စွာ အနောက်သို့ အရှိန်အပြည့်ဖြင့် ဆုတ်ခွာလိုက်တော့သည်။ တစ်ချိန်တည်းမှာပင် ကိုယ်တွင်းရှိ ဂန်ချီ စွမ်းအင်များကို အပြည့်အဝ စုစည်းကာ တစ်ကိုယ်လုံးကို ကာကွယ်လိုက်တော့သည်။
တစ်ချိန်တည်းမှာပင် ချွေချန်းယုံ၊ ထျန်းချန်ကျန်း နှင့် အခြားသူများ မှာလည်း အံ့ဩတကြီး အော်ဟစ်လိုက်ကြပြီး အနောက်သို့ လျင်မြန်စွာ ဆုတ်ခွာသွားကြတော့သည်။
သူတို့သည် မူလကတည်းက မြို့ရိုးပေါ်သို့ တက်ရောက်လာခဲ့ကြပြီး အနောက်မှနေ၍ လိုက်လံသတ်ဖြတ်ရန် ပြင်ဆင်နေခဲ့ကြသည်။ သို့သော် ဝမ်ချောင်၏ ကိုယ်ပေါ်မှနေ၍ ကောင်းကင်နှင့် မြေကြီးကို ဖျက်ဆီးပစ်နိုင်စွမ်းရှိသည့် စွမ်းအင် လှိုင်းဂယက်များကို ခံစားသိရှိလိုက်ရသည့်အခါတွင် ချက်ချင်းပင် အထိတ်တလန့်ဖြင့် အနောက်သို့ ဆုတ်ခွာသွားကြပြီး၊ ကိုယ်တွင်းရှိ ဂန်ချီ စွမ်းအင်များကို ပေါက်ကွဲထွက်ပေါ်စေကာ တစ်ကိုယ်လုံးကို ကာကွယ်လိုက်ကြတော့သည်။
ကောင်းကင်ယံအလယ်တွင် ရှိနေသော ထိုက်ရှီပင်လျှင် ဤအခိုက်အတန့်၌ မျက်နှာအမူအရာ လေးနက်သွားခဲ့ပြီး၊ ဝမ်ချောင်၏ 'ကမ္ဘာကြီးကို အေးခဲစေခြင်း'၏ ရှေ့မှောက်တွင် မတတ်သာဘဲ ယာယီ ရှောင်တိမ်းလိုက်ရတော့သည်။
ကက်စပီယန် ပင်လယ် စစ်ပွဲတွင် ထိုက်ရှီအနေဖြင့် ကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ မမြင်တွေ့ခဲ့ရဘူး ဆိုသော်ငြားလည်း၊ ထိုက်ချန် မသေဆုံးမီက အလွန်အမင်း ကြောက်မက်ဖွယ်ကောင်းသော ရေခဲ သိုင်းပညာ တစ်မျိုး၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရကြောင်းကို သူ ကောင်းကောင်း သိရှိထားပေသည်။
ထို့ပြင် အဖြစ်အပျက် အားလုံး ပြီးဆုံးသွားပြီးနောက် ပြန်လည် လေ့လာကြည့်မည် ဆိုပါက၊ ထိုက်ချန်မှာ ဝမ်ချောင်၏ 'ကမ္ဘာကြီးကို အေးခဲစေခြင်း' မိသွားခဲ့ကြောင်း အလွန်ပင် ထင်ရှားနေသည်။ အတိတ်က သင်ခန်းစာများကို အနာဂတ်အတွက် လမ်းပြအဖြစ် အသုံးချရမည်၊ ထိုက်ချန်ပင်လျှင် ပေါ့ဆမှုကြောင့် သေဆုံးသွားခဲ့ရသည်ဆိုမှတော့ ထိုက်ရှီအနေဖြင့် အလားတူ အမှားမျိုး ကို ဘယ်လိုလုပ်ပြီး ထပ်မံ ကျူးလွန်ဝံ့မည်နည်း။
"ဝီ"
အလင်းတန်း တစ်ချက် လက်သွားခဲ့ပြီး ထိုက်ရှီ၏ခြေအောက်တွင် အလင်းစက်ဝန်း လင်းလက်သွားကာ၊ ဟင်းလင်းပြင်နှင့်အချိန် ခွန်အားများကို လျင်မြန်စွာ ထိန်းချုပ်ပြီး ဟင်းလင်းပြင်နှင့်အချိန်၏ အနက်ပိုင်းသို့ ပုန်းအောင်းသွားခဲ့ကာ ဝမ်ချောင်၏ ဤကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်မှုကို ရှောင်တိမ်းလိုက်တော့သည်။
သို့သော် အန်းလုရှန်း၊ ချွေချန်းယုံနှင့် အခြားသူများမှာမူ ထိုမျှလောက် ကံကောင်းခြင်း မရှိခဲ့ပါချေ။ အပြာရောင် အလင်းတန်းများ လင်းလက်သွားခဲ့ပြီး နှင်းမုန်တိုင်းကြီးမှာ အဆက်မပြတ် လိမ့်ဝင်လာကာ ကောင်းကင်နှင့် မြေကြီးကို ဖုံးလွှမ်းသွားတော့သည်။ မျက်တောင်တစ်ခတ်မျှ အချိန်လေး အတွင်းမှာပင် အရှေ့ တာ့ခ် ဝူဆူမစ်ရှ် ခါဂန်း၊ ဂိုဂူလျော ဧကရာဇ် ယွန်းဂျယ်စိုးမွန်းတို့ အပါအဝင် လူတိုင်း၏ ခန္ဓာကိုယ် မျက်နှာပြင် ပေါ်တွင် ရေခဲလွှာများ ချက်ချင်း ဖြစ်ပေါ်လာခဲ့ပြီး မိုးပေါက်များအလား ထိန်းချုပ်၍ မရနိုင်တော့ဘဲ အောက်သို့ ပြုတ်ကျသွားကြတော့သည်။
ဤလူများ အားလုံးမှာ တစ်ဦးစီတိုင်း အလွန်အမင်း အစွမ်းထက်လှပြီး နယ်ပယ် အသီးသီးတွင် ကြီးမားလှသော ခေါင်းဆောင်ကြီးများ ဖြစ်ကြသည် ဆိုသော်ငြားလည်း၊ ဝမ်ချောင်၏ ဂူကောင်းကင်အဆင့် ရှိသော ပြင်းထန်လှသည့် တိုက်ခိုက်မှု ကြီး၏ ရှေ့မှောက်တွင်မူ အလားတူပင် လုံးဝတောင့်ခံနိုင်စွမ်း မရှိခဲ့ကြပါချေ။
"သွားကြ"
ဝမ်ချောင်မှာ တိုက်ခိုက်မှု တစ်ချက်တည်းဖြင့် လူတိုင်းကို အနောက်သို့ ဆုတ်ခွာသွားအောင် ပြုလုပ်လိုက်ပြီးနောက် သူ၏မျက်နှာပေါ်တွင် အနည်းငယ် ဖြူရော်သော အရိပ်အယောင် အချို့ ပေါ်ထွက်လာခဲ့ပြီး၊ အဝေးဆီသို့ လျင်မြန်စွာ ခုန်ပျံ ထွက်ခွာသွားတော့သည်။
ဤတိုက်ခိုက်မှုက စစ်တပ်ကြီးအတွက် အလွန်တန်ဖိုးရှိလှသော ခဏတာ အသက်ရှူပေါက်လေးကို သေချာပေါက် ရယူပေးနိုင်လိမ့်မည်။ သို့သော် ၎င်း၏ စွမ်းအင်မှာ အလွန်အမင်း ကြီးမားကျယ်ပြန့်လှပြီး စစ်မြေပြင်၏ ထက်ဝက်ခန့်ကို အေးခဲသွားစေနိုင်ခဲ့သည် ဆိုသော်ငြားလည်း၊ ဤနည်းလမ်း တစ်ခုတည်းဖြင့် နိုင်ငံအသီးသီး မဟာမိတ်တပ်ဖွဲ့ကို အမြစ်ပြတ် ချေမှုန်းနိုင်ရန် ဆိုသည်မှာ လုံးဝမဖြစ်နိုင်ကြောင်းကို ဝမ်ချောင်ကိုယ်တိုင်ပင်လျှင် ကောင်းကောင်း သိရှိထားပေသည်။ ထိုက်ရှီပဲ ဖြစ်ဖြစ် အန်းလုရှန်းတို့ လူစုပဲဖြစ်ဖြစ် ဤတိုက်ခိုက်မှုက သူတို့ကို လုံးဝအပြည့်အဝ အေးခဲသွားအောင် မပြုလုပ်နိုင်ခဲ့ပါချေ။ ထို့ပြင် စွမ်းအင်များမှာ ပေသောင်းနှင့်ချီသော နယ်ပယ် အတွင်းသို့ ပြန့်ကျဲသွားခဲ့ရာ ၎င်း၏စွမ်းရည်မှာလည်း အများအပြား လျော့ကျသွားမည်မှာ သေချာလှပေသည်။
ထင်ထားသည့်အတိုင်းပင် ဝမ်ချောင်ပေ ထောင်နှင့်ချီ အကွာအဝေး သို့ ရောက်ရှိသွားသည့် အချိန်လေး အတွင်းမှာပင်၊ မြို့ရိုး၏အနောက်ဘက်မှနေ၍ မြည်သံများ အဆက်မပြတ် ထွက်ပေါ်လာခဲ့ပြီး ဘုန်းခနဲ မြည်သံနှင့်အတူ ထူထပ်လှသော ရေခဲများမှာ မျက်တောင်တစ်ခတ်အတွင်း လုံးဝပြိုကွဲ ပျက်စီးသွားတော့သည်။ အန်းလုရှန်းမှာ ပထမဆုံးအနေဖြင့် တစ်ကိုယ်လုံးရှိ ရေခဲများကို ခွဲထုတ်ပစ်လိုက်ပြီး မြေပြင်မှနေ၍ ကောင်းကင်ယံသို့ တဟုန်ထိုး တက်လှမ်းလာတော့သည်။ ဆက်တိုက် ဆိုသလိုပင် ချွေချန်းယုံ၊ ဝူဆူမစ်ရှ် ခါဂန်း၊ ယွန်းဂျယ်စိုးမွန်းနှင့် အခြားသူများ မှာလည်း အလားတူပင် ကိုယ်ပေါ်ရှိ ရေခဲများ ကို ခွဲထုတ်ပစ်လိုက်ကြတော့သည်။
ကောင်းကင်ယံ အလယ်တွင်မူ အေးစိမ့်လှသော အလင်းတန်း တစ်ချက် လက်သွားခဲ့ပြီး ထိုက်ရှီမှာ ထွက်ခွာသွားရာမှ ပြန်လည်ရောက်ရှိလာကာ နောက်တစ်ကြိမ် ထပ်မံပေါ်ထွက်လာပြန်သည်။
"ဘုန်း ဘုန်း ဘုန်း"
သူ၏ ညာဘက် လက်ဖဝါးကို ဆန့်ထုတ်လိုက်ရာ ကြီးမားကျယ်ပြန့်လှသော စွမ်းအင်ကြီးတစ်ခုမှာ ပုံသဏ္ဌာန်မဲ့သော စည်းမျဉ်း ခွန်အားများနှင့်အတူ ဘေးပတ်ဝန်းကျင်သို့ လျင်မြန်စွာ ဖြန့်ကြက်သွားခဲ့ပြီး စစ်မြေပြင်ကြီး တစ်ခုလုံးကို လွှမ်းခြုံသွားတော့သည်။ ထိုက်ရှီ၏ စွမ်းအင် သက်ရောက်မှုအောက်တွင် မြေပြင်ပေါ်ရှိ အဆုံးအစမရှိ များပြားလှသော နိုင်ငံအသီးသီး၏ စစ်တပ်ကြီးကိုယ်ပေါ်ရှိ ရေခဲများမှာ အဆက်မပြတ် ပြိုကွဲပျက်စီးသွားကြပြီး မရေမတွက်နိုင်သော စစ်တပ်ကြီးမှာ အေးခဲနေမှု အတွင်းမှနေ၍ ချက်ချင်း ရုန်းထွက်လာနိုင်ကြတော့သည်။
သို့သော် ဤခဏတာ အချိန်တိုလေး အတွင်းမှာပင် ဝမ်ချောင်မှာ စစ်တပ်ကြီးကို ဦးဆောင်ကာ လုံးဝဆုတ်ခွာထွက်ပြေးသွားခဲ့ပြီ ဖြစ်၏။
"ဟွန်း... ထွက်ပြေးလို့ လွတ်မယ် ထင်နေလား?"
ကောင်းကင်ယံတွင် ထိုက်ရှီမှာ လေထဲတွင် တွဲလောင်း ဖြစ်နေလျက် သံမဏိခံတပ်၏ တောင်ဘက် မြို့တံခါးဆီသို့ အဆက်မပြတ် ပြေးဝင်နေကြသော မဟာထန်၏ စစ်တပ်များကို ကြည့်ရင်း အေးစက်စက် ပြုံးလိုက်တော့သည်။
ထိုက်ရှီအတွက်မူ ဝမ်ချောင်ကြိုးစား အားထုတ်နေမှုများအားလုံးမှာ အနည်းငယ်မျှ အဓိပ္ပာယ် လုံးဝမရှိပါချေ။
သူ ကမ္ဘာကြီးကို အေးခဲစေခြင်းကို အသုံးပြုပြီး နိုင်ငံအသီးသီး၏ စစ်တပ်ကြီးကို ယာယီ တားဆီးထားနိုင်တယ်ဆိုရင်တောင်မှ တစ်သက်လုံး တားဆီးထားနိုင်မယ်လို့ သူ ထင်နေတာလား။
ဒါ့အပြင် အဆုံးအစမရှိတဲ့ နှင်းမုန်တိုင်းကြီး ဆင်းသက်လာပြီ၊ ကာကွယ် ပုန်းအောင်းစရာ နေရာလည်း လုံးဝမရှိဘူး၊ အရင်က ကြိုတင် ပြင်ဆင်ထားတဲ့ ဝါဂွမ်း အင်္ကျီ အထူ တွေကိုပဲ အားကိုးပြီး စစ်သည် သိန်းချီက ဘယ်လောက်အထိ ဝေးဝေး ပြေးနိုင်မယ်လို့ သူ တကယ်ပဲ ထင်နေတာလား။
"တကယ်ကို မိုက်မဲလွန်းတာပဲ။ ကြည့်ရတာ ဒီနတ်ဘုရားက မင်းကို အထင်ကြီးလွန်း နေခဲ့တာပဲ"
ထိုက်ရှီ၏စကားသံ ဆုံးသည်နှင့် တစ်ပြိုင်နက် ဟင်းလင်းပြင်ကြီးအတွင်း၌ လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့ပြီး ဝမ်ချောင်ရှိရာ အရပ်ဆီသို့ လိုက်လံ သတ်ဖြတ်သွားတော့သည်။
အနောက်ဘက်တွင် အန်းလုရှန်းမှာ စစ်တပ်ကြီး ပြန်လည်နိုးထလာပြီး ရေခဲများအတွင်းမှ အသီးသီး ရုန်းထွက်လာကြသည်ကို မြင်တွေ့လိုက်ရသည့်အခါ နှုတ်ခမ်းထောင့်များတွင် အပြုံးတစ်ခု ပေါ်ထွက်လာတော့သည်။
"ပြေးမယ်… ဒီလို အခြေအနေ မျိုး အထိ ရောက်နေပြီကို၊ ဝမ်ချောင်... မင်းက ငါ မင်းကို အေးဆေးတည်ငြိမ်စွာ ထွက်ပြေးခွင့် ပေးမယ်လို့ ထင်နေတုန်းပဲလား"
အန်းလုရှန်းက ခေါင်းလှည့်လိုက်ပြီး ဝမ်ချောင်စစ်တပ်ကြီးကို ဦးဆောင်ကာ ဆုတ်ခွာသွားသော အရပ်ဆီသို့ လှမ်းကြည့်ရင်း၊ နှုတ်ခမ်းထောင့်များတွင် အလွန်အမင်း ရက်စက်ကြမ်းတမ်းသော အပြုံးတစ်ခု ပေါ်ထွက်လာတော့သည်။
ဤစစ်ပွဲကြီးမှာ ယခုအချိန် သို့ ရောက်ရှိမှသာ အစစ်အမှန် အထွတ်အထိပ် အချိန်သို့ ရောက်ရှိသွားပြီ ဖြစ်၏။
ဤတစ်ကြိမ်တွင် သူသည် လဲနေသူကို ထပ်ဆင့်နင်းသကဲ့သို့ ဝမ်ချောင်ကို အပြတ်ရှင်းရန် လိုက်လံသတ်ဖြတ်မည်ဖြစ်ပြီး...ဝမ်ချောင်ဘယ်နေရာကိုပဲ ထွက်ပြေးပါစေ သေလမ်း တစ်လမ်းတည်းသာ ရှိတော့မည် ဖြစ်သည်။
******