← Chapters

အခန်း ၂၂၃၇

Vol. 139 Ch. 2237

အခန်း ၂၂၃၇

Vol. 139 Ch. 2237

အခန်း (၂၂၃၇) အခြေအနေများ အားလုံး အတည်ပြုပြီးပြီ

"နတ်ဘုရားနိုင်ငံတော် သံချပ်ကာ တပ်ဖွဲ့နဲ့ ဝံပုလွေ တပ်ဖွဲ့၊ နေမင်းလိုက် သံမဏိမြင်းတပ်တွေကို ဘယ်လို စီစဉ်ထားလဲ?"

အန်းလုရှန်း က ရုတ်တရက် မေးမြန်းလိုက်တော့သည်။

"သခင်ကြီးကို သတင်းပို့ပါတယ်... ဒီ စစ်တပ်တွေကို ယာယီ ခေါ်ယူထားပြီး မြို့ထဲကို ဝင်ရောက်ခိုင်းတာ မရှိပါဘူး၊ ကျွန်တော် သူတို့ကို သံမဏိခံတပ်ရဲ့ အပြင်ဘက်ကနေ ပတ်ပြီး လိုက်လံသတ်ဖြတ်ဖို့ အမိန့်ပေးထားပါတယ်၊ ကျန်တဲ့ စစ်တပ်တွေကို ဂရုစိုက်နေစရာ မလိုဘဲ သံမဏိခံတပ်ရဲ့တောင်ဘက် ထွက်ပေါက်ကို တိုက်ရိုက် ဦးတည်သွားခိုင်းထားပါတယ်"

"မြို့ရိုး ပြိုကျသွားတဲ့ အချိန်ကတည်းက သူတို့ စတင်ထွက်ခွာသွားကြပြီ ဖစ်လို့၊ ဘာမှမမှားဘူးဆိုရင် တောင်ဘက်မြို့တံခါးဆီကို အချိန်မီရောက်ရှိနိုင်မှာ သေချာပြီး၊ သူတို့ကို အောင်မြင်စွာ တားဆီးထားနိုင်ဖို့ လုံလောက်ပါတယ်"

လေအေးများ ပြင်းထန်စွာ တိုက်ခတ်လာခဲ့ပြီး၊ ထျန်းချန်းစီမှာ လေထဲတွင် ခြေလှမ်းများ လှမ်းလျက် အန်းလုရှန်း၏ အနောက်ဘက်တွင် ပေါ်ထွက်လာခဲ့ပြီး၊ ခေါင်းငုံ့ကာ အရိုအသေ ပေးလျက် ဆိုလိုက်တော့သည်။

"ဒါ့အပြင် ဒီ စစ်တပ် တွေကို ချွေချန်းယုံနဲ့ နတ်ဘုရား သခင်အချို့က ဦးဆောင် သွားကြတာပါ"

"ကောင်းတယ်"

အန်းလုရှန်းမှာ ဤစကားကို ကြားလိုက်ရသည့်အခါ နှုတ်ခမ်းထောင့်များတွင် အပြုံးတစ်ခု ပေါ်ထွက်လာတော့သည်။

ဝမ်ချောင်မှာ သူ့ကို အလွန်အမင်း အထင်သေးလွန်း နေဆဲပင် ဖြစ်သည်။ ယခုအချိန်အထိ အရာရာတိုင်းမှာ သူ၏တွက်ချက်မှုများအတွင်း၌သာ ရှိနေခဲ့သည်။ ထိုထိပ်တန်း စစ်တပ်များမှာ အလွန် လျင်မြန်သော အရှိန်ရှိကြသည်။ ဝမ်ချောင်၏စစ်သည် သိန်းချီကို အမြစ်ပြတ် ချေမှုန်းနိုင်ရန် ဆိုသည်မှာ လုံးဝမဖြစ်နိုင်ဘူး ဆိုသော်ငြားလည်း၊ သူတို့ကို တားဆီးထားနိုင်ရန်အတွက်မူ လုံလောက်ပေသည်။

ဝမ်ချောင်မှာ အမြဲတမ်း ပြည်သူကို ချစ်ပြီး စစ်သည်များကို သနားတတ်သူ ဖြစ်သည်။ အခြားအရာများကို ထားလိုက်ပါဦး၊ သူ၏ တပ်ဖွဲ့အတွင်း၌ သာမန် လက်မှုပညာရှင် အမြောက်အမြား ရှိနေခြင်းကပင် ဝမ်ချောင်အနေဖြင့် သူတို့ကို ထားရစ်ခဲ့ပြီး အေးဆေးတည်ငြိမ်စွာ ဆုတ်ခွာသွားမည် လုံးဝမဟုတ်ကြောင်းကို ပြသနေခြင်းပင် ဖြစ်တော့သည်။

"နေရာမကျတဲ့ သနားကြင်နာမှုတွေပဲ"

အန်းလုရှန်း၏ မျက်ဝန်းထဲ၌ လှောင်ပြောင်နေသော အရိပ်အယောင်အချို့ ပေါ်ထွက်လာတော့သည်။ ဝမ်ချောင်၏ ကံကြမ္မာမှာ အစပိုင်းကတည်းက သတ်မှတ်ထားပြီးသား ဖြစ်သည်။ သူ့အတွက် သီးသန့် ဖြစ်သော ဂုဏ်ကျက်သရေများမှာ ကုန်ဆုံးသွားခဲ့ပြီ ဖြစ်ပြီး၊ ယခုအခါ သူ အန်းလုရှန်း၏ခေတ်ကာလကို ရောက်ရှိလာပြီ ဖြစ်၏။

ဝမ်ချောင်၏ အလောင်းနှင့် မဟာထန်၏အပျက်အစီးများအပေါ်တွင် သူသည် ကြီးမားကျယ်ပြန့်ပြီး တစ်သားတည်း ဖြစ်နေသော အစစ်အမှန် မင်းဆက်ကြီးတစ်ခုကို တည်ထောင်သွားမည် ဖြစ်သည်။

"ငါ့ အမိန့်ကို ပေးလိုက်စမ်း၊ စစ်တပ်ကြီး ကို မြို့ထဲ ဝင်ခိုင်းလိုက်၊ အခု ကတိစကားတွေကို အကောင်အထည် ဖော်ရမယ့် အချိန် ရောက်ပြီ"

"မဟာထန်ကို အနိုင်ယူပြီးတာနဲ့ 'ငါကိုယ်တော်'အနေနဲ့ သူတို့ရဲ့စွမ်းဆောင်ရည်တွေ အပေါ် မူတည်ပြီး ဆုချီးမြှင့်မယ်"

နောက်ဆုံး စကားကို ပြောဆိုလိုက်သည့် အခါတွင် အန်းလုရှန်း၏အသံမှာ အလွန်အမင်း ကျယ်လောင်နေခဲ့ပြီး မျက်ဝန်းထဲ၌ ပြင်းပြလှသော ရည်မှန်းချက်များ အပြည့်အဝ ပေါ်ထွက်နေတော့သည်။ ကိုယ်စားလှယ် နာမ်စားကိုပင် "ငါ" မှ "ငါကိုယ်တော်"ဟု ပြောင်းလဲ သုံးနှုန်းလိုက်တော့သည်။

"ဝုန်း"

အန်းလုရှန်း၏ စကားကို ကြားလိုက်ရသည့်အခါ နိုင်ငံအသီးသီး၏ စစ်တပ်ကြီးမှာ ပြင်းထန်လှသော အောင်ပွဲခံ အော်ဟစ်သံကြီးများ ပေါက်ကွဲထွက်ပေါ်လာတော့သည်။

"သတ်"

လူတိုင်းမှာ သွေးဆူလာကြပြီး မရေမတွက်နိုင်သော စစ်မြင်းများမှာ အပေါက် များမှတစ်ဆင့် တဟုန်ထိုး ပြေးဝင်သွားကြကာ၊ ထန်လူမျိုးများ ဆုတ်ခွာသွားသော အရပ်ဆီသို့ လိုက်လံ သတ်ဖြတ်သွားကြတော့သည်။

အန်းလုရှန်းအနေဖြင့် အများကြီး ပြောနေစရာပင် မလိုတော့ပါချေ။ အချိန်အတော်ကြာအောင် ကြန့်ကြာနေခဲ့သော ဤစစ်ပွဲကြီးမှာ ပြီးဆုံးလုနီးပါး ဖြစ်နေပြီ ဖြစ်ပြီး သူတို့သည် နောက်ဆုံး အောင်ပွဲကို ရရှိတော့မည် ဖြစ်ကြောင်းကို လူတိုင်း သတိပြုမိနေကြပြီ ဖြစ်သည်။

ရှည်လျားလှသော အချိန်ကာလ တစ်လျှောက်လုံးတွင် နိုင်ငံအသီးသီး အတူတကွ ပူးပေါင်းကာ လောက တစ်ခုလုံးတွင် နေမင်းကြီးအလား တောက်ပနေသော စစ်နတ်ဘုရား ဝမ်ချောင်နှင့် မဟာထန် အင်ပါယာကို နောက်ဆုံးတွင် အောင်မြင်စွာ အနိုင်ယူနိုင်ခဲ့ပြီ ဖြစ်၏။

နိုင်ငံအသီးသီး မှ စစ်တပ်များ အားလုံးမှာ အနည်းငယ်မျှ ချန်လှပ်ထားခြင်း မရှိဘဲ အရှိန်ကို အမြင့်ဆုံး အဆင့်အထိ မြှင့်တင်ကာ တောင်ဘက်သို့ တဟုန်ထိုး ပြေးဝင် တိုက်ခိုက်သွားကြတော့သည်။

ဤအခိုက်အတန့်၌ အခြားတစ်ဖက်တွင်မူ သံမဏိခံတပ်၏ အတွင်း၌ လေပြင်းများ တိုက်ခတ်နေပြီး လေထုမှာ အလွန်အမင်း တင်းမာနေခဲ့သည်။ ထိုအန္တရာယ် ကြီးမားလှသော အရှိန်အဝါကြီးမှာ ဟင်းလင်းပြင်ကြီးအတွင်း၌ အဆက်မပြတ် ပျံ့နှံ့နေတော့သည်။

မြို့ ကျသွားခဲ့ပြီဖြစ်ရာ လူတိုင်းမှာ မိမိတို့၏ကံကြမ္မာကို နားလည်သဘောပေါက်သွားကြပြီး၊ မရေမတွက်နိုင်သော မဟာထန်၏ စစ်တပ်များမှာ ဒီရေလှိုင်းလုံးကြီးများအလား တောင်ဘက်သို့ ဆုတ်ခွာသွားကြတော့သည်။

ဆုတ်ခွာနေသည့် အချိန်လေးအတွင်းမှာပင် လူအများစု သတိမပြုမိလိုက်သည့် အချက်မှာ၊ စစ်တပ် အုပ်စု တစ်စုမှာ နောက်ကွယ်တွင် တမင်တကာ ကျန်ရစ်ခဲ့ပြီး အနောက်သို့ ဆုတ်ခွာနေရင်းဖြင့် မြို့တွင်း လမ်းသွယ်များတွင် ယခင်က ကြိုတင်ပြင်ဆင်ထားခဲ့သော စက်ယန္တရားများကို တစ်ခုပြီးတစ်ခု အဆက်မပြတ် ဖွင့်နေခဲ့ကြသည်။ ဤအရာကို အသုံးပြုကာ နိုင်ငံအသီးသီး မှ စစ်တပ်များ လိုက်လံ သတ်ဖြတ်လာမည့် ခြေလှမ်းများကို တားဆီးနိုင်ရန် မျှော်လင့်ထားကြခြင်း ပင် ဖြစ်သည်။

အချို့သော နေရာများတွင် တွေးတောထားနိုင်မည် မဟုတ်သော အရပ်မျက်နှာ များမှနေ၍ သံမဏိ မြို့ရိုးတစ်ခု ရုတ်တရက် ပေါ်ထွက်လာခဲ့ပြီး လမ်းကြောင်းတစ်ခုလုံးကို ပိတ်ဆို့သွားစေကာ နိုင်ငံအသီးသီး၏ လိုက်လံသတ်ဖြတ်လာသော မြင်းတပ်များကို တားဆီးလိုက်တော့သည်။

တစ်ချိန်တည်းမှာပင် အလင်းတန်း တစ်ချက် လက်သွားခဲ့ပြီး မြို့၏ တောင်ဘက်၊ ထူထပ်လှသော လမ်းသွယ်များအကြားတွင် ပုံရိပ်တစ်ခု ရုတ်တရက် ပေါ်ထွက်လာသည်ကို လူအများစု သတိမပြုမိလိုက်ကြပါချေ။

"အရှင်"

ဝမ်ချောင်ရုတ်တရက် ပေါ်ထွက်လာသည်ကို မြင်တွေ့လိုက်ရသည့်အခါ မြေပြင်ပေါ်ရှိ အရိပ်အမည်းများ အကြားမှနေ၍ ပုံရိပ်တစ်ခုမှာ ခါးကို ကိုင်းညွတ်ကာ အရိုအသေ ပေးလိုက်တော့သည်။

သေချာစွာ ကြည့်လိုက်မည်ဆိုပါက ဤပုံရိပ်မှာ အချိန်အတော်ကြာအောင် ပျောက်ကွယ်နေခဲ့ပြီး ပေါ်ထွက်လာလေ့ သိပ်မရှိသော ကျောက်ကျင်းတျန်ပင် ဖြစ်နေတော့သည်။

မဟာထန် စစ်ရှုံးသွားခဲ့ပြီ၊ စစ်တပ်ကြီး တစ်ခုလုံးမှာ အလွန်အမင်း ဖရိုဖရဲ ဖြစ်နေခဲ့ပြီး မြို့ပြင်သို့ အသီးသီး ဆုတ်ခွာနေကြပြီ ဖြစ်သည်။ သို့သော် ကျောက်ကျင်းတျန်မှာမူ မည်သူကမျှ သတိမပြုမိသော ဤလမ်းသွယ်လေးအတွင်း၌ ပုန်းကွယ်နေခဲ့ပြီး မျက်နှာအမူအရာမှာ အလွန်အမင်း အေးဆေးတည်ငြိမ်နေကာ အနည်းငယ်မျှ ထိတ်လန့်နေပုံ လုံးဝမရှိပါချေ။ ကြည့်ရသည်မှာ ဤနေရာတွင် ပုန်းကွယ် နေခဲ့သည်မှာ အချိန်အတော်ကြာပြီ ဖြစ်ပုံ ရပေသည်။

"ပြင်ဆင်မှု တွေ ဘယ်လို ရှိလဲ?"

ဝမ်ချောင်၏ မျက်ဝန်းထဲ၌ အလင်းတန်းတစ်ချက် လက်သွားခဲ့ပြီး မေးမြန်းလိုက်တော့သည်။

အကယ်၍ ဤအခိုက်အတန့်၌ ထိုက်ရှီသာ ဤနေရာတွင် ရှိနေပြီး မျက်စိရှေ့ရှိ ဝမ်ချောင်ကို မြင်တွေ့လိုက်ရမည် ဆိုပါက သေချာပေါက် အလွန်အမင်း အံ့ဩသွားမည်မှာ အမှန်ပင် ဖြစ်သည်။

ထိုက်ရှီ၏ ရှေ့မှောက်တွင် ရှိနေခဲ့သော ဝမ်ချောင်မှာ လမ်းဆုံး ရောက်နေပြီ ဖြစ်ပြီးအသေအလဲ ရုန်းကန်နေရသည့် အခြေအနေမျိုးတွင် ရှိနေသည်ဟု ထင်ရသော်လည်း၊ ယခုအခါ ဝမ်ချောင်၏ မျက်နှာအမူအရာမှာ အလွန်အမင်း အေးဆေးတည်ငြိမ်နေခဲ့ပြီး မြို့ကျသွားပြီး စစ်တပ်ကြီး ရှုံးနိမ့်တော့မည့် အခြေအနေမျိုးနှင့် အနည်းငယ်မျှပင် တူညီခြင်း လုံးဝမရှိခဲ့ပါချေ။

"အရှင်... အကုန်လုံးကို သေချာ စီစဉ်ပြီးသွားပါပြီ၊ လက်ရှိ အခြေအနေအရ ကြည့်မယ်ဆိုရင်တော့ နိုင်ငံအသီးသီးဘက်က လုံးဝထောင်ချောက်ထဲကို ရောက်လာပြီဖြစ်ပြီး သံသယ ဖြစ်တာမျိုး လုံးဝမရှိပါဘူး"

ကျောက်ကျင်းတျန်မှာ ခါးကို ကိုင်းညွတ်ထားလျက် အလွန်အမင်း တည်ငြိမ်သော မျက်နှာအမူအရာ ဖြင့် ဆိုလိုက်တော့သည်။

"ကောင်းတယ်။ အောင်မြင်ခြင်း ရှုံးနိမ့်ခြင်းက နောက်ဆုံး အချိန်လေး အပေါ်မှာပဲ မူတည်နေပြီ။ အင်ပါယာ တစ်ခုလုံးရဲ့ ကံကြမ္မာနဲ့ စစ်သည် သိန်းချီရဲ့ အသက်တွေ၊ အားလုံးက ဒီတစ်ချက်တည်း အပေါ်မှာပဲ မူတည်နေတယ်"

ဝမ်ချောင်က လေးနက်သော အသံဖြင့် ဆိုလိုက်တော့သည်။

"ဟုတ်ကဲ့ပါ"

ကျောက်ကျင်းတျန်မှာ အဖြေပေးလိုက်ပြီးနောက် အနည်းငယ် တွေဝေသွားခဲ့ပြီး ဆက်လက်၍ ဆိုလိုက်သည်။

"ဒါပေမဲ့ အရှင်... အကယ်၍ သူတို့ တွေ့သွားခဲ့ရင် ဘယ်လို လုပ်မလဲ? ပြီးတော့ ဒီလို လုပ်တာက အရမ်းကို အန္တရာယ် များလွန်းမနေဘူးလား?"

"ဒါပေမဲ့ ဆိုတာ မရှိဘူး။ ဒီစစ်ပွဲက နိုင်ကို နိုင်မှ ရမယ်၊ လုံးဝရှုံးလို့ မရဘူး။ အောင်ပွဲရဖို့အတွက် ဒါက အနည်းဆုံး စွန့်လွှတ် အနစ်နာခံ ရမယ့် နည်းလမ်းပဲ"

ဝမ်ချောင်က လေးနက်သော အသံဖြင့် ဆိုလိုက်ရာ သူ၏ မျက်နှာအမူအရာမှာ ခိုင်မာ ပြတ်သားနေတော့သည်။

အဆောက်အအုံ ကြီး တစ်ခုလုံး ပြိုကျလုနီးပါးဖြစ်နေပြီ ဖြစ်ရာ၊ စစ်သည် သိန်းချီနှင့် အနောက်ဘက်ရှိ ထန်အင်ပါယာကြီးတစ်ခုလုံးမှာ လမ်းဆုံးသို့ တွန်းပို့ခံလိုက်ရပြီ ဖြစ်သည်။ ဤသည်မှာ တစ်ခုတည်းသော မျှော်လင့်ချက်ပင် ဖြစ်တော့သည်။

"ဟုတ်ကဲ့ပါ"

ကျောက်ကျင်းတျန်မှာ ထိုအခြေအနေကို မြင်တွေ့လိုက်ရသည့်အခါ လျင်မြန်စွာ ခါးကို ကိုင်းညွတ်ကာ အရိုအသေ ပေးလိုက်ပြီး မျက်နှာအမူအရာလည်း ခိုင်မာ ပြတ်သားသွားတော့သည်။

ဘယ်အချိန်ပဲ ဖြစ်နေပါစေ ဝမ်ချောင်မှာ အင်ပါယာ၏ ကျောထောက်နောက်ခံ တိုင်လုံးကြီးပင် ဖြစ်သည်။ အင်ပါယာ တစ်ခုလုံးကို အမြဲတမ်း အောင်မြင်မှုဆီသို့ ဦးဆောင် သွားနိုင်စွမ်း ရှိသည်။ ဤသည်မှာ သူနှင့် အင်ပါယာတစ်ခုလုံး၏ ဘယ်သောအခါမျှ ပြောင်းလဲမည် မဟုတ်သော ယုံကြည်အားကိုးရာပင် ဖြစ်တော့သည်။

"သွားရမယ့် အချိန် ရောက်ပြီ၊ ထိုက်ရှီဘက်က လိုက်လာပြီ၊ ဒီမှာ ဆက်နေရင် လူတွေ သံသယ ဝင်သွားလိမ့်မယ်"

ဝမ်ချောင်၏ မျက်ဝန်းထဲ၌ အလင်းတန်း တစ်ချက်လက်သွားခဲ့ပြီး လျင်မြန်စွာ သတိပြန်ဝင်လာတော့သည်။

သူ ရုတ်တရက် လက်ကို ဆန့်ထုတ်ကာ မြေပြင်ပေါ်မှ ကျောက်ကျင်းတျန်ကို ဖမ်းဆွဲလိုက်ပြီး ခြေထောက်ကို တစ်ချက် ဆောင့်နင်းလိုက်ရာ၊ ဘုန်းခနဲ မြည်သံနှင့်အတူ ချက်ချင်းပင် ပုံရိပ်ယောင်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး လုံးဝပျောက်ကွယ်သွားတော့သည်။

ဟင်းလင်းပြင်ကြီး အတွင်း၌ အနောက်ဘက်ရှိ လေစီးကြောင်းတစ်ခုမှာ အမှောင်ထုအတွင်း၌ လှုပ်ရှားသွားခဲ့သည်။ အရာရာတိုင်းမှာ မည်သည့် အရာမျှ မဖြစ်ပျက်ခဲ့သည့်အလားဖြစ်နေခဲ့ပြီး၊ မည်သူ တစ်ဦးတစ်ယောက်၏ အာရုံစိုက်မှုကိုမျှ လုံးဝဆွဲဆောင်နိုင်ခဲ့ခြင်း မရှိပါချေ။

"ဝုန်း ဝုန်း ဝုန်း"

စစ်မြင်းများ၏ မြည်ဟည်းသံများ ထွက်ပေါ်လာခဲ့ပြီး အနောက်ဘက်ရှိ မြောက်အရပ်ကို ပြန်လည်လှမ်းကြည့်လိုက်မည်ဆိုပါက ကြီးမားကျယ်ပြန့်လှသော သံမဏိမြို့တော်ကြီးအတွင်းသို့၊ အရှေ့ တာ့ခ် ၊ ခီတန် ၊ ရှီ၊ ဂိုဂူလျောနှင့် နိုင်ငံအသီးသီး၏ စစ်တပ်များမှာ ပင်လယ်ပြင်ကြီးအလား တလိမ့်လိမ့် ထွက်ပေါ်နေသော နှင်းမုန်တိုင်းကြီးများကို စီးနင်းလျက် မြို့ထဲသို့ ဝင်ရောက်လာကြသည်ကို မြင်တွေ့ရပေလိမ့်မည်။ လျင်မြန်စွာပင် လမ်းသွယ်တိုင်းတွင် ပြည့်နှက်သွားခဲ့ပြီး အရှိန်ကို အနည်းငယ်မျှ မလျှော့ချဘဲ တောင်ဘက်သို့ ဆက်လက်လိုက်လံ သတ်ဖြတ်သွားကြတော့သည်။

"သတ်… ညီအစ်ကိုတို့... သခင်ကြီးက အမိန့် ပေးထားတယ်၊ ထန်စစ်သည်တစ်ယောက် ကို သတ်နိုင်တိုင်း ရွှေဆယ်ကျပ်သား ဆုချီးမြှင့်မယ်တဲ့။ ငါတို့ ကြီးမားတဲ့ အောင်မြင်မှုတွေ ရယူနိုင်မယ့် အချိန်နောက်ဆုံးတော့ ရောက်လာပြီကွ"

"သခင်ကြီးက အမိန့် ပေးထားတယ်၊ ထန်လူမျိုးတွေကို အနိုင်ယူပြီးတာနဲ့ စစ်တပ်ကြီးကို အသားတွေ အရက်တွေ နဲ့ ဆယ်ရက် တိတိ ဆုချီးမြှင့်မယ်တဲ့"

"သူတို့ကို လွတ်မသွားစေနဲ့… မင်းတို့ အားလုံး မှတ်ထားကြ၊ ငါကမှ အစွမ်းအထက်ဆုံးကွ… မဟာထန်ကို အနိုင်ယူပြီးရင် နယ်မြေ တွေ ပိုင်ဆိုင်ရမယ်၊ မြို့စားအဖြစ် ခန့်အပ်ခံရမယ်"

ကျယ်လောင်လှသော ကြွေးကြော်သံကြီးများမှာ စစ်တပ်ကြီးအတွင်း၌ ပဲ့တင်ထပ်နေတော့သည်။

ကောင်းကင်နှင့်မြေကြီးတစ်ခုလုံး အေးခဲနေခဲ့ရာ ဤကဲ့သို့သော ရာသီဥတုမျိုးတွင် ကိုယ်တွင်း အင်္ဂါများအထိ အေးခဲသွားရမည် ဖြစ်သည်။ သို့သော် ဤအခိုက်အတန့်၌ နိုင်ငံအသီးသီးမှ စစ်သည်များမှာ တစ်ကိုယ်လုံး ပူလောင်နေကြပြီး အငွေ့များ တထောင်းထောင်း ထွက်နေကြကာ၊ သတ်ဖြတ်လိုစိတ်များမှာ တိမ်တိုက်များ အထိတိုင်အောင် ပျံ့နှံ့နေခဲ့သည်။

ဤအခိုက်အတန့်၌ နိုင်ငံအသီးသီး၏ စစ်တပ်ကြီးမှာ အမှန်တကယ်ပင် သစ်ဆွေးများကို ချိုးဖဲ့နေသည့်အလား၊ လုံးဝပြိုင်ဘက်ကင်း ဖြစ်နေတော့သည်။ မဟာထန်၏ အနောက်သို့ လိုက်လံသတ်ဖြတ်နေမှုကို တားဆီးနိုင်စွမ်းရှိသည့် မည်သည့်အရာမျှ လုံးဝမရှိတော့ပါချေ။

လူတိုင်းမှာ ဤစစ်ပွဲကြီးဖြင့် သမိုင်းတွင် နာမည် တွင်ရစ်စေရန် လုံလောက်ကြောင်း ကောင်းကောင်း သိရှိထားကြသည်။ သူတို့အားလုံးမှာ ဤစစ်ပွဲကြီးကြောင့် သမိုင်းစာမျက်နှာများပေါ်တွင် မှတ်တမ်းတင် ခံရပေလိမ့်မည်။

အနောက်ဘက်တွင် အန်းလုရှန်းမှာ လောကသံချပ်ကာကို ဆင်မြန်းထားလျက် လေထဲတွင် ခြေလှမ်းများ လှမ်းလျက် မြို့ထဲသို့ ဝင်ရောက်လာတော့သည်။

သူ၏ခြေအောက်တွင် ကြီးမားကျယ်ပြန့်လှသော အဆောက်အအုံကြီးတစ်ခုမှာ ခန့်ညားထည်ဝါစွာ ရှိနေခဲ့သည်။ ၎င်းမှာ သံမဏိခံတပ်၏ အဓိက ခန်းမကြီးပင် ဖြစ်ပြီး၊ တစ်ချိန်က ဝမ်ချောင်နှင့်ကျန်းချိုးကျန့်ချုံးတို့ အပါအဝင် လူတိုင်း စစ်ရေး ကိစ္စများကို တိုင်ပင်ဆွေးနွေးခဲ့ကြသည့် နေရာပင်ဖြစ်သည်။ သို့သော် ယခုအခါ ယိုကျိုး စစ်သည်အမြောက်အမြားမှာ အတွင်းသို့ ဝင်ရောက်သွားကြပြီ ဖြစ်ပြီး၊ အဓိက ခန်းမကြီး၏ ထိပ်တွင် ရှိနေသော မဟာထန်၏ နဂါး အလံတော်ကိုလည်း ယိုကျိုး စစ်အလံဖြင့် အစားထိုးလိုက်ကြပြီ ဖြစ်၏။

"ဟားဟားဟား"

ဤမြင်ကွင်းကို မြင်တွေ့လိုက်ရသည့်အခါ အန်းလုရှန်း၏ ရင်ထဲ၌ အလွန်အမင်း ဂုဏ်ယူ ဝင့်ကြွားနေသော ခံစားချက်တစ်ခု ပေါ်ထွက်လာတော့သည်။

"လေပြင်း တွေ တိုက်ခတ်လာတော့ တိမ်တွေ လွင့်ပျံသွားတယ်။ အရပ်မျက်နှာ အားလုံးကို ကာကွယ်ဖို့ ရဲရင့်တဲ့ စစ်သည် တွေကို ဘယ်ကနေ ရနိုင်မလဲ၊ ဒါက တာ့ဟန် မင်းဆက်က ဧကရာဇ်ကောင်းဇူက လောကကြီးကို သိမ်းပိုက်တော့မယ့် အချိန်တုန်းက ပြောခဲ့တဲ့ စကားလို့ ငါ ကြားဖူးတယ်။ ငါကိုယ်တော်ကတော့ သူနဲ့ မတူဘူး၊ ငါကိုယ်တော်က အရပ်မျက်နှာ အားလုံးကို ကာကွယ်ဖို့ ရဲရင့်တဲ့ စစ်သည်တွေ လုံးဝမလိုအပ်ဘူး၊ ဘာလို့လဲ ဆိုတော့ ငါကိုယ်တော်ရဲ့ လောကကြီးမှာ ပြိုင်ဘက်ဆိုတာ လုံးဝမရှိတော့လို့ပဲ"

ဤတစ်ချိန်က ခမ်းနား ကြီးကျယ်ပြီး တောက်ပနေခဲ့သော သံမဏိခံတပ် ကြီး၏ အထက် ကောင်းကင်ယံတွင် မိမိ၏စစ်အလံ လွင့်ပျံနေသည်ကို ကြည့်ရင်း၊ အန်းလုရှန်းမှာ သူ၏ရည်မှန်းချက် ကြီးများကို ဆက်လက်၍ ဖုံးကွယ်မထားတော့ပါချေ။

နတ်ဘုရားနိုင်ငံတော် သံချပ်ကာ တပ်ဖွဲ့၊ ယိုမင် သံချပ်ကာမြင်းတပ်၊ ယိုကျိုးမှ ထိပ်တန်း စစ်သည်အမြောက်အမြားနှင့် လုံးဝပြိုင်ဘက်ကင်းသော ရွဲလော့ဟယ်များ ရှိနေသည့်အပြင်၊ လောက သားတော်နှင့် ထိုက်ရှီတို့၏ ကျောထောက်နောက်ခံများပါ ရှိနေသေးရာ၊ ပွင့်ပွင့်လင်းလင်း မပြောဆိုဘူးဆိုလျှင်တောင်မှ အန်းလုရှန်းအနေဖြင့် ဤစစ်ပွဲကြီး ပြီးဆုံးသွားသည့်အခါတွင် လောကကြီး၏အစစ်အမှန် အရှင်သခင်မှာ မည်သူ ဖြစ်လာမည်ကို နိုင်ငံအသီးသီးဘက်မှ ရှင်းလင်းစွာ နားလည် သဘောပေါက် လိမ့်မည်ဟု ယုံကြည်ထားပေသည်။

"အရှင်မင်းကြီး သက်တော်ရာကျော် ရှည်ပါစေ... သက်တော်ရာကျော် ရှည်ပါစေ... သက်တော် ထောင်သောင်းမက ရှည်ပါစေ"

ဤအခိုက်အတန့်၌ အန်းလုရှန်း၏စကားကို ကြားလိုက်ရသည့်အခါ ထျန်းချန်ကျန်း၊ ပိုင်ကျန်ထော်လော့နှင့် အနီးအနားရှိ ယိုကျိုး ဗိုလ်ချုပ်များမှာ ချက်ချင်းပင် နားလည် သဘောပေါက်သွားကြပြီး၊ အနီးအနားရှိ ယိုကျိုး စစ်တပ်များကို ဦးဆောင်ကာ မြင်းပေါ်မှနေ၍ အားလုံးတစ်ပြိုင်နက်တည်း ဆင်းလာကြပြီး မြေပြင်ပေါ်တွင် ဒူးထောက်လျက် အရှင်မင်းကြီး သက်တော်ရာကျော် ရှည်ပါစေဟု အော်ဟစ်လိုက်ကြတော့သည်။

အချိန်အခါမှာ ရင့်ကျက်နေပြီဖြစ်ရာ လူတိုင်းမှာ အလွန်အမင်း မျှော်လင့် စောင့်စားနေခဲ့ရသောအချိန်လေးသို့ နောက်ဆုံးတွင် ရောက်ရှိလာခဲ့ပြီ ဖြစ်၏။

မဟာထန် ရှုံးနိမ့်သွားပြီ၊ လောကကြီးတစ်ခုလုံးတွင် အန်းလုရှန်းနှင့်ယိုကျိုး၏ စစ်တပ်များ ပုန်ကန်ပြီး ဧကရာဇ်အဖြစ် ခံယူခြင်းကို တားဆီးနိုင်စွမ်းရှိသူ မည်သူမျှ လုံးဝမရှိတော့ပါချေ။

"အခြေအနေ တွေ အားလုံး အတည်ပြုပြီးပြီ၊ ဒါက ကံကြမ္မာပဲ၊ ငါ ကောင်းရှန်းဟာ တစ်သက်လုံး အလဟဿ အချိန်ကုန် ခဲ့ရတယ်၊ တစ်သက်လုံး သူတစ်ပါးရဲ့ အထင်သေးခြင်းကို ခံခဲ့ရတယ်။ နောက်ဆုံးတော့ မှန်ကန်တဲ့ ရွေးချယ်မှု တစ်ခုကို လုပ်နိုင်ခဲ့ပြီပဲ"

စစ်တပ်ကြီး အတွင်း၌ ဤအခိုက်အတန့်တွင် အလွန်အမင်း စိတ်လှုပ်ရှားနေသူမှာ ကောင်းရှန်းထက် ပိုသူ မရှိပါချေ။ သူသည် လေထဲရှိ အန်းလုရှန်း၏ ကျောပြင်ကို အမြဲတမ်း စိုက်ကြည့်နေခဲ့ပြီး တစ်ကိုယ်လုံး အဆက်မပြတ် တုန်ယင်နေတော့သည်။

အန်းလုရှန်းက ဧကရာဇ်အဖြစ် ခံယူလိုသည်ကို ကောင်းရှန်းက သူ့ထက်ပင် ပိုမို၍ ဝမ်းသာပျော်ရွှင်နေမိသည်၊ "ရေအောက် ပုန်းအောင်းနေသော နဂါး ကောင်းကင်ယံ သို့ တက်လှမ်းခြင်း၊ အစစ်အမှန် နဂါး၏ ကံကြမ္မာ"၊ လွန်ခဲ့သော နှစ်အနည်းငယ်ခန့် က သူသည် ကံကြမ္မာ တွက်ချက်ခြင်း ပညာဖြင့် အစစ်အမှန်နဂါး၏ နေရာကို စုံစမ်းရှာဖွေခဲ့ပြီး၊ နောက်ဆုံးတွင် ထိုစဉ်က ကျွန်ဖမ်း ဗိုလ်ချုပ်ဘဝသာ ရှိသေးသော အန်းလုရှန်းကို အတည်ပြု ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။

ယခုအခြေအနေအရ ကြည့်မည်ဆိုပါက အရာရာတိုင်းမှာ သူ ထိုစဉ်က ပြုလုပ်ခဲ့သော ဆုံးဖြတ်ချက်များ အားလုံး မှန်ကန်ကြောင်းကို သက်သေပြနေပြီ ဖြစ်သည်။

ဤနဂါးကို ပံ့ပိုးပေးခဲ့သည့် ကျေးဇူးတစ်ခုတည်း ဖြင့်ပင်၊ သူ ကောင်းရှန်းအနေဖြင့် သမိုင်းစာမျက်နှာများပေါ်တွင် နာမည် တွင်ရစ်စေရန် လုံလောက်နေပြီဖြစ်ပြီး၊ မရေမတွက်နိုင်သော ကွန်ဖြူးရှပ် ပညာရှင်များ လုပ်ဆောင်လိုသော်လည်း လုံးဝလုပ်ဆောင်နိုင်ခြင်း မရှိခဲ့သော ကိစ္စရပ်များကို အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့ပြီ ဖြစ်သည်။

ကောင်းရှန်းမှာ အန်းလုရှန်းကို လှမ်းကြည့်နေခဲ့ရာ အခြားလူများအနေဖြင့် မည်သည့်အရာကိုမျှ ခံစားသိရှိနိုင်ခြင်း မရှိသော်လည်း၊ ကောင်းရှန်းကမူ အန်းလုရှန်း၏ တစ်ကိုယ်လုံးရှိ ချီစွမ်းအင် ဆုံမှတ်များအတွင်းမှ ခရမ်းရောင် အလင်းတန်းများ အဆက်မပြတ် ထွက်ပေါ်နေသည်ကို မြင်တွေ့နေရသည်။ ယခင်က အန်းလုရှန်းမှာ အနက်ရောင် နဂါး၏ ကံကြမ္မာသာ ရှိသေးပြီး ပုန်းကွယ်နေသော နဂါးနှင့် ပုန်ကန်သော ဘုရင်၏ လက္ခဏာသာ ရှိသေးသည်။ သို့သော် ယခုအခါ အနက်ရောင် နဂါးမှာ ဆင့်ကဲ ပြောင်းလဲသွားပြီဖြစ်ပြီး အသွင်သစ်ဖြင့် ပြန်လည် မွေးဖွားလာခဲ့ပြီ ဖြစ်သည်။ ကိုယ်ပေါ်ရှိ အနက်ရောင် အငွေ့များမှာလည်း လျင်မြန်စွာ ပြောင်းလဲသွားခဲ့ပြီး အစစ်အမှန် နဂါး၏ လက္ခဏာကို ထုတ်ဖော် ပြသလာပြီ ဖြစ်၏။

ဤသည်မှာ ကြီးမားလှသော ကိစ္စရပ် ကြီး တစ်ခု အောင်မြင်တော့မည့် လက္ခဏာပင်ဖြစ်ပြီး ဧကရာဇ်၏ ရာထူးကို ရရှိတော့မည့် နိမိတ်လက္ခဏာပင် ဖြစ်တော့သည်။

ဤသည်မှာလည်း အန်းလုရှန်းက ရုတ်တရက် သူ၏ရည်မှန်းချက်များကို ဖုံးကွယ်မထားတော့ဘဲ မိမိကိုယ်ကို "ငါကိုယ်တော်" ဟု ခေါ်ဆိုလာခြင်း ဖြစ်ပြီး၊ ဘေးပတ်ဝန်းကျင်ရှိ ယိုကျိုးမှ ဗိုလ်ချုပ်များက သက်တော်ရာကျော် ရှည်ပါစေဟု တိုက်ရိုက် အော်ဟစ်နေကြသည်ကို ကောင်းရှန်း က လုံးဝတားဆီးခြင်း မပြုရသည့် အကြောင်းရင်း ပင် ဖြစ်တော့သည်။

ကံကြမ္မာ ဆိုသည်မှာ လုံးဝလိမ်ညာလေ့ မရှိပါချေ။

ထို့ပြင် အလယ်ပိုင်းဒေသမှ စစ်တပ်ကြီးအားလုံးမှာ ဤနေရာတွင် စုစည်းနေကြခြင်းဖြစ်ရာ၊ စစ်တပ်ကြီး လုံးဝပြိုကွဲပျက်စီးသွားပြီဖြစ်သဖြင့် နိုင်ငံအသီးသီး၏ စစ်တပ်ကြီးမှာ မည်သည့် ပြိုင်ဘက် မျှ လုံးဝရှိတော့မည် မဟုတ်ပါချေ။

"ဝမ်ချောင်ကို တွေ့ပြီလား?"

ထိုအချိန်မှာပင် အန်းလုရှန်း၏ အသံမှာ နားထဲသို့ ရုတ်တရက် တိုးဝင်လာတော့သည်။

ယခုအချိန်အထိ အန်းလုရှန်းအနေဖြင့် လုပ်ဆောင်လိုသော တစ်ခုတည်းသော ကိစ္စမှာ ဝမ်ချောင်ကို ကိုယ်တိုင် ကိုယ်ကျ သတ်ဖြတ်ပြီး ရင်ထဲရှိ အမုန်းတရားများကို ဖြေဖျောက်ရန်သာ ဖြစ်သည်။ ထို့ပြင် မြို့တော်တွင် နှစ်ကြိမ်တိုင်တိုင် အရှက်ခွဲ ခံခဲ့ရမှုများအတွက်လည်း လက်စားချေရန် ပင် ဖြစ်တော့သည်။

"သခင်ကြီးကို သတင်းပို့ပါတယ်... ထိုက်ရှီသခင်ကြီးက နောက်ကနေ လိုက်သွားပါပြီ။ ဒါ့အပြင် မဟာထန်ဘက်က ဆုတ်ခွာသွားတဲ့ စစ်တပ်တွေကိုလည်း တွေ့ရှိထားပါပြီ၊ နိုင်ငံအသီးသီးရဲ့တပ်ဖွဲ့တွေနဲ့ ချွေဗိုလ်ချုပ်တို့က စစ်တပ်ကို ဦးဆောင်ပြီး အနောက်ကနေ လိုက်လံသတ်ဖြတ်ဖို့ သွားနေပါပြီ"

မြေပြင်ပေါ်တွင် သတင်းပို့စစ်သည်တစ်ဦးမှာ လျင်မြန်စွာ ခေါင်းငုံ့ကာ အရိုအသေပေးလျက် ဆိုလိုက်တော့သည်။

"ဟားဟား... ကောင်းတယ်။ အားလုံး ငါ့နောက်က လိုက်ခဲ့ကြစမ်း၊ ဘာပဲဖြစ်ဖြစ် ဝမ်ချောင်ကို လုံးဝထွက်ပြေးခွင့် မပေးနိုင်ဘူး။ ဒီနေ့ ပထမဆုံး စစ်နတ်ဘုရား ကြီး လမ်းဆုံး သွားတဲ့ မြင်ကွင်းကို အားလုံး အတူတကွ သွားကြည့်ကြတာပေါ့"

အန်းလုရှန်း၏ မျက်ဝန်းထဲ၌ လှောင်ပြောင်နေသော အရိပ်အယောင်နှင့် အလွန်အမင်း ရက်စက်ကြမ်းတမ်းသော မျက်နှာအမူအရာများ ပေါ်ထွက်လာတော့သည်။ သူ၏ခန္ဓာကိုယ် တုန်ခါသွားခဲ့ပြီး ဂျွတ်ခနဲ မြည်သံနှင့်အတူ နှင်းမုန်တိုင်းများကို ထိုးဖောက်လျက် ဝမ်ချောင်နှင့်ထိုက်ရှီတို့ရှိရာ အရပ်ဆီသို့ လျင်မြန်စွာ နောက်ယောင်ခံ လိုက်သွားတော့သည်။

"မြန်မြန် လိုက်ခဲ့ကြ"

အနောက်ဘက်တွင် ယိုကျိုးမှ ဗိုလ်ချုပ်များက မရေမတွက်နိုင်သော စစ်တပ်များကို ဦးဆောင်ကာ တောင်ဘက်သို့ လျင်မြန်စွာ ထွက်ခွာသွားကြတော့သည်။

ညအချိန်၏အမှောင်ထုမှာ အလွန်အမင်း နက်ရှိုင်းနေခဲ့ပြီး အေးစက်လှသော လေပြင်းများမှာ ဓားရှည်များအလား တိုက်ခတ်နေတော့သည်။ သံမဏိခံတပ်၏ တောင်ဘက် မြို့တံခါးအနီးတွင် မရေမတွက်နိုင်သော မဟာထန်၏စစ်တပ်များမှာ အလွန်အမင်း အထိတ်တလန့်ဖြင့် မြို့တံခါး မှနေ၍ ပြေးထွက်လာကြတော့သည်။

သို့သော် ဤအခိုက်အတန့်၌ လူတိုင်း၏ ရင်ထဲတွင်မူ လုံးဝတွေဝေ ဝေဝါးနေကြသည်။ အနောက်ဘက်တွင် နိုင်ငံအသီးသီး၏ စစ်တပ်များက လိုက်လံသတ်ဖြတ်နေကြဆဲ ဖြစ်ပြီး၊ အရှေ့တည့်တည့် တွင်မူ အဆုံးအစမရှိသော ရေခဲ ပြင်ကြီးသာ ရှိနေတော့သည်။ သူတို့ အနေဖြင့် ဘယ်ကို သွားနိုင်ကြမည်နည်း? ဘယ်ကို ထွက်ပြေးနိုင်ကြမည်နည်း?

******

All Chapters