← Chapters

အခန်း ၂၂၃၈

Vol. 139 Ch. 2238

အခန်း ၂၂၃၈

Vol. 139 Ch. 2238

အခန်း (၂၂၃၈) ဧရာမ ပေါက်ကွဲမှုကြီး

"ဝမ်ချောင်…မင်း သွားလို့ မရတော့ဘူး"

ထိုအချိန်မှာပင် အေးစက်၊ရက်စက်ကြမ်းတမ်းပြီး ခံစားချက်မဲ့သော အသံတစ်ခုမှာ စစ်တပ်ကြီး တစ်ခုလုံး၏ အထက်ကောင်းကင်ယံတွင် ရုတ်တရက် ပဲ့တင်ထပ်သွားတော့သည်။

မျက်တောင်တစ်ခတ်မျှ အချိန်လေး အတွင်းမှာပင် ထိုက်ရှီ၏ မျက်နှာအမူအရာမှာ အလွန်အမင်း အေးစက်နေခဲ့ပြီး၊ အကြည့်များမှာလည်း ရေခဲများအလား အေးစိမ့်နေကာ အဝေးဆီမှ လျင်မြန်စွာ ပြေးဝင်လာခဲ့ပြီး၊ အသက် တစ်ချက် ရှူစာမျှ အချိန်တိုလေးအတွင်းမှာပင် လူတိုင်း၏ အထက် ကောင်းကင်ယံနှင့် သိပ်မဝေးလှသော နေရာတွင် ရုတ်တရက် ပေါ်ထွက်လာတော့သည်။

"အားးး"

ထိုက်ရှီကို မြင်တွေ့လိုက်ရသည့်အခါ စစ်တပ်ကြီး တစ်ခုလုံး အလွန်အမင်း အထိတ်တလန့် ဖြစ်သွားကြတော့သည်။ လူတိုင်းအနေဖြင့် ဤသူကို ကောင်းကောင်း မှတ်မိနေကြဆဲပင် ဖြစ်သည်။ ယခင် တိုက်ပွဲ ကြီးတွင် ထိုက်ရှီက အသုံးပြုခဲ့သော ထိုမသေနိုင်သည့် မိုးကြိုး မန္တန်မှာ လူတိုင်း၏မှတ်ဉာဏ်ထဲတွင် အလွန်အမင်း နက်နက်ရှိုင်းရှိုင်း စွဲထင်နေခဲ့ပြီ ဖြစ်သည်။

မဟာထန်၏ စစ်တပ်ကြီးအတွက်မူ ဤအလွန်အမင်း အေးစက်လှသော မျက်နှာအမူအရာနှင့် ထူးဆန်းလှသောပုံစံရှိသည့် ထိုက်ရှီမှာ လုံးဝအိပ်မက်ဆိုးကြီး တစ်ခုအလား အလွန်အမင်း ကြောက်မက်ဖွယ်ကောင်းသော တည်ရှိမှုကြီးတစ်ခုပင် ဖြစ်တော့သည်။

အလင်းတန်းတစ်ချက် လက်သွားခဲ့ပြီး ထိုက်ရှီတုံ့ပြန် တိုက်ခိုက်ရန် အချိန်ပင် မရလိုက်မီမှာပင်၊ ဟင်းလင်းပြင်နှင့်အချိန် လှိုင်းဂယက်များ လျင်မြန်စွာ ပြန့်ကျဲသွားခဲ့ပြီး၊ ဝမ်ချောင်မှာ လေထဲတွင် ရုတ်တရက် ပေါ်ထွက်လာကာ ထိုက်ရှီ၏ ရှေ့တည့်တည့်တွင် တားဆီးလိုက်တော့သည်။

"ဟွန်း... နောက်ဆုံးတော့ ထွက်လာဖို့ ဆုံးဖြတ်လိုက်ပြီပေါ့?"

ထိုက်ရှီက အေးစက်စက် ရယ်မောလိုက်သည်။ အကယ်၍ ဝမ်ချောင်သာ ဆက်လက်၍ မပေါ်ထွက်လာဘူး ဆိုပါက သူသည် မဟာထန်၏ သာမန် စစ်သည်များ ကို ကိုယ်တိုင် ကိုယ်ကျ ဝင်ရောက် တိုက်ခိုက်တော့မည် ပင် ဖြစ်သည်။

"ငါ မင်းကို နောက်ဆုံး အနေနဲ့ အခွင့်အရေးတစ်ခု ပေးမယ်၊ အဲဒီပစ္စည်းကို ထုတ်ပေးလိုက်စမ်း၊ မင်းနဲ့လီထိုက်ယီရဲ့ ကိုယ်ပေါ်မှာ တူညီတဲ့ ပစ္စည်း တစ်ခု ရှိနေတယ်ဆိုတာကို ငါ သိတယ်၊ အဲဒါကို ထုတ်ပေးလိုက်မယ် ဆိုရင် ဒီနတ်ဘုရားက မင်းကို နာကျင်မှု မရှိဘဲ လွယ်လွယ်ကူကူ သေခွင့်ပေးမယ်"

ထိုက်ရှီက အေးစက်စက် ဖြင့် ဆိုလိုက်တော့သည်။

ထိုက်ရှီ၏စကားကို ကြားလိုက်ရသည့်အခါ ဝမ်ချောင်၏ရင်ထဲ၌ တုန်လှုပ်သွားခဲ့သော်လည်း လျင်မြန်စွာပင် ပုံမှန်အတိုင်း ပြန်လည်တည်ငြိမ်သွားတော့သည်။

"ထိုက်ရှီ... နောက်ဆုံးအချိန် မရောက်သေးသရွေ့ ငါ လုံးဝအရှုံးပေးမှာ မဟုတ်ဘူး။ မဟာထန်ကလည်း လုံးဝအရှုံးပေးမှာ မဟုတ်ဘူး"

ဝမ်ချောင်က လေးနက်သော အသံဖြင့် ဆိုလိုက်တော့သည်။

"သတင်းပို့ပါတယ် အရှင်... မကောင်းတော့ဘူး၊ အရှေ့ဘက် မြို့ရိုး အပြင်ဘက်မှာ သံချပ်ကာမြင်းတပ်တစ်ဖွဲ့ ပေါ်လာပြီး ငါတို့ရဲ့ စစ်တပ်ကြီးကို ဝင်ရောက် တိုက်ခိုက်နေပါတယ်၊ အရှေ့ တာ့ခ်က ဝံပုလွေ တပ်ဖွဲ့ ပါ"

"သတင်းပို့ပါတယ်.. အရှင်... မြို့ရိုး ပေါ်ကို တက်ရောက်လာတဲ့ အဲဒီ နတ်ဘုရားနိုင်ငံတော် သံချပ်ကာ တပ်ဖွဲ့က အနောက်ဘက်မှာ ပေါ်လာပါတယ်။ ငါတို့ ကြိုတင် ပြင်ဆင်ထားတာ မရှိလို့ သူတို့ရဲ့ ဝင်ရောက် တိုက်ခိုက်ခြင်း ကို ခံလိုက်ရပါတယ်။ နတ်စွမ်းအင် ဗိုလ်ချုပ်ကြီးက စစ်တပ် တွေကို ဦးဆောင်ပြီး သွားရောက် တားဆီးနေပါတယ်"

"သတင်းပို့ပါတယ်… ယိုကျိုး စစ်သည်တွေ ပေါ်လာပြီး ငါတို့ရဲ့ စစ်တပ်တွေကို အနောက် ကနေ လိုက်လံ သတ်ဖြတ်နေပါတယ်"

"သတင်းပို့ပါတယ်။ နေမင်းလိုက် သံမဏိမြင်းတပ်တွေ ရှေ့တန်းကို တဟုန်ထိုး ပြေးဝင်လာနေတာကို တွေ့ရှိထားပါတယ်"

......

သူတို့ နှစ်ဦး စကားပြောဆိုနေကြသည့် အချိန်လေးအတွင်းမှာပင် လေပြင်းများ ပြင်းထန်စွာ တိုက်ခတ်လာခဲ့ပြီး၊ စစ်မြင်းဆယ်ကျော်ခန့်မှာ တစ်ဦးထက် တစ်ဦး အလျင်စလိုဖြင့် အလွန်အမင်း အထိတ်တလန့် ရောက်ရှိလာခဲ့ကြရာ၊ ယူဆောင်လာသော သတင်းများကြောင့် စစ်တပ်ကြီးတစ်ခုလုံးမှာ အလွန်အမင်း ဖရိုဖရဲ ဖြစ်သွားကြတော့သည်။

"ဘယ်လိုလုပ်ပြီး ဒီလို ဖြစ်ရတာလဲ။ ဘယ်လိုလုပ်ပြီး ဒီလို ဖြစ်ရတာလဲ"

ကံဆိုးမသွားလေရာ မိုးလိုက်လို့ရွာ ဆိုသကဲ့သို့ပင် သတင်းဆိုးတွေ တစ်ခုပြီးတစ်ခု ဆက်တိုက် ရောက်ရှိလာခဲ့ရာ၊ စစ်တပ်ကြီးအတွင်းရှိ လက်မှုပညာရှင် တစ်ဦး၏ နှုတ်ခမ်းများ တုန်ယင်နေခဲ့ပြီး မျက်နှာမှာ သွေးဆုတ်သွားသကဲ့သို့ ဖြူရော်နေတော့သည်။ အခြားလူများ၏မျက်နှာအမူအရာများမှာလည်း အလားတူပင် ဖြူရော်နေကြတော့သည်။

သို့သော် အရာရာတိုင်းမှာ လုံးဝပြီးဆုံးသွားခြင်း မရှိသေးပါချေ။

ထိုအချိန်မှာပင် ရုတ်တရက် ကျယ်လောင် စူးရှလှသော စစ်မြင်းများ၏ ဟီသံကြီးများနှင့်အတူ၊ လူတိုင်း အလွန်ရင်းနှီးကျွမ်းဝင်နေပြီး အလွန်အမင်း ပြင်းထန်လှသည့် သေခြင်းတရားနှင့် ပုပ်သိုးဆွေးမြည့်နေသော အနံ့အသက်များမှာ သံမဏိခံတပ်၏ အတွင်းပိုင်းမှနေ၍ အဝေးဆီမှ လွင့်ပျံလာတော့သည်။ မျက်တောင်တစ်ခတ်မျှ အချိန်လေးအတွင်းမှာပင် အလင်းတန်း တစ်ချက် လက်သွားခဲ့ပြီး ရေခဲရုပ်တု တစ်ခုအလား ဖြစ်နေသော သံချပ်ကာမြင်းတပ် စစ်သည တစ်ဦးမှာ မျက်လုံးများ နီရဲနေလျက် ခြေအောက်တွင် မီးခိုးရောင် သန်းနေသော စစ်ပွဲ အလင်းစက်ဝန်းတစ်ခုကို နင်းကာ၊ ပြိုကျ ပျက်စီးနေသော နံရံများ အကြား၌ ရုတ်တရက် ပေါ်ထွက်လာခဲ့ပြီး လူတိုင်းရှိရာ အရပ်ဆီသို့ လျင်မြန်စွာ ချိန်ရွယ်ကာ တဟုန်ထိုး ပြေးဝင်လာတော့သည်။

တစ်ဦး၊ နှစ်ဦး၊ သုံးဦး... အချိန်တိုလေး အတွင်းမှာပင် အနည်းဆုံး သံချပ်ကာမြင်းတပ် စစ်သည် ထောင်နှင့်ချီမှာ အလွန်အမင်း လျင်မြန်လှသော အရှိန်ဖြင့် တဟုန်ထိုး ပြေးဝင်လာကြတော့သည်။

ရွဲလော့ဟယ်။

ထိုစစ်တပ်များကို မြင်တွေ့လိုက်ရသည့်အခါ လူတိုင်း၏ မျက်နှာပေါ်တွင် နက်ရှိုင်းလှသော မျှော်လင့်ချက် ကင်းမဲ့မှုများ ချက်ချင်း ပေါ်ထွက်လာတော့သည်။

"ဟားဟား၊ ဝမ်ချောင်... မင်းမှာလည်း ရေနစ်နေတဲ့ ခွေးလိုမျိုး ဖြစ်ရတဲ့ နေ့ ရောက်လာပြီ ပေါ့"

ရုတ်တရက် ကျယ်လောင်လှသော ရယ်မောသံကြီး တစ်ခုမှာ ရွဲလော့ဟယ်များ၏ အနောက်ဘက်မှနေ၍ ရုတ်တရက် ထွက်ပေါ်လာတော့သည်။

အန်းလုရှန်း၏ လူမရောက်ရှိလာသေးမီ သူ၏အလွန်အမင်း ဝမ်းသာ ဂုဏ်ယူနေသော ရယ်မောသံကြီးမှာ အဝေးဆီမှ လွင့်ပျံလာခဲ့ပြီ ဖြစ်သည်။ ဝမ်ချောင်က အဝေးသို့ လှမ်းကြည့်လိုက်ရာ အန်းလုရှန်း၏ အနည်းငယ် ဝဖြိုးနေသော ခန္ဓာကိုယ်ကြီးမှာ လေထဲတွင် ခြေလှမ်းများ လှမ်းလျက် ဤနေရာသို့ လျင်မြန်စွာ တဟုန်ထိုး ပြေးဝင်လာနေသည်ကို မြင်တွေ့လိုက်ရတော့သည်။

အန်းလုရှန်း၏ အကြည့်များမှာ အလွန်အမင်း ဝမ်းသာ ဂုဏ်ယူနေခဲ့သည်။ ရှေ့တန်း တိုက်ပွဲသို့ မရောက်ရှိသေးဘူးဆိုလျှင်တောင်မှ၊ အဝေးဆီမှနေ၍ ထိုက်ရှီမှာ ဝမ်ချောင်၏ အနောက်သို့ လိုက်မီသွားပြီ ဖြစ်ကြောင်းကို မြင်တွေ့လိုက်ရသည့်အခါ၊ အန်းလုရှန်းမှာ အလွန်အမင်း စိတ်မရှည်နိုင်တော့ဘဲ ချက်ချင်း ကျယ်လောင်စွာ အော်ဟစ်လိုက်ခြင်းပင် ဖြစ်တော့သည်။

မည်သို့ပင် ဖြစ်စေကာမူ ဝမ်ချောင်သူ၏ မျက်စိရှေ့တွင် သေဆုံးသွားသည်ကို ကိုယ်တိုင် မျက်မြင်ကိုယ်တွေ့မြင်တွေ့ချင်နေခဲ့သည်။ ထို့ပြင် အလွန်အမင်း သနားစရာ ကောင်းလှသော သေဆုံးနည်းမျိုးဖြင့် သေဆုံးသွားသည်ကို မြင်တွေ့လိုခြင်းပင် ဖြစ်တော့သည်။

အရပ်မျက်နှာ အားလုံးမှ မရေမတွက်နိုင်သော အကြည့်များ အားလုံးမှာ ဝမ်ချောင်၏ အပေါ်သို့ စုစည်းလာကြတော့သည်။ မည်သည့် ရှုထောင့်မှ ကြည့်သည်ဖြစ်စေ လက်ရှိဝမ်ချောင်မှာ လမ်းဆုံး ရောက်နေပြီ ဖြစ်ပြီး လွတ်လမ်းလုံးဝမရှိတော့ပါချေ။

အဝေးဆီတွင် ခီတန်ဘုရင်၊ အရှေ့ တာ့ခ် ဝူဆူမစ်ရှ် ခါဂန်း၊ ဂိုဂူလျော ယွန်းဂျယ်စိုးမွန်း၊ ရှီဘုရင်မနှင့် နိုင်ငံအသီးသီးမှ ဗိုလ်ချုပ်များအားလုံးမှာ စစ်တပ်ကြီးကို ဦးဆောင်ကာ ဤနေရာသို့ လျင်မြန်စွာ ရောက်ရှိလာကြတော့သည်။

အဝေးဆီရှိ လှုပ်ရှားမှုများကို သူတို့ အားလုံး ခံစားသိရှိလိုက်ကြပြီး၊ လူအများအပြားမှာ လေထဲသို့ ခုန်ပျံသွားခဲ့ကြကာ အိမ်ခေါင်မိုးများပေါ်သို့ တက်ရောက်သွားကြသည်။ ဤနောက်ဆုံး ဇာတ်ဝင်ခန်းကြီးကို လုံးဝလက်လွတ် မခံလိုကြသောကြောင့်ပင် ဖြစ်တော့သည်။

အဝေးဆီရှိ တစ်ချိန်က အလွန်အမင်း တောက်ပ ခမ်းနားခဲ့ပြီး၊ လုံးဝပြိုင်ဘက်ကင်း ဖြစ်ခဲ့သော ထိုလူငယ်လေး ကို ကြည့်ရင်း လူတိုင်း၏ မျက်ဝန်းထဲ၌ အနည်းငယ်မျှ သနား ကရုဏာ သက်မှု လုံးဝရှိမနေခဲ့ပါချေ။ သူတစ်ပါး၏ ဆင်းရဲဒုက္ခကို ဝမ်းသာ ပျော်ရွှင်နေသော အကြည့်များသာလျှင် အပြည့်အဝ ရှိနေကြသည်။ မည်သည့် အံ့ဩစရာမျှ မရှိပါချေ။ သူတို့အားလုံးမှာ ဤနေရာတွင် ကုန်းမြေဒေသကြီး တစ်ခုလုံးရှိ အစွမ်းအထက်ဆုံးသော စစ်နတ်ဘုရားကြီး ပြိုလဲကျဆုံးသွားမည့် အချိန်ကို ကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ မြင်တွေ့ခွင့် ရကြတော့မည် ဖြစ်၏။

"ဟားဟားဟား၊ ဝမ်ချောင်... မြင်ပြီလား? ဒါက ကံကြမ္မာပဲ။ မင်းက ဘာပဲဖြစ်ဖြစ် ငါ့ရဲ့ ပြိုင်ဘက် လုံးဝမဟုတ်ပါဘူး၊ မင်း သေသွားတဲ့ အခါကျရင် ငါ မင်းဆက်သစ်တစ်ခုကို တည်ထောင်ပြီး မဟာထန် ရဲ့ နေရာ ကို အစားထိုး ယူလိုက်မယ်၊ ဒါက ကောင်းကင်ဘုံ ရဲ့ အလိုဆန္ဒပဲကွ"

အန်းလုရှန်းက ဟားဟားဟား ရယ်မောရင်း ဆိုလိုက်သည်။ ဝမ်ချောင်ကို လှောင်ပြောင် သရော်ပြီး စိတ်ဓာတ် ရိုက်ချိုးပစ်ရန် ရရှိလာသော ဤအခွင့်အရေးလေးကို အနည်းငယ်မျှပင် လုံးဝလက်လွတ် မခံခဲ့ပါချေ။

"ကံကြမ္မာ…. ဟွန်း... အားနည်းတဲ့သူတွေကသာ ကံကြမ္မာကို အရှုံးပေးတတ်ကြတာပါ၊ ထိုက်ရှီ၊ အန်းလုရှန်း... မင်းတို့ကိုယ်မင်းတို့ တကယ်ပဲ နိုင်သွားပြီလို့ ထင်နေကြတာလား?"

လူတိုင်း လုံးဝတွေးတောထားနိုင်မည် မဟုတ်သောအရာမှာ၊ အန်းလုရှန်း၏ လုံးဝအလျှော့မပေးသော လှောင်ပြောင် သရော်မှုများကို ကြားလိုက်ရသည့်အခါ ဝမ်ချောင်မှာ ခေါင်းရမ်းကာ ပြုံးလိုက်ရုံသာ ပြုံးလိုက်ပြီး၊ အနည်းငယ်မျှ စိတ်ဓာတ် ကျဆင်းသွားသော အရိပ်အယောင် လုံးဝပြသခြင်း မရှိခဲ့ပါချေ။ ဆန့်ကျင်ဘက်အနေဖြင့် သူ၏ ကြယ်တာရာများအလား နက်မှောင်လှသော မျက်ဝန်းများမှာ နှင်းများအလား အလွန်အမင်း တောက်ပနေခဲ့ပြီး အလွန်အမင်း နက်နဲလှသော အဓိပ္ပာယ်အချို့ ပါဝင်နေတော့သည်။

ဘာအဓိပ္ပာယ်လဲ။

ထိုက်ရှီ၏မျက်ခွံများ လှုပ်ရှားသွားခဲ့ပြီး ဤအလွန်အမင်း သိမ်မွေ့လှသော မျက်နှာအမူအရာလေးကို လျင်မြန်စွာ သတိပြုမိလိုက်သည်၊ ဘာကြောင့်မှန်း မသိသော်လည်း ဤအခိုက်အတန့်၌ သူ၏ရင်ထဲတွင် အလွန်အမင်း မကောင်းသော ခံစားချက်ကြီးတစ်ခု ရုတ်တရက် ပေါ်ထွက်လာတော့သည်။

" ကျွန်ဖမ်း ဗိုလ်ချုပ်ဆိုတာ ကျွန်ဖမ်း ဗိုလ်ချုပ်သက်သက်ပါပဲ၊ ထိုက်ရှီ၊ အန်းလုရှန်း... မင်းတို့ကိုယ်မင်းတို့ တကယ်ပဲ နိုင်သွားပြီလို့ ထင်နေကြတာ မဟုတ်ဘူး မလား"

ဝမ်ချောင်က မျက်စိရှေ့ရှိ ထိုက်ရှီကို လှမ်းကြည့်ရင်း နှုတ်ခမ်းထောင့်များ အနည်းငယ် ကွေးတက်သွားခဲ့ပြီး လုံးဝခန့်မှန်း၍ မရနိုင်လောက်အောင် နက်နဲလှသော အပြုံးတစ်ခု ပေါ်ထွက်လာတော့သည်။ ဝမ်ချောင်၏ ခန္ဓာကိုယ်တစ်ချက် လှုပ်ရှားသွားခဲ့ပြီး အလွန်အမင်း သိမ်မွေ့သော လှုပ်ရှားမှုလေးဖြင့် အနောက်သို့ ခြေလှမ်း အနည်းငယ်ခန့် ဆုတ်ခွာလိုက်ရာ ထိုက်ရှီနှင့် အကွာအဝေးကို လျင်မြန်စွာ ခွာလိုက်တော့သည်။

ထိုက်ရှီမှာ ဝမ်ချောင်၏ စိုက်ကြည့်ခြင်းကို ခံလိုက်ရသည့်အခါ မျက်ခုံးကြားတွင် တဆတ်ဆတ် ခုန်လာခဲ့ပြီး၊ ထိုမကောင်းသော ခံစားချက်ကြီးမှာ ရုတ်တရက် အလွန်အမင်း ပြင်းထန်လာတော့သည်။

ဒီကောင်လေးက ဘာတွေများ လုပ်ချင်နေတာလဲ။

ဒီလို အခြေအနေမျိုးအထိ ရောက်နေပြီ၊ သံမဏိခံတပ်ကြီးလည်း ပြိုကျသွားပြီ၊ မြေအောက်က မဟာစစ်အစီအရင်ကြီးလည်း လုံးဝပျောက်ကွယ်သွားပြီ၊ တကယ့်ကို စစ်ရှုံးသွားတဲ့ အခါကျတော့ တောင်တွေ ပြိုကျသွားသလိုပဲ၊ ဒီလို အချိန်မျိုးမှာ သူ ဘာများ ထပ်လုပ်နိုင်ဦးမှာလဲ။

ထိုက်ရှီ၏ မသိစိတ်အရ ဝမ်ချောင်က အထင်ကြီးအောင် ဟန်ဆောင်နေခြင်း သက်သက်သာ ဖြစ်သည်ဟု ထင်မှတ်နေခဲ့သည်၊ သို့သော်...

သူ့ကို သတ်လိုက်…

သူ့မှာ နောက်ထပ် ဗျူဟာတွေ၊ အစီအစဉ်တွေ ဘယ်လောက်ပဲ ရှိနေပါစေ အသုံးပြုဖို့ အခွင့်အရေး ရတော့မှာ မဟုတ်ဘူး။

ထိုက်ရှီ၏အကြည့်များ အေးစက်သွားခဲ့ပြီးနောက် ညာလက်၏ လက်ချောင်းငါးချောင်းကို ဟလိုက်ရာ၊ လူတိုင်းကို အလွန်အမင်း အံ့ဩ တုန်လှုပ်သွားစေနိုင်လောက်သည့် ပြင်းထန်လှသော လှိုင်းဂယက်ကြီးတစ်ခုမှာ သူ၏ညာဘက် လက်ဖဝါးမှနေ၍ ပေါက်ကွဲထွက်ပေါ်လာတော့သည်။

ဝမ်ချောင်တွင် မည်ကဲ့သို့သော လျှို့ဝှက် အကြံအစည်များ ရှိနေပါစေ၊ သူ့ကို အမြစ်ပြတ်အောင် သတ်ဖြတ်လိုက်နိုင်မည်ဆိုပါက သူ မည်သည့် အရာကိုမျှ လုပ်ဆောင်နိုင်စွမ်း ရှိတော့မည် မဟုတ်ပါချေ။

"နောက်ကျသွားပြီ"

ဝမ်ချောင်၏အကြည့်များမှာ မီးတောက်များအလား လင်းလက်နေခဲ့ပြီး ထိုက်ရှီ၏လက်ချောင်း ငါးချောင်း လှုပ်ရှားလိုက်သည့် အချိန်လေးအတွင်းမှာပင် သူ ဘာလုပ်ချင်သည် ဆိုတာကို ချက်ချင်း နားလည်သဘောပေါက်လိုက်သည်။ သို့သော် နှမြောစရာ ကောင်းသည်မှာ အရာရာတိုင်းမှာ အချိန်နှောင်းသွားခဲ့ပြီ ဖြစ်၏။

သူသည် အချိန်အတော်ကြာအောင် စီစဉ် တွက်ချက်ထားခဲ့ပြီးနောက်၊ လူတိုင်းကို မိမိ၏ ထောင်ချောက် အတွင်းသို့ အဆင့်ဆင့် ဆွဲသွင်းလာခဲ့ပြီး၊ ထိုက်ရှီ၊ အန်းလုရှန်းနှင့် နိုင်ငံအသီးသီးမှ ဧကရာဇ်များ၊ ဗိုလ်ချုပ်များအားလုံး၏ အာရုံစိုက်မှုကို သူ၏အနောက်ဘက်ရှိ စစ်တပ်ကြီး၏အပေါ်သို့ အောင်မြင်စွာ စုစည်းနိုင်ခဲ့သည်။ ထို့ပြင် သူတို့ကို တောင်ဘက် မြို့တံခါးရှိရာ အရပ်ဆီသို့ လမ်းတစ်လျှောက်လုံး အောင်မြင်စွာ ဆွဲခေါ်လာနိုင်ခဲ့ခြင်း အားလုံးမှာ ယခုအချိန်လေး အတွက် ပင် ဖြစ်တော့သည်။

လူတိုင်း အလွန်အမင်း အံ့ဩထိတ်လန့်နေကြသည့်အကြည့်များအောက်တွင်၊ ဝမ်ချောင်၏ မျက်ဝန်းထဲ၌ အလင်းတန်း တစ်ချက် လက်သွားခဲ့ပြီးနောက် ခေါင်းကိုမော့ကာ ကျယ်လောင် စူးရှလှသော အော်ဟစ်သံတစ်သံကို ပြုလုပ်လိုက်သည်။ ကျယ်လောင်သော အသံမှာ မိုးခြိမ်းသံအလား ပြင်းထန်လှပြီး နှင်းမုန်တိုင်းများ အကြား၌ ပြန့်လွင့်သွားတော့သည်။

"ဘာဖြစ်တာလဲ။ သူ ဒါ ဘာလုပ်နေတာလဲ"

အဝေးဆီတွင် အန်းလုရှန်းမှာ ဝမ်ချောင်ပြောဆိုလိုက်သော "ကျွန်ဖမ်း ဗိုလ်ချုပ် ဆိုတာ ကျွန်ဖမ်း ဗိုလ်ချုပ် သက်သက်ပါပဲ" ဆိုသည့် စကားကြောင့် အလွန်အမင်း ဒေါသထွက်နေခဲ့သည်။ ရုတ်တရက် ဝမ်ချောင်က စူးရှလှသော အော်ဟစ်သံကြီးတစ်ခု လုပ်လိုက်သည်ကို ကြားလိုက်ရသည့်အခါ ချက်ချင်း မှင်တက်သွားခဲ့ပြီး ဘာတွေ ဖြစ်ပျက်နေသည်ကို လုံးဝနားမလည်နိုင်အောင် ဖြစ်သွားတော့သည်။

သို့သော် ထိုသို့ဖြစ်နေလင့်ကစား အန်းလုရှန်း၏ မသိစိတ်အရမူ အခြေအနေများ မကောင်းတော့ကြောင်းကို လျင်မြန်စွာ သတိပြုမိလိုက်သည်။ ဝမ်ချောင်၏ ထိုစူးရှလှသော အော်ဟစ်သံကြီးမှာ အလွန်သိသာထင်ရှားလှသော အချက်ပြ သင်္ကေတတစ်ခု ဖြစ်ကြောင်း သေချာလှပေသည်။

သို့သော် အန်းလုရှန်း အသေးစိတ် စဉ်းစားတွေးတောနေသည့် အချိန်လေး အတွင်းမှာပင်၊ ရုတ်တရက် နောက်တစ်ခဏတွင် လူတိုင်း လုံးဝမတွေးထားသည့်အရာများ ဖြစ်ပျက်လာတော့သည်။

"ဝုန်း"

အန်းလုရှန်း၏ ဘေးတိုက် အနောက်ဘက်တွင် ပေ တစ်ထောင်ကျော်ခန့် အကွာအဝေးရှိ မီးဆီများ သိုလှောင်ထားသော ကင်းမျှော်စင်တစ်ခု၏ အပေါ်တွင်၊ အလင်းတန်းများ ပေါက်ကွဲထွက်ပေါ်လာခဲ့ပြီး ပြင်းထန်လှသော မီးတောက်ကြီးတစ်ခု ရုတ်တရက် လောင်ကျွမ်းလာတော့သည်။ မီးတောက်ကြီးမှာ မြေကြီး အတွင်းသို့ လျင်မြန်စွာ ဝင်ရောက်သွားခဲ့ပြီး လူတိုင်း၏ အံ့ဩတကြီး အော်ဟစ်သံများ အကြား၌ ထိုမီးပွင့်လေးများမှာ ပင့်ကူမျှင်များအလားအရပ်မျက်နှာ အားလုံးသို့ လျင်မြန်စွာ ပျံ့နှံ့သွားတော့သည်။

"ဒုက္ခပဲ… အဲဒီ မီး တွေကို အမြန် ငြိမ်းသတ်လိုက်ကြစမ်း"

မမြင်နိုင်သော အင်အားတစ်ခုက တွန်းအားပေးလိုက်သည့်အလား အတွေးတစ်ခုမှာ ဦးနှောက်ထဲ၌ ရုတ်တရက် ဖြတ်ပြေးသွားခဲ့ပြီး၊ အန်းလုရှန်း၏ မျက်နှာအမူအရာ ချက်ချင်း ပြောင်းလဲသွားခဲ့ကာ အလွန်အမင်း အလျင်စလိုဖြင့် ကျယ်လောင်စွာ အော်ဟစ်လိုက်တော့သည်။

သို့သော် အရာရာတိုင်းမှာ အချိန်နှောင်းသွားခဲ့ပြီ ဖြစ်၏၊ မြို့ကြီးတစ်ခုလုံး၏အတွင်း၌ မီးရောင်များ လင်းလက်လာသောနေရာများမှာ တစ်နေရာတည်းသာ လုံးဝမဟုတ်တော့ပါချေ။ အန်းလုရှန်းအနေဖြင့် မည်သည့်အရာကိုမျှ လုပ်ဆောင်နိုင်စွမ်း မရှိတော့ပါချေ။ အချိန် အလွန်နောက်ကျသွားခဲ့ပြီ ဖြစ်၏။

မီးရောင်များ လျင်မြန်စွာ ပျံ့နှံ့သွားခဲ့ပြီး နောက်တစ်ခဏတွင်…ပြင်းထန်လှသော ပေါက်ကွဲသံကြီး တစ်ခုမှာ သံမဏိခံတပ်၏ မြေအောက် အနက်ပိုင်းမှနေ၍ ရုတ်တရက် ထွက်ပေါ်လာတော့သည်။ ဤပေါက်ကွဲသံကြီး၏ ပြင်းထန်မှု အတိုင်းအတာကို မည်သူကမျှ လုံးဝဖော်ပြနိုင်စွမ်း ရှိမည်မဟုတ်ပါချေ။ နိုင်ငံအသီးသီးမှ စစ်သည်များ ဖြစ်စေ၊ မဟာထန်မှ စစ်သည်များဖြစ်စေ သူတို့ တစ်သက်တာကာလတစ်လျှောက်လုံးတွင် ကြားဖူးသမျှအထဲ၌ ကြောက်မက်ဖွယ် အကောင်းဆုံး၊ ခမ်းနားကြီးကျယ်ဆုံးနှင့် အလွန်အံ့ဩတုန်လှုပ်ဖွယ် အကောင်းဆုံးသော ဧရာမ ပေါက်ကွဲသံကြီးပင် ဖြစ်တော့သည်။

မျက်တောင်တစ်ခတ်မျှ အချိန်လေး အတွင်းမှာပင် သံမဏိခံတပ်၏ အတွင်း၌ ဝမ်ချောင်နေရာချထားခဲ့သော သံမဏိ အစိတ်အပိုင်းများမှာ မူလကတည်းက သောင်းနှင့်ချီ ရှိနေခဲ့ပြီး မြို့ကြီးတစ်ခုလုံး အနှံ့အပြားတွင် ပြည့်နှက်နေခဲ့သည်။ နိုင်ငံအသီးသီး၏ စစ်တပ်ကြီးသာမက ထိုအမည်းရောင်ဝတ်စုံဝတ် အစွမ်းထက် သိုင်းပညာရှင်များပင်လျှင် ဤနေရာများကို ဖြတ်သန်းသွားခဲ့သည့် အချိန်တိုင်းတွင် တစ်ချက်မျှပင် သေချာစွာ ကြည့်ရှုလေ့ မရှိကြသလို အထူးတလည် ဂရုစိုက်လေ့ လုံးဝမရှိကြပါချေ။

သံမဏိများဖြင့် တည်ဆောက်ထားသော မြို့ကြီး တစ်မြို့၏ အတွင်း၌ ဤကဲ့သို့သော သံမဏိ အစိတ်အပိုင်းများနှင့် အပိုင်းအစများ ရှိနေခြင်းမှာ အလွန်အမင်း သာမန်ဆန်လွန်းလှပေသည်။

သို့သော် ဤအခိုက်အတန့်၌ ဤသံမဏိ အစိတ်အပိုင်းများအားလုံး၊ မြို့ကြီး၏ မြေအောက်ရှိ သံမဏိ ဖွဲ့စည်းတည်ဆောက်ပုံအချို့နှင့်တကွ အားလုံးမှာ အလွန်အမင်း ကြောက်မက်ဖွယ်ကောင်းသော အသက်နှုတ်နိုင်သည့် အစွမ်းထက် လက်နက်ကြီးများအဖြစ်သို့ ပြောင်းလဲသွားတော့သည်။ အဆုံးအစမရှိ များပြားလှသော ပေါက်ကွဲမှု လေလှိုင်းကြီးများနှင့် လုံးဝဖျက်ဆီးပစ်နိုင်စွမ်းရှိသည့် စွမ်းအင်များမှာ မြေအောက်မှနေ၍ ပေါက်ကွဲထွက်ပေါ်လာခဲ့ပြီး မြို့ကြီးတစ်ခုလုံးကို လွှမ်းခြုံသွားတော့သည်။ ပေါက်ကွဲမှု၏မီးရောင်များမှာ နေမင်းကြီးထက်ပင် ပို၍တောက်ပလင်းလက်နေတော့သည်။

အနည်းဆုံး မြို့ကြီး၏ ထက်ဝက်ခန့်မှာ ပေါက်ကွဲမှု၏ ပထမဆုံး အချိန်လေး အတွင်းမှာပင် ချက်ချင်း အပိုင်းပိုင်းအစစ ပြတ်တောက်သွားခဲ့ပြီး အမှုန့်များအဖြစ်သို့ ပြောင်းလဲသွားတော့သည်။ ဆက်တိုက်ဆိုသလိုပင် နိုင်ငံအသီးသီးမှ စစ်သည် သိန်းနှင့်ချီမှာ ကြောက်မက်ဖွယ်ကောင်းသော မီးရောင်များနှင့် ထိုလုံးဝဖျက်ဆီးပစ်နိုင်စွမ်းရှိသည့် စွမ်းအင်များ၏မျိုချခြင်းကို ခံလိုက်ရပြီး အလောင်းပင်လျှင် လုံးဝကျန်ရစ်ခြင်း မရှိတော့ပါချေ။

တစ်ချိန်တည်းမှာပင် ရိုက်ခတ်မှုများကို ခံလိုက်ရသူများထဲတွင် ထိုရွဲလော့ဟယ်တစ်သောင်းကျော် လည်း အပါအဝင် ပင် ဖြစ်တော့သည်။

ဤတစ်ကြိမ်တွင် ဝမ်ချောင်ကို လိုက်လံသတ်ဖြတ်ရန်အတွက် အန်းလုရှန်းသည် ကျန်ရှိနေသေးသော ရွဲလော့ဟယ် နှစ်သောင်း တစ်ထောင်ကျော်ခန့်ကို နှစ်ဖွဲ့ ခွဲလိုက်သည်။ ထိုအထဲမှ ခုနစ်ထောင်၊ ရှစ်ထောင်ခန့်ရှိသော တပ်ဖွဲ့မှာ အရှိန်အပြည့်ဖြင့် ဝမ်ချောင်ကို လိုက်လံသတ်ဖြတ်ရန် ထွက်ခွာသွားခဲ့ပြီး၊ ကျန်ရှိနေသောတပ်ဖွဲ့များမှာမူ နိုင်ငံအသီးသီး၏ စစ်တပ်အတွက် စစ်အစီအရင် အထောက်အပံ့များကို ပေးစွမ်းရန်နှင့် အအေးဒဏ်ကို ကာကွယ်ပေးရန် အတွက် အနောက်တွင် ချန်လှပ်ထားခဲ့ခြင်း ဖြစ်သည်။

ရှေ့ပြေး တပ်ဖွဲ့ဖြစ်သော ရွဲလော့ဟယ် ခုနစ်ထောင်ခန့်မှာ သံမဏိခံတပ်၏ တောင်ဘက် မြို့တံခါးသို့ ရောက်ရှိသွားသည့်အချိန်တွင်၊ ကျန်ရှိနေသော ရွဲလော့ဟယ် တစ်သောင်း လေးထောင်ကျော်ခန့်မှာ စစ်တပ်ကြီးနှင့်အတူ မြို့ကြီး၏ အလယ်ဗဟိုတွင် ရှိနေဆဲပင် ဖြစ်သည်။

စစ်မြင်းများ၏ဟီသံကြီးများ ထွက်ပေါ်လာခဲ့ပြီး မသေနိုင်သည့် ကိုယ်ခန္ဓာများကို ပိုင်ဆိုင်ထားကြသော ရွဲလော့ဟယ် တစ်သောင်း လေးထောင် ကျော်ခန့်မှာ ပေါက်ကွဲမှု ဖြစ်ပေါ်သည့် မျက်တောင်တစ်ခတ် အတွင်းမှာပင်၊ မီးရောင်များနှင့် စွမ်းအင် လှိုင်းလုံးကြီးများကြောင့် ပေ ရာနှင့်ချီအမြင့်သို့ လွင့်စင်သွားကြတော့သည်။ ဤလုံးဝအားနည်းချက် မရှိသလောက်ပင်ဖြစ်နေပြီး မည်ကဲ့သို့သော ဒဏ်ရာမျိုးကိုပဲ ရရှိပါစေ အသက်အန္တရာယ် မရှိနိုင်သော ဤရွဲလော့ဟယ်များမှာ၊ ဤစစ်ပွဲကြီး တစ်ခုလုံးတွင် လုံးဝလွှမ်းမိုးထားနိုင်သော၊ လုံးဝငြင်းဆို၍ မရနိုင်လောက်အောင် ဖိနှိပ်ထားနိုင်စွမ်း ရှိသည့် ခွန်အား များကို ပိုင်ဆိုင်ထားကြသည်။ သို့သော် မည်မျှပင် အစွမ်းထက်သော ရွဲလော့ဟယ် ဖြစ်နေပါစေ သမိုင်းတွင် တစ်ခါမျှ မရှိခဲ့ဖူးသော ဤဧရာမ ပေါက်ကွဲမှုကြီး၏ ရှေ့မှောက်တွင်မူ ပုရွက်ဆိတ်လေးများအလား အလွန်အမင်း သေးငယ်လွန်းလှပေသည်။

"ဘုန်း ဘုန်း ဘုန်း"

ပေါက်ကွဲမှု ဖြစ်ပေါ်သည့် မျက်တောင်တစ်ခတ်အတွင်းမှာပင် အလွန်အမင်း အစွမ်းထက်လှသော ရွဲလော့ဟယ်တစ်ဦးပြီးတစ်ဦးမှာ ပေါက်ကွဲနေသော မီးရှူးမီးပန်းများအလား မြို့တွင်း၌ လိပ်တက်လာသော လုံးဝဖျက်ဆီးပစ်နိုင်စွမ်း ရှိသည့် စွမ်းအင်များ၏ ဆုတ်ဖြဲခံလိုက်ရပြီး အပိုင်းပိုင်းအစစ ပြတ်တောက်သွားကြတော့သည်။

ထိုအခိုက်အတန့်၌ လူတိုင်း အလွန်အမင်း အံ့ဩ တုန်လှုပ်သွားကြတော့သည်။ ခီတန်ဘုရင်၊ ဝူဆူမစ်ရှ် ခါဂန်း၊ ယွန်းဂျယ်စိုးမွန်း၊ ရှီဘုရင်မ... လူတိုင်း၏ မျက်နှာအမူအရာများမှာ ဤအခိုက်အတန့်၌ သွေးဆုတ်သွားသကဲ့သို့ ဖြူရော်နေတော့သည်။ သို့သော် သူတို့အနေဖြင့် အသေးစိတ် စဉ်းစားတွေးတောရန် အချိန် လုံးဝမရလိုက်ပါချေ။ အဘယ်ကြောင့်ဆိုသော် နိုင်ငံအသီးသီး၏ဧကရာဇ်အားလုံးမှာ ပေါက်ကွဲမှု၏ နယ်ပယ်အတွင်း၌ အတူတကွ ရောက်ရှိနေကြသောကြောင့်ပင် ဖြစ်တော့သည်။

******

All Chapters