← Chapters

အခန်း ၂၂၄၃

Vol. 139 Ch. 2243

အခန်း ၂၂၄၃

Vol. 139 Ch. 2243

အခန်း (၂၂၄၃) အိပ်မက်ဆိုး သားရဲ လှုပ်ရှားလာပြီ

"ဒီကောင်လေးကို ဆက်ပြီး အသက်ရှင်ခွင့် ပေးထားလို့ မဖြစ်တော့ဘူး”

ထိုက်ရှီ၏ သတ်ဖြတ်လိုစိတ်များမှာ အလွန်အမင်း ပြင်းထန်လာတော့သည်။ ဝမ်ချောင်က ဤကဲ့သို့ အစွမ်းထက်သော စွမ်းရည် များကို ပြသလေလေ ထိုက်ရှီ၏ သတ်ဖြတ်လိုစိတ်ကို ပိုမို၍ လှုံ့ဆော်ပေးလေလေ ပင် ဖြစ်တော့သည်။

နောက်တစ်ခဏတွင် အလင်းတန်း တစ်ချက် လက်သွားခဲ့ပြီး ထိုက်ရှီ၏ခေါင်းနောက်ရှိ မူလက အများအပြား ကျုံ့ဝင်သွားခဲ့ပြီဖြစ်သော အလင်းစက်ဝန်းကြီးမှာ၊ ရုတ်တရက် နောက်တစ်ကြိမ် ထပ်မံ ကျုံဝင်သွားပြန်သည်။ ဤမျှသာမက ထိုက်ရှီ၏ ခန္ဓာကိုယ်ရှိ အကြောအမှတ်များအားလုံး အတွင်းမှနေ၍ ပေါက်ကွဲထွက်ပေါ်လာသော သွေးမီးတောက်များမှာလည်း ယခင်ကထက် များစွာ ပိုမို ပြင်းထန်လာခဲ့ပြီး အလွန်အမင်း နီရဲလာတော့သည်။

"ခုတ်ပိုင်းစမ်း"

ထိုက်ရှီမှာ ကျယ်လောင်စွာ အော်လိုက်ပြီး အလင်းစက်ဝန်းမှနေ၍ ထုတ်ယူထားသော ခွန်အားများကို၊ တစ်ကိုယ်လုံးရှိ အသက်စွမ်းအင်၊ သွေး စွမ်းအင်နှင့် ဝိညာဉ် စွမ်းအင်များ အားလုံးနှင့်တကွ နတ်ဘုရား ဓားအတွင်းသို့ အားလုံး တစ်ပြိုင်နက်တည်း ထည့်သွင်းလိုက်ရာ၊ သူတို့နှစ်ဦးကြားရှိ ညီမျှနေသော အခြေအနေကို မျက်တောင်တစ်ခတ် အတွင်းမှာပင် လုံးဝချိုးဖျက်ပစ်လိုက်တော့သည်။

ထိုဓားချက်မှာ ဝမ်ချောင်၏ရှေ့တည့်တည့်ရှိ အလွှာပေါင်းများစွာ ထပ်နေသော ဟင်းလင်းပြင်နှင့် အချိန် အကာအကွယ် အကာများကို မျက်တောင်တစ်ခတ်အတွင်း လုံးဝခုတ်ပိုင်း ဖြတ်တောက်လိုက်ပြီး၊ ဝမ်ချောင်၏ခန္ဓာကိုယ် အလယ်ဗဟိုဆီသို့ ခုတ်ပိုင်းလာတော့သည်။ အကယ်၍ ဤဓားချက်သာ မှန်ကန်သွားမည်ဆိုပါက ဝမ်ချောင်မှာ သေချာပေါက် နှစ်ပိုင်း ပြတ်သွားမည်မှာ အမှန်ပင် ဖြစ်တော့သည်။

သို့သော် နောက်တစ်ခဏတွင် ဝမ်ချောင်၏ခန္ဓာကိုယ်မှာ အနောက်သို့ လျှောတိုက် ဆုတ်ခွာသွားခဲ့ပြီး ထိုက်ရှီနှင့် အကွာအဝေး ကို လျင်မြန်စွာ ခွာလိုက်ကာ ဤဓားချက်ကို ရှောင်တိမ်းလိုက်တော့သည်။ ဤမျှသာမက ဝမ်ချောင်၏ ခန္ဓာကိုယ် တစ်ချက်လှုပ်ရှားသွားခဲ့ပြီး ထိုက်ရှီ၏ အာရုံခံနိုင်စွမ်း အတွင်းမှနေ၍ မျက်တောင်တစ်ခတ် အတွင်း လုံးဝပျောက်ကွယ်သွားတော့သည်။

ဝမ်ချောင် ပျောက်ကွယ်သွားပြီးနောက် ချက်ချင်းပင် ဓားနှင့်အတူတူ ထိုက်ရှီ၏ အနောက်ဘက်တွင် ရုတ်တရက် ပေါ်ထွက်လာတော့သည်။ လက်ထဲရှိ မဟာလော့ဝ်ဓားမှနေ၍ ပူပြင်း ပြင်းထန်လှသော မိုးကြိုးလျှပ်စီးများ ပေါက်ကွဲထွက်ပေါ်လာခဲ့ပြီး ထိုက်ရှီ၏ ကျောလယ်ရှိရာဆီသို့ တိုက်ရိုက် ထိုးသွင်းလိုက်တော့သည်။

ဤလုပ်ငန်းစဉ် တစ်ခုလုံးမှာ အသံတိတ် ဖြစ်ပေါ်သွားခဲ့ခြင်း ဖြစ်သည်။ ထိုက်ရှီ သတိပြုမိသွားသည့် အချိန်တွင်မူ ဝမ်ချောင်မှာ ထိုက်ရှီ၏ အနောက်ဘက်တွင် လက်တစ်ကမ်း အကွာအဝေး သို့ ရောက်ရှိနေပြီ ဖြစ်၏။

ပြင်းထန်လှသော စွမ်းအင်များ နေရာအနှံ့အပြားသို့ လွတ်ထွက်သွားခဲ့သည်။ ရင်းနှီးကျွမ်းဝင်နေသော ခွန်အား တစ်ခုမှာ ထိုက်ရှီ၏ ခေါင်းနောက်ရှိ အများအပြား ကျုံ့ဝင်သွားခဲ့ပြီဖြစ်သော အလင်းစက်ဝန်း မှနေ၍ ပေါက်ကွဲထွက်ပေါ်လာခဲ့ပြီး၊ ဝမ်ချောင်၏ ဤဓားချက်ကို ခိုင်မာစွာ ဖြင့် တားဆီးလိုက်တော့သည်။

"ပိန်သွားတဲ့ ကုလားအုတ်က မြင်း ထက်တော့ ကြီးနေသေးတာပဲ" ဆိုသကဲ့သို့၊ ထိုက်ရှီ၏ အလင်းစက်ဝန်းမှာ အများအပြား ကျုံ့ဝင်သွားခဲ့ပြီ ဖြစ်သည်ဆိုသော်ငြားလည်း အလွန်အမင်း အစွမ်းထက်လှသော ကာကွယ်ရေး စွမ်းရည်ကို ပိုင်ဆိုင်ထားဆဲပင် ဖြစ်ရာ၊ ဝမ်ချောင်အနေဖြင့် လုံးဝဖောက်ထွင်းနိုင်စွမ်း ရှိမနေသေးပါချေ။

ထိုက်ရှီ၏ တုံ့ပြန်မှုမှာ အလွန်အမင်း မြန်ဆန်လွန်းလှသည်။ အလင်းစက်ဝန်းကို အသုံးပြုကာ ဝမ်ချောင်၏ တိုက်ခိုက်မှုကို တားဆီးထားသည့် တစ်ချိန်တည်းမှာပင်၊ ဘယ်လက်ကို တစ်ချက် ဝှေ့ယမ်းလိုက်ရာ ထောင်နှင့် သောင်းနှင့်ချီသော ဖြူဝါရောင် ဟင်းလင်းပြင်နှင့် အချိန် စက်ကွင်းများမှာ အံ့ဩစရာ ကောင်းလောက်အောင် မြန်ဆန်လှသော အရှိန်ဖြင့် မျက်တောင်တစ်ခတ်အတွင်း ပေါက်ကွဲထွက်ပေါ်လာခဲ့ပြီး အနောက်ဘက်ရှိ ဝမ်ချောင်ရှိရာ အရပ်ဆီသို့ လိပ်တက်သွားတော့သည်။ တစ်ချိန်တည်းမှာပင် ထိုက်ရှီမှာ နတ်ဘုရား ဓားကို ကိုင်ဆောင်ကာ လက်ပြန် တစ်ချက်ဖြင့် ဝမ်ချောင်ရှိရာ အရပ်ဆီသို့ အပြင်းအထန် ခုတ်ပိုင်းလိုက်တော့သည်။

ဟင်းလင်းပြင်နှင့် အချိန် ခွန်အားများကို အသုံးပြုကာ ဝမ်ချောင်ကို အနှောင့်အယှက် ပေးပြီး ချုပ်နှောင်ထားကာ၊ ထို့နောက် နတ်ဘုရား ဓားကို အသုံးပြု၍ ဝမ်ချောင်ကို သတ်ဖြတ်ရန် ပြင်ဆင်လိုက်ခြင်း ဖြစ်သည်။ နှစ်ပေါင်း ထောင်နှင့်ချီ အသက်ရှင် နေထိုင်လာခဲ့သော ထိုက်ရှီကဲ့သို့သော မိစ္ဆာ အိုကြီးတစ်ဦးအတွက်မူ ဤကဲ့သို့သော ဆက်တိုက် တိုက်ကွက်များကို အသုံးပြုရာတွင် အချင်းချင်း အလွန်အမင်း ချောမွေ့စွာ ပူးပေါင်း လုပ်ဆောင်နိုင်စွမ်းရှိပြီး၊ အလွန်အမင်း ကျွမ်းကျင်လွန်းလှပေသည်။

သို့သော် ဓား တစ်ချက် ခုတ်ပိုင်းလိုက်ပြီးနောက် သူ၏ အနောက်ဘက်တွင် လုံးဝဟာလာဟင်းလင်း ဖြစ်နေခဲ့ပြီး ဝမ်ချောင်မှာ လုံးဝပျောက်ကွယ်သွားခဲ့ပြီ ဖြစ်၏။

"ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ"

ထိုက်ရှီ၏ မျက်နှာအမူအရာ ချက်ချင်း ပြောင်းလဲသွားတော့သည်။ ဟင်းလင်းပြင်နှင့် အချိန် ခွန်အားကို ထိန်းချုပ် အသုံးပြုနိုင်စွမ်း အပိုင်းတွင် နှစ်ဖက်စလုံးမှာ သိပ်ပြီး ကွာခြားမှု မရှိသည့် အခြေအနေ မျိုးတွင် သူ၏ဤဓားချက်မှာ လုံးဝလွဲချော်သွားစရာအကြောင်း မရှိပါချေ။

ဝမ်ချောင်၏အရှိန်မှာ သူ့ထက်ပင် အနည်းငယ်မျှ ပိုမို၍မြန်ဆန်နေခဲ့ခြင်းပင် ဖြစ်တော့သည်။

သို့သော် ထိုက်ရှီအသေးစိတ် စဉ်းစား တွေးတောရန် အချိန်ပင် မရလိုက်မီမှာပင် အန္တရာယ် ကြီးမားလှသော ခံစားချက်တစ်ခုမှာ အခြားအရပ်မှနေ၍ ထွက်ပေါ်လာပြန်သည်။ ထိုက်ရှီမှာ လျင်မြန်စွာပင် နောက်ထပ် ဓားတစ်ချက ဖြင့် အပြင်းအထန် ခုတ်ပိုင်းလိုက်ပြန်သည်။

ထင်ထားသည့်အတိုင်းပင် ဝမ်ချောင်မှာ နောက်ထပ် လားရာ အရပ်တစ်ခုတွင် နောက်တစ်ကြိမ် ထပ်မံပေါ်ထွက်လာပြန်သည်။ အကယ်၍ သူ၏သိုင်းအဆင့်သာ အလွန်အမင်း အစွမ်းမထက်ခဲ့ဘူး၊ တုံ့ပြန်မှုသာ အလွန်အမင်း မမြန်ဆန်ခဲ့ဘူး ဆိုပါက ဝမ်ချောင်၏ တိုက်ခိုက်ခြင်းကို သေချာပေါက် ခံလိုက်ရမည်မှာ အမှန်ပင် ဖြစ်တော့သည်။

ထိပ်တန်း ဂူကောင်းကင်အဆင့်ရှိ အစွမ်းထက် သိုင်းပညာရှင်ကြီးနှစ်ဦးမှာ လေဟာနယ်အတွင်း၌ အဆက်မပြတ် နေရာ ပြောင်းလဲ လှုပ်ရှားနေကြသည်။ ကြီးမားကျယ်ပြန့်လှသော ခွန်အားကြီးများမှာ လေဟာနယ်အတွင်း၌ အဆက်မပြတ် ရိုက်ခတ်နေကြပြီး၊ ထိုက်ရှီနှင့်ဝမ်ချောင်တို့၏ ပုံရိပ်များ မှာလည်း ဤ"ဒုတိယမြောက် မြို့တော်"ကြီး အတွင်း၌ အဆက်မပြတ် ပြောင်းလဲနေကာ ပေါ်လာလိုက် ပျောက်သွားလိုက်ဖြင့်ဖြစ်နေတော့သည်။

"ခွေးကောင်"

ထိုက်ရှီမှာ ဒေါသတကြီး အော်ဟစ်လိုက်ပြီး ရင်ထဲ၌ အလွန်အမင်း ဒေါသထွက်နေတော့သည်။ ဤသည်မှာ သူ၏ တစ်သက်တာ ကာလ တစ်လျှောက်လုံးတွင် အလွန်အဖိနှိပ်ခံရဆုံး တိုက်ပွဲ ကြီး တစ်ခုပင် ဖြစ်ပေလိမ့်မည်။

နတ်ဘုရားဓားတွင် ကောင်းကင်နှင့် မြေကြီး၊ ဟင်းလင်းပြင်နှင့် အချိန် သာမက သက်ရှိ သက်မဲ့ အရာရာတိုင်းကိုပါ ခုတ်ပိုင်း ဖြတ်တောက်နိုင်စွမ်း ရှိသည့် စွမ်းရည် ပါဝင်သည်။ သို့သော် ဝမ်ချောင်က သူ့ကို အခွင့်အရေး အနည်းငယ်မျှ လုံးဝမပေးခဲ့ပါချေ။ ဟင်းလင်းပြင်နှင့် အချိန်၏အပေါ်တွင် ဝမ်ချောင်၏ ထိန်းချုပ်နိုင်စွမ်းမှာ ထိုက်ရှီထက်ပင် များစွာပိုမို၍ ကျွမ်းကျင်နေသေးသည်။ ထိုက်ရှီမှာ ဓားတစ်ချက်ပြီးတစ်ချက် အဆက်မပြတ် ခုတ်ပိုင်းနေခဲ့ပြီး ဖြူဝါရောင် ဟင်းလင်းပြင်နှင့်အချိန် စက်ကွင်းများကိုလည်း အမြင့်ဆုံး အဆင့်အထိ တုန်ခါအောင် ပြုလုပ်ထားခဲ့သည် ဆိုသော်ငြားလည်း၊ ဝမ်ချောင်၏ပုံရိပ်ကို လုံးဝဖမ်းဆီးနိုင်စွမ်း မရှိခဲ့ပါချေ။ ဓားချက်တိုင်းမှာ လေထုကိုသာ ခုတ်ပိုင်းမိနေတော့သည်။

ဝမ်ချောင်မှာမူ အကြိမ်တိုင်းလိုလို တွေးတောထားနိုင်မည် မဟုတ်သော နေရာများတွင် အဆက်မပြတ် ပေါ်ထွက်လာလေ့ ရှိပြီး၊ ဟာကွက်များကို အမြဲတမ်း အခွင့်ကောင်းယူ တိုက်ခိုက်လေ့ ရှိပေသည်။

တိုက်ပွဲမှာ ယခုအချိန်သို့ ရောက်ရှိလာသည့်အခါတွင် ပထမဆုံးအကြိမ် မှလွဲ၍ သူတို့ နှစ်ဦး အကြားတွင် အစစ်အမှန် မျက်နှာချင်းဆိုင် ရင်ဆိုင် တိုက်ခိုက်မှု လုံးဝမရှိခဲ့ပါချေ။ အများဆုံးဆိုလျှင် ဂန်ချီ စွမ်းအင်များနှင့် အလင်းစက်ကွင်းများ အချင်းချင်း ရိုက်ခတ်မှုများသာ ရှိခဲ့ပေသည်။

အကယ်၍ အခြားအချိန်မျိုးတွင် ဆိုပါက ထားလိုက်ပါတော့၊ သို့သော် လက်ရှိ ထိုက်ရှီမှာ စိတ်စွမ်းအင်၊ သွေးစွမ်းအင်နှင့် ဝိညာဉ်စွမ်းအင်များကို သုံးကာ နတ်ဘုရားဓားကို အသုံးပြုနေရခြင်း ဖြစ်ရာ၊ အချိန်တိုင်း စက္ကန့်တိုင်းတွင် ကုန်ဆုံးနေမှု များမှာ အလွန်အမင်း အံ့ဩတုန်လှုပ်ဖွယ် ကောင်းလွန်းလှပေသည်။ အချိန်အကြာကြီး ဆက်သွားမည် ဆိုပါက ထိုက်ရှီအတွက်မူ အလွန်အမင်း အကျိုးယုတ်စေခြင်းပင် ဖြစ်သည်။

"ကောင်လေး... မင်းမှာ ဒီလောက် စွမ်းရည်လေးပဲ ရှိတာလား?"

ထိုက်ရှီက ပြင်းထန်စွာ ဟောက်လိုက်သည်။ သူ၏မျက်နှာအမူအရာမှာ ရက်စက်ကြမ်းတမ်းနေခဲ့ပြီး မိုးခြိမ်းသံများအလား ပြင်းထန်လှသောအသံကြီးမှာ အရပ်မျက်နှာ အားလုံးသို့ ပဲ့တင်ထပ်သွားတော့သည်။

အခြားတစ်ဖက်တွင်မူ ဝမ်ချောင်မှာ ထိုက်ရှီ၏ အနောက်ဘက် မှနေ၍ နောက်တစ်ကြိမ် ထပ်မံတိုက်ခိုက်လာခဲ့ပြန်သည်။ ထိုက်ရှီ၏ အလင်းစက်ဝန်းက တားဆီးလိုက်ပြီးနောက် ဝမ်ချောင်မှာ လျင်မြန်စွာ ရှောင်တိမ်းလိုက်ပြီး အနောက်သို့ လျင်မြန်စွာ ဆုတ်ခွာသွားတော့သည်။

"ရှောင်ယန် ဘာတွေများ တွေ့ရပြီလဲ?"

ဝမ်ချောင်မှာ တစ်ဖက်တွင် ထိုက်ရှီနှင့် ဟင်းလင်းပြင်နှင့် အချိန် နယ်ပယ်၌ အပြင်းအထန် တိုက်ခိုက်နေရင်းဖြင့်၊ အခြားတစ်ဖက်တွင်လည်း စိတ်စွမ်းအင်များကို အသုံးပြုကာ အိပ်မက်ဆိုး သားရဲနှင့် ဆက်သွယ် စကားပြောဆိုနေတော့သည်။

"ထိုက်ရှီက သာမန် အစွမ်းထက် သိုင်းပညာရှင် မဟုတ်ဘူး၊ ငါတို့ အနေနဲ့ ဒီလို နည်းလမ်း မျိုး နဲ့ သူ့ကို အနိုင်ယူဖို့ ဆိုတာ လုံးဝမဖြစ်နိုင်ဘူး၊ အကယ်၍ ဒီစစ်ဗျူဟာက အလုပ်မလုပ်တော့ဘူး ဆိုတာကို သူ သိသွားတာနဲ့ တစ်ပြိုင်နက်၊ သူက ဝိညာဉ်နဲ့ သွေး စွမ်းအင်တွေကို မီးရှို့နေတာကို ချက်ချင်း ရပ်တန့်လိုက်ပြီး ဒီနေရာကနေ ချက်ချင်း ဆုတ်ခွာသွားလိမ့်မယ်"

ဝမ်ချောင်၏ အပြင်ပန်း အမူအရာမှာ အေးဆေးတည်ငြိမ်နေသည် ဆိုသော်ငြားလည်း အတွင်းစိတ် ထဲတွင်မူ အလွန်အမင်း တင်းမာနေတော့သည်။

ထိုက်ရှီ၏ခွန်အားမှာ အလွန်အမင်း အစွမ်းထက်လွန်းလှသည်။ လက်ရှိ ဝမ်ချောင်၏ စစ်ဗျူဟာ ရည်မှန်းချက်မှာ ထိုက်ရှီကို အချိန်ဆွဲထားရန်သာ ဖြစ်သည်။ အကယ်၍ ထိုသို့သာ မဟုတ်ခဲ့ပါက သူ့ကို စစ်မြေပြင် အတွင်းသို့ ဝင်ရောက်ခွင့် ပြုလိုက်မည်ဆိုလျှင်၊ စစ်တပ်ကြီးကို မည်မျှလောက်အထိ ကြီးမားလှသော သေဆုံးဒဏ်ရာရမှုများ ဖြစ်ပေါ်သွားစေမည် ကို လုံးဝခန့်မှန်း၍ မရနိုင်ပါချေ။

"ဝမ်ချောင်... ထွက်မလာသေးဘူး လား။ မင်းက ငါနဲ့ မျက်နှာချင်းဆိုင် မတိုက်ခိုက်ချင်ဘူး ဆိုမှတော့ ဒီနတ်ဘုရားကလည်း ငါတို့ နှစ်ယောက် အကြားက တိုက်ပွဲကို ယာယီ ရပ်နားထားပြီး မင်း ခေါ်လာတဲ့ အဲဒီစစ်တပ်တွေကို သွားပြီး တိုက်ခိုက်ရတော့မှာပေါ့၊ ပုရွက်ဆိတ်တွေလို အဲဒီစစ်သည်တွေ အများကြီး သေဆုံးသွားတဲ့ အချိန်ကျမှ မင်း ငါနဲ့ တိုက်ခိုက်ချင်စိတ် ပေါ်လာလိမ့်မယ် ထင်တယ်"

အဝေးဆီတွင် ဝမ်ချောင်၏ရင်ထဲ၌ ဘာတွေ စဉ်းစားနေသည်ကို သိရှိနေသည့်အလား၊ ထို့ပြင် ဝမ်ချောင်အကြောက်ဆုံး အရာကို သိရှိနေသည့်အလား ထိုက်ရှီက အေးစက် ရက်စက်သော အသံဖြင့် ရုတ်တရက် ဆိုလိုက်တော့သည်။

ဤကဲ့သို့ သူ့ကို ဝိညာဉ်နှင့် သွေးစွမ်းအင်များကို အဆက်မပြတ် သုံးစေပြီး၊ ဝမ်ချောင်နှင့် ကောင်းကင်ယံ အမြင့်ပိုင်းတွင် "တူပုန်းတမ်း" ဆော့ကစားရန် ဆိုသည်မှာ လုံးဝမဖြစ်နိုင်ပါချေ။ ဝမ်ချောင်က သူ့ကို မျက်နှာချင်းဆိုင် မတိုက်ခိုက်လိုဘူး ဆိုမှတော့ သူက ဝမ်ချောင်ကို မျက်နှာချင်းဆိုင် တိုက်ခိုက်လာအောင် အတင်းအကျပ် တွန်းအားပေးမည်သာ ဖြစ်သည်။

"ခဏလေးပဲ လိုတော့တယ်၊ ငါ အချိန် နည်းနည်း လိုသေးတယ် သခင်... သူနဲ့ စိတ်စွမ်းအင်တွေ အသုံးပြုပြီး နောက်တစ်ခါ လောက် ဝင်တိုက်ကြည့်လိုက်ပါဦး"

အိပ်မက်ဆိုး သားရဲမှာလည်း ဝမ်ချောင်၏အခြေအနေကို ခံစားသိရှိနေရရာ အသံထဲတွင် အနည်းငယ် စိုးရိမ် ပူပန်နေသော အရိပ်အယောင်အချို့ ထွက်ပေါ်နေတော့သည်။

"ကောင်းပြီ ထိုက်ရှီ... ငါတို့ နောက်တစ်ပွဲလောက် ထပ်တိုက်ကြတာပေါ့"

ဝမ်ချောင်၏မျက်ဝန်းထဲ၌ အလင်းတန်းတစ်ချက် လက်သွားခဲ့ပြီး ထိုက်ရှီ၏ ရှေ့တည့်တည့်တွင် လျင်မြန်စွာ နောက်တစ်ကြိမ် ထပ်မံ ပေါ်ထွက်လာတော့သည်။

"နောက်ဆုံးတော့ မင်း ထွက်လာဖို့ ဆုံးဖြတ်လိုက်ပြီပေါ့"

ထိုက်ရှီမှာ ဤမြင်ကွင်းကို မြင်တွေ့လိုက်ရသည့်အခါ သူ၏ဗျူဟာ အောင်မြင်သွားပြီ ဖြစ်ကြောင်းကို သိရှိသွားခဲ့ပြီး၊ နှုတ်ခမ်းထောင့်များတွင် အလွန်အမင်း ရက်စက်ကြမ်းတမ်းသော အပြုံးတစ်ခုပေါ်ထွက်လာတော့သည်။

အနည်းငယ်မျှ တွေဝေခြင်း မရှိဘဲ ထိုက်ရှီမှာ နတ်ဘုရား ဓားကို ကိုင်ဆောင်ကာ၊ အလွန်အမင်း ကြီးမားကျယ်ပြန့်လှသော အရှိန်အဝါဖြင့် ကောင်းကင်နှင့် မြေကြီးကို ခွဲထုတ်ပစ်နိုင်စွမ်း ရှိသည့် အရှိန်အဝါဖြင့်ဟင်းလင်းပြင် ကြီးများ ကို အဆက်မပြတ် ဖောက်ထွင်းလျက် ဝမ်ချောင်၏အပေါ်သို့ အပြင်းအထန် ခုတ်ပိုင်းလာတော့သည်။ ဓားချက် မရောက်ရှိလာသေးမီ အချိန်လေး အတွင်းမှာပင် ထိုက်ရှီ၏ ကြီးမားကျယ်ပြန့်လှသော စိတ်စွမ်းအင်များမှာ ကောင်းကင်နှင့် မြေကြီးကို လွှမ်းခြုံသွားခဲ့ပြီး ဒီရေလှိုင်းလုံးကြီးများအလား တလိမ့်လိမ့် ထွက်ပေါ်လာကာ ဝမ်ချောင်ရှိရာ အရပ်ဆီသို့ လျင်မြန်စွာ လိမ့်ဝင်လာတော့သည်။

ဝမ်ချောင်၏ ခန္ဓာကိုယ် လှုပ်ရှားမှု သိုင်းပညာမှာ အလွန်အမင်း လျင်မြန်ဖျတ်လတ်လွန်းလှသည်။ ထိုက်ရှီအနေဖြင့် စိတ်စွမ်းအင်များကို အသုံးပြုကာ ဝမ်ချောင်ကို အနှောင့်အယှက် ပေးပြီး၊ ယခင်ကကဲ့သို့ ဤဓားချက် ကို လွယ်လွယ်ကူကူ မရှောင်တိမ်းနိုင်စေရန် ပြုလုပ်လိုက်ခြင်းပင် ဖြစ်သည်။

သို့သော် ထိုက်ရှီမှာ ဝမ်ချောင်ကို အထင်သေးလွန်း နေဆဲပင် ဖြစ်သည်။ ဤတိုက်ခိုက်မှုကို သူ လုံးဝရှောင်တိမ်းရန် ပြင်ဆင်ထားခဲ့ခြင်း မရှိပါချေ။

"ကြယ်တာရာများ၏ စကြဝဠာ"

ပြင်းထန်လှသော ဟောက်သံကြီး တစ်ခုကိုသာ ကြားလိုက်ရပြီး၊ ဝမ်ချောင်၏ စိတ်စွမ်းအင်များမှာ အိပ်မက်ဆိုးသားရဲ၏ စွမ်းအင်များနှင့် တစ်သားတည်း ပေါင်းစပ်သွားခဲ့ပြီး၊ မျက်တောင်တစ်ခတ်မျှ အချိန်လေး အတွင်းမှာပင် ဝမ်ချောင်၏ အစွမ်းအထက်ဆုံးသော စိတ်စွမ်းအင်များကို အပြည့်အဝ အသုံးပြုလိုက်တော့သည်။

စိတ်စွမ်းအင်၏ နယ်ပယ်အတွင်း၌ ဝမ်ချောင်၏ စိတ်စွမ်းအင်များမှာ လျင်မြန်စွာ စုစည်းပြောင်းလဲသွားခဲ့ပြီး၊ မျက်တောင်တစ်ခတ် အတွင်းမှာပင် သန်းနှင့်ချီသော နေမင်းများအဖြစ်သို့ ပြောင်းလဲသွားတော့သည်။ နေမင်း တစ်စင်းစီတိုင်းမှာ တောက်ပ လင်းလက်နေပြီး အလွန်အမင်း သိပ်သည်း ကျစ်လျစ်နေကာ အဆုံးအစမရှိသော စွမ်းအင်များဖြင့် ပြည့်နှက်နေတော့သည်။ ထိုအလွန်အမင်း ခမ်းနား ကြီးကျယ်လှသော မြင်ကွင်းကြီးမှာ မည်သူ့ကိုမဆို အလွန်အမင်း အံ့ဩတုန်လှုပ်သွားစေရန် လုံလောက်ပေသည်။

"ဝုန်း"

နောက်တစ်ခဏတွင် ဝမ်ချောင်၏ စိတ်စွမ်းအင်များမှာ ကြီးမားကျယ်ပြန့်လှသော ကြယ်တာရာများ၏ စကြဝဠာကြီးကို သယ်ဆောင်လျက်၊ တောင်တန်းများအလား ကြီးမားကျယ်ပြန့်လှသော အရှိန်အဝါဖြင့် အနည်းငယ်မျှ ချန်လှပ်ထားခြင်း မရှိဘဲ ထိုက်ရှီ၏စိတ်စွမ်းအင်များနှင့် အပြင်းအထန် ရိုက်ခတ်သွားကြတော့သည်။

စိတ်စွမ်းအင်ဆိုသည်မှာ သိုင်းပညာရှင်များအတွက် အလွန်အမင်း အရေးကြီးလှပေသည်။ အသက်အန္တရာယ် နှင့် တိုက်ရိုက် ဆက်စပ်နေပေသည်။ ဤသည်မှာ ဝမ်ချောင်အနေဖြင့် အိပ်မက်ဆိုး သားရဲ၏ ခွန်အားကို ပေါင်းစပ်ပြီး အနည်းငယ်မျှ ချန်လှပ်ထားခြင်း မရှိဘဲ ထိုက်ရှီနှင့် ပထမဆုံး အကြိမ် အပြင်းအထန် ရင်ဆိုင် တိုက်ခိုက်ခြင်းပင် ဖြစ်တော့သည်။

"ဒါ ဘာကြီးလဲ"

ထိုက်ရှီမှာ အလွန်အမင်း ရှည်လျားလှသော အချိန်ကာလ တစ်လျှောက်လုံးတွင် အသက်ရှင် နေထိုင်လာခဲ့သူ ဖြစ်သည် ဆိုသော်ငြားလည်း၊ ဝမ်ချောင်၏ စိတ်စွမ်းအင်များ မှနေ၍ ပြောင်းလဲ ဖန်တီးထားသော ထိုကြယ်တာရာများ၏ စကြဝဠာကြီးကို မြင်တွေ့လိုက်ရသည့်အခါ အလွန်အမင်း အံ့ဩ တုန်လှုပ်သွားတော့သည်။

ထိုသန်းနှင့်ချီသော အလွန်အမင်း ပူပြင်းလှသည့် နေမင်းကြီးများမှာ ဒီရေလှိုင်းလုံးကြီးများအလား မိမိ၏ အသိစိတ်ပင်လယ်အပေါ်သို့ ပြင်းထန်စွာ ရိုက်ခတ်လာသည့် အခါတွင်၊ ထိုက်ရှီကဲ့သို့သော ဂူကောင်းကင်အဆင့်ရှိ အစွမ်းထက် သိုင်းပညာရှင်ပင်လျှင် မထိန်းနိုင်တော့ဘဲ အသံကျယ်ကြီးဖြင့် အော်ဟစ်လိုက်ရပြီး၊ ယခင်က တစ်ခါမျှ မရှိခဲ့ဖူးသော အလွန်အမင်း ပြင်းထန်လှသည့် ထိခိုက်ဒဏ်ရာကြီးကို ရရှိသွားသည့်အလား ခံစားလိုက်ရတော့သည်။

ထိုက်ရှီမှာ ရာစုနှစ်ပေါင်းများစွာ အသက်ရှင် နေထိုင်လာခဲ့ပြီး ကိစ္စရပ်ပေါင်း မြောက်မြားစွာကို မျက်မြင်ကိုယ်တွေ့ မြင်တွေ့ခဲ့ဖူးပြီး ဖြစ်သည်။ သို့သော် ဝမ်ချောင်ဖန်တီးလိုက်သော ကြယ်တာရာများ၏ စကြဝဠာကြီးမှာ သူ တစ်ခါမျှ မမြင်တွေ့ဖူးခဲ့သော အရာတစ်ခုပင် ဖြစ်သည်။ ဤကဲ့သို့သော ခွန်အား မျိုးကို ထိုက်ရှီပင်လျှင် ခဏတာ အချိန်တိုလေး အတွင်း လုံးဝတားဆီးနိုင်စွမ်း မရှိခဲ့ပါချေ။

"ခွေးကောင် ငါ မင်းကို သတ်ပစ်မယ်"

ထိုက်ရှီ၏ ဦးနှောက်ထဲ၌ အလွန်အမင်း နာကျင်နေခဲ့ပြီး တစ်ကိုယ်လုံး ပေါက်ကွဲ ထွက်သွားတော့မည့်အလား ဖြစ်နေတော့သည်။ သို့သော် ယခင်က တစ်ခါမျှ မရှိခဲ့ဖူးသော ထိခိုက် ဒဏ်ရာများကို ရရှိထားခဲ့သည် ဆိုသော်ငြားလည်း ထိုက်ရှီမှာ မိမိကိုယ်ကို ထိန်းချုပ်နိုင်စွမ်း လုံးဝမဆုံးရှုံးခဲ့ပါချေ။ သူတို့နှစ်ဦး စိတ်စွမ်းအင်များ အချင်းချင်း တိုက်ခိုက်နေကြသည့် အချိန်လေး အတွင်းမှာပင်၊ ထိုက်ရှီ၏ လက်ထဲရှိ နတ်ဘုရား ဓားမှာလည်း မိုးကြိုးလျှပ်စီးများအလား ပြင်းထန်လှသော အရှိန်အဝါဖြင့် ဝမ်ချောင်ရှိရာ အရပ်ဆီသို့ တိုက်ရိုက် ခုတ်ပိုင်းလာတော့သည်။

"ဝုန်း"

အလွန်အမင်း နာကျင်မှု၏ လှုံ့ဆော်မှု အောက်တွင် ထိုက်ရှီ၏ နတ်ဘုရားဓားမှာ ယခင် အချိန်များ အားလုံးထက် ပိုမို၍အစွမ်းထက်သော ခွန်အားများကို ပေါက်ကွဲထွက်ပေါ်စေခဲ့သည်။ ဝမ်ချောင်၏ရှေ့တည့်တည့်တွင် စုစည်းထားသော အလွှာပေါင်းများစွာ ထပ်နေသည့် ဟင်းလင်းပြင်နှင့်အချိန် အကာအကွယ် အကာများမှာ၊ ထိုက်ရှီ၏ အလွန်အမင်း နာကျင်စွာဖြင့် ခုတ်ပိုင်းလိုက်သော ဓားချက်၏ အောက်တွင် လုံးဝခုတ်ပိုင်း ဖြတ်တောက်ခြင်း ခံလိုက်ရပြီး၊ ထိုကြောက်မက်ဖွယ်ကောင်းသော ဓားချက်မှာ ဝမ်ချောင်၏ ညာလက်ရှိ ဝသံသရာ သံချပ်ကာ၏ လက်အိတ်အပေါ်သို့ တိုက်ရိုက် ခုတ်ပိုင်းသွားတော့သည်။

ဝမ်ချောင်၏ သံသရာ သံချပ်ကာ၏ ခိုင်ခံ့မှု အတိုင်းအတာမှာ ကောင်းကင်ဘုံ၏ ကံကြမ္မာ သံချပ်ကာထက်ပင် များစွာသာလွန်နေပြီ ဖြစ်ပြီး၊ သံမဏိများထက်ပင် အဆ ရာနှင့်ချီ ပိုမို မာကျောနေပြီ ဖြစ်သည်။ သို့သော် နတ်ဘုရားဓားကို ရင်ဆိုင်ရသည့်အခါတွင် သံသရာ သံချပ်ကာအနေဖြင့် ထိုက်ရှီ၏ ဤတိုက်ခိုက်မှုကို လွယ်လွယ်ကူကူ တားဆီးနိုင်စွမ်း မရှိကြောင်းကို ဝမ်ချောင်ရှင်းလင်းစွာ သိရှိနားလည်လိုက်တော့သည်။

ရှည်လျားလှသော ဓားကြီး ဖြတ်သန်းသွားသည့်အခါတွင် ဝမ်ချောင်၏ ညာလက် ရှိ လက်အိတ်ပေါ်၌ ရှင်းလင်း ပြတ်သားသော အဖြူရောင် ခြစ်ရာတစ်ခု ချက်ချင်း ပေါ်ထွက်လာတော့သည်။ ထိုက်ရှီ၏ နတ်ဘုရားဓားမှာ သံသရာ သံချပ်ကာ၏ အပေါ်တွင် ခြစ်ရာ တစ်ခုကို တိုက်ရိုက် ဖန်တီးနိုင်ခဲ့ခြင်းပင် ဖြစ်တော့သည်။

သို့သော် နောက်တစ်ခဏတွင် ဝမ်ချောင်၏ ခြေအောက်တွင် အမည်းရောင်နှင့် ရွှေရောင် အလင်းစက်ကွင်းတစ်ခု ရုတ်တရက် ပေါ်ထွက်လာခဲ့ကာ သူ၏ ခန္ဓာကိုယ် တစ်ချက် လှုပ်ရှားသွားမှုတွင် လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့ပြီး မျက်တောင်တစ်ခတ်မျှ အချိန်လေး အတွင်းမှာပင် ထိုက်ရှီ၏ ဤတိုက်ခိုက်မှု ကို အောင်မြင်စွာ ရှောင်တိမ်းလိုက်နိုင်ခဲ့သည်။

လေအေးများ ပြင်းထန်စွာ တိုက်ခတ်နေခဲ့ပြီး တလိမ့်လိမ့် ထွက်ပေါ်နေသော နှင်းမုန်တိုင်းကြီးများမှာ သူတို့ နှစ်ဦး၏ အကြားမှနေ၍ အပြင်းအထန် တိုက်ခိုက် ဖြတ်သန်းသွားခဲ့ရာ၊ ဝမ်ချောင်နှင့် ထိုက်ရှီတို့ နှစ်ဦး အကြားရှိ အကွာအဝေးမှာ နောက်တစ်ကြိမ် ထပ်မံ ကျယ်ဝန်းသွားပြန်သည်။

"သခင်... ငါ တွေ့ပြီ"

ဝမ်ချောင်မှာ အာရုံစူးစိုက်ပြီး မျက်နှာချင်းဆိုင်ကို သေချာစွာ စောင့်ကြည့်နေသည့် အချိန်လေး အတွင်းမှာပင်၊ ရုတ်တရက် အိပ်မက်ဆိုး သားရဲ၏ အလွန်အမင်း အံ့ဩ ဝမ်းသာနေသော အသံမှာ ဝမ်ချောင်၏ ဦးနှောက်ထဲ၌ ရုတ်တရက် ထွက်ပေါ်လာတော့သည်။

"သူ့ရဲ့ ဟာကွက်ကို ငါ တွေ့ပြီ"

အိပ်မက်ဆိုး သားရဲ၏ အသံပင် မဆုံးသေးမီ ၎င်း၏ အမြင်အာရုံများကို ဝမ်ချောင်ထံသို့ လျင်မြန်စွာ ပြောင်းလဲ ပေးပို့လိုက်တော့သည်။

နောက်တစ်ခဏတွင် ဝမ်ချောင်၏ မျက်လုံးထဲရှိ လောကကြီးမှာ ရုတ်တရက် ပြောင်းလဲသွားခဲ့ပြီး လုံးဝကွဲပြားခြားနားသော မြင်ကွင်းတစ်ခု ရုတ်တရက် ပေါ်ထွက်လာတော့သည်။

မီးခိုးရောင် သန်းနေသော ဤလောကကြီး၏ အတွင်း၌ ထိုက်ရှီ၏ ဘယ်ဘက် ဝမ်းဗိုက် အောက်ပိုင်းတွင် အလွန် သေးငယ်လှသော အဖြူရောင် အစက်လေးတစ်ခု ရှိနေသည်ကို ဝမ်ချောင်ရှင်းလင်းစွာ မြင်တွေ့လိုက်ရတော့သည်။

ထိုအဖြူရောင် အစက်လေးမှာ မုန်ညင်းစေ့ အရွယ်အစား ခန့်သာရှိပြီး အပြင်ပန်းတွင် လုံးဝထင်ရှားခြင်း မရှိပါချေ။

"ဒါက သူ့ရဲ့ဝိညာဉ်ထဲမှာ ရှိနေတဲ့ ဟာကွက်ပဲ၊ သူ ဒီကိုယ်ခန္ဓာကို ရရှိခဲ့တဲ့ အချိန်က အရမ်းကို တိုတောင်းလွန်းသေးတယ်၊ လုံးဝအပြည့်အဝ ပေါင်းစပ်သွားခြင်း မရှိသေးဘဲနဲ့၊ ဒီ စစ်မြေပြင်ကို ရောက်လာပြီး သခင်နဲ့ လာပြီး တိုက်ခိုက်နေတာ"

အိပ်မက်ဆိုး သားရဲမှာ အလွန်အမင်း စိတ်လှုပ်ရှား တက်ကြွနေခဲ့ရာ အသံပင်လျှင် တုန်ယင်နေတော့သည်။ သန့်စင်သော စိတ်စွမ်းအင် သက်ရှိတစ်ကောင်အနေဖြင့် အိပ်မက်ဆိုး သားရဲ၏ မြင်တွေ့နိုင်စွမ်းနှင့် ခံစားသိရှိနိုင်စွမ်းများမှာ၊ သန့်စင်သော စိတ်စွမ်းအင် သိုင်းပညာရှင်များနှင့်ပင်လျှင် ကောင်းကင်နှင့် မြေကြီးလောက် ကွာခြားလှပေသည်။ အချို့သော မွေးရာပါ စွမ်းရည်များကို ဝမ်ချောင်ပင်လျှင် လုံးဝလုပ်ဆောင်နိုင်စွမ်း မရှိပါချေ။

"သူ အရမ်း ဉာဏ်ကောင်းတယ်၊ သူ့မှာ ဟာကွက် ရှိနေတယ် ဆိုတာကို သူ သိတယ်၊ အဲဒါကြောင့် ဒီ ဟာကွက်ကို ခေါင်းပိုင်းမှာ မထားဘဲ ဘယ်ဘက် ဝမ်းဗိုက် အောက်ပိုင်းမှာ သီးသန့် ပုန်းကွယ်ထားတာ၊ သူ သေချာပေါက် အရမ်း ထူးခြားတဲ့ နည်းလမ်း တစ်ခုကို အသုံးပြုထားတာ ဖြစ်ရမယ်၊ ဒါပေမဲ့ ယခုလေးတင် သခင် နဲ့ တိုက်ခိုက်လိုက်တဲ့ အချိန်မှာ ဟာကွက် ပေါ်သွားပြီး ငါ့ရဲ့ တွေ့ရှိမှုကို ခံလိုက်ရတာပဲ"

"ရှောင်ယန်... ငါ မင်းကို အထင်ကြီးမိတာ တကယ် မမှားဘူးပဲ၊ မင်း သေချာပေါက် လုပ်နိုင်မယ် လို့ ငါ ယုံကြည်တယ်"

ဝမ်ချောင်၏ ရင်ထဲ၌လည်း အလွန်အမင်း ဝမ်းသာ ပျော်ရွှင်သွားတော့သည်။ မည်သို့ပင် ဖြစ်စေကာမူ အနည်းဆုံးတော့ အခွင့်အရေး တစ်ခု ရရှိသွားခဲ့ပြီ ဖြစ်၏။

******

All Chapters