← Chapters

အခန်း ၂၂၄၄

Vol. 139 Ch. 2244

အခန်း ၂၂၄၄

Vol. 139 Ch. 2244

အခန်း (၂၂၄၄) ထိုက်ရှီ၊ မင်းရဲ့ အသက်ကို ပေးခဲ့စမ်း

သို့သော် ဝမ်ချောင်၏ ရင်ထဲ၌ အနည်းငယ် သံသယ ဝင်နေဆဲပင် ဖြစ်သည်။ ထိုက်ရှီ၏ ခွန်အားမှာ အလွန်အမင်း အစွမ်းထက်လွန်းလှသည်။ ယခုလေးတင် တိုက်ခိုက်ခဲ့သော အခြေအနေများအရ ကြည့်မည်ဆိုပါက သူနှင့် အိပ်မက်ဆိုး သားရဲ၏ ခွန်အားများကို ပူးပေါင်းကာ 'ကြယ်တာရာများ၏ စကြဝဠာ'ကိုပင် အသုံးပြုခဲ့သည် ဆိုလျှင်တောင်မှ၊ သူ့ကို အောင်မြင်စွာ မနှိမ်နင်းနိုင်ခဲ့ပါချေ။ ထို့ပြင် အိပ်မက်ဆိုး သားရဲ၏ တွေ့ရှိချက် အရ ထိုက်ရှီတွင် ဟာကွက် ရှိနေသည် ဆိုသော်ငြားလည်း ထိုဟာကွက်မှာ အလွန်အမင်း သေးငယ်လွန်းလှပေသည်။

ဤမျှလောက် သေးငယ်သော ဟာကွက်လေးဖြင့် ဘာတွေများ လုပ်နိုင်မည်နည်းကို ဝမ်ချောင်ကိုယ်တိုင် ပင်လျှင် လုံးဝမသိရှိပါချေ။

"သခင်... ဝိညာဉ် တွေမှာ အရွယ်အစား ကြီးတာ သေးတာဆိုတာ လုံးဝမရှိပါဘူး၊ ဟာကွက် ဆိုတာ ဟာကွက်ပါပဲ၊ ဟာကွက် တစ်ခု ဖြစ်ပေါ်လာပြီ ဆိုတာနဲ့ သူ့ကို ပြန်ပြီး တိုက်ခိုက်ဖို့ သေချာပေါက် အသုံးချလို့ ရပါတယ်၊ ဒီ ဟာကွက် က သခင့်အတွက် အရမ်း သေးငယ် နေရင်တောင်မှ ငါတို့ အိပ်မက်ဆိုး သားရဲ မျိုးနွယ်စုအတွက်ကတော့ ဒါက အဆုံးအစမရှိ ကြီးမားကျယ်ပြန့်လှတဲ့ ဟာကွက်ကြီးတစ်ခုနဲ့ အတူတူ ပါပဲ၊ လုံးဝလုံလောက်ပါတယ်"

ဝမ်ချောင်၏ရင်ထဲ၌ ဘာတွေ စဉ်းစားနေသည် ကို သိရှိနေသည့်အလား အိပ်မက်ဆိုး သားရဲက အလွန်အမင်း စိတ်လှုပ်ရှားစွာဖြင့် ဆိုလိုက်တော့သည်။

"ငါ ဘာလုပ်ပေးရမလဲ"

ဝမ်ချောင်မှာ လျင်မြန်စွာ ပြန်လည်တည်ငြိမ်သွားခဲ့ပြီး လေးနက်သောအသံဖြင့် ဆိုလိုက်တော့သည်။

ဒီလို အချိန်မျိုး ရောက်နေပြီ ဆိုမှတော့ အိပ်မက်ဆိုး သားရဲကိုသာ အပြည့်အဝ ယုံကြည် အားကိုးရတော့မည် ပင် ဖြစ်၏။

"သခင်... သူနဲ့ နောက်တစ်ကြိမ်လောက် ထပ်ပြီး တိုက်ခိုက်ပေးပါ၊ သခင်က သူ့ကို တစ်ကြိမ်လောက် ထိတွေ့လိုက်တာနဲ့ တစ်ပြိုင်နက် ငါက အဲဒီ အခွင့်အရေး ကို အသုံးချပြီး သူ့ ခန္ဓာကိုယ်ထဲကို ဝင်သွားလို့ ရပြီ။ အဲဒီနောက်ပိုင်း ကိစ္စတွေကိုတော့ ငါ့ကို လွှဲထားလိုက်ပါ၊ သူ့ကို အောင်မြင်စွာ မနှိမ်နင်းနိုင်ဘူး ဆိုရင်တောင်မှ သူ့ကို သေချာပေါက် အနှောင့်အယှက် ပေးနိုင်ပြီး သခင့်အတွက် အခွင့်အရေးတွေ ဖန်တီးပေးနိုင်မှာ သေချာပါတယ်"

အိပ်မက်ဆိုး သားရဲက အလွန်အမင်း ယုံကြည်ချက် အပြည့်ဖြင့် ဆိုလိုက်တော့သည်။

သန့်စင်သော စိတ်စွမ်းအင် သက်ရှိတစ်ကောင်အနေဖြင့် ဤကိစ္စ လောက်ကိုတော့ လုံးဝသေချာပေါက် လုပ်ဆောင်နိုင်စွမ်း ရှိပေသည်။

ဤစကားများမှာ ပြောရလျှင် အလွန် ရှည်လျားလှသည် ဆိုသော်ငြားလည်း၊ လူ တစ်ဦး နှင့် သားရဲ တစ်ကောင်တို့မှာ အသွားအပြန် အပြန်အလှန် စကားပြောဆိုရာတွင် စိတ်စွမ်းအင် များကို အသုံးပြု၍ တိုက်ရိုက် ဆက်သွယ်ခဲ့ကြခြင်းဖြစ်ရာ၊ လက်တွေ့တွင် မျက်တောင်တစ်ခတ်မျှ အချိန်လေး အတွင်းမှာပင် ဖြစ်ပေါ်သွားခဲ့ခြင်း ပင် ဖြစ်တော့သည်။

ထိုအချိန်လေး အတွင်းမှာပင် သူတို့ နှစ်ဦး၏ နားထဲသို့ ထိုက်ရှီ၏ အလွန်အမင်း ဒေါသထွက်နေသော အသံကြီး ရုတ်တရက် ရောက်ရှိလာတော့သည်။

"နောက်ဆုံးတော့ မင်းက ဒီနတ်ဘုရားနဲ့ မျက်နှာချင်းဆိုင် တစ်ယောက်ချင်း မတိုက်ခိုက်ရဲ သေးဘူးပေါ့၊ ဒီလို ဆိုမှတော့ ဒီနတ်ဘုရားကလည်း မင်းကို အချိန်ကုန်ခံပြီး ဂရုစိုက်မနေတော့ဘူး၊ မြေပြင်ပေါ်မှာ ရှိနေတဲ့ မင်း ခေါ်လာတဲ့ အဲဒီပုရွက်ဆိတ်လို စစ်တပ်တွေကို ဒီနတ်ဘုရားက အကုန်အစင် သတ်ဖြတ်ပြီးတဲ့ အချိန်ကျမှ ငါတို့ နောက်တစ်ခါ ပြန်ပြီး တိုက်ခိုက်ကြတာပေါ့"

ထိုက်ရှီ၏ အသံမှာ အလွန်အမင်း ဒေါသထွက်နေတော့သည်။ ဤဓားချက်ဖြင့် ဝမ်ချောင်ကို ပြင်းထန်သော ဒဏ်ရာများ ရရှိသွားစေရန် မူလက သူ မျှော်လင့်ထားခဲ့သည်။ သို့သော် နောက်ဆုံးတွင် ဝမ်ချောင်က အောင်မြင်စွာ ရှောင်တိမ်းသွားနိုင်ခဲ့သည်။ အရေးအကြီးဆုံး အချက်မှာ ယခုလေးတင် အချိန်မှ စတင်၍ ယခုအချိန်အထိ ထိုက်ရှီ၏ စိတ်စွမ်းအင်၊ သွေးစွမ်းအင်နှင့် ဝိညာဉ် စွမ်းအင်များမှာ အလွန်အမင်း ကြီးမားလှသော အတိုင်းအတာအထိ ကုန်ဆုံးသွားခဲ့ပြီဖြစ်ရာ၊ နတ်ဘုရားဓား၏ ပုံစံဖြင့် ဝမ်ချောင်နှင့် အချိန်အကြာကြီး ဆက်လက် တိုက်ခိုက်နေရန် ဆိုသည်မှာ လုံးဝမဖြစ်နိုင်တော့ပါချေ။

ထိုက်ရှီမှာ ခေါင်းလှည့် မကြည့်တော့ဘဲ ချက်ချင်းပင် လေဟာနယ်အတွင်းသို့ ဝင်ရောက်ကာ၊ မြေပြင်ပေါ်သို့ ဆင်းသက်ပြီး အကြီးအကျယ် သတ်ဖြတ်မှုများ ပြုလုပ်ရန် ပြင်ဆင်လိုက်တော့သည်။

"ဟားဟား၊ ထိုက်ရှီ... မင်း ရှုံးသွားပြီလေ၊ မင်းရဲ့စိတ်စွမ်းအင်တွေ နဲ့ ခွန်အားတွေအားလုံးက အများကြီး ကျဆင်းသွားပြီ ဆိုတာကို ငါ မသိဘူးလို့ မင်း ထင်နေတာလား?"

"မင်းကို ဒီလောက် လွယ်လွယ်ကူကူနဲ့ ထွက်ပြေးခွင့် ပေးလိုက်မယ်လို့ မင်း တကယ်ပဲ ထင်နေတာလား?"

ဝမ်ချောင်က ရုတ်တရက် အေးစက်စက်ဖြင့် လှောင်ပြောင် ရယ်မောလိုက်တော့သည်။

"ဘာ"

ဝမ်ချောင်၏စကားကို ကြားလိုက်ရသည့်အခါ ထိုက်ရှီ၏ မျက်လုံးသူငယ်အိမ်များ ကျုံ့သွားခဲ့ပြီး ရင်ထဲ၌ အလွန်အမင်း ဒေါသထွက်သွားတော့သည်။

ဝမ်ချောင်က သူ ထွက်ပြေးတော့မယ် လို့ ပြောရဲတယ် ပေါ့။

ထိုက်ရှီမှာ အမြဲတမ်း မာနထောင်လွှားလေ့ရှိသူဖြစ်ရာ ဤကဲ့သို့သော စော်ကားမှုမျိုးကို ဘယ်လိုလုပ်ပြီး သည်းခံနိုင်မည်နည်း။

သို့သော် အခြားတစ်ဖက်တွင်မူ ဝမ်ချောင်က စကားများများ ပြောမနေတော့ဘဲ ထိုက်ရှီ၏ အပေါ်သို့ တိုက်ခိုက်မှုများကို ချက်ချင်း စတင်လိုက်တော့သည်။

"သက်ရှိများနှင့် နတ်မိစ္ဆာများ ဖျက်ဆီးခြင်း ပညာရပ်"

ဟင်းလင်းပြင်ကြီး တုန်ခါသွားခဲ့ပြီး ကြီးမားကျယ်ပြန့်လှသော ဓားချီကြီးတစ်ခုမှာ ဝမ်ချောင်၏ကိုယ်တွင်းမှနေ၍ ပေါက်ကွဲထွက်ပေါ်လာကာ ကောင်းကင်ယံသို့တိုင်အောင် တိုက်ရိုက်ထိုးတက်သွားတော့သည်။ ဝမ်ချောင်မှာ ဓားနှင့်အတူတူ ပေါင်းစပ်လျက် ထောင်နှင့်ချီ ရှည်လျားပြီး ဧရာမ ဓားချီစွမ်းအင်ကြီးတစ်ခုအဖြစ်သို့ ရုတ်တရက် ပြောင်းလဲသွားတော့သည်။ တစ်ချိန်တည်းမှာပင် အလွန်ပြင်းထန်လှသော ဟင်းလင်းပြင်နှင့် အချိန် လှိုင်းဂယက်များကို သယ်ဆောင်လျက်၊ အံ့ဩတုန်လှုပ်ဖွယ် ကောင်းလှသော အရှိန်အဝါဖြင့် ထိုက်ရှီရှိရာ အရပ်ဆီသို့ လျင်မြန်စွာ တဟုန်ထိုး ပြေးဝင်ခုတ်ပိုင်းသွားတော့သည်။

"သေချင်နေတာပဲ"

ထင်ထားသည့် အတိုင်းပင် ထိုက်ရှီမှာ ဤမြင်ကွင်းကို မြင်တွေ့လိုက်ရသည့်အခါ အလွန်အမင်း ဒေါသထွက်သွားခဲ့ပြီး၊ ကိုယ်တွင်းမှနေ၍ ပြင်းထန်လှသော စွမ်းအင်များကို ပေါက်ကွဲထွက်ပေါ်စေကာ ဝမ်ချောင်ရှိရာ အရပ်ဆီသို့ ဟင်းလင်းပြင်များကို ဖောက်ထွင်းလျက် အပြင်းအထန် ခုတ်ပိုင်းလိုက်တော့သည်။

"ဝုန်း"

သူတို့နှစ်ဦး အချင်းချင်း ရိုက်ခတ်သွားကြသည့် တစ်ချိန်တည်းမှာပင် ဝမ်ချောင်၏ ဓားချီမှာ မျက်တောင်တစ်ခတ်အတွင်း လုံးဝပြိုကွဲ ပျက်စီးသွားခဲ့ပြီး၊ ဝမ်ချောင်မှာလည်း ထိုက်ရှီ၏ တိုက်ခိုက်မှုကြောင့် အဝေးသို့ လွင့်စင်သွားတော့သည်။

"မာနထောင်လွှားလွန်းတယ်၊ ကိုယ့်အရည်အချင်း ကိုယ်မသိတဲ့ ကောင်"

ထိုက်ရှီက ပြင်းထန်စွာ ဟောက်လိုက်တော့သည်။

ကြီးမားကျယ်ပြန့်လှသော စိတ်စွမ်းအင်၊ သွေးစွမ်းအင်နှင့် ဝိညာဉ်စွမ်းအင်များကို ကုန်ဆုံးသွားစေခဲ့ရသည် ဆိုသော်ငြားလည်း၊ အလင်းစက်ဝန်းကဲ့သို့သော အလွန်အမင်း အစွမ်းထက်လှသည့် နတ်လက်နက်ကြီး ရှိနေသရွေ့၊ ဝမ်ချောင်အနေဖြင့် သူ့ကို အနိုင်ယူရန် ဆိုသည်မှာ လုံးဝမဖြစ်နိုင်ပါချေ။

"အားးး"

သို့သော် နောက်တစ်ခဏတွင် ကောင်းကင်ယံ အမြင့်ပိုင်း၌ ထိုက်ရှီ၏ အလွန်အမင်း အံ့ဩတုန်လှုပ်နေသော အော်ဟစ်သံကြီး ရုတ်တရက် ထွက်ပေါ်လာတော့သည်။

"ခွေးကောင် မင်း ငါ့ကို ဘာလုပ်လိုက်တာလဲ?"

ထိုက်ရှီ၏ အသံမှာ အလွန်အမင်း ဒေါသထွက်ပြီး အလွန်အမင်း ထိတ်လန့်နေခဲ့သည်။ သူတို့ စတင် တိုက်ခိုက်လာခဲ့သည့် အချိန်မှ စတင်၍ ဤသည်မှာ ထိုက်ရှီ၏ ကိုယ်ပေါ်တွင် ဤကဲ့သို့သော ထိတ်လန့် ချောက်ချားနေသည့် ခံစားချက်မျိုးကို ပထမဆုံး အကြိမ်အဖြစ် ဖော်ပြလာခြင်း ပင် ဖြစ်တော့သည်။

ထိုက်ရှီ၏ ကိုယ်ပေါ်ရှိ ဂန်ချီစွမ်းအင်များမှာ ရုတ်တရက် အပြင်းအထန် ပေါက်ကွဲထွက်ပေါ်လာတော့သည်။ မျက်တောင်တစ်ခတ်မျှ အချိန်လေး အတွင်းမှာပင် ယခင်က တောက်ပနေပြီး လုံးဝပြိုင်ဘက်ကင်း ဖြစ်ခဲ့သော ထိုက်ရှီ၏ ကိုယ်ပေါ်ရှိ အရှိန်အဝါများမှာ ရုတ်တရက် အလွန်အမင်း လျင်မြန်စွာ လှုပ်ခတ်လာခဲ့ပြီး စိတ်စွမ်းအင် များ ပင်လျှင် ဖရိုဖရဲ ဖြစ်လာတော့သည်။

"တိရစ္ဆာန်... အပြင်ကို ထွက်ခဲ့စမ်း"

ထိုက်ရှီမှာ အံများကို တင်းကျပ်စွာ ကြိတ်ကာ အဆက်မပြတ် ဒေါသတကြီး ကျိန်ဆဲနေတော့သည်။ သို့သော် ဤကျိန်ဆဲသံများမှာ ဝမ်ချောင်၏အပေါ်သို့ ချိန်ရွယ်ထားခြင်း လုံးဝမဟုတ်ပါချေ။

သူ၏ အကြည့်များမှာ အလွန်အမင်း ထိတ်လန့် ချောက်ချားနေခဲ့ပြီး ဝမ်ချောင်၏ အပေါ်သို့ ကြည့်နေခြင်း မဟုတ်ဘဲ မိမိ၏ ဘယ်ဘက် ဝမ်းဗိုက် အောက်ပိုင်းရှိရာ အရပ်ဆီသို့သာ စိုက်ကြည့်နေခဲ့သည်။ အမြဲတမ်း မာနထောင်လွှားလေ့ရှိသော မျက်နှာပေါ်တွင်လည်း ဤအခိုက်အတန့်၌ ဖြူရော်နေသော အရိပ်အယောင်အချို့ ထွက်ပေါ်လာခဲ့ပြီး၊ ယခင်ကကဲ့သို့ လုံးဝပြိုင်ဘက်ကင်း ဖြစ်နေသည့်ပုံစံမျိုး လုံးဝရှိမနေတော့ပါချေ။

လူယုတ်မာလေး... ထိုက်ရှီ၏ရင်ထဲ၌ အလွန်ဒေါသထွက်သွားသလို၊ အလွန်အမင်းလည်း ထိတ်လန့်သွားခဲ့သည်။ အခြားသက်ရှိတစ်ကောင်က သူ၏ကိုယ်တွင်းသို့ ဝင်ရောက်လာလိမ့်မည်ဟု သူ လုံးဝ ထင်မှတ်မထားခဲ့ချေ။ ထို့ပြင် ထိုသက်ရှိမှာ သူ အကြောက်ဆုံး ဖြစ်သော စိတ်စွမ်းအင် သက်ရှိမျိုးပင် ဖြစ်နေသေးသည်။ ဝမ်ချောင်၏ ယခုလေးတင် လုပ်ဆောင်ခဲ့သော အပြုအမူများနှင့် သူ့ကို တမင်တကာ ဒေါသထွက်အောင် ဆွပေးခဲ့ခြင်းများ အားလုံးမှာ၊ ဤသက်ရှိကို သူ၏ ကိုယ်တွင်းသို့ ဝင်ရောက်သွားစေရန်အတွက် သက်သက်သာဖြစ်ကြောင်းကို သူ လျင်မြန်စွာ နားလည် သဘောပေါက်လိုက်တော့သည်။

သူသည် ဝမ်ချောင်၏ အကွက်ချ လုပ်ကြံခြင်းကို နောက်တစ်ကြိမ် ထပ်မံ ခံလိုက်ရပြန်ပြီ ဖြစ်၏။

"အရှက်မရှိတဲ့ လူသား ယုတ်မာတဲ့ ကောင်…မင်းက ဒီလို လုပ်ရုံ နဲ့ ငါ့ကို အနိုင်ယူနိုင်ပြီလို့ တကယ်ပဲ ထင်နေတာလား။ ငါ အရင်ဆုံး ဒီ တိရစ္ဆာန် ကို သတ်ပစ်မယ်၊ အဲဒီ နောက်မှ မင်းကို ဆက်ပြီး သတ်ပစ်မယ်"

ထိုက်ရှီ၏ မျက်နှာတစ်ခုလုံးမှာ အလွန်အမင်း ရက်စက်ကြမ်းတမ်းစွာဖြင့် ရှုံ့တွသွားတော့သည်။

ဝမ်ချောင်၏ လုပ်ရပ်များအားလုံးမှာ သူ့ကို လုံးဝအပြည့်အဝ ဒေါသထွက်သွားစေရန် လုံလောက်နေပြီ ဖြစ်သည်။ မည်ကဲ့သို့သော တန်ဖိုးမျိုးကိုပဲ ပေးဆပ်ရပါစေ ဝမ်ချောင်ကို သေချာပေါက် သတ်ပစ်ရမည်ဆိုသည့် အတွေးက ထိုက်ရှီ၏ရင်ထဲတွင် ရုတ်တရက် ပေါ်ထွက်လာသည်။ ဤအလင်းစက်ဝန်း နတ်လက်နက်ကြီးကို ဖျက်ဆီးပစ်ရမည်ဆိုလျှင်တောင်မှ... ထို့ပြင် ဤအသစ်စက်စက် လဲလှယ်ထားပြီး အလွန်အမင်း အစွမ်းထက်လှသော ခန္ဓာကိုယ်သစ်ကြီးအတွင်းရှိ သွေးစွမ်းအင်များအားလုံးကို အကုန်အစင် သုံးပစ်ရမည်ဆိုလျှင်တောင်မှ သူ ဝန်လေးနေမည် မဟုတ်ပေ။

"ဟဟ…"

လူတိုင်း လုံးဝတွေးတောထားနိုင်မည် မဟုတ်သောအရာမှာ၊ ဝမ်ချောင်၏ရင်ထဲ၌ အနည်းငယ်မျှ ဒေါသထွက်နေခြင်း လုံးဝမရှိသည့်အပြင် နှုတ်ခမ်းထောင့်များတွင် အပြုံးတစ်ခု ပင်လျှင် ပေါ်ထွက်လာခဲ့သေးသည်။

"ထိုက်ရှီ... အရင်တုန်းက ငါ မင်းကို ပြောခဲ့တဲ့ စကားတွေကို မှတ်မိသေးရဲ့လား။ ဒီနေ့ဟာ မင်း လုံးဝအမြစ်ပြတ် သေဆုံးရမယ့် အချိန်ပဲလို့ ငါ ပြောခဲ့ဖူးတယ်။ ငါ ပြောထားပြီးသားဆိုမှတော့ သေချာပေါက် ဖြစ်လာအောင် လုပ်ပြမှာပဲ"

"မင်းနဲ့’ထျန်း’က အလွန်ယုတ်မာတဲ့ နည်းလမ်းတွေကို အသုံးပြုပြီး သူတော်စင် ဧကရာဇ် ကြီးကို လုပ်ကြံ သတ်ဖြတ်ခဲ့တယ်။ သူတော်စင် ဧကရာဇ်ကလည်း မင်းတို့ကို ပြန်ပြီး တိုက်ခိုက်ဖို့အတွက် နည်းလမ်းတစ်ချို့ကို အနောက်မှာ ချန်ထားရစ်ခဲ့တယ်လေ... ငါ အရင်တုန်းက ပြောခဲ့တဲ့စကားတွေ အားလုံးက မင်းကို လိမ်ပြောနေတာ သက်သက်လို့ မင်း တကယ်ပဲ ထင်နေတာလား"

အိပ်မက်ဆိုး သားရဲမှာ ယခုအခါ ထိုက်ရှီ၏ ကိုယ်တွင်း၌ အကြီးအကျယ် ဖျက်ဆီးမှုများ ပြုလုပ်နေပြီ ဖြစ်သည်။ သို့သော် ဝမ်ချောင်အနေဖြင့် ဤအခွင့်အရေးကို အသုံးချကာ ချက်ချင်း ဝင်ရောက် တိုက်ခိုက်ခြင်း လုံးဝမပြုလုပ်ခဲ့ပါချေ။ တစ်ဖက်တွင် အချိန်ပိုကြာမြင့်လေလေ အိပ်မက်ဆိုး သားရဲအနေဖြင့် ထိုက်ရှီ၏ ကိုယ်တွင်း၌ ပိုမို၍ကြီးမားလှသော ဖျက်ဆီးမှုများကို ပြုလုပ်နိုင်လေလေဖြစ်ခြင်းကြောင့်ဖြစ်ပြီး၊ အခြား တစ်ဖက်တွင်မူ ထိုက်ရှီ၏ လက်ရှိအခြေအနေမှာ ဝမ်ချောင်အနေဖြင့် အချိန်အတော်ကြာအောင် စောင့်ဆိုင်းနေခဲ့ရသော အခွင့်အရေးကြီးတစ်ခုကို နောက်ဆုံးတွင် ဖမ်းဆုပ်နိုင်ရန် အခွင့်အရေး ပေးလိုက်သောကြောင့် ပင် ဖြစ်တော့သည်။

ထိုက်ရှီကို လုံးဝအမြစ်ပြတ်အောင် ဖျက်ဆီးပစ်နိုင်မည့် အခွင့်အရေးကြီးတစ်ခုပင် ဖြစ်တော့သည်။

"ဘာ"

ထိုက်ရှီမှာ ကိုယ်တွင်း၌ နေရာအနှံ့အပြားသို့ လျင်မြန်စွာ ပြေးလွှားနေသော အိပ်မက်ဆိုး သားရဲကို အစွမ်းကုန် ဖိနှိပ်ရန် ကြိုးပမ်းနေခဲ့သည်။ ရုတ်တရက် ဝမ်ချောင်၏ ဤစကားကို ကြားလိုက်ရသည့်အခါ တစ်ကိုယ်လုံး တုန်ခါသွားခဲ့ပြီး အလွန်အမင်း မကောင်းသော ခံစားချက်ကြီးတစ်ခု ရုတ်တရက် ပေါ်ထွက်လာတော့သည်။

ရက်စက်ကြမ်းတမ်းသော စကားများကို မည်သူမဆို ပြောဆိုနိုင်စွမ်း ရှိကြသည်။ သို့သော် ဝမ်ချောင် စကားပြောဆိုနေသော လေသံမှာ သူ့ကို အလွန်အမင်း စိုးရိမ် ပူပန်သွားစေသည်။ ယခင် အချိန်များ အားလုံးနှင့် လုံးဝကွဲပြားခြားနား နေသောကြောင့်ပင် ဖြစ်တော့သည်။

ဤအခိုက်အတန့်၌ ထိုက်ရှီ၏မျက်တောင်များပင်လျှင် မထိန်းနိုင်တော့ဘဲ နှစ်ချက်ခန့် တုန်ယင်သွားတော့သည်။

လီထိုက်ယီ…

ဘယ်အချိန်ပဲ ဖြစ်နေပါစေ ဤနာမည်မှာ သူ လုံးဝပြန်လည် မကြားလိုသော၊ ပြန်လည် မပြောဆိုလိုသော နာမည်တစ်ခုပင် ဖြစ်သည်။ အစွမ်းအထက်ဆုံးသော အချိန်တွင်ပင်လျှင် ထိုက်ရှီအနေဖြင့် မဟာထန်၏ မြို့တော် အနီးတစ်ဝိုက်သို့ လွယ်လွယ်ကူကူ မချဉ်းကပ်ဝံ့ခဲ့ပါချေ။

အဲဒီလူ ရှိနေတဲ့ နေရာက အရမ်းကို အန္တရာယ် ကြီးလွန်းတယ်။

သူသည် အပြောင်းအလဲများကို ဖန်တီးပေးနိုင်သူ တစ်ဦးအဖြစ် တည်ရှိနေပြီး၊ နတ်ဘုရား အဖွဲ့အစည်း၏ အမြင့်ဆုံး အထွတ်အထိပ်သို့ ရောက်ရှိနေသော အစွမ်းအစများကို လုံးဝချိုးဖျက်ပစ်နိုင်သူ တစ်ဦးပင် ဖြစ်သည်။ ‘ထျန်း’ ပင်လျှင် သူ့ကို မည်သို့မျှ မလုပ်နိုင်ခဲ့ပါချေ။

ထိုက်ရှီကဲ့သို့သော "ထိုက်"မျိုးဆက်တွင် ပါဝင်သည့် အစွမ်းထက် သိုင်းပညာရှင်များပင်လျှင် သူ၏ရှေ့မှောက်တွင် လုံးဝအားနည်းသူများသာ ဖြစ်ခဲ့ကြသည်။

လီထိုက်ယီမှာ အရမ်းကို အစွမ်းထက်လွန်းလှသည်။

အကယ်၍ လွန်ခဲ့သော ဆယ်နှစ်ကျော်ခန့်က သူ့ကို တားဆီးရန် အတွက် နည်းလမ်း များကို မစဉ်းစား မရှာဖွေခဲ့ဘူး ဆိုပါက၊ သူသည် ဒုတိယမြောက် "ကောင်းကင်ဘုံ" တစ်ပါး ပင် ဖြစ်လာနိုင်ခြေ ရှိနေခဲ့သည်။ ဤအရာမှာ လုံးဝလက်ခံ၍ မရနိုင်သော ကိစ္စရပ်တစ်ခုပင် ဖြစ်တော့သည်။

သို့သော် ထိုက်ရှီကို အလွန်အမင်း ကြောက်ရွံ့သွားစေဆုံး အရာမှာသူ၏ အကြံအစည် ကြီးမားမှုများနှင့် ဉာဏ်ပညာ ကြီးမားမှုများပင် ဖြစ်သည်။ သူ သေဆုံးသွားပြီးနောက် ချန်ရစ်ထားခဲ့သော ထိုရှန်းလျို မဟာစစ်အစီအရင်ကြီးပင်လျှင် သူ့ကို ပြာအဖြစ်သို့ ပြောင်းလဲသွားစေရန် လုံလောက်လုနီးပါး ဖြစ်ခဲ့သည် မဟုတ်ပါလား။

လီထိုက်ယီ သေဆုံးသွားခဲ့တာ အချိန်အကြာကြီး ရှိနေပြီ၊ သူက အနောက်မှာ တစ်ခုခု ထပ်ပြီး ချန်ထားခဲ့သေးတာများလား။

ပထမဆုံး အကြိမ်အဖြစ် ထိုက်ရှီ၏ ရင်ထဲ၌ အလွန်အမင်း စိုးရိမ် ပူပန်လာခဲ့ပြီး ဤနေရာ မှနေ၍ ထွက်ပြေး လွတ်မြောက်ချင်စိတ်များ ရုတ်တရက် ပေါ်ထွက်လာတော့သည်။

"ဟွန်း နောက်ကျသွားပြီ"

ဝမ်ချောင်၏ မျက်ဝန်းထဲ၌ မီးတောက်များအလား အလင်းတန်း တစ်ချက် လက်သွားခဲ့ပြီး တစ်ချက် ကြည့်လိုက်ရုံဖြင့်ပင် ထိုက်ရှီထွက်ပြေးချင်နေပြီ ဖြစ်ကြောင်းကို လျင်မြန်စွာ နားလည် သဘောပေါက်လိုက်တော့သည်။

ထိုအချိန်မှာပင် ဝမ်ချောင်၏ ညာလက် ရှိ လက်ညှိုး နှင့် လက်ခလယ်တို့မှာ ရုတ်တရက် ဆန့်ထွက်သွားခဲ့ရာ၊ အရပ်မျက်နှာအားလုံးမှာ လျင်မြန်စွာ လိုက်ပါပြောင်းလဲသွားတော့သည်။ ဝမ်ချောင်က ဟင်းလင်းပြင်နှင့် အချိန် ခွန်အား များကို အသုံးပြုကာ ဖန်တီးထားသော ထို"ဒုတိယမြောက် မြို့တော်" ကြီးမှာ လျင်မြန်စွာ ပြိုကျ ပျက်စီးသွားခဲ့ပြီး၊ သုံးဖက်မြင် ဖွဲ့စည်းတည်ဆောက်ပုံမှနေ၍ ပါးလွှာသော စက္ကူချပ် တစ်ချပ်အလား နှစ်ဖက်မြင် ဖွဲ့စည်းတည်ဆောက်ပုံအဖြစ်သို့ လျင်မြန်စွာ ပြောင်းလဲသွားတော့သည်။ မျက်တောင်တစ်ခတ်မျှ အချိန်လေး အတွင်းမှာပင် ဧရာမ ဟင်းလင်းပြင်နှင့် အချိန် ချုပ်နှောင်ခြင်း မဟာစစ်အစီအရင်ကြီးတစ်ခုမှာ ဘေးပတ်ဝန်းကျင်တွင် ရုတ်တရက် ပေါ်ထွက်လာခဲ့ပြီး ဝမ်ချောင်နှင့် ထိုက်ရှီတို့ နှစ်ဦးစလုံးကို အတွင်း၌ လုံးဝချုပ်နှောင် ပိတ်ဆို့လိုက်တော့သည်။

ဟင်းလင်းပြင်နှင့်အချိန် ချုပ်နှောင်ခြင်း။

ဤသည်မှာ ဝမ်ချောင်က ဂူကောင်းကင်အဆင့်သို့ ရောက်ရှိသွားသည့် အချိန်တွင် နားလည်သဘောပေါက်ခဲ့သော စွမ်းရည်တစ်ခုပင် ဖြစ်သည်။ ထိုက်ရှီကဲ့သို့သော အစွမ်းထက် ပုဂ္ဂိုလ်ကြီးများကို ရင်ဆိုင်ရသည့် အခါတွင် ဤဟင်းလင်းပြင်နှင့် အချိန် ချုပ်နှောင်ခြင်း မဟာစစ်အစီအရင်အနေဖြင့် သူ့ကို အချိန်အကြာကြီး လုံးဝချုပ်နှောင်ထားနိုင်စွမ်း မရှိပါချေ။ အများဆုံးဆိုလျှင် အသက် လေးငါးချက် ရှူစာမျှ အချိန်တိုလေးသာ ဖြစ်ပေသည်။ သို့သော် ဝမ်ချောင်အတွက်မူ ဤအချိန်လေး ဖြင့်ပင် အလွန်အမင်း လုံလောက်နေပြီ ဖြစ်၏။

"ရှောင်ယန်... သူ့ကို အချိန်ဆွဲထားပေးစမ်း"

ဝမ်ချောင်၏ မျက်လုံးများ နှင်းများအလား အလွန်အမင်း တောက်ပသွားခဲ့ပြီး ရုတ်တရက် ပြောလိုက်လေသည်။ ဤအခိုက်အတန့် မျက်တောင်တစ်ခတ် အတွင်းမှာပင် ဝမ်ချောင်၏ ဦးနှောက်ထဲ၌ အသိစိတ်တစ်ခု ရုတ်တရက် ကွဲထွက်သွားခဲ့ပြီး၊ ကိုယ်တွင်း ဒန်တျန်၏ အနက်ရှိုင်းဆုံးသော နေရာတွင် အချိန်အတော်ကြာအောင် တိတ်ဆိတ် ငြိမ်သက်နေခဲ့ပြီး ယခင်က တစ်ခါမျှ အသုံးမပြုဖူးခဲ့သော အလွန်အမင်း အစွမ်းထက်လှသည့် ခွန်အားကြီး တစ်ခုနှင့် လျင်မြန်စွာ ဆက်သွယ်လိုက်တော့သည်

ထိုအရာမှာ သူတော်စင် ဧကရာဇ် မသေဆုံးမီက ဝမ်ချောင်၏ကိုယ်တွင်း၌ ချိတ်ပိတ် ထည့်သွင်းပေးခဲ့သော နောက်ဆုံး တိုက်ခိုက်မှု ကြီးပင် ဖြစ်တော့သည်။

နောက်တစ်ခဏတွင် ကောင်းကင်နှင့်မြေကြီး ပြင်းထန်စွာ မြည်ဟည်းသွားခဲ့ပြီး၊ ထိုက်ရှီ၏ အလွန်အမင်း အထိတ်တလန့် ဖြစ်နေသော အကြည့်များ အောက်တွင်၊ ရင်းနှီးကျွမ်းဝင်နေသော အရှိန်အဝါကြီးတစ်ခုမှာ တောင်များ ပြိုကျပြီး ဒီရေလှိုင်းလုံးကြီးများ လိမ့်ဝင်လာသည့်အလား ဝမ်ချောင်၏ ကိုယ်တွင်းမှနေ၍ ပေါက်ကွဲထွက်ပေါ်လာတော့သည်။

လီထိုက်ယီ။

ပထမဆုံး တစ်ချက် ကြည့်လိုက်ရုံဖြင့်ပင် ထိုက်ရှီအနေဖြင့် ထိုအရှိန်အဝါကို ချက်ချင်း ခွဲခြားသိရှိလိုက်တော့သည်။

ဝမ်ချောင် လိမ်ပြောနေခြင်း လုံးဝမဟုတ်ပါချေ။ ဝမ်ချောင်၏ကိုယ်တွင်း၌ လီထိုက်ယီ ချန်ရစ်ထားခဲ့သော ခွန်အားများ အမှန်တကယ်ပင် ရှိနေခဲ့ခြင်း ဖြစ်၏။

ထိုအခိုက်အတန့်၌ ထိုက်ရှီ၏ မျက်နှာတစ်ခုလုံးမှာ အလွန်အမင်း အထိတ်တလန့်ဖြင့် လိမ်ကောက်သွားတော့သည်

ပြေး…

မြန်မြန် ပြေး…

ဒီနေရာကနေ အမြန်ဆုံး ထွက်ခွာသွားမှ ရမယ်။ ဤအခိုက်အတန့်၌ ထိုက်ရှီ၏ဦးနှောက်ထဲ၌ ဤအတွေး တစ်ခုတည်းသာ လွှမ်းမိုးထားတော့သည်။ မြေပြင်ပေါ်ရှိ စစ်ပွဲ ကို ထားလိုက်ပါဦး၊ "ထျန်း"၏ "သန့်စင်ရေး အစီအစဉ်"များကိုပါ လုံးဝမေ့ပစ်လိုက်တော့သည်။ ဤအခိုက်အတန့်၌ မည်သည့်အရာကမျှ မိမိ၏အသက်ထက် ပိုမို၍ အရေးမကြီးတော့ပါချေ။

လီထိုက်ယီမှာ အလွန်အမင်း အန္တရာယ် ကြီးလွန်းလှပြီး အလွန်အမင်း ကြောက်မက်ဖွယ် ကောင်းလွန်းလှပေသည်။

သူ တွက်ချက် အစီအစဉ် ချထားသော နေရာမှန်သမျှတွင်၊ သေခြင်းတရားက အမြဲတမ်း နောက်မှ ထပ်ကြပ်မကွာ လိုက်ပါလာလေ့ ရှိပေသည်။

ထိုက်ရှီ၏ ခန္ဓာကိုယ် တုန်ယင်သွားခဲ့ပြီး ချက်ချင်းပင် သူ၏ တစ်သက်တာကာလ တစ်လျှောက်လုံးတွင် အသုံးပြုခဲ့ဖူးသမျှ အစွမ်းအထက်ဆုံးသော ခွန်အား များကို အပြည့်အဝ အသုံးပြုကာ အဝေးဆီသို့ လျင်မြန်စွာ ထွက်ပြေး လွတ်မြောက်ရန် ကြိုးပမ်းလိုက်တော့သည်။ သို့သော် ထိုက်ရှီမှာ ဝမ်ချောင်၏တွက်ချက်မှုများကို အထင်သေးလွန်း နေဆဲပင် ဖြစ်သည်။

သူတော်စင်ဧကရာဇ် ချန်ရစ်ထားခဲ့သော ခွန်အားများမှာ တိုက်ခိုက်မှု တစ်ချက်စာအတွက်သာ လုံလောက်ပြီး၊ အခွင့်အရေး တစ်ကြိမ်သာ ရရှိမည် ဖြစ်သည်။ ဝမ်ချောင်မှာ ဤအခွင့်အရေးကြီးကို ရရှိလာရန်အတွက် အချိန်အကြာကြီး စောင့်ဆိုင်းခဲ့ရသည်ဖြစ်ရာ သူ့ကို လွယ်လွယ်ကူကူနဲ့ ဘယ်လိုလုပ်ပြီး ထွက်ပြေးခွင့် ပေးနိုင်မည်နည်း။

"ထိုက်ရှီ မင်းရဲ့ အသက်ကို ပေးခဲ့စမ်း"

ဝမ်ချောင်က ပြင်းထန်စွာ အော်ဟစ်လိုက်ရာ မိုးခြိမ်းသံများအလား ကျယ်လောင်လှသော ထိုအသံကြီးမှာ အရပ်မျက်နှာ အားလုံးသို့ ပဲ့တင်ထပ်သွားခဲ့ပြီး မိုင်ဆယ်ကျော်ခန့် အကွာအဝေး အထိ လွင့်ပျံသွားတော့သည်။

ထိုအခိုက်အတန့်၌ ဝမ်ချောင်သည် မိမိကိုယ်တွင်းရှိ သူတော်စင် ဧကရာဇ်၏ချန်ရစ်ထားခဲ့သော စွမ်းအားများကို ပေါက်ကွဲထွက်ပေါ်စေခဲ့ရုံ သာမက၊ မိမိ တစ်ကိုယ်လုံးတွင် ရှိနေသော စွမ်းအားများ အားလုံးကိုပါ ဤစွမ်းအင် အလယ်ဗဟို အတွင်းသို့ အကုန်အစင် ထည့်သွင်း ပေါင်းစပ်လိုက်တော့သည်။

ဤတိုက်ခိုက်မှုကြီးမှာ သူတော်စင် ဧကရာဇ်နှင့် ဝမ်ချောင်တို့ နှစ်ဦးစလုံး၏ အစွမ်းအထက်ဆုံးသော စွမ်းအားများ အားလုံးကို တစ်သားတည်း ပေါင်းစပ်ထားခြင်းပင် ဖြစ်တော့သည်။

"ဝုန်း"

ပြင်းထန်လှသော မြည်ဟည်းသံကြီး တစ်ခုကိုသာ ကြားလိုက်ရပြီး၊ ကောင်းကင်နှင့်မြေကြီးတစ်ခုလုံးပင်လျှင် ဆုတ်ဖြဲခံလိုက်ရသည့်အလား ဖြစ်သွားတော့သည်။ ကောင်းကင်ယံ အပြည့် ပြည့်နှက်နေသော နှင်းမုန်တိုင်းကြီးများပင်လျှင် လုံးဝပြိုကွဲ ပျက်စီးသွားတော့သည်။ နောက်တစ်ခဏတွင် မရေမတွက်နိုင်သော လူအများ၏ အံ့ဩတုန်လှုပ်နေသော အကြည့်များ အောက်တွင် ကျောက်တုံးများကို ခွဲထုတ်နိုင်စွမ်း ရှိသည့် ပြင်းထန်လှသော ဓားမြည်သံကြီးနှင့်အတူ၊ တောက်ပ လင်းလက်လှသော အနီရောင် အလင်းတန်းတစ်ချက်မှာ ရုတ်တရက် ပေါက်ကွဲ ထွက်ပေါ်လာတော့သည်။

မျက်တောင်တစ်ခတ်မျှ အချိန်လေး အတွင်းမှာပင် ထိုအလင်းတန်းကြီးမှာ အဆပေါင်း ရာနှင့်ချီ အလွန်အမင်း လျင်မြန်စွာ ကြီးထွားလာခဲ့ပြီး၊ အနီရောင်မှနေ၍ ရွှေရောင်သို့ ပြောင်းလဲသွားကာ၊ ခမ်းနားကြီးကျယ်၊မြင့်မြတ်သန့်စင်ကာ၊ အလွန်အမင်း ပြိုင်ဘက်ကင်းဖြစ်သော ရွှေဝါရောင် ဓားချီကြီးတစ်ခုအဖြစ်သို့ ရုတ်တရက် ပြောင်းလဲသွားတော့သည်။ ဤဓားချက် ကြီးမှာ ကောင်းကင်နှင့် မြေကြီး၊ သက်ရှိ သက်မဲ့ အရာရာတိုင်း၏ အထက်တွင် ရပ်တည်နေပြီး၊ ဤဓားချက်ကို ခံစားသိရှိလိုက်ရသူ မည်သူမဆို ရင်ထဲ၌ အလွန်အမင်း တုန်လှုပ် ချောက်ချားသွားစေရန်နှင့် အလွန်နက်ရှိုင်းလှသော ချောက်ကမ်းပါးကြီးတစ်ခု၏ အစွန်းတွင် ရပ်နေရသည့်အလား ခံစားသွားရစေရန် လုံလောက်ပေသည်။

အရှေ့မြောက်ဘက် ဒေသ၏အထက်ကောင်းကင်တွင် အဆုံးအစမရှိ ကြီးမားကျယ်ပြန့်လှပြီး၊ လောကကြီးတစ်ခုလုံးကို လွှမ်းခြုံထားသော တလိမ့်လိမ့် ထွက်ပေါ်နေသည့် နှင်းမုန်တိုင်းကြီးများမှာ၊ ဤဓားချက် ပေါ်ထွက်လာသည့် မျက်တောင်တစ်ခတ် အတွင်းမှာပင် လုံးဝအမြစ်ပြတ်အောင် ဆုတ်ဖြဲခံလိုက်ရပြီး အအေးဒဏ် များ အားလုံးမှာ လုံးဝပျောက်ကွယ် လွင့်စင်သွားကြတော့သည်။

******

All Chapters