အခန်း ၁၅၃၅
Vol. 104 Ch. 1535
အခန်း ၁၅၃၅ ကျော်လွန်ဖို့ မဖြစ်နိုင်တော့ဘူးလား။
"ဖုန်းယွီ ဓာတ်ပုံရိုက် ဖုန်း၊ နင့်ရဲ့ အလှတရားကို ဖော်ထုတ်ပေးလိုက်ပါ”
ကင်မရာထဲတွင် အယ်လီနာသည် ဖုန်းယွီဖုန်းကို ကိုင်ဆောင်၍ ဆဲလ်ဖီ ရိုက်နေပြီး၊ တစ်ချိန်တည်းမှာပင် နောက်ခံအသံအဖြစ် အယ်လီနာ၏ ကိုယ်ပိုင်အသံ ထွက်ပေါ်လာလေသည်။
ဤကြော်ငြာ၏ အထူးခြားဆုံးအချက်မှာ ဖုန်း၏အရှေ့ဘက်ကို အနီးကပ် ရိုက်ကူးပြသထားခြင်းဖြစ်ပြီး၊ လူများကို အယ်လီနာက သူ့ကိုယ်သူ ဓာတ်ပုံရိုက်နေသည်ကို မြင်တွေ့ရစေရုံသာမက မျက်နှာပြင်ကိုပါ မြင်တွေ့နိုင်စေခြင်းပင် ဖြစ်သည်။
ဤ ဓာတ်ပုံရိုက် ဖုန်း အသစ်၏ အထူးခြားဆုံးအချက်မှာ အရှေ့ကင်မရာ ပါဝင်လာခြင်းဖြစ်ပြီး၊ ဤအရာကိုလည်း ဖုန်းယွီဖုန်းကပင် စတင်ဖန်တီးလိုက်ခြင်း ဖြစ်လေသည်။
ယခင်က ဖုန်းယွီ၏ ဆဲလ်ဖီ ရိုက်နိုင်သော ဓာတ်ပုံရိုက် ဖုန်းတစ်မျိုးတွင် အရှေ့အနောက် လှည့်၍ရသော ကင်မရာကို အသုံးပြုခဲ့သော်ငြားလည်း၊ ထိုဖုန်းတွင် အားနည်းချက်တစ်ခု ရှိခဲ့လေသည်။ ယင်းမှာ ကင်မရာကို အရှေ့အနောက် အကြိမ်များစွာ လှည့်လိုက်သောအခါ၊ လျော့ရဲလာတတ်ခြင်းပင် ဖြစ်သည်။
ယခုအခါ ဓာတ်ပုံရိုက် ဖုန်းများတွင် အနောက်ကင်မရာ တစ်ခုတည်းသာ ပါဝင်သည်ဖြစ်စေ၊ ကင်မရာကို လှည့်၍ရသည်ဖြစ်စေ၊ ဤသို့ အရှေ့အနောက် ကင်မရာနှစ်ခု ပါဝင်သော ဖုန်းမျိုးကို၊ မည်သူကမျှ တစ်ခါမျှ မမြင်ဖူးခဲ့ကြပေ။
ဤဖုန်း စတင်မိတ်ဆက်ပြီးနောက်၊ သေချာပေါက် ဓာတ်ပုံရိုက် ဖုန်း ရေစီးကြောင်းကို တစ်ဖန် ပြန်လည် ဦးဆောင်လာမည်သာ ဖြစ်သည်။
ထို့အပြင် ဤဖုန်းတွင် ဓာတ်ပုံတည်းဖြတ်သည့် ဆော့ဖ်ဝဲလ် အသစ်တစ်ခုကိုလည်း ထည့်သွင်းပေးထားပြီး၊ တစ်နည်းအားဖြင့် ဓာတ်ပုံပြင်၍ရခြင်းပင် ဖြစ်သည်။ သင်ယူရ လွယ်ကူရိုးရှင်းပြီး၊ လူတိုင်း မိမိတို့၏ ဓာတ်ပုံများကို ပြုပြင်မွမ်းမံနိုင်စေကာ၊ ကြည့်ရသည်မှာ လှပသွားစေရန် ဖန်တီးပေးနိုင်လေသည်။
ဤကြော်ငြာ ဗီဒီယိုကို ထုတ်လွှင့်ပြီးသောအခါ၊ Nokia ၏ ဖုန်းကဏ္ဍကို စီမံခန့်ခွဲသူ ဒုမန်နေဂျာချုပ်ဝဲလ်မှာ ကြောင်အမ်းအမ်း ဖြစ်သွားခဲ့လေသည်။
၎င်းတို့က အရှေ့အနောက် ကင်မရာနှစ်ခုပါသော ဖုန်းကို သုတေသနပြုလုပ်၍ ပြီးစီးခါစသာ ရှိသေးပြီး၊ မိမိတို့သည် အရှေ့ကင်မရာကို ဖန်တီးနိုင်သည့် ကမ္ဘာ့ပထမဆုံးသော ထုတ်လုပ်သူဖြစ်လာကာ၊ ခေတ်သစ်ကို ရှေ့ဆောင်လမ်းပြနိုင်ပြီဟု ထင်မှတ်နေခဲ့ကြလေသည်။
သို့သော် ထင်မထားခဲ့သည်မှာ ဖုန်းယွီဖုန်းက စောစောစီးစီးကတည်းက အမြောက်အမြား ထုတ်လုပ်နေပြီဖြစ်ပြီး၊ ဤကြော်ငြာများကိုပါ နေရာအနှံ့ ထုတ်လွှင့်နေပြီ ဖြစ်လေသည်။
တစ်လှမ်း နောက်ကျသွားခဲ့ရာ၊ ဤကမ္ဘာ့ပထမဆုံး ဆိုသည့် ဘွဲ့ထူးကို ဖုန်းယွီဖုန်းက ထပ်မံ လုယူသွားပြန်လေပြီ။
ကမ္ဘာ့ပထမဆုံးသော ဓာတ်ပုံရိုက်ဖုန်း၊ ကမ္ဘာ့ပထမဆုံးသော Optical Zoom ပါဝင်သည့် ဖုန်း၊ ကမ္ဘာ့ပထမဆုံးသော မီဂါပစ်ဇယ် ငါးသန်း (Megapixel) ပါဝင်သည့် ဖုန်း...
"ဒီဖုန်းက သတင်းစာရှင်းလင်းပွဲ မလုပ်ဘူးလား။ ဒါဆိုရင် သူတို့က ဒီအရှေ့ကင်မရာကို သိပ်ပြီး မျှော်လင့်ချက် မထားဘူးဆိုတဲ့ သဘောလား။ ဒါဆိုရင် ဒီဖုန်းရဲ့ ဓာတ်ပုံရိုက်ကူးမှု စွမ်းဆောင်ရည် ကိန်းဂဏန်းတွေက ဘယ်လိုရှိလဲ” ဝဲလ်က မေးလိုက်သည်။
"ဒီဖုန်းက ဓာတ်ပုံရိုက်ကူးတဲ့ လုပ်ဆောင်ချက်ပိုင်းမှာ အကောင်းဆုံး အခြေအနေထိ ရောက်ရှိသွားပြီလို့တောင် ပြောလို့ရပါတယ်။ အရှေ့အနောက် ကင်မရာနှစ်ခု ပါဝင်ရုံသာမကဘဲ၊ အတွင်းမှာ ဓာတ်ပုံတည်းဖြတ် ဆော့ဖ်ဝဲလ်လည်း ပါဝင်ပါသေးတယ်။ ပြီးတော့ သူတို့ရဲ့ အနောက်ကင်မရာက Optical Zoom သုံးဆ ပါဝင်ပြီးတော့၊ မီဂါပစ်ဇယ် ဆယ်သန်း ပါဝင်ပါတယ်၊ ဒစ်ဂျစ်တယ် ကင်မရာ တော်တော်များများတောင်မှ ဒီ Pixelအဆင့်ကို မရောက်ကြသေးပါဘူး”
"ပြီးတော့ သူတို့က Xenon Flashကိုလည်း ထည့်သွင်းထားပြီး၊ အရင်က LED Flash ထက် အကျိုးသက်ရောက်မှု ပိုကောင်းပါတယ်။ ထို့အပြင် မျက်လုံးနီခြင်း ကာကွယ်ပေးတဲ့ လုပ်ဆောင်ချက်၊ တစ်စက္ကန့်အတွင်း အလိုအလျောက် အာရုံစိုက်ဖမ်းယူတဲ့ လုပ်ဆောင်ချက် စတဲ့ ဒစ်ဂျစ်တယ် ကင်မရာတွေမှာမှ ပါဝင်တဲ့ လုပ်ဆောင်ချက်တွေလည်း ပါဝင်ပါသေးတယ်။ ဒီဖုန်းက Touch Screen လည်း ဖြစ်ပြီးတော့ လုပ်ဆောင်ချက် တော်တော်များများကို လက်ချောင်းလေးနဲ့ ထိလိုက်ရုံနဲ့ အလုပ်လုပ်တာမို့၊ ခလုတ်နှိပ်ပြီး ရွေးချယ်ရတာထက် အများကြီး ပိုပြီး အဆင်ပြေပါတယ်”
"သူတို့ရဲ့ ဓာတ်ပုံရိုက်ဖုန်းရဲ့ ဗီဒီယိုအတိုလေးတွေ ရိုက်ကူးနိုင်တဲ့ လုပ်ဆောင်ချက်ကလည်း ပိုပြီးအားကောင်းလာပါတယ်။ Memory Capacity ကိုလည်း တိုးမြှင့်ထားပြီး၊ ဘက်ထရီ စွမ်းအင်ကိုလည်း တိုးမြှင့်ထားသလို၊ မျက်နှာပြင်ကလည်း ၂.၈ လက်မအထိ ကြီးမားသွားပါတယ်။ ဒီဖုန်းက နည်းနည်းလေး ပိုထူတာကလွဲရင်၊ ဓာတ်ပုံရိုက် ဖုန်း တစ်လုံးအနေနဲ့ ပြောရမယ်ဆိုရင်၊ အပြစ်ပြောစရာ လုံးဝမရှိပါဘူး၊ မင်းတို့ စိတ်ကူးကြည့်လို့ရနိုင်တဲ့ အကောင်းဆုံး အခြေအနေကို အပြည့်အဝ လုပ်ဆောင်ထားပါတယ်”
လက်အောက်ငယ်သားက အစီရင်ခံတင်ပြနေစဉ်တွင် အလွန်တရာ စိတ်လှုပ်ရှားနေပြီး၊ ဤဓာတ်ပုံရိုက် ဖုန်းအပေါ် သူ၏ နှစ်သက်သဘောကျမှုကို လုံးဝ ဖုံးကွယ်မထားနိုင်အောင် ဖြစ်နေလေသည်။
ဝဲလ်၏ မျက်မှောင်များမှာ ပို၍ပင်တွန့်ကွေးသွားလေသည်။ ဤဖုန်းသည် သတင်းစာရှင်းလင်းပွဲပင် မလုပ်ခဲ့ရာ၊ စွမ်းဆောင်ရည်ပိုင်းတွင် တိုးမြှင့်ထားမှုများ သိပ်မများလှဘူးဟု သူက ထင်မှတ်ထားခဲ့သော်လည်း၊ ဤမျှလောက် အဆင့်အထိ ရောက်ရှိနေလိမ့်မည်ဟု လုံးဝ ထင်မထားခဲ့ပေ။
ထိုကိန်းဂဏန်း အချက်အလက်များသည်၊ ဒစ်ဂျစ်တယ် ကင်မရာများတွင်သာ ရှိသင့်သည့် အရာများ မဟုတ်ပါလော။ ယခုတော့ ဖုန်းပေါ်တွင် အားလုံးကို အသုံးချလိုက်ပြီတဲ့လား။
"ရောင်းဈေးကကော” ဝဲလ်က ရုတ်တရက် အရေးကြီးသော မေးခွန်းတစ်ခုကို သတိရသွားလေသည်။ ဤမျှ ခေတ်မီပြီး အားကောင်းသော လုပ်ဆောင်ချက်များ ပါဝင်နေမှတော့၊ ရောင်းဈေးက သေချာပေါက် နည်းမည်မဟုတ်ပေ။
အရမ်းဈေးကြီးသွားပါက အရောင်းပမာဏကို သေချာပေါက် ထိခိုက်စေမည်သာ ဖြစ်သည်။
"တရုတ်မှာ ရောင်းဈေးက ၄၉၉၉ ယွမ် ဖြစ်ပြီးတော့၊ နိုင်ငံခြားမှာ ရောင်းဈေးက ၆၉၉ ဒေါ်လာ ဖြစ်ပါတယ်။ ငွေလဲလှယ်နှုန်းအရ တွက်ကြည့်မယ်ဆိုရင်၊ ဒီဖုန်းရဲ့ နိုင်ငံခြားရောင်းဈေးက သူတို့ တရုတ်ပြည်တွင်းဈေးထက် အနည်းငယ် ပိုများပါတယ်။ အကောက်ခွန် စတာတွေကိုပါ ထည့်တွက်လိုက်မယ်ဆိုရင်တော့၊ အတူတူလောက် ဖြစ်သွားပါလိမ့်မယ်”
ယခုအချိန်တွင် တရုတ်ယွမ်နှင့် အမေရိကန်ဒေါ်လာ လဲလှယ်နှုန်းမှာ ၈း၁ ဝန်းကျင်တွင် ရှိနေပြီး၊ အတက်အကျ အနည်းငယ်သာ ရှိလေသည်။
ဝဲလ်မှာ အလွန်တရာ အံ့သြသွားလေပြီး၊ မည်သို့လုပ်၍ ဤမျှ ဈေးပေါနေရသနည်း။
သူ၏အမြင်တွင်၊ ဤသို့သော စွမ်းဆောင်ရည် ကိန်းဂဏန်းမျိုးဖြင့်၊ သေချာပေါက် ဒေါ်လာ ရှစ်ရာနှင့်အထက် ရောင်းဈေးရှိသင့်ပြီး၊ ယခုလက်ရှိ ရောင်းဈေးအရ ခန့်မှန်းကြည့်မည်ဆိုလျှင်၊ ဤဖုန်း၏ ကုန်ကျစရိတ်က ဒေါ်လာ ခြောက်ရာအောက်တွင်ပင် ရှိနေသည်လား။
ထို့အပြင် ဤဒေါ်လာ ခြောက်ရာထဲတွင် ကြော်ငြာမြှင့်တင်ရေး စရိတ်များပါ ပါဝင်နေသေးသည်လား။
သူတို့၏ N70 ဆိုလျှင်၊ ဈေးကွက်သို့ ရောက်ရှိလာသည်မှာ သိပ်မကြာသေးဘဲ၊ ယခုလက်ရှိ ရောင်းဈေးမှာလည်း ဒေါ်လာ ခြောက်ရာကျော် ဖြစ်လေသည်။ အနည်းငယ် ပိုကောင်းသော သူတို့၏ N72 စသည်တို့ဆိုလျှင်ပင်၊ ဈေးနှုန်းက ဤအရာနှင့် အတူတူပင် ဖြစ်နေလေသည်။
အတူတူ ဓာတ်ပုံရိုက်သည့် လုပ်ဆောင်ချက်ကို အားဖြည့်ထားသောဖုန်း ဖြစ်ပါလျက်၊ စွမ်းဆောင်ရည်က ဖုန်းယွီ၏ ဤ Z41 လောက် မကောင်းသည့်အပြင်၊ ဈေးနှုန်းကလည်း ပို၍ကြီးနေသေးရာ၊ မည်သို့လုပ်၍ ဆက်ရောင်းနိုင်မည်နည်း။ တန်ဖိုးနှင့် အရည်အသွေး မျှတမှု အပိုင်းတွင် သူတို့ကို အများကြီး ကျော်လွန်နေရုံသာမက အမှတ်တံဆိပ်မှာလည်း သူတို့ထက် လုံးဝ မညံ့ဖျင်းဘဲ၊ ယခုအချိန်တွင် သူတို့ Nokia ကိုပင် ကျော်တက်သွားမည့် အရိပ်အယောင်များ ရှိနေလေပြီ။
ထို့အပြင် ဖုန်းယွီဖုန်း၏ ကြော်ငြာထုတ်လွှင့်မှု ပမာဏကိုလည်း ကြည့်လိုက်ပါဦး၊ ဤမျှလောက် သိပ်သည်းများပြားလှရာ၊ လူများကို ဖုန်း ဝယ်ချင်စိတ် ပေါ်လာသောအခါ၊ ပထမဆုံး ခေါင်းထဲ ပေါ်လာမည့် အတွေးမှာ ဖုန်းယွီဖုန်းကို ဝယ်ယူရန်ပင် ဖြစ်လောက်ပေသည်။
ဈေးပေါသော ဖုန်း ဈေးကွက်တွင် သူတို့ ရှုံးနိမ့်သွားခဲ့လေပြီ။ ဖုန်းယွီ၏ ထိုတန်ဖိုးကြီး ဖုန်းလောက် ဈေးနှုန်းသက်သာအောင် သူတို့ မလုပ်ဆောင်နိုင်ခဲ့ဘဲ ထို့အပြင် ဖုန်းယွီက မကြာမီတွင် ကာလာမျက်နှာပြင်ပါသော တန်ဖိုးကြီး ဖုန်း အသစ်တစ်မျိုးကို ထပ်မံထုတ်လုပ်ဦးမည်ဖြစ်ကာ၊ ရောင်းဈေးမှာ ၅၉ ဒေါ်လာဖြစ်ပြီး၊ တရုတ်ဈေးကွက်တွင် ၄၄၉ ယွမ်သာ ဖြစ်လေရာ၊ သူတို့ Nokia၏ စီးရီး ၁ကို အပြီးတိုင် ရှုံးနိမ့်သွားစေခဲ့လေသည်။
သူတို့ Nokia က ဂဏန်းများကို အသုံးပြု၍ စီးရီးများကို အမည်ပေးပြီး၊ မတူညီသော ဂဏန်းများက မတူညီသော လုပ်ဆောင်ချက် ဦးတည်ချက်များကို ကိုယ်စားပြုလေသည်။ ဖုန်းယွီဖုန်းကမူ အက္ခရာများကို အသုံးပြု၍ စီးရီးများကို ကိုယ်စားပြုလေသည်။
C စီးရီးမှာ တန်ဖိုးကြီး စီးရီးဖြစ်ပြီး၊ C01သည် ဖုန်းယွီအမှတ်တံဆိပ်၏ ကမ္ဘာ့အရောင်းပမာဏ နံပါတ်တစ်ဖြစ်သော၊ အလုံးရေ သန်းနှစ်ရာ ပြည့်လုနီးပါး ဖြစ်နေသည့် ထိုတန်ဖိုးကြီး ဖုန်းပင် ဖြစ်လေသည်။
Z Series မှာ ဓာတ်ပုံရိုက်စီးရီးဖြစ်ပြီး၊ လက်ရှိတွင် စတုတ္ထမျိုးဆက်သို့သာ ရောက်ရှိသေးသော်ငြားလည်း၊ ယှဉ်ပြိုင်ဘက်ကင်းသည့် စွမ်းဆောင်ရည်များကို ပြသနေပြီ ဖြစ်လေသည်။
S Series မှာ စမတ်ဖုန်း စီးရီးဖြစ်ပြီး၊ လက်ရှိတွင် ဒုတိယမျိုးဆက်သို့သာ ရောက်ရှိသေးကာ၊ တတိယမျိုးဆက်မှာလည်း မကြာမီ ဈေးကွက်သို့ ရောက်ရှိလာတော့မည်ဟု ကြားသိရလေသည်။
T Series မှာ ကွန်ရက်နှစ်ခု စင်းကတ်နှစ်ခုသုံးစီးရီးဖြစ်ပြီး၊ လက်ရှိတွင်လည်း အလွန်တရာ ရေပန်းစားနေလေသည်။
Y Series မှာ ဂီတဖုန်း စီးရီးဖြစ်ပြီး၊ ပထမမျိုးဆက် နှစ်မော်ဒယ်သာ ထွက်ရှိခဲ့ဖူးကာ၊ သူတို့၏ အဓိက သုတေသန ဦးတည်ချက် မဟုတ်တော့သည့်ပုံပေါ်လေသည်။ ဂီတဖုန်း ဈေးကွက်တွင်မူ၊ လက်ရှိ၌ လူကြိုက်အများဆုံးမှာ AIWA၏ ထုတ်ကုန်များဖြစ်ပြီး၊ သူတို့ကလည်း ဂီတဖုန်း တစ်မျိုးတည်းကိုသာ ထုတ်လုပ်ကြလေသည်။
D Series မှာ ဘက်ထရီ အလွန်ခံသောစီးရီးဖြစ်ပြီး၊ လက်ရှိတွင် တတိယမျိုးဆက်အထိ ထွက်ရှိခဲ့ကာ စတုတ္ထမျိုးဆက်လည်း ထွက်ပေါ်လာတော့မည်ဟု ကြားသိရလေသည်။
G Seriesမှာ ဂိမ်းဖုန်း ဖြစ်ပြီး၊ ၎င်းလည်း တတိယမျိုးဆက်အထိ ထွက်ရှိခဲ့လေပြီ။
ထို့အပြင် ၎င်းတို့က မတူညီသော ရောင်းအားပစ်မှတ်များကို ကိုယ်စားပြုသည့် နောက်ထပ် ဖုန်း စီးရီးအချို့ကိုလည်း ထုတ်လုပ်ဦးမည်ဟု ကြားသိရပြီး၊ အသီးသီးကို B Series၊ L Series၊ P Series စသည်ဖြင့် အမည်ပေးထားကာ၊ အတိအကျ ဘာကို ဆိုလိုသည်ကိုမူ ၎င်းတို့လည်း ခန့်မှန်း၍ မရနိုင်ကြပေ။
အဘယ်ကြောင့်ဆိုသော် ယခင်က ထိုစီးရီးများ၏ အမည်ပေးပုံ စတိုင်လ်ကို သူတို့ နားမလည်ခဲ့သောကြောင့်ဖြစ်ပြီး၊ တရုတ်ဘက်ရှိ တာဝန်ခံ၏ ပြောစကားအရ၊ တရုတ် ဖျင်းယန်းများနှင့် ဆက်စပ်မှု ရှိပုံရသည်ဟု ဆိုသော်ငြားလည်း၊ အက္ခရာ တစ်လုံးတည်းဖြင့်၊ မည်သည့် ဖျင်းယန်း ဖြစ်သည်ကို မည်သို့ ခန့်မှန်းနိုင်မည်နည်း။
Nokia သည် ဥရောပနှင့် အာရှရှိ ၎င်းတို့၏ နေရာအတိုင်းအတာကို အားကိုးကာ၊ Motorolaကို ကျော်တက်ခဲ့ပြီး၊ ကမ္ဘာ့ ဖုန်း ဈေးကွက်၏ ခေါင်းဆောင်ကြီး ဖြစ်လာခဲ့ကာ၊ Motorolaကိုလည်း အမြဲတမ်း ပြင်းထန်စွာ ဖိနှိပ်ထားနိုင်ခဲ့လေသည်။
Motorolaကို နင်းထားနိုင်ပြီဆိုမှတော့ သူတို့နှင့် ယှဉ်ပြိုင်နိုင်မည့် အခြားဖုန်း အမှတ်တံဆိပ် မရှိတော့ဘူးဟု ထင်မှတ်ထားခဲ့ကြပြီး၊ Sony-Ericsson၊ Samsung၊ Sharp၊ Panasonic၊ LGစသည်တို့ကို သူတို့က လုံးဝ အလေးအနက် မထားခဲ့ကြပေ။
သို့သော် သူတို့သည် တရုတ်မှ ထွက်ပေါ်လာသော ဤအမှတ်တံဆိပ်ကို လျစ်လျူရှုထားမိခဲ့ကြပြီး၊ ယခင်က အိမ်သုံးလျှပ်စစ်ပစ္စည်းများ ထုတ်လုပ်ရာမှ၊ လူသုံး အီလက်ထရောနစ် ပစ္စည်းများကဏ္ဍသို့ ကူးပြောင်းလာသော အမှတ်တံဆိပ် တစ်ခုကို လျစ်လျူရှုထားမိခဲ့ကြလေသည်။
နှစ်အနည်းငယ်မျှ အချိန်အတွင်းမှာပင်၊ ဖုန်းယွီဖုန်းသည် ဈေးကွက်၏ ထုတ်လုပ်ရောင်းချရမှု ပမာဏ နံပါတ်တစ် ဖြစ်လာခဲ့ပြီး၊ သူတို့ Nokia အား ပြန်လည် နာလန်ထူနိုင်မည့် အခွင့်အရေး တစ်စက်လေးမျှပင် မပေးတော့ပေ။
မည်သည့်စီးရီး၏ ထုတ်ကုန်သစ်မဆို အားလုံးက လုပ်ငန်းနယ်ပယ်၏ အရှေ့ဆုံးတွင် ပြေးနေပုံရလေသည်။
အခြားသော အမှတ်တံဆိပ်များက စွမ်းဆောင်ရည်ပိုင်းတွင် သူတို့ကို အနည်းငယ် ကျော်လွန်သွားသည်နှင့် သူတို့က ချက်ချင်းဆိုသလို ထုတ်ကုန်သစ်များကို ထုတ်လုပ်လာကြပြီး၊ ဈေးကွက်ကို တစ်ဖန်ပြန်လည် လုယူသွားကြကာ၊ များသောအားဖြင့် သူတစ်ပါး၏ ထုတ်ကုန်သစ်များ မထွက်ပေါ်လာသေးမီမှာပင်၊ ၎င်းတို့ ဖုန်းယွီအမှတ်တံဆိပ်က ထုတ်ကုန်သစ်များကို အရင်ဆုံး ထုတ်လုပ်သွားလေ့ရှိကြလေသည်။
ဥပမာအားဖြင့် ယခုဓာတ်ပုံရိုက်ဖုန်းကဲ့သို့ပင်ဖြစ်ပြီး၊ လူတို့၏ စိတ်နှလုံးထဲတွင် မျှော်လင့်ချက် ကင်းမဲ့သွားစေသည့် ခံစားချက်မျိုးကို ဖြစ်ပေါ်လာစေခဲ့လေသည်။
ဖုန်းယွီဖုန်းကို တကယ်ပဲ ကျော်လွန်ဖို့ မဖြစ်နိုင်တော့ဘူးလား။
......
******