မင်းလူတွေကို သတ်ပစ်မယ်
Vol. 81-85 Ch. 1223
အော်သံက ယဲ့ဖန်ဆီမှ ထွက်ပေါ်လာသည်ဟု သူတို့ အစ၌ ထင်ခဲ့မိသော်လည်း အဖြစ်မှန်မှာ တစ်ဖက်လူက ယင်အဆိပ် အလောင်းဘုရင်၏ ဦးခေါင်းအား လိမ်ချိုးလိုက်ခြင်း ဖြစ်နေသည်။
*ဒါ ဘယ်လိုဖြစ်ရတာလဲ*
*လက်သီးတစ်ချက်တည်းနဲ့ ယင်အဆိပ် အလောင်းဘုရင်ကို သူ သတ်လိုက်တာလား*
*ဒီကောင်က ဘယ်လိုမိစ္ဆာမျိုးလဲ*
နိုင်ငံအနှံ့ ရုတ်ရုတ်သဲသဲ ဖြစ်သွားလေသည်။ ကွန်ပျူတာရှေ့နှင့် တီဗွီရှေ့ ထိုင်နေသော လူများအားလုံး ဤမြင်ကွင်းကြောင့် ကြက်သေ သေသွားကြသည်။
*ဒါ နာမည်ကျော် အလောင်းဘုရင်လေ*
*ပြိုင်ဘက်ကင်းလို့ ပြောလို့မရရင်တောင်မှ သိုင်းပညာရှင်တွေကို ဖိနှိပ်နိုင်တဲ့လူလို့ ခေါ်ကြတာပဲ*
*အခု သူက ဘယ်ကလာမှန်း မသိတဲ့ လူငယ်တစ်ယောက်ရဲ့ သတ်တာ ခံလိုက်ရပြီးတော့ ခေါင်းပါ ဖြုတ်ခံလိုက် ရတာလား*
ဤအဖြစ်က လူတိုင်းကို ကြောက်လန့်သွားစေသည်။ ယဲ့ဖန်က နတ်ဆိုးတစ်ကောင်နှင့် တူနေသဖြင့် သူတို့ ကြောက်လန့် သွားကြသည်။
*နတ်ဆိုး*
*ဒါ တကယ့်ကို နတ်ဆိုးမိစ္ဆာပဲ*
အားပါသည်ဟု မထင်ရသည့် လက်သီးတစ်ချက်က ချွန်းယန်အဆင့် သိုင်းပညာရှင်ကို တစ်ချက်တည်းဖြင့် သတ်လိုက်နိုင်သဖြင့် တစ်လောကလုံး ဖြူရော်သွားကြသည်။
“မိုက်တယ်၊ ကောင်းတယ်ကွာ”
ကယ်ဆယ်ရေးစခန်း၌ လူအုပ်ကြီးသည် စိတ်လှုပ်ရှားကာ တခဲနက် ဟစ်ကြွေးကြလေသည်။ အဘယ်ကြောင့် ဆိုသော် ယင်အဆိပ် အလောင်းကောင်ဘုရင်သည် ဖျင်အန်းမြို့သို့ အရင်ဆုံး ရောက်လာသူ ဖြစ်သလို လူစသတ်ခဲ့သူလည်း ဖြစ်သည်။
ဖျင်အန်းမြို့မှ အသက်ပေါင်းများစွာ ဆုံးရှုံးခဲ့ရသည်။ ထိုအထဲတွင် ဤအပြစ်မဲ့သော မြို့သူမြို့သူများ၏ ဆွေမျိုးသားချင်းများနှင့် မိတ်ဆွေများ ပါဝင်ခဲ့သည်။
“ငါ့ကလေးလေး၊ မိန်းမရေ မင်းတို့ မြင်ကြရဲ့လား၊ အဲ့မိစ္ဆာကောင်ကြီး သေသွားပြီ၊ အရှင်ယဲ့ဘုရင်က ငါတို့အတွက် လက်စားချေ ပေးနေပြီ”
“အဖေနဲ့အမေ၊ အဖေတို့ သေသွားရတာ အလကား မဖြစ်ခဲ့ပါဘူး၊ အလောင်းဘုရင်ကိုလည်း အဖေတို့နဲ့အတူ လိုက်မြှုပ်လိုက်ပြီ”
ဖျင်အန်းတစ်မြို့လုံး မျက်ရည်လည်ရွဲ ဖြစ်နေကြသည်။ ထိုအခိုက်တွင် ယဲ့ဖန်သည် နတ်ဆိုး နတ်ဘုရားသဖွယ် ရပ်နေပြီး လူတိုင်းအား အရိုးထဲအထိ ချမ်းအေးကာ တုန်တုန်ယင်ယင်နှင့် နောက်ဆုတ်သွားစေသည်။
*ဒီမိစ္ဆာကောင်က ဘယ်ကပေါ်လာတာလဲ၊ ဘယ်လိုလုပ် သူ့မှာ ကောင်းကင်ဘုံ ဆန့်ကျင်တဲ့ နည်းလမ်းမျိုး ရှိရတာလဲ*
*လက်သီးတစ်ချက်တည်းနဲ့ ချွန်းယန်အဆင့်ကို သတ်ပစ်တယ်*
*ဒါမျိုး အရင်က တစ်ခါမှ မဖြစ်ဖူးဘူး၊ မယုံနိုင်စရာပဲ*
ယဲ့ဖန်သည် ခံစားချက် ကင်းမဲ့စွာဖြင့် သွေးများ ပေကျံနေသော ခေါင်းပြတ်ကို လက်မှကိုင်၍ ယင်အဆိပ် အလောင်းဘုရင်၏ နောက်လိုက်များထံသို့ လျှောက်လာသည်။
သူသည် ဖန်ဆင်းရှင်တစ်ပါးနှင့် အသွင်တူနေပြီး ပြင်းထန်သော ဖိအားများ ထုတ်ဖော်နေသောကြောင့် ယင်အဆိပ် အလောင်းဘုရင်၏ နောက်လိုက်များ ထွက်ပြေးရန် ပြင်ကြလေသည်။ သို့သော် သူတို့၏ ခြေထောက်များက အမြစ်ပေါက်နေသကဲ့သို့ လှုပ်မရ ဖြစ်နေ၏။
သူ ခြေလှမ်းတစ်လှမ်း လှမ်းလိုက်တိုင်း သိုင်းပညာရှင်တစ်ယောက် ခါးလယ်မှနေ၍ တိခနဲ ပြတ်တောက်သွားပြီး အလောင်းက မြေကြီးပေါ် ဘုန်းခနဲ ပြတ်ကျသွားလေသည်။ တစ်လမ်းလုံး သွေးများဖြင့် ပြည့်နှက်လာ၏။ သွေးအေးအေးနှင့် တည်ငြိမ်စွာ လူသတ်နေခြင်းက ကျောချမ်းစရာ ကောင်းလှသည်။
ထို့နောက် သူသည် ယင်အဆိပ် အလောင်းဘုရင်၏ နောက်လိုက်များထံသို့ ရောက်လာပြီး အေးစက်စက် အကြည့်များဖြင့် တစ်ယောက်ချင်းစီကို ဝေ့ကြည့်လိုက်သည်။
ထိုအခါ ထိုလူများအားလုံး ငြိမ်ကျသွားပြီး ပါးစပ်ပိတ်ကာ တစ်ကိုယ်လုံး ချွေးများ စို့လာသည်။ သူတို့၏ ယင်အဆိပ် အလောင်းဘုရင်က ယခု သူတို့အရှေ့မှ လူထံ၌ အလွယ်တကူ အသတ်ခံလိုက်ရလိမ့်မည်ဟု သူတို့ ထင်မထားမိပါ။
ယဲ့ဖန်က လက်ကိုမြှောက်၍ ထိုလူများ၏ ကင်မရာကို လက်ညှိးထိုး၍ အေးစက်စက် ပြောလိုက်သည်။
“ဒုတိယတစ်ယောက်”
*ဒုတိယတစ်ယောက်တဲ့လား၊ ဒါ ဘာပြောချင်တာလဲ*
*ဒီလူက ချွန်းယန်အဆင့်တစ်ယောက်ကို သတ်ထားပြီးတာလား၊ ဒါက ဒုတိယမြောက်လူလား*
ဖြစ်နိုင်ချေကို စဉ်းစားမိပြီးနောက် ဖန်သားပြင်ရှေ့မှလူများအားလုံး ကြက်သီးမွေးညင်းထကာ ခြေထောက်များ ပျော့ခွေလာ၏။
*ဒီလူက ဘယ်သူလဲ*
ထိုအခိုက်တွင် ဖန့်ယွင်သည်လည်း ယဲ့ဖန်ကို ကင်မရာဖြင့် ချိန်ထားပြီး ကင်မရာကို သူ့ဘက်ပြန်လှည့်၍ အားရသော အပြုံးဖြင့် ပြောလိုက်သည်။
“မင်းတို့တွေ ယဲ့ဘုရင်ကို အချိန်တော်တော်ကြာအောင် ရှာနေခဲ့တာ မဟုတ်လား၊ အခု သူ ရောက်လာပြီ”
“ပြီးတော့ မင်းတို့ဂုဏ်ယူနေရတဲ့ သိုင်းပညာရှင်တွေ သေသွားပြီ”
“ဟားဟားဟား မင်းတို့ ယဲ့ဘုရင်ကို အထင်သေးခဲ့တယ် မဟုတ်လား၊ သူ သေလိမ့်မယ်လို့ မင်းတို့ ပြောခဲ့တာမလား၊ အခု ယဲ့ဘုရင်က မင်းတို့ကို ဘယ်လိုသတ်မလဲ ကြည့်ရသေးတာပေါ့”
“ဖျင်အန်းမြို့မှာ ရှိနေသေးတဲ့ ကျူးကျော်သူတွေ မင်းတို့လည်ပင်းကို ဆေးကြောပြီး စောင့်နေကြ၊ ယဲ့ဘုရင် ရောက်လာပြီ”
“ပြီးတော့ မျှော်လင့်ချက်ကို မစွန့်လွှတ်တဲ့ ဖျင်အန်း မြို့သူမြို့သားတွေ၊ ခင်ဗျားတို့ ထပ်ပြီး ကြောက်နေစရာ မလိုတော့ဘူး၊ ခင်ဗျားတို့ရဲ့ဘုရင် ရောက်လာပြီ”
ကျုံးကျိုး အင်ပါယာ၏ တိုက်ရိုက်ထုတ်လွှင့်ခြင်း ဖိုရမ်တစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားကြသည်။
*အဲ့လူက ယဲ့ဘုရင်လား*
*ကြောက်စရာကောင်းတဲ့လူက လူငယ်တစ်ယောက် ဖြစ်နေတာလား*
တိုက်ရိုက်ထုတ်လွှင့်ခြင်း ဖိုရမ်တစ်ခုလုံး အချိန်အတော်ကြာ တိတ်ဆိတ်နေပြီး ဆယ်မိနစ်ကျော်ကြာအောင် တရစပ် ဝေဖန်ခြင်း မရှိတော့ချေ။
လူတိုင်း ငြိမ်ကျသွားပြီး မည်သူမှ စကားမပြောရဲသလို အသက်ပင် မရှူရဲဘဲ တိုက်ရိုက် ထုတ်လွှင့်ခြင်းကိုသာ စိုးရိမ်တကြီး ကြည့်နေကြသည်။
ယဲ့ဘုရင်က ထွက်မပြေးဘဲ တစ်နိုင်ငံလုံးရှေ့၌ ပြန်ပေါ်လာပြီး ယင်အဆိပ် အလောင်းဘုရင်ကို လက်သီး တစ်ချက်တည်းဖြင့် သတ်လိုက်ခြင်းက နဂါးမြို့တော်မှ လူတိုင်းကို အကြီးအကျယ် လူသိရှင်ကြား အရှက်ခွဲလိုက် သလိုပင်။ ဤသည်က တစ်နိုင်ငံလုံးကို တစ်ယောက်တည်း၏ ခွန်အားဖြင့် လှုပ်ခါလိုက်ခြင်း ဖြစ်သည်။
“မင်းတို့က ယင်အဆိပ် အလောင်းဘုရင်ရဲ့ နောက်လိုက်တွေလား”
ယဲ့ဖန်က လက်ရှိလူများကို အေးစက်စက် လေသံဖြင့် မေးလိုက်သည်။ မည်သူမှ ပြန်မဖြေရဲဘဲ တုန်ယင် နေကြသည်။ ဤနတ်ဆိုးရှေ့၌ သူတို့အားလုံး ခွန်အားမဲ့နေလေသည်။
“ဒါဆိုရင် မင်းတို့အားလုံး သေလို့ရပြီ”
ယဲ့ဖန် ခပ်အေးအေး ပြောလိုက်ပြီးနောက် သူ့မျက်လုံးများက ရုတ်တရက် လက်နဲ ဖြစ်သွားပြီး မိုးကောင်းကင် ဥပဒေသများ ပေါင်းစပ်သွားပြီး တာအိုစွမ်းအင်တစ်ခု ဖြစ်ပေါ်လာသည်။
ထိုလူများအားလုံး၏ အမူအရာများ အကြီးအကျယ် ပြောင်းလဲသွားသည်။ သူတို့ အလွန် အန္တရာယ်များသော ခံစားချက် ရလာကြသည်။
“အား … အား … အား …”
အော်သံများ ပဲ့တင်ထပ်ကာ ထွက်ပေါ်လာသည်။ သူတို့၏ ခန္ဓာကိုယ်များ တစ်စစီ ပျက်စီးလာပြီး သွေးများ ပန်းထွက်ကာ အရိုးများနှင့် အသားများသာ ပုံလျက်သား ကျန်ခဲ့ပြီး မြေကြီးက သွေးများကြောင့် ချင်းချင်းနီလာ၏။
ဤသည်မှာ ကျူးကျော်လာသူတိုင်း သေရမည်ဟူသည့် ခြိမ်းခြောက်မှုတစ်ခုသာ ဖြစ်လေသည်။ ဖန်သားပြင်ရှေ့၌ သေသွားသော ဘုရင်တစ်ပါး၏ ခေါင်းပြတ်ကို ပြပြီး ထိုဘုရင်၏ နောက်လိုက်များကို သတ်ပြကာ ကျူးကျော်သူ၏ ကံကြမ္မာအား အများသိအောင် ပြသလိုက်သည်။
တိုက်ရိုက် ထုတ်လွှင့်ခြင်း ဖိုရိမ်တစ်ခုလုံး အချိန်အတော်ကြာအောင် တိတ်ဆိတ်သွားသည်။ သူတို့ ဝင်ပူးပေါင်း၍ တိုက်ခိုက်ချင်ပါသော်လည်း သူတို့၌ လက်ချောင်းပင် ချိုးရဲသည့် သတ္တိမရှိပေ။
ကီးဘုတ်ဖိုက်တာများသည်လည်း သူတို့ စကားတစ်လုံးများ ရိုက်မိသည်နှင့် သူတို့ရှေ့သို့ ယဲ့ဖန် ပေါ်လာလိမ့်မည်ဟု ထင်မှတ်မိသည်အထိ ကြောက်လန့်နေကြသည်။ ပွဲကြည့်ပရိတ်သတ်များအားလုံး ကျောချမ်းသွားလေသည်။
“ဒီခေါင်းပြတ်ကို ဖျင်အန်းမြို့ရဲ့ မြို့တံခါးဝမှာ ချိတ်ထားလိုက်”
ယဲ့ဖန်က အေးစက်စွာ ပြောလိုက်ပြီးနောက် ခေါင်းပြတ်ကို ဖန့်ယွင်ထံ ပစ်ပေးလိုက်သည်။
“ဟုတ်ကဲ့”
ဖန့်ယွင် ခပ်သွက်သွက် ခေါင်းညိတ်လိုက်ပြီးနောက် သူ့လက်ထဲက ခေါင်းပြတ်က လေးလွန်းသည်ဟု ခံစားမိ သွားသည်။
*ဒါက တကယ့် ချွန်းယန်အဆင့် လူတစ်ယောက်ရဲ့ ခေါင်းပြတ်ပဲ*
*ဒါ ဘုရင်တစ်ပါးရဲ့ ဦးခေါင်းလေ*
*အဲ့ဒါကို မြို့တံခါးမှာ သွားချိတ်ခိုင်းတယ်တဲ့လား*
ထိုစကားကြောင့် လူတိုင်း တုန်လှုပ်သွားရပြန်သည်။
*ယဲ့ဘုရင်က ပေါ်လာတာနဲ့ ဆက်တိုက် လူသတ်တော့တာပဲ၊ ချွန်းယန်အဆင့် ဘုရင်တိုင်းကို ခေါင်းဖြတ်ပြီး မြို့တံခါးမှာ ချိတ်ချင်နေတာလား*
*ဒါ သတိပေးတာပဲ ပြီးတော့ အရှက်ခွဲတာ*
*ယင်အဆိပ် အလောင်းဘုရင်အတွက် ဒီလိုသေခြင်းတရားက အရမ်း ရှက်စရာကောင်းမှာ၊ သူက သေသွားပြီး တာတောင် အရှက်ခွဲခံရတယ်*
*သူက တစ်ခါပဲ မအောင်မြင်ခဲ့တာ၊ ဖျင်အန်းမြို့ကို ကျူးကျော်ဖို့ ရှုံးနိမ့်သွားခဲ့တာ၊ အဲ့တာကြောင့် သူ ခေါင်းဖြတ်ခံရပြီးတော့ နောက်မျိုးဆက်တွေပါ လှောင်တာခံရအောင်လို့ မြို့တံခါးမှာ သူ့ခေါင်းပြတ်ကို ချိတ်ထား ခံရတာ*
*ဒါ ဘုရင်တစ်ပါးအတွက် အကြီးမားဆုံး အရှက်ကွဲခြင်းပဲ*
*ယဲ့ဘုရင် လွန်လွန်းတယ်*
သို့သော် ယဲ့ဖန်က ထိုအရာအားလုံးကို ဂရုမစိုက်ဘဲ နောက်တိုက်ပွဲဖြစ်နေရာသို့ ဆက်လျှောက်သွားလေသည်။ အစမှအဆုံးတိုင် သူ့၌ ဘာခံစားချက်မှ ရှိမနေဘဲ နတ်ဘုရားသဖွယ် တည်ငြိမ်နေသလို ငရဲကဲ့သို့ ကြောက်စရာ ကောင်းလှသည်။
ဖန့်ယွင် ပြန်လည်၍ တိုက်ရိုက် ထုတ်လွှင့်လိုက်ပြီး လှောင်ရယ်သံဖြင့် ပြောလိုက်သည။
“မင်းတို့ကောင်တွေ ခန့်မှန်းရတာကို ကြိုက်တယ်မလား၊ ဒီဘုရင်တွေ ဖျင်အန်းမြို့ကို ဘယ်လောက်ကြာကြာ ထိုးဖောက်နိုင်မလဲ ခန့်မှန်းခဲ့တယ် မဟုတ်လား”
“အခု အဲ့ဘုရင်တွေ ဖျင်အန်းမြို့မှာ ဘယ်လောက် ကြာကြာ အသက်ရှင်မလဲ မှန်းကြည့်ပါလား”
သူ၏ သရော်စကားက ဒေါသထွက်စရာ ကောင်းလှသည်။ သို့သော် မည်သူမှ ခံမငြင်းရဲပေ။ အဘယ်ကြောင့်ဆိုသော် ဖျင်အန်းမြို့ကဲ့သို့ သေးနုပ်သော နေရာလေး၌ ပြိုင်စံရှားသော နတ်ဆိုးတစ်ကောင် ပုန်းကွယ်နေလိမ့်မည်ဟု သူတို့ ထင်မထားမိ သောကြောင့်ပင်။
တစ်ဖက်တွင် ရှောင်နန်သည် နေလုံးအသွင်ပြောင်း၍ မြင့်မားသော ကောင်းကင်တစ်နေရာ၌ ရွေ့လျား၍ အောက်ဘက်မှ မြေပြင်နေရာတိုင်းအား ပူလောင်ခြောက်သွေ့ကာ သက်ရှိတိုင်းအား သေဆုံးအောင် လုပ်နေ၏။
“အရှင် အသက်ချမ်းသာပေးပါ၊ အသက်ချမ်းသာပေးပါ”
“အရှင် ကျုပ်တို့ ဘာအမှားလုပ်မိလို့ ကျုပ်တို့ကို ဒီလို အပြစ်ပေးရတာလဲ”
“အရှင် ညှာတာပေးပါ၊ ကျုပ်ကိုပဲ သတ်ပြီး ကျုပ်မိန်းမနဲ့ ကလေးတွေကို ချမ်းသာပေးပါ”
အောက်ဘက်၌ လူတစ်စုသည် ဒူးထောက်၍ ချမ်းသာပေးရန် တောင်းပန်နေ၏။ သူတို့ လုံးဝ ပြေးမလွတ်နိုင်မှန်း သိလိုက်ကြသည်။ ဤမြင့်မားလှသော အပူချိန်၏ ပျံ့နှံ့နှုန်းက ကားဖြင့် ပြေးမည့် အမြန်နှုန်းထက်ပင် အဆပေါင်း များစွာ ပိုမြန်နေသည်။
သို့သော် ရှောင်နန်သည် အပြုံးကြီး ပြုံးနေပြီး တစ်စက်ကလေးမှ မသနားပေ။
“ယဲ့ဘုရင် တစ်နေ့လုံးနေလို့မှ ပေါ်မလာရင် ဖျင်အန်းတစ်မြို့လုံး ရှင်းလင်းလို့ ပြီးတဲ့အထိ မင်းတို့ ငါ့ဆီမှာ နှိပ်စက် ခံရမှာပဲ”
“မင်းတို့ မုန်းချင်ရင် ယဲ့ဘုရင်ကိုပဲ မုန်းကြ၊ မင်းတို့ကို ဒုက္ခပေးတာ သူပဲလေ ဟားဟားဟား …”
“ကျယ်ကျယ်အော်လေ၊ ယဲ့ဘုရင် မင်းတို့အော်သံကို ကြားပြီးတော့ အသိဝင်လာပြီး မင်းတို့ကို ကယ်ဖို့ ထွက်လာချင် ထွက်လာမှာပေါ့ ဟဲဟဲဟဲ”
ရှောင်နန်၏ ရယ်သံက ပိုမိုမောက်မာကာ ရက်စက်လာသည်။ သူ၏ မြင့်မားသော အပူချိန်အောက်၌ အပြစ်မရှိသော ကလေးများ လူးလှိမ့်အော်ဟစ်၍ အရှင်လတ်လတ် လောင်ကျွမ်းသေဆုံးသွားသည်ကို ကြည့်ပြီး သူ အားရ ဝမ်းသာစွာ မရပ်တမ်း ရယ်နေသည်။
“ရှောင်နန်ရဲ့ ကျန်းယန် သိုင်းကွက်က အမြင့်ဆုံးအထိ ရောက်သွားတဲ့ပုံပဲ၊ ယန်စွမ်းအင်တွေကို ထုတ်လွှတ် နိုင်ပြီးတော့ နတ်ဘုရားလိုတောင် ဖြစ်နေပြီ”
ကျန်းယန်သိုင်းကျင့်စဉ်သည် အလွန် ထူးကဲသော ကျင့်စဉ်ဖြစ်ပြီး ယန်စွမ်းအင်ကို ဆယ်ဆပို၍ ထုတ်ဖော်နိုင်သည်။ မိမိသိုင်းအဆင့် မြင့်မားလာလေ စွမ်းအားက ကြောက်စရာကောင်းလာလေ ဖြစ်လေသည်။
ထို့ကြောင့် ကျန်းယန်ကို စသုံးသည်နှင့် တောတောင်များ လောင်ကျွမ်း၍ ပင်လယ်များ ခမ်းခြောက်ရသည်ဟု ဆိုကြသည်။ ပြင်းထန်လှသော ဤယန်စွမ်းအင်သည် ယန်စွမ်းအင်ကို မှီခိုရသည့် ဤလောကမှလူများကိုတောင်မှ မခံမရပ်နိုင် ဖြစ်စေကာ သူတို့၏ ခန္ဓာကိုယ်များ ခြောက်သွေ့လောင်ကျွမ်းသွားရသည်။ ၎င်း၏ အပူချိန်က နေအစစ်၏ အပူချိန်နှင့် ယှဉ်နိုင်ပေသည်။
“ရှောင်နန်က ခေတ်သစ် ယဲ့မိသားစုရဲ့ အတော်ဆုံး တပည့်လို ခေါ်ထိုက်ပါပေတယ်၊ ဒီနည်းလမ်းက တကယ့်ကို လောကကို ဆန့်ကျင်တဲ့ နည်းလမ်းပဲ”
“မဟုတ်သေးဘူး၊ သူ့ဆရာက ဘုရင်တွေကိုတောင် လွှမ်းမိုးနိုင်တဲ့ ယဲ့မိသားစုရဲ့ နာမည်ကြီး တတိယဘိုးဘေးလို့ ငါ ကြားတယ်၊ အကျင့်က အတူတူပဲ၊ ဒီဆရာတပည့်က လိုက်လည်း လိုက်တယ်”
လူတိုင်း အံ့ဩနေကြပြီး နဂါးမြို့တော်မှ လူများမှာမူ အလွန် စိတ်လှုပ်ရှားနေကြသည်။ အဘယ်ကြောင့်ဆိုသော် တစ်ဖက်လူက သူတို့ နဂါးမြို့တော်၏ ဂုဏ်ယူရသော ပုဂ္ဂိုလ်တစ်ယောက် ဖြစ်နေသောကြောင့်ပင်။ ရှောင်နန်သည် ယဲ့မိသားစု တတိယဘိုးဘေး၏ အထူးချွန်ဆုံး တပည့် ဖြစ်သလို သူတို့ နဂါးမြို့တော်၏ ဂုဏ်ယူရာလည်း ဖြစ်ပေသည်။
သူတို့ မျှော်လင့်နေသောအရာမှာ ယဲ့ဘုရင်တစ်ယောက် ရှောင်နန်၏ ခေါင်းဖြတ်ခြင်း ခံလိုက်ရပြီး နဂါးမြို့တော်၏ ခွန်အားကို ပြသနိုင်မည့် အချိန် ဖြစ်သည်။
“နေတဲ့လား၊ တကယ်လို့ နေမင်းက ငါ့ကို ရန်စလာရင် ငါက နေရဲ့ အလင်းရောင်ကို ပိတ်ဆို့ပြီး ငါ့ကို အရှင်မင်းကြီးလို့ ခေါ်ရအောင် လုပ်မှာ”
ရုတ်တရက် ကြည်လင်သော ကောင်းကင်ယံရှိ မိုင်ထောင်ချီဝေးသော တစ်နေရာမှာ မိုးခြိမ်းသံကဲ့သို့သော အသံတစ်သံ ထွက်ပေါ်လာ၏။
“ဘယ်သူလဲ၊ ဘယ်သူက ဒီလို မဟုတ်တမ်းတရားတွေ ပြောရဲတာလဲ”
ရှောင်နန် ဘာမှမပြောရသေးခင်မှာပင် ယဲ့မိသားစုဝင် သိုင်းပညာရှင်တစ်ခုက ရုတ်တရက် ဒေါပွလာကြသည်။ ရှောင်နန်သည် သူတို့ ယဲ့မိသားစုဝင်တစ်ယောက်လိုပင်။ သူတို့သည် ရှောင်နန်ကို နှုတ်ဆက်ရန် လာကြခြင်း ဖြစ်ပြီး ဤကိစ္စ ပြီးသွားသည်နှင့် ရှောင်နန်ကို ယဲ့မိသားစုဆီ ဖိတ်ခေါ်၍ အောင်ပွဲခံရန် ကြံစည်ထားခြင်း ဖြစ်လေသည်။
သို့သော် တစ်စုံတစ်ယောက်က ရှောင်နန်ကို ပေါ်တင် ပုတ်ခတ်စော်ကားရဲသည်အထိ အတင့်ရဲလိမ့်မည်ဟု သူတို့ မျှော်လင့်မထားမိပေ။
“သူ ရောက်လာပြီ”
ထိုစဉ် လူတိုင်း တစ်နေရာသို့ လှမ်းကြည့်လိုက်မိပြီး လေထဲ၌ လူတစ်ယောက် လျှောက်လာနေသည်ကို တွေ့လိုက် ရသည်။
သူ့အနောက်၌ ကြောက်စရာကောင်းသော မြင်ကွင်းတစ်ခု ရှိနေပြီး ထိုမြင်ကွင်းမှာ ငရဲတံခါး ပွင့်သွားပြီး သရဲတစ္ဆေများ ထွက်လာသည်ဟု ထင်မှတ်မှားရလောက်အောင် ကြောက်စရာ ကောင်းလှသည်။
“ဂလု”
ချက်ချင်းဆိုသလိုပင် ယဲ့မိသားစုဝင်များ ပါးစပ်ပိတ်ကာ တံတွေးမျိုချလိုက်မိသည်။ တစ်ဖက်လူ၏ လူသတ် လိုစိတ်က အသက်ပင် မရှူရဲလောက်အောင် ပြင်းထန်နေမှန်း သူတို့ ခံစားမိနေ၏။
“မင်းကို သတ်မယ့်လူ”
တူညီသော စကားတစ်ခွန်းအား ယခင်အတိုင်း ဂရုမစိုက်ဟန်ဖြင့် ပြန်ဖြေလိုက်သည်။ သို့သော် ယခုတစ်ခေါက်၌ ယဲ့ဖန်သည် ဘာမှထပ်မပြောတော့ဘဲ တိုက်ခိုက်တော့သည်။
“ဝုန်း”
ကောင်းကင်ယံ အက်ကွဲလာပြီး ဟင်းလင်းပြင် အက်ကြောင်းရာတစ်ခု ဖြစ်ပေါ်ကာ ထိုအက်ကြောင်းက တဖြည်းဖြည်း ကျယ်ပြန့်လာ၏။ ထို့နောက် ထိုဟင်းလင်းပြင် အက်ကြောင်းထဲမှ ကြယ်တာရာတစ်လုံး ထွက်လာ၏။
*ဘာ*
ထိုအခိုက်တွင် တစ်နိုင်ငံလုံး အုတ်အော်သောင်းတင်း ဖြစ်သွားလေသည်။