အခန်း (၃၃၁-၃၃၃)
Vol. 23 Ch. 331-333
အခန်း(၃၃၁)
“ အရင်တစ်ခေါက်တုန်းက အကိုသီ တောင်ပိုင်းမြေရိုင်းဒေသထဲကနေ ထွက်သွားတာ ကုချင်းသင်ဖို့လို့ ငါကြားတယ်… အခု သူပြန်ရောက်လာပြီ… ဒါက ပထမဆုံးအကြိမ် သူကုချင်းတီးခတ်ရင်း သီချင်းဆိုတာကို ငါကြားဖူးတာပဲ… အမ နားထောင်ကြည့်ပါ… သီချင်းက အရမ်းနားထောင်ကောင်းတယ်… အမျိုးသားက ဇာတိမြေပြန်သွားတဲ့ သူ့ချစ်သူကို လိုက်ရှာနေတဲ့အကြောင်း ရေးဖွဲ့ထားတဲ့ သီချင်းပဲ… ကြည့်ရတာ အကိုသီက ကြင်ဖော်ရှာနေတဲ့ပုံပဲ ”
ဇာမဏီငှက်သည် ကုချင်းအသံနှင့် သီချင်းသံကို နားထောင်နေရင်း တီးတိုးရေရွတ်လိုက်သည်။ သီချင်း၏ ဆိုလိုရင်းအဓိပ္ပာယ်ကို သူနားလည်သည်။ သူ၏ အတောင်ပံနှစ်ဖက်က လက်များသဖွယ် ခေါက်လိုက်ဖြန့်လိုက် ဖြစ်သွားသည်။
“ ကြင်ဖော်ရှာဖွေတယ်လား… ”
ချန်းရှီ၏ မျက်နှာအမူအရာက မထူးမခြားနား ရှိနေဆဲပင်။ သူ့ရင်ထဲမှ မကျေမချမ်းမှုက မည်သို့ကြောင့် ထိုမျှအလွယ်တကူ ပျောက်ကွယ်သွားနိုင်မည်နည်း။ သူက နှာခေါင်းရှုံ့လိုက်သည်။
“ ကြင်ဖော်ကို သူဘယ်လိုရှာဖွေမလဲ ငါကြည့်မယ်… သူ့ရဲ့ အမှားတွေကို သီချင်းတစ်ပုဒ်နဲ့ ဖြေရှင်းနိုင်လိမ့်မယ်လို့ ထင်နေတာလား ”
သူက နူးညံ့စွာ အော်လိုက်ပြီး သီချင်းကို နားထောင်လိုက်သည်။ သီချင်းထဲမှာ ပါဝင်နေသော အဓိပ္ပာယ်ကို သူမသိခြင်း မဟုတ်ပေ။
သို့သော်လည်း သူက မည်သည့်အမူအရာမှ မဖော်ပြဘဲ မထူးမခြားနား နားထောင်နေသည်။
“ တင်းတုန်… တင်းတုန်… တင်းတုန်… ”
ကုချင်းအသံက သိမ်မွေ့ပြီး သာယာငြိမ့်ညောင်းသည်။ ယင်းက ချစ်သူနှစ်ယောက် နှစ်ကိုယ်ကြား တီးတိုးစကားပြောနေသည့်အလား သို့မဟုတ် အေးစက်စက်လေပြေက မျက်နှာကို ပွတ်သပ်သွားသည့်အလားပင်။ ထိုကုချင်းအသံထဲမှာ ချစ်ခြင်းမေတ္တာအပြင် တောင်းပန်သော ခံစားချက်လည်း ပါဝင်နေသည်။ ရှင်းလင်းစွာပင် သီရှီထျန်က သူ၏ ရင်တွင်းခံစားချက်ကို ကုချင်းသံစဉ်ထဲမှာ ထည့်သွင်းခဲ့သည်။
တစ်နည်းဆိုရသော် သူက ကုချင်းသံစဉ်မှတဆင့် ချန်းရှီကို တောင်းပန်နေသည်။ ထို့ပြင် ယင်းက သူ၏ ချစ်ခြင်းမေတ္တာကိုလည်း ဖော်ပြပေးသည်။
ဤသို့ပြောကြသည်။ တွေ့ဆုံမှုက ကံကြမ္မာဖြစ်သည်။ ချစ်ခြင်းမေတ္တာက တဖြည်းဖြည်း ပေါ်ပေါက်လာနိုင်သော်လည်း တွေ့ဆုံမှုက ရေစက်မပါလျှင် မဖြစ်နိုင်ပေ။
ကုချင်းအသံနှင့်အတူ သီချင်းသံက ထပ်မံ ထွက်ပေါ်လာသည်။
‘ ဒီလောကမှာ ချောမောလှပတဲ့ မိန်းကလေးတွေ အများကြီးပါ… ဒါပေမဲ့ ကိုယ့်မျက်လုံးထဲမှာတော့ မင်းတစ်ယောက်တည်းပဲ ရှိတယ်… မင်းက အရှေ့အရပ်မှာဆိုရင် အနောက်အရပ်ကို ကိုယ်ဘယ်တော့မှ မသွားပါဘူး… ’
‘ မင်းသာ ကိုယ့်ကို အခွင့်အရေးတစ်ခုပေးမယ်ဆိုရင် မင်းတစ်ဘဝလုံး ပျော်ရွှင်နေအောင် ကိုယ်ဖန်တီးပေးပါမယ်... ’
“ ဟွန့်… နင်ဘယ်လောက်ပဲ ကြိုးစားအားထုတ်ပါစေ… ငါချန်းရှီက နင့်ကို ဘယ်တော့မှ ခွင့်မလွှတ်ဘူး ”
ချန်းရှီသည် သူ့လက်ချောင်းများကြားထဲမှ ပွင့်ချပ်ကို ချေမွလိုက်သည်။ ပွင့်ချပ်သည် တစ်စစီ ကြေမွသွားသည်။ ချန်းရှီက စိတ်ထဲမှာ ဆိုးဆိုးဝါးဝါး တွေးလိုက်သည်။ ဤတစ်ကြိမ် မတော်တဆမှုက သူ့အား ကြီးကြီးမားမား ထိခိုက်နစ်နာစေခဲ့သည်။ သူက နှစ်ပေါင်းများစွာ ထိန်းသိမ်းလာခဲ့သော သန့်ရှင်းစင်ကြယ်မှုကို ဆုံးရှုံးသွားခဲ့ရုံသာမက သူ့မူလခန္ဓာကိုယ်၏ နတ်ဘုရားစွမ်းအင်အနှစ်သာရတစ်ဝက်ကိုလည်း ဆုံးရှုံးသွားခဲ့သည်။
ထို့ကြောင့် သီရှီထျန်အပေါ် သူ၏ အမုန်းတရားက အလွန်ကြီးမားသည်။ မြစ်သုံးစင်းဖြင့် ဆေးကြောမည်ဆိုလျှင်ပင် သူ့နှလုံးသားထဲမှ အမုန်းတရားက မပျောက်ကွယ်သွားနိုင်ပေ။
အကယ်၍ တစ်စုံတစ်ယောက်က ကုချင်းအသံ ထွက်ပေါ်လာသော ပင်မနေရာဆီသို့ သွားမည်ဆိုလျှင် ပန်းမျိုးတစ်ရာချိုင့်ဝှမ်း၏ အပြင်ဘက်မှာ မဏ္ဍပ်တစ်ခုက ရုတ်တရက် ထွက်ပေါ်လာကြောင်း မြင်ရလိမ့်မည်။ မဏ္ဍပ်ထဲတွင် ပစ္စည်းပစ္စယ အစုံအလင်ရှိသည်။ ဝတ်စုံနက် ဝတ်ဆင်ထားသော သီရှီထျန်က မဏ္ဍပ်ထဲမှာ ထိုင်နေသည်။ သူ့အရှေ့တွင် အနက်ရောင်ကုချင်းတစ်ခု ရှိသည်။ ထိုကုချင်းသည် ဒုစရိုက်ခုနစ်ပါးနတ်ဆိုးကုချင်းမှလွဲ၍ တခြားမဟုတ်ပေ။ လိုအင်ဆန္ဒစွမ်းအားကို ပမာဏများပြားစွာ စုပ်ယူပြီးနောက် နတ်ဆိုးကုချင်းက အနက်ရောင်သို့ ပြောင်းလဲသွားသည်။
ထို့ပြင် ယခု သီရှီထျန်က မိစ္ဆာအမြူတေဓာတ်လုံးကို ဖွဲ့စည်းပြီးသွားလေရာ မိစ္ဆာသားရဲနယ်ပယ်မှ အဆင့်ချိုးဖြတ်သွားပြီး အစစ်အမှန်မိစ္ဆာတစ်ကောင် ဖြစ်လာသည်။ ထို့ကြောင့် သူ၏ လက်နက်များဖြစ်သော ဒုစရိုက်ခုနစ်ပါးနတ်ဆိုးကုချင်းဖြစ်စေ သို့မဟုတ် ကျားဝိညာဉ်ဓားမော့ဖြစ်စေ ယင်းတို့နှစ်ခုစလုံးက ဓမ္မရတနာအဆင့်သို့ ဆင့်ကဲပြောင်းလဲသွားကြသည်။
သို့သော်လည်း ဆင့်ကဲပြောင်းလဲမှု လုပ်ငန်းစဉ်က ချက်ချင်းလက်ငင်း မပြီးမြောက်နိုင်ပေ။ ထိုအတွက် အချိန်ကာလတစ်ခု လိုအပ်သည်။ အကယ်၍ ကုချင်းက ယခင်ကဲ့သို့ ကျောက်စိမ်းဖြူရောင်သို့ ပြန်ပြောင်းလဲသွားမည်ဆိုလျှင် ထိုအခါ ဆင့်ကဲပြောင်းလဲမှုက ပြီးမြောက်သွားလိမ့်မည်။ ထိုအချိန်ကျလျှင် ဒုစရိုက်ခုနစ်ပါးနတ်ဆိုးကုချင်းက ဓမ္မရတနာတစ်ခု ဖြစ်လာလိမ့်မည်။
အကယ်၍ တစ်စုံတစ်ယောက်က ကုချင်းကို သေချာဂရုတစိုက် ကြည့်မည်ဆိုလျှင် ကုချင်းထဲမှာ အလွန်သန့်စင်သော လိုအင်ဆန္ဒစွမ်းအင်စီးကြောင်းများ ရွေ့လျားနေကြောင်း မြင်ရလိမ့်မည်။
ထူးဆန်းသည်မှာ ထိုစွမ်းအင်စီးကြောင်းများက အတူတကွ စုဝေးနေကြပြီး အံ့ဖွယ်မှော်သင်္ကေတများအဖြစ် ဖွဲ့စည်းနေကြသည်။ အံ့ဖွယ်မှော်သင်္ကေတများသည် ဖွဲ့စည်းသွားသည်နှင့်ချက်ချင်း ကုချင်းပေါ်မှာ တံဆိပ်ရိုက်ခတ်ခံလိုက်ရသည်။
အံ့ဖွယ်မှော်သင်္ကေတတစ်ခု တံဆိပ်ရိုက်ခတ်ခံလိုက်ရသည့်အခါတိုင်း ကုချင်းပေါ်မှ အနက်ရောင်က အနည်းငယ် လျော့နည်းသွားသည်။ တစ်နည်းဆိုရသော် လိုအင်ဆန္ဒစွမ်းအင်အားလုံးက အံ့ဖွယ်မှော်သင်္ကေတများအဖြစ် ဖွဲ့စည်းသွားမည်ဆိုလျှင် ကုချင်းက ဓမ္မရတနာအဖြစ် အောင်မြင်စွာ အဆင့်မြင့်တတ်သွားလိမ့်မည်။
မိစ္ဆာအသင်္ချေချိုင့်ဝှမ်းဆီသို့ သူပြန်ရောက်သွားသော်လည်း သူ့စိတ်က မတည်ငြိမ်နိုင်ပေ။ အနှောင့်အယှက်တစ်ခုက သူ့နှလုံးသားထဲမှာ အမြဲရှိနေသည့်အလားပင်။ သို့ဖြစ်၍ သူ့စိတ်က ယောက်ယက်ခက်နေသည်။ ရံဖန်ရံခါ ချန်းရှီ၏ ရုပ်ပုံက သူ့စိတ်ထဲမှာ ထွက်ပေါ်လာသည်။
အတိတ်၌ သူသည် တခြားလူများအပေါ် ကျေးဇူးအကြွေးတင်ခဲ့သော်လည်း ထိုသို့မခံစားခဲ့ရပေ။ သို့သော်လည်း ချန်းရှီနှင့်ပတ်သက်၍ သူက အပြစ်ရှိစိတ်ကို ခံစားနေမိသည်။ သေချာဂရုတစိုက် သူစဉ်းစားလိုက်သည့်အခါ ရှောင်ပြေးခြင်းက ပြဿနာ ဖြေရှင်းနည်းမဟုတ်ကြောင်း သူနားလည်သွားသည်။ အနာဂတ်မှာ သူ့အမှားကို ပြင်ဆင်ရန် အကောင်းဆုံး သူလုပ်ဆောင်သင့်သည်။
အလေးအနက်ပြောရလျှင် ချန်းရှီအပေါ် မည်သည့်ခံစားချက်မှ သူ့မှာမရှိကြောင်း ပြောလျှင် လိမ်ညာရာရောက်လိမ့်မည်။ မည်သို့ဖြစ်ပါစေ ချန်းရှီက ပြိုင်စံရှားလှပသော မိန်းကလေးတစ်ယောက် ဖြစ်သည်။ သို့သော်လည်း ယင်းက မြင်မြင်ချင်းအချစ် မဟုတ်ပေ။
သီရှီထျန်သည် မြင်မြင်ချင်းအချစ်နှင့်ပတ်သက်၍ လေ့လာသုံးသပ်ခဲ့သည်။ မြင်မြင်ချင်းအချစ်က တစ်ယောက်နှင့်တစ်ယောက်ကြားမှ ချစ်ကြိုးတစ်မျှင်သာ ဖြစ်သည်။ အပြန်အလှန်သိကျွမ်းပြီးနောက် ပိုရင်းနှီးလာသည့်အခါ အချစ်စိတ်က တိုးပွားလာလိမ့်မည်။ ထို့နောက် ခံစားချက်က ပိုပြီးနက်ရှိုင်းလာလိမ့်မည်။ မည်သူမှ အခြားတစ်ယောက်ကို မြင်မြင်ချင်းချစ်မိသွားလိမ့်မည် မဟုတ်ချေ။
တစ်နည်းဆိုရသော် ချစ်ခြင်းမေတ္တာသည် သေချာဂရုတစိုက် ပျိုးထောင်ပေးရမည့် ပန်းတစ်ပင် ဖြစ်သည်။ အချိန်ကြာမြင့်စွာ စိတ်ရှည်ရှည် ရေလောင်းပေါင်းသင်ပေးမှသာလျှင် ပန်းပင်က ရှင်သန်ကြီးထွားလာပြီး ပန်းပွင့်ပွင့်လာလိမ့်မည်။
သူနှင့် ချန်းရှီသည် တစ်ညအတူကုန်ဆုံးပြီးပြီ ဖြစ်၏။ သို့ဖြစ်၍ ချန်းရှီကို သာမန်မိန်းကလေးတစ်ယောက်အဖြစ် သူမမြင်နိုင်တော့ပေ။
ထို့ကြောင့် သူက ချန်းရှီထံမှ မေတ္တာကို အရယူရန် စိတ်ဆုံးဖြတ်လိုက်သည်။ သူက ချန်းရှီကို ပိုးပန်းတော့မည်။
ထို့ကြောင့် မည်သို့ပိုးပန်းသင့်ကြောင်း တစ်ညလုံး သူစဉ်းစားခဲ့သည်။
နောက်တစ်နေ့ နေထွက်လာသည့်အခါ သူက ဒုစရိုက်ခုနစ်ပါးနတ်ဆိုးကုချင်းကို ရင်ဝယ်ပိုက်၍ ချန်းရှီရှိသော ပန်းမျိုးတစ်ရာချိုင့်ဝှမ်းဆီသို့ ဦးတည်သွားသည်။ သူက ချိုင့်ဝှမ်းအပြင်ဘက်မှာ မဏ္ဍပ်တစ်ခု ဆောက်လုပ်လိုက်သည်။ သူက မဏ္ဍပ်ထဲမှာ ထိုင်ပြီးလျှင် “ ကြင်ဖော်ရှာ ”သီချင်းကို တီးခတ်လိုက်သည်။
‘ မင်းမရှိတဲ့ နေ့ရက်တွေကို ကိုယ်ဘယ်လို ဖြတ်ကျော်ရမလဲ… မင်းနဲ့ အတူရှိနေခဲ့တဲ့ နေ့ရက်တွေက ကိုယ့်အတွက် အပျော်ရွှင်ရဆုံး အခိုက်အတန့်တွေပါ… ’
‘ ဘယ်နေရာကိုပဲ ကြည့်ကြည့် မင်းရဲ့ မျက်နှာကိုပဲ မြင်ယောင်နေမိတယ်… ’
သူ၏ လက်ဆယ်ချောင်းက ကုချင်းကြိုးများပေါ်မှာ သိမ်မွေ့နူးညံ့စွာ ရွေ့လျားနေသည်။ ဤသည်မှာ ရေက တသွင်သွင်စီးဆင်းနေသည့်အလား သို့မဟုတ် တိမ်တိုက်က သိမ်မွေ့စွာ လွင့်မျောနေသည့်အလားပင်။
ကုချင်းကြိုးများ တုန်ခါသွားသည့်အခါ သာယာလှပသော ကုချင်းအသံက ပဲ့တင်ထပ်သွားသည်။ ကုချင်းအသံထဲမှာ သူ၏ ချစ်ခြင်းမေတ္တာသာမက ချန်းရှီအပေါ် သူ၏ လေးလေးနက်နက် တောင်းပန်မှုလည်း ပါရှိသည်။ သူ၏ စိတ်ခံစားချက်အားလုံးက ကုချင်းအသံထဲမှာ ကိန်းအောင်းနေသည်။ သူက ကုချင်းသံမှတဆင့် သူ၏ စိတ်ခံစားချက်များကို တစ်ဖက်လူသိအောင် ဖော်ပြနေသည်။
ယင်းက ဂီတ၏ အံ့ဖွယ်ထူးခြားမှုတစ်ခု ဖြစ်သည်။ သေမျိုးလောကမှာဆိုလျှင် သူကို့ ကုချင်းပညာရှင်တစ်ယောက်ဟု ခေါ်ဆိုနိုင်သည်။ ဤအခိုက်အတန့်မှာ သူက လက်ဆယ်ချောင်းထံသို့ မိစ္ဆာချီထည့်သွင်း၍ တီးခတ်လိုက်လေရာ မယုံကြည်နိုင်စရာကောင်းသော တစ်စုံတစ်ခု ဖြစ်ပေါ်လာသည်။ သူ၏ ကုချင်းနယ်ပယ်က တိုးတတ်သွားပြီး ကောင်းကင်ယံတွင် ဖီးနစ်နှစ်ကောင် ထွက်ပေါ်လာကြသည်။
သီရှီထျန်သည် ကုချင်းတီးခတ်ခြင်းမှာ ပိုပြီးအာရုံစိုက်လိုက်သည်။ သန့်စင်သော မိစ္ဆာချီသည် သူ၏ ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာပြီး ကုချင်းကြိုးများထဲသို့ စီးဆင်းသွားသည်။ သံစဉ်တစ်ခု သူတီးခတ်လိုက်တိုင်း မိစ္ဆာချီက သံစဉ်နှင့်အတူ ပေါင်းစပ်သွားသည်။
“ ကျီး ”
“ ကျီး ”
ဖီးနစ်နှစ်ကောင်သည် လေထဲ၌ ပျံဝဲပြီးလျှင် ရှေးဟောင်းသစ်ပင်ကြီးနှစ်ပင်ပေါ်သို့ ဆင်းသက်သွားကြသည်။ ဤအခိုက်အတန့်မှာ ဖီးနစ်တစ်ကောင်က အတောင်ပံတဖျပ်ဖျပ်ခတ်လိုက်သည်။ ခုနစ်ရောင်ခြယ်နတ်ဘုရားအလင်းက သူ၏ ခန္ဓာကိုယ်ပေါ်မှာ ထွန်းလင်းတောက်ပလာသည်။ သူက အလွန်ယောင်္ကျားပီသဟန် ရ၏။ သူက ခေါင်းကို မြင့်မြင့်မော့ထားလျက် သာယာငြိမ်ညောင်းသော တေးသံကို သီကျူးနေသည်။ ဖီးနစ်၏ တေးသံထဲမှာ ချစ်ခြင်းမေတ္တာဖြင့် ပြည့်နှက်နေသည်။ ကြည့်ရသည်မှာ သူက အခြားဖီးနစ်တစ်ကောင်ကို သူ၏ လက်တွဲဖော်အဖြစ် လိုချင်နေဟန် ရ၏။
ထိုတေးသံက သူ၏ ရင်တွင်းခံစားချက်ဖြစ်လေရာ မည်သူမဆို ထိုတေးသံကို နားထောင်လိုက်ရုံဖြင့် သူ့ခံစားချက်ကို နားလည်သွားလိမ့်မည်။
“ ကြင်ဖော်ရှာ ”သီချင်းသည် အလွန်နာမည်ကျော်ကြားသော အချစ်သီချင်းတစ်ပုဒ် ဖြစ်သည်။ အထူးသဖြင့် ရင်တွင်းခံစားချက်များကို ဖော်ပြသည့်နေရာမျိုးတွင် ပိုပြီးသင့်တော်သည်။ ယေဘုယျအားဖြင့် ချစ်သူစုံတွဲများက ထိုသီချင်းကို ကြားလိုက်သည့်အခါ သူတို့ကြားမှ သံယောဇဉ်ကြိုးက ပိုပြီးခိုင်မြဲသွားလိမ့်မည်။
‘ မင်းကို မေ့သွားတဲ့ရက် တစ်ရက်တောင်မှ မရှိပါဘူး… မင်းကို တစ်ရက်မတွေ့ရရင် ငါဟာ အရူးတစ်ယောက်လို လွမ်းဆွတ်နေပါတယ် ’
‘ ကိုယ်ဟာ ဖီးနစ်တစ်ကောင်လို လေပေါ် ပျံသန်းပြီး မင်းလေးရှိရာ ရောက်လာချင်ပါတယ်… မင်းအပေါ်ထားတဲ့ ကိုယ့်မေတ္တာက သမုဒ္ဒရာထက် ပိုကျယ်ပြောပါတယ်… မင်းရော ကိုယ့်အပေါ်မှာ ဘယ်လိုစိတ်ရှိလဲ သိချင်ပါတယ်… ’
‘ မင်းသာ ဆန္ဒရှိမယ်ဆိုရင် ကိုယ်ဟာ မင်းရဲ့ လက်ကို ကိုင်တွဲပြီး ကမ္ဘာမြေတစ်ဆုံး လျှောက်လည်ချင်ပါတယ်… ’
‘ မင်းရဲ့ အပြုံးက မဟာတံတိုင်းလို ခိုင်မာတဲ့ ကိုယ့်စိတ်ကို ပြိုလဲစေပါတယ်… ’
“ ဟွန့်… ကျူးအာ… နင်အပြင်ထွက်ပြီး သူ့ကို သွားမောင်းထုတ်လိုက်ပါ… ငါသူ့ကို နောက်ထပ် မမြင်ချင်ဘူးလို့ ပြောလိုက်ပါ… နောက်တစ်ခါ သူ့ကို ဒီမှာ ကုချင်းလာမတီးဖို့ ပြောလိုက်ပါ… ငါ့ရဲ့ ပန်းမျိုးတစ်ရာချိုင့်ဝှမ်းကို တိတ်တိတ်ဆိတ်ဆိတ် ရှိနေပါစေ ”
ချန်းရှီသည် ခေါင်းမော့လိုက်ပြီး ကုချင်းနယ်ပယ်မှ ဖွဲ့စည်းသွားသော အံ့ဖွယ်မြင်ကွင်းကို ကြည့်လိုက်သည်။ အချိန်တစ်ခဏကြာ တိတ်ဆိတ်နေပြီးလျှင် သူက ဇာမဏီငှက်ကို ပြောသည်။
“ ဟမ်… ဘာလို့လဲ… အကိုသီ ကုချင်းတီးတာ အရမ်းကောင်းတယ်လို့ ငါခံစားမိတယ်… ဒီလောက်ကောင်းတဲ့ သီချင်းကို ကျူးအာ တစ်ခါမှနားမထောင်ဖူးဘူး… ကုချင်းအသံရော သီချင်းရော အရမ်းကောင်းတယ်… အကိုသီကို နောက်ထပ် ကြာကြာ တီးခိုင်းလိုက်ပါ ”
ကျူးအာက စိတ်ရှုပ်ထွေးစွာ ပြောသည်။ အမှန်တကယ်ပင် ထိုမျှကောင်းမွန်သော သီချင်းကို တစ်ခါမှ သူနားမထောင်ဖူးပေ။ ထို့ကြောင့် နောက်ထပ် သီချင်းတစ်ပုဒ် နားထောင်ရန် သူမစောင့်နိုင်တော့ပေ။
“ ကျူးအာ… နင်က ငါ့စကားကို နားမထောင်တော့ဘူးလား… ငါနင့်ကို သွားလို့ပြောရင် သွားပါ ”
“ ဟုတ်ကဲ့ပါ အမ ”
ကျူးအာက တုံ့ဆိုင်းတုံ့ဆိုင်း ပြောသည်။ ထို့နောက် သူက အတောင်ပံတဖျပ်ဖျပ်ခတ်၍ ချိုင့်ဝှမ်းအပြင်ဘက်သို့ ပျံသန်းသွားသည်။
အခန်း(၃၃၂)
မျက်စိတစ်မှိတ်အတွင်းမှာ သူက ချိုင့်ဝှမ်းအပြင်ဘက်မှ မဏ္ဍပ်ဆီသို့ ရောက်ရှိသွားသည်။ မဏ္ဍပ်ထဲတွင် သီရှီထျန် ထိုင်နေကြောင်း သူမြင်သွားသောအခါ ဝမ်းသာပျော်ရွှင်စွာ အတောင်ပံတဖျပ်ဖျပ်ခတ်လိုက်သည်။ သူက ပြုံးလိုက်ပြီး ပြောသည်။
“ ကုချင်းတီးနေတဲ့လူက တကယ်ပဲ အကိုသီကို… ဟီး ဟီး… အကိုသီ ကုချင်းတီးတာ အရမ်းကောင်းတာပဲ… ကျူးအာ သဘောကျတယ်… ဒါပေမဲ့… ”
ကျူးအာက တစ်ခဏ ရပ်လိုက်ပြီး အားတုံ့အားနာ ပြောသည်။
“ အမက အကိုသီကို ထွက်သွားခိုင်းတယ်… အမက အကိုသီကို မမြင်ချင်တဲ့ပုံပဲ… အကိုသီနဲ့ အမကြားမှာ ဘာတွေဖြစ်ခဲ့လဲ ကျူးအာ တကယ်ပဲ နားမလည်ဘူး… ”
ဇာမဏီငှက်သည် သီရှီထျန်ကို မြင်သွားသောအခါ သူ့စိတ်ထဲရှိသည့်အတိုင်း ပြောသည်။ သူက သီရှီထျန်ကို သူစိမ်းတစ်ယောက်ဟု သဘောမထားပေ။ ယင်းအစား အကိုကြီးတစ်ယောက်ဟု သဘောထားသည်။ ချန်းရှီနှင့် သီရှီထျန်ကြားမှာ ဖြစ်ခဲ့သော ကိစ္စက သူ၏ စူးစမ်းလိုစိတ်ကို မြှင့်တင်ပေးသည်။ မည်သို့သူစဉ်းစားပါစေ အဖြေကို မရှာဖွေနိုင်ပေ။
“ ကျူးအာ… အဲ့ဒါက မင်းရဲ့ အမနဲ့ ငါ့ကြားက ကိစ္စပဲ… မင်း အများကြီး မမေးပါနဲ့… အခု ငါထွက်သွားတော့မယ်… ဒါပေမဲ့ မနက်ဖြန်ကျရင် ငါထပ်လာခဲ့မယ် ”
စက်ကရာက ခေါင်းမော့လိုက်သည်။ သူက လေထဲ၌ အတောင်ပံတဖျပ်ဖျပ်ခတ်နေသော ဇာမဏီငှက်ကို ကြည့်လိုက်သည်။ ဇာမဏီငှက်သည် အပူပင်ကင်းမဲ့ဟန်ရပြီး အမြဲတမ်း ပျော်ရွှင်နေသည်။ ယင်းက စက်ကရာသည်ပင် မနာလိုရသောအရာ ဖြစ်သည်။ ဇာမဏီငှက်၏ မေးခွန်းကိုတော့ စက်ကရာက နှုတ်ဆိတ်နေပြီး တုံ့ပြန်လိုက်သည်။
ထို့နောက် သူက ဒုစရိုက်ခုနစ်ပါးနတ်ဆိုးကုချင်းကို ပြန်သိမ်းဆည်းလိုက်ပြီး အနောက်လှည့်ကာ ချက်ချင်း ထွက်သွားသည်။
“ ဟေး… ဘာလို့ အဲ့လောက်မြန်မြန် ထွက်သွားတာလဲ ”
ယင်းကို ကျူးအာမြင်သွားသောအခါ သီရှီထျန်ကို တားဆီးရန် ကြိုးစားလိုက်သည်။ သို့သော်လည်း သီရှီထျန်က အဝေးသို့ ရောက်ရှိသွားနှင့်ပြီ ဖြစ်သည်။ သူက ဇဝေဇဝါဖြစ်သွားသည်။ သူက ခေါင်းယမ်းလိုက်ပြီး ပြောသည်။
“ ငါတကယ်ပဲ နားမလည်နိုင်ဘူး… အကိုသီနဲ့ အမချန်းရှီကြားမှာ ဘာကိစ္စဖြစ်ခဲ့ပါလိမ့်… ဒါပေမဲ့ အကိုသီက မနက်ဖြန် ထပ်လာမယ်လို့ ပြောသွားတယ်… ဆိုလိုတာက မနက်ဖြန်ကျရင် နောက်ထပ် သီချင်းတစ်ပုဒ် ငါနားထောင်ရလိမ့်မယ်… ဟေး ကောင်းလိုက်တာ… အဲ့ဒါကို အမဆီ အမြန်သွားပြောပြရမယ် ”
ကျူးအာက ဝမ်းသာပျော်ရွှင်သွားသည်။ သူက အတောင်ပံတဖျပ်ဖျပ်ခတ်၍ ပန်းမျိုးတစ်ရာချိုင့်ဝှမ်းဆီသို့ အမြန်ပျံသန်းသွားသည်။
ရှင်းလင်းစွာပင် သီရှီထျန်သည် ဆုံးဖြတ်ချက်ပြတ်သားပြီး ခေါင်းမာသူ ဖြစ်သည်။ သူက ပြောလျှင် ပြောသည့်အတိုင်း လုပ်တတ်သည်။ သူက ချန်းရှီကို ပိုးပန်းရန် စိတ်ဆုံးဖြတ်ထားလေရာ သူ့ဆန္ဒမပြည့်မချင်း မည်သည့်အရာကိုမှ ဂရုစိုက်နေမည် မဟုတ်ချေ။
နောက်တစ်နေ့တွင် သူက ပန်းမျိုးတစ်ရာချိုင့်ဝှမ်း၏ အပြင်ဘက်မှာ ထွက်ပေါ်လာပြီး သီချင်းတစ်ပုဒ်ကို တီးခတ်လိုက်သည်။ တစ်ဖက်လူက သူ့အပေါ် မည်သည့်တုံ့ပြန်မှုမှမပြကြောင်း သူမြင်သော်လည်း စိတ်ဓာတ်မကျသွားပေ။ သူက သီချင်းဆုံးသွားလျှင် ထပြန်သွားသည်။
ချစ်ခြင်းမေတ္တာက အရေးကြီးသော်လည်း သူ၏ ရည်ရွယ်ချက်နှင့် အစီအစဉ်များကို အထိခိုက်မခံနိုင်ပေ။ ထို့ကြောင့် သူက မနက်ပိုင်းတွင်သာ ပန်းမျိုးတစ်ရာချိုင့်ဝှမ်းဆီသို့ သွားရောက်ပြီး ကုချင်းတီးခတ်သည်။ ကျန်အချိန်များတွင် သူ့ကိုယ်ပိုင်ကိစ္စများကို စီစဉ်ဆောင်ရွက်သည်။
သီရှီထျန်၏ ဇွဲကောင်းမှုက အံ့ဩဖွယ်ကောင်းသည်။ သူက နေ့စဉ်နေ့တိုင်း ပန်းမျိုးတစ်ရာချိုင့်ဝှမ်းအပြင်ဘက်သို့ ရောက်လာပြီး ကုချင်းတီးခတ်သည်။ နေပူပူ မိုးရွာရွာ တစ်ရက်မှ သူမပျက်ကွက်ခဲ့ပေ။ သီချင်းဆုံးသွားသည့်အခါ သူက တိတ်တဆိတ် ပြန်သွားလိမ့်မည်။ ဆယ်ရက်ကြာသည်အထိ သူမရပ်တန့်ခဲ့ပေ။
သူက ထိုဆယ်ရက်အတွင်းမှာ မတူညီသော သီချင်းများကို တီးခတ်ခဲ့သည်။ သို့သော်လည်း အများဆုံး သူတီးခတ်ခဲ့သည်မှာ ‘ ကြင်ဖော်ရှာ ’သီချင်းနှင့် ‘ လီအန်းချစ်သူများ ’သီချင်း ဖြစ်သည်။ ‘ ကြင်ဖော်ရှာ ’သီချင်းသည် တီးခတ်ရန် အလွန်လွယ်ကူသည်။ ကုချင်းကို အခြေခံတတ်ကျွမ်းထားသော လူများသည်ပင် ယင်းကို တီးခတ်နိုင်ကြသည်။
သို့သော်လည်း ‘ လီအန်းချစ်သူများ ’သီချင်းက သူ့ယခင်ဘဝမှ သီချင်းတစ်ပုဒ်ဖြစ်သည်။
တစ်ခုကံကောင်းသည်မှာ သီရှီထျန်က ကုချင်းတီးခတ်ခြင်းမှာ ပါရမီပါသည်။ ထို့ပြင် သူက ‘ လီအန်းချစ်သူများ ’၏ ဇာတ်ကြောင်းကိုလည်း သိထားသည်။ သို့ဖြစ်၍ ထိုသီချင်းကို တီးခတ်ခြင်းက သူ့အတွက် ခက်ခဲသောအရာ မဟုတ်ပေ။
ယခင်ဘဝတွင် သီရှီထျန်သည် အင်တာနက်ပေါ်မှာ သီချင်းတစ်ပုဒ်ကို ရှာတွေ့ခဲ့ပြီး နားထောင်ခဲ့သည်။ ထိုသီချင်းက သူ့အပေါ် အနည်းငယ် လွှမ်းမိုးနိုင်ခဲ့သည်။ ထို့ကြောင့် သူသည် အချိန်တချို့ပေးပြီး သီချင်းကို ပြန်စဉ်းစားလိုက်သည်။ နောက်ဆုံးမှာ သူက သီချင်းအပြည့်အစုံကို ပြန်ဖွဲ့စပ်နိုင်သွားသည်။
သီချင်းကို သူတီးခတ်လိုက်သည့်အခါ ချစ်ခြင်းမေတ္တာနှင့်ပတ်သက်သော စိတ်ခံစားချက်ပေါ်လျှိုးလာသည်။ သီချင်းတီးခတ်နေစဉ် ချစ်သူစုံတွဲများက ရောင်စုံလိပ်ပြာများအဖြစ် ပြောင်းလဲသွားသည်ဟု ခံစားမိစေသည်။
ချန်းရှီထံမှ မည်သည့်တုံ့ပြန်မှုမှ သူမရရှိခဲ့သော်လည်း နံနက်ခင်းတိုင်း သူကုချင်းတီးခတ်သည့်အခါ ချန်းရှီသည် ဇာမဏီငှက်ကို သူ့အား မောင်းမထုတ်ခိုင်းတော့ပေ။ သီရှီထျန်သည် ကုချင်းတီးခတ်ပြီးသွားသည်နှင့် သူ့ဘာသာ တိတ်တဆိတ် ထွက်သွားလိမ့်မည်။
“ မိန်းမတစ်ယောက်ကို ပိုးပန်းဖို့ နည်းလမ်းတွေ ရှိတယ်… ကံကောင်းစွာပဲ အဲ့ဒီထဲက နည်းလမ်းတစ်ခုနှစ်ခုကို ငါသိထားတယ်… အဲ့ဒါက အသုံးဝင်လိမ့်မယ်လို့ ငါမျှော်လင့်တယ်… အရင်ဆုံး ချန်းရှီကို ငါ့ရဲ့ တည်ရှိမှုနဲ့ အချိန်တစ်ခဏကြာအောင် နေသားကျစေမယ်… အချိန်တစ်ခုကြာသွားတဲ့အခါ ငါ့ရဲ့ တည်ရှိမှုနဲ့ နံနက်ခင်းတိုင်း ထွက်ပေါ်လာတဲ့ ကုချင်းအသံက သူ့ဘဝရဲ့ နေ့စဉ်ကိစ္စတွေထဲက တစ်ခုဖြစ်လာလိမ့်မယ်… အဲ့ဒီအခါ ကုချင်းတီးခတ်တာကို တစ်ရက်နှစ်ရက် ငါရပ်နားလိုက်မယ်… အဲ့ဒါက သက်ရောက်မှုရှိလိမ့်မယ်လို့ ငါမျှော်လင့်တယ် ”
“ ဟူး… ဘာပဲဖြစ်ဖြစ် ငါက အမှားလုပ်ခဲ့တဲ့သူပဲ… ”
သီရှီထျန်သည် နောက်ဆုံးသံစဉ်ကို ထုတ်လွှတ်ပြီးနောက် စိတ်ထဲ၌ တိတ်တဆိတ် သက်ပြင်းချလိုက်သည်။ ထို့နောက် သူက ဒုစရိုက်ခုနစ်ပါးနတ်ဆိုးကုချင်းကို ပြန်သိမ်းဆည်းလိုက်ပြီး အနောက်လှည့်ကာ ခါတိုင်းကဲ့သို့ မိစ္ဆာအသင်္ချေချိုင့်ဝှမ်းဆီသို့ ပြန်သွားသည်။
သူက မိစ္ဆာလေကို စီးနင်း၍ ပျံသန်းနေသည်။ သူက ဤအခိုက်အတန့်မှာ တမင်အရှိန်မတင်ခဲ့ပေ။ သူက လေနှင့်အတူ လွင့်မျောနေရင်း တစ်စုံတစ်ခုကို လေးနက်စွာ တွေးတောနေသည်။
“ ငါ တောင်ပိုင်းမြေရိုင်းဒေသဆီ ပြန်ရောက်နေတာ တစ်နှစ်ကျော်သွားပြီ… ကောင်းကင်မိစ္ဆာလျှို့ဝှက်နယ်မြေ ဖွင့်လှစ်ဖို့ ရက်အနည်းငယ်ပဲ ကျန်တော့တယ်… အဲ့ဒီအခွင့်အရေးကို ငါလက်လွှတ်ခံလို့ မဖြစ်ဘူး… သူတို့ပြောတာက ကောင်းကင်မိစ္ဆာလျှို့ဝှက်နယ်မြေ တစ်ခါဖွင့်လှစ်ဖို့ နှစ်တစ်ထောင်ကြာတယ် ”
စက်ကရာက သူ့ဘာသာ တွေးတောလိုက်သည်။
“ ဒီတစ်ကြိမ် ငါလွဲချော်သွားရင် နောက်ထပ် နှစ်တစ်ထောင် စောင့်ဆိုင်းရလိမ့်မယ်… အဲ့လောက်အချိန်အကြာကြီး ငါမပေးနိုင်ဘူး… အလျင်စလို လုပ်ဆောင်ရမယ့် ကိစ္စတွေ ငါ့ဆီမှာ ရှိတယ်… ဆယ်နှစ်ကြာပြီးတဲ့အခါ အရိုးမြှုပ်ကုန်းမြေဆီ သွားမယ်လို့ ရွှေဝူဟန်နဲ့ ဝူဝူဒီကို ငါကတိပေးခဲ့တယ်… သူတို့ပြောတဲ့အတိုင်း ‘ အမတမြက်ပင် ’က အဲ့ဒီမှာ တကယ်ရှိတယ်ဆိုရင် အရိုးမြှုပ်ကုန်းမြေက ငါစွန့်စားဖို့ ထိုက်တန်ပါတယ် ”
“ ဝိုင်နတ်ဘုရားဘူးသီးခြောက်ရဲ့ အံ့ဖွယ်ကြေးမုံအရ ‘ အမတပြန်ခေါ်ဝိုင် ’လို့ခေါ်တဲ့ ဝိညာဉ်ဝိုင်တစ်မျိုး ရှိတယ်… အဲ့ဒီဝိုင်ကို ချက်လုပ်ဖို့ ‘ အမတမြက်ပင် ’ကို အဓိကပါဝင်ပစ္စည်းအဖြစ် လိုအပ်တယ်… တကယ်လို့ ငါသာ ‘ အမတပြန်ခေါ်ဝိုင် ’ကို ချက်လုပ်နိုင်မယ်ဆိုရင် အဲ့ဒါက အနာဂတ်မှာ ငါ့အတွက် အထောက်အကူ ဖြစ်လာနိုင်တယ် ”
သူ့မှာ ကြီးမားသော ရည်ရွယ်ချက်တစ်ခုရှိသည်။ သူက အံ့ဖွယ်ကြေးမုံထဲမှာ မှတ်တမ်းတင်ထားသော ဝိညာဉ်ဝိုင်အားလုံးကို ချက်လုပ်ပြီး ဝိုင်နတ်ဘုရားဘူးသီးခြောက်ထဲမှာ သိမ်းဆည်းထားချင်သည်။ အကယ်၍ ထိုရည်ရွယ်ချက်သာ အမှန်တကယ် ဖြစ်လာမည်ဆိုလျှင် သူက ဤလောကမှ ဝိညာဉ်ဝိုင်အားလုံးကို သောက်သုံးနိုင်လိမ့်မည်။
သူက ဝိုင်အမတတစ်ပါး ဖြစ်လာလိမ့်မည်။
အံ့ဖွယ်ကြေးမုံထဲမှာ ဖော်ပြထားသော သတင်းအချက်အလက်များအရ ‘ အမတပြန်ခေါ်ဝိုင် ’မှာ အံ့ဖွယ်ထူးခြားသော အကျိုးအာနိသင်ရှိသည်။ တစ်စုံတစ်ယောက်က ‘ အမတပြန်ခေါ်ဝိုင် ’ကို တစ်ကျိုက်သောက်လိုက်မည်ဆိုလျှင် ထိုလူက သေခါနီးလူပင်ဖြစ်လင့်ကစား ချက်ချင်း အကောင်းပတိ ပြန်ဖြစ်သွားလိမ့်မည်။ သူ၏ ဒဏ်ရာများက မည်မျှဆိုးဝါးပါစေ မျက်စိတစ်မှိတ်အတွင်း သက်သာပျောက်ကင်းသွားလိမ့်မည်။
ထို့ပြင် တစ်စုံတစ်ယောက်က သေဆုံးတော့မည်ဆိုလျှင်ပင် ‘ အမတပြန်ခေါ်ဝိုင် ’က သူ၏ ဝိညာဉ်ကို ပြန်ရှင်သန်စေလိမ့်မည်။ သူက အသက်ပြန်ရှင်သွားလိမ့်မည်။
ထို့ကြောင့် ‘ အမတပြန်ခေါ်ဝိုင် ’က နတ်ဘုရားအဆင့် ဝိညာဉ်ဝိုင် ဖြစ်သည်။ ဝိညာဉ်ဝိုင်ကို ချက်လုပ်ရန် လိုအပ်သော ကုန်ကြမ်းပစ္စည်းများက အလွန်တန်ဖိုးကြီးမားသည်။ တစ်စုံတစ်ယောက်က မည်မျှအစွမ်းထက်ပါစေ ကုန်ကြမ်းပစ္စည်းအားလုံး စုစည်းနိုင်ရန် အများကြီး ကြိုးစားအားထုတ်ရလိမ့်မည်။ ယင်းတို့ထဲမှ ကုန်ကြမ်းပစ္စည်းအများစုက ဤလောကမှာ မျိုးတုန်းသွားပြီ ဖြစ်၏။ ယင်းတို့ကို မမြင်တွေ့ရသည်မှာ နှစ်ပေါင်းထောင်ချီကြာမြင့်သွားပြီ ဖြစ်၏။
သို့သော်လည်း အရိုးမြှုပ်ကုန်းမြေမှာ ‘ အမတမြက်ပင် ’ကို ရှာဖွေနိုင်ပေသည်။ သို့ဖြစ်၍ အရိုးမြှုပ်ကုန်းမြေသည် သူစွန့်စားသွားရန် ထိုက်တန်သော ခရီးစဉ်တစ်ခု ဖြစ်သည်။ ထို့ပြင် ရွှေဝူဟန်နှင့် ဝူဝူဒီသည် လူသားများဖြစ်လင့်ကစား မိတ်ဆွေဖွဲ့ရန် ထိုက်တန်သည်။ ထို့ပြင် သူက ပိုင်ဟူပြောခဲ့သော မြစိမ်းတောင်ကုန်းဆီသို့ ခရီးထွက်ရလိမ့်မည်။ ပိုင်ဟူက မည်သို့ကြောင့် သူ့အား မြစိမ်းတောင်ကုန်းဆီသို့ သွားရောက်ရန် ပြောခဲ့ကြောင်း သူမသိသော်လည်း ပိုင်ဟူ၏ လေးနက်တည်ကြည်သော မျက်နှာကို သူမြင်ပြီးနောက် ရွေးချယ်စရာမရှိသည့်အဆုံး ကတိပေးလိုက်သည်။
“ ကောင်းကင်မိစ္ဆာလျှို့ဝှက်နယ်မြေကနေ ငါပြန်ရောက်လာတဲ့အခါ နှစ်အနည်းငယ်ကြာအောင် တံခါးပိတ်ကျင့်ကြံပြီး ငါ့ကိုယ်ပိုင် ကျင့်စဉ်အသစ်တစ်ခုဖန်တီးမယ်… မဟုတ်ရင် အနာဂတ်မှာ ငါကျင့်ကြံဖို့ ပိုပြီးခက်ခဲလာလိမ့်မယ်… ဒါ့အပြင် ငါက လမ်းအသစ်တစ်ခုကို ရွေးချယ်ခဲ့တယ်… တခြားမိစ္ဆာကျင့်စဉ်တွေက ငါ့အတွက် မှီငြမ်းဖို့ပဲ အသုံးဝင်တော့တယ်… ငါ့ကိုယ်ပိုင် ကျင့်စဉ်အသစ်တစ်ခု ဖန်တီးနိုင်အောင် ကူညီပေးနိုင်မယ့် မိုးမြေရတနာတွေကို ကောင်းကင်မိစ္ဆာလျှို့ဝှက်နယ်မြေထဲမှာ ရှာတွေ့ဖို့ ငါမျှော်လင့်တယ်… ကောင်းကင်မိစ္ဆာ… ကောင်းကင်မိစ္ဆာ… အဲ့ဒါက ဘယ်လောက်အစွမ်းထက်လိုက်တဲ့ မိစ္ဆာလဲ… ငါလည်းပဲ ဘယ်အချိန်မှ အဲ့ဒီလို အစွမ်းထက်လာမလဲ မသိဘူး… ဒါပေမဲ့ အဲ့ဒီလိုအစွမ်းထက်လာဖို့ဆိုတာ ချက်ချင်း ဆောင်ရွက်လို့ရတဲ့အရာ မဟုတ်ဘူး… အနည်းဆုံး နှစ်ပေါင်းတစ်ထောင် ဒါမှမဟုတ် နှစ်ပေါင်းတစ်သောင်း ကြာမြင့်လိမ့်မယ် ”
သီရှီထျန်က လေးလေးနက်နက် တွေးတောလိုက်သည်။ တစ်ချိန်တည်းမှာ သူက အနာဂတ်အတွက် သေချာအစီအစဉ်ချလိုက်သည်။
ထိုသို့သူစဉ်းစားလိုက်သည့်အခါ သူ၏ အကြီးမားဆုံး ချို့ယွင်းချက်က ကျင့်စဉ်နှင့် ရတနာမဟုတ်ကြောင်း ရှာတွေ့သွားသည်။ ယင်းအစား အချိန်က သူ၏ အကြီးမားဆုံး ချို့ယွင်းချက် ဖြစ်သည်။
မည်သူမှ အထွတ်အထိပ်သို့ ချက်ချင်း မရောက်ရှိနိုင်ပေ။ သူတို့က အထွတ်အထိပ်သို့ တတ်လှမ်းနိုင်ရန် နှစ်ပေါင်းများစွာဖြတ်ကျော်ခဲ့သော အတွေ့အကြုံများနှင့် လောက၏ ဥပဒေများ၊ နိယာမများအပေါ် သူတို့၏ နားလည်သဘောပေါက်မှုကို မှီခိုအားထားကြရသည်။ အကယ်၍ ကောင်းကင်ဘုံသာ သူ့ကို နှစ်တစ်ထောင် သို့မဟုတ် နှစ်တစ်သောင်း အချိန်ပေးမည်ဆိုလျှင် သူက ဤလောက၏ အထွတ်အထိပ်ပညာရှင်တစ်ယောက် ဖြစ်လာလိမ့်မည်ဟု သီရှီထျန် ယုံကြည်ချက်ရှိသည်။
သူက အထွတ်အထိပ်မှာ ရပ်ပြီး တစ်လောကလုံးကို ငုံ့ကြည့်နိုင်သော ပညာရှင်တစ်ယောက် ဖြစ်လာလိမ့်မည်။ သူက ပိုပြီးနက်ရှိုင်းသော နယ်ပယ်များကိုပင် ရှာဖွေနိုင်လိမ့်မည်။
“ ထားလိုက်ပါတော့… လျှို့ဝှက်နယ်မြေက မကြာခင် ဖွင့်လှစ်တော့မယ်… အဲ့ဒီအတွက် ငါကောင်းကောင်း ကြိုပြင်ဆင်ထားရမယ်… ဒီအတောအတွင်းမှာ အမြူတေဓာတ်လုံးဖွဲ့စည်းပြီးနောက် ငါရောက်ရှိသွားခဲ့တဲ့ နယ်ပယ်အသစ်မှာ အမြန်ဆုံး အခြေကျဖို့ လုပ်ဆောင်ရမယ်… ဒါ့အပြင် ချန်းရှီနဲ့ တူနှစ်ကိုယ်ကျင့်ကြံပြီးနောက် ငါ့ရဲ့ အမြူတေဓာတ်လုံးက ဆင့်ကဲပြောင်းလဲသွားတယ်… အဲ့ဒါက ပထမဆုံး ငါဖွဲ့စည်းခဲ့တဲ့ အမြူတေဓာတ်လုံးထက် အများကြီး ပိုသန်မာတယ်… အခု ငါ့ရဲ့ ကျင့်ကြံခြင်းစွမ်းအားအရ ဝိညာဉ်သန္ဓေတည်နယ်ပယ် ကျင့်ကြံသူတွေကို ငါယှဉ်ပြိုင်နိုင်သွားပြီ ”
“ ကျားဝိညာဉ်ဓားမော့၊ နတ်မိစ္ဆာငိုကြွေးသံနဲ့ ဒုစရိုက်ခုနစ်ပါးနတ်ဆိုးကုချင်း အစရှိတဲ့ ဝှက်ဖဲကတ်တွေကို ငါအသုံးပြုမယ်ဆိုရင် ဝိညာဉ်သန္ဓေတည်နယ်ပယ် ကျင့်ကြံသူတွေတောင် ငါ့ပြိုင်ဘက် မဖြစ်နိုင်ဘူး… လျှို့ဝှက်နယ်မြေဆီ ခရီးစဉ်မှာ ငါက ကြီးကြီးမားမား အားသာချက်ရှိနေတယ် ”
သီရှီထျန်သည် အရှေ့သို့ ရွေ့လျားသွားနေရင်း လေးလေးနက်နက် တွေးတောလိုက်သည်။ မကြာမီ သူက မိစ္ဆာအသင်္ချေချိုင့်ဝှမ်းဆီသို့ ပြန်ရောက်သွားသည်။
အခန်း(၃၃၃)
ချီဟောင်နှင့် တခြားမိစ္ဆာသားရဲများ၏ ကြည့်ရှုပေးမှုအောက်မှာ ယခု ချိုင့်ဝှမ်းထဲတွင် ဝိညာဉ်အသိဉာဏ်ဖွင့်ဖြိုးပြီးသော သားရဲအများအပြား ရှိသွားသည်။ သူတို့အားလုံးသည် နံနက်ခင်းတွင် အရှေ့အရပ်မှ ထွက်ပေါ်လာသော ခရမ်းရောင်ချီကို အသုံးပြုကာ မိုးမြေဝိညာဉ်စွမ်းအားကို စုပ်ယူနေကြသည်။ သူတို့သည် ကိုယ့်ဘာသာ ကျင့်ကြံရန် မိုးမြေဝိညာဉ်စွမ်းအားကို စုပ်ယူနိုင်သွားကြသည်။
ဤအခိုက်အတန့်တွင် မိစ္ဆာအသင်္ချေချိုင့်ဝှမ်းထဲ၌ ဝိညာဉ်သားရဲတစ်ထောင်ကျော်က အတူတကွ စုဝေး၍ ကျင့်ကြံနေကြသည်။ ထိုမြင်ကွင်းသည် အလွန်အံ့ဖွယ်ကောင်းသည်။ သူတို့အားလုံးက အလွန်ကျယ်ပြောသော မြေကွက်လပ်တစ်ခုမှာ စုဝေးနေကြသည်။ သူတို့ရှိနေသော တည်နေရာများက အနည်းငယ် ရှုပ်ယှက်ခတ်နေသည်။
ချိုင့်ဝှမ်းထဲမှ မိုးမြေဝိညာဉ်စွမ်းအားက သူတို့၏ ခန္ဓာကိုယ်ထဲသို့ ဖြည်းဖြည်းချင်း ဝင်ရောက်သွားနေသည်။
“ ကောင်းကင်မိစ္ဆာလျှို့ဝှက်နယ်မြေကနေ ငါပြန်ရောက်လာတဲ့အခါ ဝိညာဉ်သားရဲတွေ စုဝေးနေဖို့ နေရာတစ်ခု ဆောက်လုပ်ပေးရမယ်… ချိုင့်ဝှမ်းထဲမှာ မိစ္ဆာမျိုးနွယ်စုပေါ်ပေါက်လာအောင် လုပ်ရမယ် ”
သီရှီထျန်သည် သူ့အရှေ့မှ မြင်ကွင်းကို တိတ်တဆိတ် ကြည့်နေရင်း လျှို့ဝှက်အစီအစဉ်တစ်ခုကို ရေးဆွဲလိုက်သည်။ သူ့စိတ်ထဲမှာ အစီအစဉ်အကြမ်းတစ်ခု ရှိနေပြီ ဖြစ်၏။ ယင်းကို သူအကောင်အထည်ဖော်ရန် အချိန်အခါကောင်းကို စောင့်ဆိုင်းရလိမ့်မည်။
သူက အပြင်မှာ အချိန်ကြာကြာမနေဘဲ သူ့ကိုယ်ပိုင်လှိုဏ်ဂူဆီသို့ ပြန်သွားသည်။ ယခု ရှောင်ပိုင်က တံခါးပိတ်ကျင့်ကြံနေသည်။ သူသည်လည်း စွမ်းအားကြီးမားလာရန် ကြိုးစားပမ်းစား ကျင့်ကြံနေသည်။ စွမ်းအားအပေါ် ရှောင်ပိုင်၏ လိုချင်တပ်မက်မှုက သီရှီထျန်အောက် မလျော့ပေ။ ထို့ကြောင့် သူက ရသမျှအချိန်တိုင်းကို ကျင့်ကြံရန် အသုံးချသည်။
သီရှီထျန်သည် ကျောက်တုံးကုတင်ပေါ်မှာ ထိုင်လိုက်ပြီး အနည်းငယ် မျက်ခုံးပင့်တင်လိုက်သည်။ သူက လက်ဆန့်ထုတ်လိုက်ပြီး ခါးပေါ်မှ သိုလှောင်အိတ်ကို ညင်သာစွာ ပုတ်လိုက်သည်။ ရုတ်တရက်ဆိုသလို အလင်းရောင် လင်းလက်သွားသည်။ ထူးဆန်းသော အစိမ်းရောင်အလင်းနှင့်အတူ ရတနာသေတ္တာတစ်ခုက သူ၏ လက်ထဲမှာ ထွက်ပေါ်လာသည်။ ရတနာသေတ္တာပေါ်တွင် ထူးဆန်းသော မှော်သင်္ကေတများ ရှိသည်။ မှော်သင်္ကေတများသည် ရတနာသေတ္တာ၏ အပေါ်နှင့် အောက်တွင် မျဉ်းကြောင်းများသဖွယ် တည်ရှိနေကြသည်။
သို့သော် ရတနာသေတ္တာ၏ အရှေ့ဘက်ခြမ်းမှာတော့ ပရမ်းပတာဖြစ်နေသော ရုပ်ပုံအသေးလေးများ ရှိသည်။ ရုပ်ပုံအသေးလေးများသည် စုစုပေါင်း တစ်သောင်းခန့်ရှိသည်။ ရုပ်ပုံတစ်ခုနှင့်တစ်ခုကြားတွင် မည်သည့်တူညီချက်မှ မရှိဟန် ရ၏။
အဝေးမှကြည့်လျှင် ယင်းတို့က ဖားလောင်းငယ်များနှင့် ဆင်တူသည်။ ယင်းတို့က အရေအတွက် အလွန်များပြားသည်။ ထိုရုပ်ပုံအပိုင်းအစများသည် ပဟေဠိမှလွဲ၍ တခြားမဟုတ်ပေ။ ရတနာသေတ္တာပေါ်တွင် ပဟေဠိအပိုင်းအစများက အလွန်များပြားစွာ တည်ရှိနေသည်။ သို့သော်လည်း ပဟေဠိအပိုင်းအစတစ်ခုစီက စက်ကရာ၏ မျက်လုံးထဲမှာ ရှင်းလင်းစွာ စွဲမြဲနေသည်။
ပဟေဠိအပိုင်းအစများ၏ အလယ်တွင် တခြားအပိုင်းအစများနှင့် မတူညီသော လေးထောင့်အတုံးတစ်တုံး ရှိသည်။ လေးထောင့်အတုံး၏ မျက်နှာပြင်က အနက်ရောင်ဖြစ်သည်။ ထိုအနက်ရောင်လေးထောင့်အတုံးကို ဖယ်ရှားလိုက်မည်ဆိုလျှင် တခြားပဟေဠိအပိုင်းအစများကို သူရွှေ့နိုင်သွားလိမ့်မည်။
ထိုသေတ္တာသည် ထျန်းအင်ပါယာရတနာသေတ္တာ ဖြစ်သည်။
ပထမဆုံး ပဟေဠိကို သူဖြေရှင်းနိုင်သွားသည့်အခါ ဒုစရိုက်ခုနစ်ပါးနတ်ဘုရားတေးသွား ပါဝင်နေသော ရှေးဟောင်းစာလိပ်တစ်ခုကို သူရရှိသွားသည်။ ယင်းက အလွန်အမင်း တန်ဖိုးကြီးမားသည်။
သို့သော်လည်း သေမျိုးလောကဆီသို့ သူသွားရောက်နေသည့်အချိန် ထျန်းအင်ပါယာရတနာသေတ္တာကို ပိုင်ဟူဆီသို့ သူပြန်ပေးအပ်ခဲ့သည်။ ပိုင်ဟူထွက်သွားသည့်အချိန်မှသာ ရတနာသေတ္တာက သူ၏ လက်ထဲသို့ ပြန်ရောက်လာခဲ့သည်။ နောက်ပိုင်းတွင် သူအလုပ်ရှုပ်နေခဲ့သောကြောင့် ရတနာသေတ္တာကို သေချာမကြည့်နိုင်ခဲ့ပေ။ ယနေ့တွင် သူက ရတနာသေတ္တာကို ပထမဆုံးအကြိမ် သေသေချာချာ စစ်ဆေးကြည့်လိုက်သည်။
“ ထျန်းအင်ပါယာရတနာသေတ္တာ… မင်းကို ဘယ်သူဖန်တီးခဲ့တာလဲ ငါမသိဘူး… ဘယ်လိုလုပ် မင်းဆီမှာ အဲ့လောက်များတဲ့ ပဟေဠိအပိုင်းအစတွေ ရှိနေတာလဲ… ပထမအကြိမ်တုန်းက ပဟေဠိအပိုင်းအစတစ်ထောင် ရှိခဲ့တယ်… အခုတော့ ပဟေဠိအပိုင်းအစတွေက အရေအတွက်တစ်သောင်းဖြစ်သွားပြီ… အဲ့ဒါကို ဖြေရှင်းနိုင်ဖို့ ငါအတော်လေး အားစိုက်ထုတ်ရမယ့်အပြင် အချိန်အကြာကြီး လိုအပ်လိမ့်မယ်… ငါ့စိတ်ထင် ဒီပဟေဠိကို ဖြေရှင်းဖို့ ဆယ်နှစ် ဒါမှမဟုတ် အနှစ်တစ်ရာ ကြာလိမ့်မယ် ”
ရတနာသေတ္တာပေါ်မှ ပဟေဠိကို ငါးရောင်ခြယ်နတ်ဘုရားအလင်းက မထင်မရှား ဖုံးလွှမ်းထားသည်။ အမှန်မှာ စက်ကရာသည် ထိုရတနာသေတ္တာအကြောင်း ကောင်းမွန်စွာ နားလည်ထားသည်။ ပဟေဠိကို သူဖြေရှင်းနိုင်သွားသည့်အခါ တန်ဖိုးကြီးမားသော နတ်ဘုရားရတနာများကို သူရရှိသွားလိမ့်မည်။
အကယ်၍ သူသာ ဤတစ်ကြိမ် ပဟေဠိကို အောင်မြင်စွာ ဖြေရှင်းနိုင်သွားမည်ဆိုလျှင် ရှေးဟောင်းစာလိပ်ထက် ပိုတန်ဖိုးကြီးမားပြီး ပိုအံ့ဖွယ်ကောင်းသော ရတနာတစ်ခုကို သူပိုင်ဆိုင်သွားလိမ့်မည်။
သို့သော်လည်း ယင်းက ပဟေဠိကို သူဖြေရှင်းနိုင်ပြီးမှ ဖြစ်၏။
သီရှီထျန်သည် ရတနာသေတ္တာပေါ်မှ ပဟေဠိအပိုင်းအစများကို သေချာဂရုတစိုက် ကြည့်လိုက်သည်။ သူက ဓာတ်ပုံမှတ်ဉာဏ်ကို အသုံးပြု၍ ပဟေဠိအပိုင်းအစများကို ဖြည်းဖြည်းချင်း မှတ်သားလိုက်သည်။ အရင်ဆုံး သူက ထိုပဟေဠိအပိုင်းအစများကို စိတ်ထဲမှာ မှတ်သားထားမည်။ ထို့နောက် သူက စိတ်တွက်ချက်မှုကို အသုံးပြု၍ ပဟေဠိအပိုင်းအစများ၏ တူညီမှုများကို ရှာဖွေမည်။
ဤတစ်ကြိမ် စိန်ခေါ်မှုက အလွန်ကြီးမားသည်။ ပဟေဠိအပိုင်းအစများက စုစုပေါင်း အရေအတွက်တစ်သောင်းရှိသည်။ ယင်းက ပထမတစ်ခေါက်ထက် ဆယ်ဆပိုများပြားသည်။ ထို့ကြောင့် သီရှီထျန်သည် ပဟေဠိအပိုင်းအစအားလုံးကို စိတ်ထဲမှာ မှတ်သားရန် နှစ်နာရီနီးပါး အချိန်ယူလိုက်ရသည်။ ယင်းတို့အားလုံးကို သူမှတ်သားပြီးနောက် ရတနာသေတ္တာကို ပြန်သိမ်းဆည်းလိုက်သည်။
သူအချိန်အားလပ်သည့်အခါ စိတ်တွက်ချက်မှုကို ပြုလုပ်၍ ပဟေဠိအပိုင်းအစများကို ယှဉ်တွဲမည်။ အကယ်၍ သူက စိတ်ရှည်ရှည်ဖြင့် ဇွဲကောင်းစွာ လုပ်ဆောင်သွားမည်ဆိုလျှင် အနှေးနှင့်အမြန် ပဟေဠိက ဖြေရှင်းသွားလိမ့်မည်။ ယင်းက နှစ်အနည်းငယ် ကြာမြင့်လိမ့်မည်ဟု သီရှီထျန် အကြမ်းဖျဉ်း ခန့်မှန်းလိုက်သည်။
သီရှီထျန်သည် နောက်ထပ် စဉ်းစားမနေတော့ဘဲ ကုတင်ပေါ်မှာ တင်ပျဉ်ခွေထိုင်လိုက်သည်။ သူက မိစ္ဆာအာရုံကို သူ့ခန္ဓာကိုယ်ထဲသို့ ပို့လွှတ်လိုက်သည်။ မိစ္ဆာချီသည် သူ့ခန္ဓာကိုယ်ထဲမှ မိစ္ဆာသွေးကြောများထဲမှာ ဖြတ်သန်းစီးဆင်းသွားသည်။ မိုးမြေဝိညာဉ်စွမ်းအားကို သူစုပ်ယူလိုက်သည့်အခါတိုင်း လိုအင်ဆန္ဒစွမ်းအားသည်လည်း သူ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာသည်။ အဆင့်တတ်လှမ်းပြီးနောက် မိုးမြေဝိညာဉ်စွမ်းအားအပေါ် သူ၏ စုပ်ယူမှုက ယခင်ကထက် အဆပေါင်းများစွာ ပိုမြန်ဆန်သွားသည်။
လိုအင်ဆန္ဒစွမ်းအားသည် သူ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားပြီးလျှင် အပိုင်းသုံးပိုင်းကွဲသွားသည်။ လိုအင်ဆန္ဒအမျိုးအစား(၃)မျိုးသည် သူတို့၏ သက်ဆိုင်ရာမိစ္ဆာသွေးကြောများဆီသို့ အသီးသီး စီးဆင်းသွားကြသည်။ ယင်းတို့သည် မိစ္ဆာသန့်စင်ခြင်းမီးဖို၏ သန့်စင်ခံရပြီးလျှင် အလွှာသုံးလွှာ ကြာပန်းနက်ထဲသို့ ဝင်ရောက်သွားသည်။
ထိုကြာပန်းနက်သည် သီရှီထျန်၏ မိစ္ဆာအမြူတေဓာတ်လုံး ဖြစ်သည်။
ကြာပန်းနက်သည် မိုးမြေဝိညာဉ်စွမ်းအားနှင့် လိုအင်ဆန္ဒစွမ်းအားကို စုပ်ယူနေသည်။ ဝိညာဉ်စွမ်းအားက မိစ္ဆာချီအဖြစ် သန့်စင်ခံလိုက်ရပြီး အနက်ရောင်ပုလဲလုံးထဲမှာ သိမ်းဆည်းခံလိုက်ရသည်။ လိုအင်ဆန္ဒစွမ်းအားသည်တော့ အပိုင်းသုံးပိုင်းကွဲသွားပြီး ကြာပန်းနက်၏ အလွှာတစ်လွှာဆီသို့ အသီးသီး ဝင်ရောက်သွားကြသည်။ သို့သော်လည်း မိစ္ဆာချီနှင့် လိုအင်ဆန္ဒစွမ်းအားက မပေါင်းစပ်သွားပေ။ ထိုနှစ်ခုပေါင်းစပ်ရန် တစ်စုံတစ်ခုကို လိုအပ်နေသေးဟန် ရ၏။
အချိန်က တိတ်တဆိတ် စတင်ကုန်ဆုံးသွားသည်။
ကောင်းကင်မိစ္ဆာလျှို့ဝှက်နယ်မြေ ဖွင့်လှစ်မည့်နေ့က တဖြည်းဖြည်း နီးသထက် နီးကပ်လာသည်။
ထို့ကြောင့် တောင်ပိုင်းမြေရိုင်းဒေသတစ်ခုလုံးသာမက တခြားနေရာများမှာလည်း အနည်းငယ် အပြောင်းအလဲရှိလာသည်။
မသေမျိုးကျင့်ကြံခြင်းလောကမှာပင် လေထုက ယခင်ကနှင့် အနည်းငယ် ကွာခြားသွားသည်။
မျက်စိတစ်မှိတ်အတွင်းမှာ တစ်လဟူသောအချိန်က တိတ်တဆိတ် ကုန်ဆုံးသွားသည်။
သီရှီထျန်သည် သီချင်းတီးခတ်ရန် ပန်းမျိုးတစ်ရာချိုင့်ဝှမ်းဆီသို့ အမြဲသွားနေဆဲပင်။ နေပူပူ မိုးရွာရွာ သူဂရုမစိုက်ပေ။ ယင်းက သူ့အတွက် အလေ့အကျင့်တစ်ခုဖြစ်လာသည်။ နံနက်ခင်းတိုင်း ကုချင်းတီးခတ်ခြင်းက ကုချင်းနယ်ပယ်အပေါ် သူ၏ သင်ယူလေ့လာမှုကို ပိုပြီးနက်ရှိုင်းစေသည်။ ထို့ပြင် သူ၏ ဘေးပတ်ဝန်းကျင်မှ သတ္တဝါများသည်လည်း ကုချင်း၏ အနုပညာကို ခံစားနိုင်ကြသည်။
သတ္တဝါများသည် ကုချင်းအသံကို နားထောင်ရန် မဏ္ဍပ်ဆီသို့ နေ့တိုင်း ရောက်လာကြလေ့ရှိသည်။ သူတို့အားလုံးသည် ဝိညာဉ်အသိဉာဏ်နိုးထပြီးသူများ ဖြစ်ကြသည်။
“ အမ… အကိုသီက ကုချင်းတီးပြီး ထွက်သွားပြန်ပြီ… ဒီတစ်ခေါက်မှာ သူက ‘ လီအန်းချစ်သူများ ’ ထပ်တီးခတ်သွားတယ်… သီချင်းက ဝမ်းနည်းဖို့ကောင်းပြီး အရမ်းလှပတယ်… ဒါ့အပြင် အရင်တစ်ခေါက်က အကိုသီ ငါ့ကို ပြောပြတဲ့ ‘ လီအန်းချစ်သူများ ’ဇာတ်လမ်းက အရမ်းဆွဲဆောင်မှုရှိတယ်… ဒီနေ့ဆိုရင် လေးဆယ်တစ်ရက်ရှိပြီ… အကိုသီရဲ့ အတွေးကို ကျူးအာ မြင်နိုင်တယ်… အမရော မမြင်နိုင်ဘူးလား ”
ပန်းမျိုးတစ်ရာချိုင့်ဝှမ်းထဲတွင် ချန်းရှီက မဏ္ဍပ်ထဲမှာ ထိုင်နေရင်း ရေကန်ပေါ်မှ ကြာပန်းကို ကြည့်နေသည်။ ကြာပန်းသည် အလွန်သန့်စင်ပြီး မည်သည့်ညစ်ညမ်းမှုမှ စွန်းထင်းမနေပေ။ သူက ကြာပန်းကို ကြည့်နေရင်း သဘာဝအသံနှင့်တူသော ကုချင်းအသံကို နားထောင်နေသည်။ သူ့မျက်လုံးထဲမှာ အမုန်းတရားမရှိတော့ပေ။ သူက ယခင်ကဲ့သို့ ကြော့ရှင်းတင့်တယ်ပြီး သိမ်မွေ့နူးညံ့သော အသွင်ပုံစံသို့ ပြန်ပြောင်းလဲသွားသည်။
သို့သော်လည်း သူ့နှလုံးသားထဲမှ အေးစက်မှုကို သူ့မျက်နှာအောက်မှာ ဖုံးကွယ်ထားကြောင်း တခြားလူများမသိနိုင်ပေ။ အေးစက်မှုနှင့် အမုန်းတရားက သူ့နှလုံးသားထဲမှာ နက်နက်ရှိုင်းရှိုင်း ပုန်းလျှိုးနေသည်။ သို့သော်လည်း အပြင်ပန်းအရ သူက ပုံမှန်ပြန်ဖြစ်သွားသည်။
“ သူကုချင်းတီးချင်နေရင် သူ့ကို တီးခိုင်းလိုက်ပါ… အဲ့ဒါက ငါနဲ့ဘာမှမဆိုင်ဘူး… သူလုပ်ခဲ့တဲ့အမှားအတွက် ဆယ်နှစ် ဒါမှမဟုတ် အနှစ်တရာ သူကုချင်းတီးမယ်ဆိုရင်တောင် ငါသူ့ကို ခွင့်လွှတ်မှာ မဟုတ်ဘူး ”
သူ၏ အမူအရာက အေးဆေးတည်ငြိမ်သည်။ သီရှီထျန်အကြောင်း သူပြောသည့်အခါ သူ၏ အမူအရာက အလွန်တည်ငြိမ်သည်။ ဤသည်မှာ သူက သူစိမ်းတစ်ယောက်အကြောင်း ပြောနေသည့်အလားပင်။ သို့သော်လည်း သူ့နှလုံးသားထဲမှာ မည်သည့်အရာရှိကြောင်း သူသာလျှင် သိသည်။
“ ဟီး ဟီး… အမ… အကိုသီက အရမ်းကောင်းတယ်လို့ ကျူးအာ ထင်တယ် ”
ကျူးအာက မျက်တောင်တဖျပ်ဖျပ်ခတ်လိုက်ပြီး ရှက်ရွံ့သော အကြည့်ကို ထုတ်ဖော်လိုက်သည်။ သူက စိတ်ထဲမှာ တွေးလိုက်သည်။
‘ အကိုသီက ငါ့ကို အမကို နားချပေးဖို့ ပြောတယ်… ငါလုပ်နိုင်ရင် မျောက်မင်းဝိုင်ပုလင်းတစ်ရာ ပေးမယ်လို့ သူကတိပေးခဲ့တယ်… ကောင်းပြီ… ငါဘာမှမလုပ်ဘဲ အကျိုးအမြတ်ယူလို့ မကောင်းဘူး… နောက်ပြီး တကယ်လို့ အကိုသီက ငါ့ခဲအိုဖြစ်လာမယ်ဆိုရင် အနာဂတ်မှာ ငါ့အနောက်မှာ နောက်ထပ် အစွမ်းထက်အင်အားစုတစ်ခု ရှိသွားလိမ့်မယ် ’
“ သေချာစဉ်းစားပါဦး အမ… အကိုသီက ကျင့်ကြံခြင်းမှာ ပါရမီပါတဲ့လူ… တောင်ပိုင်းမြေရိုင်းဒေသဆီ သူရောက်လာတဲ့အခါမှာ မိစ္ဆာသားရဲတစ်ကောင်ပဲ ရှိသေးတယ်… အခု အချိန်ခဏလေးအတွင်းမှာ သူက အဆင့်ချိုးဖြတ်သွားပြီး အစစ်အမှန်မိစ္ဆာတစ်ကောင် ဖြစ်လာပြီ… မိစ္ဆာတစ်ကောင်ဖြစ်လာဖို့ သူ့အတွက် နှစ်အနည်းငယ်ပဲ လိုအပ်တယ်… မိစ္ဆာမျိုးနွယ်စုထဲမှာ ဒီလောက် ပါရမီထူးကဲတဲ့လူကို အရင်က တစ်ခါမှငါမမြင်ဖူးဘူး… တောင်ပိုင်းမြေရိုင်းဒေသထဲမှာ အမပြီးရင် အကိုသီက အစွမ်းထက်ဆုံးပဲ… ဒါ့အပြင် အကိုသီက ကုချင်းဘယ်လိုတီးရမလဲ သိတယ်… အကိုသီက အဖက်ဖက်ကနေ ပြည့်စုံတယ်… ကျူးအာက အကိုသီလို ခဲအိုကို လိုချင်တယ် ”
ကျူးအာသည် ချန်းရှီကို သွေးဆောင်ရန် ကြိုးစားအားထုတ်နေသည်။
“ အို… နင်ကတော့လေ… ”
ချန်းရှီသည် လက်ဆန့်ထုတ်လိုက်ပြီး ဇာမဏီငှက်၏ ဦးခေါင်းကို ညင်သာစွာ ခေါက်လိုက်သည်။ သူက အကူအညီမဲ့စွာ ခေါင်းယမ်းလိုက်ပြီး ပြောသည်။
“ ကျူးအာ… တချို့ကိစ္စတွေကို နင်နားမလည်ပါဘူး… အရာရာကို မျက်စိစုံမှိတ်ပြီး ဝင်မပါပါနဲ့… နင့်မှာ တခြားအလုပ်မရှိဘူးဆိုရင် မဒူဆာနဲ့ မိစ္ဆာအသင်္ချေချိုင့်ဝှမ်းဆီကို သွားပါ… မဒူဆာကို ချိုင့်ဝှမ်းဆီ သူနဲ့အတူ သွားဖို့ ပြောလိုက်ပါ… ကောင်းကင်မိစ္ဆာလျှို့ဝှက်နယ်မြေက မကြာခင် ဖွင့်လှစ်တော့မယ်လို့ သူတို့နှစ်ယောက်ကို ပြောလိုက်ပါ ”
ချန်းရှီသည် စကားလမ်းကြောင်းပြောင်းလိုက်ပြီး ကောင်းကင်မိစ္ဆာလျှို့ဝှက်နယ်မြေအကြောင်း ရုတ်တရက် ပြောသည်။
အချိန်ကို တွက်ကြည့်သည့်အခါ ကောင်းကင်မိစ္ဆာလျှို့ဝှက်နယ်မြေ ဖွင့်လှစ်ရန် အချိန်သိပ်မကျန်တော့ပေ။
“ ကောင်းကင်မိစ္ဆာလျှို့ဝှက်နယ်မြေလား… အမ ငါတို့တွေ အကိုသီနဲ့ အမမဒူဆာကိုပဲ အကြောင်းကြားမှာလား… အနက်ရောင်မျောက်ဝံဘုရင်နဲ့ အနံ့ဆိုးကျီးကန်းကိုရော အကြောင်းကြားဖို့ မလိုဘူးလား ”
ကျူးအာက ခေါင်းလှည့်လိုက်ပြီး ကလေးဆန်သော အသံဖြင့် ပြောသည်။
“ မလိုဘူး… ကောင်းကင်မိစ္ဆာလျှို့ဝှက်နယ်မြေက အရမ်းအန္တရာယ်များတယ်… မိစ္ဆာသားရဲတွေက လျှို့ဝှက်နယ်မြေထဲမှာ ကြောက်စရာကောင်းတဲ့ အန္တရာယ်တွေနဲ့ တွေ့ဆုံပြီး အချိန်မရွေး အသက်ဆုံးရှုံးသွားနိုင်တယ်… သူတို့သွားရင်တောင် အများကြီး အကူအညီပေးနိုင်မှာ မဟုတ်ဘူး… တောင်ပိုင်းမြေရိုင်းဒေသထဲမှာ သူတို့ကို အေးအေးချမ်းချမ်း ကျင့်ကြံခိုင်းပြီး မိစ္ဆာကပ်ဘေးဒုက္ခကျော်လွှားဖို့ စောင့်ဆိုင်းစေတာက ပိုကောင်းပါတယ်… အဲ့ဒါက လက်ရှိအချိန်မှာ သူတို့အတွက် အရေးကြီးဆုံးကိစ္စပဲ… မဒူဆာနဲ့ အဲ့ဒီလူကိုပဲ အခွင့်အရေးပေးလိုက်ပါ… ကောင်းကင်မိစ္ဆာလျှို့ဝှက်နယ်မြေက လူအရေအတွက်နဲ့ အနိုင်ယူနိုင်တဲ့နေရာ မဟုတ်ဘူး… အဲ့ဒါက ကံကြမ္မာပေါ်မှာ မူတည်တယ်… ကောင်းကင်မိစ္ဆာလျှို့ဝှက်နယ်မြေနဲ့ ကံမစပ်ရင် လူဘယ်လောက်များများ အထဲဝင်သွားပါစေ အချည်းနှီးဖြစ်လိမ့်မယ် ”
ချန်းရှီက ညင်သာစွာ ခေါင်းယမ်းလိုက်ပြီး ရှင်းပြသည်။
“ အို… ငါသိပြီ ”
ကျူးအာက မျက်တောင်တဖျပ်ဖျပ်ခတ်လိုက်ပြီး ပြောသည်။
“ ကျူးအာ အခုပဲ သူတို့တွေကို သွားအကြောင်းကြားလိုက်မယ် ”
ထိုသို့ပြောပြီးနောက် ဇာမဏီငှက်သည် တုံ့ဆိုင်းမနေပေ။ သူက အတောင်ပံတဖျပ်ဖျပ်ခတ်လိုက်ပြီး ချိုင့်ဝှမ်းအပြင်သို့ ပျော်ရွှင်စွာ ပျံသန်းသွားသည်။ ဤရက်များတွင် သူက ချိုင့်ဝှမ်းထဲမှာ အလွန်ပျင်းရိနေခဲ့သည်။ သို့ဖြစ်၍ ယခု အပြင်ထွက်သွားရန် သူအခွင့်အရေးရလာသည့်အခါ ဖော်မပြနိုင်အောင် ဝမ်းသာပျော်ရွှင်သွားသည်။