← Chapters

အခန်း (၃၃၄-၃၃၆)

Vol. 23 Ch. 334-336

အခန်း (၃၃၄-၃၃၆)

Vol. 23 Ch. 334-336

အခန်း(၃၃၄)

ကျူးအာက ချိုင့်ဝှမ်းထဲမှ ထွက်သွားပြီး မြောက်ပိုင်းအရပ်သို့ အမြန်ပျံသန်းသွားသည်။

မိစ္ဆာအသင်္ချေချိုင့်ဝှမ်းဆီသို့ သူရောက်သွားသည့်အခါ မိစ္ဆာသားရဲတစ်ကောင်က အရင်ဆုံး သတင်းသွားပို့သည်။ ထို့နောက် သူက ဇာမဏီငှက်ကို သီရှီထျန်၏ လှိုဏ်ဂူဆီသို့ ခေါ်ဆောင်သွားသည်။ သီရှီထျန်သည်လည်း ကျင့်ကြံပြီးနောက် လှိုဏ်ဂူထဲမှ ပြန်ထွက်လာသည်။ ကျူးအာကို မြင်သွားသောအခါ သူက ခပ်ရေးရေး ပြုံးလိုက်ပြီး မေးသည်။

“ ကျူးအာ… ဒီနေ့ မင်းအားလပ်လို့ ငါ့ကို လာတွေ့တာလား… ဒါမှမဟုတ် ကိစ္စတစ်ခုခုရှိလို့လား ”

သူက စကားပြောပြီးနောက် ကျောက်စိမ်းစားပွဲဝိုင်း၏ ဘေးမှာ ဝင်ထိုင်လိုက်သည်။ ထို့နောက် သူက ဝိုင်နတ်ဘုရားဘူးသီးခြောက်ကို ထုတ်လိုက်ပြီး ကျောက်စိမ်းခွက်နှစ်ခွက်ထဲသို့ လောင်းထည့်လိုက်သည်။

ကျူးအာသည် မည်သည့်စကားမှ မပြောပေ။ ဝိုင်အနံ့ကို သူရသွားသည်နှင့်ချက်ချင်း ကျောက်စိမ်းစားပွဲဝိုင်းပေါ်မှာ ရပ်နားလိုက်သည်။ သူက ကျောက်စိမ်းခွက်ထဲသို့ ခေါင်းငုံ့၍ တစ်ငုံပြီးတစ်ငုံ သောက်လိုက်သည်။ သူစိတ်ကျေနပ်သွားသည့်အခါ သက်တောင့်သက်သာ ပြောသည်။

“ အရမ်းအရသာရှိတာပဲ… အကိုသီရဲ့ ဝိညာဉ်ဝိုင်က အကောင်းဆုံးပဲ… ဒီမှာ နေ့တိုင်း ငါနေချင်တယ်… အဲ့ဒါဆိုရင် ဝိုင်ကို ငါ့စိတ်ကြိုက် သောက်နိုင်လိမ့်မယ် ”

ထိုသို့ပြောပြီးနောက် သူက သီရှီထျန်ကို ကြည့်၍ ခပ်ရေးရေး ပြုံးလိုက်သည်။ သူက မျက်တောင်တဖျပ်ဖျပ်ခတ်လိုက်ပြီး ပြောသည်။

“ ငါဒီကိုလာတာ အမက အကိုသီကို ဖိတ်ခေါ်ခိုင်းလိုက်လို့ပဲ… သူက အကိုသီကို တစ်ခုခု ပြောချင်နေတယ် ”

“ ဝှစ် ”

ယင်းကို သီရှီထျန်ကြားသောအခါ သူက ထိုင်ခုံပေါ်မှ ရုတ်တရက် မတ်တတ်ရပ်လိုက်သည်။ သူ၏ မျက်နှာက တည်ကြည်လေးနက်လာသည်။ သူက အလျင်စလို ပြောသည်။

“ မင်းရဲ့ အမက ငါ့ကို သူ့ဆီ လာခိုင်းတယ်လား ”

သီရှီထျန်သည် အစောနက သူကြားလိုက်ရသော စကားကို မယုံကြည်နိုင်ဖြစ်သွားသည်။ သူက စိတ်ထဲမှာ တွေးလိုက်သည်။

“ မဟုတ်မှလွဲရော ချန်းရှီ ငါ့ကို ခွင့်လွှတ်ပေးတော့မလို့လား ”

သို့သော်လည်း ထိုဖြစ်နိုင်ခြေက သိပ်မရှိကြောင်း သူသိသည်။ မည်သို့ဖြစ်ပါစေ ချန်းရှီ၏ ဖိတ်ခေါ်မှုက သူမမျှော်လင့်ထားသောအရာ ဖြစ်သည်။ ထို့ပြင် သူက ချန်းရှီနှင့် နောက်တစ်ကြိမ် တွေ့ဆုံနိုင်ရန် မျှော်လင့်နေသည်။ သို့ဖြစ်၍ ယင်းကို သူမငြင်းဆန်ပေ။ သူက အမြန်ခေါင်းညိတ်လိုက်ပြီး လေးနက်စွာ ပြောသည်။

“ မင်းအမက လာဖို့ပြောမှတော့ အခုပဲ ငါတို့သွားရအောင် ”

သူ့စကားဆုံးသွားသည်နှင့် မိစ္ဆာလေက သူ၏ ခြေထောက်အောက်မှာ ထွက်ပေါ်လာပြီး သူနှင့် ဇာမဏီငှက်ကို သယ်ဆောင်လိုက်သည်။ မိစ္ဆာလေသည် အလွန်မြန်ဆန်သော အလျင်ဖြင့် ပန်းမျိုးတစ်ရာချိုင့်ဝှမ်းဆီသို့ ဦးတည်သွားသည်။ စက္ကန့်အနည်းငယ်ကြာပြီးနောက် သူက အလွန်ရင်းနှီးသော လမ်းကြောင်းအရှေ့မှာ ထွက်ပေါ်လာသည်။ သူက ထိုလမ်းကြောင်းကို မျက်စိမှိတ်၍ပင် ဖြတ်ကျော်နိုင်သည်။

“ လာ အကိုသီ… ငါ အကိုသီကို ကြာပန်းမဏ္ဍပ်ဆီ ခေါ်သွားပေးမယ်… ငါ့အမက အဲ့ဒီမှာ စောင့်နေတယ် ”

မကြာမီ သူတို့က ပန်းမျိုးတစ်ရာချိုင့်ဝှမ်း၏ အရှေ့သို့ ရောက်ရှိသွားသည်။ ဇာမဏီငှက်သည် ဝမ်းသာပျော်ရွှင်စွာ အရှေ့မှ လမ်းပြပေးသည်။ သူက ချိုင့်ဝှမ်းထဲသို့ အရင်ဆုံး ဝင်ရောက်သွားသည်။

“ ဟူး ”

သို့သော်လည်း စက်ကရာသည် ချိုင့်ဝှမ်း၏ အရှေ့တွင် သက်ပြင်းရှည်ကြီးချလိုက်သည်။ ချိုင့်ဝှမ်းကို ကြည့်နေစဉ် သူ့အကြည့်က အလွန်ရှုပ်ထွေးလာသည်။ သူက စိတ်ထဲမှာ တီးတိုးရေရွတ်လိုက်သည်။

‘ ပန်းမျိုးတစ်ရာချိုင့်ဝှမ်း… အို ပန်းမျိုးတစ်ရာချိုင့်ဝှမ်း… ငါမဝင်နိုင်တဲ့ အချိန်တုန်းက အရမ်းဝင်ချင်ခဲ့တယ်… အခု ငါဝင်ရောက်နိုင်တော့မယ်ဆိုတော့ ငါ့ခြေလှမ်းတွေက အရမ်းလေးလံနေပါလား ”

သူက ခါးသီးစွာ ပြုံးလိုက်ပြီး ခေါင်းယမ်းလိုက်သည်။

“ ကြည့်ရတာ နောက်ဆိုရင် သူတစ်ပါးအပေါ်မှာ အကြွေးမတင်အောင် ငါဂရုစိုက်ရမယ်… အကြွေးတင်တာ လွယ်ကူပေမဲ့ ပြန်ဆပ်ဖို့ကျတော့ အရမ်းခက်ခဲတယ် ”

စိတ်ရှုပ်ထွေးသော ခံစားချက်က သူ့နှလုံးသားထဲမှာ ထွက်ပေါ်လာသည်။ သူက ပန်းမျိုးတစ်ရာချိုင့်ဝှမ်းထဲသို့ လျှောက်သွားပြီး ရှုခင်းများကို ကြည့်လိုက်သည်။ အတိတ်၌ ကပ်ဘေးဒုက္ခမိုးကြိုးများကြောင့် ပျက်စီးသွားခဲ့သော ပန်းပင်များက ယခု ပြန်ရှင်သန်နေကြပြီ ဖြစ်၏။ အရောင်အသွေးစုံလင်သော ပန်းပင်များက ချိုင့်ဝှမ်း‌၏ နေရာတိုင်းမှာ ရှိသည်။ ပန်းပင်များက မွှေးပျံ့လတ်ဆတ်သော ရနံ့ကို ထုတ်လွှတ်ပေးသည်။ ပန်းမျိုးတစ်ရာချိုင့်ဝှမ်းနှင့် အပြင်လောကက အလွန်ကွာခြားလေရာ ထိုနှစ်ခုက မတူညီသော ကမ္ဘာနှစ်ခုသဖွယ် အောက်မေ့ရသည်။

ဇာမဏီငှက်နောက်သို့ သူလိုက်သွားစဉ် အတိတ်မှာ တစ်ခါသူရောက်ဖူးသော ကြာပန်းမဏ္ဍပ်ဆီသို့ ပြန်ရောက်လာသည်။ ကြာပန်းမဏ္ဍပ်ကို ရေကန်အလယ်မှာ တည်ဆောက်ထားသည်။

သီရှီထျန်သည် မဏ္ဍပ်ကို လှမ်းကြည့်လိုက်လေရာ အံ့ဩမှုကြောင့် မျက်လုံးပြူးကျယ်သွားသည်။ သူက စိတ်ထဲမှာ‌ ကိုယ့်ဘာသာ တွေးလိုက်သည်။

“ မဒူဆာက ဘာလို့ ဒီရောက်နေတာလဲ… ငါထင်သားပဲ… ချန်းရှီက ဘယ်လိုလုပ် ငါ့ကို အလွယ်တကူ ခွင့်လွှတ်ပေးမှာလဲ… ငါ့တစ်ယောက်တည်းကို သူခေါ်တွေ့ဖို့ဆိုတာ မဖြစ်နိုင်တဲ့ကိစ္စပဲ ”

သီရှီထျန်သည် အံ့ဩသွားသော်လည်း စိတ်သက်သာရာရသွားသည်။ မဏ္ဍပ်ထဲတွင် ချန်းရှီက အဖြူရောင်နန်းတွင်းအဝတ်အစားကို ဝတ်ဆင်ထားသည်။ သူ့အရှေ့တွင် မဒူဆာက ရောင်စုံဝတ်စုံကို ဝတ်ဆင်ထားသည်။ ဤအခိုက်အတန့်မှာ သူတို့နှစ်ယောက်က တိုးညင်းစွာ စကားပြောနေကြသည်။

“ အမရှီ… သီရှီထျန် နင့်ကို အဝေးခေါ်သွားတုန်းက ဆိုးဝါးတဲ့ ကိစ္စတစ်ခု ဖြစ်ခဲ့တာလား… ကျူးအာဆီကနေ ငါကြားတယ်… သူက နေ့တိုင်း ပန်းမျိုးတစ်ရာချိုင့်ဝှမ်းအရှေ့မှာ ကုချင်းတီးခတ်ပေးတယ်… ”

မဒူဆာက နူးညံ့စွာ ပြောသည်။

“ ငါဘာမှမဖြစ်ပါဘူး ”

ချန်းရှီက ခေါင်းခါလိုက်သည်။

“ ဘာမှစိတ်မပူပါနဲ့… ငါအဆင်ပြေပါတယ်… ဟုတ်ပြီ… သူရောက်လာပြီ ”

ထိုသို့ပြောပြီးနောက် သူက‌ ခေါင်းမော့လိုက်ပြီး သီရှီထျန်ကို ကြည့်လိုက်သည်။ သူ၏ မျက်လုံးထဲမှာ အမုန်းတရားသော်လည်းကောင်း ချစ်ခြင်းမေတ္တာသော်လည်းကောင်း မရှိပေ။ ဤသည်မှာ သူက သူစိမ်းတစ်ယောက်ကို ကြည့်နေသည့်အလားပင်။ သူ၏ မျက်လုံးများက ကန်ရေပြင်ပမာ တည်ငြိမ်သည်။

“ ဟူး ”

ချန်းရှီ၏ သဘောထားကို မြင်သောအခါ သီရှီထျန်က ထပ်မံ သက်ပြင်းချလိုက်သည်။ ခါးသီးမှုက သူ့နှလုံးသားထဲမှာ ထွက်ပေါ်လာသည်။ သူ့စိတ်က အေးခဲသွားသည်။ အရိုးသားဆုံးဆိုရလျှင် ချန်းရှီ သူ့ကို ထိုသို့သဘောထားမည့်အစား မုန်းတီးသွားစေရန်သာ သူဆန္ဒရှိသည်။ အနည်းဆုံးတော့ သူ့အပေါ် မုန်းတီးနေလျှင် ချန်းရီက သူ့အကြောင်း မေ့ပျောက်သွားမည် မဟုတ်ချေ။ ယင်းက သူ့ကို အခွင့်အရေးတစ်ခု ပေးလိမ့်မည်။

သို့သော်လည်း ဤအခိုက်အတန့်မှာ ချန်းရှီက သူ့ကို သူစိမ်းတစ်ယောက်သဖွယ် သဘောထားနေသည်။ ထို့ကြောင့် မည်သို့ဆက်လုပ်သင့်ကြောင်း သူမသိတော့ပေ။

“ အထဲဝင်လာခဲ့ပါ ”

ချန်းရှီက မထူးမခြားနား ပြောသည်။

သီရှီထျန်သည် အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး စိတ်တည်ငြိမ်ရန် အကောင်းဆုံး ကြိုးစားလိုက်သည်။ သူက မဏ္ဍပ်ထဲသို့ လျှောက်သွားပြီး ထိုင်ခုံအလွတ်တစ်လုံးမှာ ဝင်ထိုင်လိုက်သည်။

ချန်းရှီက ဘေးဘီကို ကြည့်လိုက်သည်။ လူစုံပြီဖြစ်ကြောင်း သူမြင်သောအခါ နူးညံ့စွာ ပြောသည်။

“ နင်တို့ကို ဒီတစ်ကြိမ် ငါဖိတ်ခေါ်လိုက်တာ ပြောစရာကိစ္စရှိလို့ပဲ… ကောင်းကင်မိစ္ဆာလျှို့ဝှက်နယ်မြေ ဖွင့်လှစ်ဖို့ တစ်လပဲ လိုတော့တာ နင်တို့သိမယ်လို့ ငါထင်တယ် ”

သူက စကားပြောနေရင်း ခဏရပ်လိုက်ပြီး သူ့အရှေ့မှ လက်ဖက်ရည်ခွက်ကို ကောက်ယူလိုက်သည်။ သူက လက်ဖက်ရည်တစ်ငုံသောက်ပြီးလျှင် ဆက်ပြောသည်။

“ ငါတို့တောင်ပိုင်းမြေရိုင်းဒေသက သေးငယ်ပေမဲ့ ကောင်းကင်မိစ္ဆာလျှို့ဝှက်နယ်မြေက ရှေးခေတ်တုန်းက မိစ္ဆာမျိုးနွယ်စုရဲ့ ဘိုးဘေးတွေ ချန်ထားခဲ့တဲ့ အမွေအနှစ်နယ်မြေတစ်ခု ဖြစ်တယ်… လျှို့ဝှက်နယ်မြေ ဖွင့်လှစ်တဲ့အခါတိုင်း မိစ္ဆာတွေက သူတို့ရဲ့ ကံကို စမ်းသပ်ကြတယ်… ကံကောင်းမယ်ဆိုရင် ငါတို့က မိစ္ဆာဘိုးဘေးတွေရဲ့ ကောင်းချီးပေးမှုကို ရရှိကြလိမ့်မယ်… ဒါပေမဲ့ အဲ့ဒါက အရမ်းအန္တရာယ်များတယ်… မင်းတို့နှစ်ယောက်ပဲ ကောင်းကင်မိစ္ဆာလျှို့ဝှက်နယ်မြေဆီ ဝင်ရောက်ဖို့ အရည်အချင်းပြည့်မီတယ်… ဒါကြောင့် ဒီနေ့ မင်းတို့ကို ငါခေါ်လိုက်တာ မင်းတို့ဆန္ဒရှိလား မေးချင်လို့ပဲ ”

ချန်းရှီ၏ အသံက သိမ်မွေ့သည်။ သူက စကားပြောနေစဉ် မဒူဆာကိုသာ ကြည့်သည်။ သီရှီထျန်ကိုတော့ ထိုင်ခုံပေါ်မှာ သူထိုင်ပြီးနောက် နောက်တစ်ကြိမ် မကြည့်တော့ပေ။ သူက သီရှီထျန်ကို လေကဲ့သို့ သဘောထားလိုက်သည်။

မဒူဆာသည် အမျိုးသမီးဖြစ်ပြီး စေ့စပ်သေချာသူ ဖြစ်သည်။ သို့ဖြစ်၍ သူ့အရှေ့မှ မြင်ကွင်းကို သူသတိထားမိသည်။ သို့သော်လည်း ထိုအကြောင်းကို သူထုတ်မမေးသင့်ကြောင်း သိသည်။ သို့ဖြစ်၍ သူက ထိုသံသယကို သူ့စိတ်ထဲမှာသာ မြှုပ်နှံလိုက်သည်။ သူက စိတ်ထဲမှာ ကိုယ့်ဘာသာ တွေးလိုက်သည်။

‘ အမချန်းရှီနဲ့ သီရှီထျန်ကြားမှာ ကိစ္စတစ်ခုခု ဖြစ်ခဲ့တဲ့ပုံပဲ ’

“ လျှို့ဝှက်နယ်မြေက မိစ္ဆာဘိုးဘေးတွေ ချန်ထားခဲ့တဲ့ အမွေအနှစ်နယ်မြေဖြစ်တယ်… ငါတို့ အဲ့ဒီကို သေချာပေါက်သွားရမယ်… ငါ့ကိုပါ ထည့်တွက်လိုက်ပါ ”

ယင်းကို သီရှီထျန်ကြားသောအခါ သူက တုံ့ဆိုင်းမနေဘဲ ချက်ချင်း ပြောသည်။ ကောင်းကင်မိစ္ဆာလျှို့ဝှက်နယ်မြေသည် ဟိုးယခင်ကတည်းက သူသွားရောက်ရန် စီစဉ်ထားခဲ့သော အမွေအနှစ်နယ်မြေ ဖြစ်သည်။ ထို့ကြောင့် ချန်းရှီ၏ စကားကို သူကြားသောအခါ ငြင်းဆန်မနေပေ။

ထို့နောက် သူက လေသံပြောင်းလိုက်ပြီး မေးသည်။

“ ဒါပေမဲ့… လျှို့ဝှက်နယ်မြေရဲ့ ဝင်ပေါက်တစ်ခုက မြောက်ပိုင်းအမှောင်ကျွန်းမှာ ရှိတယ်… အဲ့ဒါကို မသေမျိုးကျင့်ကြံသူတွေက သိမ်းပိုက်ထားကြတယ်… တခြားဝင်ပေါက်တစ်ခုက ဘယ်မှာလဲ ငါမသိဘူး ”

သူက ချန်းရှီ၏ မထူးမခြားနား မျက်နှာကို ကြည့်လိုက်သည်။ အတိတ်တွင် သူသည် လျှို့ဝှက်နယ်မြေဆီသို့ ဝင်ရောက်နိုင်သော ဝင်ပေါက်နှစ်ခုရှိကြောင်း ချန်းရှီထံမှ ကြားသိခဲ့ရသည်။ ဝင်ပေါက်တစ်ခုက မြောက်ပိုင်းအမှောင်ကျွန်းမှာဖြစ်ပြီး အခြားဝင်ပေါက်တစ်ခုကို မိစ္ဆာမျိုးနွယ်စုက ထိန်းချုပ်ထားသည်။

သို့သော်လည်း ထိုဝင်ပေါက်၏ တည်နေရာအတိအကျကို သူမသိပေ။

“ မိစ္ဆာမျိုးနွယ်စုအတွက် ဝင်ပေါက်က မီးခိုးလှိုင်းရေကန်မှာ ”

အမှန်မှာ သီရှီထျန်က ဘေးကျပ်နံကျပ်အခြေအနေမှာ ရှိနေသည်။

မိစ္ဆာကျင့်ကြံသူများသည် မြောက်ပိုင်းအမှောင်ကျွန်းဆီသို့ သေချာပေါက် မဝင်နိုင်ကြချေ။ မည်သို့ဖြစ်ပါစေ အခြေအနေသည် ကုချင်းပညာသင်ယူရန် သေမျိုးလောကဆီသို့ သူသွားရောက်ခဲ့စဉ်ကနှင့် လုံးဝ ကွာခြားသည်။ ထိုစဉ်အခါက သူတွေ့ဆုံခဲ့သော ကျင့်ကြံသူများသည် ချီသန့်စင်ခြင်းနယ်ပယ်နှင့် အခြေတည်နယ်ပယ်မှ ကျင့်ကြံသူများသာ ဖြစ်ကြသည်။ အရှိန်အဝါဖုံးကွယ်သော အတတ်ပညာကြောင့် မည်သည့်မတော်တဆမှုမှမရှိလျှင် သူ၏ သရုပ်မှန်က ဖော်ထုတ်မခံရနိုင်ပေ။

သို့သော်လည်း ဤတစ်ကြိမ်က ကွဲပြားခြားနားသည်။ ကောင်းကင်မိစ္ဆာလျှို့ဝှက်နယ်မြေက အလွန်အရေးကြီးသည်။ လျှို့ဝှက်နယ်မြေထဲမှ ရတနာများက အစွမ်းထက်ကျင့်ကြံသူများကိုပင် သွေးဆောင်နိုင်ပေသည်။ သူတို့က လျှို့ဝှက်နယ်မြေထဲသို့ ဝင်ရောက်ပြီး ကံစမ်းကြည့်ရန် ဆန္ဒရှိကြသည်။ အကယ်၍ သူ့အထင်မမှားလျှင် ဤတစ်ကြိမ် လျှို့ဝှက်နယ်မြေထဲသို့ ဝင်ရောက်ကြမည့် ကျင့်ကြံသူများက ဝိညာဉ်သန္ဓေတည်နယ်ပယ်မှာ ဖြစ်လိမ့်မည်။ ထိုထက် ပိုမြင့်သော ကျင့်ကြံသူများကိုပင် သူတွေ့ရနိုင်သည်။ ဖြစ်နိုင်သည်မှာ နှစ်ပေါင်းများစွာကြာအောင် တံခါးပိတ်ကျင့်ကြံနေသော မွန်းစတားအိုကြီးများသည်ပင် အပြင်ထွက်လာကြလိမ့်မည်။

ထိုသို့ပုဂ္ဂိုလ်များ၏ အရှေ့မှာ သူ၏ မိစ္ဆာအရှိန်အဝါကို ဖုံးကွယ်ရန် မလွယ်ကူပေ။ အကယ်၍ သူ၏ သရုပ်မှန် ဖော်ထုတ်ခံရမည်ဆိုလျှင် သူက မည်မျှသန်မာပါစေ မြောက်ပိုင်းအမှောင်ကျွန်းထဲမှာ သေဆုံးသွားလိမ့်မည်။ အန္တရာယ်က အလွန်ကြီးမားသည်။ သူက ခြေတစ်လှမ်းမှားသွားသည်နှင့် ပြန်လမ်းမဲ့သွားလိမ့်မည်။ ထို့ကြောင့် သူသည် ချန်းရှီထံမှ ဒုတိယဝင်ပေါက်အကြောင်း ကြားသိချင်သည်။ သို့သော်လည်း ထိုမတော်တဆမှုဖြစ်ပြီးနောက် ချန်းရှီကို သူတွေ့ဆုံရန် ခက်ခဲသွားသည်။

ထို့ကြောင့် သီရှီထျန်သည် ဤမတိုင်ခင် ကောင်းကင်မိစ္ဆာလျှို့ဝှက်နယ်မြေဆီသို့ မည်သို့သွားရောက်ရမည်ဖြစ်ကြောင်း တွေးပူနေခဲ့သည်။

ယခု သူစောင့်မျှော်နေသော အခွင့်အရေးက သူ့အရှေ့သို့ ရောက်လာပြီ ဖြစ်၏။ သို့ဖြစ်လေရာ ယင်းကို မည်သို့သူလက်လွှတ်ခံမည်နည်း။ သူက တုံ့ဆိုင်းမနေဘဲ ချက်ချင်း မေးသည်။ လျှို့ဝှက်နယ်မြေက အခွင့်အရေးတစ်ခု ဖြစ်သည်။ သို့သော်လည်း ထိုအခွင့်အရေးက လူတိုင်းရရှိနိုင်သောအရာ မဟုတ်ပေ။ ထိုအခွင့်အရေးအတွက် သူကိုယ်တိုင်ကြိုးစားရလိမ့်မည်။

သီရှီထျန်က ယင်းကို ကောင်းကောင်း နားလည်သည်။ အခွင့်အရေးကို သူလက်လွှတ်ခံမည်မဟုတ်ချေ။

“ မီးခိုးလှိုင်းရေကန်လား… အဲ့ဒါ ဘယ်နေရာလဲ… ငါတစ်ခါမှမကြားဖူးဘူး ”

ဒုတိယဝင်ပေါက်နေရာအကြောင်း ကြားသောအခါ သီရှီထျန်က မျက်မှောင်ကြုတ်လိုက်သည်။ ဤလောကမှာ နှစ်အနည်းငယ်ကြာ သူနေထိုင်ပြီးနောက် ခရမ်းရွှေကုန်းမြေအကြောင်း အကြမ်းဖျဉ်း သိသွားသည်။ သူက နာမည်ကျော်ကြားသော နေရာတချို့ကို သိသည်။ သို့သော်လည်း မီးခိုးလှိုင်းရေကန်အကြောင်း တစ်ခါမှ သူမကြားဖူးပေ။

“ အမရှီ… မဟုတ်မှလွဲရော မီးခိုးလှိုင်းရေကန်က ဒဏ္ဍာရီလာ နဂါးမျိုးနွယ်စု နေထိုင်တဲ့နေရာလား ”

မဒူဆာသည် သီရှီထျန်နှင့် မတူပေ။ သူက နှစ်ပေါင်းများစွာကြာအောင် ရှင်သန်ခဲ့သူ ဖြစ်သည်။ သို့ဖြစ်၍ သူက မီးခိုးလှိုင်းရေကန်အကြောင်း အနည်းအကျဉ်း သိထားသည်။ သို့သော်လည်း ဤအခိုက်အတန့်မှာ ထူးဆန်းသော အမူအရာက သူ့မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။

“ ဟုတ်တယ်… အဲ့ဒီမီးခိုးလှိုင်းရေကန်ပဲ ”

ချန်းရှီက ခေါင်းညိတ်လိုက်ပြီး နူးညံ့စွာ ပြောသည်။

“ မီးခိုးလှိုင်းရေကန်က မိုင်တစ်သောင်းရှည်လျားတယ်… အဲ့ဒါကို ရေကန်လို့ ခေါ်ပေမဲ့ အဲ့ဒါက အရှေ့၊ အနောက်၊ တောင်နဲ့ မြောက် ပင်လယ်လေးစင်းနဲ့ နှိုင်းယှဉ်နိုင်တယ်… ရေကန်ထဲမှာ ရေနေသတ္တဝါတွေ အများကြီး တည်ရှိတယ်… အဲ့ဒီအပြင် နဂါးမျိုးနွယ်စုက ရေကန်ထဲမှာ နေထိုင်ကြတယ်… တချို့လူတွေ ပြောကြတာတော့ အဲ့ဒီနဂါးမျိုးနွယ်စုက ပင်လယ်လေးစင်းကနေ ပြောင်းရွှေ့လာခဲ့တာတဲ့… ရေကန်ရဲ့ အလယ်မှာ ကျွန်းစုတစ်ခုတည်ရှိတယ်… ကျွန်းစုက အရမ်းကြီးမားတယ်… အဲ့ဒီကျွန်းပေါ်မှာ လျှို့ဝှက်နယ်မြေဆီ ဦးတည်နေတဲ့ ဝင်ပေါက်တစ်ခုရှိတယ်… လျှို့ဝှက်နယ်မြေဖွင့်လှစ်တဲ့အခါတိုင်း ခရမ်းရွှေကုန်းမြေမှာရှိတဲ့ မိစ္ဆာတွေက မီးခိုးလှိုင်းရေကန်ဆီ အပြေးအလွှား သွားကြလိမ့်မယ်… အဲ့ဒီအချိန်ကျရင် ကျွန်းပေါ်မှာ ပစ္စည်းလဲလှယ်တာပဲဖြစ်ဖြစ် ရောင်းဝယ်တာပဲဖြစ်ဖြစ် ပြုလုပ်နိုင်တယ်… ဘာပဲဖြစ်ဖြစ် အဲ့ဒီကို ခရီးထွက်ဖို့ ထိုက်တန်ပါတယ် ”

အခန်း(၃၃၅)

မီးခိုးလှိုင်းရေကန်အကြောင်း ပြောရလျှင် ယင်းက အလွန်လှပသော ရှုခင်းများဖြင့် ပြည့်နှက်နေသည့် နေရာဖြစ်သည်။ ရေမျက်နှာပြင်ဧရိယာက အလွန်ကျယ်ပြောပြီး ရေကန်၏ အလယ်၌ သီးခြားတည်ရှိနေသော ရေပူစမ်းတစ်ခု ရှိသည်။ ရေပူစမ်းပါးစပ်ထဲမှ ထွက်လာသော ရေက အလွန်ချိုမြိန်သည်။ ရေပူစမ်းပါးစပ်ရှိနေသရွေ့ ရေကန်ထဲမှ ရေက မည်သည့်အခါမှ ခမ်းခြောက်သွားမည် မဟုတ်ချေ။ ရေနှင့်ပတ်သက်သော ထုတ်ကုန်ပစ္စည်းအမျိုးမျိုးလည်း ရှိသည်။

ရေကန်က ပင်လယ်လေးစင်းနှင့် ဆက်စပ်နေလေရာ အရင်းအမြစ်အလွန်ကြွယ်ဝသည်။ နဂါးများက ရေကန်ထဲမှာ နေထိုင်ကြသည်။ သူတို့က ရေကန်ထဲမှ ရေနေသတ္တဝါများကို အုပ်ချုပ်ကြသည်။ သူတို့က အလွန်သန်မာသော်လည်း ပုန်းလျှိုးကွယ်လျှိုးသာ နေထိုင်ကြသည်။ မီးခိုးလှိုင်းရေကန်ထဲမှာ နဂါးများရှိကြောင်း လူအနည်းစုသာ သိကြသည်။ သူတို့က သိထားလျှင်ပင် နဂါးများအကြောင်း သတင်းမဖြန့်ဝံ့ကြချေ။ အမှန်မှာ မီးခိုးလှိုင်းရေကန်၏ အင်အားက အလွန်ကြီးမားသည်။

ကျင့်ကြံသူများသည်ပင် သူတို့ကို အလွယ်တကူ ရန်မပြုဝံ့ကြချေ။

တစ်ခုသိထားရမည်မှာ နဂါးများက သားရဲအားလုံး၏ ဥသျှောင်ဖြစ်သည်။ သူတို့ဆီမှာ ကျားနှုတ်ခမ်းမွှေးများ၊ မြွေခန္ဓာကိုယ်၊ ငါးအကြေးခွံများ၊ သမင်ဦးချိုများနှင့် လင်းယုန်လက်သည်းများ ရှိသည်။ သူတို့က ရေထဲမှာ ငုပ်လျှိုးနိုင်သည့်အပြင် ကောင်းကင်ပေါ်မှာလည်း ပျံသန်းနိုင်ကြသည်။ သူတို့က မြစ်ချောင်းများနှင့် ပင်လယ်များကို ကပြောင်းကပြန် ပြုလုပ်နိုင်ကြသည်။ သူတို့က တိမ်တိုက်များကို ရွေ့လျားပစ်နိုင်ပြီး မိုးကို ထိန်းချုပ်နိုင်ကြသည်။

ထို့ပြင် နဂါးများဆီမှာ တခြားသားရဲများနှင့်ဆင်တူသော အစိတ်အပိုင်း(၉)ခုရှိပြီး သူတို့၏ ခန္ဓာကိုယ်က သားရဲအားလုံး၏ ခွန်အားများ ပေါင်းစည်းနေသော နတ်သားရဲခန္ဓာကိုယ် ဖြစ်သည်။ သူတို့ဆီမှာ နာမည်အမျိုးမျိုး ရှိသည်။

အကြေးခွံရှိသော နဂါးများကို ရေနဂါးများဟု ခေါ်ကြသည်။ အတောင်ပံရှိသော နဂါးများကို ယင်နဂါးများဟု ခေါ်ကြပြီး ဦးချိုရှိသော နဂါးများကို ဟွေနဂါးများဟု ခေါ်ကြသည်။ ဦးချိုမရှိသော နဂါးများကိုတော့ ကျူးနဂါးများဟု ခေါ်ကြသည်။ သေးငယ်သော နဂါးများကို ရေနဂါးများဟု ခေါ်ကြပြီး ကြီးမားသော နဂါးများကို အစစ်အမှန်နဂါးများဟု ခေါ်ကြသည်။ ဒဏ္ဍာရီထဲတွင် ဖော်ပြထားသည်မှာ နဂါးများက ရေငုပ်မိုးပျံနိုင်ကြသည်။ သူတို့က ခန္ဓာကိုယ်အရွယ်အစားကို ဆန္ဒရှိသကဲ့သို့ ထိန်းချုပ်နိုင်ကြသည်။ သူတို့က နွေရာသီတွင် ကောင်းကင်ပေါ်သို့ ပျံတတ်သွားကြပြီး ဆောင်းရာသီတွင် ရေထဲသို့ ငုပ်လျှိုးသွားကြသည်။ သူတို့က လေနှင့် မိုးကို ဆင့်ခေါ်နိုင်ကြပြီး အလွန်သန်စွမ်းကြသည်။

ဤသို့ပြောကြသည်။ နဂါးများသည် သားရဲအပေါင်း၏ ဥသျှောင်ဖြစ်ပြီး ဖီးနစ်များသည် ငှက်အပေါင်း၏ ဥသျှောင် ဖြစ်သည်။ နဂါးအများစုသည် ပင်လယ်လေးစင်းမှာသာ နေထိုင်ကြသည်။ ရှေးဟောင်းမှတ်တမ်းများအရ ရှေးခေတ်တွင် နဂါးများကို မကြာခဏ မြင်တွေ့ရလေ့ရှိသည်။

ထို့ပြင် ရှေးခေတ်မှာ နဂါးများက တန်ခိုးဩဇာကြီးထွားခဲ့သည်။ သူတို့ဆီမှာ မျိုးဆက်အများအပြားရှိပြီး သူတို့က ပင်လယ်လေးစင်း၏ သူရဲကောင်းများ ဖြစ်ကြသည်။ သူတို့က ခရမ်းရွှေကုန်းမြေ၏ ထိပ်တန်းအဆင့် မျိုးနွယ်စုကြီးတစ်ခု ဖြစ်ခဲ့သည်။

သို့သော်လည်း အကြောင်းအရင်းတချို့ကြောင့် ရှေးခေတ်ကာလတွင် မိုးမြေပေါင်းစပ်မှု ပြီးမြောက်သွားပြီးနောက် နဂါးများကို သိပ်မမြင်ရတော့ပေ။ သူတို့က ဤလောကတွင် မထွက်ပေါ်လာကြတော့ချေ။ ထို့ကြောင့် သေမျိုးလောကမှာပင် နဂါးများက ဒဏ္ဍာရီသဖွယ် တည်ရှိမှုများသာ ဖြစ်ကြသည်။ သို့သော်လည်း နဂါးများ အမှန်တကယ် တည်ရှိခဲ့ကြောင်း မငြင်းဆန်နိုင်ပေ။

အကယ်၍ တစ်စုံတစ်ယောက်က နဂါးများကို မိစ္ဆာမျိုးနွယ်စုဝင်အဖြစ် ထည့်သွင်းစဉ်းစားမည်ဆိုလျှင် ရှေးခေတ်၌ နဂါးများ ပျောက်ကွယ်သွားခြင်းက ထူးဆန်းသောကိစ္စ မဟုတ်ပေ။

“ မီးခိုးလှိုင်းရေကန်မှာ နဂါးတွေ ရှိတယ်လား ”

သီရှီထျန်က အလန့်တကြား အော်ပြောလိုက်သည်။ သူက နဂါးများနှင့် မရင်းနှီးသောလူ မဟုတ်ပေ။

သူ၏ အတိတ်ဘဝတွင် နတ်နဂါးက ဟွာရှားပြည်၏ တိုတမ်ဖြစ်ခဲ့သည်။ ဟွာရှားပြည်သည် နတ်နဂါးကို ယုံကြည်ကိုးကွယ်ပြီး ဟွာရှားပြည်သူပြည်သားများသည် သူတို့ကိုယ်သူတို့ နဂါးမျိုးဆက်များဟု သတ်မှတ်ကြသည်။ ရှေးဟောင်းမှတ်တမ်းများအရ နတ်နဂါးက ပြိုင်စံရှားတည်ရှိမှု ဖြစ်သည်။

“ … ”

ချန်းရှီက သီရှီထျန်ကို တစ်ချက်ကြည့်လိုက်သည်။ သူက သီရှီထျန်၏ မေးခွန်းကို ပြန်မဖြေပေ။ သူက နူးညံ့စွာ ပြောသည်။

“ ဒီတစ်ကြိမ် ဖွင့်လှစ်မယ့် ကောင်းကင်မိစ္ဆာလျှို့ဝှက်နယ်မြေအတွက် မိစ္ဆာမျိုးနွယ်စုရဲ့ အစွမ်းထက်ပညာရှင်တွေက မီးခိုးလှိုင်းရေကန်ဆီ ဦးတည်သွားကြလိမ့်မယ်… နာမည်ကျော်ကြားတဲ့ မိစ္ဆာဘုရင်ရှစ်ပါးထဲက မိစ္ဆာဘုရင်အများစုလည်း သွားကြလိမ့်မယ်… ငါတို့တောင်ပိုင်းမြေရိုင်းဒေသထဲမှာတော့ အရည်အချင်းပြည့်မီတာ နင်တို့နှစ်ယောက်ပဲ ရှိတယ်… အဲ့ဒီတော့ နင်တို့သွားတာ မသွားတာက နင်တို့ရဲ့ ရွေးချယ်မှုပဲ… မရဏကျီးကန်းဘုရင်နဲ့ တခြားမိစ္ဆာသားရဲဘုရင်တွေဆီမှာ အခွင့်အရေးမရှိကြဘူး… သူတို့က မိစ္ဆာကပ်ဘေးဒုက္ခကျော်လွှားဖို့ အာရုံစိုက်နေကြတယ် ”

“ ဒီမှာ ကျောက်စိမ်းပြားနှစ်ခုရှိတယ်… အဲ့ဒီထဲမှာ မီးခိုးလှိုင်းရေကန်ဆီ လမ်းညွှန်ပေးမယ့် မြေပုံပါဝင်တယ် ”

“ ဘုတ် ”

ချန်းရှီ လက်ဝှေ့ယမ်းလိုက်သည့်အခါ သလင်းကျောက်သဖွယ် ကြည်လင်သော ကျောက်စိမ်းပြားနှစ်ခုက စားပွဲခုံပေါ်သို့ ကျဆင်းသွားသည်။ သူက မဒူဆာနှင့် သီရှီထျန်ကို တွန်းအားမပေးပေ။ ကောင်းကင်မိစ္ဆာလျှို့ဝှက်နယ်မြေဆီသို့ သွားရောက်ခြင်း မသွားရောက်ခြင်းက သူတို့ဆန္ဒအပေါ်မှာသာ မူတည်သည်။

“ မိစ္ဆာတွေအများကြီး သွားကြလိမ့်မယ်… ဒီလိုဆိုမှတော့ အဲ့ဒီအခွင့်အရေးကို ငါဘယ်လိုလုပ် လက်လွှတ်ခံမှာလဲ… အဲ့ဒါက တခြားမိစ္ဆာမျိုးနွယ်ဝင်တွေနဲ့ မိတ်ဆွေဖွဲ့နိုင်မယ့် ရှားပါးအခွင့်အရေးတစ်ခုပဲ… မီးခိုးလှိုင်းရေကန်ဆီ ငါသေချာပေါက် သွားမယ် ”

သီရှီထျန်သည် တုံ့ဆိုင်းမနေဘဲ သူ့အရှေ့မှ ကျောက်စိမ်းပြားကို ဖမ်းဆုပ်လိုက်သည်။ သူက မိစ္ဆာအာရုံကို စေလွှတ်လိုက်ပြီး ကျောက်စိမ်းပြားကို စူးစမ်းကြည့်လိုက်သည်။ သူ၏ မိစ္ဆာအာရုံ ဝင်ရောက်သွားသည့်အခါ ပမာဏများပြားသော‌ သတင်းအချက်အလက်များက ကျောက်စိမ်းပြားထံမှ ထွက်ပေါ်လာပြီး သူ့ခေါင်းထဲသို့ ဝင်ရောက်လာသည်။

ဂရုတစိုက် သူစစ်ဆေးကြည့်လိုက်သည့်အခါ ယင်းက အမှန်တကယ် မြေပုံတစ်ခုဖြစ်ကြောင်း သိသွားသည်။ မြေပုံဧရိယာက အလွန်ကျယ်ပြောသည်။ သို့သော်လည်း နေရာအများစုကို အသေးစိတ် မဖော်ပြထားပေ။ မီးခိုးလှိုင်းရေကန်ဆီသို့ တောင်ပိုင်းမြေရိုင်းဒေသမှ ဦးတည်သွားနိုင်သော လမ်းကြောင်းများကိုသာ အသေးစိတ် ဖော်ပြထားသည်။

မြေပုံထဲမှ ဖော်ပြချက်အရ အကယ်၍ သူက မရပ်မနား ခရီးဆက်မည်ဆိုလျှင်ပင် မီးခိုးလှိုင်းရေကန်ဆီသို့ ရောက်ရန် အနည်းဆုံး ဆယ်ရက်ကြာမြင့်လိမ့်မည်။

“ အချိန်နဲ့ ဒီရေက လူကို မစောင့်ဘူး… မဒူဆာ ငါတို့တွေ ကိုယ့်ဘာသာ ပြင်ဆင်ပြီးလို့ နောက်သုံးရက်နေရင် အတူတူ ထွက်ခွာကြမလား… ဒါဆို လမ်းခရီးမှာ အပြန်အလှန် ကူညီပေးနိုင်တာပေါ့ ”

မဒူဆာသည်လည်း ကျောက်စိမ်းပြားကို ယူလိုက်ကြောင်း သီရှီထျန် မြင်သွားသည်။ ရှင်းလင်းစွာပင် မဒူဆာသည် ကောင်းကင်မိစ္ဆာလျှို့ဝှက်နယ်မြေဆီသို့ သွားရောက်ရန် စိတ်ဆုံးဖြတ်လိုက်သည်။ ထို့ကြောင့် သူက ခေါင်းညိတ်လိုက်ပြီး အတူတူ ခရီးထွက်ကြရန် အကြံပေးလိုက်သည်။

“ ကောင်းပြီ… သုံးရက်ပြီးရင် နင့်ရဲ့ မိစ္ဆာအသင်္ချေချိုင့်ဝှမ်းဆီ ငါလာခဲ့မယ် ”

မဒူဆာက ခေါင်းညိတ်လိုက်ပြီး သီရှီထျန်၏ အကြံကို လက်ခံလိုက်သည်။

သူတို့က အမြူတေဓာတ်လုံးဖွဲ့စည်းထားပြီးသော အစစ်အမှန်မိစ္ဆာများ ဖြစ်သော်လည်း လမ်းခရီး၌ မည်သည့်အန္တရာယ်နှင့်မှ မတွေ့ကြုံနိုင်ကြောင်း သေချာမပြောနိုင်ပေ။ အကယ်၍ သူတို့အတူတူ သွားကြမည်ဆိုလျှင် အန္တရာယ်ကြုံလာသည့်အခါ နှစ်ယောက်အတူတူ ပူးပေါင်းပြီး ဖြေရှင်းနိုင်ကြလိမ့်မည်။ မည်သို့ဖြစ်ပါစေ သူတို့နှစ်ယောက်စလုံးက တောင်ပိုင်းမြေရိုင်းဒေသမှ မဟုတ်ပါလော။ ထိုအစီအစဉ်က အကောင်းဆုံး ဖြစ်သည်။

သီရှီထျန်ဆီမှာ တခြားအကြံအစည်တစ်ခုရှိသေးသည်။ သူက ချန်းရှီကို ကြည့်လိုက်သည်။ ချန်းရှီက သူ့ကို လေကဲ့သို့ သဘောထားနေကြောင်း မြင်သွားသောအခါ သူက ခါးသီးစွာ ပြုံးလိုက်သည်။ သို့တိုင် သူက လက်ဆန့်ထုတ်လိုက်ပြီး သူ့ခါးပေါ်မှ သိုလှောင်အိတ်ကို ပုတ်လိုက်သည်။ အလင်းရောင် ဝင်းလက်သွားသည့်အခါ ကျောက်စိမ်းသေတ္တာတစ်လုံးက သူ့လက်ထဲမှာ ထွက်ပေါ်လာသည်။ သူက ကျောက်စိမ်းသေတ္တာကို စားပွဲခုံပေါ်မှာ တင်လိုက်ပြီး ချန်းရှီထံသို့ တွန်းပို့လိုက်သည်။

သူက နူးညံ့စွာ ပြောသည်။

“ အဲ့ဒါက ငါအားတဲ့အချိန်မှာ သေချာဂရုတစိုက် ဖန်တီးထားတဲ့ ပစ္စည်းသေးသေးလေးပါ… မင်း အဲ့ဒါကို လက်ခံမယ်လို့ ငါမျှော်လင့်ပါတယ် ”

ထိုသို့ပြောပြီးသည်နှင့်ချက်ချင်း သူက မတ်တတ်ရပ်လိုက်ပြီး အနောက်လှည့်ကာ အမြန်ထွက်ခွာသွားသည်။ သူက ချန်းရှီ လက်ခံသည် လက်မခံသည်ကို မစောင့်တော့ပေ။ ချန်းရှီ လက်မခံမည့် ဖြစ်နိုင်ခြေက အလွန်များကြောင်း သူသိသည်။

ထို့ကြောင့် သူက ငြင်းဆန်ရန် ချန်းရှီကို အချိန်မပေးချင်သောကြောင့် နေရာမှ အမြန်ထွက်ခွာသွားခြင်းပင်။ သူက စကားဆုံးသည်နှင့် ချက်ချင်း ထပြန်သွားသည်။ ထို့ပြင် သူက အလွန်မြန်ဆန်စွာ လမ်းလျှောက်သွားလေရာ စက္ကန့်ပိုင်းလေးအတွင်းမှာ ပန်းမျိုးတစ်ရာချိုင့်ဝှမ်းထဲမှ ပျောက်ကွယ်သွားသည်။

သူက မိစ္ဆာလေကို စီးနင်း၍ မိစ္ဆာအသင်္ချေချိုင့်ဝှမ်းဆီသို့ ပျံသန်းသွားသည်။ ဤတစ်ကြိမ်တွင် သူက ချိုင့်ဝှမ်းဆီသို့ ပြန်သွားပြီး သေချာအသေးစိတ် ရှင်းပြရမည်။ ဤတစ်ကြိမ်တွင် သူက အပြင်လောကဆီသို့ အချိန်တစ်ခုအထိ ခရီးထွက်ရလိမ့်မည်။ သူမရှိသည့်အတောအတွင်း မည်သည့်ပြဿနာမှ မရှိစေရန် ကြိုစီစဉ်ထားရမည်။

မိစ္ဆာအသင်္ချေချိုင့်ဝှမ်းသည် သူ၏ အခြေခံအုတ်မြစ် ဖြစ်သည်။ သို့ဖြစ်၍ နည်းနည်းမှ သူသတိပေါ့ဆ၍ မရပေ။ ထို့ကြောင့် သူထွက်ရသည့်အကြောင်းအရင်းကို သေချာရှင်းပြရမည်။ ယခု ချိုင့်ဝှမ်းထဲတွင် ဝိညာဉ်သားရဲအများအပြား ရှိနေပြီ ဖြစ်၏။ ချီဟောင်နှင့် တခြားမိစ္ဆာသားရဲများ၏ ကြီးကြပ်ပေးမှုအောက်မှာ မိစ္ဆာအသင်္ချေချိုင့်ဝှမ်းက တဖြည်းဖြည်း အင်အားကြီးမားလာနေသည်။

“ ဟဲ ဟဲ… အကိုသီ ပြေးသွားတာ ယုန်လိုလေးပဲ မြန်လိုက်တာ ”

ကျူးအာသည် သီရှီထျန်၏ ထွက်ခွာမှုကို ကြည့်နေရင်း တခစ်ခစ် ရယ်မောလိုက်သည်။ ထို့နောက် သူက ချန်းရှီ၏ အရှေ့မှ ကျောက်စိမ်းသေတ္တာလေးကို ကြည့်လိုက်သည်။ သူက စူးစမ်းလိုသော အမူအရာဖြင့် တိုက်တွန်းနှိုးဆော်သည်။

“ အမ… အဲ့ဒါက အကိုသီဆီက လက်ဆောင်ပဲ… မြန်မြန် ဖွင့်ကြည့်လိုက်ပါ… အထဲမှာ ဘယ်လိုရတနာပါလဲ ငါမြင်ချင်တယ် ”

ကျောက်စိမ်းသေတ္တာသည် မကြီးမားပေ။ ယင်းက လက်ဖဝါးအရွယ်ခန့်သာ ရှိ၏။ ကျောက်စိမ်းသေတ္တာသည် ထောင့်မှန်စတုဂံပုံသဏ္ဍာန်ရှိပြီး ယင်းကို ကျောက်စိမ်းဖြင့် ဖန်တီးပြုလုပ်ထားသည်။ ထို့ကြောင့် ကျောက်စိမ်းအလင်းရောင်က သေတ္တာပေါ်မှာ ရွေ့လျားစီးဆင်းနေသည်။ အလင်းရောင်က နွေးထွေးပြီး သိမ်မွေ့သည်။

“ အဝေးကို လွှတ်ပစ်လိုက်ပါ… သူ့ပစ္စည်းကို ငါမလိုချင်ဘူး ”

ချန်းရှီသည် သူ့အရှေ့မှ ကျောက်စိမ်းသေတ္တာကို မထူးမခြားနား ကြည့်လိုက်သည်။ သူက သီရှီထျန်ပေးသော လက်ဆောင်ကို လုံးဝ ဂရုမစိုက်ဟန် ရ၏။ သို့သော်လည်း သူ့မျက်လုံးထဲမှာ လှိုင်းတချို့ ထွက်ပေါ်လာသည်။ သူကိုယ်တိုင်သည်ပင် ထိုလှိုင်းများကို သတိမထားမိဟန် ရသည်။

“ အမရှီ… ဖွင့်ပြီးတော့ တစ်ချက်လောက် ကြည့်လိုက်ပါလား… သီရှီထျန်က ဘယ်လိုလက်ဆောင်မျိုး ပေးလဲဆိုတာ ဒီညီမလည်း စူးစမ်းသိချင်တယ် ”

မဒူဆာက ကြားဝင်ပြောသည်။ သူ့အကြည့်က ကျောက်စိမ်းသေတ္တာပေါ်သို့ ကျရောက်သွားသည်။

“ နင်တို့မြင်ချင်ရင် ကိုယ့်ဘာသာ ဖွင့်ကြည့်ပါလား ”

ချန်းရှီက တည်ကြည်ပြတ်သားသော လေသံဖြင့် ပြောသည်။

“ ဟဲ ဟဲ… ဒါဆို ငါဖွင့်ကြည့်မယ် ”

ဇာမဏီငှက်က ရယ်မောလိုက်ပြီး အရှေ့သို့ ခုန်လိုက်သည်။ သူက အတောင်ပံတဖျပ်ဖျပ်ခတ်လိုက်ပြီး ကျောက်စိမ်းသေတ္တာကို ဖွင့်လိုက်သည်။ သေတ္တာပွင့်သွားသည့်အခိုက် သိမ်မွေ့သော အလင်းရောင်က အပြင်သို့ ပျံ့နှံ့ထွက်လာသည်။ အလင်းရောင်က အရပ်မျက်နှာအသီးသီးဆီသို့ ပျံ့နှံ့သွားသည်။ သို့သော်လည်း အလင်းရောင်က မစူးရှပေ။ ယင်းအစား အလွန်သိမ်မွေ့သည်။

သူက သေတ္တာအတွင်းသို့ ကြည့်လိုက်သည်။

“ ဝိုး… အမ ကြည့်ပါဦး… အဲ့ဒါက အရမ်းလှတယ် ”

ကျူးအာက စိတ်လှုပ်ရှားစွာ အော်လိုက်သည်။

“ ဘယ်လောက်တောင် လှလိုက်တဲ့ ဖီးနစ်ဆံထိုးလဲ ”

မဒူဆာ၏ မျက်လုံးထဲမှာ ထူးဆန်းသော အလင်းရောင် ဖြတ်ပြေးသွားသည်။ သူက သေတ္တာကို မျက်တောင်မခတ်တမ်း စိုက်ကြည့်လိုက်ပြီး ပြောသည်။

“ သီရှီထျန်က စိတ်ကူးယဉ်ဆန်တဲ့လူပဲ… အဲ့ဒီဖီးနစ်ဆံထိုးကို နှစ်တစ်ထောင်သက်တမ်းရှိတဲ့ ရင်နွေးကျောက်စိမ်းနဲ့ ဖန်တီးထားတာ… ဒါ့အပြင် အဲ့ဒါကို သက်စောင့်ဓမ္မလက်နက် ဖန်တီးသန့်စင်တဲ့ နည်းလမ်းနဲ့ ဖန်တီးထားတာ… ဒါ့အပြင် ဖီးနစ်ဆံထိုးထဲမှာ ထူးဆန်းတဲ့ အစီအရင်တစ်ခုလည်း ပါရှိသေးတယ်… အဲ့ဒီအစီအရင်က ဘာလဲဆိုတာ ငါသေချာမပြောနိုင်ပေမဲ့ ဒီဖီးနစ်ဆံထိုးက သေချာပေါက် တန်ဖိုးကြီးရတနာတစ်ခုပဲ ”

“ အဲ့ဒီအပေါ်မှာ သွေးစက်ချလိုက်တာနဲ့ ဖီးနစ်ဆံထိုးက သူ့ပိုင်ရှင်ကို အသိအမှတ်ပြုလိမ့်မယ်… အဲ့ဒီအခါ ဖီးနစ်ဆံထိုးက သက်စောင့်ဓမ္မလက်နက် ဖြစ်လာလိမ့်မယ် ”

အခန်း(၃၃၆)

ဆံထိုးပေါ်တွင် နှင်းကဲ့သို့ ဖြူဖွေးသော အဖြူရောင်ဖီးနစ်တစ်ကောင် ရစ်ခွေနေသည်။ အဖြူရောင်ဖီးနစ်ရုပ်ပုံက လွန်စွာ လက်ရာမြောက်လေရာ တကယ်အသက်ရှိနေသော ဖီးနစ်တစ်ကောင်ပမာ အောက်မေ့ရ၏။ ဖီးနစ်က ဖြူဖွေးဆွတ်ပြီး သလင်းကျောက်ပမာ ကြည်လင်သည်။ ထို့ပြင် ဖီးနစ်က ကြော့ရှင်းတင့်တယ်မှုနှင့် မွန်မြတ်သန့်စင်သော အရှိန်အဝါကို ထုတ်လွှတ်နေသည်။

အကယ်၍ တစ်စုံတစ်ယောက်က သေချာဂရုတစိုက် ကြည့်မည်ဆိုလျှင် ဖီးနစ်ပေါ်မှ ငှက်မွှေးများဖြစ်စေ သို့မဟုတ် ဖီးနစ်ခန္ဓာကိုယ်ဖြစ်စေ ယင်းတို့က မရေမတွက်နိုင်သော အလွန်သေးငယ်သည့် မှော်သင်္ကေတများမှ ဖွဲ့စည်းသွားခြင်းဖြစ်ကြောင်း မြင်ရလိမ့်မည်။

ယင်းက မှော်ဆန်ပြီး အံ့ဖွယ်ထူးခြားသည်။

မသေမျိုးကျင့်ကြံခြင်းလောကမှ လက်နက်သန့်စင်ခြင်းပညာရပ်ဖြင့်သာ ထိုသို့အနုလက်ရာမြောက်သော ပစ္စည်းများကို ဖန်တီးနိုင်လိမ့်မည်။ သေမျိုးလောကမှ ပန်းပုပညာရှင်များက မည်မျှကျွမ်းကျင်ပါစေ ထိုမျှအသက်ဝင်သော ဖီးနစ်ဆံထိုးတစ်ချောင်း ဖန်တီးရန် လွယ်ကူကြလိမ့်မည် မဟုတ်ချေ။ အကယ်၍ ထိုဖီးနစ်ဆံထိုးကို သေမျိုးလောကဆီသို့ ယူဆောင်သွားမည်ဆိုလျှင် ပြိုင်စံရှားရတနာအဖြစ် ချက်ချင်း သတ်မှတ်ခံရလိမ့်မည်။

ထိုဖီးနစ်ဆံထိုးသည် သက်စောင့်ဓမ္မလက်နက်တစ်ခု ဖြစ်သည်။ အကယ်၍ တစ်စုံတစ်ယောက်က ယင်းအပေါ်မှာ သွေးစက်ချလိုက်မည်ဆိုလျှင် ဆံထိုးက သူ့ပိုင်ရှင်ကို ချက်ချင်း အသိအမှတ်ပြုလိမ့်မည်။ ယင်းဆီမှာ သက်စောင့်ဓမ္မရတနာဖြစ်လာနိုင်သော အလားအလာပင် ရှိ၏။ သီရှီထျန်သည် ထိုဖီးနစ်ဆံထိုးကို ဖန်တီးရန် အများကြီး ကြိုးစားအားထုတ်ခဲ့ရသည်။ သူက ထိုအတွက် အတိတ်မှာ သူရရှိခဲ့သော နှစ်တစ်ထောင် ရင်နွေးကျောက်စိမ်းကိုပင် ထုတ်သုံးခဲ့သည်။ ထို့ပြင် သူက ဤအတောအတွင်းမှာ အချိန်တချို့ပေး၍ အစီအရင်ပညာများကို လေ့လာခဲ့သည်။

ထို့ကြောင့် သူက ဖီးနစ်ဆံထိုးကို ခြေလှမ်းဝက် သက်စောင့်ဓမ္မရတနာအဖြစ် သန့်စင်နိုင်ခဲ့ခြင်းပင်။

“ ဟုတ်တယ် အမ… ဒီဆံထိုးက အရမ်းလှတယ်… တကယ်လို့ ဆံထိုးကို အမခေါင်းပေါ်မှာ ထိုးလိုက်မယ်ဆိုရင် အမက သေချာပေါက် ပိုလှသွားလိမ့်မယ် ”

ယင်းကို ဇာမဏီငှက်မြင်သောအခါ သူက ဝမ်းသာပျော်ရွှင်သွားပြီး စိတ်လှုပ်ရှားစွာ ပြောသည်။ ဤလောကတွင် အမျိုးသမီးများသည် လှပသော ပစ္စည်းများကို နှစ်သက်ကြပြီး စိတ်ဝင်စားကြသည်။ သူတို့သည် အမြဲတမ်း ငယ်ရွယ်လှပနေစေရန် ကျင့်ကြံခြင်းအတတ်ပညာများကိုပင် အသုံးပြုကြသည်။ အမျိုးသမီးများအတွက်တော့ လှပမှုက သူတို့အတွက် အရေးကြီးဆုံးအရာ ဖြစ်သည်။ ထို့ကြောင့် “ မျက်နှာထိန်းသိမ်းဆေးလုံး ”က အမျိုးသမီးကျင့်ကြံသူများကြားမှာ အလွန်နာမည်ကျော်ကြားသည်။ ထိုဆေးလုံး၏ တန်ဖိုးက မည်မျှမြင့်မားပါစေ ဝယ်ယူသူများက ရှိနေဆဲပင်။

သီရှီထျန် ပြုလုပ်ခဲ့သော ဖီးနစ်ဆံထိုးက အလွန်လှပသည်။ ထို့ကြောင့် အမျိုးသမီးများသည် ဖီးနစ်ဆံထိုးကို မြင်လိုက်သည်နှင့်ချက်ချင်း နှစ်သက်သဘောကျသွားကြလိမ့်မည်။

“ ဟဲ ဟဲ… တကယ်လို့ အမမလိုချင်ဘူးဆိုရင် ကျူးအာ ယဉ်ကျေးမနေတော့ဘူး ”

ဇာမဏီငှက်က မျက်တောင်တဖျပ်ဖျပ်ခတ်လိုက်ပြီး စိတ်ထဲမှာ တွေးလိုက်သည်။

‘ ဟဲ ဟဲ… အကိုသီ… အခု ကျူးအာရဲ့ အရည်အချင်းတွေကို ထုတ်သုံးရမယ့်အချိန် ရောက်လာပြီ… အောင်မြင်သွားတဲ့အခါကျရင် ကျူးအာရဲ့ ကျေးဇူးကို မမေ့သွားပါနဲ့… မဟုတ်ရင် မျောက်မင်းဝိုင်ဘူးသီးခြောက်ဒါဇင်ခန့် မရမချင်း ပူဆာနေမှာ ’

ဇာမဏီငှက်က ဆက်ပြောသည်။

“ ကျူးအာ အသွင်ပြောင်းလဲနိုင်ဖို့ သိပ်မလိုတော့ဘူး… အဲ့ဒီအချိန်ကျရင် ဒီလှပတဲ့ ဖီးနစ်ဆံထိုးကို ငါဝတ်ဆင်နိုင်ပြီ ”

ကျူးအာ၏ မျက်လုံးထဲမှာ ဉာဏ်နီဉာဏ်နက်အရိပ်အယောင် ထွက်ပေါ်လာသည်။

ယင်းကို ချန်းရှီကြားသောအခါ သူ့နှလုံးက ရုတ်တရက် တင်းကျပ်သွားသည်။ ဖီးနစ်ဆံထိုးကို သူမမြင်ခင်ကဆိုလျှင် ယင်းကို မည်သူယူသွားပါစေ ကိစ္စမရှိပေ။ သို့သော်လည်း ယခု ဖီးနစ်ဆံထိုးကို သူမြင်လိုက်သောအခါ မိန်းကလေးပီပီ ယင်းကို နှစ်သက်သဘောကျသွားသည်။

ထို့ကြောင့် ချန်းရှီက သူ့စိတ်ထဲမှာ တွေးလိုက်သည်။

‘ အဲ့ဒါ သီရှီထျန်ဆီက လက်ဆောင်ပဲ… အဲ့ဒါကို လက်ခံလိုက်တာက ဘာမှမမှားဘူး… ဒါပေမဲ့ ဖီးနစ်ဆံထိုးနဲ့ ငါ့ဆီက ခွင့်လွှတ်မှုကို လိုချင်နေရင်တော့ အိမ်မက်မက်နေလိုက်… ’

ထိုအတွေးက သူ့စိတ်ထဲမှာ အမြန်ထွက်ပေါ်လာသော်လည်း သူ၏ အပြင်ပန်းအမူအရာက မပြောင်းလဲသွားပေ။ သူက ယခင်အတိုင်း မထူးမခြားနား ရှိနေသည်။ သူက သိမ်မွေ့စွာ ပြောသည်။

“ အမ မလိုချင်ဘူးလို့ မပြောပါဘူး… ကျူးအာ သဘောကျတယ်ဆိုရင် ကျူးအာ လူအသွင်ပြောင်းလဲပြီးတဲ့အခါ အမပေးမယ် ”

ယင်းကို ကြားသောအခါ မဒူဆာက တခစ်ခစ် ရယ်လိုက်သည်။ ထို့နောက် သူက စကားလမ်းကြောင်းလွှဲလိုက်သည်။

“ အမရှီ… ကောင်းကင်မိစ္ဆာလျှို့ဝှက်နယ်မြေက နှစ်တစ်ထောင်မှ တစ်ကြိမ်ဖွင့်လှစ်တဲ့ ရှားပါးအခွင့်အရေးပဲ… အမ တကယ်ပဲ ငါတို့နဲ့ အတူမလိုက်ဘူးလား ”

တောင်ပိုင်းမြေရိုင်းဒေသထဲမှ မိစ္ဆာမျိုးနွယ်စုထဲတွင် ချန်းရှီ၏ ကျင့်ကြံခြင်းအဆင့်က အမြင့်ဆုံး ဖြစ်သည်။ မျက်မှောက်ခေတ်မှ အခေါ်အဝေါ်အရ သူက မိစ္ဆာဘုရင်တစ်ပါးဖြစ်သွားပြီ ဖြစ်၏။ အကယ်၍ သူသာ သွားမည်ဆိုလျှင် မိစ္ဆာမျိုးနွယ်စု၏ ပညာရှင်တစ်ပါးအဖြစ် သတ်မှတ်ခံရလိမ့်မည်။ ဖြစ်နိုင်သည်မှာ လျှို့ဝှက်နယ်မြေထဲတွင် ချန်းရှီက အခွင့်အရေးများကို ပိုရှာဖွေနိုင်လိမ့်မည်။

ထို့ကြောင့် ချန်းရှီ သွားခြင်းက အကျိုးအကြောင်းသင့်သည်။ သို့သော်လည်း ယခုအခြေအနေအရ ချန်းရှီက ကောင်းကင်မိစ္ဆာလျှို့ဝှက်နယ်မြေဆီသို့ သွားရောက်ရန် မရည်ရွယ်ထားဟန် ရ၏။

သူမျှော်လင့်ထားသကဲ့သို့ပင် ချန်းရှီက ခေါင်းယမ်းလိုက်သည်။

“ ငါမသွားတော့ဘူး… ပန်းမျိုးတစ်ရာချိုင့်ဝှမ်းထဲမှာ နေထိုင်တာက ငါ့အတွက် အခွင့်အလမ်းတစ်ခုပဲ… ငါက ပထမအဆင့် ကောင်းကင်ဘုံကပ်ဘေးဒုက္ခကို မကြာသေးခင်ကမှ ဖြတ်ကျော်ခဲ့တာ… ငါ့ရဲ့ ကျင့်ကြံခြင်းစွမ်းအားကို အခြေတည်ငြိမ်အောင် လုပ်ဖို့ တံခါးပိတ်ကျင့်ကြံရလိမ့်မယ်… ဒါ့အပြင် တောင်ပိုင်းမြေရိုင်းဒေသကို ကာကွယ်စောင့်ကြပ်ပေးဖို့ တစ်ယောက်ယောက်ရှိနေမှ ဖြစ်မယ်… နင်ရော ငါရော အပြင်သွားမယ်ဆိုရင် တကယ်လို့ ပြင်ပရန်သူတွေ တောင်ပိုင်းမြေရိုင်းဒေသကို လာတိုက်ခိုက်မယ်ဆိုရင် ပြဿနာရှိလိမ့်မယ်… ဒါကြောင့် ငါမသွားတော့ဘူး ”

သူပြောခဲ့သည်မှာ အကြောင်းအရင်းများအနက် တစ်ခုသာ ဖြစ်သည်။ အခြားအကြောင်းအရင်းတစ်ခုက သူမှလွဲ၍ တခြားလူများ မသိနိုင်သောအရာ ဖြစ်သည်။

မဒူဆာက ပြုံးလိုက်ပြီး နောက်ထပ် ဆက်မပြောတော့ပေ။

မျက်စိတစ်မှိတ်အတွင်းမှာ သုံးရက်ကုန်ဆုံးသွားသည်။

တောင်ပိုင်းမြေရိုင်းဒေသ၏ အပြင်ဘက်မှ တောင်ကုန်းတစ်ခုပေါ်တွင် သီရှီထျန်က မဒူဆာနှင့်အတူ ဘေးချင်းယှဉ်ရပ်၍ အဝေးတစ်နေရာသို့ ကြည့်နေသည်။ တစ်ခဏကြာ တိတ်ဆတ်နေပြီးလျှင် သီရှီထျန်က ပြောသည်။

“ မဒူဆာ… ချန်းရှီပေးတဲ့ မြေပုံအရဆို တကယ်လို့ မိစ္ဆာလေကို ငါတို့စီးနင်းပြီး ဆက်တိုက် ခရီးနှင်မယ်ဆိုရင်တောင် အနည်းဆုံး ဆယ်ရက်ကြာလိမ့်မယ်… ဒါ့အပြင် မိစ္ဆာလေကို အသုံးပြုတာက ငါတို့ရဲ့ စွမ်းအားကို ကုန်ခမ်းစေလိမ့်မယ်… ငါ့ဆီမှာ ပျံသန်းခြင်းဓမ္မရတနာတစ်ခု ရှိတယ်… တကယ်လို့ မင်းစိတ်မရှိရင် ငါတို့အတူတူ ခရီးဆက်ကြမယ်… မီးခိုးလှိုင်းရေကန်ဆီ နည်းနည်းပိုစောပြီး ကြိုရောက်နေတာက ပိုကောင်းပါတယ်… ပြီးတော့ ကျွန်းပေါ်က မိစ္ဆာမျိုးနွယ်စုဝေးပွဲကို ငါတို့တတ်ရောက်နိုင်ကြလိမ့်မယ် ”

သူက စကားပြောပြီးသည်နှင့် လက်ဝှေ့ယမ်းလိုက်သည်။ အလင်းရောင် ဝင်းလက်သွားသည့်အခါ အဖြူရောင်လှေတစ်စင်းက သူ့အရှေ့မှာ ထွက်ပေါ်လာသည်။ လှေသည် လွင့်မျောတိမ်တိုက်နှင့်် ဆင်တူသည်။ အစတွင် လှေက လက်ဖဝါးအရွယ်အစားသာ ရှိသည်။ သို့သော်လည်း အပြင်လောကမှာ ထွက်ပေါ်လာသည့်အခါ လှေက မြန်ဆန်စွာ အရွယ်ကြီးမားသွားသည်။ ယင်းက သေမျိုးလောကမှ လှေနှင့် အရွယ်အစားတူညီသွားသည်။ လှေ၏ ဝမ်းဗိုက်ပိုင်းမှာ အခန်းငယ်များရှိသည်။ ထို့ပြင် အခန်းထဲမှာ ပစ္စည်းပစ္စယများ အစုံအလင်ရှိသည်။

လှေ၏ ဘေးပတ်ပတ်လည်တွင် အဖြူရောင်တိမ်တိုက်များက အစဉ်မပြတ် စုဝေးသွားနေပြီး တဖန်ပြန့်ကျဲသွားသည်။ လှေက တိမ်တိုက်ထဲမှာ ပုန်းကွယ်နေသည်။ အကယ်၍ ထိုလှေက သေမျိုးလောကထဲမှာ ထွက်ပေါ်လာမည်ဆိုလျှင်ပင် ယင်းက သာမန်လူများ၏ ဆွဲဆောင်မှုကို ရရှိသွားလိမ့်မည် မဟုတ်ချေ။ သူတို့က ယင်းကို ဧရာမအဖြူရောင်တိမ်ဟုသာ ထင်မှတ်ကြလိမ့်မည်။

လှေပေါ်တွင် အဖြူရောင်တိမ်တိုက်တချို့ စုဝေးနေသည်။ ယင်းတို့က ဝိညာဉ်အလင်းကို အဆက်မပြတ် ထုတ်လွှတ်နေသည်။ ယင်းက ဖော်မပြနိုင်အောင် အလွန်မှော်ဆန်သည်။ လှေသည် ရတနာကောင်းတစ်ခုဖြစ်သည်။

“ အဲ့ဒါက အတိတ်မှာ ငါ့ကို ချောင်းမြောင်းလုပ်ကြံခဲ့တဲ့ အမြူတေဖွဲ့စည်းခြင်းနယ်ပယ် ကျင့်ကြံသူရဲ့ ပျံသန်းခြင်းဓမ္မရတနာမလား ”

ဝိညာဉ်လှေကို မဒူဆာ မြင်သွားသောအခါ သူက မျက်တောင်တဖျပ်ဖျပ်ခတ်လိုက်သည်။ သူ၏ မျက်နှာပေါ်မှာ အံ့ဩသော အမူအရာ ထွက်ပေါ်လာသည်။ ထိုလှေကို သေသေချာချာ သူမှတ်မိနေသည်။

“ ဟုတ်တယ်… အဲ့ဒီကျင့်ကြံသူ အသတ်ခံရတုန်းက သူ့ရဲ့ သက်စောင့်ဓမ္မရတနာက ထိခိုက်ပျက်စီးသွားပြီး ဝိညာဉ်အနှစ်သာရအဖြစ် ပြောင်းလဲသွားတယ်… ဒါပေမဲ့ သူ့ရဲ့ ပျံသန်းခြင်းဓမ္မရတနာကတော့ အကောင်းပကတိအတိုင်း ကျန်ရှိခဲ့တယ်… အတိတ်မှာ အဲ့ဒါကို အလေးအနက် ငါမထားခဲ့ဘူး… ဒီတစ်ကြိမ် ငါတို့က ခရီးအဝေးကို သွားရတော့မှာဖြစ်လို့ အဲ့ဒါကို ငါပြန်ရှာပြီး သန့်စင်ခဲ့တယ်… ဝိညာဉ်လှေရဲ့ အမြန်နှုန်းနဲ့ဆိုရင် မီးခိုးလှိုင်းရေကန်ဆီ သုံးလေးရက်အတွင်း ငါတို့ရောက်သွားလိမ့်မယ် ”

သီရှီထျန်က အကြမ်းဖျဉ်း ရှင်းပြသည်။ ပျံသန်းခြင်းဓမ္မရတနာများဆီမှာ အမြန်နှုန်းအားသာချက် ရှိသည်။ ဤလွင့်မျောတိမ်လှေသည်လည်း ချွင်းချက်မဟုတ်ပေ။ ယင်းက မိစ္ဆာလေကို သူစီးနင်းခြင်းထက် အများကြီး ပိုမြန်ဆန်သည်။ ထို့ပြင် လွင့်မျောတိမ်လှေကို မောင်းနှင်ရန် လိုအပ်သော စွမ်းအင်ပမာဏက အလွန်သေးနုတ်သည်။

“ ရွှတ်… ရွှတ်… ”

သူတို့နှစ်ယောက်သည် စကားအများကြီး မပြောနေဘဲ လွင့်မျောတိမ်လှေပေါ်သို့ အတူတူ ခုန်တတ်လိုက်ကြသည်။ လှေပေါ်သို့ သူတို့ခြေချလိုက်သည့်အခါ လှေက တဖြည်းဖြည်း ပိုကြီးလာကြောင်း ခံစားမိသွားကြသည်။ လှေ၏ ဝမ်းဗိုက်ပိုင်းတွင် ကျောက်စိမ်းစားပွဲခုံတစ်လုံး ရှိသည်။ စားပွဲခုံ၏ ဘေးတွင် ထိုင်ခုံများရှိပြီး စားပွဲခုံပေါ်မှာ စားစရာသောက်စရာများ ရှိသည်။ သူတို့သည် စားရင်းသောက်ရင်း လမ်းခရီးတစ်လျှောက်မှ ရှုခင်းများကို ကြည့်သွားနိုင်လိမ့်မည်။ ယင်းက ခဲတစ်လုံးဖြင့် ငှက်နှစ်ကောင်ပစ်သော လုပ်ရပ် ဖြစ်သည်။

လွင့်မျောတိမ်လှေက မီးခိုးလှိုင်းရေကန်ဆီသို့ ပျံသန်းသွားနေစဉ် သီရှီထျန်က စားပွဲခုံဘေးမှ ထိုင်ခုံပေါ်မှာ ဝင်ထိုင်လိုက်သည်။ သူက ကပ်စေးနှဲမနေဘဲ ဝိုင်နတ်ဘုရားဘူးသီးခြောက်နှင့် ကျောက်စိမ်းဝိုင်ခွက်များကို ထုတ်လိုက်သည်။ သူက ကိုယ့်ကိုယ်ကိုယ်နှင့် မဒူဆာအတွက် ဝိုင်ကို ငှဲ့ထည့်ပေးလိုက်သည်။ လှေပေါ်တွင် သူတို့က ကျင့်ကြံခြင်းနှင့်ပတ်သက်သော ဗဟုသုတများကို အပြန်အလှန် ဝေမျှရင်း လမ်းခရီးတစ်လျှောက်မှ ရှုခင်းများကို ကြည့်နေကြသည်။

သို့မှသာ သူတို့က လမ်းခရီးမှာ ပျင်းရိနေတော့မည် မဟုတ်ချေ။

ဝိညာဉ်လှေ၏ အမြန်နှုန်းက အလွန်အံ့ဖွယ်ကောင်းသည်။ လျှပ်တစ်ပြက်အတွင်းမှာ တောင်တန်းရာပေါင်းများစွာနှင့် မြစ်ချောင်းရာပေါင်းများစွာက သူတို့အနောက်မှာ ကျန်နေခဲ့သည်။ တစ်စုံတစ်ယောက်သည် လှေပေါ်မှတဆင့် ခရမ်းရွှေကုန်းမြေ၏ မြေမျက်နှာပြင်အနေအထားကို ကြည့်ရှုနိုင်ပေသည်။ ယင်းက အမှန်တကယ် အံ့ဖွယ်ကောင်းသော မြင်ကွင်းဖြစ်သည်။ မိုးထိ မြှောက်တတ်နေသော တောင်တန်းများက အဆုံးမဲ့စွာ တည်ရှိသည်။ ကြည့်ရသည်မှာ ခရမ်းရွှေကုန်းမြေက မည်မျှကျယ်ပြောကြောင်း မတိုင်းတာနိုင်ဟန် ရ၏။

တစ်စုံတစ်ယောက်သည် အကြည့်တစ်ချက်ဖြင့် မိုးကုပ်စက်ဝိုင်းအဆုံးကို မြင်နိုင်လိမ့်မည် မဟုတ်ချေ။

တတိယမြောက်နေ့တွင် လွင့်မျောတိမ်လှေက ခါတိုင်းကဲ့သို့ပင် မီးခိုးလှိုင်းရေကန်ဆီသို့ ဦးတည်သွားနေသည်။ သို့သော်လည်း ထိုစဉ် ဝိညာဉ်လှေက ရုတ်တရက် ရပ်တန့်သွားသည်။ ထို့ပြင် အံ့ဩသော အသံက သီရှီထျန်၏ ပါးစပ်မှ ထွက်ပေါ်လာသည်။

လှေက လေထဲမှာ ရပ်တန့်နေစဉ် ဧရာမတိမ်တိုက်ဖြူတစ်ခုက လေထဲမှာ ရပ်တန့်နေသည်ဟု အောက်မေ့ရသည်။

“ ဘာလို့ ရပ်လိုက်တာလဲ ”

မဒူဆာက အံ့ဩစွာ ပြောသည်။

“ မီးခိုးလှိုင်းရေကန်ဆီ ရောက်ဖို့ နည်းနည်းလိုသေးတယ် ”

သူက စိတ်ထဲမှာ မြေပုံထဲမှ အကွာအဝေးကို တိတ်တဆိတ် တွက်ချက်လိုက်ပြီး ပြောသည်။ သူ၏ အရှေ့တွင် တောင်တန်းများနှင့် မြစ်ချောင်းများသာ ရှိသည်။ ရှင်းလင်းစွာပင် ယင်းက ရေကန်မဟုတ်ပေ။

တစ်နည်းဆိုရသော် သူတို့က ပန်းတိုင်ဆီသို့ မရောက်သေးပေ။

သို့သော်လည်း သီရှီထျန်က မြေပြင်ကို အံ့ဩစွာ ငုံ့ကြည့်လိုက်သည်။ သူ့အကြည့်နောက်သို့ လိုက်ကြည့်မည်ဆိုလျှင် မိစ္ဆာမျိုးနွယ်စုတစ်စုက မိစ္ဆာလေကို စီးနင်း၍ အရှေ့သို့ ရွေ့လျားနေကြောင်း မြင်ရလိမ့်မည်။ သူတို့သည်လည်း မီးခိုးလှိုင်းရေကန်ဆီသို့ ဦးတည်သွားနေကြသည်။ အမှန်တကယ်ဆိုလျှင် ယင်းက ထူးဆန်းသော ကိစ္စမဟုတ်ပေ။ သို့သော်လည်း သူ့အောက်မှ မိစ္ဆာမျိုးနွယ်စု၏ အသွင်သဏ္ဍာန်က သီရှီထျန်အား အံ့ဩသွားစေသည်။

“ ကြည့်… အဲ့ဒီမိစ္ဆာတွေက အမြူတေဓာတ်လုံးမဖွဲ့စည်းရသေးဘူး… ဒါပေမဲ့ သူတို့အားလုံးက အသွင်သဏ္ဍာန်ပြောင်းလဲထားကြတယ်… တကယ်လို့ သူတို့အသွင်သဏ္ဍာန်ပြောင်းလဲနိုင်တယ်ဆိုလည်း ကိစ္စမရှိပါဘူး… ဒါပေမဲ့ အခုကြည့်ရတာ သူတို့ရဲ့ အသွင်သဏ္ဍာန်ပြောင်းလဲမှုက မပြည့်စုံသေးဘူး… သူတို့ရဲ့ ဦးခေါင်းက မိစ္ဆာဦးခေါင်းအတိုင်း ရှိနေတယ်… ထူးဆန်းတယ်… အရမ်းထူးဆန်းတယ်… အဲ့ဒီလိုအရာကို တောင်ပိုင်းမြေရိုင်းဒေသထဲမှာ တစ်ခါမှ ငါမမြင်ဖူးဘူး ”

All Chapters