← Chapters

အခန်း (၃၃၇-၃၃၉)

Vol. 23 Ch. 337-339

အခန်း (၃၃၇-၃၃၉)

Vol. 23 Ch. 337-339

အခန်း(၃၃၇)

သီရှီထျန်က မိစ္ဆာမျိုးနွယ်စုတစ်စုထံသို့ လက်ညှိုးညွှန်ပြလိုက်သည်။ စိတ်ရှုပ်ထွေးသော အမူအရာက သူ့မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။

မဒူဆာသည် မိစ္ဆာမျိုးနွယ်စုထံသို့ ကြည့်လိုက်သည်။ အမှန်တကယ်ပင် မိစ္ဆာမျိုးနွယ်ဝင်တစ်ရာခန့်က အတူတကွ စုဝေးနေကြသည်။ သူတို့အားလုံးဆီမှာ လူသားခန္ဓာကိုယ်ရှိကြသည်။ ယင်းက အသွင်သဏ္ဍာန်ပြောင်းလဲခြင်းနှင့် သိပ်မကွာခြားပေ။ သို့သော်လည်း သေချာဂရုတစိုက် ကြည့်မည်ဆိုလျှင် သူတို့၏ အသွင်သဏ္ဍာန်ပြောင်းလဲမှုက သူနှင့် သီရှီထျန်ကဲ့သို့ မပြည့်စုံပေ။

အထူးသဖြင့် သူတို့၏ ဦးခေါင်းပင်။ သူတို့၏ ဦးခေါင်းက လူသားဦးခေါင်း မဟုတ်ပေ။ ယင်းအစား သမင်ဦးခေါင်း၊ နွားဦးခေါင်း၊ ဝံပုလွေဦးခေါင်း အစရှိသည်တို့ ဖြစ်ကြသည်။ သူတို့၏ မိစ္ဆာခန္ဓာကိုယ်က လူသားခန္ဓာကိုယ်အဖြစ် အသွင်သဏ္ဍာန်ပြောင်းလဲသွားသော်လည်း သူတို့၏ ဦးခေါင်းက မိစ္ဆာဦးခေါင်းအဖြစ် ဆက်ရှိနေဆဲပင်။ တချို့မိစ္ဆာများဆိုလျှင် အမြှီးပင် ထွက်နေကြသည်။ တချို့မိစ္ဆာများ၏ လက်နှစ်ဖက်က သားရဲလက်များ ဖြစ်ကြသည်။

ထို့ကြောင့် မည်သူမဆို ထိုလူများက မိစ္ဆာများဖြစ်ကြောင်း အကြည့်တစ်ချက်ဖြင့် ပြောနိုင်ပေသည်။

သီရှီထျန်သည် မိစ္ဆာကျင့်ကြံခြင်းလမ်းစဉ်ကို စတင်လျှောက်လှမ်းပြီးနောက် တစ်ဆင့်ပြီးတစ်ဆင့် သေသေချာချာ ကျင့်ကြံခဲ့သည်။ သူက ဝိညာဉ်သားရဲနယ်ပယ်မှ မိစ္ဆာသားရဲနယ်ပယ်ဆီသို့ တတ်လှမ်းသွားခဲ့သည်။ ထိုမှတဖန် သူက အဆင့်ချိုးဖြတ်သွားပြီး အစစ်အမှန်မိစ္ဆာတစ်ကောင် ဖြစ်လာခဲ့သည်။

သို့သော်လည်း သာမန်မိစ္ဆာသားရဲတစ်ကောင်က ထိုသို့အသွင်သဏ္ဍာန်ပြောင်းလဲနိုင်ကြောင်း တစ်ခါမှ သူမကြားဖူးပေ။

“ အို… နင်က သူတို့ကို ပြောနေတာလား… သူတို့က မိစ္ဆာနိုးထကျင့်စဉ်ကို ကျင့်ကြံထားတဲ့ မိစ္ဆာသားရဲတွေ ဖြစ်တယ်… ပြောရမယ်ဆိုရင် မိစ္ဆာမျိုးနွယ်စုထဲမှာ လူအနည်းစုပဲ မိစ္ဆာနိုးထကျင့်စဉ်ကို သိကြတယ်… အဲ့ဒါကို ဒီနေရာမှာ မြင်တွေ့ရလိမ့်မယ်လို့ ငါမမျှော်လင့်ထားဘူး… မိစ္ဆာနိုးထကျင့်စဉ်က တကယ်အံ့ဩဖို့ကောင်းတယ်… အဲ့ဒါက ငါတို့မိစ္ဆာမျိုးနွယ်စုရဲ့ မဟာလျှို့ဝှက်ချက်ပညာရပ်တွေထဲက တစ်ခုဖြစ်တယ် ”

မဒူဆာ၏ မျက်လုံးထဲမှာ နားလည်သဘောပေါက်သော အရိပ်အယောင်ရှိသည်။

“ မိစ္ဆာနိုးထကျင့်စဉ်လား… အဲ့ဒါက ဘယ်လိုလျှို့ဝှက်ပညာရပ်လဲ… အဲ့ဒါကို အရင်က ငါဘာလို့ မကြားဖူးတာလဲ ”

သီရှီထျန်က စူးစမ်းလိုစွာ မေးသည်။ သူက ဦးနှောက်ကို အလုပ်ပေးလိုက်ပြီး သူ၏ မှတ်ဉာဏ်များထဲမှာ ရှာဖွေလိုက်သည်။ သူက သွေးမျိုးဆက်အမွေအနှစ်ထဲမှာသာမက ပန်းမျိုးတစ်ရာချိုင့်ဝှမ်းထဲတွင် သူဖတ်ရှုခဲ့သော ရှေးဟောင်းစာအုပ်များထဲမှာလည်း ရှာဖွေလိုက်သည်။

သို့သော် မိစ္ဆာနိုးထကျင့်စဉ်နှင့်ပတ်သက်သော မည်သည့်အချက်အလက်မှ သူရှာမတွေ့ပေ။ သို့သော်လည်း မဒူဆာ၏ အမူအရာကို ကြည့်ခြင်းအားဖြင့် ဤလောကမှာ ထိုသို့အံ့ဖွယ်ထူးဆန်းသော လျှို့ဝှက်ပညာရပ် တကယ်ရှိကြောင်း သူသိလိုက်သည်။

သူက ကိုယ့်ဘာသာ တွေးတောလိုက်သည်။

‘ မိစ္ဆာနိုးထကျင့်စဉ်က ငါ့အရှေ့က မိစ္ဆာမျိုးနွယ်စုနဲ့ ဆက်စပ်နေမယ်ထင်တယ် ’

“ အဲ့ဒါကို နင်မကြားဖူးတာ ပုံမှန်ပါပဲ ”

မဒူဆာက သီရှီထျန်ကို တည်ငြိမ်စွာ ကြည့်လိုက်သည်။ သူက အနီရောင်နှုတ်ခမ်းကို ဖွင့်လိုက်ပြီး ပြောသည်။

“ နင် တောင်ပိုင်းမြေရိုင်းဒေသကို ရောက်လာတာ သုံးလေးနှစ်ပဲရှိသေးတယ်… မိစ္ဆာမျိုးနွယ်စုအကြောင်း နင် အများကြီး မသိသေးဘူး… ဒီနေ့ ငါနင့်ကို ရှင်းပြမယ် ”

လွန်ခဲ့သော ရက်များတွင် သူတို့နှစ်ယောက်က အပြန်အလှန် စကားပြောခဲ့ကြသည်။ သို့သော်လည်း သူတို့ပြောသော အကြောင်းအရာများက သူတို့၏ ကိုယ်ပိုင်ကျင့်ကြံခြင်းနှင့်ပတ်သက်သော ကိစ္စများသာ ဖြစ်၏။ သူတို့က လမ်းခရီးတစ်လျှောက်၌ မြင်တွေ့ခဲ့သော စိတ်ဝင်စားဖွယ် ကိစ္စများကိုလည်း ပြောကြသည်။ ထို့ကြောင့် သူတို့ကြားမှ မရင်းနှီးသော လေထုက ပျောက်ကွယ်သွားသည်။ ထို့ပြင် သူတို့နှစ်ယောက်စလုံးက တောင်ပိုင်းမြေရိုင်းဒေသမှ ဖြစ်လေရာ မိတ်ဆွေဖွဲ့ရန် လွယ်ကူသည်။ ယခု သူတို့က တစ်ယောက်နှင့်တစ်ယောက် မိတ်ဆွေများ ဖြစ်သွားကြသည်။

“ ပြောပါ… ငါနားထောင်နေတယ် ”

သီရှီထျန်က ဝမ်းသာပျော်ရွှင်သွားသည်။ သူလက်ဝှေ့ယမ်းလိုက်သည့်အခါ လွင့်မျောတိမ်လှေက အရှေ့သို့ ဆက်ပြီး ရွေ့လျားသွားသည်။ သူမသိသေးသော ကိစ္စများအပေါ် အလွန်စိတ်ဝင်စားသည်။ ထို့ပြင် မိစ္ဆာနိုးထကျင့်စဉ်က မိစ္ဆာမျိုးနွယ်စုနှင့် ကြီးကြီးမားမား သက်ဆိုင်နေသည်။

သူက စိတ်ထဲမှာ တွေးလိုက်သည်။ အကယ်၍ ထိုလျှို့ဝှက်ပညာရပ်ကိုသာ သူရမည်ဆိုလျှင် ယင်းက သူ့ကို ကြီးကြီးမားမား အကျိုးရှိစေလိမ့်မည်။ ယင်းက သူ၏ အင်အားစုအတွက် သေချာပေါက် အကူအညီဖြစ်လိမ့်မည်။

သူမျှော်လင့်ထားသကဲ့သို့ မဒူဆာက အသေးစိတ် ပြောသည်။

“ တကယ်တော့… မိစ္ဆာနိုးထကျင့်စဉ်က ရှေးခေတ်က ငါတို့ရဲ့ မိစ္ဆာဘိုးဘေးတွေ ချန်ထားခဲ့တဲ့ လျှို့ဝှက်ပညာရပ်တစ်ခု ဖြစ်တယ်… ပြောကြတာက ရှေးခေတ်က မိစ္ဆာအားလုံးနီးပါးက မိစ္ဆာနိုးထကျင့်စဉ်ကို တတ်ကျွမ်းကြတယ်တဲ့… အဲ့ဒါက အခြေခံအကျဆုံး လျှို့ဝှက်ပညာရပ်ဖြစ်တယ်… အဲ့ဒါက အရေးကြီးဆုံး လျှို့ဝှက်ပညာရပ်ဆိုလည်း ဟုတ်တယ်… ဘာလို့လဲဆိုတော့… ”

သီရှီထျန်သည် လွင့်မျောတိမ်လှေပေါ်တွင် ဂရုတစိုက် နားထောင်နေသည်။ ယင်းကို ကြားသောအခါ သူ့နှလုံးက တုန်လှုပ်သွားသည်။ အံ့ဩထိတ်လန့်သော အမူအရာက သူ၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။

‘ လက်စသတ်တော့ မိစ္ဆာနိုးထကျင့်စဉ်က မိစ္ဆာမျိုးနွယ်စုရဲ့ အရေးကြီးတဲ့ လျှို့ဝှက်ပညာရပ်တစ်ခုပဲ… အဲ့ဒါက မိစ္ဆာမျိုးနွယ်စုရဲ့ ဖွင့်ဖြိုးတိုးတတ်မှုအပေါ် ကြီးမားတဲ့ သက်ရောက်မှုရှိတယ် ’

ရှေးခေတ်ကာလတွင် မိုးမြေဝိညာဉ်စွမ်းအားက အလွန်ပေါကြွယ်ဝသည်။ စွန့်ပစ်နယ်မြေများထံမှ ဝိညာစွမ်းအားသည်ပင် မျက်မှောက်ခေတ်မှ မသေမျိုးကျင့်ကြံခြင်းဂိုဏ်းများနှင့် နှိုင်းယှဉ်နိုင်ပေသည်။ တစ်စုံတစ်ယောက်သည် အသက်ရှူသွင်းလိုက်ရုံဖြင့် ဝိညာဉ်စွမ်းအားကို ခန္ဓာကိုယ်ထဲသို့ စုပ်ယူနိုင်ပေသည်။ ယင်းကို ကြည့်ခြင်းအားဖြင့် မိုးမြေဝိညာဉ်စွမ်းအားက မည်မျှပေါကြွယ်ဝကြောင်း သိနိုင်သည်။

ထို့ကြောင့် ရှေးခေတ်တွင် အရေအတွက်များပြားသော တိရိစ္ဆာန်များ၊ ငှက်များနှင့် ဝိညာဉ်သားရဲများသည် မိစ္ဆာသားရဲများ ဖြစ်လာကြသည်။ ထိုခေတ်ကာလတွင် မိစ္ဆာမျိုးနွယ်စုက နေလိုလလို တန်ခိုးဩဇာကြီးမားခဲ့သည်။ မိစ္ဆာမျိုးနွယ်စုထဲတွင် အစွမ်းထက်ပုဂ္ဂိုလ်အများအပြား ပေါ်ထွန်းခဲ့သည်။ သူတို့က လောကကို အုပ်ချုပ်ပြီး ထိပ်တန်းအဆင့် မျိုးနွယ်စုတစ်စု ဖြစ်လာခဲ့သည်။

သို့သော်လည်း တိရိစ္ဆာန်အားလုံးနှင့် ငှက်အားလုံးက လူအသွင်သဏ္ဍာန်သို့ ပြောင်းလဲပြီး မိစ္ဆာများဖြစ်မလာနိုင်ကြချေ။ သူတို့၏ မွေးရာပါပင်ကိုယ်ပါရမီကြောင့် တိရိစ္ဆာန်တချို့နှင့် ငှက်တချို့သည် ဝိညာဉ်စွမ်းအား အနည်းငယ်မျှသာ စုပ်ယူနိုင်ကြသည်။ ထို့ကြောင့် သူတို့၏ အသိစိတ်က ကြည်လင်မနေဘဲ ရှုပ်ထွေးနေသည်။ ထိုသို့တိရိစ္ဆာန်များသည် သန္ဓေပြောင်းသားရဲများနှင့် ရိုင်းစိုင်းကြမ်းကြုတ်သော သားရဲများ ဖြစ်လာကြသည်။

ထိုသို့သာဓကများ အများကြီး ရှိသည်။ မည်သို့ဖြစ်ပါစေ မိစ္ဆာများ၏ စုပေါင်းအရေအတွက်ထက် သာမန်တိရိစ္ဆာန်များနှင့် ငှက်များ၏ အရေအတွက်က ပိုများနေသည်။

ထို့ကြောင့် မိစ္ဆာမျိုးနွယ်စု၏ အစွမ်းထက်ပညာရှင်များသည် အတူတကွ စုဝေး၍ လျှို့ဝှက်ကျင့်စဉ်တစ်ခုကို ဖန်တီးခဲ့ကြသည်။ ထိုလျှို့ဝှက်ကျင့်စဉ်က မိစ္ဆာနိုးထကျင့်စဉ်ဖြစ်သည်။

ယင်းကို မည်သို့ကြောင့် မိစ္ဆာနိုးထကျင့်စဉ်ဟု ခေါ်သနည်း။

အမှန်မှာ ထိုလျှို့ဝှက်ကျင့်စဉ်က မိစ္ဆာကျင့်ကြံသူများဖြစ်လာရန် အရည်အချင်းမရှိသော တိရိစ္ဆာန်များကို ဝိညာဉ်အသိဉာဏ် ရှိလာစေရန် အတင်းအကျပ် လှုံ့ဆော်ပေးသော ကျင့်စဉ်ဖြစ်သည်။ အကယ်၍ တိရိစ္ဆာန်တစ်ကောင်က မိစ္ဆာနိုးထကျင့်စဉ်ကို ကျင့်ကြံပြီး အသိဉာဏ်ရှိလာမည်ဆိုလျှင် လူသားအသွင်သဏ္ဍာန်သို့ ချက်ချင်း ပြောင်းလဲသွားလိမ့်မည်။ သို့သော်လည်း ထိုသို့ပြောင်းလဲမှုမှာ ကြီးမားသော ချို့ယွင်းချက်တစ်ခု ရှိ၏။ ယင်းက အစောနက သူတို့မြင်ခဲ့သောအရာ ဖြစ်၏။ သူတို့၏ အသွင်သဏ္ဍန်ပြောင်းလဲမှုက မပြည့်စုံပေ။ မူလခန္ဓာကိုယ်အစိတ်အပိုင်းများက အနည်းငယ် ကျန်ရစ်နေလိမ့်မည်။

ဥပမာ နွားတစ်ကောင်က မိစ္ဆာနိုးထကျင့်စဉ်ကို ကျင့်ကြံပြီး အသိဉာဏ်ရှိလာမည်ဆိုလျှင် လူသားအသွင်သဏ္ဍန်သို့ သူပြောင်းလဲသွားသည့်အခါ သူ၏ ဦးခေါင်းက နွားဦးခေါင်းအဖြစ် ဆက်ရှိနေလိမ့်မည်။ ထိုချို့ယွင်းချက်ကို မရှောင်လွှဲနိုင်ပေ။ ဤလောကတွင် ကောင်းကင်ဘုံတာအိုက (၄၉)ခု ရှိသည်။ သို့ဖြစ်၍ ဤလောကမှ မည်သည့်အရာမှ မပြည့်စုံနိုင်ပေ။ သူတို့က အသိဉာဏ်ရှိလာပြီး အသွင်သဏ္ဍာန်ပြောင်းလဲနိုင်လျှင်ပင် ထိုအတွက် တန်ကြေးတစ်ခုကို ပြန်ပေးဆပ်ရလိမ့်မည်။

နောက်ထပ်တစ်ချက်မှာ သူတို့၏ အသိဉာဏ်ကို တိုးမြှင့်ရန် ခက်ခဲလိမ့်မည်။ ကျင့်ကြံခြင်းတွင် သူတို့၏ အမြန်နှုန်းက သာမန်မိစ္ဆာတစ်ကောင်ထက် နှေးကွေးနေလိမ့်မည်။ သို့သော်လည်း လုံးလုံး မကျင့်ကြံနိုင်ခြင်းထက်စာလျှင် ယင်းက အများကြီး ပိုကောင်းသည်။

ထို့ကြောင့် ယေဘုယျအားဖြင့် မိစ္ဆာဘုရင်များ၏ လက်အောက်မှ တိရိစ္ဆာန်များသည် မိစ္ဆာနိုးထကျင့်စဉ်ကို ကျင့်ကြံကြသည်။ သူတို့တိုက်ခိုက်သည့်အခါ အများစုက သေရမည်ကို မကြောက်ကြချေ။ သူတို့က ရန်သူ၏ ခံစစ်ကို အတင်းအကျပ် ထိုးဖောက်ရန် အထူးသင့်တော်သော လက်အောက်ငယ်သားများ ဖြစ်ကြသည်။

မိစ္ဆာနိုးထကျင့်စဉ်၏ ထူးခြားချက်တစ်ခုမှာ ယင်းက မိစ္ဆာအုပ်စုတစ်စုကို တစ်ကြိမ်တည်းဖြင့် ဝိညာဉ်အသိဉာဏ်နိုးထပေးနိုင်သည်။ သို့သော်လည်း ယင်းကို အသုံးပြုသည့်အခါ ကန့်သတ်ချက်တစ်ခု ရှိသည်။ မိစ္ဆာနိုးထကျင့်စဉ်ကို တစ်နှစ်လျှင် သုံးကြိမ်သာ အသုံးပြုနိုင်သည်။ ပထမအကြိမ်၌ ဝိညာဉ်အသိဉာဏ်မနိုးထနိုင်လျှင် ဒုတိယအကြိမ်တွင် ပိုပြီးခက်ခဲလိမ့်မည်။ မိစ္ဆာနိုးထကျင့်စဉ်သည် တစ်ကြိမ်လျှင် တိရိစ္ဆာန်တစ်ထောင်ထက်ပို၍ ဝိညာဉ်အသိဉာဏ် မနိုးထပေးနိုင်ပေ။

သို့တိုင် ယင်းက အံ့ဖွယ်ကောင်းသော လျှို့ဝှက်ပညာရပ်တစ်ခု ဖြစ်နေဆဲပင်။ ယင်းက မိစ္ဆာမျိုးနွယ်စု၏ အင်အားကြီးမားလာမှုတွင် အလွန်အရေးပါသည်။

“ အဲ့ဒီမိစ္ဆာနိုးထကျင့်စဉ်က အဲ့လောက်အံ့ဖွယ်ကောင်းတယ်လား… ငါတို့ရဲ့ တောင်ပိုင်းမြေရိုင်းဒေသမှာ အဲ့ဒီကျင့်စဉ်ရှိမယ်ဆိုရင် တိရိစ္ဆာန်အများအပြားက အသိဉာဏ်ရှိလာကြပြီး မိစ္ဆာတွေ ဖြစ်လာကြမယ် မဟုတ်ဘူးလား… အဲ့ဒါက တောင်ပိုင်းမြေရိုင်းဒေသရဲ့ အင်အားကို ကြီးကြီးမားမား တိုးမြှင့်ပေးနိုင်လိမ့်မယ် ”

သီရှီထျန်က စိတ်ထဲမှာ သူ့ဘာသာ တွေးလိုက်လေရာ မျက်လုံးဝင်းလက်သွားသည်။

‘ အဲ့ဒီလျှို့ဝှက်ပညာရပ်က ငါ့ရဲ့ မိစ္ဆာအသင်္ချေချိုင့်ဝှမ်းကို အမြန်အင်အားကြီးမားလာအောင် လုပ်ဆောင်ပေးနိုင်တယ်… သူတို့ရဲ့ ကျင့်ကြံခြင်းပါရမီက မကောင်းမွန်ဘူးဆိုရင်တောင် တကယ်လို့ သူတို့ကြိုးစားမယ်ဆိုရင် အစွမ်းထက်မိစ္ဆာတစ်ကောင် ဖြစ်လာနိုင်လိမ့်မယ် ’

‘ ဒါ့အပြင် သူတို့မှာ အရေအတွက်အားသာချက်ရှိတယ်… မိစ္ဆာနိုးထကျင့်စဉ်က ရှားပါးတယ်ဆိုပေမဲ့ ဒီတစ်ကြိမ် မီးခိုးလှိုင်းရေကန်မှာ မိစ္ဆာအများစု စုဝေးနေကြလိမ့်မယ် မဟုတ်ဘူးလား… မိစ္ဆာနိုးထကျင့်စဉ်ကို တန်ကြေးတစ်ခုပေးပြီး ငါလဲလှယ်နိုင်လောက်ပါတယ် ’

သီရှီထျန်က သူ့စိတ်ထဲမှာ တွေးလိုက်ပြီး ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည်။ မိစ္ဆာနိုးထကျင့်စဉ်ကို မဖြစ်မနေ သူရယူမည်။ ယင်းက သူ့အတွက် အလွန်အသုံးဝင်သည်။

“ ငါတို့ရဲ့ တောင်ပိုင်းမြေရိုင်းဒေသလား ”

မဒူဆာက ခေါင်းခါလိုက်သည်။ သူက ခေါင်းမော့လိုက်ပြီး တိမ်ပင်လယ်ကို ကြည့်လိုက်သည်။ သူက သက်ပြင်းချလိုက်ပြီး ပြောသည်။

“ နင်မသိလို့ပါ… ရှေးဟောင်းမှတ်တမ်းတွေအရ ရှေးခေတ်မှာ မိစ္ဆာမျိုးနွယ်စုက ပြောင်းလဲမှုကြီးတစ်ခုနဲ့ တွေ့ကြုံခဲ့ရတယ်… အဲ့ဒီနောက်မှာ လူသားမျိုးနွယ်စုက မြင့်တတ်လာတယ်… လူသားမျိုးနွယ်စုက ခရမ်းရွှေကုန်းမြေကို သူတို့အပိုင် သိမ်းပိုက်ချင်တယ်… သူတို့က မိစ္ဆာမျိုးနွယ်စု အားနည်းနေတာကို အခွင့်ကောင်းယူပြီး မိစ္ဆာမျိုးနွယ်စုရဲ့ ပညာရှင်တွေကို ဝိုင်းရံသတ်ဖြတ်ခဲ့ကြတယ်… ငါတို့မျိုးနွယ်စုရဲ့ ပညာရှင်အများအပြားက သူတို့လက်ထဲမှာ သေဆုံးခဲ့ကြတယ်… ဘီလီယံနဲ့ချီတဲ့ မိစ္ဆာတွေ သေဆုံးခဲ့ကြတယ်… အဲ့ဒီအချိန်မှာဆိုရင် ကုန်းမြေတစ်ခုလုံး သွေးနီရောင်စွန်းထင်သွားတယ်… မိစ္ဆာမျိုးနွယ်စုရဲ့ သွေးက ကိုးရက်ကိုးညကြာအောင် ဆက်တိုက် ရွာသွန်းခဲ့တယ်… နတ်ဘုရားတွေနဲ့ တစ္ဆေတွေက အော်ဟစ်ငိုကြွေးကြတယ်… သေကြေပျက်စီးမှုတွေက နေရာတိုင်းမှာ ဖြစ်ပျက်နေတယ်… အသက်ရှင်ကျန်ခဲ့ကြတဲ့ မိစ္ဆာတွေက သူတို့အသက်ကို ထိန်းသိမ်းဖို့ တောင်တန်းတွေဆီ ဆုတ်ခွာသွားကြတယ် ”

“ အဲ့ဒီသတ်ဖြတ်ပွဲမှာ မိစ္ဆာမျိုးနွယ်စုရဲ့ ကျင့်စဉ်တွေနဲ့ မှတ်တမ်းတွေ အများကြီး ဖျက်ဆီးခံလိုက်ရတယ်… မရေမတွက်နိုင်တဲ့ လျှို့ဝှက်ပညာရပ်တွေ ပျောက်ဆုံးသွားခဲ့တယ်… ဒါကြောင့် မိစ္ဆာနိုးထကျင့်စဉ်ကို သိထားတဲ့ လူတွေက အများကြီး မရှိဘူး… မျက်မှောက်ခေတ်မှာ မိစ္ဆာနိုးထကျင့်စဉ်အကြောင်း သိထားတဲ့ လူတွေက လက်ငါးချောင်းမပြည့်ဘူး… တကယ်လို့ သူတို့သိထားတယ်ဆိုရင်တောင် တခြားလူတွေကို အလွယ်တကူ ပြောပြကြမှာ မဟုတ်ဘူး… အဲ့ဒါကို ရရှိဖို့ အရမ်းခက်ခဲတယ်… ဒါကြောင့် ငါတို့ရဲ့ တောင်ပိုင်းမြေရိုင်းဒေသမှာ မိစ္ဆာနိုးထကျင့်စဉ်မရှိဘူး… အမချန်းရှီကြောင့်မဟုတ်ရင် တောင်ပိုင်းမြေရိုင်းဒေသထဲက မိစ္ဆာတွေက အခုလို သန်မာနေကြမှာ မဟုတ်ဘူး ”

အတိတ်တွင် ဖြစ်ပျက်ခဲ့သော ခါးသီးဖွယ် ကိစ္စများကို ပြန်ပြောပြသည့်အခါ မဒူဆာ၏ အသံက အနည်းငယ် အက်ရှနေသည်။ သူ၏ လေသံထဲမှာ နက်ရှိုင်းသော အမုန်းတရားက ကိန်းအောင်းနေသည်။

“ အတိတ်မှာ အဲ့ဒီလိုကိစ္စ ဖြစ်ခဲ့တယ်လား ”

ယင်းကို ကြားလိုက်ရသောအခါ သီရှီထျန်၏ နှလုံးသားထဲမှ သံသယများက ဖြေရှင်းသွားသည်။ မိစ္ဆာမျိုးနွယ်စု နိမ့်ကျသွားရသည့် အကြောင်းအရင်းကို အမြဲတမ်း သူသံသယရှိခဲ့သည်။ မိစ္ဆာမျိုးနွယ်စုက ရှေးခေတ်ကာလမှာ နေလိုလလို တန်ခိုးဩဇာကြီးထွားခဲ့ကြောင်း သူသိသည်။

ထိုသို့အင်အားကြီးမားသော မျိုးနွယ်စုက မည်သို့ကြောင့် ယခုအခြေအနေသို့ ရုတ်တရက် ဆုတ်ယုတ်သွားခဲ့သနည်း။ ယင်းက သူ့အတွက် နားလည်ရအလွန်ခက်ခဲသည်။

မိစ္ဆာမျိုးနွယ်စု၏ ကျင့်စဉ်များနှင့် ရှေးဟောင်းမှတ်တမ်းများသည် လူသားများ၏ ဖျက်ဆီးခံလိုက်ရသည်။ သို့ဖြစ်လေရာ မိစ္ဆာမျိုးနွယ်စုက မျက်မှောက်ခေတ် အခြေအနေဆီသို့ နိမ့်ကျသွားခဲ့သည်။

အခန်း(၃၃၈)

“ ဒီတော့ အဲ့ဒီလိုကို ”

သီရှီထျန်က စိတ်ထဲမှာ လက်ခံလိုက်သည်။ သူက ဉာဏ်ကောင်းသူဖြစ်လေရာ မိစ္ဆာမျိုးနွယ်စု၏ နိမ့်ကျသွားပုံကို အကြမ်းဖျဉ်း ခန့်မှန်းနိုင်သွားသည်။

ပထမဆုံးအနေနှင့် ရှေးခေတ်တွင် မိစ္ဆာမျိုးနွယ်စုသည် ပြောင်းလဲမှုအကြီးကြီးတစ်ခုကို တွေ့ဆုံခဲ့သည်။ ယင်းက မိစ္ဆာမျိုးနွယ်စုထဲမှ အထွတ်အထိပ်ပညာရှင်များကို နေ့ချင်းညချင်း ပျောက်ကွယ်သွားစေသည်။ သူတို့၏ သေခြင်းရှင်ခြင်းကို ဘာမှမသိရပေ။ ဒုတိယအနေနှင့် မိစ္ဆာမျိုးနွယ်စု အားနည်းနေသည့်အချိန်မှာ လူသားမျိုးနွယ်စုက မိစ္ဆာမျိုးနွယ်စု၏ အခြေခံအုတ်မြစ်ဖြစ်သော မိစ္ဆာကျင့်စဉ်များနှင့် လျှို့ဝှက်ပညာရပ်များကို ဖျက်ဆီးပစ်လိုက်သည်။ ထို့ပြင် သူတို့က မိစ္ဆာမျိုးနွယ်စု၏ ပညာရှင်များကို ဝိုင်းဝန်းတိုက်ခိုက်၍ သတ်ဖြတ်ခဲ့ကြသေးသည်။

အကယ်၍ မိစ္ဆာမျိုးနွယ်စုသာ အစွမ်းထက်မိစ္ဆာကျင့်စဉ်များနှင့် လျှို့ဝှက်ပညာရပ်များကို နောင်မျိုးဆက်များဆီ လက်ဆင့်ကမ်းနိုင်ခဲ့မည်ဆိုလျှင် မိစ္ဆာမျိုးနွယ်စုက ယခုကဲ့သို့ နိမ့်ကျသွားလိမ့်မည် မဟုတ်ချေ။ သူတို့က အတိုင်းအတာတစ်ခုအထိ တောင့်ခံနိုင်ကြလိမ့်မည်။

ထိုသို့အကြောင်းတရားများကြောင့် မိစ္ဆာမျိုးနွယ်စုက ယခုအခြေအနေဆီသို့ နိမ့်ကျသွားခဲ့သည်။

သီရှီထျန်သည် အတိတ်ဘဝတွင် လူသားတစ်ယောက်ဖြစ်ခဲ့သည်။ ထိုဘဝတွင် လူသားများ၏ အကျင့်စရိုက်ကို ကောင်းကောင်း သူနားလည်ခဲ့သည်။ သို့ဖြစ်၍ အတိတ်၌ လူသားမျိုးနွယ်လုပ်ဆောင်ခဲ့သော အရာကို သူမအံ့ဩပေ။ လူသားမျိုးနွယ်၏ အကျင့်စရိုက်အရ သူတို့က ဂူတစ်ဂူထဲ၌ ခြင်္သေ့နှစ်ကောင်ရှိနေခြင်းကို လက်မခံနိုင်ပေ။ သူတို့က ဤလောက၏ အဓိကဇာတ်ဆောင် ဖြစ်ချင်ကြသည်။ မိစ္ဆာမျိုးနွယ်စုက သူတို့၏ အရှေ့မှာ အတားအဆီးသဖွယ်ရှိနေလေရာ မိစ္ဆာမျိုးနွယ်စုကို ဖြိုချရန် သူတို့ကြိုးစားခဲ့ကြသည်။

“ အို ဟုတ်သားပဲ… ငါနားမလည်သေးတဲ့ နေရာတစ်နေရာရှိတယ်… မင်းပြောပုံအရ အတိတ်မှာ မိစ္ဆာမျိုးနွယ်စုက လူသားမျိုးနွယ်စုနဲ့ တိုက်ခိုက်ခဲ့ပြီး ငါတို့ရဲ့ မိစ္ဆာပညာရှင်အားလုံးနီးပါး အသတ်ခံလိုက်ကြရတယ်… အဲ့ဒီလိုအချိန်မှာ လူသားမျိုးနွယ်စုက ဘာလို့ မိစ္ဆာမျိုးနွယ်စုကို အမြစ်ဖြတ်မသုတ်သင်ဘဲ လွှတ်ပေးလိုက်တာလဲ… သူတို့က အသက်ရှင်ကျန်ခဲ့တဲ့ မိစ္ဆာတချို့ကို တောင်တန်းတွေထဲမှာ ပုန်းအောင်းစေဖို့ ခွင့်ပြုလိုက်တယ်… အဲ့ဒါ ဘာလို့လဲ ”

သီရှီထျန်က ထိုကိစ္စကို ဇဝေဇဝါဖြစ်နေသည်။ စူးစမ်းသိချင်စိတ်က သူ့နှလုံးသားထဲမှာ အပြည့်အဝ ထွက်ပေါ်လာသည်။ မိစ္ဆာမျိုးနွယ်စု၏ အတိတ်အကြောင်းကို အလွန်သူစိတ်ဝင်စားသည်။

မဒူဆာက တစ်ခဏ မျက်မှောင်ကြုတ်ပြီး တွေးတောလိုက်သည်။ ထို့နောက် သူက ခေါင်းယမ်းလိုက်ပြီး ပြောသည်။

“ ငါလည်းပဲ အဲ့ဒီကိစ္စကို သေချာမသိဘူး… စောစောက ငါပြောခဲ့တာတွေ အားလုံးက အတိတ်မှာ အမချန်းရှီ ငါ့ကို ပြောပြခဲ့တဲ့ အကြောင်းအရာတွေပဲ… နင် အဲ့ဒီအကြောင်းသိချင်ရင် အမချန်းရှီကို မေးပါ… မျက်မှောက်ခေတ်မှာ အတိတ်က မိစ္ဆာမျိုးနွယ်စုအကြောင်း ကောင်းကောင်း သိထားတဲ့ မိစ္ဆာတွေက အများကြီး မရှိတော့ဘူး ”

ယင်းကို ကြားသောအခါ သီရှီထျန်က နောက်ထပ် ဆက်မမေးတော့ပေ။ သူက စိတ်ထဲမှာ သူ့ဘာသာ တွေးလိုက်ပြီး ဖြစ်နိုင်ခြေအမျိုးမျိုးကို သုံးသပ်လိုက်သည်။‌ ရှေးခေတ်ကာလမှ အပြောင်းအလဲကြီးက မည်သည့်အရာဖြစ်ကြောင်း သူသိချင်သည်။ ယင်းက မိစ္ဆာမျိုးနွယ်စု၏ အထွတ်အထိပ်ပညာရှင်များကို ရုတ်တရက် ပျောက်ကွယ်သွားစေလေရာ သာမန်ကိစ္စ မဟုတ်နိုင်ပေ။ သူက ရှေးခေတ်သမိုင်းကြောင်းကို အလွန်စိတ်ဝင်စားပေသည်။

သူ၏ ခန့်မှန်းမှုအရ ရှေးခေတ်ကာလမှ အပြောင်းအလဲကြီးက ခရမ်းရွှေကုန်းမြေတစ်ခုလုံးနှင့် သက်ဆိုင်နေသော မဟာလျှို့ဝှက်ချက်တစ်ခု ဖြစ်နိုင်သည်။ သို့မဟုတ်လျှင် ထိုမျှကြီးမားသော သက်ရောက်မှုကို ဖြစ်စေလိမ့်မည် မဟုတ်ချေ။

“ လာပါ… ဝိုင်နတ်ဘုရားဘူးသီးခြောက်ထဲမှာ ငါသိုလှောင်ထားတဲ့ ပန်းမျိုးတစ်ရာအမတဝိုင်ကို မြည်းစမ်းကြည့်ပါ… ဝိုင်နတ်ဘုရားဘူးသီးခြောက်ရဲ့ အားဖြည့်ပေးမှုကြောင့် အခုဆိုရင် ပန်းမျိုးတစ်ရာအမတဝိုင်က ဆယ်နှစ်သက်တမ်းရှိသွားပြီ ”

သီရှီထျန်က ဝိုင်နတ်ဘုရားဘူးသီးခြောက်ထဲမှ ပန်းမျိုးတစ်ရာအမတဝိုင်ကို ထုတ်လိုက်သည်။

ဝိုင်နတ်ဘုရားဘူးသီးခြောက်ထဲမှ အချိန်စီးဆင်းမှုက အပြင်လောကနှင့် ကွာခြားသည်။ ဝိုင်နတ်ဘုရားဘူးသီးခြောက်ထဲတွင် အချိန်က အလွန်မြန်ဆန်စွာ ကုန်ဆုံးနေသည်။ အပြင်လောကမှာ တစ်နှစ်က ဝိုင်နတ်ဘုရားဘူးသီးခြောက်ထဲ၌ ဆယ်နှစ်အချိန်ကာလနှင့် ညီမျှသည်။ ယင်းက ဝိုင်သိုလှောင်ရာတွင် အကောင်းဆုံး ရတနာဖြစ်သည်။

သူတို့က စကားပြောနေရင်း ဝိုင်သောက်ကြသည်။

လွင့်မျောတိမ်လှေသည် ဝိညာဉ်ကျောက်တုံးများ၏ အားဖြည့်ပေးမှုအောက်မှာ မီးခိုးလှိုင်းရေကန်ဆီသို့ သူ့ဘာသာ ဦးတည်သွားနေသည်။ ယင်းကို မိစ္ဆာချီဖြင့် ဖြည့်သွင်းပေးရန် မလိုပေ။ ယင်း၏ အလျင်က အလွန်မြန်ဆန်လေရာ ကောင်းကင်ယံတွင် အဖြူရောင်အလင်းစီးကြောင်းတစ်ခု ကျန်နေခဲ့သည်။

မျက်စိတစ်မှိတ်အတွင်းမှာ နောက်တစ်ရက် ကုန်ဆုံးသွားသည်။ ထို့နောက် မီးခိုးလှိုင်းရေကန်က သူတို့အရှေ့မှာ ထွက်ပေါ်လာသည်။ မီးခိုးလှိုင်းရေကန်ဆီသို့ ရောက်ရန် အချိန်သိပ်မကြာခဲ့ပေ။ ထိုအတောအတွင်းမှာ သူတို့က ပိုမိုများပြားသော မိစ္ဆာများကို မြင်တွေ့လာသည်။ သူတို့က အရေအတွက်အလွန်များပြားသည်။ သူတို့အားလုံးက မီးခိုးလှိုင်းရေကန်ဆီသို့ ဦးတည်သွားနေကြသည်။

မီးခိုးလှိုင်းရေကန်သည် မိုင်တစ်သောင်းရှည်လျားသည်။ ရေကန်က အလွန်ကျယ်ပြောလေရာ ယင်းကို ရေကန်ဟု မသတ်မှတ်နိုင်ပေ။ အပြာရောင်ရေလှိုင်းများက တလိပ်လိပ် ရွေ့လျားနေသည်။

နံနက်ခင်းအချိန်ဖြစ်လေရာ မီးခိုးရောင်အခိုးအငွေ့များက ရေကန်ထဲမှ မြှောက်တတ်လာနေသည်။ ယင်းက အရှေ့အရပ်မှ ခရမ်းရောင်ချီထွက်ပေါ်လာခြင်းနှင့် ဆင်တူသည်။ အေးစက်စက်လေပြေ တိုက်ခတ်သွားသည့်အခါ လှိုင်းလုံးများက မိုးနှင့်မြေကို ချိတ်ဆက်ပေးလိုက်ဟန် ရ၏။ ထူထဲသော ရေခိုးရေငွေ့က လေထဲမှာ အဆက်မပြတ် ပျံ့နှံ့နေသည်။

ရေကန်ထဲမှ ရေသည် တောင်ကုန်းပေါ်မှ ကျဆင်းလာသော နွေဦးစမ်းရေပမာ ကြည်လင်သည်။ ယင်းက အလွန်လတ်ဆတ်သည်။ တစ်စုံတစ်ယောက်သည် ရေ၏ အရောင်အသွေးကို မြင်သည်နှင့် နှစ်သက်သဘောကျသွားပြီး ရေ၏ အရသာကို မြည်းစမ်းကြည့်ချင်လာလိမ့်မည်။ ရေကန်၏ ဘေးပတ်ပတ်လည်၌ ရှေးဟောင်းသစ်ပင်ကြီးများက ထူထူထဲထဲ ပေါက်ရောက်နေကြသည်။ သို့ဖြစ်၍ ရေကန်၏ ဘေးပတ်ဝန်းကျင်ကို ကြည့်လျှင် အမြဲစိမ်းလန်းနေသော တောအုပ်ကိုသာ မြင်ရလိမ့်မည်။

ထို့ကြောင့် ရေကန်က အသက်ဓာတ်ဖြင့် ပြည့်နှက်နေသည်။ တစ်စုံတစ်ယောက်သည် မီးခိုးလှိုင်းရေကန်ဆီသို့ ရောက်လာလျှင် စိတ်အပန်းပြေသွားပြီး သက်တောင့်သက်သာ ခံစားမိသွားလိမ့်မည်။

ရေကန်၏ အလယ်တွင် အရွယ်အစားမတူညီသော ကျွန်းတချို့ တည်ရှိကြသည်။ တချို့ကျွန်းများက စွန့်ပစ်ခံထားရပြီး ကျွန်းပေါ်မှာ ဘာမှမရှိပေ။ တချို့ကျွန်းများပေါ်မှာ စိမ်းလန်းစိုပြည်သော သစ်ပင်များ၊ လှပသော တောင်တန်းများ၊ ကြည်လင်သန့်ရှင်းသော စမ်းချောင်းများနှင့် ဝိညာဉ်စွမ်းအား ရှိသည်။ ယင်းက အလွန်ရှားပါးသော ကျင့်ကြံခြင်းကုန်းမြေ ဖြစ်သည်။

သေးငယ်သော ကုန်းမြေများက မီတာတစ်ရာခန့် ကျယ်ဝန်းပြီး ကြီးမားသော ကုန်းမြေများက မီတာထောင်ပေါင်းများစွာ ကျယ်ဝန်းသည်။ အကယ်၍ တစ်စုံတစ်ယောက်က ကောင်းကင်ပေါ်မှ ငုံ့ကြည့်မည်ဆိုလျှင် ယင်းတို့အားလုံးကို ရှင်းလင်းစွာ မြင်နိုင်လိမ့်မည်။

သို့သော်လည်း အလုံးစုံခြုံကြည့်လျှင် ယင်းက ရေကန်သာ ဖြစ်၏။ ပင်လယ်မဟုတ်ပေ။ ရေကန်ထဲမှာ ကျွန်းအများကြီး မရှိပေ။ မီးခိုးလှိုင်းရေကန်ထဲမှ ကျွန်းများက တခြားကျွန်းများနှင့်မတူဘဲ တစ်မျိုးတစ်ဖုံ ထူးခြားနေဟန် ရ၏။ ဤသည်မှာ အစိမ်းရောင်စာရွက်ပေါ်တွင် အနီရောင်အစက်များ ရှိနေသည့်အလားပင်။ ယင်းက အံ့ဖွယ်ကောင်းစွာ လှပသည်။

ကောင်းကင်ယံတွင် ဧရာမအဖြူရောင်တိမ်တိုက်တစ်ခုက အဝေးမှ မြန်ဆန်စွာ ရွေ့လျားလာနေသည်။ ယင်းက အလွန်မြန်ဆန်သည်။ ဤသည်မှာ လေကြမ်းက တိမ်တိုက်အနောက်မှ လိုက်လာသည့်အလားပင်။ မကြာမီ တိမ်တိုက်က မီးခိုးလှိုင်းရေကန်၏ ကောင်းကင်ပေါ်မှာ ထွက်ပေါ်လာသည်။ နောက်အခိုက်အတန့်မှာ တိမ်တိုက်က ကောင်းကင်ပေါ်မှာ ရုတ်ချည်း ရပ်တန့်သွားသည်။ တိမ်တိုက်၏ အောက်တွင် မိစ္ဆာလေ ထွက်ပေါ်လာသည်။

မိစ္ဆာလေသည် အရေအတွက်များပြားသော မိစ္ဆာများကို သယ်ဆောင်၍ ရေကန်ထဲမှ အကြီးမားဆုံး ကျွန်းဆီသို့ ရွေ့လျားသွားသည်။

ထိုကျွန်းပေါ်တွင် မိစ္ဆာမျိုးနွယ်စုမှ မျိုးနွယ်ဝင်အားလုံးက ခေါက်တုံ့ခေါက်ပြန် သွားလာနေကြသည်။ ထို့ပြင် သူတို့အားလုံးက အလွန်ထူးဆန်းကြသည်။ ထူးဆန်းသည်ဟု ဆိုရခြင်းမှာ သူတို့အားလုံးက မူလအသွင်သဏ္ဍာန်ဖြင့် ရွေ့လျားသွားလာနေကြသည်။ တစ်နည်းဆိုရသော် သူတို့က မိစ္ဆာနိုးထကျင့်စဉ်အစွမ်းအောက်မှာ အသွင်သဏ္ဍာန်ပြောင်းလဲသွားကြသော မိစ္ဆာများဖြစ်ကြသည်။ သူတို့က တိရိစ္ဆာန်များနှင့် ငှက်များ ဖြစ်ကြသည်။ သူတို့က သားရဲတစ်ပိုင်း လူတစ်ပိုင်း ရှိနေကြသော်လည်း သူတို့၏ ကျင့်ကြံခြင်းအဆင့်က မနိမ့်ပေ။ သူတို့အားလုံးနီးပါးက မိစ္ဆာသားရဲနယ်ပယ်မှာ ဖြစ်ကြသည်။ သူတို့က အသွင်သဏ္ဍာန်ပြောင်းလဲခြင်း မိစ္ဆာကပ်ဘေးဒုက္ခကို မကျော်ဖြတ်ရသေးသော်လည်း သူတို့၏ အသိဉာဏ်က လူသားများထက် မလျော့ပေ။ ထို့ပြင် ကျွန်းပေါ်မှာ အသွင်သဏ္ဍာန်ပြောင်းလဲပြီးသော မိစ္ဆာများလည်း ရှိသည်။ သူတို့က လူသားအသွင်သဏ္ဍာန်ဖြင့် ရှိနေသော်လည်း သူတို့၏ ခန္ဓာကိုယ်မှ မိစ္ဆာအရှိန်အဝါကို ထုတ်လွှတ်နေသည်။

တခြားမိစ္ဆာများသည် ထိုသို့ပုဂ္ဂိုလ်များကို မြင်သည့်အခါ ရိုသေလေးစားသော အမူအရာကို ထုတ်ဖော်လိုက်ကြပြီး ချက်ချင်း လမ်းဖယ်ပေးလိုက်ကြသည်။

မိစ္ဆာမျိုးနွယ်စုထဲတွင် လူသားအသွင်သဏ္ဍာန်ပြောင်းလဲပြီးသော ကျင့်ကြံသူများက အရေအတွက် အလွန်နည်းပါးသည်။ သူတို့က မိစ္ဆာမျိုးနွယ်စု၏ အဓိကအင်အားစု ဖြစ်သည်။ သူတို့က မိစ္ဆာမျိုးနွယ်စုကို ထောက်ပံ့ပေးနေသော အခြေခံအုတ်မြစ် ဖြစ်သည်။ ဤအခိုက်အတန့်မှာ မိစ္ဆာအားလုံးသည် မီးခိုးလှိုင်းရေကန်၏ အလယ်ဆီသို့ ဦးတည်သွားနေကြသည်။

“ မဒူဆာ… ငါတို့ရောက်ပြီ… အဲ့ဒါ မီးခိုးလှိုင်းရေကန်ပဲ ”

သီရှီထျန်က လှေဦးပိုင်းမှာ မတ်တတ်ရပ်လိုက်ပြီး ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ သူက အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။ သူ၏ ဘေးပတ်ပတ်လည်မှ ရေခိုးရေငွေ့ထဲမှာ သန့်ရှင်းလတ်ဆတ်သောလေ ကိန်းအောင်းနေသည်။ လေကို ရှူသွင်းလိုက်သည့်အခါ သူ၏ ခန္ဓာကိုယ်ပေါ်မှ ပင်ပန်းနွမ်းလျမှုက ချက်ချင်း ပျောက်ကွယ်သွားသည်။ သူ၏ တစ်ကိုယ်လုံးက ပေါ့ပါးသွက်လက်လာပြီး သူ၏ မျက်လုံးထဲမှာ တောက်ပသော အလင်းရောင် ထွက်ပေါ်လာသည်။ သူက ပြောသည်။

“ လှိုင်းလုံးက မီးခိုးငွေ့ကို မြှောက်တတ်စေတယ်… တိမ်တိုက်တွေက ရေကန်ကို အလှဆင်တယ်… မီးခိုးလှိုင်းရေကန်က ရှားပါးနေရာပဲ… ဒီနေရာက ဝိညာဉ်စွမ်းအားက ငါတို့ရဲ့ တောင်ပိုင်းမြေရိုင်းဒေသထက် ပိုပြီးပေါကြွယ်ဝတယ် ”

သက်ပြင်းချသံက သူ့ပါးစပ်မှ ထွက်ပေါ်လာသည်။ ရေကန်ကို သူကြည့်လိုက်သည့်အခါ ရေကန်က အလွန်သာယာလှပကြောင်း မြင်တွေ့သွားသည်။ ရေခိုးရေငွေ့ကို မဆိုထားနှင့် ရှုခင်းများသည်ပင် အလွန်သာယာသည်။ ဤနေရာက ကောင်းကင်ဘုံနှင့်ဆင်တူသော နေရာဖြစ်သည်။

“ မိစ္ဆာအများစုရဲ့ ဦးတည်ရာကို ကြည့်ရတာတော့ မီးခိုးလှိုင်းကျွန်းစုရဲ့ တည်နေရာက ရေကန်အလယ်မှာ ဖြစ်လိမ့်မယ်… အဲ့ဒီကို အတူတူ သွားကြရအောင် ”

မဒူဆာက လွင့်မျောတိမ်လှေမှ ပေါ့ပါ့ပါးပါး ဆင်းသက်လိုက်သည်။ သူက ရေကန်၏ မျက်နှာပြင်ပေါ်သို့ ကျဆင်းသွားသည်။ သူ၏ ခြေထောက်က ရေကို မထိသွားသော်လည်း လှိုင်းလုံးတစ်ခုက ရေမျက်နှာပြင်ပေါ်မှာ ထွက်ပေါ်လာပြီး သူ့ခြေထောက်ကို ပင့်တင်ပေးလိုက်သည်။ သူက ရေလှိုင်းလုံး၏ စီးဆင်းမှုနှင့်အတူ အရှေ့သို့ ရွေ့လျားသွားသည်။

ယင်းကို သီရှီထျန်မြင်သောအခါ ထူးဆန်းသော အလင်းက သူ့မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ ရေထိန်းချုပ်ခြင်းက မဒူဆာ၏ မွေးရာပါစွမ်းရည်တစ်ခုဖြစ်ကြောင်း သူသိသည်။ သူ၏ မူလခန္ဓာကိုယ်က မြွေဖြစ်သည်။ မြွေသည် ကုန်းနေရေနေသတ္တဝါ ဖြစ်သည်။ ရေထဲတွင် မြွေများသည် ငါးများသဖွယ် ရွေ့လျားနိုင်ကြသည်။ သို့ဖြစ်၍ ရေထိန်းချုပ်ခြင်းက သူ၏ မွေးရာပါစွမ်းရည်တစ်ခု ဖြစ်သည်။

အကယ်၍ တခြားမိစ္ဆာများက ရေထိန်းချုပ်ခြင်းပညာရပ်ကို သင်ကြားချင်သည်ဆိုလျှင် သူတို့က အများကြီး ကြိုးစားအားထုတ်ရလိမ့်မည်။ ယင်းက အမှန်တကယ် မနာလိုစရာကောင်း၏။

သီရှီထျန်သည် လက်ဝှေ့ယမ်းလိုက်ပြီး လွင့်မျောတိမ်လှေကို ပြန်သိမ်းဆည်းလိုက်သည်။ သူ၏ အတွေးတစ်ချက်နှင့်အတူ မိစ္ဆာလေက သူ့ခြေထောက်အောက်မှာ ထွက်ပေါ်လာသည်။ သူက မိစ္ဆာလေပေါ်မှာ မတ်တတ်ရပ်လိုက်ပြီး မဒူဆာနှင့် ဘေးချင်းယှဉ်၍ ရွေ့လျားသွားသည်။ သူတို့ထွက်ပေါ်လာသည့်အခိုက် ဘေးပတ်ဝန်းကျင်မှ မိစ္ဆာများက ရိုသေလေးစားသော အမူအရာကို ချက်ချင်း ထုတ်ဖော်လိုက်ကြသည်။ အရှေ့မှ မိစ္ဆာများသည်ပင် ဘေးသို့ အမြန်ဖယ်ပေးလိုက်ကြပြီး သူတို့အတွက် လမ်းဖွင့်ပေးလိုက်ကြသည်။

မိစ္ဆာထောင်သောင်းချီက မီးခိုးလှိုင်းကျွန်းစုဆီသို့ ဦးတည်သွားနေကြသည်။ သို့သော်လည်း အရေအတွက်အနည်းငယ်သာလျှင် အမြူတေဓာတ်လုံးကို ဖွဲ့စည်းပြီး အသွင်သဏ္ဍာန်ပြောင်းလဲနိုင်ကြသည်။ သူတို့ကို လက်တစ်ဖက်တည်းဖြင့် ရေတွက်နိုင်သည်။ သူတို့တစ်ယောက်စီက အစွမ်းထက်ပုဂ္ဂိုလ်များ ဖြစ်ကြသည်။

သီရှီထျန်နှင့် မဒူဆာတွင် တစ်ယောက်က မိစ္ဆာလေကို စီးနင်းနေပြီး အခြားတစ်ယောက်က ရေလှိုင်းကို စီးနင်းနေကြောင်း မြင်သွားသောအခါ သူတို့အနောက်မှ မိစ္ဆာများက တီးတိုးပြောလိုက်ကြသည်။

“ အမြူတေဓာတ်လုံး ဖွဲ့စည်းပြီးတဲ့ နောက်ထပ်ပညာရှင်နှစ်ယောက် ထွက်ပေါ်လာပြီ… ကောင်းကင်မိစ္ဆာလျှို့ဝှက်နယ်မြေ ဖွင့်လှစ်တဲ့ အချိန်မှာပဲ သူတို့ကို အခုလိုမြင်တွေ့နိုင်တယ်… ပုံမှန်အချိန်မှာဆိုရင် သူတို့ကို နှစ်တစ်ရာနေတောင် တစ်ခေါက်မမြင်နိုင်ဘူး… ကြည့်ရတာ ဒီတစ်ကြိမ်မှာ အမြူတေဓာတ်လုံး ဖွဲ့စည်းပြီးတဲ့ မိစ္ဆာတွေအများကြီး မီးခိုးလှိုင်းကျွန်းစုပေါ်မှာ စုဝေးသွားကြမယ် ထင်တယ်… မဟာမိစ္ဆာဘုရင်ရှစ်ပါးကို မြင်တွေ့နိုင်မယ်ဆိုရင် ပိုပြီးကောင်းလိမ့်မယ် ”

အခန်း(၃၃၉)

“ ဟုတ်တယ်… မိစ္ဆာညီအကိုတွေ အများကြီးက အဝေးကနေ ဒီကို အပြေးလာနေကြတယ်လို့ ငါကြားတယ်… ပြီးတော့ သူတို့တစ်ယောက်စီက မိစ္ဆာသားရဲနယ်ပယ်စွမ်းအားကို ပိုင်ဆိုင်ထားကြတယ်… သူတို့က စုစုပေါင်း အရေအတွက်တစ်သောင်းကျော်တယ်… မဟာမိစ္ဆာဘုရင်ရှစ်ပါးတောင် ထွက်ပေါ်လာနိုင်တယ်… အဲ့ဒါက ရှားပါးအခွင့်အရေးပဲ… မိစ္ဆာတွေရဲ့ အခုလိုစုဝေးပွဲက နှစ်တစ်ထောင်နေမှ တစ်ကြိမ်တစ်ခါပဲ ဖြစ်ပေါ်လာနိုင်တယ် ”

“ မဟာမိစ္ဆာဘုရင်ရှစ်ပါးထဲက ဂဠုန်မိစ္ဆာဘုရင်မှာ အရမ်းမြင့်မားတဲ့ ကျင့်ကြံခြင်းအခြေခံရှိတယ်လို့ ငါကြားတယ်… သူက စတုတ္ထအဆင့် အသွင်သဏ္ဍာန်ပြောင်းလဲခြင်းကို ရောက်နေပြီ… မကြာသေးခင်က သူက ကောင်းကင်တတ်လှမ်းလို့ ခေါ်တဲ့ မသေမျိုးကျင့်ကြံခြင်းဂိုဏ်းတစ်ဂိုဏ်းကို ဝင်ရောက်စီးနင်းပြီး ကျင့်ကြံသူတစ်ထောင်ကျော်ကို တစ်လုပ်တည်း ဝါးမျိုခဲ့တယ်… အဲ့ဒီနောက် သူက ရွှေရောင်မီးတောက်ကို မှုတ်ထုတ်လိုက်ပြီး တောင်တန်းတစ်ခုလုံးကို ဖုန်မှုန့်ဖြစ်စေခဲ့တယ်… သူက အရမ်းအစွမ်းထက်တဲ့ မိစ္ဆာပဲ… သူ့ကို ကျွန်းပေါ်မှာ ငါမြင်တွေ့နိုင်မလား သိချင်မိတယ် ”

“ အဲ့ဒါက ဘာမှမဟုတ်သေးဘူး… ငါကြားခဲ့တာက သစ်ပင်မိစ္ဆာဘုရင်က… ”

မိစ္ဆာများသည် မိစ္ဆာမျိုးနွယ်စုနှင့်သက်ဆိုင်သော အကြောင်းအရာများကို ဆွေးနွေးပြောကြသည်။ တစ်စုံတစ်ယောက်သည် ယင်းတို့ကို ဂရုတစိုက် နားထောင်မည်ဆိုလျှင် လက်တလော မိစ္ဆာမျိုးနွယ်စု၏ လှုပ်ရှားမှုကို စုံစုံလင်လင် သိနိုင်လိမ့်မည်။ မည်သို့ဖြစ်ပါစေ ဤနေရာသို့ ရောက်လာကြသော မိစ္ဆာများသည် မိစ္ဆာသားရဲနယ်ပယ်မှာ ဖြစ်ကြသည်။

မျက်မှောက်ခေတ် မိစ္ဆာမျိုးနွယ်စု၏ အင်အားအရ မိစ္ဆာသားရဲများသည် မိစ္ဆာမျိုးနွယ်စုထဲမှာ အရေအတွက်အများဆုံး ဖြစ်သည်။ သို့ဖြစ်၍ သူတို့၏ ဗဟုသုတများကို လျော့မတွက်သင့်ပေ။

မှန်ပေသည်။ ယင်းက သီရှီထျန်နှင့် ဘာမှမသက်ဆိုင်ပေ။ မိစ္ဆာလေကို စီးနင်းသော သူ့အလျင်က အလွန်မြန်ဆန်သည်။ သို့ဖြစ်၍ မကြာမီ သူတို့၏ မျက်စိအရှေ့မှာ အရွယ်အစားကြီးမားသော မီးခိုးလှိုင်းကျွန်းစု ထွက်ပေါ်လာသည်။ ကျွန်းစုက အရွယ်အစားအလွန်ကြီးမားသည်။ ယင်းက အချင်းမီတာတစ်ထောင်ခန့် ရှိသည်။ သို့ဖြစ်၍ ယင်းက ကုန်းမြေငယ်တစ်ခု သို့မဟုတ် တိုင်းပြည်ငယ်တစ်ခုနှင့် ဆင်တူသည်။

ကျွန်းစုပေါ်မှာ မိုးထိသစ်ပင်ကြီးများနှင့် အဆုံးမဲ့စွာ သွယ်တန်းနေသော တောင်တန်းများ ရှိသည်။ သို့သော်လည်း ကျွန်းစု၏ ဧရိယာအများစုက ကုန်းမြေဖြစ်သည်။

ကုန်းမြေကို စိမ်းလန်းသော မြက်ခင်းပြင်က ဖုံးလွှမ်းထားသည်။

မြက်ခင်းပြင်ပေါ်မှာ ပုံရိပ်အများအပြား စုဝေးနေကြသည်။ အသံအမျိုးမျိုးလည်း ထွက်ပေါ်နေသည်။ ခြေတံရှည်အိမ်များကိုလည်း မြင်တွေ့နိုင်သည်။ ယင်းက အလွန်ထူးဆန်းသည်။

“ အဲ့ဒါ မီးခိုးလှိုင်းကျွန်းစု ”

ကျွန်းစုကို မြင်သွားသောအခါ သီရှီထျန် နားလည်သွားသည်။ သူ့အရှေ့မှ ကျွန်းစုက သူရှာဖွေနေသော မီးခိုးလှိုင်းကျွန်းစုဖြစ်ကြောင်း သူသိသည်။ သူက မဒူဆာနှင့် အကြည့်ချင်းဖလှယ်လိုက်ပြီး ပြောသည်။

“ ကောင်းကင်မိစ္ဆာလျှို့ဝှက်နယ်မြေဖွင့်လှစ်ဖို့ အချိန်တချို့ လိုနေသေးတယ်… မိစ္ဆာမျိုးနွယ်စုရဲ့ စုဝေးပွဲက အရမ်းရှားပါးတယ်… တစ်ချက်သွားကြည့်ရအောင်… ချန်းရှီရဲ့ ပြောပုံအရ အခုလိုစုဝေးပွဲမှာ မိစ္ဆာညီအကိုတွေက နှစ်ပေါင်းများစွာကြာအောင် သူတို့စုဆောင်းထားခဲ့တဲ့ ပစ္စည်းတွေကို အပြန်အလှန် လဲလှယ်ကြလိမ့်မယ်… ငါတို့နဲ့သင့်တော်မယ့် ပစ္စည်းတစ်စုံတစ်ရာ ရှာဖွေနိုင်မလား တစ်ချက်သွားကြည့်ရအောင် ”

“ ကောင်းပြီ ”

မဒူဆာသည် သီရှီထျန်၏ အကြံပြုချက်ကို မငြင်းဆန်ပေ။ ယင်းက ဤနေရာသို့ သူတို့ရောက်လာရသည့် အကြောင်းအရင်းများအနက် တစ်ခုဖြစ်သည်။

“ ဝှစ် ”

သူတို့၏ ခန္ဓာကိုယ်ကို တစ်ချက်လှုပ်ရှားလိုက်သည်။ နောက်အခိုက်အတန့်မှာ သူတို့နှစ်ယောက်က ကျွန်းစုပေါ်သို့ ခုန်တတ်သွားကြသည်။ သူတို့သည် ကျွန်းစုပေါ်သို့ ရောက်သွားသည့်အခါ မူလအသွင်သဏ္ဍာန်ဖြင့် ရှိနေသော မိစ္ဆာအများအပြားကို မြင်တွေ့သွားကြသည်။ ထိုမိစ္ဆာများသည် မဒူဆာနှင့် သီရှီထျန်ကို မြင်သွားသောအခါ ရိုသေလေးစားသော အမူအရာကို ထုတ်ဖော်လိုက်ကြသည်။ မကြာမီ သံချပ်ကာ ဝတ်ဆင်ထားကြသော ပုစွန်စစ်သည်တော်များက အရှေ့ထွက်လာကြသည်။ သူတို့ထဲမှ ခေါင်းဆောင်က ရိုသေလေးစားစွာ ပြောသည်။

“ ဂုဏ်သရေရှိ မိစ္ဆာအကြီးအကဲတွေကို မီးခိုးလှိုင်းကျွန်းစုကနေ ဝမ်းမြောက်ဝမ်းသာ ကြိုဆိုပါတယ်… နဂါးဘုရင်ရဲ့ အမိန့်တော်အရ ကျုပ်တို့က ခင်ဗျားတို့ကို ကျွန်းစုပေါ်မှာ ဧည့်ခံပေးပါမယ်… ကျေးဇူးပြုပြီးတော့ အနားယူဖို့ တိတ်ဆိတ်တဲ့ အခန်းဆီ သွားပေးပါ ”

“ နဂါးဘုရင်လား ”

သီရှီထျန်က အံ့ဩသွားသည်။ မီးခိုးလှိုင်းရေကန်ထဲမှာ နဂါးမျိုနွယ်စုရှိကြောင်း ချန်းရှီထံမှ သူကြားခဲ့သည်။ သို့သော်လည်း နဂါးမျိုးနွယ်စု၏ လက်အောက်မှ အင်အားစုများနှင့် ထိုမျှမြန်ဆန်စွာ ဆက်သွယ်နိုင်လိမ့်မည်ဟု သူမမျှော်လင့်ထားပေ။ တစ်ခုသိထားရမည်မှာ နဂါးမျိုးနွယ်စု၏ လက်အောက်ခံမျိုးနွယ်စုများထဲတွင် အင်အားအကြီးမားဆုံး ပင်လယ်မျိုးနွယ်စုနှစ်စု ရှိသည်။ သူတို့က ပုစွန်စစ်သည်တော်များနှင့် ဂဏန်းစစ်ဗိုလ်ချုပ်များ ဖြစ်ကြသည်။ သူတို့ဆီမှာ တခြားအကြောင်းအရင်း မရှိပေ။ ထိုမျိုးနွယ်စုနှစ်စု၏ အရေအတွက်က အလွန်များပြားပြီး သူတို့၏ မျိုးပွားနှုန်းက အလွန်မြန်ဆန်သည်။ ထို့ကြောင့် သူတို့က နဂါးမျိုးနွယ်စု၏ လက်အောက်၌ အင်အားအကြီးမားဆုံး ဖြစ်ကြသည်။

“ နဂါးဘုရင်က ယဉ်ကျေးနေမှတော့ ကျေးဇူးပြုပြီး အရှေ့ကနေ လမ်းပြပါ ”

သူက တည်ငြိမ်စွာ ခေါင်းညိတ်လိုက်သည်။ သူ၏ မျက်နှာပေါ်မှာ မည်သည့်အမူအရာမှ မရှိပေ။ သို့ဖြစ်လေရာ မည်သည့်အရာကို သူတွေးနေကြောင်း မည်သူမှမပြောနိုင်ပေ။ တစ်ချိန်တည်းမှာ သူ့ခန္ဓာကိုယ်က အထွတ်အမြတ်ဩဇာအရှိန်အဝါကို ထုတ်လွှတ်နေသည်။ ထို့ကြောင့် ပုစွန်စစ်သည်တော်ခေါင်းဆောင်က တုန်လှုပ်သွားသည်။

သူက အရှေ့မှ အမြန်လမ်းပြသည်။

လမ်းတစ်လျှောက်တွင် သူက ရှင်းပြသည်။

နဂါးမျိုးနွယ်စုက မီးခိုးလှိုင်းရေကန်ထဲမှာ နေထိုင်ပြီး မီးခိုးလှိုင်းရေကန်ကို အုပ်ချုပ်နေကြောင်း သီရှီထျန်သိသည်။ ဤတစ်ကြိမ်တွင် ကောင်းကင်မိစ္ဆာလျှို့ဝှက်နယ်မြေကို နောက်တစ်ကြိမ် ဖွင့်လှစ်တော့မည်။ ကောင်းကင်မိစ္ဆာလျှို့ဝှက်နယ်မြေထဲသို့ ဝင်ရောက်နိုင်သော ဝင်ပေါက်နှစ်ခုအနက် တစ်ခုက မီးခိုးလှိုင်းကျွန်းစုပေါ်မှာ ဖြစ်သည်။ ယင်းက နှစ်တစ်ထောင်နေမှ တစ်ကြိမ်သာ ဖြစ်ပေါ်လာသော ကိစ္စကြီး ဖြစ်သည်။ ယေဘုယျအားဖြင့်ဆိုရသော် နဂါးမျိုးနွယ်စုသည် မိစ္ဆာမျိုးနွယ်စုနှင့် ဇစ်မြစ်တူညီသည်။ သို့ဖြစ်၍ နဂါးမျိုးနွယ်စုသည် ဤစုဝေးမှုအပေါ် မကန့်ကွက်ပေ။

ယင်းအစား သူတို့က လက်အောက်ငယ်သားအများအပြားကို စေလွှတ်ခဲ့ကြသည်။ ပထမဆုံးအနေနှင့် သူတို့က ကျွန်းစုပေါ်မှာ တည်းခိုခန်းများနှင့် စားသောက်ဆိုင်များကို ဆောက်လုပ်ခဲ့ကြသည်။ သူတို့က လူသားအသွင်သဏ္ဍာန် ပြောင်းလဲထားသော မိစ္ဆာများကို ဂုဏ်သရေရှိ ပုဂ္ဂိုလ်များအဖြစ် ဧည့်ခံကြလိမ့်မည်။

သူတို့သည် တည်းခိုခန်းများနှင့် စားသောက်ဆိုင်များမှာ ယာယီနေထိုင်နိုင်ကြသည်။ သူတိုသည် ကျွန်းစုပေါ်မှာ နေရေးထိုင်ရေး၊ စားရေးသောက်ရေးကို စိတ်ပူရန် မလိုပေ။

ယင်းက မိစ္ဆာမျိုးနွယ်စုအပေါ် နဂါးမျိုးနွယ်စု၏ ကောင်းမွန်သော ရည်ရွယ်ချက်ကို ဖော်ပြပေးသည့် လုပ်ရပ်ဖြစ်သည်။

မကြာမီ သူတို့က တည်းခိုခန်းတစ်ခုဆီသို့ ဝင်ရောက်သွားကြသည်။ ပုစွန်စစ်သည်တော်ခေါင်းဆောင်သည် သီရှီထျန်တို့အုပ်စုအတွက် တိတ်ဆိတ်သော အခန်းနှစ်ခန်း စီစဉ်ပေးသည်။ အရာအားလုံး အခြေကျပြီးနောက် ပုစွန်စစ်သည်တော်ခေါင်းဆောင်က ပြန်ထွက်သွားသည်။

တိတ်ဆိတ်သော အခန်းထဲတွင် သီရှီထျန်က ပြတင်းပေါက်တံခါးကို ဖွင့်လိုက်ပြီး အပြင်ဘက်မှ မိစ္ဆာများကို ကြည့်လိုက်သည်။ တွေးတောစဉ်းစားသော အမူအရာက သူ့မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။

လမ်းတစ်လျှောက်တွင် သူသည် ကျွန်းစုပေါ်မှ မိစ္ဆာမျိုးနွယ်ဝင်များ၏ အရေအတွက်ကို အကြမ်းဖျဉ်း ခန့်မှန်းခဲ့သည်။ မိစ္ဆာများသည် အနည်းဆုံး တစ်သောင်းကျော်သည်။ ထို့ပြင် ပင်လယ်မိစ္ဆာများက အရေအတွက်ပိုများကြောင်း သူသတိထားမိသည်။ သူတို့က မိစ္ဆာများဖြင့် ရောနှောနေကြသည်။

ပုစွန်စစ်သည်တော်များနှင့် ဂဏန်းစစ်ဗိုလ်ချုပ်များသည် ကျွန်းစုပေါ်မှ နေရာအသီးသီးမှာ စောင့်ကြပ်နေကြသည်။ သူတို့က ခိုက်ရန်ဖြစ်ပွားခြင်းနှင့် သတ်ဖြတ်ခြင်းကို တားဆီးကာကွယ်နေကြသည်။

ထို့ပြင် မိစ္ဆာအများအပြားသည် မြေကြီးပေါ်မှာ ထိုင်ချ၍ သူတို့၏ အရှေ့တွင် သားရဲအမွှေးကို ဖြန့်လိုက်ကြသည်။ ထို့နောက် ပစ္စည်းအမျိုးမျိုးကို သားရဲအမွှေးပေါ်မှာ တင်လိုက်ကြသည်။ ယင်းတို့က လက်နက်သန့်စင်ခြင်းပစ္စည်းများ၊ ဝိညာဉ်သတ္ထုများနှင့် ဝိညာဉ်ဆေးပင်များ ဖြစ်ကြသည်။ ယင်းတို့က အရေအတွက်များပြားသည်။

အကြည့်တစ်ချက်ဖြင့်ပင် ဝိညာဉ်ရတနာများနှင့် ဝိညာဉ်ဆေးပင်များက တောက်ပသော အလင်းရောင်ကို ထုတ်လွှတ်နေကြောင်း မြင်နိုင်ပေသည်။ ယင်းတို့ထဲ၌ ဝိညာဉ်စွမ်းအား ပြည့်လျှံနေဟန် ရ၏။ အမျိုးအစားစုံလင်သော ဓမ္မလက်နက်များ၊ ဓမ္မရတနာများနှင့် ဝိညာဉ်ဆေးလုံးများပင် ရှိသည်။ ယင်းက မျက်စိပဒေသာ ရှိစေသည်။

“ ကြည့်ရတာ လျှို့ဝှက်နယ်မြေဖွင့်လှစ်ခြင်းက မိစ္ဆာအများကြီးကို စုဝေးသွားစေတဲ့ပုံပဲ… မိစ္ဆာအများကြီးက နှစ်ပေါင်းများစွာကြာအောင် သူတို့သိမ်းဆည်းထားတဲ့ ရတနာတွေကို လဲလှယ်ဖို့ ထုတ်ပြကြတယ်… လျှို့ဝှက်နယ်မြေဖွင့်လှစ်ဖို့က အချိန်အနည်းငယ် လိုနေသေးတယ်… ငါဒီအခွင့်အရေးကို အသုံးချပြီး ငါ့အတွက် အသုံးဝင်မယ့် ပစ္စည်းတွေကို စုဆောင်းရမယ် ”

သီရှီထျန်က အမြန်တွေးတောလိုက်သည်။ မိစ္ဆာများသည် တောင်တန်းများနှင့် တောအုပ်များထဲမှာ နေထိုင်ကြသည်။ ခရမ်းရွှေကုန်းမြေ၌ တောင်တန်းဒေသ အများအပြားရှိသည်။ အစွမ်းထက်ဆုံး ကျင့်ကြံသူများသည်ပင် ခရမ်းရွှေကုန်းမြေက မည်မျှကျယ်ပြောကြောင်း မသိကြပေ။ ကျင့်ကြံသူများ မရောက်နိုင်သော တောင်တန်းဒေသများ အများကြီး ရှိသည်။

သို့သော်လည်း မိစ္ဆာအများအပြားသည် ထိုတောင်တန်းဒေသများထဲမှာ နေထိုင်ကြသည်။ နှစ်ပေါင်းများစွာကြာပြီးနောက် အစွမ်းထက်မိစ္ဆာမျိုးနွယ်စုများသည် တောင်တန်းဒေသထဲမှ အရင်းအမြစ်အများအပြားကို စုဆောင်းနိုင်သွားကြသည်။ ဥပမာ အကယ်၍ တောင်တန်းဒေသထဲမှာ ဝိညာဉ်သတ္ထုတွင်းရှိမည်ဆိုလျှင် နှစ်ပေါင်းတစ်ထောင်ကြာပြီးနောက် ထိုသတ္ထုတွင်းထဲမှာ ဝိညာဉ်ကျောက်တုံးက အရေအတွက်များပြားစွာ စုပုံသွားလိမ့်မည်။ သို့မဟုတ် ဝိညာဉ်ဆေးပင်များသည် နှစ်ပေါင်းများစွာကြာပြီးနောက် တန်ဖိုးကြီးမားသွားလိမ့်မည်။ သက်တမ်းကြာရင့်သော ဆေးပင်များသည် ဆေးပညာရှင်များအတွက် အလွန်အသုံးဝင်ပြီး တန်ဖိုးကြီးမားသည်။ ယင်းတို့က ပစ္စည်းကောင်းများ ဖြစ်ကြသည်။

ယင်းတို့အားလုံးက ဝိညာဉ်ရတနာများ ဖြစ်ကြသည်။

ထို့ပြင် အသုံးပြုရခက်ခဲသော ပစ္စည်းအများအပြား ရှိသည်။ ယင်းတို့ကို ဤသို့စုဝေးပွဲမှာ ကိုယ့်အတွက် အသုံးဝင်မည့် ပစ္စည်းများဖြင့် လဲလှယ်ခြင်းက အမှန်တကယ် အကျိုးရှိသည်။

အသုံးပြုပုံကို နားမလည်ထားသော ပစ္စည်းများလည်း ရှိသေးသည်။ ဖြစ်နိုင်သည်မှာ ထူးဆန်းသော ထိုပစ္စည်းများက ရှားပါးရတနာများ ဖြစ်သည်။

သီရှီထျန်သည် မိစ္ဆာစုဝေးပွဲကို ကြားပြီးနောက် ယင်းကို သွားရောက်ကြည့်ရှုချင်လာသည်။ သူက လက်နက်သန့်စင်ခြင်းပစ္စည်းများကို စိတ်မဝင်စားပေ။ အဘယ့်ကြောင့်ဆိုသော် သူ့ဆီမှာ ဓမ္မရတနာများ အလုံအလောက် ရှိသည်။ ဒုစရိုက်ခုနစ်ပါးနတ်ဆိုးကုချင်းဖြစ်စေ သို့မဟုတ် ကျားဝိညာဉ်ဓားမော့ဖြစ်စေ ထိုနှစ်ခုစလုံးက အထွတ်အမြတ်ရတနာများ ဖြစ်ကြသည်။ အရေအတွက်ထက် အရည်အသွေးကောင်းရန်က ပိုပြီးအရေးကြီးသည်ဟူသော ဆိုရိုးစကားရှိသည်။ သို့ဖြစ်၍ နောက်ထပ် ဓမ္မရတနာများကို သူမလိုအပ်ပေ။ သို့သော်လည်း မိုးမြေကြားမှ ရှားပါးဝိညာဉ်ပစ္စည်းများကိုတော့ သူစိတ်ဝင်စားသည်။

အတိတ်တွင် သူသည် ဝိုင်နတ်ဘုရားချန်ထားခဲ့သော အံ့ဖွယ်ရတနာကြေးမုံကို ရရှိခဲ့သည်။ ထိုကြေးမုံထဲ၌ ဤလောကမှာရှိသော ဝိညာဉ်ဝိုင်အမျိုးမျိုးအကြောင်း မှတ်တမ်းတင်ထားသည်။ ဝိညာဉ်ဝိုင်များသည် အမျိုးအစားစုံလင်သည်။ ဝိုင်တစ်မျိုးစီမှာ အံ့ဖွယ်ထူးခြားသော မှော်စွမ်းရည်များ ရှိသည်။ ယင်းတို့က ဆေးလုံးများနှင့်ပင် နှိုင်းယှဉ်နိုင်သည်။

သို့ဖြစ်၍ သီရှီထျန်သည် ဝိညာဉ်ဝိုင်ချက်လုပ်ရန် ဆန္ဒပြင်းပြနေသည်။ သို့သော်လည်း ဝိညာဉ်ဝိုင်ချက်လုပ်သော ပါဝင်ပစ္စည်းများက ဟင်းရွက်ကန်စွန်းများ မဟုတ်ပေ။ ယင်းတို့အားလုံးက မိုးမြေကြားမှ ရှားပါးဝိညာဉ်သစ်သီးများ ဖြစ်ကြသည်။

ပုံမှန်အခြေအနေမှာဆိုလျှင် ဝိညာဉ်ဝိုင်တစ်မျိုး ချက်လုပ်ရန် သူ့အတွက် အလွန်ခက်ခဲပေသည်။ ဝိညာဉ်ဝိုင်မချက်လုပ်မီ ပါဝင်ပစ္စည်းအားလုံးကို သူစုဆောင်းရလိမ့်မည်။ ယင်းက အချိန်မည်မျှကြာပြီး စွမ်းအင်မည်မျှကုန်ဆုံးစေမည်ဖြစ်ကြောင်း မည်သူသိနိုင်မည်နည်း။ သို့သော်လည်း ယခုက ကွာခြားသွားသည်။

ဤစုဝေးပွဲတွင် ခရမ်းရွှေကုန်းမြေ၏ တောင်တန်းဒေသအသီးသီးမှာ နေထိုင်ကြသော မိစ္ဆာများက မီးခိုးလှိုင်းကျွန်းစုပေါ်သို့ ရောက်ရှိလာကြသည်။ သူတို့အားလုံးက တောင်တန်းဒေသထဲမှာ သူတို့ရှာဖွေစုဆောင်းထားခဲ့သော ပစ္စည်းများကို လူအများရှေ့မှာ ထုတ်ဖော်ပြကြလိမ့်မည်။

သို့ဖြစ်၍ မိစ္ဆာစုဝေးပွဲသည် မိုးမြေကြားမှ ဝိညာဉ်ရတနာများကို တစ်နေရာတည်းမှာ ရှာဖွေနိုင်စေမည့် အခွင့်အရေးတစ်ခု ဖြစ်သည်။

“ ကံကောင်းသွားတာတစ်ခုက မိစ္ဆာစုဝေးပွဲရှိတယ်လို့ ငါသတင်းကြားတာနဲ့ ယွမ်ထျန်းချက်လုပ်ထားတဲ့ မျောက်မင်းဝိုင်ဘူးသီးခြောက်တစ်ထောင်ကို တစ်ခါတည်း ယူဆောင်လာခဲ့တယ်… မျောက်မင်းဝိုင်ကို မိုးမြေကြားက ဝိညာဉ်ရတနာတွေနဲ့ လဲလှယ်မယ်ဆိုရင် ဘာအခက်အခဲမှ မရှိလောက်ဘူး ”

သီရှီထျန်သည် ဘေးဘီကို စစ်ဆေးကြည့်လိုက်သည်။ အရေအတွက်များပြားသော မိစ္ဆာမျိုးနွယ်ဝင်များက ပျံကျဈေးသည်များသဖွယ် ဈေးရောင်းနေကြောင်း သူမြင်တွေ့သွားသည်။ မိစ္ဆာများသည် ဈေးလမ်းထဲမှာ လမ်းလျှောက်နေကြပြီး သူတို့အတွက် အသုံးဝင်မည့် ပစ္စည်းများကို ရှာဖွေနေကြသည်။ မိုးမြေကြားမှ ဝိညာဉ်ရတနာများမှ ထုတ်လွှတ်နေသော အလင်းရောင်နှင့် ရနံ့က သူ့စိတ်ကို စနိုးစနောင့်ဖြစ်စေသည်။ သူက စိတ်ထဲမှာ တွေးလိုက်သည်။

“ နောက်ကျရင် ငါလည်းပဲ အဲ့ဒီလို ဆိုင်ခင်းနိုင်ရမယ်… လျှို့ဝှက်နယ်မြေကနေ ငါပြန်ရောက်လာတဲ့အခါ မိစ္ဆာအသင်္ချေချိုင့်ဝှမ်းထဲမှာ ဆေးဥယျာဉ်ကို ငါတည်ဆောက်နိုင်လိမ့်မယ် ”

All Chapters