အခန်း (၃၄၀-၃၄၂)
Vol. 23 Ch. 340-342
အခန်း(၃၄၀)
သီရှီထျန်သည် စိတ်ထဲ၌ အနာဂတ်အစီအစဉ်ကို လျှို့ဝှက်စွာ ရေးဆွဲလိုက်သည်။ သူ၏ အစီအစဉ်ထဲမှာ ဆေးဥယျာဉ်တည်ဆောက်မည့် ကိစ္စလည်း ပါဝင်သည်။
မိုးမြေကြားမှ ဝိညာဉ်ရတနာများက မိုးမြေဝိညာဉ်စွမ်းအား၏ ပျိုးထောင်ပေးမှုကြောင့် ဖြစ်ပေါ်လာကြောင်း ရှင်းလင်းစွာ သူသိသည်။ ယင်းတို့ အရွယ်ရောက်လာပြီး ရင့်ကျက်လာရန် အချိန်အကြာကြီး ပျိုးထောင်ပေးရမည်။ တန်ဖိုးကြီးမားသော ဝိညာဉ်ဆေးပင်များကို နှစ်တစ်ထောင်ကြာအောင် ပျိုးထောင်ပေးရသည်။
ထိုသို့ဝိညာဉ်ဆေးပင်များက အလွန်ရှားပါးလေရာ လက်တစ်ဖက်တည်းဖြင့် ရေတွက်နိုင်ပေသည်။ အကယ်၍ ယင်းတို့ကို တစ်ကြိမ်တည်း အကုန်အသုံးပြုလိုက်လျှင် နောက်တစ်ကြိမ် အသုံးပြုရန် မဖြစ်နိုင်တော့ပေ။
သို့ဖြစ်၍ အလွန်တန်ဖိုးကြီးမားပြီး ရှားပါးသော ဆေးပင်များကို ထပ်ခါထပ်ခါ သူအသုံးပြုနိုင်ရန် ပျိုးထောင်ပေးရမည်။ အကယ်၍ သူ့မှာသာ ဆေးဥယျာဉ်ရှိမည်ဆိုလျှင် မိုးမြေကြားမှ ရှားပါးဝိညာဉ်ဆေးပင်များက ပြတ်တောက်သွားလိမ့်မည် မဟုတ်ချေ။
ထိုနည်းဖြင့်ဆိုလျှင် သူ၏ အနာဂတ်ကျင့်ကြံခြင်းမှာ အရင်းအမြစ်များ ရှားပါးသွားလိမ့်မည် မဟုတ်ချေ။ ဝိညာဉ်ရတနာများက ပိုပြီးတန်ဖိုးကြီးမားလေလေ သူက ယင်းတို့ကို အများကြီး ပျိုးထောင်ပေးချင်လေလေ ဖြစ်၏။
ထို့ကြောင့် ဤတစ်ကြိမ်တွင် သူက ဝိညာဉ်ရတနာများကိုသာမက ဝိညာဉ်အပင်ပေါက်များနှင့် ဝိညာဉ်မျိုးစေ့များကိုလည်း ရှာဖွေစုဆောင်းလိမ့်မည်။
သူက စိတ်ထဲမှာ တိတ်တဆိတ် အစီအစဉ်တစ်ခုချလိုက်သည်။ သူက အများကြီး စဉ်းစားမနေပေ။ သူက တိတ်ဆိတ်သော အခန်းတစ်ခန်းကို ရွေးချယ်လိုက်သည်။ အခန်းသည် အတော်လေး တိတ်ဆိတ်ငြိမ်သက်သည်။
အခန်းအပြင်အဆင်က ရိုးရှင်းသော်လည်း သပ်ရပ်သည်။ အခန်းထဲတွင် ကုတင်တစ်လုံး၊ ထိုင်ခုံတစ်လုံးနှင့် စားပွဲခုံတစ်လုံးသာ ရှိသည်။ ယင်းတို့မှလွဲ၍ တခြားမည်သည့်ပစ္စည်းမှ မရှိပေ။ မည်သို့ဖြစ်ပါစေ သူတို့ယာယီတည်းခိုနေမည့် နေရာသာ ဖြစ်သည်။ သို့ဖြစ်၍ အိပ်စက်အနားယူရန် နေရာရှိလျှင် လုံလောက်ပြီ ဖြစ်၏။
“ ဝှစ် ”
သူက ကုတင်ပေါ်မှာ ထိုင်လိုက်ပြီး သူ၏ မိစ္ဆာချီကို စတင်လှည့်ပတ်လိုက်သည်။ ချက်ချင်းဆိုသလိုပင် မိစ္ဆာချီအမျှင်တန်းများသည် အလွှာသုံးလွှာကြာပန်းနက်ထံမှ ထွက်ပေါ်လာပြီး သူ၏ မိစ္ဆာသွေးကြောများထံ စီးဆင်းသွားသည်။ မိစ္ဆာချီသည် မိစ္ဆာသွေးကြောများတစ်လျှောက် ဖြတ်သန်းစီးဆင်းသွားပြီး သူ၏ မိစ္ဆာခန္ဓာကိုယ်ကို အားဖြည့်ပေးလိုက်သည်။ ယခုလောလောဆယ်တွင် သူက မိစ္ဆာသွေးကြောသုံးခုထဲသို့သာ မိစ္ဆာချီကို ပို့လွှတ်နိုင်သည်။ မိစ္ဆာချီကို လှည့်ပတ်လိုက်သည့်အခါတိုင်း သူက အလွန်သက်တောင့်သက်သာရှိသွားသည်။
ဘေးပတ်ဝန်းကျင်မှ မိုးမြေဝိညာဉ်စွမ်းအားသည် ကျင့်စဉ်၏ လမ်းညွှန်မှုအောက်မှာ ချက်ချင်း စုဝေးသွားသည်။ ယင်းတို့က သူ့ခန္ဓာကိုယ်ပေါ်မှ မွေးညင်းပေါက်များမှတဆင့် သူ၏ ခန္ဓာကိုယ်ထဲသို့ အမြန်ဝင်ရောက်သွားသည်။ ထိုမှတဖန် ယင်းတို့က မိစ္ဆာသွေးကြောများထဲမှ မိစ္ဆာချီနှင့် ပေါင်းစပ်သွားသည်။ မိစ္ဆာစံအိမ်ထဲသို့ ဝင်ရောက်သွားသည့်အခါ ယင်းတို့က မိစ္ဆာသန့်စင်ခြင်းမီးဖို၏ သန့်စင်ခံလိုက်ရပြီး အသန့်စင်ဆုံး မိစ္ဆာချီအဖြစ် ပြောင်းလဲသွားသည်။
နောက်ဆုံးမှာ မိစ္ဆာချီက အလွှာသုံးလွှာကြာပန်းနက်ထဲသို့ စီးဆင်းသွားသည်။ ယင်းက ကြာပန်းနက်ကို ပိုပြီးသက်ဝင်လှုပ်ရှားစေသည်။
တစ်ချိန်တည်းမှာ ယခင်က သူစုပ်ယူထားခဲ့သော သူ့ခန္ဓာကိုယ်ထဲမှ ပမာဏများပြားသော လိုအင်ဆန္ဒစွမ်းအားက မိစ္ဆာသွေးကြောများကို ဖြတ်သန်း၍ ကြာပန်းနက်ထဲသို့ ဝင်ရောက်သွားသည်။ စက္ကန့်အနည်းငယ်ကြာပြီးနောက် အနက်ရောင်အခိုးအငွေ့များက သူ့ခန္ဓာကိုယ်ကို အပြင်ဘက်မှ ဖုံးအုပ်လိုက်သည်။ အပြင်ဘက်မှ လူများသည် သူ့အား ရှင်းလင်းစွာ မမြင်နိုင်တော့ပေ။
ထိုအနက်ရောင်အခိုးအငွေ့ထဲမှာ ထူးဆန်းသော မိစ္ဆာအရှိန်အဝါ ကိန်းအောင်းနေသည်။ ဤသည်မှာ ယင်းက လူများကို အချိန်မရွေး ဝါးမျိုနိုင်သည့်အလားပင်။
ယင်းက လိုအင်ဆန္ဒစွမ်းအား၏ ချောက်ချားမှုနှင့် အံ့ဖွယ်ကောင်းမှု ဖြစ်သည်။
နာရီအနည်းငယ် ကုန်ဆုံးသွားသည်။ နေ့လယ်ခင်းသို့ ရောက်သောအခါ အနက်ရောင်အခိုးအငွေ့ထဲတွင် သီရှီထျန်က မျက်လုံးပြန်ဖွင့်လိုက်သည်။ သူ့မျက်လုံးက ထွန်းလင်းတောက်ပနေသည်။ သူက ပါးစပ်ဟလိုက်ပြီး လေကို စုပ်သွင်းလိုက်သည်။ ထိုအခါ သူ၏ ဘေးပတ်ပတ်လည်မှ အနက်ရောင်အခိုးအငွေ့က သူ့ပါးစပ်ထဲသို့ ချက်ချင်း ဝင်ရောက်သွားသည်။ အပြင်ဘက်မှာ တစ်မျှင်မှ ကျန်မနေခဲ့ပေ။
ဤအခိုက်အတန့်မှာ သူ၏ စိတ်ဝိညာဉ်က အထွတ်အထိပ်အခြေအနေသို့ ပြန်ရောက်သွားသည်။ သူ့မျက်လုံးထဲမှ အလင်းရောင်က တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။ သို့သော်လည်း တည်ငြိမ်မှုနှင့် မထူးမခြားနား အရိပ်အယောင်က မပျောက်ကွယ်သွားပေ။
“ အခု အပြင်ထွက်ပြီး စီးပွားရေးလုပ်ရမယ် ”
သူက မတ်တတ်ရပ်လိုက်ပြီး အခန်းထဲမှ ထွက်သွားသည်။ မဒူဆာကို သူကြည့်လိုက်သည့်အခါ တစ်ဖက်လူက အခန်းထဲမှာ ရှိမနေကြောင်း မြင်သွားသည်။ ရှင်းလင်းစွာပင် မဒူဆာသည် သူ့ထက်အရင် မိစ္ဆာစုဝေးပွဲဆီသို့ သွားနှင့်ပြီ ဖြစ်၏။ သီရှီထျန်သည် မျက်ခုံးပင့်တင်လိုက်သည်။ သူက နောက်ထပ် တုံ့ဆိုင်းမနေဘဲ တည်းခိုခန်းထဲမှ ထွက်သွားသည်။ အပြင်ဘက်မှာ သူလမ်းလျှောက်နေစဉ် ဈေးသည်များ၏ အော်သံများကို ကြားလိုက်ရသည်။
“ အကိုကြီး… ဒါလေး ကြည့်ပါဦး… အဲ့ဒါက သဲမြန်မြစ်ထဲမှာ နှစ်ပေါင်းတစ်ရာကြာအောင် ကျုပ်ရှာဖွေခဲ့ရတဲ့ မီးခိုးရောင်သဲမြေပါ… သာမန်ပစ္စည်းတွေနဲ့တော့ ကျုပ်မလဲလှယ်ဘူး… ခင်ဗျားဆီမှာ နှစ်တစ်ထောင်သက်တမ်းရှိတဲ့ အာဂါသစ်ပင် ရှိပါသလား… ”
“ ကျုပ်ဆီမှာ နှစ်တစ်သောင်းသက်တမ်းရှိတဲ့ ရင်နွေးကျောက်စိမ်းရှိတယ်… ကျုပ်လဲလှယ်ချင်တာက… ”
“ အကိုကြီး… ဒီဆေးလုံးတွေကို တစ်ချက်ကြည့်ပါဦး… အဲ့ဒါတွေက ကျုပ်ရဲ့ နှစ်တစ်ထောင်ကြိုးစားအားထုတ်မှုပါ ”
ဘေးပတ်ဝန်းကျင်မှ အော်သံအမျိုးမျိုးနှင့် ကျယ်လောင်သော စကားသံများကို သူကြားလိုက်ရသည်။ ယင်းကို နားထောင်ခြင်းအားဖြင့် ယခုအချိန်မှာ မီးခိုးလှိုင်းကျွန်းစုက မည်မျှသက်ဝင်လှုပ်ရှားနေကြောင်း သိနိုင်ပေသည်။ လူအများစုက ပစ္စည်းအမျိုးမျိုးကို လဲလှယ်နေကြသည်။
ဈေးဆိုင်တိုင်း၏ အရှေ့မှာ မိစ္ဆာညီအကိုများက အုန်းအုန်းကျက်ကျက် စုဝေးနေကြသည်။ မိစ္ဆာများသည် နှစ်ပေါင်းထောင်ချီကြာအောင် ကျင့်ကြံခဲ့ကြသော်လည်း သူတို့၏ အတွေးများက လူသားများကဲ့သို့ မရှုပ်ထွေးပေ။ သူတို့က ရိုးရှင်းစွာ အပြန်အလှန် ပစ္စည်းလဲလှယ်ကြသည်။ မည်သည့်ဉာဏ်နီဉာဏ်နက်မှ အသုံးမပြုကြပေ။ သူတို့အောင်မြင်သည့်အခါ အောင်မြင်သည်ဟု သဘောထားလိမ့်မည်။ ကျရှုံးသည့်အခါမှာလည်း ကျရှုံးသည်ဟု သဘောထားလိမ့်မည်။
ထို့ပြင် မီးခိုးလှိုင်းနဂါးမျိုးနွယ်စုက ကျွန်းစုပေါ်မှာ သူတို့၏ လက်အောက်ငယ်သားများကို စေလွှတ်ထား၍ အခြေအနေကို ထိန်းသိမ်းစေသည်။ ထို့ကြောင့် ကျွန်းစုပေါ်မှာ မိစ္ဆာအများအပြားဖြင့် စည်ကားသိုက်မြိုက်နေသော်လည်း မည်သည့်ဆူပူအုံကြွမှုမှ မဖြစ်လာပေ။ မိစ္ဆာများသည် သူတို့နှင့် အမျိုးအနွယ်တူသော မိစ္ဆာများကို မြင်သောအခါ ရင်းနှီးဖော်ရွေစွာ မိတ်ဆက်ကြသည်။ နေရာတိုင်းမှာ သက်ဝင်လှုပ်ရှားနေသည်။
ယင်းက အမှန်တကယ်ပင် မိစ္ဆာစုဝေးပွဲဟု ခေါ်ထိုက်သည်။
“ ငါ့ဘာသာ လိုက်ရှာမယ့်အစား ဘာလို့ တခြားလူတွေ ငါ့ကို လာရှာမှာကို မစောင့်ရမှာလဲ… ငါ့ရဲ့ မျောက်မင်းဝိုင်ကို ဒီနေရာမှာ မရောင်းချနိုင်မှာ စိတ်ပူဖို့မလိုဘူး ”
သီရှီထျန်သည် တစ်ခဏ လမ်းလျှောက်ပြီးနောက် ဤနေရာမှာ ဈေးဆိုင်တစ်ထောင်ထက်မနည်း တည်ရှိနေကြောင်း မြင်တွေ့သွားသည်။ သူက တစ်ဆိုင်ဝင်တစ်ဆိုင်ထွက်ပြီး လိုက်ရှာမည်ဆိုလျှင် တစ်နေ့ကုန်သွားလျှင်ပင် ဈေးဆိုင်အားလုံးကို ကြည့်နိုင်လိမ့်မည် မဟုတ်ချေ။ ယင်းက သူ့အချိန်ကို အလဟဿ ကုန်ဆုံးစေလိမ့်မည်။ ယင်းက ဉာဏ်ပညာရှိသော လုပ်ရပ်မဟုတ်ပေ။
အချိန်တစ်ခဏကြာ လမ်းပတ်လျှောက်ပြီးနောက် အနည်းငယ် ချောင်ကျသော နေရာမှာ သစ်ပင်ကြီးတစ်ပင်ရှိကြောင်း သူမြင်တွေ့သွားသည်။ သီရှီထျန်သည် သစ်ပင်ကြီးကို ကျောပေး၍ သူ့အရှေ့မှာ သားရဲအမွှေးတစ်ခုကို ခင်းကျင်းလိုက်သည်။ ထို့နောက် သူက ထိုင်ခုံတစ်လုံးကို ထုတ်၍ ထိုင်ချလိုက်သည်။ နောက်အခိုက်အတန့်မှာ သူက သိုလှောင်အိတ်ထဲမှ ဝိုင်ဘူးသီးခြောက်များကို တစ်ခုပြီးတစ်ခု ထုတ်လိုက်သည်။ ဝိုင်ဘူးသီးခြောက်များသည် အရေအတွက်တစ်ရာကျော်သည်။
ထိုဝိုင်ဘူးသီးခြောက်များက သာမန်ဘူးသီးခြောက်နွယ်ပင်များမှ ဖွဲ့စည်းသွားခြင်း ဖြစ်သည်။ သို့သော်လည်း ယင်းတို့ထဲကို ဝိညာဉ်ဝိုင်ဖြင့် ဖြည့်သွင်းပေးထားသည်။ ထို့ကြောင့် ဝိုင်ထဲမှ ဝိညာဉ်စွမ်းအားက ဘူးသီးခြောက်ထဲသို့ စိမ့်ဝင်သွားသည်။ သို့ဖြစ်၍ ဘူးသီးခြောက်များက အလင်းရောင်မှိတ်တုတ်မှိတ်တုတ် လင်းလက်နေသည်။ အဝေးမှကြည့်လျှင် ယင်းတို့က ရတနာများနှင့် ဆင်တူသည်။ သို့သော်လည်း ယင်းတို့က ဓမ္မလက်နက်များ သို့မဟုတ် ဓမ္မရတနာများ မဟုတ်ကြချေ။ ဝိုင်သိုလှောင်သော ဘူးသီးခြောက်များသာ ဖြစ်ကြသည်။
ဘူးသီးခြောက်တစ်ခုစီတွင် မျောက်မင်းဝိုင် နှစ်ကီလိုဂရမ် ပါဝင်သည်။ ဝိုင်တစ်ငုံသောက်သည့်အခါတိုင်း ကျင့်ကြံခြင်းစွမ်းအားက သိသိသာသာ တိုးတတ်သွားလိမ့်မည်။ ယင်းက လပေါင်းများစွာ ကျင့်ကြံခြင်းစွမ်းအားနှင့် ညီမျှသည်။ ယင်းကို သန့်စင်လိုက်သည့်အခါ စွမ်းအင်အနှစ်သာရက အလွန်အမင်း စင်ကြယ်သွားလိမ့်မည်။ ယင်းက အမြူတေဖွဲ့စည်းခြင်းနယ်ပယ် ကျင့်ကြံသူတစ်ယောက် ဆေးလုံးများ သုံးစွဲခြင်းနှင့် နှိုင်းယှဉ်နိုင်သည်။ ယင်းက မိစ္ဆာမျိုးနွယ်စု၏ ကျင့်ကြံခြင်းနယ်ပယ်အားလုံးအတွက် အကျိုးသက်ရောက်မှုရှိသည်။ ထိုသို့ဝိညာဉ်ဝိုင်သည် ဆေးလုံးများထက် အများကြီး ပိုတန်ဖိုးကြီးမားသည်။
ဝိုင်ဘူးသီးခြောက်တစ်ခုက ရတနာဟု အခေါ်ခံရရန် ထိုက်တန်သည်။ တစ်စုံတစ်ယောက်က ဝိုင်ဘူးသီးခြောက်ထဲမှ မျောက်မင်းဝိုင်အားလုံးကို သောက်သုံးလိုက်မည်ဆိုလျှင် သူက ဆယ်နှစ်ကျင့်ကြံခြင်းစွမ်းအားကို အချိန်ခဏလေးအတွင်း ပိုင်ဆိုင်သွားလိမ့်မည်။
ဝိုင်ဘူးသီးခြောက်များကို ထုတ်ပြီးနောက် သီရှီထျန်က တစ်ခဏ တွေးလိုက်သည်။ သူက သိုလှောင်အိတ်ထဲမှ ကျောက်စိမ်းကျောက်တုံးများကို ထုတ်လိုက်သည်။ သူက မိစ္ဆာချီကို ထုတ်လွှတ်၍ ယင်းတို့ကို အရည်ဖျော်ကာ ကျောက်စိမ်းကျောက်ပြားတစ်ချပ်အဖြစ် ဖွဲ့စည်းလိုက်သည်။ သူက ကျောက်စိမ်းကျောက်ပြားပေါ်မှာ မိစ္ဆာမျိုးနွယ်စုစာလုံးများကို ရေးသားလိုက်သည်။
ကျောက်ပြားပေါ်တွင် ရေးထားသည်မှာ…
မျောက်မင်းဝိုင် ရှိသည်။ မျောက်မင်းဝိုင်ကို သောက်သုံးလျှင် ကျင့်ကြံခြင်းစွမ်းအားက သိသိသာသာ တိုးမြှင့်သွားမည်။ ထို့ပြင် ဒဏ်ရာများလည်း သက်သာသွားမည်။ မိုးမြေကြားမှ ဝိညာဉ်ရတနာအမျိုးမျိုးကို မျောက်မင်းဝိုင်ဖြင့် လဲလှယ်နိုင်သည်။ ရှားပါးရတနာများကို အထူးအလိုရှိသည်။
သီရှီထျန်က အထက်ပါအကြောင်းအရာကို ကျောက်ပြားပေါ်မှာ မိစ္ဆာမျိုးနွယ်စုစာလုံးများဖြင့် ရေးသားလိုက်သည်။ မိစ္ဆာမျိုးနွယ်ဝင်များသည် ထိုစာကြောင်းကို အကြည့်တစ်ချက်ဖြင့် နားလည်နိုင်ကြလိမ့်မည်။ သူရေးထားသော အကြောင်းအရာက အလွန်ရှင်းလင်းသည်။
သူက မိစ္ဆာတစ်ကောင်ဖြစ်လေရာ မိစ္ဆာမျိုးနွယ်စု၏ ဘာသာစကားကို မည်သို့မသိဘဲနေမည်နည်း။
သီရှီထျန်သည် စာရေးပြီးသည်နှင့် ကျောက်စိမ်းကျောက်ပြားကို မြေကြီးပေါ်မှာ စိုက်ထူလိုက်သည်။ သူ့အရှေ့တွင် ကျောက်ပြားက ကျောက်စိမ်းအလင်းရောင်ကို ထုတ်လွှတ်လိုက်သည်။
သီရှီထျန်သည် တမင်ရည်ရွယ်၍ အားအနည်းငယ် ထုတ်လွှတ်လိုက်လေရာ မြေကြီးထဲသို့ ကျောက်ပြား ထိုးစိုက်သွားစဉ် မြေကြီးက ကျယ်လောင်သော မြည်သံနှင့်အတူ သိမ့်သိမ့်တုန်သွားသည်။ ယင်းက အလွန်ထင်ရှားသော လုပ်ရပ်ဖြစ်သည်။
သို့ဖြစ်၍ ဘေးပတ်ဝန်းကျင်မှ မိစ္ဆာများသည် သီရှီထျန်၏ ဦးတည်ရာသို့ ချက်ချင်း ခေါင်းလှည့်ကြည့်လိုက်ကြသည်။
စီးပွားရေးလုပ်ရာတွင် လျှို့ဝှက်နည်းလမ်းများနှင့် ဖြတ်လမ်းနည်းများ ရှိသည်။ ပထမဆုံးအနေနှင့် ဈေးသည်များကို ဆွဲဆောင်ရမည်။
သို့မှသာ မျက်နှာပန်းပွင့်ပြီး ဈေးသည်များ၏ စိတ်အာရုံကို ဖမ်းစားနိုင်လိမ့်မည်။ သို့မဟုတ် ချောင်ထဲမှာသာ စွန့်ပစ်ခံထားရလိမ့်မည်။ ထို့နည်းတူစွာ သူတို့၏ ကုန်ပစ္စည်းများကို မည်သူမှ စိတ်ဝင်စားကြလိမ့်မည် မဟုတ်ချေ။ ထိုအခါ သူတို့၏ စီးပွားရေးက တစ်ဟုန်ထိုး ကျဆင်းသွားလိမ့်မည်။
သို့ဖြစ်၍ စီးပွားရေးလုပ်ရာတွင် ဈေးသည်များကို ဆွဲဆောင်ရန်သည် အလွန်အရေးကြီးသည်။
သီရှီထျန်က ထိုအချက်ကို ကောင်းမွန်စွာ နားလည်သည်။ သို့ဖြစ်၍ သူရွေးချယ်ထားသော နေရာက အနည်းငယ် ချောင်ကျပြီး လူသူများသော နေရာမဟုတ်သော်လည်း သူ့အနောက်မှာ သစ်ပင်ကြီးတစ်ပင် ရှိသည်။ ယင်းက ပုံရိပ်ကောင်းဖြစ်စေလိမ့်မည်။ ထို့ပြင် သူက ကျောက်စိမ်းကျောက်ပြားကို သန့်စင်လိုက်သည်။ မိစ္ဆာချီ၏ အားဖြည့်ပေးမှုအောက်မှာ ကျောက်စိမ်းကျောက်ပြားက အလင်းရောင် တောက်ပလာသည်။ ကျယ်လောင်သော မြည်သံ ပဲ့တင်ထပ်သွားသည့်အခိုက် ကျောက်စိမ်းအလင်းရောင်က လူအများအပြား၏ စိတ်အာရုံကို ချက်ချင်း ဆွဲဆောင်သွားသည်။
ထို့ကြောင့် ဘေးပတ်ဝန်းကျင်မှ မိစ္ဆာများက သီရှီထျန်၏ ဆိုင်ကို သတိထားမိသွားကြသည်။
တခြားလူများ၏ စိတ်အာရုံကို ဆွဲဆောင်သွားခြင်းက ကိစ္စကြီးကြီးမားမား မဟုတ်ပေ။ မှန်ပေသည်။ စီးပွားရေးလုပ်ရာတွင် ထိုမျှကိစ္စလေးဖြင့် မလုံလောက်ပေ။ နောက်ထပ် အရေးကြီးသည့်အချက်က မိစ္ဆာအုပ်စုကို ဆွဲဆောင်နိုင်သော ပစ္စည်းကောင်းက သူ့ဆီမှာရှိရမည်။ သို့မဟုတ်လျှင် မိစ္ဆာများသည် ခဏကြာပြီးနောက် အကြည့်ပြန်ရုပ်သွားကြလိမ့်မည်။
သို့ဖြစ်၍ တခြားလူများ၏ စိတ်အာရုံကို အချိန်ကြာကြာ ဆွဲဆောင်နိုင်မည့် ပစ္စည်းကောင်းက သူ့ဆီမှာရှိရမည်။
အခန်း(၃၄၁)
သီရှီထျန်သည် သူ၏ မျောက်မင်းဝိုင်အပေါ် ယုံကြည်ချက်အပြည့်ရှိသည်။ ဤလောကတွင် ဝိညာဉ်ဝိုင်ကို ချက်လုပ်နိုင်သော ဝိုင်ပညာရှင်များက အရေအတွက်အနည်းငယ်သာ ရှိ၏။ ထို့ပြင် မျောက်မင်းဝိုင်ကို မျောက်မျိုးနွယ်စုသာလျှင် ချက်လုပ်နိုင်ကြသည်။ သို့ဖြစ်၍ ဝိညာဉ်ဝိုင်များထဲမှာပင် မျောက်မင်းဝိုင်က အလွန်ရှားပါးသည်။ သူ့အရှေ့မှ မျောက်မင်းဝိုင်သည် မကြာသေးခင်ကမှ ယွမ်ထျန်း ချက်လုပ်ထားသော မျောက်မင်းဝိုင် ဖြစ်သည်။ သို့ဖြစ်၍ ယင်း၏ သက်တမ်းနှင့် စွမ်းအင်အနှစ်သာရက သူ၏ ဝိုင်နတ်ဘုရားဘူးသီးခြောက်ထဲမှ မျောက်မင်းဝိုင်ကို မယှဉ်နိုင်ပေ။ သို့တိုင် ယင်းက သာမန်မိစ္ဆာများကြားတွင် ရတနာတစ်ခု ဖြစ်နေဆဲပင်။ သူအလိုရှိသော ပစ္စည်းတစ်စုံတစ်ရာကို မြင်လျှင် မျောက်မင်းဝိုင်ဖြင့် လဲလှယ်နိုင်လိမ့်မည်။
သို့ဖြစ်လေရာ သူ၏ မျောက်မင်းဝိုင်က တခြားလူများ၏ စိတ်အာရုံအား မဆွဲဆောင်နိုင်မည်ကို သီရှီထျန် မစိုးရိမ်ပေ။
သူမျှော်လင့်ထားသကဲ့သို့ပင် ကျောက်စိမ်းအလင်း ပျံ့နှံ့သွားသည့်အခိုက် အနီးနားမှ မိစ္ဆာများက သီရှီထျန်ဆီသို့ ရွေ့လျားသွားကြသည်။
ပထမဆုံး ရောက်လာသူသည် နွားဦးခေါင်းရှိသော မိစ္ဆာသားရဲတစ်ကောင် ဖြစ်သည်။ သူ၏ ကျင့်ကြံခြင်းအခြေခံက မိစ္ဆာသားရဲနယ်ပယ် အလယ်အလတ်အဆင့်မှာ ဖြစ်သည်။ သူက သီရှီထျန်၏ အရှေ့မှာ စုပုံထားသော ဝိုင်ဘူးသီးခြောက်များကို ကြည့်လိုက်သည်။ ကျောက်စိမ်းကျောက်ပြားပေါ်မှ အကြောင်းအရာကို သူဖတ်ရှုလိုက်သည့်အခါ မျက်လုံးဝင်းလက်သွားသည်။
“ ဝိညာဉ်စွမ်းအားကို တိုးပွားစေနိုင်တဲ့ ဝိညာဉ်ဝိုင်လား… ပြီးတော့ အဲ့ဒါက ပိုပြီးရှားပါးတဲ့ မျောက်မင်းဝိုင်လား ”
“ ဝိညာဉ်ဝိုင်ကို ရောင်းနေတာလား… အဲ့ဒါက တကယ်လား… ဝိညာဉ်ဝိုင်က ဆေးလုံးတွေထက်တောင် ပိုပြီးတန်ဖိုးကြီးမားတယ်… အဲ့ဒါကို အရင်က ငါကြားပဲကြားဖူးခဲ့တာ… တစ်ခါမှ မမြင်ဖူးဘူး ”
“ ဒီမှာ ဝိညာဉ်ဝိုင်ကို ရောင်းနေတာလား… အားလုံးပဲ ဒီကို မြန်မြန်လာကြည့်ကြဟေ့ ”
တစ်ခဏကြာပြီးနောက် တစ်ယောက်ပြီးတစ်ယောက်ထံမှ အံ့ဩသော စကားသံများ ထွက်ပေါ်လာသည်။ တချို့က သူတို့၏ မိတ်ဆွေများကို အော်ခေါ်လိုက်ကြသည်။ ဝိညာဉ်ဝိုင်သည် အလွန်ရှားပါးသည်။ ဝိုင်ချက်လုပ်သော နည်းလမ်းက ဆေးပညာထက်ပင် ပိုပြီးအံ့ဖွယ်ကောင်းသည်။ ဝိညာဉ်ဝိုင်ထဲမှာ ဆေးအာနိသင်များ ပါဝင်ရုံသာမက ယင်းက အလွန်အရသာထူးကဲသည်။
သူ့ဆိုင်အရှေ့မှာ လူအုံလာကြောင်း သူမြင်သောအခါ စိတ်ထဲ၌ မထူးမခြားနား ပြုံးလိုက်သည်။ သူက လက်ဆန့်ထုတ်လိုက်ပြီး ဝိုင်ဘူးသီးခြောက်တစ်ခုကို ကောက်ယူလိုက်သည်။ သူက ဝိုင်ဘူးသီးခြောက်၏ အဖုံးကို ညင်သာစွာ ဖွင့်လိုက်သည်။
ချက်ချင်းဆိုသလိုပင် မွှေးပျံ့သော ဝိုင်ရနံ့က ဘူးသီးခြောက်ထဲမှ ပေါ်လျှိုးလာပြီး အရပ်မျက်နှာအသီးသီးဆီသို့ ပျံ့နှံ့သွားသည်။ ယင်းက မိစ္ဆာသားရဲများ၏ နှာခေါင်းပေါက်ထဲသို့လည်း ပျံ့နှံ့သွားသည်။ မိစ္ဆာသားရဲများသည် ဝိုင်ရနံ့ကို ရှူသွင်းလိုက်သည့်အခါ ချက်ချင်း မျက်လုံးဝင်းလက်သွားကြသည်။
“ ဝိုင်ရနံ့က ပြင်းလှချည်လား… အဲ့ဒါကို ရှူလိုက်တာ အရမ်းသက်တောင့်သက်သာရှိတယ်… တစ်ခါရှူလိုက်တာနဲ့ ငါ့ရဲ့ ပင်ပန်းနွမ်းနယ်မှုက ချက်ချင်း ပျောက်သွားတယ်… အဲ့ဒါက တကယ်ဝိညာဉ်ဝိုင်ပဲ… ဝိညာဉ်ဝိုင်အစစ်ကပဲ အဲ့လိုအံ့ဖွယ်ကောင်းတဲ့ အာနိသင်ကို ပိုင်ဆိုင်နိုင်တယ် ”
“ အနံ့က မွှေးလိုက်တာ… အနံ့ရှူလိုက်တာနဲ့ ငါ့ရဲ့ စိတ်က လန်းဆန်းတတ်ကြွသွားတယ်… အဲ့ဒါကို တစ်ငုံသောက်လိုက်မယ်ဆိုရင် ဘယ်လောက်တောင် အားအင်တွေတိုးပွားသွားလိမ့်မလဲ… ဒါ့အပြင် ဝိုင်ရဲ့ အရသာက သေချာပေါက် ထူးခြားလိမ့်မယ် ”
“ မျောက်မင်းဝိုင်က မျောက်တွေပဲ ချက်လုပ်နိုင်တဲ့ ဝိညာဉ်ဝိုင်… မှားစရာအကြောင်းမရှိဘူး… ဒီဝိုင်ရနံ့က သေချာပေါက် မျောက်မင်းဝိုင်ပဲ ”
သေမျိုးဝိုင်မှ ထုတ်လွှတ်သော အမွှေးနံ့က ဝိညာဉ်ဝိုင်၏ အမွှေးနံ့နှင့် လုံးဝ မတူပေ။ သေမျိုးဝိုင်မှ ထုတ်လွှတ်သော အမွှေးနံ့က ယဇ်မူးဖွယ်ကောင်းသည်။ ဝိညာဉ်ဝိုင်၏ အမွှေးနံ့သည်တော့ ယဇ်မူးဖွယ်ကောင်းရုံသာမက စိတ်ကို ကြည်လင်စေပြီး ခန္ဓာကိုယ်ကို လန်းဆန်းတတ်ကြွစေသည်။ ယင်းမှာ အံ့ဖွယ်ကောင်းသော အကျိုးအာနိသင်များ ရှိသည်။
သို့ဖြစ်၍ မည်သူမဆို အနံ့ခံကြည့်ရုံဖြင့် သေမျိုးဝိုင်နှင့် ဝိညာဉ်ဝိုင်ကို ကောင်းကောင်း ခွဲခြားနိုင်သည်။
“ သံသယရှိဖို့ လိုသေးလို့လား… ဝိညာဉ်ဝိုင်ကို ဘယ်သူရောင်းနေလဲဆိုတာ ကြည့်လိုက်ဦး… အဲ့ဒါ မိစ္ဆာသားရဲဘုရင်ပဲ… မိစ္ဆာသားရဲဘုရင်က ဘယ်လိုလုပ် လိမ်ညာမှာလဲ ”
မြေခွေးအိုတစ်ကောင်သည် သီရှီထျန်ကို ကြည့်လိုက်ပြီး ရိုသေလေးစားစွာ ပြောသည်။
“ နိမ့်ကျတဲ့ ငယ်သားဟူရှန်းက မိစ္ဆာသားရဲဘုရင်ကို ဂါရဝပြုပါတယ်… မိစ္ဆာသားရဲဘုရင်က ဝိညာဉ်ဝိုင်ကို ဘယ်လိုလဲလှယ်ချင်လဲဆိုတာ ကျွန်တော်သိခွင့်ရှိမလား ”
သီရှီထျန်က ပြစ်ချက်မဲ့သော လူသားအသွင်သဏ္ဍာန်ဖြင့် ရှိနေပြီး သူ၏ ခန္ဓာကိုယ်က မိစ္ဆာအရှိန်အဝါကို ထုတ်လွှတ်နေသည်။ သို့ဖြစ်လေရာ တစ်ဖက်လူက မိစ္ဆာသားရဲဘုရင်ဖြစ်ကြောင်း သူတို့သိလိုက်ကြသည်။ အမြူတေဓာတ်လုံးဖွဲ့စည်းပြီးသော ထိုသို့မိစ္ဆာပညာရှင်တစ်ယောက်က မည်သို့ကြောင့် လိမ်စားမည်နည်း။
“ မိုးမြေကြားက ရှားပါးဝိညာဉ်ရတနာတွေကို သူတို့ရဲ့ တန်ဖိုးအတိုင်း ဝိညာဉ်ဝိုင်နဲ့ လဲလှယ်နိုင်တယ်… ဝိညာဉ်ကျောက်တုံးတွေကို လက်မခံဘူး ”
သီရှီထျန်က လေးနက်သော အသံဖြင့် ပြောသည်။ ဤနေရာမှာ လဲလှယ်နိုင်သော ပစ္စည်းများက ခက်ခက်ခဲခဲ စုဆောင်းထားခဲ့သော အလွန်ရှားပါးသည့် မိုးမြေဝိညာဉ်ရတနာများသာ ဖြစ်ကြသည်။ ဝိညာဉ်ကျောက်တုံးများဖြင့် ဝယ်ယူနိုင်သော ပစ္စည်းများကို ရှားပါးရတနာများဟု မဆိုနိုင်ပေ။ ယင်းတို့က သာမန်ရတနာများ ဖြစ်ကြသည်။
ဤနေရာတွင် မိစ္ဆာများသည် တစ်ယောက်နှင့်တစ်ယောက် အပြန်အလှန် ပစ္စည်းလဲလှယ်နေကြသည်။ သူတို့ထဲမှ အများစုက သူတို့လိုချင်သော ပစ္စည်းများဖြင့် လဲလှယ်ကြသည်။ မှန်ပေ၏။ ထိုသို့ပစ္စည်းများက ရှားပါးရတနာများ ဖြစ်ကြသည်။
“ မိုးမြေကြားက ဝိညာဉ်ရတနာလား ”
ဟူရှန်းက မျက်လုံးဝင်းလက်သွားပြီးလျှင် သူ၏ သိုလှောင်အိတ်ကို တစ်ချက်ပုတ်လိုက်သည်။ မကြာမီ အလင်းရောင်ထွက်ပေါ်လာပြီးလျှင် ကျောက်စိမ်းသေတ္တာတစ်လုံးက သူ၏ လက်ဖဝါးပေါ်မှာ ထွက်ပေါ်လာသည်။ ကျောက်စိမ်းအလင်းရောင်က သိမ်မွေ့ပြီး သေတ္တာက သက်တောင့်သက်သာရှိပုံပေါ်သည်။ ရှင်းလင်းစွာပင် ထိုကျောက်စိမ်းသေတ္တာကို အရည်အသွေးမြင့် ကျောက်စိမ်းဖြင့် ဖန်တီးထားသည်။ သူက သေတ္တာကို ဂရုတစိုက် ဖွင့်လိုက်သည်။
မွှေးပျံ့လတ်ဆတ်သော ရနံ့တစ်မျိုးက ကျောက်စိမ်းသေတ္တာထဲမှ မြှောက်တတ်လာသည်။ ယင်းက ဘေးပတ်ဝန်းကျင်မှ တခြားမိစ္ဆာသားရဲများ၏ စိတ်အာရုံကို ချက်ချင်း ဆွဲဆောင်သွားသည်။ ကျောက်စိမ်းသေတ္တာ ပွင့်သွားသည့်အခိုက် သေတ္တာထဲမှ ပစ္စည်းကို သူတို့မြင်သွားကြသည်။ သေတ္တာထဲတွင် မြစ်တစ်ပင် ရှိသည်။ ထူးဆန်းသည်မှာ ထိုမြက်ပင်တွင် ရှည်လျားသော အမြစ်များရှိသည်။ မြက်ပင်၏ အဆစ်သုံးနေရာတွင် သစ်ခွပုံသဏ္ဍာန်ရှိသော အရွက်သုံးရွက်ရှိသည်။ ယင်းက အရွက်ကိုးရွက်ရှိသော ဝိညာဉ်မြက်ပင် ဖြစ်သည်။
ပိုပြီးထူးဆန်းသည်မှာ ထိုအရွက်များက သာမန်အရွက်များ မဟုတ်ကြချေ။ တစ်ခါတစ်ရံ ယင်းတို့က အမှန်တကယ်တည်ရှိပြီး တစ်ခါတစ်ရံ ယင်းတို့က ပုံရိပ်ယောင်သဖွယ် ပျောက်ကွယ်သွားသည်။ ယင်းက အလွန်ထူးဆန်းသည်။
“ အဲ့ဒါက တောင်ကုန်းတစ်ခုပေါ်မှာ ကျုပ် အနှစ်သုံးရာကျော်ကြာအောင် စောင့်ကြပ်ပြီးမှ နုတ်ယူခဲ့တဲ့ ဝိညာဉ်ဆေးပင် ဖြစ်ပါတယ်… အဲ့ဒါက ပုံရိပ်ယောင်ဝိညာဉ်ဆေးပင်ပါ… အဲ့ဒီမှာ အရွက်ကိုးရွက်ပါရှိပါတယ်… အန္တရာယ်ကြုံတွေ့တဲ့အခါတိုင်း အရွက်တစ်ရွက်ကို ဖြုတ်ပြီး ပါးစပ်ထဲ ထည့်လိုက်ပါ… အဲ့ဒီအခါ ခန္ဓာကိုယ်က ချက်ချင်း ပျောက်ကွယ်သွားပါလိမ့်မယ်… တကယ်လို့ တစ်ယောက်ယောက်က ခင်ဗျားရဲ့ ခန္ဓာကိုယ်ကို ဖြတ်သန်းသွားရင်တောင် လေကို ဖြတ်သန်းသွားရသလိုမျိုး ခံစားရပါလိမ့်မယ်… ဘာသက်ရောက်မှုမှ ရှိမှာမဟုတ်ပါဘူး… ဓမ္မလက်နက်တွေနဲ့ ဓမ္မရတနာတွေက ခင်ဗျားကို ထိခိုက်နာကျင်အောင် လုပ်နိုင်တော့မှာ မဟုတ်ပါဘူး ”
ဟူရှန်းက သူ့လက်ထဲမှာ ဂရုတစိုက် ကိုင်ထားသော ဝိညာဉ်ဆေးပင်ကို မိတ်ဆက်ပေးသည်။ သူ၏ ဖော်ပြချက်အရဆိုလျှင် ပုံရိပ်ယောင်ဝိညာဉ်ဆေးပင်က အန္တရာယ်ကြုံလာသည့်အခါ အသက်ကို ကယ်တင်ပေးနိုင်သော ရှားပါးရတနာဖြစ်သည်။
“ ဘယ်လောက် အံ့ဖွယ်ကောင်းလိုက်တဲ့ ရတနာလဲ ”
ဘေးပတ်ဝန်းကျင်မှ မိစ္ဆာသားရဲများက ပြိုင်တူပြောလိုက်ကြသည်။ သူတို့က ပုံရိပ်ယောင်ဝိညာဉ်ဆေးပင်ကို လိုချင်တပ်မက်သော အကြည့်ဖြင့် ကြည့်လိုက်ကြသည်။
ပုံရိပ်ယောင်ဝိညာဉ်ဆေးပင်တွင် အရွက်ကိုးရွက်ရှိသည်။ ယင်း၏ ဆိုလိုရင်းမှာ ပုံရိပ်ယောင်ဝိညာဉ်ဆေးပင်၏ စွမ်းရည်ကို ကိုးကြိမ်အသုံးပြုနိုင်သည်။ ယင်းက တစ်စုံတစ်ယောက်၏ အသက်ကို ကိုးကြိမ်ကယ်တင်ပေးနိုင်သည်။ ယင်းက သာမန်ဆေးပင်မဟုတ်ပေ။ မီးခိုးလှိုင်းကျွန်းစုဆီသို့ ရောက်လာကြသော မိစ္ဆာများဆီမှာ အမှန်တကယ်ပင် ပစ္စည်းကောင်းများ ရှိသည်။
“ ဒီပုံရိပ်ယောင်ဝိညာဉ်ဆေးပင်က မျောက်မင်းဝိုင်နဲ့ လဲလှယ်နိုင်မလား ကျုပ်သိပါရစေ ”
ဟူရှန်းက သီရှီထျန်ကို စူးစမ်းသိလိုသော အမူအရာဖြင့် ကြည့်လိုက်သည်။
သီရှီထျန်သည် ဟူရှန်း၏ မိတ်ဆက်ပေးမှုကို ကြားကတည်းက ဝမ်းသာပျော်ရွှင်သွားသည်။ ဤတစ်ကြိမ်တွင် သူက မှန်ကန်သော ဆုံးဖြတ်ချက်ကို ချခဲ့ကြောင်း သိလိုက်သည်။ သို့သော်လည်း ယင်းကို သူ၏ မျက်နှာပေါ်မှာ မဖော်ပြပေ။
စီးပွားရေးလုပ်သည့်အခါ သတိထားရမည့်အချက်တစ်ချက်သည် မိမိ၏ စိတ်ခံစားချက်များကို မျက်နှာပေါ်မှာ မဖော်ပြမိရန် သတိထားရမည်။ အကယ်၍ သူက လိုချင်တပ်မက်သော အမူအရာကို ဖော်ပြမိသွားမည်ဆိုလျှင် တစ်ဖက်လူက ဈေးနှုန်းကို ချက်ချင်း မြှင့်တင်လိုက်လိမ့်မည်။ ဆယ်ယွမ်ဖြင့် ဝယ်ယူနိုင်သော ပစ္စည်းက ယွမ်တစ်ရာအထိ တန်ဖိုးမြင့်တတ်သွားလိမ့်မည်။
ထို့ကြောင့် သူ့မျက်နှာပေါ်မှာ မည်သည့်အမူအရာမှ မရှိပေ။ သူက ရိုးရှင်းစွာ ခေါင်းညိတ်လိုက်ပြီး ပြောသည်။
“ အဆင်ပြေတယ်… အဲ့ဒါကို မျောက်မင်းဝိုင်ဘူးသီးခြောက်ဘယ်နှစ်ခုနဲ့ မင်းလဲလှယ်ချင်လဲ… ဘူးသီးခြောက်တစ်ခုစီရဲ့ မျောက်မင်းဝိုင်က ဆယ်နှစ်နဲ့ အနှစ်နှစ်ဆယ်အတွင်း ကျင့်ကြံခြင်းစွမ်းအားကို တိုးပွားပေးနိုင်တယ်… အဲ့ဒါက ဒဏ်ရာတွေကို ကုသပေးနိုင်တဲ့အပြင် ကုန်ဆုံးသွားတဲ့ မိစ္ဆာချီကိုလည်း ပြန်ဖြည့်ပေးနိုင်တယ်… မျောက်မင်းဝိုင်ကို သုံးစွဲတဲ့အခါ ဘာဘေးထွက်ဆိုးကျိုးမှ မရှိဘူး ”
“ အဲ့ဒါဆိုရင်… ”
ဟူရှန်းက မျက်လုံးဝင်းလက်သွားသည်။ ဝိညာဉ်ဝိုင်သည် ဤလောကတွင် အလွန်ရှားပါးသည်။ ယင်းကို သုံးသောက်လျှင် ကျင့်ကြံခြင်းစွမ်းအားက တိုးပွားသွားလိမ့်မည်။ ထို့ပြင် ယင်းမှာ တခြားအံ့ဖွယ်အာနိသင်များလည်း ရှိ၏။ ယင်းက သေချာပေါက် ရှားပါးရတနာဖြစ်သည်။ ထို့ကြောင့် အရေအတွက်မည်မျှဖြင့် လဲလှယ်သင့်ကြောင်း သူမသိပေ။ တစ်ခဏတွေးပြီးနောက် သူက တုံ့ဆိုင်းစွာ ပြောသည်။
“ အကြီးအကဲခင်ဗျာ… ကျုပ် မျောက်မင်းဝိုင်ဘူးသီးခြောက်သုံးဆယ်နဲ့… မဟုတ်ဘူး နှစ်ဆယ်နဲ့ လဲလှယ်ချင်ပါတယ် ”
ဟူရှန်းသည် မြေခွေးမိစ္ဆာဖြစ်သည်။ မြေခွေးများသည် သူတို့၏ ဉာဏ်နီဉာဏ်နက်များမှုနှင့် လှည့်စားတတ်မှုကြောင့် နာမည်ကျော်ကြားသည်။ သို့သော်လည်း ဟူရှန်းသည် လူသားလောကဆီသို့ မရောက်ဖူးသော မြေခွေးတစ်ကောင်သာ ဖြစ်၏။ သို့ဖြစ်လေရာ ဈေးကွက်စီးပွားရေးအကြောင်း မည်သို့သူနားလည်မည်နည်း။
“ ဟား ဟား ”
ယင်းကို ကြားသောအခါ သီရှီထျန်က မပြုံးဘဲ မနေနိုင်ပေ။ သူက အကြင်နာမဲ့သော စီးပွားရေးသမား မဟုတ်ပေ။ ထို့ကြောင့် သူက ဟူရှန်းအား အမြင့်ဆုံး ကိန်းဂဏန်းကို ပေးလိုက်သည်။
“ မင်းက ဝိုင်ဘူးသီးခြောက်သုံးဆယ် လိုချင်မှတော့ ဘူးသီးခြောက်သုံးဆယ်နဲ့ပဲ လဲလှယ်ကြမယ်… အပေးအယူပြီးမြောက်ပြီ… ရော့ ဒီမှာ ဝိုင်ဘူးသီးခြောက်သုံးဆယ် ”
သီရှီထျန်သည် စကားဆုံးသည်နှင့် လက်ဝှေ့ယမ်းလိုက်ပြီး သူ့အရှေ့မှ ဝိုင်ဘူးသီးခြောက်အပုံထဲမှ ဘူးသီးခြောက်သုံးဆယ်ကို ကောက်ယူလိုက်သည်။ သူက ယင်းတို့ကို ဟူရှန်းအရှေ့မှာ ချပေးလိုက်ပြီး ပုံရိပ်ယောင်ဝိညာဉ်ဆေးပင်ကို သိမ်းယူလိုက်သည်။ ပစ္စည်းကောင်းများသည် ရောင်းချရန် လွယ်ကူသည်။ အပေးအယူက ချက်ချင်း ပြီးမြောက်သွားသည်။
ယင်းကို ဟူရှန်းကြားသောအခါ သူက ဝမ်းသာသွားသည်။ သူက ဝိုင်ဘူးသီးခြောက်သုံးဆယ်ကို သိုလှောင်အိတ်ထဲသို့ ထည့်လိုက်ပြီး ပျော်ရွှင်စွာ ပြန်ထွက်သွားသည်။
ပစ္စည်းများသည် ရှားပါးလေ ပိုပြီးတန်ဖိုးကြီးမားလေ ဖြစ်သည်။ မျက်မှောက်ခေတ်တွင် ဝိညာဉ်ဝိုင်က အလွန်ရှားပါးသွားသည်။ ယင်းကို တစ်ကြိမ်မြင်နိုင်ရန် အလွန်ခဲယဉ်းသည်။ ထို့ကြောင့် မိစ္ဆာများသည် ဝိညာဉ်ဝိုင်ကို တန်ဖိုးကြီးပစ္စည်းအဖြစ် မှတ်ယူကြသည်။ သို့ဖြစ်၍ ပုံရိပ်ယောင်ဝိညာဉ်ဆေးပင်ကို မျောက်မင်းဝိုင်ဘူးသီးခြောက်သုံးဆယ်ဖြင့် လဲလှယ်ခြင်းက သာမန်သာ ဖြစ်၏။ ယင်းက မထူးဆန်းပေ။ ဘေးပတ်ဝန်းကျင်မှ မိစ္ဆာသားရဲများသည် ဟူရှန်းကို မနာလိုဖြစ်စွာ ကြည့်လိုက်ကြသည်။ ဝိညာဉ်ဝိုင်သည် လူတိုင်း အရသာခံနိုင်သောအရာ မဟုတ်ပေ။
“ အကြီးအကဲ… ကျုပ်မှာ မီးနဂါးသစ်သီးရှိပါတယ်… ”
“ ဘာမီးနဂါးသစ်သီးလဲ… ငါ့မှာရှိတာက တကယ့်ရတနာ… အကြီးအကဲ ဒီဟာက အမတမက်မွန်အပင်ပေါက်လေးပါ… ”
“ အကြီးအကဲ ကျုပ်ရဲ့ တစ္ဆေမျက်နှာမက်မွန်သစ်ပင်ကို တစ်ချက်ကြည့်ပါဦး… ”
“ ကျုပ်မှာ ကျောက်စိမ်းသစ်သီးရှိတယ်… ”
“ ကျောက်စိမ်းသစ်သီး ဘာလုပ်ရမှာလဲ… ငါ့မှာ သွေးဗုဒ္ဓသစ်သီးရှိတယ်… သွေးဗုဒ္ဓနွယ်ပင်ကိုတောင် ငါယူလာတာ ”
အခန်း(၃၄၂)
ဟူရှန်းက မိုးမြေဝိညာဉ်ရတနာတစ်ခုကို ဝိုင်ဘူးသီးခြောက်သုံးဆယ်ဖြင့် အမှန်တကယ် လဲလှယ်နိုင်ခဲ့ကြောင်း သူတို့မြင်သွားသောအခါ သီရှီထျန်၏ ဆိုင်အရှေ့မှာ ဆူပူအုံကြွမှုတစ်ခု ချက်ချင်း ဖြစ်ပေါ်လာသည်။ ဤသို့တွေးကြည့်နိုင်သည်။ ယင်းက နှစ်တစ်ထောင်ကြာမှ တစ်ကြိမ်သာ ဖြစ်ပေါ်လာသော မိစ္ဆာစုဝေးပွဲ ဖြစ်သည်။
သို့ဖြစ်၍ မိစ္ဆာများသည် ဤစုဝေးပွဲအတွက် အများကြီး ကြိုပြင်ဆင်လာခဲ့ကြသည်။ ထို့ပြင် မိစ္ဆာများက တောင်တန်းဒေသများထဲမှာ ရှင်သန်နေထိုင်ကြလေရာ မိုးမြေဝိညာဉ်ရတနာများကို ရှာဖွေခြင်းက သူတို့အတွက် မခက်ခဲပေ။ သူတို့ထဲမှ တချို့က မိုးမြေဝိညာဉ်ရတနာများ၏ အစောင့်အရှောက်များ ဖြစ်ကြသည်။ သူတို့က ဝိညာဉ်ဆေးပင် အရွယ်ရောက်လာသည်အထိ စောင့်ကြပ်ပေးကြလိမ့်မည်။
မိစ္ဆာသားရဲများသည် တန်ဖိုးကြီးမားသော ဝိညာဉ်ရတနာများကို အနည်းနှင့်အများ ပိုင်ဆိုင်ထားကြသည်။ ဝိညာဉ်ဝိုင်၏ အစွမ်းအာနိသင်နှင့် တန်ဖိုးကြီးမားပုံကို သတိထားမိပြီးနောက် သူတို့က နှစ်ပေါင်းများစွာကြာအောင် စုဆောင်းထားခဲ့သော ရတနာများကို ထုတ်လိုက်ကြသည်။ သာမန်ဆေးပင်များကို ဝိုင်ဘူးသီးခြောက်အနည်းငယ်ဖြင့်သာ လဲလှယ်နိုင်လိမ့်မည်။ သို့သော်လည်း တန်ဖိုးကြီးမားသော ဝိညာဉ်ရတနာများကိုတော့ ဝိုင်ဘူးသီးခြောက်အများအပြားဖြင့် လဲလှယ်နိုင်သည်။ တန်ဖိုးကြီးမားသော ဝိညာဉ်ဆေးပင်များကို ဝိုင်ဘူးသီးခြောက်ဒါဇင်ခန့် သို့မဟုတ် တစ်ရာဖြင့်ပင် လဲလှယ်နိုင်သည်။
ယင်းက သင့်တင့်မျှတသော လဲလှယ်မှု ဖြစ်သည်။ နှစ်ဖက်စလုံးသည် လဲလှယ်မှုအပေါ် အလွန်စိတ်ကျေနပ်ကြသည်။ မည်သူက ပိုအကျိုးရှိပြီး မည်သူက ပိုအကျိုးနည်းကြောင်း သူတို့မတွေးကြချေ။ နှစ်ဖက်စလုံး ပျော်ရွှင်လျှင် အဆင်ပြေပြီ ဖြစ်၏။ ပစ္စည်းကောင်းများဖြင့် လဲလှယ်ပြီးနောက် လူတိုင်းက ဝမ်းသာပျော်ရွှင်သွားကြသည်။ တစ်ခဏကြာပြီးနောက် လူပိုများလာသည်။
သီရှီထျန်ထုတ်လိုက်သော ဝိညာဉ်ဝိုင်ဘူးသီးခြောက်များက ခဏလေးအတွင်း ပြောင်သွားသည်။
ဝိုင်နှစ်သက်သော မိစ္ဆာသားရဲများသည် ဘူးသီးခြောက်ကို ချက်ချင်း အဖုံးဖွင့်၍ တစ်ငုံသောက်လိုက်ကြသည်။ ထို့နောက် သူတို့က ဘူးသီးခြောက်ကို တင်းကျပ်စွာ ပွေ့ဖက်၍ ထွက်သွားကြသည်။
ယင်းက သီရှီထျန်၏ ဆိုင်အရှေ့တွင် မိစ္ဆာသားရဲအများအပြားကို ပိုပြီးစုပြုံလာစေသည်။
သူတို့သည် ဒဏ္ဍာရီလာ ရှားပါးမျောက်မင်းဝိုင်ကို အရသာမြည်းစမ်းချင်ကြသည်။ ထို့ကြောင့် သူတို့သည် ကပ်စေးနှဲမနေဘဲ သူတို့စုဆောင်းထားသော ရှားပါးပစ္စည်းများကို ချက်ချင်း ထုတ်လိုက်ကြသည်။ သူတို့ဂရုတစိုက် သိမ်းဆည်းထားသော တန်ဖိုးအကြီးမားဆုံး ဝိညာဉ်ရတနာများကိုပင် တုံ့ဆိုင်းမနေဘဲ ထုတ်လိုက်ကြသည်။
ဤအခိုက်အတန့်မှာ သီရှီထျန်က စိတ်ထဲ၌ ဖော်မပြနိုင်အောင် ဝမ်းသာပျော်ရွှင်သွားသည်။ ယင်းတို့က တစ်ခါမှ သူမမြင်ဖူး မကြားဖူးသော ရှားပါးဝိညာဉ်ရတနာများ ဖြစ်ကြသည်။ ယခု ထိုပစ္စည်းများက သူ့အရှေ့မှာ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာသည်။
အတိတ်၌ သူရှာဖွေနေခဲ့ပြီး ရှာမတွေ့ခဲ့သော ဝိညာဉ်ရတနာများသည်ပင် သူ့အရှေ့မှာ ရုတ်တရက် ထွက်ပေါ်လာသည်။
မီးနဂါးသစ်သီး… ။
ယင်းက မီးနဂါး၏ သွေးမျိုးဆက်မှ ပေါ်ပေါက်လာသော သစ်သီးအပင်မှ အသီးဖြစ်သည်။
သွေးဗုဒ္ဓသစ်သီး…။
ယင်းက ချီလင်၏ နှလုံးသွေးစက် ကျဆင်းသွားသော နေရာမှာ ပေါ်ပေါ်လာသော သစ်သီးအပင်မှ အသီးဖြစ်သည်။
မိုးမြေဆင့်ကဲပြောင်းလဲသွားသည့်အခိုက် တစ္ဆေမျက်နှာမက်မွန်ပင်က မွေးဖွားလာသည်။ ထိုမက်မွန်ပင်သည် အလွန်ထူးဆန်းသော သစ်ပင်ဖြစ်သည်။ ယင်းက အစွန်းရောက်ယင်ဓာတ်ရှိသော နေရာမျိုးတွင်သာ ရှင်သန်နိုင်သော သစ်ပင်ဖြစ်သည်။ သို့ဖြစ်၍ အပင်က အရွယ်ရောက်လာပြီး ကြီးထွားလာသည့်အခါ သာမန်မဟုတ်သော မက်မွန်သီးများ သီးလာသည်။ မက်မွန်သီးများသည် လူသားမျက်နှာရှိကြသည်။ ထို့ကြောင့် ယင်းကို တစ္ဆေမျက်နှာမက်မွန်သီးဟု ခေါ်ကြသည်။
ဒဏ္ဍာရီထဲတွင် ဖော်ပြထားသည်မှာ တစ္ဆေမျက်နှာမက်မွန်ပင်က တစ္ဆေများကို နှိမ်နင်းနိုင်သည်။ တစ္ဆေမျက်နှာမက်မွန်ပင် အရွယ်ရောက်လာသည့်အခါ တစ္ဆေများသည် မက်မွန်ပင်အနားသို့ မချဉ်းကပ်သွားဝံ့ကြချေ။ သို့မဟုတ်ဘဲ အနားသို့ ချဉ်းကပ်သွားမည်ဆိုလျှင် သူတို့က တစ္ဆေမျက်နှာမက်မွန်ပင်၏ ဝါးမျိုခံရလိမ့်မည်။ ထို့ပြင် တစ္ဆေမျက်နှာမက်မွန်သီးသည် စားသုံးနိုင်သော သစ်သီးတစ်မျိုး ဖြစ်သည်။ ယင်းတို့ စားသုံးလိုက်သည့်အခါ တစ်စုံတစ်ယောက်၏ ခန္ဓာကိုယ်ထဲမှ ယင်ဓာတ်က သိသိသာသာ တိုးတတ်သွားလိမ့်မည်။
ထို့ပြင် တစ္ဆေမျက်နှာမက်မွန်သီးမှာ မွေးရာပါမှော်စွမ်းရည်တစ်ခု ရှိသည်။ ယင်းက သရဲတစ္ဆေများကို မြင်တွေ့နိုင်သော ယင်ယန်မျက်လုံး ဖြစ်သည်။ တစ်စုံတစ်ယောက်သည် တစ္ဆေမျက်နှာမက်မွန်သီးကို စားသုံးလိုက်လျှင် ယင်ယန်မျက်လုံးကို ပိုင်ဆိုင်သွားလိမ့်မည်။
ဝိုင်နတ်ဘုရား၏ အံ့ဖွယ်ရတနာကြေးမုံထဲတွင် တစ္ဆေမျက်နှာမက်မွန်သီးဖြင့် ချက်လုပ်နိုင်သော ဝိညာဉ်ဝိုင်တစ်မျိုးရှိကြောင်း သီရှီထျန် ရှင်းလင်းစွာ မှတ်မိနေသည်။ ယင်းကို မရဏဝိုင်ဟု ခေါ်သည်။
ထူးခြားချက်တစ်ခုမှာ ထိုမရဏဝိုင်ကို မြေအောက်လောကထဲမှ သရဲတစ္ဆေများသာလျှင် သောက်သုံးနိုင်ကြသည်။ ဝိုင်ကို သောက်သုံးခြင်းက သူတို့၏ ကျင့်ကြံခြင်းစွမ်းအားကို တိုးပွားစေလိမ့်မည်။ ယင်းမှာ အံ့ဖွယ်ကောင်းသော အကျိုးအာနိသင်အများကြီး ရှိသည်။ ယင်းကို မရဏဝိုင်ဟု ခေါ်သော်လည်း ယင်းက မြေအောက်လောကထဲမှ သက်ရှိများသာလျှင် အသုံးပြုနိုင်သော ဝိညာဉ်ဝိုင် ဖြစ်သည်။ မှန်ပေသည်။ တခြားမျိုးနွယ်စုများသည်လည်း မရဏဝိုင်ကို သောက်သုံးနိုင်ကြသည်။ သို့သော်လည်း ဝိုင်၏ အာနိသင်က တစ္ဆေများ သောက်သုံးစဉ်ကကဲ့သို့ အစွမ်းထက်လိမ့်မည် မဟုတ်ချေ။
သီရှီထျန်သည် ထိုသို့ရှားပါးဝိညာဉ်ရတနာများကို မငြင်းဆန်ပေ။ သူက ဝိညာဉ်ရတနာကို မြင်သည်နှင့် ဝိုင်အနည်းငယ်ပေး၍ ယင်းကို လဲလှယ်လိမ့်မည်။
မည်သို့မည်ပုံမသိလိုက်ခင်မှာ နေ့လယ်ခင်းအချိန်က တိတ်တဆိတ် ကုန်ဆုံးသွားသည်။ ယွမ်ထျန်းထံမှ သူယူဆောင်လာခဲ့သော ဝိညာဉ်ဝိုင်ဘူးသီးခြောက်တစ်ထောင်ကျော်တွင် တစ်ဝက်ခန့် ကုန်ဆုံးသွားသည်။ မှန်ပေသည်။ ယင်းတို့က အလဟဿ ဖြစ်သွားခြင်း မဟုတ်ပေ။ သူက ယင်းတို့ကို ရှားပါးဝိညာဉ်ရတနာများဖြင့် လဲလှယ်ခဲ့သည်။ ယခု သူ၏ သိုလှောင်အိတ်ထဲမှာ ဝိညာဉ်ဝိုင်ဘူးသီးခြောက် တစ်ထောင်အောက်သာ ကျန်ရှိတော့သည်။
မကြာမီ ဝိညာဉ်ဝိုင် လာရောက်လဲလှယ်သော မိစ္ဆာသားရဲများက တဖြည်းဖြည်း နည်းပါးသွားသည်။ သို့သော်လည်း သူ၏ ဆိုင်အရှေ့မှာ မိစ္ဆာသားရဲများက မပြတ်လပ်သွားပေ။
“ ဝိုင်အနံ့က မွှေးပြီး ပြင်းရှတယ်… အချိန်ကြာသွားတာတောင် ဝိုင်အနံ့က မလွင့်ပြယ်သွားဘူး… ဝိုင်အနံ့ နှာခေါင်းထဲ ဝင်သွားချိန်မှာ ခန္ဓာကိုယ်ထဲက သွေးချီက သက်ဝင်လှုပ်ရှားလာတယ်… ဒီဟာက ရှားပါးဝိညာဉ်ဝိုင်ပဲ ”
သီရှီထျန်သည် အစောနက သူအလဲအလှယ်လုပ်ခဲ့သော အရွက်လေးရွက်လင်ဇီးပင်ကို သူ၏ သိုလှောင်အိတ်ထဲသို့ ထည့်သွင်းရန် ပြင်လိုက်သည်။ ထိုစဉ် အနည်းငယ် ယဇ်မူးနေသော အသံက သူ့ဘေးမှာ ရုတ်တရက် ထွက်ပေါ်လာသည်။
သီရှီထျန်က ခေါင်းမော့လိုက်ပြီး အသံထွက်ပေါ်လာရာ အရပ်ဆီသို့ ကြည့်လိုက်သည်။ ထိုအခါ အနည်းငယ် သူအံ့ဩသွားသည်။ သူ့အရှေ့တွင် ရပ်နေသူသည် အမြူတေဓာတ်လုံးဖွဲ့စည်းထားပြီးသော မိစ္ဆာတစ်ကောင် ဖြစ်သည်။
ထိုမိစ္ဆာသည် အသက်သုံးဆယ်ခန့်ရှိသော သက်လတ်ပိုင်းအမျိုးသားဖြစ်ပြီး သူ့မှာ ငွေရောင်ဆံပင်ရှည်ရှိသည်။ သူက ငွေရောင်ဝတ်စုံကို ဝတ်ဆင်ထားသည်။ သူက သေးသွယ်ပိန်ပါးပြီး အတော်လေး ချောမောခန့်ညားသည်။ သူက သီရှီထျန်ထက် အများကြီး ပိုချောသည်။ အကယ်၍ ထိုပုဂ္ဂိုလ်သာ အမျိုးသမီးတစ်ယောက်ဖြစ်မည်ဆိုလျှင် သူက တိုင်းပြည်ပျက်စေနိုင်သော အလှပိုင်ရှင်တစ်ဦး ဖြစ်လာလိမ့်မည်။
ဤအခိုက်အတန့်မှာ သူက မျက်လုံးမှိတ်ထားလျက် ဝိုင်ဘူးသီးခြောက်များထံမှ ထုတ်လွှတ်နေသော ဝိုင်အနံ့ကို ရှူသွင်းလိုက်သည်။ သူ၏ မျက်နှာပေါ်မှာ ယဇ်မူးသော အမူအရာ ထွက်ပေါ်လာသည်။ ကြည့်ရသည်မှာ သူက အံ့ဖွယ်ကောင်းသော ဝိုင်အနံ့ကြောင့် ယဇ်မူးသွားဟန် ရ၏။
သူ့ပုံစံကို ကြည့်ရသည်မှာ သူက ဝိုင်နှစ်သက်သူဖြစ်ပုံပေါ်သည်။
အချိန်တစ်ခဏကြာပြီးနောက် သူက မျက်လုံးပြန်ဖွင့်လိုက်ပြီး ယဇ်မူးနေခြင်းမှ ပြန်နိုးလာသည်။ သူ၏ အကြည့်က ဝိုင်ဘူးသီးခြောက်များပေါ်သို့ ကျရောက်သွားသည်။ လိုချင်တပ်မက်သော အရိပ်အယောင်က သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ ထို့နောက် သူက သီရှီထျန်ကို ကြည့်လိုက်ပြီး ခပ်ရေးရေး ပြုံးလိုက်သည်။ သူက ပြောသည်။
“ ကျုပ် ငွေဆံရှည်က လူသားအသွင်သဏ္ဍာန်နဲ့ နှစ်တစ်ထောင်ကြာအောင် နေထိုင်ခဲ့တယ်… လူသားလောကဆီက ဝိုင်ကောင်းအမျိုးမျိုးကိုလည်း အရသာမြည်းစမ်းကြည့်ခဲ့တယ်… ဒါပေမဲ့ အဲ့ဒါတွေက သေမျိုးဝိုင်တွေချည်းပဲ… သေမျိုးဝိုင်တွေက ဝိညာဉ်ဝိုင်တစ်စက်ကိုတောင် မယှဉ်နိုင်ဘူး… ကံမကောင်းတာက ဝိညာဉ်ဝိုင်က ခရမ်းရွှေကုန်းမြေမှာ အရမ်းရှားပါးတယ်… ဒီမတိုင်ခင်အထိ ကျုပ် နှစ်ခါသုံးခါပဲ အရသာမြည်းစမ်းကြည့်ဖူးတယ်… ဒီနေရာမှာ မိစ္ဆာညီအကိုတစ်ယောက်က ဝိညာဉ်ဝိုင်ကို လဲလှယ်လိမ့်မယ်လို့ ကျုပ်မမျှော်လင့်ထားဘူး… ပြီးတော့ အဲ့ဒါက ဒဏ္ဍာရီလာ မျောက်မင်းဝိုင်… တကယ် အံ့ဩစရာပဲ ”
ငွေရောင်ဆံပင်နှင့် အမျိုးသားက ပေါ့ပေါ့ပါးပါး ပြောသည်။ သူက ပျော်ပျော်နေတတ်ပုံပေါ်သည်။ မည်သည့်အပူအပင်သောကမှ သူ့ဆီမှာ မရှိဟန် ရ၏။ သူက ရင်းနှီးကျွမ်းဝင်ရန် လွယ်ကူပုံပေါ်သည်။
“ မိစ္ဆာမျိုးနွယ်စုထဲက ညီအကိုတွေကတော့ ကျုပ်ကို ငွေဆံရှည်လို့ ခေါ်ကြတယ်… ဒီက ရောင်းရင်းကို ကျုပ်ဘာလိုခေါ်ရမလဲ ”
ငွေဆံရှည်က သီရှီထျန်ကို သက်တောင့်သက်သာ ပြောသည်။
“ သီရှီထျန် ”
“ သီရှီထျန်လား… ဟား ဟား… နာမည်ကောင်းပဲ… နာမည်က အရမ်းထောင်လွှားတယ်… ဒါပေမဲ့ အဲ့ဒါက မင်းနဲ့ လိုက်ဖက်ပါတယ် ”
ယင်းကို ကြားသောအခါ ငွေဆံရှည်က တစ်ခဏ တွေးတောလိုက်ပြီး ခေါင်းညိတ်လိုက်သည်။ သူက သားရဲအမွှေးပေါ်မှာ ခင်းကျင်းထားသော မျောက်မင်းဝိုင်ဘူးသီးခြောက်များကို ထပ်မံ ကြည့်လိုက်သည်။ သူ၏ လည်စလုတ်က အပေါ်အောက် အနည်းငယ် ရွေ့လျားသွားသည်။ တံတွေးမျိုချသံက ထွက်ပေါ်လာသည်။ သူက ဝိုင်ဘူးသီးခြောက်ထံမှ အကြည့်မခွာနိုင်ဘဲ ပြောသည်။
“ အစကတော့ ကျုပ်က ဟိုနားဒီနား လျှောက်ပတ်ကြည့်နေတာ… ဒီနေရာမှာ ဝိညာဉ်ဝိုင်နဲ့ လဲလှယ်တဲ့ ဆိုင်ရှိမယ်လို့ ကျုပ်မမျှော်လင့်ထားဘူး… ဒါကြောင့် ကျုပ်ဆီမှာ တန်ဖိုးကြီးမားတဲ့ ဘာဝိညာဉ်ရတနာမှ မပါလာခဲ့ဘူး… နောက်ကိုးရက်ကြာရင် ကျင်းပမယ့် ရတနာအလဲအလှယ်ပွဲကို အကိုသီ ရောက်လာနိုင်မလား ကျုပ်သိချင်တယ်… တကယ်လို့ ခင်ဗျားရောက်လာမယ်ဆိုရင် ခင်ဗျားရဲ့ ဝိုင်နဲ့ ကျုပ်အလဲအလှယ်လုပ်ချင်တယ် ”
သူက စကားပြောနေရင်း စိတ်မကောင်းသော အမူအရာကို ထုတ်ဖော်လိုက်လေသည်။ သူ့ဆီမှာ ဝိညာဉ်ဝိုင်ဖြင့် လဲလှယ်နိုင်သော မည်သည့်တန်ဖိုးကြီးပစ္စည်းမှ တကယ်မပါလာဟန် ရ၏။
သီရှီထျန်က သူ့အရှေ့မှ ငွေဆံရှည်ကို စုန်ချည်ဆန်ချည် အကဲခတ်ကြည့်လိုက်သည်။ သူသည် တစ်ဖက်လူကို နည်းနည်းမှ အထင်မသေးဝံ့ပေ။ သူ့အရှေ့မှ ပုဂ္ဂိုလ်ကို မြူခိုးအလွှာတစ်ခုက ဖုံးလွှမ်းထားသည်ဟု သူခံစားမိသည်။ ထို့ကြောင့် ငွေဆံရှည်၏ ကျင့်ကြံခြင်းကို သူမပြောနိုင်ပေ။ သို့သော်လည်း တစ်ခုသူသေချာသည်မှာ ငွေဆံရှည်၏ ကျင့်ကြံခြင်းက သေချာပေါက် သူ့အထက်မှာ ရှိသည်။
သူက မိစ္ဆာမျိုးနွယ်စု၏ အစွမ်းထက်ပုဂ္ဂိုလ်တစ်ယောက် ဖြစ်ရမည်။ သီရှီထျန်က စိတ်ထဲမှာ တိတ်တဆိတ် တွေးတောလိုက်သည်။
‘ သူက မိစ္ဆာမျိုးနွယ်စုရဲ့ မဟာမိစ္ဆာဘုရင်ရှစ်ပါးထဲက တစ်ပါးများ ဖြစ်နေမလား ’
ထိုအတွေးကြောင့် သီရှီထျန်သည် ကပ်စေးမနှဲနေတော့ပေ။ သူ့အရှေ့မှ ငွေဆံရှည်သည် အစွမ်းထက် မိစ္ဆာပညာရှင်တစ်ယောက် ဖြစ်သည်။ ထိုသို့ပုဂ္ဂိုလ်မျိုးနှင့် မိတ်ဆွေဖွဲ့ခြင်းက သူ့အတွက် အကျိုးမယုတ်ပေ။
သူက လက်ဆန့်ထုတ်လိုက်ပြီး သူ့အရှေ့မှ ဝိုင်ဘူးသီးခြောက်တစ်ခုကို ကောက်ယူလိုက်သည်။ သူက နည်းနည်းမှ တုံ့ဆိုင်းမနေဘဲ ဝိုင်ဘူးသီးခြောက်ကို ငွေဆံရှည်ထံ ပစ်ပေးလိုက်ပြီး ပြောသည်။
“ ဒါက ဝိုင်လေးပါပဲ… ကျုပ်မှာ တခြားဘာမှမရှိပေမဲ့ ဝိုင်ကတော့ အများကြီးပဲ ရှိတယ်… ခင်ဗျား ဘာမှပေးစရာမလိုပါဘူး… ကျုပ် ခင်ဗျားကို မိတ်ဖြစ်ဆွေဖြစ် ဝိုင်တိုက်တယ်လို့ သဘောထားလိုက်ပါ… တစ်ဗူးနဲ့ မလုံလောက်ရင် ခင်ဗျား ထပ်ယူနိုင်တယ် ”
ယင်းက ဝိညာဉ်ဝိုင်ဘူးသီးခြောက်တစ်ခုသာ ဖြစ်၏။ အကယ်၍ သူက ယင်းကို အသုံးပြု၍ အစွမ်းထက် မိစ္ဆာပညာရှင်တစ်ယောက်ကို မိတ်ဆွေဖွဲ့နိုင်မည်ဆိုလျှင် ယင်းက ထိုက်တန်ပေသည်။ မည်သို့ဖြစ်ပါစေ ဝိညာဉ်ဝိုင်က သူ့အတွက် မရှားပါးပေ။
“ ဝှစ် ”
ငွေဆံရှည်က လက်ဆန့်ထုတ်လိုက်ပြီး ဝိုင်ဘူးသီးခြောက်ကို လှမ်းဖမ်းလိုက်သည်။ သူက ဝိုင်ဘူးသီးခြောက်၏ အဖုံးကို ဖွင့်၍ အနံ့ရှူလိုက်သည်။ ယဇ်မူးသော အမူအရာက သူ့မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။ သူက ဝိုင်ကို ပါးစပ်ထဲသို့ လောင်းထည့်၍ တစ်ကျိုက်ပြီးတစ်ကျိုက် သောက်လိုက်သည်။ ဝိုင်အရသာက သူ၏ လျှာပေါ်မှာ ဝဲကတော့တစ်ခုပမာ ထွက်ပေါ်လာသည်။ အချိန်အတန်ကြာပြီးနောက် သူက သက်ပြင်းချလိုက်သည်။
“ တကယ့်ကို ဝိုင်ကောင်းပဲ… သာမန်ဝိုင်တွေက ဒီဟာနဲ့ ယှဉ်ရင် ရေလိုပဲ… ဒါပေမဲ့ ဒီဘူးသီးခြောက်ကိုပဲ ကျုပ်လက်ခံမယ်… တခြားဝိုင်ဘူးသီးခြောက်တွေကိုတော့ ရှားပါးဝိညာဉ်ရတနာတွေနဲ့ ကျုပ်လဲလှယ်မယ်… သီရှီထျန်… ကျုပ် မင်းကို မှတ်ထားမယ်… နောက်ကိုးရက်ကြာရင် ရတနာလဲလှယ်ပွဲမှာ မင်းနဲ့ တွေ့ဆုံဖို့ ကျုပ်မျှော်လင့်တယ် ”
ထိုသို့ပြောပြီးနောက် သူက ခပ်ရေးရေး ပြုံးလိုက်ပြီး အင်္ကျီလက်ကို လှုပ်ခါလိုက်သည်။ သူက သီရှီထျန်ပေးသော ဝိုင်ဘူးသီးခြောက်ကို လက်ခံလိုက်ပြီး အနောက်လှည့်ကာ ထွက်သွားသည်။ သူက ပေါ့ပေါ့ပါးပါး ထွက်သွားသည်။ မျက်စိတစ်မှိတ်အတွင်းမှာ သူက မိစ္ဆာများကြားထဲ၌ ပျောက်ကွယ်သွားသည်။ မည်သည့်နေရာသို့ သူထွက်သွားကြောင်း မသိရပေ။