← Chapters

အခန်း (၃၄၃-၃၄၅)

Vol. 23 Ch. 343-345

အခန်း (၃၄၃-၃၄၅)

Vol. 23 Ch. 343-345

အခန်း(၃၄၃)

“ ရတနာလဲလှယ်ပွဲကို ကိုးရက်ကြာရင် ကျင်းပမှာလား ”

ယင်းကို သီရှီထျန်မြင်သောအခါ သူက ငွေဆံရှည်ကို တိတ်တဆိတ် မှတ်ထားလိုက်သည်။ သူက တီးတိုးရေရွတ်လိုက်သည်။

“ ကြည့်ရတာ ရတနာလဲလှယ်ပွဲမှာ ပစ္စည်းကောင်းတွေ အများကြီး ရှိလောက်တယ် ”

သူက ဦးနှောက်ကို အလုပ်ပေးလိုက်ပြီး အမြန်တွေးတောလိုက်သည်။ မျက်စိတစ်မှိတ်အတွင်းမှာ သူက တစ်စုံတစ်ခုကို နားလည်သွားသည်။ မီးခိုးလှိုင်းကျွန်းစုပေါ်တွင် မိစ္ဆာမျိုးနွယ်ဝင်အားလုံးကို လွတ်လပ်စွာ ပစ္စည်းလဲလှယ်ခွင့်ပေးထားသည်။ သို့ဆိုလျှင် ရတနာလဲလှယ်ပွဲကို မိစ္ဆာအားလုံး တတ်ရောက်နိုင်ရန် မည်သို့မှ မဖြစ်နိုင်ပေ။ ရတနာလဲလှယ်ပွဲအတွက် ကန့်သတ်ချက်တစ်ခု ရှိမည်။ ဥပမာ အမြူတေဓာတ်လုံး ဖွဲ့စည်းပြီးသော မိစ္ဆာများသာလျှင် ရတနာလဲလှယ်ပွဲကို တတ်ရောက်ခွင့်ရှိသည်။

မည်သို့ဖြစ်ပါစေ အမြူတေဓာတ်လုံး ဖွဲ့စည်းပြီးသော မိစ္ဆာများက အလွန်သန်မာကြသည်။ အကယ်၍ သူတို့က တစ်စုံတစ်ခု လိုအပ်မည်ဆိုလျှင် ယင်းတို့ကို သာမန်စုဝေးပွဲမှာ ရှာတွေ့နိုင်လိမ့်မည် မဟုတ်ချေ။ အကယ်၍ သူတို့က ပစ္စည်းများ လဲလှယ်ချင်သည်ဆိုလျှင် သူတို့နှင့် အဆင့်တူညီသော မိစ္ဆာများဖြင့်သာ လဲလှယ်ကြလိမ့်မည်။ ထို့ပြင် ရတနာလဲလှယ်ပွဲမှာ ရှားပါးရတနာများ သေချာပေါက် ထွက်ပေါ်လာလိမ့်မည်။

အမြူတေဓာတ်လုံး ဖွဲ့စည်းပြီးသော မိစ္ဆာများသည်ပင် ရတနာဟု သတ်မှတ်သော ပစ္စည်းများက မည်သို့သာမန်ဖြစ်နိုင်မည်နည်း။ ယင်းတို့က သေချာပေါက် ရှားပါးရတနာများ ဖြစ်ရမည်။

“ အဲ့ဒီလိုဆိုရင် ရတနာလဲလှယ်ပွဲကို သေချာပေါက် ငါတတ်ရမယ် ”

သီရှီထျန်က တစ်ခဏ စဉ်းစားလိုက်ပြီး သူ့ကိုယ်သူ ပြောသည်။

“ တကယ်လို့ ငါ့အထင်မမှားရင် ရတနာလဲလှယ်ပွဲမစတင်မီ တစ်ယောက်ယောက်က ငါ့ကို အထူးလာသတိပေးလောက်တယ်… ပြီးတော့ အဲ့ဒါက နောက်ကိုးရက်နေမှ… ဒီတော့ ငါ့မှာ အချိန်ကိုးရက်ရှိသေးတယ်… အလျင်လိုဖို့ မလိုပါဘူး… ဒီနေရာမှာ ရက်အနည်းငယ်လောက် ဝိညာဉ်ဝိုင်နဲ့ ငါဆက်လဲလှယ်ဦးမယ် ”

သူက ထိုကိစ္စကို အများကြီး တွေးမနေပေ။ ဝိညာဉ်ရတနာများကို ရနိုင်သရွေ့ မည်သည့်နေရာဖြစ်ပါစေ သူ့အတွက် အရေးမကြီးပေ။ ထို့ပြင် ရတနာလဲလှယ်ပွဲ စတင်ရန် အချိန်ကိုးရက်ကြာဦးလိမ့်မည်။ လောလောဆယ်အချိန်၌ အလျင်လိုရန် မလိုပေ။ ဝိညာဉ်ရတနာများကို စုဆောင်းရန်က သူ့အတွက် ပထမဦးစားပေး ဖြစ်သည်။ တခြားကိစ္စများကို နောင်မှ သူစဉ်းစားမည်။

“ ဟေး… အကိုလေး ”

သီရှီထျန် တစ်ယောက်တည်း အတွေးလွန်နေစဉ် အော်ခေါ်သံက သူ့နားထဲမှာ ရုတ်တရက် ပဲ့တင်ထပ်သွားသည်။ ယင်းက သူ့ကို ချက်ချင်း သတိပြန်ဝင်လာစေသည်။ သူက အမြန်ခေါင်းမော့လိုက်ပြီး ကြည့်လိုက်သည်။ ထိုအခါ သူ့မျက်လုံးက ဝင်းလက်သွားသည်။

အသက်နှစ်ဆယ်ခန့်ရှိသော မိန်းမလှတစ်ဦးက သူ့အရှေ့မှာ ရပ်နေကြောင်း သူမြင်တွေ့သွားသည်။ သူက ပိုးချည်မျှင်ဖြင့် ရက်လုပ်ထားသော ကိုယ်ကျပ်ဝတ်စုံကို ဝတ်ဆင်ထားလေရာ သူ၏ ခန္ဓာကိုယ်အလှက ထင်းခနဲ မြင်သာနေသည်။ ထို့ပြင် သူ၏ ရင်ဘက်က အရွယ်နှင့်မလိုက်အောင် အလွန်ဖွံ့ထွားသည်။

သူ၏ အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်သည့်အခါ မွှေးပျံ့သော ရနံ့တစ်မျိုးက ထွက်ပေါ်လာသည်။ ထိုရနံ့က သီရှီထျန်၏ နှာခေါင်းဝထဲသို့ ဝင်ရောက်သွားသည့်အခါ သူကြည်နူးသွားသည်။

ထိုမိန်းကလေးက မည်သည့်မျိုးနွယ်မှ ဖြစ်ပါစေ အလွန်လှပကြောင်း သူမဝန်ခံဘဲ မနေနိုင်ပေ။

သို့သော်လည်း သူ၏ လက်ရှိ အပြုအမူက သူ၏ အလှအပနှင့် လုံးဝ ခြားနားနေသည်။

သူက လက်တစ်ဖက်ကို ခါးပေါ်မှာ ထောက်ထားလျက် အခြားလက်တစ်ဖက်ဖြင့် သီရှီထျန်ကို လက်ညှိုးထိုးနေသည်။ သူက အလွန်ဆိုးသွမ်းသော မိန်းကလေးတစ်ယောက်ဖြစ်ဟန် ရ၏။

“ နင့်ရဲ့ ဝိညာဉ်ဝိုင်က အရမ်းကောင်းတယ်လို့ ငါသတင်းကြားတယ်… အဲ့ဒါက ရှားပါးရတနာဆိုပဲ… ငါလည်းပဲ အဲ့ဒါကို သောက်ချင်တယ်… အလောင်းအစားလုပ်ရအောင်… တကယ်လို့ ငါနိုင်ရင် ဒီက ဝိညာဉ်ဝိုင်အားလုံးက ငါ့အပိုင်ဖြစ်လာမယ်… ဟဲ ဟဲ… ပြီးသွားရင် အဲ့ဒီဝိုင်တွေကို ငါ့အဖေ မြည်းစမ်းနိုင်အောင် သယ်သွားရမယ် ”

မိန်းမပျိုလေးက သာယာချိုမြိန်သော အသံဖြင့် ပြောသည်။

“ ဘာပဲဖြစ်ဖြစ် ငါအလောင်းအစားလုပ်မယ် ”

“ အလောင်းအစားလုပ်မယ်လား ”

သီရှီထျန်၏ မျက်လုံးထဲမှာ အံ့ဩသော အရိပ်အယောင် ထွက်ပေါ်လာသည်။ သူက ထိုမိန်းမပျိုလေး၏ လှပသော ခန္ဓာကိုယ်ကို စုန်ချည်ဆန်ချည် အကဲခတ်ကြည့်လိုက်သည်။ တစ်ဖက်လူက တမူထူးခြားသော အရှိန်အဝါကို ထုတ်လွှတ်နေကြောင်း သူခံစားမိသည်။ ယင်းက သူ့ဘေးပတ်ဝန်းကျင်မှ သက်ရှိသက်မဲ့များကို ဖိအားခံစားရစေသည်။ ထိုဖိအားကို မိန်းမပျိုလေးက တမင်ထုတ်လွှတ်နေခြင်း မဟုတ်ပေ။ ယင်းအစား သူ့ခန္ဓာကိုယ်မှ သဘာဝအလျောက် ထွက်ပေါ်နေသည်။ ထို့ပြင် သူ၏ ကျင့်ကြံခြင်းအခြေခံက ငွေဆံရှည်နှင့်အတူတူပင်။ တစ်ဖက်လူ၏ ကျင့်ကြံခြင်းအဆင့်ကို သူထွင်းဖောက်မမြင်နိုင်ပေ။

သို့သော်လည်း စကားလုံးဖြင့် ဖော်မပြနိုင်သော ခံစားချက်က သူ့ရင်ထဲမှ ဖြစ်ပေါ်လာသည်။ ထိုသို့ထူးခြားပြီး ချောမောလှပသော မိန်းမပျိုးလေးက သူနှင့် အလောင်းအစားလုပ်ချင်သည်ဟု ပြောသည်။ ထိုသို့ထူးဆန်းသော ကိစ္စကို အတိတ်၌ တစ်ခါမှသူမကြုံဖူးပေ။

သို့သော်လည်း သူက မထူးမခြားနား အမူအရာဖြင့် ခေါင်းယမ်းလိုက်ပြီး ပြောသည်။

“ တောင်းပန်ပါတယ်… ကျုပ် ခင်ဗျားနဲ့ အလောင်းအစား မလုပ်နိုင်ဘူး… တကယ်လို့ ကျုပ်ရဲ့ ဝိညာဉ်ဝိုင်ကို ခင်ဗျားလိုချင်တယ်ဆိုရင် ဝိညာဉ်ရတနာတွေနဲ့ လဲလှယ်နိုင်ပါတယ် ”

“ မရဘူး ”

မိန်းမပျိုလေးက မျက်မှောင်ကြုတ်လိုက်ပြီး စိတ်ဓာတ်ပြတ်သားစွာ ငြင်းဆန်လိုက်သည်။ သူက ပြောသည်။

“ ဒီလောကမှာ ပျော်ရွှင်ရဆုံး ကိစ္စက လောင်းကစားပဲ… လောင်းကစားက အရမ်းစိတ်ဝင်စားဖို့ကောင်းတယ်… လောင်းကစားက အရှုံးနဲ့ အနိုင်ကို ခွဲခြားသတ်မှတ်ပေးတယ်… နင်ဘာပဲလိုချင်လိုချင် လောင်းကစားနဲ့ အရယူနိုင်တယ်… လောင်းကစားကပေးတဲ့ ပျော်ရွှင်မှုက အဆုံးမဲ့တယ်… ငါမွေးဖွားလာကတည်းက ငါလိုချင်တဲ့ အရာအားလုံးကို လောင်းကစားနဲ့ အရယူခဲ့တယ်… ဘယ်တုန်းကမှ အလဲအလှယ်မလုပ်ခဲ့ဘူး ”

လောင်းကစားအကြောင်း ပြောသည့်အခါ မိန်းမပျိုလေးက မျက်လုံးဝင်းလက်သွားပြီး စိတ်အားထက်သန်လာသည်။

“ နင့်ရဲ့ ဝိညာဉ်ဝိုင်ကို လောင်းကြေးအဖြစ် သတ်မှတ်ရအောင်… အဲ့ဒါကို ငါသဘောကျတယ်… ငါလိုချင်တယ်… အလောင်းအစား လုပ်ကြရအောင်… ငါအနိုင်ရတဲ့အခါ အဲ့ဒီဝိညာဉ်ဝိုင်က ငါ့အပိုင် ဖြစ်လာလိမ့်မယ်… အလောင်းအစားက ငါလိုချင်တာကို ဘာမှမပေးရဘဲ အရယူနိုင်စေလိမ့်မယ်… အဲ့လိုကစားရတာ အရမ်းပျော်ဖို့ ကောင်းတယ် ”

မိန်းမပျိုလေးက လေးနက်စွာ ပြောသည်။

“ ဒီနေ့ နင်ငါနဲ့ အလောင်းအစားလုပ်ရမယ်… မဟုတ်ရင်… ”

ထိုသို့ပြောနေစဉ် ဉာဏ်များသော အမူအရာက သူ့မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။

“ မဟုတ်ရင် ဘာဖြစ်မှာလဲ ”

သီရှီထျန်က မျက်မှောင်ကြုတ်လိုက်ပြီး သူ့စိတ်ထဲမှာ တီးတိုးရေရွတ်လိုက်သည်။

‘ ဘယ်လိုအရူးနဲ့ ငါလာတွေ့နေတာလဲ… သူ့ရဲ့ ကျင့်ကြံခြင်းက ငါ့ထက် ပိုမြင့်နေလို့ပေါ့… မဟုတ်ရင် စောစောကတည်းက ငါလှည့်ထွက်သွားတယ် ’

“ မဟုတ်ရင်… နင်ငါနဲ့ အလောင်းအစားမလုပ်မချင်း နင့်အနောက်ကို လိုက်ပြီး တွယ်ကပ်နေမယ် ”

မိန်းမပျိုလေးက ဂုဏ်ယူဝင့်ကြွားစွာ ပြောသည်။

“ ငါ အောင်းချင် တစ်ယောက်ယောက်နဲ့ အလောင်းအစားလုပ်ချင်ပြီဆိုရင် အဲ့ဒီလူ ကမ္ဘာမြေအဆုံးထိ ထွက်ပြေးသွားမယ်ဆိုရင်တောင် အနောက်ကနေ မရရအောင် ငါလိုက်မယ်… သူက ငါနဲ့ တစ်ကြိမ်တော့ အလုပ်အစားလုပ်ရမယ်… အို ငါသိပြီ ”

သူက စကားပြောနေရင်း တစ်စုံတစ်ခုကို နားလည်သဘောပေါက်သွားဟန် ရ၏။ သူက ယုံကြည်ချက်ရှိစွာ ပြောသည်။

“ ငါ့မှာ အလောင်းအစားလုပ်မယ့် ဘာပစ္စည်းမှမရှိမှာကို နင်စိုးရိမ်နေတာမလား… အဲ့ဒါကို စိတ်မပူပါနဲ့… ငါ အောင်းချင်က အလောင်းအစားကို တန်ဖိုးအထားဆုံးပဲ… နင် ဘာနဲ့ အလောင်းအစားလုပ်ချင်လဲ ငါ့ကိုပြောပါ… ငါပေးနိုင်တယ်… ဘယ်ရတနာကိုပဲဖြစ်ဖြစ် ငါအလောင်းအစားလုပ်နိုင်တယ် ”

သူက စကားပြောပြီးနောက် သူ၏ ခါးပေါ်မှာ ချိတ်ဆွဲထားသော ရောင်စုံအိတ်တစ်လုံးကို ဆွဲဖြုတ်လိုက်သည်။ သူက ရောင်စုံအိတ်ကို လက်ထဲမှာ ကိုင်ထားရင်း ပြုံးလိုက်သည်။

“ ငါ့ရဲ့ သိုလှောင်အိတ်ထဲမှာ ရတနာတွေအများကြီးပဲ ရှိတယ်… နင် သေချာကြည့်ပါ ”

သူက စကားပြောပြီးသည်နှင့်ချက်ချင်း သိုလှောင်အိတ်ထဲမှ ပစ္စည်းတစ်ခုပြီးတစ်ခုကို အပြင်သို့ ထုတ်လိုက်သည်။

ပုတီးစေ့အရွယ်အစားခန့်ရှိသော ပုလဲလုံးများက ထွက်ပေါ်လာသည်။ ပုလဲလုံးများပေါ်မှာ မသန့်စင်မှု တစ်စွန်းတစ်စမှ မရှိပေ။ ယင်းတို့က ဝိညာဉ်ချီကိုလည်း ထုတ်လွှတ်နေသည်။ နောက်ထပ် ပစ္စည်းတစ်ခုက သွေးနီရောင်သစ်ပင်တစ်ပင် ဖြစ်သည်။ သစ်ပင်သည် သုံးမီတာကျော်ရှည်လျားသည်။ သူက ဓမ္မရတနာအမျိုးမျိုး၊ မိုးမြေဝိညာဉ်ရတနာအမျိုးမျိုးနှင့် လက်နက်သန့်စင်ခြင်းသတ္ထုပစ္စည်းအမျိုးမျိုးကို အမှိုက်များသဖွယ် အိတ်ထဲမှ တစ်ခုချင်းထုတ်လိုက်သည်။ ယင်းတို့အားလုံးက လေထဲမှာ လွင့်မျောနေကြသည်။ မျက်စိတစ်မှိတ်အတွင်းမှာ မရေမတွက်နိုင်သော ရှားပါးရတနာများက သူ့အရှေ့မှာ တောင်ကုန်းအသေးစားတစ်ခုပမာ စုပုံသွားသည်။

“ ဝိုး… အဲ့ဒါက မီးခိုးလှိုင်းရေကန်ထဲက ညလင်းပုလဲလုံးတွေ မဟုတ်လား ”

“ ကြည့်စမ်း… ရတနာတွေက အများကြီးပဲ… ”

အောင်းချင်က ရတနာတစ်ခုပြီးတစ်ခု ထုတ်နေစဉ် မိစ္ဆာသားရဲအုပ်စုတစ်စုက သူတို့အနားသို့ ချဉ်းကပ်ရောက်လာကြသည်။ ရတနာများကို မြင်သွားသောအခါ သူတို့က အလန့််တကြား အော်ပြောလိုက်ကြသည်။ သူတို့က ထိုရတနာများထဲမှ တချို့ကို သိထားကြသည်။ သို့ဖြစ်၍ သူတို့က အံ့ဩသွားကြသည်။ ထိုမျှများပြားသော ရတနာများကို သိုလှောင်အိတ်တစ်ခုထဲမှ ထုတ်နေလေရာ ထိုရောင်စုံသိုလှောင်အိတ်က သာမန်အိတ်တစ်လုံးမဟုတ်ကြောင်း ထင်ရှားပေသည်။ ယင်းက ထိပ်တန်းအဆင့် သိုလှောင်အိတ် ဖြစ်သည်။ တချို့လူများက ယင်းကို စကြာဝဠာသိုလှောင်အိတ်ဟု ခေါ်ကြသည်။ စကြာဝဠာသိုလှောင်အိတ်သည် အလွန်အမင်း ကျယ်ဝန်းသည်။

အကယ်၍ သူသာ ဆန္ဒရှိမည်ဆိုလျှင် တောင်တစ်လုံးကိုပင် သိုလှောင်အိတ်ထဲသို့ ထည့်သွင်းနိုင်သည်။

သူ့အရှေ့မှ အမျိုးအစားစုံလင်သော ရတနာများကို မြင်လိုက်ရသောအခါ သီရှီထျန်၏ မျက်နှာအမူအရာက ချက်ချင်း ပြောင်းလဲသွားသည်။ ယင်းတို့ထဲမှ မည်သည့်ပစ္စည်းဖြစ်ပါစေ သို့မဟုတ် အပင်ဖြစ်ပါစေ ရှားပါးရတနာများ ဖြစ်ကြသည်။ ယင်းတို့က သူ့အား မဆွဲဆောင်နိုင်ဘူးဟု ပြောလျှင် လိမ်ညာရာကျလိမ့်မည်။ သို့သော်လည်း ထိုမိန်းမပျိုလေး၏ နာမည်ကို သူကြားလိုက်ရသောအခါ နှလုံးခုန်မြန်သွားသည်။

‘ အောင်းချင်… အောင်းဆိုတဲ့ နာမည်က နဂါးမျိုးနွယ်စုရဲ့ မျိုးနွယ်နာမည်ပဲ… ဒီနေရာမှာ မိစ္ဆာသားရဲတွေအများကြီးနဲ့ ပြည့်နှက်နေတယ်… ဒီနေရာက မီးခိုးလှိုင်းရေနဂါးမျိုးနွယ်ရဲ့ ပိုင်နက်ဖြစ်တယ်… ဖြစ်နိုင်တာက ငါ့အရှေ့က မိန်းကလေးက ဒဏ္ဍာရီလာ နဂါးတစ်ကောင်လား ’

သီရှီထျန်က ယင်းကို သေချာမပြောနိုင်သော်လည်း ဖြစ်နိုင်ခြေက အလွန်မြင့်မားသည်။ နဂါးမျိုးနွယ်စုမှမဟုတ်လျှင် သူ့အရှေ့မှ မိန်းကလေးက ထိုမျှမြင့်မားသော ကျင့်ကြံခြင်းကို မည်သို့ပိုင်ဆိုင်နိုင်မည်နည်း။ သို့သော်လည်း ခန့်မှန်းမှုက ခန့်မှန်းမှုမျှသာ ဖြစ်၏။ ယင်းကို သူ၏ မျက်နှာပေါ်မှာ မထုတ်ဖော်ပြပေ။

“ မင်း နောက်ထပ် ဆက်ထုတ်နေစရာမလိုတော့ဘူး… ငါ ရှင်းရှင်းပဲ ပြောလိုက်မယ်… အလောင်းအစား ဘယ်လိုလုပ်ရမယ်ဆိုတာ ငါမသိဘူး… ငါမင်းနဲ့ အလောင်းအစားလုပ်မှာ မဟုတ်ဘူး… မင်းက ကြွယ်ဝချမ်းသားတဲ့လူပဲ… မင်းဆီက ဘယ်ရတနာနဲ့မဆို ငါ့ရဲ့ ဝိညာဉ်ဝိုင်ကို လဲလှယ်နိုင်တယ်… ဘာလို့ အလောင်းအစားလုပ်ဦးမှာလဲ ”

သီရှီထျန်က အနည်းငယ် မျက်မှောင်ကြုတ်လိုက်ပြီး တည်ငြိမ်စွာ ပြောသည်။ သူ့နှလုံးသားထဲမှာလည်း ထူးဆန်းမှုကို ခံစားမိသွားသည်။ သေမျိုးလောကကို ကျော်လွန်သွားသော မိစ္ဆာပညာရှင်တစ်ယောက်က မည်သို့ကြောင့် အလောင်းအစားကို စွဲလန်းနေရသနည်း။ ယင်းက သာမန်ကိစ္စ မဟုတ်ပေ။

“ မရဘူး… အလောင်းအစားနဲ့ အနိုင်ရမှပဲ အဓိပ္ပာယ်ရှိတယ်… ဒါမှ ပျော်စရာကောင်းမှာ… မဟုတ်ရင် ပျင်းဖို့ ကောင်းနေလိမ့်မယ် ”

အောင်းချင်က နှုတ်ခမ်းဆူလိုက်ပြီး ထပ်ခါထပ်ခါ ခေါင်းခါလိုက်သည်။ ထို့နောက် သူက မျက်နှာဝင်းလက်သွားပြီး အလျင်စလို ပြောသည်။

“ နင်က ငါ့ရဲ့ စုဆောင်းမှုတွေကို အထင်သေးနေတာလား… ငါနင့်ကို ပြောလိုက်မယ်… ငါ့မှာ ရတနာကောင်းတွေ အများကြီးပဲ ရှိတယ်… ဒီမှာ ကြည့်… အဲ့ဒါက ‘ ရှန်းနုန်ဥယျာဉ်ပန်းချီကား ’… အဲ့ဒါကို ငါ့အသက်ဆယ်နှစ်မှာ အရှေ့ပင်လယ်က ငါ့ဦးလေးကို အနိုင်ယူပြီး ရလာခဲ့တာ… အဲ့ဒါက ပြိုင်စံရှားရတနာပဲ… နင်သဘောကျလား ကြည့်ကြည့် ”

သူက စကားပြောပြီးသည်နှင့် အဝါရောင်စာလိပ်တစ်လိပ်ကို သူ၏ စကြာဝဠာသိုလှောင်အိတ်ထဲမှ ထုတ်လိုက်သည်။

အခန်း(၃၄၄)

အောင်းချင်သည် အဝါရောင်စာလိပ်၏ ဆွဲဆောင်နိုင်မှုအပေါ် ယုံကြည်မှုအပြည့်ရှိဟန် ရသည်။ သူက စာလိပ်ကို ယုံကြည်မှုရှိစွာ ကိုင်ထားရင် ညင်ညင်သာသာ လှုပ်လိုက်သည်။ ချက်ချင်းဆိုသလိုပင် စာလိပ်က ဖြန့်သွားသည်။

စာလိပ်ဖြန့်သွားသည်နှင့်ချက်ချင်း စာလိပ်ထဲမှ မြင်ကွင်းက အပြင်လောကမှာ ထွက်ပေါ်လာသည်။

ထိုမြင်ကွင်းထဲတွင် သေးငယ်သော မြစ်တစ်စင်း၊ ရေကန်ငယ်တစ်ကန်အပြင် ခရမ်းရောင်ဝါးဖြင့် ဆောက်လုပ်ထားသော အိမ်တစ်လုံး ရှိသည်။ တောက်ပသော နေလုံးနှင့် လစန္ဒာက ကောင်းကင်ယံမှာ မြင့်မြင့် ချိတ်ဆွဲခံထားရသည်။ ကုန်းမြေသည် အရောင်အသွေးစုံလင်သည်။

စာလိပ်ထဲမှ မြင်ကွင်းသည် အလွန်စစ်မှန်ပုံပေါ်သည်။ အကြည့်တစ်ချက်ဖြင့်ပင် အလှအပအမျိုးမျိုးနှင့် လျှို့ဝှက်ဆန်းကြယ်မှုအမျိုးမျိုးကို ခံစားမိလိမ့်မည်။ တစ်စုံတစ်ယောက်သည် ယင်းကို စိုက်ကြည့်လိုက်သည့်အခါ သူ၏ အသိစိတ်က စာလိပ်ထဲသို့ စုပ်ယူခံရတော့မည့်အလား ခံစားမိသွားသည်။ ယင်းက အလွန်ထူးဆန်းသည်။

“ အဲ့ဒီစာလိပ်က ဘာလဲ… စာလိပ်ထဲက ဟာတွေက အစစ်အမှန်တွေလို့ ဘာလို့ ငါခံစားမိနေတာလဲ… ဘာတွေ ဖြစ်ကုန်တာလဲ ”

စာလိပ်ကို အချိန်တစ်ခဏကြာ စိုက်ကြည့်လိုက်သည့်အခါ နားလည်ရခက်ခဲသော စုပ်ယူအားက စာလိပ်ထဲမှာ ရုတ်တရက် ထွက်ပေါ်လာသည်။ ထိုစုပ်ယူအားက တစ်စုံတစ်ယောက်၏ အသိစိတ်ကို စာလိပ်ထဲသို့ စုပ်ယူနေသည်။ သီရှီထျန်သည်ပင် ချက်ချင်း အကြည့်လွှဲလိုက်ရသည်။ သို့မှသာ သူ၏ အသိစိတ်က ပုံမှန်ပြန်ဖြစ်သွားသည်။ အံ့ဩသော အကြည့်က သူ့မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။

“ အဲ့ဒီစာလိပ်က ဘာလဲ ”

ယင်းကို မသိသော်လည်း စူးစမ်းလိုသော ဆန္ဒက သူ့နှလုံးသားထဲမှာ ဖြစ်ပေါ်လာသည်။ ထို့ကြောင့် သူက မေးသည်။

သီရှီထျန်က သူ၏ စာလိပ်ကို စိတ်ဝင်စားနေကြောင်း အောင်းချင် ချက်ချင်း သိလိုက်သည်။ သီရှီထျန်၏ စိတ်ဝင်စားမှုကို ရရှိပြီဆိုလျှင် သူ၏ ရည်ရွယ်ချက် အောင်မြင်ရန် အလှမ်းဝေးတော့မည် မဟုတ်ချေ။ အမှန်မှာ သူက သီရှီထျန် ထိုသို့မေးလာမည်ကို တမင်စောင့်နေသည်။

ထို့ကြောင့် သီရှီထျန်၏ အမေးကို ကြားသောအခါ သူက ချက်ချင်း ပြန်ဖြေသည်။

“ ငါနင့်ကို ပြောပြမယ်… အဲ့ဒါက သာမန်စာလိပ်မဟုတ်ဘူး… အဲ့ဒါကို ‘ ရှန်းနုန်ဥယျာဉ်ပန်းချီကား ’လို့ခေါ်တယ်… စာလိပ်ထဲမှာ နင်မြင်နေရတာက ပုံရိပ်ယောင်မဟုတ်ဘူး… အစစ်အမှန် ဖြစ်တယ်… နားလည်လွယ်အောင် ပြောရရင် ဒီပန်းချီကားက သီးခြားနယ်မြေလွတ်တစ်ခု ဖြစ်တယ်… ဒါပေမဲ့ ‘ ရှန်းနုန်ဥယျာဉ်ပန်းချီကား ’က သာမန်နယ်မြေလွတ် မဟုတ်ဘူး… အဲ့ဒါက ကောင်းကင်ဘုံဥယျာဉ်တစ်ခုနဲ့ ဆင်တူတယ်… ပန်းချီကားထဲက မြေဆီလွှာက ငါးရောင်ခြယ်မြေဆီလွှာဖြစ်တယ်… အဲ့ဒါက ကောင်းကင်ဘုံကိုးခုမြေဆီလွှာထက် တစ်ဆင့်ပဲ နိမ့်တယ်… အဲ့ဒီမြေဆီလွှာမှာ ဘယ်လိုအပင်မျိုးကိုမဆို စိုက်ပျိုးနိုင်တယ်… ရေကန်ထဲက ရေက ဒြပ်စင်ငါးပါးသန့်စင်ရေ ဖြစ်တယ်… မြစ်က ကောင်းကင်ဘုံမြစ် ဖြစ်တယ်… ပန်းချီကားထဲက အစိတ်အပိုင်းအားလုံးက ပြိုင်စံရှားရတနာတွေ ဖြစ်တယ်… နင်က ဝိညာဉ်ရတနာတွေ လိုက်စုဆောင်းနေတာ မဟုတ်လား… ‘ ရှန်းနုန်ဥယျာဉ်ပန်းချီကား ’က ဘယ်လိုဝိညာဉ်အပင်ကိုမဆို ပျိုးထောင်ပေးနိုင်တယ်… ဒီပန်းချီကားကို လောင်းကြေးအဖြစ် ငါသတ်မှတ်တယ်… အခု နင်ငါနဲ့ အလောင်းအစားလုပ်ဖို့ သဘောတူပြီလား ”

အောင်းချင်သည် သူ့လက်ထဲမှ ‘ ရှန်းနုန်ဥယျာဉ်ပန်းချီကား ’ကို အလွန်ယုံကြည်မှုရှိသည်။ သီရှီထျန်က မိုးမြေဝိညာဉ်ရတနာအမျိုးမျိုးကို စုဆောင်းနေကြောင်း သူမြင်သည်။ သူက ဝိညာဉ်ရတနာများကို သဘောကျမှတော့ ဝိညာဉ်ဆေးပင်များကို ပျိုးထောင်ပေးနိုင်သော ‘ ရှန်းနုန်ဥယျာဉ်ပန်းချီကား ’ကို စိတ်မဝင်စားဘဲ နေနိုင်လိမ့်မည်မဟုတ်ချေ။

အမှန်တကယ်ပင် သူ၏ ခန့်မှန်းချက်က မမှားပေ။ ထိုပန်းချီကားက မိုးမြေကြားမှ အပင်အမျိုးမျိုးကို စိုက်ပျိုးနိုင်ကြောင်း ကြားလိုက်သောအခါ သီရှီထျန်က ရုတ်တရက် မျက်လုံးဝင်းလက်သွားသည်။ သူက အံ့ဩသွားပြီး စိတ်ထဲမှာ တွေးလိုက်သည်။

‘ အဲ့ဒါက ပန်းဥယျာဉ်နဲ့ ဆင်တူတဲ့ အဖိုးတန်ရတနာများလား… အဲ့ဒီလိုအရာမျိုးကို အရင်က တစ်ခါမှ ငါမကြားဖူးဘူး… သူပြောတာသာ အမှန်ဆိုရင် ရှန်းနုန်ဥယျာဉ်ပန်းချီကားကို ငါပိုင်ဆိုင်သွားမယ်ဆိုရင် ဝိညာဉ်အပင်တွေကို အဲ့ဒီထဲမှာ စိုက်ပျိုးနိုင်လိမ့်မယ်… ဒါဆိုရင် ဝိညာဉ်အပင်တွေ ပြတ်လပ်သွားမှာကို ငါစိုးရိမ်ဖို့မလိုတော့ဘူး ’

သို့သော်လည်း သီရှီထျန်က သေချာအောင် မေးလိုက်သည်။

“ ပန်းချီကားထဲမှာ ဘယ်လိုလုပ် ဥယျာဉ်တစ်ခု ရှိနိုင်တာလဲ ”

“ နင်မသိတာနဲ့ ဒီလောကမှာ အဲ့ဒီလိုဟာ မရှိနိုင်တာ မဟုတ်ဘူး ”

သီရှီထျန်၏ ယုံကြည်မှုကို ရရှိရန် အောင်းချင်က သေချာရှင်းပြသည်။

“ ငါ့ဦးလေး ပြောတာတော့ ဒီရှန်းနုန်ဥယျာဉ်ပန်းချီကားက ရှေးခေတ်ကနေ အဆင့်ဆင့် လက်ဆင့်ကမ်းလာခဲ့တဲ့ ပြိုင်စံရှားရတနာ ဖြစ်တယ်… ရှေးခေတ်မှာ အထွတ်အထိပ် ပညာရှင်တစ်ပါးက လောကသစ်ပင်ရဲ့ မျိုးစေ့ကို ရှန်းနုန်ဥယျာဉ်အဖြစ် ပြောင်းလဲပစ်ခဲ့တယ်… အဲ့ဒီနောက် သူက ငါးရောင်ခြယ်မြေဆီလွှာကို ဥယျာဉ်အတွက် မြေကြီးအဖြစ် အသုံးပြုခဲ့တယ်… သူက ကောင်းကင်ဘုံကိုးခုက ကောင်းကင်ဘုံရေကို ဖမ်းယူပြီး မြစ်တစ်စင်းအဖြစ် ပြောင်းလဲပစ်ခဲ့တယ်… သူက ဒြပ်စင်ငါးမျိုးသလင်းကျောက်တွေကို စုဆောင်းပြီး ဒြပ်စင်ငါးပါးရေကန်ကို ဖန်တီးခဲ့တယ်… အဲ့ဒီနောက် သူက နေနဲ့လရဲ့ အနှစ်သာရတွေကို ယူဆောင်ပြီး ပန်းချီကားထဲမှာ နေနဲ့လကို ဖန်တီးခဲ့တယ်… ဖန်တီးမှုက နောက်ဆုံးမှာ ကျရှုံးသွားတယ်ဆိုပေမဲ့ ပြိုင်စံရှားရတနာတစ်ခု ဖြစ်နေတုန်းပဲ… ဒီလောကမှာ ဒီလိုရတနာက အရေအတွက်အနည်းငယ်ပဲ ရှိတယ် ”

မြေကြီးအတွက် ငါးရောင်ခြယ်မြေဆီလွှာကို အသုံးပြုပြီး မြေတစ်စင်းဖန်တီးရန် ကောင်းကင်ဘုံကိုးခုမှ ကောင်းကင်ဘုံရေကို ဖမ်းယူခဲ့သည်။ ထို့ပြင် ဒြပ်စင်ငါးမျိုးသလင်းကျောက်များဖြင့် ရေကန်တစ်ကန်ကို ဖန်တီးခဲ့ပြီး နေနှင့်လ၏ အနှစ်သာရကိုလည်း ပန်းချီကားထဲမှာ ထည့်သွင်းခဲ့သည်။

ယင်းကို ကြားသောအခါ သီရှီထျန် အံ့ဩသွားသည်။ လက်ရှိ သူ၏ ကျင့်ကြံခြင်းစွမ်းအားဖြင့်ဆိုလျှင် ထိုသို့စွမ်းဆောင်ရည်က အိမ်မက်တစ်ခုထက် မပိုနိုင်ပေ။ အောင်းချင်၏ ရှင်းပြမှုကို ကြားပြီးနောက် ထိုပြိုင်စံရှားရတနာက မည်မျှတန်ဖိုးကြီးမားကြောင်း သူနားလည်သွားသည်။

ထို့ပြင် ယင်းက ဖန်တီးမှု ကျရှုံးသွားခဲ့သော ရတနာဖြစ်သည်။ အကယ်၍ ဖန်တီးမှုသာ အောင်မြင်သွားမည်ဆိုလျှင် ထိုရတနာက မည်သို့ဖြစ်သွားမည်နည်း။ ဤအခိုက်အတန့်မှာ သူက ‘ ရှန်းနုန်ဥယျာဉ်ပန်းချီကား ’ကို လိုချင်တပ်မက်လာသည်။

“ ဘယ်လိုလဲ… အခု နင်ငါနဲ့ အလောင်းအစားလုပ်ချင်ပြီမလား… နင် ငါနဲ့ အလောင်းအစားလုပ်ဖို့ သဘောတူတယ်ဆိုရင် ဒီရှန်းနုန်ဥယျာဉ်ပန်းချီကားကို လောင်းကြေးအဖြစ် ငါသတ်မှတ်မယ် ”

အောင်းချင်သည် သူ့လက်ထဲမှ ပန်းချီစာလိပ်ကို လှုပ်လိုက်ပြီး နူးညံ့သော အသံဖြင့် ပြောသည်။

“ လောင်းမယ် ”

သီရှီထျန်က တုံ့ဆိုင်းမနေဘဲ ပြောသည်။ သူ၏ လေသံက အလွန်အမင်း တည်ကြည်လေးနက်သည်။ ဤသည်မှာ သူက ဆုံးဖြတ်ချက်ပြတ်ပြတ်သားသား ချလိုက်သည့်အလားပင်။ တစ်ချိန်တည်းမှာ သူက နောက်ထပ် တောင်းဆိုမှုတစ်ခုကို ပြုလုပ်လိုက်သည်။

“ ဒါပေမဲ့ ဘယ်လိုအလောင်းအစားလုပ်မလဲဆိုတာ ငါပဲ ဆုံးဖြတ်မယ် ”

သီရှီထျန်သည် ကိုယ့်ကိုယ်ကိုယ် ကောင်းကောင်း နားလည်သည်။ သူသည် လောင်းကစားနှင့်ပတ်သက်၍ ကျွမ်းကျင်မှုမရှိပေ။ ဤဘဝမှာဖြစ်စေ သို့မဟုတ် အတိတ်ဘဝမှာဖြစ်စေ လောင်းကစားကို သူမပြုလုပ်ခဲ့ပေ။ ဆန့်ကျင်ဘက်အနေဖြင့် သူ့အရှေ့မှ မိန်းမပျိုလေးက လောင်းကစားပညာရှင်ဖြစ်ကြောင်း သူပြောနိုင်သည်။ ထို့ကြောင့် သူဆယ်ယောက်ရှိလျှင်ပင် အောင်းချင်ကို အနိုင်ယူနိုင်လိမ့်မည် မဟုတ်ချေ။ ထို့ကြောင့် ဤအလောင်းအစားကို သူအနိုင်ရချင်သည်ဆိုလျှင် ဖြတ်လမ်းနည်းတစ်ခု ရှာရမည်။

“ ကောင်းတယ်… အဲ့လိုပွင့်လင်းတာကို သဘောကျတယ် ”

သီရှီထျန် သဘောတူလိုက်ကြောင်း မြင်သောအခါ အောင်းချင်က မျက်လုံးဝင်းလက်သွားသည်။ သူက တုံ့ဆိုင်းမနေဘဲ ပြောသည်။

“ နင် ငါနဲ့ အလောင်းအစားလုပ်သရွေ့ အဆင်ပြေတယ်… ဘယ်လိုအလောင်းအစားပဲ လုပ်ရလုပ်ရ ငါ့အတွက် ကိစ္စမရှိဘူး… ငါယုံကြည်ထားတာက လောင်းကစားက ဒီလောကမှာ ပျော်ရွှင်စရာအကောင်းဆုံး ကိစ္စပဲ… နင် ဘယ်လိုအလောင်းအစားလုပ်ချင်လဲ ပြောပါ ”

သူက သီရှီထျန်ကို စိတ်လှုပ်ရှားစွာ ကြည့်လိုက်သည်။ သူ့လက်ကို ဝှေ့ယမ်းလိုက်သည့်အခါ ရှန်းနုန်ဥယျာဉ်ပန်းချီကားနှင့် တခြားရတနာများက သူ၏ စကြာဝဠာသိုလှောင်အိတ်ထဲသို့ ပြန်ဝင်သွားကြသည်။

“ နင် ငါ့ကို မီးခိုးလှိုင်းကျွန်းစုပေါ်မှာ တစ်နာရီအတွင်း မရှာနိုင်ဘူးလို့ ငါလောင်းမယ် ”

သီရှီထျန်က သူ့ဦးနှောက်ကို အမြန်အလုပ်ပေးလိုက်ပြီးလျှင် တည်ကြည်လေးနက်စွာ ပြောသည်။ သူက အလွန်ဉာဏ်ကောင်းလေရာ သူ့အတွက် အားသာချက်ရှိသော အခြေအနေကို အချိန်တိုလေးအတွင်းမှာ ရှာတွေ့သွားသည်။

“ ငါ့ကို အမွှေးတိုင်တစ်တိုင်စာ အချိန်ပေးပါ… အဲ့ဒီအချိန်အတွင်း မီးခိုးလှိုင်းကျွန်းစုရဲ့ တစ်နေရာရာမှာ ငါပုန်းအောင်းနေမယ်… ကျွန်းစုအပြင်ကို ငါထွက်သွားရင် ငါရှုံးတယ်… တကယ်လို့ ကျွန်းစုအတွင်းမှာ ငါရှိနေပြီး တစ်နာရီအတွင်း မင်းငါ့ကို မရှာဖွေနိုင်ဘူးဆိုရင် ငါအနိုင်ရလိမ့်မယ်… မင်း ဘယ်လိုသဘောရလဲ ”

ထိုသို့အလောင်းအစားသည် ပုံမှန်မဟုတ်ပေ။ သို့သော်လည်း သူ၏ ပြိုင်ဘက်က သာမန်ပုဂ္ဂိုလ်မဟုတ်ကြောင်း စက်ကရာ သိသည်။ ထိုသူက လောင်းကစားကို ရူးသွပ်နေသောသူ ဖြစ်သည်။ သာမန်အလောင်းအစားဖြင့်ဆိုလျှင် အောင်းချင်ကို သူအနိုင်ရလိမ့်မည်မဟုတ်ချေ။

“ မီးခိုးလှိုင်းကျွန်းစုပေါ်မှာ နင်က ပုန်းမယ်… ငါက နင့်ကို လိုက်ရှာရမယ် ”

ယင်းကို အောင်းချင်ကြားသောအခါ ထူးဆန်းသော အလောင်းအစားကြောင့် သူမအံ့ဩသွားပေ။ သူက ပြုံးလိုက်ပြီး ပြောသည်။

“ ဒီအလောင်းအစားက အတော်လေး စိတ်ဝင်စားဖို့ ကောင်းတယ်… ကောင်းပြီ… နင်ပြောတဲ့အတိုင်း အလောင်းအစားလုပ်ကြမယ်… တစ်နာရီအတွင်း ငါနင့်ကို မရှာဖွေနိုင်ဘူးလို့ ငါမယုံဘူး ”

ထိုသို့ထူးဆန်းသော အလောင်းအစားကို သူစိတ်ဝင်စားသည်။ ထို့ကြောင့် သူက တုံ့ဆိုင်းမနေဘဲ သဘောတူလိုက်သည်။

အလောင်းအစားနှင့် လောင်းကြေးကို အတည်ပြုပြီးသွားနောက် အောင်းချင်က သူ၏ စကြာဝဠာသိုလှောင်အိတ်ထဲမှ ရွှေဇလုံတစ်လုံးကို ထုတ်လိုက်သည်။ ထိုဇလုံကို စကြာဝဠာဇလုံဟု ခေါ်သည်။ သူက ဇလုံကို ကောင်းကင်ပေါ်သို့ ပစ်လွှတ်လိုက်သည်။ မျက်စိတစ်မှိတ်အတွင်းမှာ ဇလုံက မီးခိုးလှိုင်းကျွန်စု၏ ကောင်းကင်ပေါ်တွင် ထွက်ပေါ်လာပြီး အောက်သို့ မှောက်လိုက်သည်။

ရွှေရောင်အလင်းတန်းအမျှင်များက ဇလုံထဲမှ ထွက်ပေါ်လာပြီး မီးခိုးလှိုင်းကျွန်းစုတစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။

သူ၏ လုပ်ဆောင်မှုက အဓိပ္ပာယ်မရှိသောအရာ မဟုတ်ပေ။ သူက စကြာဝဠာဇလုံကို အသုံးပြု၍ ကျွန်းစုပေါ်မှာ အတားအဆီးတစ်ခု ခင်းကျင်းလိုက်ခြင်း ဖြစ်သည်။

ထိုနည်းဖြင့်ဆိုလျှင် အလောင်းအစား စတင်သည့်အခါ မည်သူမှ မီးခိုးလှိုင်းကျွန်းစုထဲမှ ထွက်သွားနိုင်တော့မည်မဟုတ်ချေ။ ယင်းက အလောင်းအစားကို တရားမျှတစေလိမ့်မည်။

အောင်းချင်၏ လုပ်ဆောင်မှုက ကျွန်းစုပေါ်မှ မိစ္ဆာပညာရှင်များ၏ သတိထားမှုမှ မလွတ်မြောက်ခဲ့ပေ။ တည်းခိုဆောင်များတွင် တရားထိုင်နေကြသည့် အသွင်သဏ္ဍာန်ပြောင်းလဲပြီးသော မိစ္ဆာများသည် ရုတ်တရက် မျက်လုံးဖွင့်လိုက်ကြသည်။ သူတို့က အနီးနားမှ မိစ္ဆာသားရဲများကို မေးမြန်းလိုက်ကြလေရာ ကျွန်းစုပေါ်မှာ အလောင်းအစားတစ်ခု ပြုလုပ်နေကြောင်း သိသွားကြသည်။ သူတို့က အံ့ဩသွားကြပြီး တည်းခိုဆောင်အပြင်ဘက်သို့ ထွက်သွားကြသည်။ သူတို့က ထိုအလောင်းအစားကို စိတ်ဝင်စားကြသည်။

“ စိတ်ဝင်စားစရာပဲ… တကယ် စိတ်ဝင်စားစရာပဲ… မီးခိုးလှိုင်းရေနဂါးကလန်က မင်းသမီးအောင်းချင်နဲ့ အမြူတေဓာတ်လုံး ဖွဲ့စည်းထားပြီးတဲ့ မိစ္ဆာဘုရင်သီရှီထျန်တို့ အလောင်းအစားလုပ်ကြပြီ… ဒီတစ်ခေါက်မိစ္ဆာစုဝေးပွဲမှာ အဲ့လိုစိတ်ဝင်စားဖို့ကောင်းတဲ့ ပွဲတစ်ခု ရှိလာမယ်လို့ ငါမမျှော်လင့်ထားဘူး ”

ဤအခိုက်အတန့်မှာ မီးခိုးလှိုင်းကျွန်းစု၏ တောင်ကုန်းတစ်ခုပေါ်တွင် ပုဂ္ဂိုလ်တစ်ယောက် မတ်တတ်ရပ်နေသည်။ တောင်ကုန်း၏ ထိပ်ဖျားက ပြားချပ်နေလေရာ တစ်စုံတစ်ယောက်က ဓားဖြင့် ပိုင်းဖြတ်ထားဟန် ရ၏။ ထိုပုဂ္ဂိုလ်သည် ငွေရောင်အဝတ်အစားကို ဝတ်ဆင်ထားပြီး သူ့လက်ထဲမှာ ဝိုင်ဘူးသီးခြောက်တစ်ခုကို ကိုင်ထားသည်။

သူက ဘူးသီးခြောက်ကို ညင်သာစွာ လှုပ်ယမ်းလိုက်ပြီး သူ့ပါးစပ်ထဲသို့ လောင်းထည့်လိုက်သည်။ သူက ဝိုင်ကို ဖြည်းဖြည်းချင်း အရသာခံလိုက်သည်။

သူ့အနောက်တွင် အစေခံတစ်ယောက်ကဲ့သို့ ဝတ်ဆင်ထားသော မိန်းကလေးငယ်တစ်ဦး ရှိသည်။ မိန်းကလေးသည် ကျောက်စိမ်းဖြင့် ထုဆစ်ဖန်တီးထားသည့်အလား ဖြူဖွေးပြီး ချစ်စရာကောင်းသည်။ သူက အသက်ရှစ်နှစ်ကိုးနှစ်ခန့်သာ ရှိသေး၏။ သူ၏ သေးငယ်သော လက်ထဲမှာ ရိုးရှင်းသော ဓားရှည်တစ်လက်ကို ဆုပ်ကိုင်ထားသည်။ သူက ငွေရောင်ဆံပင်နှင့် အမျိုးသား၏ အနောက်မှာ ရိုသေလေးစားစွာ ရပ်နေသည်။ မိန်းကလေးသည် အမှန်တကယ် ချစ်စဖွယ်ကောင်းသည်။ မည်သူမဆို သူ့ကို တစ်ချက်ကြည့်လိုက်ရုံဖြင့် ချစ်ခင်သဘောကျသွားလိမ့်သည်။

သူအရွယ်ရောက်လာသည့်အခါ သေချာပေါက် ပြိုင်စံရှားအလှပိုင်ရှင်တစ်ယောက် ဖြစ်လာလိမ့်မည်။

ငွေရောင်ဆံပင်နှင့် အမျိုးသား၏ စကားကို ကြားသောအခါ မိန်းကလေးက ကလေးဆန်သော အသံဖြင့် ပြောသည်။

“ ဦးလေး… အဲ့ဒီမှာ ဘာကြည့်စရာရှိလို့လဲ… သူက အမြူတေဓာတ်လုံး ဖွဲ့စည်းထားတဲ့ ကျားတစ်ကောင်ထက် မပိုပါဘူး… ယုအာက သူ့ထက် အများကြီး ပိုသန်မာတယ်… ယုအာက အသက်ရှစ်နှစ်ပဲ ရှိသေးပြီး မွေးကတည်းက အမြူတေဓာတ်လုံး ဖွဲ့စည်းနိုင်ခဲ့တယ်… သူတို့ရဲ့ အလောင်းအစားက တူတူပုန်းတမ်းကစားနည်းပဲ… ဘယ်လောက်ပျင်းစရာကောင်းလိုက်လဲ ”

စကားပြောနေစဉ် မိန်းကလေး၏ မျက်နှာပေါ်မှာ အထင်သေးရှုံ့ချသော အမူအရာ ထွက်ပေါ်လာသည်။ သူက ထိုသို့အလောင်းအစားကို အထင်သေးနေဟန် ရ၏။

“ ဟား ဟား… ယုအာ သမီးရဲ့ မွေးဖွားမှုက ထူးခြားဆန်းကြယ်တယ်… သမီးက မွေးရာပါပါရမီနဲ့ မွေးဖွားလာပြီး အမြူတေဓာတ်လုံးကို ဖွဲ့စည်းနိုင်ခဲ့တယ်… သမီးရဲ့ စမှတ်က တခြားမိစ္ဆာသားရဲတွေ သူတို့ဘဝတစ်လျှောက် တစ်ခါမှမရောက်နိုင်တဲ့ အရာပဲ ”

ငွေဆံရှည်က ယုအာဟူသော မိန်းကလေးကို ချစ်ခင်ကြင်နာစွာ ကြည့်လိုက်ပြီး သူ့ခေါင်းကို ညင်သာစွာ ပုတ်လိုက်သည်။

အခန်း(၃၄၅)

ငွေဆံရှည်၏ ချီးကျူးစကားကို ကြားသောအခါ ယုအာက ဝမ်းသာပျော်ရွှင်သွားသည်။

“ သမီးရဲ့ စမှတ်က မြင့်မားတယ်ဆိုပေမဲ့ တခြားမိစ္ဆာတွေအပေါ် အထင်မသေးရဘူး… ပြီးတော့ ကိုယ့်ကိုယ်ကိုယ် ဘဝမမြင့်ရဘူး… မြင့်မားတဲ့ စမှတ်က အခြေခံအုတ်မြစ်တစ်ခုထက် မပိုဘူး… အမှန်ဆိုရင် ဦးလေးက သမီးကို မြင့်မားတဲ့ စမှတ်နဲ့ မစတင်စေချင်ဘူး ”

“ သမီးကို တခြားမိစ္ဆာတွေလို ဝိညာဉ်သားရဲနယ်ပယ်ကနေ အမြူတေဖွဲ့စည်းခြင်းနယ်ပယ်အထိ တစ်ဆင့်ပြီးမှတစ်ဆင့် အဆင့်တတ်လှမ်းစေချင်တယ်… ဘာကြောင့်လဲဆိုတော့ အမြူတေဖွဲ့စည်းခြင်းနယ်ပယ်ရဲ့ အထက်အဆင့်တွေက သမီးရဲ့ စိတ်ခွန်အားကို စမ်းသပ်မှာဖြစ်လို့ပဲ… တစ်စုံတစ်ယောက်ရဲ့ စိတ်ခွန်အားက အလုံအလောက် မသန်မာရင် နောက်ပိုင်းအဆင့်တွေကို ချိုးဖြတ်ဖို့ လွယ်ကူမှာမဟုတ်ဘူး… ဘာလိုအခက်အခဲပဲရှိပါစေ ငါသေချာပေါက် ဖြတ်ကျော်နိုင်ရမယ်လို့ တွေးထားမှပဲ နယ်ပယ်အသစ်ကို တတ်လှမ်းနိုင်လိမ့်မယ် ”

ငွေဆံရှည်က စိတ်ရှည်ရှည်ဖြင့် ရှင်းပြသည်။

“ ယုအာ… ဦးလေးပြောတဲ့ စကားကို သေချာမှတ်ထားပါ… သာမန်တိရိစ္ဆာန်တစ်ကောင်ကနေ အမြူတေဓာတ်လုံးဖွဲ့စည်းပြီး မိစ္ဆာဖြစ်လာတဲ့ ပုဂ္ဂိုလ်တိုင်းက သာလွန်ထူးခြားကြတယ်… ဘာလို့လဲဆိုတော့ သာမန်ပုဂ္ဂိုလ်တွေက အဲ့ဒီလိုမစွမ်းဆောင်နိုင်ကြဘူး… သူတို့တစ်ယောက်စီက အဲ့ဒီနယ်ပယ်ကို ရောက်ဖို့ မရေမတွက်နိုင်တဲ့ အခက်အခဲတွေနဲ့ စိန်ခေါ်မှုတွေကို ဖြတ်ကျော်ခဲ့ကြရတယ်… သူတို့ရဲ့ စိတ်ခွန်အားက အရမ်းသန်မာပြီး သူတို့ရဲ့ အနာဂတ်အလားအလာက အရမ်းကြီးမားတယ်… သူတို့က ဘယ်လိုအခက်အခဲပဲလာပါစေ ရင်ဆိုင်ဖို့ စိတ်ပြင်ဆင်ထားကြပြီးသား ဖြစ်တယ်… ဒါပေမဲ့ သမီးမှာတော့ အဲ့ဒီလိုအတွေ့အကြုံမျိုး မရှိဘူး ”

ယင်းကို မိန်းကလေး ကြားသောအခါ သူ၏ မျက်နှာက ဆူပုပ်သွားသည်။ သို့သော်လည်း နောက်အခိုက်အတန့်မှာ သူက လေးနက်စွာ တွေးတောလိုက်ပြီး တစ်စုံတစ်ခုကို နားလည်သွားသည်။

တစ်ယောက်က မွေးကတည်းက အမြူတေဓာတ်လုံးပါလာသူဖြစ်ပြီး အခြားတစ်ယောက်က အမြူတေဓာတ်လုံးဖွဲ့စည်းရန် အောက်ဆုံးမှ တစ်ဆင့်ပြီးတစ်ဆင့် ကြိုးစားလာခဲ့သူ ဖြစ်သည်။ အကယ်၍ သူတို့နှစ်ယောက်သာ နယ်ပယ်တူမှာ တိုက်ခိုက်ကြမည်ဆိုလျှင် မည်သူက အနိုင်ရသွားမည်ဖြစ်ကြောင်း ခန့်မှန်းနိုင်ပေသည်။

မိန်းကလေးက တစ်ယောက်တည်း အတွေးနက်နေပြီး သူ့စကားကို အလေးအနက်ထားကြောင်း ငွေဆံရှည် မြင်သွားသည်။ ထို့ကြောင့် သူက စိတ်သက်သာရာရစွာ ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူက တောင်ကုန်းအောက်ကို ငုံ့ကြည့်လိုက်ပြီး လေးနက်စွာ ပြောသည်။

“ ယုအာ… ဒီဟာကို သာမန်တူတူပုန်းတမ်းကစားနည်းလို့ မအောက်မေ့လိုက်နဲ့… ဒီအလောင်းအစားက ဘာမှမထူးခြားဘူးလို့ ထင်ရပေမဲ့ တကယ်တမ်းတော့ အဲ့ဒါက တစ်ယောက်နဲ့တစ်ယောက် ပညာပြိုင်တာဖြစ်တယ်… တမူထူးခြားတဲ့ အတတ်ပညာကို မတတ်ကျွမ်းထားရင် သေးငယ်တဲ့ ဒီမီးခိုးလှိုင်းကျွန်းစုပေါ်မှာ ပုန်းအောင်းဖို့ဆိုတာ မလွယ်ကူဘူး… အဲ့ဒီလိုပဲ သေချာပုန်းအောင်းနေတဲ့ လူကို ရှာဖွေဖို့ဆိုတာလည်း ခက်ခဲတယ် ”

ယုအာဟုခေါ်ဆိုသော မိန်းကလေးသည် ငွေဆံရှည်၏ စကားကို ကြားပြီးနောက် တောင်ကုန်းအောက်သို့ ကြည်လိုက်သည်။

ထိုအခိုက်အတန့်မှာ တောင်ကုန်းအောက်တွင် သီရှီထျန်နှင့် အောင်းချင်၏ ယှဉ်ပြိုင်ပွဲက စတင်နေပြီ ဖြစ်၏။

ဈေးဆိုင်ကို သိမ်းပြီးနောက် သီရှီထျန်သည် တုံ့ဆိုင်းမနေဘဲ ထွက်သွားသည်။ သူ၏ အတွေးတစ်ချက်ကြောင့် မိစ္ဆာလေက သူ၏ ခြေထောက်အောက်မှာ ထွက်ပေါ်လာသည်။ မိစ္ဆာလေသည် ကျွန်းစုပေါ်မှ ထူထဲသော တောအုပ်တစ်ခုထဲသို့ သူ့အား သယ်ဆောင်သွားသည်။ သူ့မှာ ပုန်းအောင်းရန် မိနစ်သုံးဆယ်အချိန်ရှိသည်။

“ ရှန်းနုန်ဥယျာဉ်ပန်းချီကား… အဲ့ဒါက ရှားပါးရတနာတစ်ခုပဲ… အဲ့ဒါက ငါ့အတွက် အရမ်းအသုံးဝင်တယ်… အဲ့ဒါကို ငါရမှ ဖြစ်မယ် ”

တောအုပ်ထဲသို့ ဝင်ရောက်ပြီးနောက် သီရှီထျန်က ဘေးဘီကို စစ်ဆေးကြည့်လိုက်သည်။ ဆုံးဖြတ်ချက်ပြတ်သားသော အကြည့်က သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ ရှန်းနုန်ဥယျာဉ်ပန်းချီကားက တခြားလူများအတွက် ဆွဲဆောင်မှုရှိချင်မှရှိမည်။ သို့သော်လည်း သူအတွက်တော့ ထိုသို့မဟုတ်ပေ။

ရှန်းနုန်ဥယျာဉ်ပန်းချီကားက သူ့အား ကြီးမားသော မျှော်လင့်ချက်ကို ပေးသည်။

မိုးမြေကြားမှ ရှားပါးဝိညာဉ်အပင်များကို မူလနေရာမှ ဆွဲနုတ်လိုက်မည်ဆိုလျှင် ယင်း၏ ရှင်သန်ကြီးထွားမှုက ရပ်တန့်သွားလိမ့်မည်။ အကယ်၍ သူက ယင်းတို့ကို ကျောက်စိမ်းသေတ္တာထဲမှာ ထည့်သိမ်းထားမည်ဆိုလျှင်ပင် ယင်းတို့၏ မူလအာနိသင်သာ ဆက်လက် ရှိနေလိမ့်မည်။ သို့သော်လည်း အပင်က နောက်ထပ် ကြီးထွားလာလိမ့်မည် မဟုတ်ချေ။ ဝိညာဉ်အပင်များကို စိုက်ပျိုးခြင်းနှင့် ပျိုးထောင်ပေးခြင်းက အလွန်ခက်ခဲသောအရာ ဖြစ်သည်။ ဆယ်ကြိမ်ကြိုးစားလျှင်ပင် တစ်ကြိမ်အောင်မြင်ရန် ခက်ခဲပေသည်။ အဘယ့်ကြောင့်ဆိုသော် ဝိညာဉ်အပင်များ ရှင်သန်ကြီးထွားရန် တမူထူးခြားသော မြေဆီလွှာနှင့် ပတ်ဝန်းကျင်ကို လိုအပ်သည်။

ရှန်းနုန်ဥယျာဉ်ပန်းချီကားထဲမှ မြေကြီးသည် ငါးရောင်ခြယ်မြေဆီလွှာ ဖြစ်သည်။ ယင်းက ဝိညာဉ်အပင်များ စိုက်ပျိုးရန် အကောင်းဆုံး မြေဆီလွှာ ဖြစ်သည်။ ဝိညာဉ်အပင်က ညှိုးခြောက်နေသည်ဆိုလျှင်ပင် ငါးရောင်ခြယ်မြေဆီလွှာက ယင်းကို ပြန်လည်ရှင်သန်စေလိမ့်မည်။ ထို့ပြင် ယင်းက ဝိညာဉ်အပင်များ၏ ရှင်သန်ကြီးထွားမှုနှုန်းကိုလည်း တိုးမြှင့်ပေးနိုင်သည်။

သို့ဖြစ်၍ ရှန်းနုန်ဥယျာဉ်ပန်းချီကားသည် သူ၏ အနာဂတ် အစီအစဉ်အတွက် အလွန်အသုံးဝင်သည်။ အဘယ့်ကြောင့်ဆိုသော် သူက ဝိညာဉ်ဝိုင်အမျိုးမျိုးချက်လုပ်ရန် ရည်ရွယ်ထားသောကြောင့်ပင်။

ထိုအတွက် မိုးမြေကြားမှ ဝိညာဉ်ရတနာအမျိုးမျိုး၊ ဆေးဖက်ဝင်အပင်အမျိုးမျိုးနှင့် သစ်သီးအမျိုးမျိုးကို သူလိုအပ်သည်။ သို့မှသာ ဝိညာဉ်ဝိုင်များကို သူချက်လုပ်နိုင်လိမ့်မည်။ အဆုံးမဲ့သော ဝိညာဉ်ဝိုင်များဖြင့်ဆိုလျှင် သူကိုယ်တိုင်သာမက သူ၏ အင်အားစုသည်လည်း မြန်ဆန်စွာ တိုးတတ်သွားလိမ့်မည်။

ထို့ကြောင့် ရှန်းနုန်ဥယျာဉ်ပန်းချီကားကို သေချာပေါက် သူရရမည်။

ပန်းချီကား၏ အံ့ဖွယ်စွမ်းရည်များကို သိရှိပြီးနောက် သီရှီထျန်သည် ယင်းကို ပိုင်ဆိုင်ရန် အလွန်စိတ်အားထက်သန်လာသည်။ ထို့ကြောင့် သူက တုံ့ဆိုင်းမနေဘဲ အလောင်းအစားလုပ်ရန် သဘောတူလိုက်သည်။

မှန်ပေသည်။ သူက သဘောတူလိုက်မှတော့ သူ့မှာ အနိုင်ရရန် နည်းလမ်းတစ်ခု ရှိထားပြီးပြီ ဖြစ်သည်။ တူတူပုန်းတမ်းကစားနည်းက သူ့အတွက် အနိုင်ရရန် အခွင့်အရေးပိုများသော ကစားနည်းဖြစ်သည်။ သီရှီထျန်သည် ပုန်းအောင်းရန် သူ့ဘာသာ ရွေးချယ်လိုက်သည်။ အဘယ့်ကြောင့်ဆိုသော် သူက အောင်းချင်၏ လိုက်ရှာဖွေမှုမှ ပုန်းအောင်းနိုင်ရန် သူ့ကိုယ်သူ ယုံကြည်မှုရှိသည်။

ယင်းက သေမျိုးလောကမှ တူတူပုန်းတမ်းကစားနည်း မဟုတ်ပေ။ သူတို့က တစ်နေရာဝင်တစ်နေရာထွက် လိုက်ရှာရန် မလိုပေ။ တစ်စုံတစ်ယောက်သည် သူတို့၏ နတ်ဘုရားစိတ်အာရုံ၊ ဓမ္မလက်နက်များ၊ မန္တန်များကို အသုံးပြုနိုင်သည်။ ပုန်းအောင်းနေသော လူကို ရှာဖွေရန် မည်သည့်နည်းလမ်းကိုမဆို အသုံးပြုနိုင်သည်။ အောင်းချင်၏ သရုပ်အဆင့်အတန်းအရ သူ၏ စကြာဝဠာသိုလှောင်အိတ်ထဲမှာ မရေမတွက်နိုင်သော ဓမ္မရတနာများ ရှိသည်။

သာမန်ဖုံးကွယ်နည်းများက သူ့အရှေ့မှာ အသုံးဝင်လိမ့်မည် မဟုတ်ချေ။ အကယ်၍ တစ်စုံတစ်ယောက်က ကိုယ်ပျောက်အတတ်ပညာကို တတ်ကျွမ်းထားသည်ဆိုလျှင်ပင် သူက ထိုလူကို သူ၏ နတ်ဘုရားစိတ်အာရုံဖြင့် ထွင်းဖောက်မြင်နိုင်လိမ့်မည်။ ထို့ပြင် ရှာဖွေခြင်းဓမ္မရတနာများလည်း ရှိသေးသည်။ ဥပမာ မိစ္ဆာဖော်ထုတ်ကြေးမုံ ဖြစ်သည်။

တစ်စုံတစ်ယောက်သည် ဤလောက၏ မည်သည့်နေရာမှာ ပုန်းအောင်းနေပါစေ မိစ္ဆာဖော်ထုတ်ကြေးမုံထံမှ မလွတ်မြောက်နိုင်ပေ။

သီရှီထျန်သည် ထိုအကြောင်းကို ကောင်းကောင်း သိထားသည်။ သူက ဤလမ်းကို ရွေးချယ်ခဲ့မှတော့ သူ့မှာ အားကိုးစရာတစ်စုံတစ်ခု ရှိသည်။

တောအုပ်၏ အနက်ပိုင်းထဲတွင် သူက ရပ်တန့်လိုက်ပြီး ဘေးပတ်ဝန်းကျင်ကို အမြန်စစ်ဆေးကြည့်လိုက်သည်။ သူ၏ မိစ္ဆာအာရုံဖြင့် စစ်ဆေးလိုက်လေရာ မည်သည့်မိစ္ဆာအာရုံမှ သူ့အား မထောက်လှမ်းနေကြောင်း သူရှာတွေ့သွားသည်။ ထို့နောက် ဆုံးဖြတ်ချက်ပြတ်သားသော အကြည့်က သီရှီထျန်၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ သူက သိုလှောင်အိတ်ကို တစ်ချက်ပုတ်လိုက်သည်။ သိုလှောင်အိတ် အရောင်ဝင်းလက်သွားသည့်အခါ ကျောက်စိမ်းသေတ္တာတစ်လုံးက သူ၏ လက်ထဲမှာ ထွက်ပေါ်လာသည်။ သူက သေတ္တာကို ဖွင့်လိုက်သည်။ ချက်ချင်းဆိုသလိုပင် ဝိညာဉ်မြက်ပင်တစ်ပင်က သူ့အရှေ့မှာ ထွက်ပေါ်လာသည်။ တစ်ချိန်တည်းမှာ ထူးဆန်းသော အနံ့တစ်မျိုးက သူ၏ နှာခေါင်းထဲသို့ ဝင်ရောက်လာသည်။

ဝိညာဉ်မြက်ပင်မှာ အဆစ်သုံးနေရာရှိပြီး အစိတ်အပိုင်းတစ်ခုစီတွင် ပွင့်ချပ်သုံးခု စုဝေးနေသည်။ ထိုပွင့်ချပ်များသည် သစ်ခွပန်းပုံသဏ္ဍာန်နှင့် ဆင်တူသည်။ ယင်းက ယနေ့တွင် ဝိညာဉ်ဝိုင်ဈေးဆိုင်ကို သူစဖွင့်ပြီးနောက် ပထမဆုံး လဲလှယ်ခဲ့သော ပုံရိပ်ယောင်ဝိညာဉ်မြက်ပင် ဖြစ်သည်။

ပုံရိပ်ယောင်ဝိညာဉ်မြက်ပင်၏ အရွက်များက တစ်စုံတစ်ယောက်၏ ခန္ဓာကိုယ်ကို ဒြပ်ထည်မဲ့စေပြီး ပျောက်ကွယ်သွားစေလိမ့်မည်။ အရွက်တစ်ရွက်က တစ်စုံတစ်ယောက်၏ ခန္ဓာကိုယ်ကို လေထဲမှာ ဆယ့်ငါးမိနစ်ကြာအောင် ပျောက်ကွယ်သွားစေလိမ့်မည်။ ထိုအတောအတွင်းမှာ သူက ဒြပ်ထည်မဲ့နေလိမ့်မည်။

ထိုအချိန်၌ မည်သည့်တိုက်ခိုက်မှုမှ သူ့အား ထိခိုက်နာကျင်အောင် ပြုလုပ်နိုင်တော့မည် မဟုတ်ချေ။ သူက ဤလောကမှာ မတည်ရှိတော့သည့်အလား ဗလာနတ္ထိအဖြစ် ပျောက်ကွယ်သွားလိမ့်မည်။

“ ဒီနေ့ ငါအနိုင်ရမလား မရဘူးလားဆိုတာ မင်းအပေါ်မှာ မူတည်နေတယ်… ဒဏ္ဍာရီထဲမှာ ပြောထားတဲ့အတိုင်း မင်းရဲ့ စွမ်းရည်က မှော်ဆန်ဖို့ ငါမျှော်လင့်တယ်… မဟုတ်ရင် ငါရှုံးသွားလိမ့်မယ် ”

သိရှီထျန်သည် သူ့လက်ထဲမှ ပုံရိပ်ယောင်ဝိညာဉ်မြက်ကို ကြည့်လိုက်ပြီး အသက်ပြင်းပြင်းရှူလိုက်သည်။ သူက အစိမ်းရောင်ပွင့်ချပ်တစ်ချပ်ကို ညင်သာစွာ ဆွဲနုတ်လိုက်ပြီး ပါးစပ်ထဲ ထည့်လိုက်သည်။ သူက ပွင့်ချပ်ကို ချက်ချင်း မစားပေ။ အမွှေးတိုင်တစ်တိုင်စာ အချိန်ကြာပြီးမှ ယင်းကို သူစားလိမ့်မည်။ သို့မှသာလျှင် ပွင့်ချပ်၏ အစွမ်းအာနိသင်အားလုံးကို အပြည့်အဝ သူအသုံးပြုနိုင်လိမ့်မည်။ သူက အချိန်တစ်မိနစ်ကိုပင် အလဟဿ မဖြုန်းတီးချင်ပေ။

အောင်းချင်နှင့် တူတူပုန်းတမ်းကစားရန် သူလုပ်ဆောင်ဝံ့သည်မှာ ထိုပုံရိပ်ယောင်ဝိညာဉ်မြက်ပင်ကြောင့် ဖြစ်သည်။

အချိန်အတန်ကြာပြီးနောက် အောင်းချင်နှင့် သီရှီထျန်ကြားမှ ပြိုင်ပွဲကို မီးခိုးလှိုင်းကျွန်းစုပေါ်မှ မိစ္ဆာအားလုံးက သိရှိသွားကြသည်။ ကျွန်းစုပေါ်မှာ ရှိနေကြသော မိစ္ဆာအများစုသည် အောင်းချင်၏ သရုပ်ကို သိထားကြသည်။ သူတို့က ထိုပြိုင်ပွဲကို စောင့်ကြည့်ရန် စိတ်အားထက်သန်နေကြသည်။ အလောင်းအစားမှာ မည်သူက အနိုင်ရသွားပြီး မည်သူက ရှုံးနိမ့်သွားမည်ကို သူတို့မြင်ချင်ကြသည်။

“ ညီအကိုတို့… စိတ်လှုပ်ရှားဖို့ကောင်းတဲ့ ပွဲတစ်ခု ရှိတယ်… နဂါးနန်းတော်ရဲ့ နဂါးမင်းသမီးလေးက မိစ္ဆာမျိုးနွယ်စုရဲ့ မိစ္ဆာဘုရင်တစ်ပါးနဲ့ အလောင်းအစားလုပ်နေတယ်… အဲ့ဒါက ရှားပါးဖြစ်စဉ်တစ်ခုပဲ ”

“ မီးခိုးလှိုင်းရေကန်ရဲ့ နဂါးဘုရင်က သမီးတော်သုံးပါးကို မွေးဖွားခဲ့တယ်လို့ ငါကြားတယ်… ပထမဆုံး မင်းသမီးလေးက အောင်းချင်… သူက လောင်းကစားဝါသနာနဲ့ မွေးဖွားလာခဲ့တယ်… သူက သုံးရက်သုံးညကြာအောင် အလောင်းအစားလုပ်ရင်တောင် မပျင်းရိဘူးတဲ့… သူ့အသက်ငါးနှစ်မှာ နဂါးနန်းတော်ထဲက လူအားလုံးကို အနိုင်ယူခဲ့တယ်… သူ့အသက်ဆယ့်သုံးနှစ်မှာ တစ်လောကလုံးက လူတွေကို အနိုင်ယူခဲ့တယ်… တစ်ခါမှ သူမရှုံးဖူးဘူးလို့ ငါကြားတယ် ”

“ ဒုတိယမင်းသမီးလေးက တိုက်ခိုက်မှုမှာ ထူးချွန်တယ်… မင်းသမီးတွေထဲမှာ သူ့ရဲ့ ကျင့်ကြံခြင်းက အမြင့်ဆုံး ဖြစ်တယ်… သူက တစ်ရက်မတိုက်ခိုက်ရရင် စိတ်သက်တောင့်သက်သာမရှိဘူးလို့ ပြောကြတယ် ”

“ တတိယမင်းသမီးလေးက ပိုဆိုးတယ်… သူငိုတဲ့အခါ တိမ်မည်းတွေက ကောင်းကင်ပေါ်မှာ စုဝေးသွားပြီး မိုးကြိုးတွေ ပစ်ခွင်းလိမ့်မယ်… အဲ့ဒီမိုးကြိုးတွေက လူကို သတ်ပစ်နိုင်တယ် ”

ဤအခိုက်အတန့်မှာ ကျွန်းစုပေါ်မှ မိစ္ဆာများသည် တစ်ယောက်နှင့်တစ်ယောက် အပြန်အလှန် ဆွေးနွေးနေကြသည်။ သူတို့က နဂါးဘုရင်၏ သမီးတော်သုံးပါးအကြောင်း ပြောနေကြသည်။

အချိန်နှင့် ဒီရေသည် လူကို မစောင့်ပေ။ မျက်စိတစ်မှိတ်အတွင်းမှာ အမွှေးတိုင်တစ်တိုင်စာကြာချိန် ကုန်ဆုံးသွားသည်။

အချိန်ကျလာသည့်အခါ သီရှီထျန်က တုံ့ဆိုင်းမနေဘဲ သူ့ပါးစပ်ထဲမှ ပွင့်ချပ်ကို ဝါးမျိုလိုက်သည်။ ပွင့်ချပ်က မှော်ဆန်သည်။ ပွင့်ချပ်က သူ၏ ပါးစပ်ထဲတွင် အရည်ပျော်သွားပြီး သူ၏ ဝမ်းဗိုက်ထဲသို့ စီးဆင်းသွားသည်။ မကြာမီ အေးစက်သော လေးစီးကြောင်းများက သူ့ခန္ဓာကိုယ်၏ အစိတ်အပိုင်းအားလုံးထံမှာ ထွက်ပေါ်လာသည်။

“ ငါ့ခြေထောက်တွေ၊ ငါ့လက်တွေ… မမြင်ရတော့ဘူး… ပုံရိပ်ယောင်ဝိညာဉ်ပန်းက တကယ်အံ့ဩစရာပဲ ”

လေစီးကြောင်းများ ထွက်ပေါ်လာသည့်အခါ သီရှီထျန်က မိစ္ဆာအာရုံကို ထုတ်လွှတ်၍ သူ၏ ခန္ဓာကိုယ်ကို စစ်ဆေးကြည့်လိုက်သည်။ မျက်စိတစ်မှိတ်အတွင်းမှာ သူ၏ ခန္ဓာကိုယ်က ခေါင်းအစခြေအဆုံး လုံးဝ ပျောက်ကွယ်သွားသည်။ သူက ဗလာနတ္ထိအဖြစ် ပြောင်းလဲသွားသည်။ သူ့ခန္ဓာကိုယ်၏ အလေးချိန်သည်ပင် ချက်ချင်း ပျောက်သွားသည်။ သူက လေကဲ့သို့ သဏ္ဍာန်မဲ့သွားပြီး အလေးချိန်ပျောက်သွားသည်။ သူက အတွေးတစ်ချက်ဖြင့်ပင် လေထဲမှာ မျောလွင့်နိုင်သွားသည်။

ဒြပ်ထည်မဲ့တာလား… ။

ယင်းက သာမန်ကိုယ်ပျောက်ခြင်း မဟုတ်ပေ။ ကိုယ်ပျောက်ခြင်းသည် တခြားလူများ သူ့ကို မမြင်နိုင်တော့ခြင်း ဖြစ်သည်။ သို့သော်လည်း သူ၏ ခန္ဓာကိုယ်က ဒြပ်ထည်ရှိနေဆဲပင်။ တစ်စုံတစ်ယောက်က သူ့ကို ထိနိုင်ကိုင်နိုင်သည်။ သူ့ကိုယ်သူလည်း ခံစားနိုင်သည်။ သို့သော်လည်း ဤအခိုက်အတန့်မှာ သူက ဗလာနတ္ထိအဖြစ် လုံးဝ ပျောက်ကွယ်သွားသည်။ သူ့မှာ ခန္ဓာကိုယ်မရှိတော့ပေ။ သူက ဤလောကမှာ မတည်ရှိတော့ဟန် ရ၏။

All Chapters