← Chapters

အခန်း ၁၁၇

Vol. 9 Ch. 117

အခန်း ၁၁၇

Vol. 9 Ch. 117

အခန်း (၁၁၇)

တကယ်တမ်းတွင် ရဲ့ရှင်းချန်သည် ဤကိစ္စအား အစောကြီးကတည်းမှ စဉ်းစားမိခဲ့ခြင်း ဖြစ်သည်။ သူ အတိတ်မှ ပြန်လည် မွေးဖွားလာချိန် ကတည်းမှပင် ဖြစ်သည်။

သူသည် မျိုးဗီဇပြောင်းလဲပြီး အထူးစွမ်းအားတွေ ပိုင်ဆိုင်လာနိုင်သကဲ့သို့ သေခါနီးအချိန်မှာပင် အတိတ်တွင် ပြန်လည် မွေးဖွားလာနိုင်ခဲ့သည်။ ဆိုလိုသည်မှာ သူ့အပြင် အခြားသော အထူး စွမ်းအားပိုင်ရှင်များလည်း ရှိနေရမည်မှာ သေချာလှပေသည်။ မိုချီသည် ထိုသူများ အထဲမှ တစ်ယောက်ဖြစ်ကာ ကျောက်ဟောင်သည်လည်း နောက်ထပ် တစ်ယောက် ဖြစ်လာနိုင်ခြေရှိသည်။

သို့သော် မိုချီ သည် မည်ကဲ့သို့ မျိုးဗီဇပြောင်းလဲသွားခဲ့သည် ဆိုသည်ကိုမူ ရဲ့ရှင်းချန် မသိခဲ့ချေ။ မိုချီ၏ ပြောပြချက်များအရ ထိုအချိန်တွင် သူမ သေတော့မည်ဟု ခံစားခဲ့ရကြောင်းနှင့် ထို့နောက် မျက်လုံးများ ဖွင့်ကြည့်လိုက်ချိန်တွင် သူမတွင် အထူးစွမ်းအားတစ်ခု ရှိနေသည်အား ရုတ်တရက် တွေ့လိုက်ရကြောင်းသာ ကြားခဲ့ရခြင်း ဖြစ်သည်။

ဤတစ်ကြိမ်တွင်မူ ရဲ့ရှင်းချန်နှင့် လင်းစစ်ကျားတို့သည် ကျောက်ဟောင်မှ သေလုမြောပါး အခြေအနေကနေ ပြန်လည်၍ ရှင်သန်လာသည်အား မျက်မြင် ကိုယ်တွေ့ ကြုံလိုက်ရခြင်း ဖြစ်သည်။

အထူးစွမ်းအား နိုးထဖို့ရန် အတွက် သတ်မှတ်ချက်များသည် သေမင်းတံခါးဝသို့ ရောက်သွား ပြီးနောက် သေလုမြောပါး အခြေအနေအား ကြုံတွေ့ရမှသာ နိုးထနိုင်ခြင်းများ ဖြစ်နေသည်လား။ ရဲ့ရှင်းချန်သည် လင်းစစ်ကျားအား ထပ်ကြည့်လိုက်လေသည်။

"မိုချီက သူ့စွမ်းအား နိုးထလာတာလို့ ပြောတယ် သူ သေသွားပြီလို့ ခံစားလိုက်ရပြီးမှ ပြန်နိုးလာတာတဲ့"

ရဲ့ရှင်းချန်မှ သူ့ကိုယ်ပိုင် အထူးစွမ်းအား အကြောင်းကို ပြန်စဉ်းစား ကြည့်လိုက်မိသည်။ အရင်ဘဝတွင် သူ့၌ မည်သည့် အထူးစွမ်းအားမှ မရှိခဲ့ပေ။ အတိတ်မှ ပြန်လည် မွေးဖွား လာပြီးမှသာ စွမ်းအား နိုးထလာခဲ့ခြင်း ဖြစ်သည်။

အထူးစွမ်းအား နိုးထလာဖို့ အတွက် အခြေအနေသည် သေလုမြောပါး ဖြစ်သွားရန် လိုအပ်သည်များလား ရုတ်တရက် ရဲ့ရှင်းချန်၏ စိတ်နှလုံးသည် အများကြီး တည်ငြိမ်သွားခဲ့လေသည်။

ဤမျှလောက် ခက်ခဲ ကြမ်းတမ်းလှသည့် သတ်မှတ်ချက်များဖြင့် ဆိုလျှင် ဤကမ္ဘာပေါ်တွင် အထူးစွမ်းအား ပိုင်ဆိုင်မည့်သူ အလွန် နည်းပါးပေလိမ့်မည်။ သူတို့ စွမ်းအားများအား နှိုးဆွနိုင်ခဲ့လျှင်ပင် သူတို့၏ ဘေးတွင် ကယ်တင်ပေးနိုင်မည့် ကုသမှုမျိုး ရှိနေလိမ့်မည် မဟုတ်ပေ။ အထူးစွမ်းအား နိုးထလာခဲ့လျှင်ပင် သုံးနိုင်လိမ့်မည် မဟုတ်တော့ပေ။

ယခုလို ဆိုလျှင် အနာဂတ်တွင် ရဲ့ရှင်းချန် ကြုံတွေ့ရနိုင်သည့် ရန်သူများသည် အများအပြား နည်းပါး သွားလိမ့်မည် ဖြစ်သည်။ လင်းစစ်ကျားမှ စောင့်ကြည့်ကင်မရာ မှတ်တမ်းများအား ခဏလောက် ကြည့်လိုက်ပြီး အနည်းငယ် စိုးရိမ်သွားမိသည်။

"လီအန်းရန်ကို အစ်ကိုကျောက် အနားမှာ အစောင့်ထားတာ အဆင်ပြေပါ့မလား"

ဗီဒီယိုထဲတွင် လီအန်းရန်သည် ရေခဲသေတ္တာထဲမှ ကိုကာကိုလာ တစ်ဗူးအား ထုတ်ကာ တစ်ဝက်လောက်ကို တစ်ကျိုက်တည်း မော့သောက် လိုက်သည်အား မြင်တွေ့လိုက်ရသည်။ သူမသည် ပြုစု စောင့်ရှောက် ပေးမည်လို့ ပြောခဲ့သည့်တိုင် အခန်းငယ်လေးထဲအား ခဏလောက်သာ ဝင်ကြည့်ခဲ့ခြင်း ဖြစ်သည်။

ကျောက်ဟောင် ကုတင်ပေါ်တွင် အိပ်ပျော်နေပြီဆိုသည်အား အတည်ပြု ပြီးနောက် သူမသည် ရေအိမ်ထဲ ပြေးဝင်ကာ ရေယူပြီး တစ်ကိုယ်လုံး သန့်စင်အောင် ဆေးကြော လေတော့သည်။

ရေချိုး ပြီးနောက် လီအန်းရန်သည် အခန်းငယ်လေးရဲ့ တံခါးအား ပိတ်လိုက်လေသည်။ ထို့နောက် ရှောင်ပေါင်လေးအား ပွေ့ဖက်ကာ ဧည့်ခန်းထဲတွင် ရှိသည့် ဆိုဖာပေါ်တွင် အိပ်ပျော်သွားလေတော့သည်။ ယခုအချိန်ထိ ကျောက်ဟောင်အား လုံးဝ ဂရုမစိုက်ခဲ့ပေ။

ရဲ့ရှင်းချန် အတွက်မူ သူတို့၏ ကိစ္စများထဲ ဝင်မပါခဲ့ချေ။ မိုးလင်းသည် အထိ အိပ်လိုက် ပြီးနောက် လင်းစစ်ကျားနှင့်အတူ မနက်စာ စားကာ တတိယထပ်သို့ တိုက်ရိုက် ဆင်းလာခဲ့သည်။ ထိုအချိန်တွင် လီအန်းရန်သည် မျက်နှာသစ် ရေချိုးပြီး ကလေးအား နို့တိုက်နေပြီ ဖြစ်သည်။

"ဒီနေ့ အစ်ကိုကျောက် အခြေအနေ ဘယ်လိုနေလဲ"

လင်းစစ်ကျားသည် လီအန်းရန်အား မေးလိုက်ချိန်တွင် လီအန်းရန်မှာ ရဲ့ရှင်းချန်အား မော့ကြည့်လိုက်လေသည်။

"အစ်ကိုကျောက် မနိုးသေးဘူး။ ခုနလေးတင် ငါ သွားကြည့်လိုက်သေးတယ်"

လီအန်းရန်သည် မည်သည့် အကြည့်များကိုမှ ရှောင်လွှဲဖို့ရန် မကြိုးစားခဲ့ပေ။ သူမ၏ အင်္ကျီအောက်မှ ဆီးနှင်းလို ဖြူဖွေးနေသော အသားအရည်များအား ရဲ့ရှင်းချန် မြင်သွားစေဖို့ရန် အတွက်ပင် ရဲ့ရှင်းချန်ဘက်သို့ အနည်းငယ် လှည့်ပေးလိုက်သေးသည်။

ရဲ့ရှင်းချန်မှာမူ မည်သည်ကိုမှ မမြင်ရသလိုမျိုး ပုံမှန်မျက်နှာထားဖြင့်သာ နေလိုက်သည်။ လင်းစစ်ကျားမှာမူ မျက်နှာပျက်သွားလေသည်။ သူမသည် လက်မြှောက်ကာ ရဲ့ရှင်းချန်၏ အင်္ကျီစအား ဆွဲလိုက်လေသည်။ ထို့နောက် ကျောက်ဟောင် ရှိနေသည့် အခန်းငယ်လေး အတွင်းသို့ ရဲ့ရှင်းချန်အား ဆွဲခေါ်သွားခဲ့ကာ ကလေး နို့တိုက်နေသည့် လီအန်းရန်အား အပြင်မှာ တစ်ယောက်တည်း ချန်ထားခဲ့လေသည်။

"ရှင်က အခုထိ သူ့ကို ကြည့်နေတုန်းလား"

လင်းစစ်ကျားသည် ရဲ့ရှင်းချန်အား စူးစူးရဲရဲ ကြည့်လျှက် သူ့အား တံခါးဝမှာ ထားခဲ့လိုက် လေတော့သည်။ ထို့နောက် ကျောက်ဟောင် ရှိရာ ကုတင်ဆီသို့ တန်းတန်းမတ်မတ် လျှောက်သွားတော့သည်။

ယမန်နေ့တွင် ရဲ့ရှင်းချန်သည် ကျောက်ဟောင်မှာ လင်းစစ်ကျားအား ထိခိုက်စေနိုင်သည့် ပုံမှန် မဟုတ်သော အခြေအနေများ မျိုးဗီဇ ပြောင်းလဲမှုများ မဖြစ်စေရန် အတွက် ကျောက်ဟောင်၏ လက်တစ်ဖက်ကိုသာ ကုတင်ခေါင်းရင်းတွင် လက်ထိပ်ခတ် ထားခဲ့ခြင်း ဖြစ်သည်။

ကျောက်ဟောင်၏ ကျန်လက်တစ်ဖက်မှာမူ လင်းစစ်ကျားသည် သူ့ဒဏ်ရာများအား ကုသပေးနေခဲ့ခြင်းဖြစ်သည်။ ဒေတာအားလုံးကို စစ်ဆေး ပြီးနောက် သူမသည် အခန်းငယ်လေးထဲမှ မထွက်ခွာမီ ထိုလက်ကိုပါ လက်ထိပ်ခတ်ခဲ့ခြင်း ဖြစ်သည်။ ကျောက်ဟောင် ရုန်းကန်မိလို့ ဒဏ်ရာတွေ ပြန်ပွင့်သွားမည်ကိုလည်း သူမ အဓိက စိုးရိမ်ခဲ့ခြင်း ဖြစ်သည်။

"အစ်ကိုကျောက်ရဲ့ ဒဏ်ရာတွေ အကုန်လုံး သက်သာသွားပြီ"

လင်းစစ်ကျားသည် ကျောက်ဟောင်ကိုယ်ပေါ်မှ ဒဏ်ရာများအား အထပ်ထပ်အခါခါ စစ်ဆေး ကြည့်လိုက်လေသည်။ အထူးသဖြင့် အရိုးပေါ်နေသည့် နေရာများအား သေချာစစ်ဆေးခြင်း ဖြစ်သည်။

"ဒါ တကယ် အံ့ဩစရာပဲ ဒီမှာ ကြည့်ကြည့်"

လင်းစစ်ကျားသည် လက်အိတ် စွပ်ထားသည့် လက်ဖြင့် ကျောက်ဟောင်၏ ခြေသလုံးအား ညင်သာစွာ မပြီး ရဲ့ရှင်းချန်အား ပြလိုက်သည်။

"မနေ့က ဒီနေရာမှာ အသားတစ်ခုလုံး အကိုက်ခံထားရတာလေ ဒီနေ့တော့ အသားတွေ အကုန်ပြန် ပြည့်လာပြီ"

ကျောက်ဟောင်၏ ခြေသလုံးတွင် ပန်းရောင် သန်းနေသည့် အသားတုံးကြီး တစ်ခု ရှိနေခဲ့သည်။ ၎င်းသည် ယခုမှ အသစ် ပြန်ထွက်ပေါ် လာသည့် အသားနုဖြစ်ကာ ဘေးနားရှိ အမည်းရောင် အဝါရောင် အသားဟောင်းများနှင့် ရှင်းရှင်းလင်းလင်း ကွဲပြားနေခဲ့သည်။

"ရှင့်ရဲ့ အထူးစွမ်းအားတွေက တကယ် အံ့မခန်းပဲ အစ်ကိုကျောက်ရဲ့ သွေးခုန်နှုန်းကိုလည်း ကျွန်မ စမ်းကြည့်လိုက်သေးတယ် မနေ့က သူ့သွေးခုန်နှုန်းက အရမ်းအားနည်းနေပြီးတော့ စမ်းလို့တောင် မရသလောက်ပဲ အခုတော့ ဆယ်ကျော်သက် ဒါမှမဟုတ် အသက် နှစ်ဆယ်အရွယ် လူတစ်ယောက် ထက်တောင် ပိုသန်မာနေသလိုပဲ"

ကျောက်ဟောင်သည် မည်ကဲ့သို့ အထူးစွမ်းအားမျိုး နိုးထလာမလဲ ဆိုသည်အား ရဲ့ရှင်းချန်လည်း အလွန် သိချင်နေမိလေသည်။ မည်သို့ပင် ဖြစ်စေ ကျောက်ဟောင်၏ ကြောက်မခန်းလိလိ ပြန်လည် သက်သာလာသည့် စွမ်းရည်မှာ သူ တစ်ခါမှ မပိုင်ဆိုင်ဖူးသည့် အရာမျိုးပင် ဖြစ်ချေသည်။

"အစ်ကိုကျောက် မကြာခင် နိုးလာတော့မယ် ထင်တယ်"

မနေ့ညတွင် ကျောက်ဟောင်သည် မျက်လုံးအား ခဏသာ ဖွင့်ခဲ့လေသည်။ သို့သော် ထိုအချိန်တွင် ကျောက်ဟောင် သတိ မလည်သေးကြောင်း လင်းစစ်ကျား သတိထားမိခဲ့သည်။ စိတ်ငြိမ်ဆေး တစ်လုံး ထိုးပေး ပြီးနောက် ကျောက်ဟောင် အခုချိန်ထိ မလှုပ်မယှက် ရှိနေခဲ့ခြင်း ဖြစ်သည်။

"အစ်ကိုကျောက်ကို စိတ်ငြိမ်ဆေး နောက်တစ်လုံး ထပ်ထိုးလိုက်"

သိချင်စိတ်ထက် ရဲ့ရှင်းချန် ပို၍ စိုးရိမ်နေမိသည်။ ကျောက်ဟောင် နိုးလာချိန်တွင် စိတ်လွတ်သွားကာ ရမ်းကား တိုက်ခိုက်လာမည်လည်း သူ ကြောက်နေခဲ့ခြင်း ဖြစ်သည်။

"အစ်ကိုကျောက် မလှုပ်နိုင်ဘူးဆိုတာ သေချာအောင် လုပ်ထားမှ ရမယ်"

မနက်ခင်း တစ်ခုလုံး စောင့်ဆိုင်း ပြီးနောက် ရဲ့ရှင်းချန်သည် အေးခဲနေသည့် ပေါင်မုန့်တစ်ထုပ်အား ထုတ်ယူကာ လီအန်းရန်အား ပေးလိုက်လေသည်။ ထို့အပြင် အရသာ နယ်ထားသည့် အသား တစ်ထုပ်ကိုပါ ထည့်ပေး လိုက်သည်။ ထိုအရာများ အားလုံးသည် စူပါမားကတ်မှ ရလာသည့် ပစ္စည်းများ ဖြစ်ကြသည်။

နေ့လယ်စာ စားပြီး နေ့လယ်ပိုင်း အိပ်စက် ပြီးချိန်အထိ ကျောက်ဟောင် နိုးလာမည့် အရိပ်အယောင် မပြသေးပေ။

"အစ်ကိုကျောက် နိုးလာဖို့ ဘယ်လောက်ကြာဦးမလဲ မသိဘူး သူ နိုးတော့မယ်လို့ ကျွန်မ အသေအချာ ခံစားခဲ့ရတာကို"

လင်းစစ်ကျားလည်း အနည်းငယ် ဇဝေဇဝါ ဖြစ်နေခဲ့သည်။ ယုတ္တိအရဆိုလျှင် ကျောက်ဟောင် မနက်ပိုင်းကတည်းမှ နိုးနေသင့်ပြီ ဖြစ်သည်။

ရဲ့ရှင်းချန်သည် စောင့်ကြည့် ဗီဒီယို မှတ်တမ်းများအား ဖွင့်ကာ အိမ်ရာဝင်း ဝင်ပေါက်ရှိ လူအုပ်စုအား စောင့်ကြည့်ရင်း ကျောက်ဟောင်၏ အခန်းငယ်လေးကိုလည်း မျက်ခြည်မပြတ် ကြည့်နေခဲ့သည်။

လင်းစစ်ကျား ညစာ ချက်ပြုတ်ပြီး လီအန်းရန် စားသောက်ပြီးချိန် အထိ ကျောက်ဟောင်ဆီမှ လှုပ်ရှားသံ တစ်စုံတစ်ရာ မကြားရပေ။

"သူ နိုးပြီ"

လင်းစစ်ကျားသည် ဆေးလက်စ ပန်းကန်လုံးများနှင့် တူများအား ချထားခဲ့ပြီး ရဲ့ရှင်းချန်အား အောက်ထပ်သို့ ကမန်းကတန်း ဆွဲခေါ်သွားတော့သည်။ အခန်းငယ်လေးထဲတွင် ကျောက်ဟောင်သည် ကုတင်ပေါ်တွင် ထိုင်ရန် ရုန်းကန်နေခဲ့ရလေသည်။ လီအန်းရန်သည် ရေချိုးခန်းထဲတွင် ရေချိုးနေဆဲ ဖြစ်သည်။ ရဲ့ရှင်းချန်နှင့် လင်းစစ်ကျားတို့သည် ကျောက်ဟောင်၏ ဘေးတွင် ရပ်နေကြပြီ ဖြစ်သည်။

"ဘယ်လိုနေလဲ အစ်ကိုကျောက် ဘယ်နေရာတွေများ မသက်မသာ ဖြစ်နေသေးလဲ"

ရဲ့ရှင်းချန်သည် ရေတစ်ခွက်အား ကိုင်ကာ ရှေ့တစ်လှမ်း တိုးသွားခဲ့သည်။ ကျောက်ဟောင်၏ မျက်နှာပေါ်တွင် ဇဝေဇဝါ ဖြစ်နေသည့် အမူအရာများ အပြည့်ဖြင့် ဖြစ်နေခဲ့သည်။

"ငါ ဘယ်ရောက်နေတာလဲ ငါ သေသွားပြီလား ညီလေးရဲ့ မင်း ဘာလို့ ဒီမှာ ရောက်နေတာလဲ ပြီးတော့ ဒေါက်တာလင်း မင်းလည်း ဒီမှာလား"

ရေခွက်သည် ကျောက်ဟောင်၏ ပါးစပ်နား ရောက်လာခဲ့သည်။ ကျောက်ဟောင် ရေခွက်အား လှမ်းယူရန် လက်လှမ်း လိုက်ချိန်တွင် သူ၏ လက်များ ကုတင်ခေါင်းရင်း၌ လက်ထိပ်ခတ် ခံထားရကြောင်း သတိထားမိသွားသည်။

"ဘာတွေဖြစ်ကုန်တာလဲ"

ကျောက်ဟောင် မှတ်မိသည်မှာ သူ့အား လူတွေ အများကြီး ဝိုင်းကိုက်ခဲ့ကြသည်ဆိုတာပင် ဖြစ်သည်။ ထို့နောက် ရဲ့ရှင်းချန် အပြေး ရောက်လာသလိုမျိုး ထင်လိုက်ရလေသည်။ ထိုနောက်ပိုင်းတွင်မူ မျက်လုံးထဲ အမှောင်ဖုံးသွားပြီး သတိလစ်သွားခဲ့တော့သည်။

"ကျွတ် ဘာလို့ ငါ့တစ်ကိုယ်လုံး နာကျင်နေရတာလဲ"

ကျောက်ဟောင်သည် သူ၏ လည်ပင်းအား အနေရခက်စွာ လှည့်လိုက်တော့သည်။

"အစ်ကိုကျောက် အဆင်ပြေသွားတာ ကောင်းပါတယ် ဒါ ကျွန်တော့်အိမ်လေ မလှုပ်နဲ့ဦး ရှောင်ကျားက အစ်ကို လှုပ်ရှားလိုက်ရင် ဒဏ်ရာတွေ ပြန်ပွင့်သွားမှာ စိုးလို့ လက်ထိပ် ခတ်ထားတာ"

All Chapters