အခန်း ၁၁၈
Vol. 9 Ch. 118
အခန်း (၁၁၈)
ကျောက်ဟောင် နိုးလာချိန်တွင် သူ၏ တစ်ကိုယ်လုံး နာကျင်ကိုက်ခဲနေလျှက် ရှိသည်။ သူ၏ လက်များသည် ပေါင်တစ်ထောင်လောက် လေးနေသကဲ့သို့ ခံစားရပြီး မ တောင် မ မ နိုင်တော့ချေ။
"မင်းတို့ ငါ့ကို ကယ်လိုက်တာလား ညီလေးရဲ့ မင်းကို ဘယ်လို ကျေးဇူးတင်ရမလဲတောင် မသိတော့ပါဘူးကွာ"
သူ့မျက်လုံးများတွင် မျက်ရည်များ ဝဲတက်လာပြီးနောက် ကျောက်ဟောင်၏ မကြည်မလင် ဖြစ်နေသည့် စိတ်များ တဖြည်းဖြည်း ကြည်လင်လာခဲ့သည်။ သူ၏ ခန္ဓာကိုယ်တွင် အားအင် ဘာမှမရှိတော့ချေ။ ဤခန္ဓာကိုယ်သည် သူ၏ အပိုင်မဟုတ်သကဲ့သို့ သူ၏ စကားကိုလည်း နားမထောင်တော့သလိုပင် ဖြစ်နေခဲ့သည်။
သို့သော် ကျောက်ဟောင်သည် အများကြီး တွေးမနေခဲ့ချေ။ လူအုပ်ကြီး၏ တိုက်ခိုက်ခြင်း ခံလိုက်ရခြင်းကြောင့် သူ၏ ကြွက်သားများ နာကျင်နေသည် ဟုသာ ထင်နေခဲ့ခြင်း ဖြစ်သည်။ သူ၏ ခန္ဓာကိုယ် မျိုးဗီဇ ပြောင်းလဲသွားပြီဆိုသည်ကိုမူ သူ မသိခဲ့ပေ။
"စိုးရိမ်ပူပန်သလိုမျိုး ခံစားရလား ဒါမှမဟုတ် တခြားသူတွေကို တိုက်ခိုက်ချင်တဲ့ စိတ်ကူးမျိုးရော ရှိလား"
လင်းစစ်ကျားမှ အလျှင်အမြန် ရှေ့တိုးသွားပြီးနောက် ကျောက်ဟောင်၏ လက်ကောက်ဝတ်အား စမ်းလိုက်လေသည်။
"မရှိပါဘူး ဒါပေမဲ့ ဟီးဟီး ငါ နည်းနည်း ရေဆာနေလို့"
ကျောက်ဟောင်မှ အားနာနာဖြင့် ပြုံးပြလိုက်သည်။ တကယ်တမ်းတွင် သူ အလွန်လည်း ဗိုက်ဆာနေခဲ့သည်။ သို့သော် ထုတ်ပြောရန် အတွက် အားနာနေခြင်း ဖြစ်သည်။ မည်သို့ပင် ဆိုစေ ယခု အချိန်မျိုးတွင် အစားအစာများသည် မည်မျှ အဖိုးတန်သည် ဆိုသည်ကိုမူ သူ ကောင်းကောင်း သိရှိထားလေသည်။ ရဲ့ရှင်းချန်အား ရေတောင်းရသည်ကိုပင် သူ အတော်လေး အားနာနေပြီ ဖြစ်သည်။
ကုတင်ခေါင်းရင်း၌ လက်ထိပ်ခတ် ခံထားရခြင်းကြောင့် ကျောက်ဟောင်မှ အားနာပါးနာ ရယ်မောလိုက်လေသည်။
"အမ်း ညီလေးရဲ့ တစ်ဖက်လောက် ဖြုတ်ပေးထားလို့ ရမလား ရေလေးအရင် သောက်ချင်လို့ပါ"
ရဲ့ရှင်းချန်မှ ပြုံးလိုက်ပြီး မည်သည်ကိုမှ ပြန်မပြောပေ။ ရေခွက်အား ကျောက်ဟောင် ပါးစပ်နားသို့ တိုက်ရိုက် တေ့ပေးလိုက်လေသည်။ ကျောက်ဟောင် အတော်လေး ရှက်သွားခဲ့ကာ မျက်နှာလွှဲလိုက်ရလေသည်။
"ဆောရီးပါ အစ်ကိုကျောက် အစ်ကို့ကို ဘာဖြစ်နေလဲဆိုတာ ရှောင်ကျား သေချာမသိသေးတဲ့ အတွက် လက်ထိပ်ကို လောလောဆယ် ဖြုတ်ပေးလို့ မရသေးဘူး အစ်ကို့ကိုယ် အစ်ကို ထိခိုက်အောင် လုပ်မိမှာစိုးလို့ လက်ထိပ် ခတ်ထားရတာပါ ကိစ္စမရှိပါဘူး အစ်ကိုကျောက် ကျွန်တော်ပဲ တိုက်ပေးပါ့မယ်"
ရဲ့ရှင်းချန်က သူ၏ အကျိုးအတွက် လုပ်ပေးနေမှန်း သိသည့် အတွက်ကြောင့် ကျောက်ဟောင် ဆက်မငြင်းနိုင်တော့ချေ။ နောက်ဆုံးတွင် မျက်နှာ နီရဲလာကာ ရဲ့ရှင်းချန် လက်ထဲမှ ရေတစ်ခွက်လုံးအား တဂွပ်ဂွပ် မော့သောက် လိုက်တော့သည်။
ကျောက်ဟောင် ရေတစ်ခွက်လုံး သောက်သွားသည်အား ကြည့်ပြီး လင်းစစ်ကျားနှင့် ရဲ့ရှင်းချန်တို့ အချင်းချင်း ကြည့်ကာ ခေါင်းညိတ် ပြလိုက်ကြသည်။
ရေတစ်ခွက်လုံး သောက်နိုင်သည်ဆိုလျှင် ကျောက်ဟောင်သည် ခွေးရူးပြန်ရောဂါ ကူးစက်မခံရဘူးဆိုသည့် အဓိပ္ပာယ်ပင် ဖြစ်ချေသည်။ သို့သော် ကူးစက်ခံရလျှင်ပင် ကျောက်ဟောင်သည် တစ်ကြိမ် သေဆုံးခဲ့ပြီးပြီ ဖြစ်သည့်အတွက် အထူးစွမ်းအား ရရှိလာခြင်း ဖြစ်နိုင်ကာ ပြန်လည်မွေးဖွားလာခြင်းနှင့် အတူတူပင် ဖြစ်သည်။
ရဲ့ရှင်းချန် သက်ပြင်းတစ်ချက် ချလိုက်မိသည်။ အနည်းဆုံးတွင်မူ သူ့အား အန္တရာယ်ပြုနိုင်သည့် ကူးစက်ရောဂါတစ်ခုအား ဖယ်ရှားနိုင်ခဲ့ပြီ မဟုတ်ပါလား။ ကျောက်ဟောင်မှာမူ ရေတစ်ခွက်လုံး သောက်ပြီး နောက်တွင်ပင် အရသာခံနေဆဲ ဖြစ်သည်။
နှင်းမုန်တိုင်း ကျချိန်တည်းမှ သူ ယခုလို ရေမျိုး မသောက်ခဲ့ရသည်မှာ ကြာပြီ ဖြစ်သည်။ ရေသည် စမ်းပေါက်ရေလို ချိုမြိန်ပြီး အေးမြနေခဲ့သည်။ အလွန် ကောင်းလွန်းသည့် အတွက် နောက်တစ်ခွက် ထပ်သောက်ချင်သည့်တိုင် ထပ်တောင်းရန်အတွက် အားနာနေမိသည်။ ထိုအခါမှ သူ အဝတ်အစား မည်သည်ကို မှ ဝတ်မထားခဲ့သည်အား ကျောက်ဟောင် သတိထားမိသွားသည်။
"နေပါဦး ငါ့အင်္ကျီတွေ ဘယ်ရောက်သွားတာလဲ"
ကျောက်ဟောင်သည် ရှက်သွားသည်ထက် ရင်ထဲမှနေ၍ အံ့ဩသွားခြင်း ဖြစ်သည်။ ရဲ့ရှင်းချန်နှင့် လင်းစစ်ကျားတို့ နှစ်ယောက်စလုံးသည် အလွန်ပါးလွှာသည့် အဝတ်အစားများ ဝတ်ဆင်ထားကြသည်။ သူ့မှာမူ အဝတ်အစား မရှိဘဲ စောင်ပါးလေး တစ်ထည်သာ ခြုံထားသည့်တိုင် လုံးဝ ချမ်းအေးမှု ဖြစ်မနေပေ။
"ဘုရားရေ ညီလေးရဲ့ မင်း အခန်းထဲက အပူပေးစက် ဖွင့်ထားတာကိုး"
နွေးထွေးလှသည့် လေထုသည် ကျောက်ဟောင်အား အိပ်မက်မက်နေသကဲ့သို့ ခံစားရစေသည်။ ဆီးနှင်းများနှင့် အလွန်အမင်း အေးခဲနေခြင်းများသည် အိပ်မက် တစ်ခုကဲ့သို့ သူ ထင်ယောင်ထင်မှား ဖြစ်သွားရတော့သည်။
"ဒါ ဒါက လျှပ်စစ်မီး အများကြီး စားမှာပေါ့ ငါ နေလို့ကောင်းနေပါပြီ ငါ အိမ်ပြန်ရင်ရော ဒါမှမဟုတ် မင်း ဒီအခန်းထဲက အပူပေးစက်ကို ပိတ်ထားလိုက်လေ"
အခုအချိန်တွင် လျှပ်စစ်မီးနှင့် ရေသည် အလွန် အဖိုးတန်သည် ဆိုသည်အား ကျောက်ဟောင် သိလေသည်။ အခန်းထဲ၌ မီးများ လင်းထိန် နေလျှက် ရှိကာ ပြတင်းပေါက် အပြင်ဘက်မှာမူ အဖြူရောင်မှ လွဲ၍ ဘာမှမရှိပေ။ အပြင်မှာ မည်သည့် အရာများ ဖြစ်နေသနည်း ဆိုသည်အား ကျောက်ဟောင် သဘာဝကျကျ သိပေသည်။
သူ့အိမ်မှာလည်း ယခုလိုသာ ဖြစ်သည်။ ဆီးနှင်းများသည် တံခါးများ ပြတင်းပေါက်များအား ပိတ်ဆို့ထားခြင်း ဖြစ်သည်။ တံခါးဝတွင် ဆီးနှင်းများအား လာရှင်းပေးသည့် သူ့သူငယ်ချင်းများသာ မရှိလျှင် သူသည်လည်း အိမ်ထဲ၌ ပိတ်မိနေဦးမည်သာ ဖြစ်သည်။
ရဲ့ရှင်းချန်သည် သူ့အား အများကြီး ကူညီပေးခဲ့ပြီး ဖြစ်သည်။ ရဲ့ရှင်းချန်ဆီမှ နေ၍ အခွင့်အရေး ယူသလိုမျိုး ဆက်မလုပ်သင့်တော့ချေ ဟု ကျောက်ဟောင် စိတ်ထဲ တွေးလိုက်မိခြင်း ဖြစ်သည်။ ကျောက်ဟောင် အလျင်စလို ထွက်သွားချင်နေသော်လည်း ရဲ့ရှင်းချန်မှ သူ့အား တားလိုက်လေသည်။
"အစ်ကိုကျောက် ဗိုက်ဆာနေပြီလား ကျွန်တော့်ကို အရမ်းကြီး အားနာမနေပါနဲ့ တကယ်လို့ အားနာနေရင်လည်း ဒါတွေကို ကျွန်တော့်ဆီက ချေးထားတယ်လို့ပဲ သဘောထားလိုက်ပါ အစ်ကို ပြန်ကောင်းလာမှ ကျွန်တေ့်ာကို ပြန်ဆပ်ရင်လည်း နောက်မကျပါဘူး"
ကျောက်ဟောင်သည် မည်ကဲ့သို့ စွမ်းအားမျိုး ရလာခဲ့လေသနည်း ဆိုသည်အား ရဲ့ရှင်းချန် အမှန်တကယ် သိချင်နေမိသည်။ အထူးစွမ်းအား ရလာပြီးနောက် ကျောက်ဟောင်၏ ခန္ဓာကိုယ်တွင် မည်သို့သော ပြောင်းလဲမှုများ ဖြစ်လာမည်နည်း ဆိုသည်ကိုလည်း သူ သိချင်နေမိသည်။ အရင် လက္ခဏာများအရ ကျောက်ဟောင်သည် ရုပ်ပိုင်းဆိုင်ရာ စွမ်းအားတစ်ခုခု ရလာပုံပေါ်သည်။
"အစ်ကိုကျောက် အရမ်းအရေးကြီးတဲ့ ကိစ္စတစ်ခု ရှိတယ် အစ်ကို့ကို လျှို့ဝှက်ချက် တစ်ခု ပြောပြချင်တယ် ဒါပေမဲ့ ဒီလျှို့ဝှက်ချက်ကို တခြား ဘယ်သူ့ကိုမှ မပြောပြရဘူးနော် အစ်မအန်းရန်ကိုတောင် မပြောပြရဘူး"
ရဲ့ရှင်းချန်၏ လေးနက်နေသည့် မျက်နှာအား ကြည့်ပြီးနောက် ကျောက်ဟောင်လည်း ချက်ချင်း လေးနက်သွားခဲ့သည်။ ရဲ့ရှင်းချန် တစ်ခုခု ပြောတော့မည့် ဆဲဆဲတွင် လီအန်းရန်သည် သန့်ရှင်းသပ်ရပ်စွာဖြင့် ပြန်ရောက်လာခဲ့သည်။
"အာ အစ်ကိုကျောက် ရှင် နိုးလာပြီ နောက်ဆုံးတော့ ရှင် နိုးလာပြီပေါ့"
ရေအိမ်ထဲမှ ထွက်လာသည်နှင့် လီအန်းရန်သည် အခန်းငယ်လေး တံခါးပွင့်နေတာအား တွေ့လိုက်ရသည်။ တစ်ခုခုအား ခန့်မှန်းမိပြီး သူမ အမြန်ပြေးလာခဲ့ခြင်း ဖြစ်သည်။ ကျောက်ဟောင်၏ လက်ကောက်ဝတ်အား စမ်းနေသည့် လင်းစစ်ကျားအား ဘေးသို့ တွန်းဖယ်ကာ ကျောက်ဟောင်ထံ ပြေးဖက်ပြီး ငိုရှိုက်တော့သည်။
"ရှင်ကလေ ရှင့်ကို ကျွန်မ ဘယ်လောက် စိတ်ပူနေခဲ့ရလဲ သိရဲ့လား"
"ကျွန်မက ရှင့်ကို အပြင် ခဏထွက်ဖို့ပဲ ခွင့်ပြု လိုက်တာလေ ဘယ်လိုလုပ်ပြီး ဒီလိုအခြေအနေ ဖြစ်လာရတာလဲ"
"တော်သေးတာပေါ့ အခု ရှင် ဘာမှမဖြစ်တော့လို့ မဟုတ်ရင် ရှောင်ပေါင်လေးနဲ့ ကျွန်မ ဘယ်လိုလုပ်ရမလဲ"
ဘေးမှာ ရပ်နေသည့် ရဲ့ရှင်းချန်သည် ဘေးသို့ အတွန်းခံလိုက်ရသည့် လင်းစစ်ကျားအား ကြည့်ကာ မျက်မှောင်ကြုတ် လိုက်မိသည်။ လီအန်းရန်၏ သရုပ်ဆောင် စွမ်းရည်သည် အမှန်ပင် ကောင်းလွန်းသည်ဟု သူ တွေးလိုက်မိခြင်း ဖြစ်သည်။
ရဲ့ရှင်းချန်သာ အိမ်ထောင့်စုံမှာ ကင်မရာတွေ မတပ်ထားခဲ့ဘူးဆိုလျှင် လီအန်းရန်သည် ကျောက်ဟောင်အား မည်ကဲ့သို့ 'သေချာပြုစုစောင့်ရှောက်' ခဲ့သည် ဆိုသည်နှင့် သူနဲ့ လင်းစစ်ကျား မျက်မြင်ကိုယ်တွေ့ မတွေ့ခဲ့ရဘူးဆိုလျှင် သူတို့လည်း ယုံမိပေလိမ့်မည် ဖြစ်သည်။
လီအန်းရန်သည် ပြင်ပလူ ဖြစ်နေတာကြောင့် ရဲ့ရှင်းချန် ဆက်ပြောလို့ မရတော့ချေ။ လင်းစစ်ကျား၏ လက်ဖမိုးအား ညင်သာစွာ ပုတ်ပေး ပြီးနောက် သူမ နှင့်အတူ အခန်းငယ်လေးထဲမှ ထွက်လာခဲ့လိုက်လေသည်။
"ဒီလီအန်းရန်သည် အမှန်တကယ် စိတ်ပျက်စရာကောင်းတာပဲ"
မိန်းမ တစ်ယောက်သည် ဤမျှ လောက် စိတ်ပျက်စရာ ကောင်းနိုင်တယ်ဆိုသည်အား လင်းစစ်ကျား ပထမဆုံးအကြိမ် ခံစားဖူးခြင်း ဖြစ်သည်။ ကလေး နို့တိုက်ဖို့နှင့် ရဲ့ရှင်းချန် ရှေ့တွင် လီအန်းရန် အင်္ကျီလှန် တင်လိုက်စဉ်တည်းမှ လင်းစစ်ကျား အတော်လေး မကျေမနပ် ဖြစ်နေခဲ့ခြင်း ဖြစ်သည်။
ရဲ့ရှင်းချန် လင်းစစ်ကျားနှင့် တခြားသူများသည် ညစာ စားပြီးကြပြီ ဖြစ်သည်။ လီအန်းရန်ပင်လျှင် ညစာစားပြီးခဲ့ပြီ ဖြစ်သည်။ ရဲ့ရှင်းချန် ခဏလောက် စဉ်းစားပြီးနောက် လင်းစစ်ကျားအား ခေါက်ဆွဲအိုးကြီး တစ်အိုး ပြုတ်ခိုင်းလိုက်လေသည်။ ကြက်ဥသုံးလုံး ဝက်အူချောင်းနှစ်ချောင်းနဲ့ အေးခဲထားသည့် ကြက်ပေါင်ကြီး တစ်ခုကိုပါ ထည့်ပြုတ် ခိုင်းလိုက်သည်။
ထိုအရာအားလုံးသည် အစောပိုင်းတွင် စူပါမားကတ်မှ ပြန်ယူလာခဲ့သည့် အရာများ ဖြစ်ကြလေသည်။ သိပ်တန်ဖိုးမကြီးသည့်တိုင် အပြင်ဘက်တွင်မူ ထိုအရာများ အတွက် လုယူ သတ်ဖြတ်သည် အထိ ဖြစ်နေကြလိမ့်မည် ဖြစ်သည်။
ရဲ့ရှင်းချန် ကိုယ်တိုင် ခေါက်ဆွဲအား ကျောက်ဟောင်ထံ ယူသွား ပေးလိုက်သည်။ သူတို့ ရောက်သွားချိန်တွင် အိုးသည် အငွေ့ တထောင်းထောင်း ထွက်နေဆဲ ဖြစ်သည်။ သူ အခန်းထဲ ဝင်သွားချိန်တွင် လီအန်းရန်သည် ဧည့်ခန်းထဲမှာ ထိုင်ရင်း ရှောင်ပေါင်လေးအား အိပ်ရာဝင်ဖို့ရန် ချော့သိပ်နေခဲ့သည်။
အချိန်လည်း အတော်လေး မိုးချုပ်နေခဲ့ပြီ ဖြစ်သည်။ ပုံမှန်ဆိုလျှင် ကျောက်ဟောင်နှင့် လီအန်းရန်တို့ အိပ်ရာဝင် နေကြလောက်ပြီ ဖြစ်သည်။ ညဘက် လျှပ်စစ်မီးလည်း မရှိ ဖျော်ဖြေရေးသည်လည်း သိပ်မရှိသည့် အတွက် သူတို့သည် အများအားဖြင့် စောစော အိပ်ရာဝင်လေ့ ရှိကြသည်။