← Chapters

အခန်း ၁၁၉

Vol. 9 Ch. 119

အခန်း ၁၁၉

Vol. 9 Ch. 119

အခန်း (၁၁၉) ဝက်သားနီနှပ် ထမင်းပေါင်း

ရဲ့ရှင်းချန်သည် ဒယ်အိုးအား ဘေးသို့ ဖယ်ထားလိုက်ပြီးနောက် ခွဲစိတ် စားပွဲပေါ်တွင် စားပွဲပုလေး တစ်လုံးအား တင်လိုက်လေသည်။ ထို့နောက် ခေါက်ဆွဲအိုးအား စားပွဲပုလေးပေါ် တင်ပေးလိုက်ပြန်သည်။

"အချိန် သိပ်မရလိုက်ဘူး အစ်ကိုကျောက် ဖြစ်သလိုလေးပဲ စားရမှာမို့ ဗိုက်ပြည့်ပါ့မလားတော့ မသိဘူး"

ကျောက်ဟောင်၏ အိမ်တွင် စားနပ်ရိက္ခာများသည် သာမန်လူများနှင့် ယှဉ်လျှင် ပိုလျှံနေသည်မှာ မှန်သော်လည်း ဆီးနှင်းများ ကျစဉ်ကတည်းမှ သူ ဤမျှလောက် ကောင်းမွန်လှသည့် အစားအစာမျိုး မစားခဲ့ရချေ။

ပုံမှန်ဆိုလျှင် သူနှင့် လီအန်းရန်တို့သည် အိမ်တွင် ကောင်းကောင်းမွန်မွန် စားကြသည့်အခါတိုင်း ရဲ့ရှင်းချန် ပေးထားသည့် ဝက်အူချောင်း တစ်ဝက်လောက်ကိုသာ ဆန်ပြုတ်နဲ့ တွဲစားရုံလောက်သာ ရှိပေသည်။ ဤမျှလောက် များပြားလှသည့် ခေါက်ဆွဲအိုးကြီးအား သူတစ်ယောက်တည်း မည်သည့်အချိန်တွင် စားခဲ့ဖူးလေသနည်း။

"ညီလေးရဲ့ မင်းတို့ တကယ် စားပြီးပြီလား ငါလည်း အကုန် မစားနိုင်ဘူးကွ များလွန်းတယ်"

ကျောက်ဟောင် ဗိုက်ထဲမှနေ၍ တဂွီဂွီ မြည်နေသော်လည်း ရဲ့ရှင်းချန်နှင့် လင်းစစ်ကျားတို့ မစားရက် မသောက်ရက်ဖြင့် သူ့အား ပေးကျွေးနေမည်ကို သူ စိုးရိမ်နေမိခြင်း ဖြစ်သည်။

ရဲ့ရှင်းချန်သည် သူတို့ဆီတွင် အစားအစာ မရှားပါဘူးလို့ အထပ်ထပ်အခါခါ အာမခံပြီး နောက်မှသာ ကျောက်ဟောင်အား စိတ်ချလက်ချ စားဖို့ ပြောပြီးမှသာလျှင် ကျောက်ဟောင်သည် ပူပူနွေးနွေး ခေါက်ဆွဲ တစ်လုတ်အား မျိုချ လိုက်တော့သည်။

ခေါက်ဆွဲထဲတွင် ငရုတ်သီးများပါ ပါရှိသေးသည်။ ကျောက်ဟောင်အား ပိုပြီး မြိန်မြိန်ယှက်ယှက် စားနိုင်အောင်ဆိုသည့် ရည်ရွယ်ချက်ဖြင့် ရဲ့ရှင်းချန်သည် ကုတင်ခေါင်းရင်းတိုင်တွင် ခတ်ထားတဲ့ ကျောက်ဟောင်၏ ညာဘက်လက်အား ဖြုတ်ပေးလိုက်တော့သည်။

"ရပါတယ် အစ်ကိုကျောက် တစ်နပ် နှစ်နပ်လောက် စားရုံနဲ့ ဘာမှမဖြစ်ပါဘူး စိတ်မပူဘဲ ဗိုက်ဝအောင်သာ စားပါ အစ်ကိုကျောက် ဘာမှမဖြစ်တာ မြင်ရတာ ကျွန်တော် ဝမ်းသာတယ်"

လီအန်းရန်မှ လှမ်းကြည့်လိုက်ပြီးနောက် ဟိုလျှောက်ဒီလျှောက် လုပ်နေပြန်လေသည်။ ယောက်ျား နှစ်ယောက်လုံးသည် သူ့အား စိတ်မဝင်စားဘူး ဆိုသည်အား သိသွားတဲ့အခါ သူမသည် ဒေါသတကြီးဖြင့် အခန်းထဲမှ ထွက်ခွာသွားပြီးနောက် ဆိုဖာပေါ်တွင် ပြန်သွားထိုင် နေခဲ့လေတော့သည်။

ရဲ့ရှင်းချန်သည် ဆိုဖာပေါ်မှာ စောင်းစောင်းလေး ထိုင်နေသည့် လီအန်းရန်အား လှည့်ကြည့်လိုက် ပြီးနောက် ကျောက်ဟောင်၏ ဖုန်းအား ကျောက်ဟောင် ရင်ခွင်ထဲ ထည့်ပေးလိုက်တော့သည်။

"အစ်ကိုကျောက်ရဲ့ ဖုန်းကို ကျွန်တော် အားသွင်းပေးထားတယ် အစ်ကိုကျောက် ကောင်းကောင်း နားလိုက်ပါဦး"

ကျောက်ဟောင်သည် ရက်ပေါင်းများစွာ ဆာလောင်နေခဲ့၍လား သို့မဟုတ် သူ့၏ အထူးစွမ်းအားကြောင့်ပဲလားတော့ မသိချေ။ လူ သုံးလေးယောက်လောက် စားလို့ရမည့် ခေါက်ဆွဲအိုးကြီး တစ်အိုးလုံးသည် ရဲ့ရှင်းချန်၏ မျက်စိရှေ့မှာတင် ကျောက်ဟောင်၏ ဗိုက်ထဲသို့ အကုန်လုံး ရောက်သွားခဲ့သည်။

နောက်ဆုံး ကျန်နေသည့် ခေါက်ဆွဲအရည် တစ်ငုံအား သောက်လိုက် ပြီးနောက် ကျောက်ဟောင်သည် အားမရသေးသကဲ့သို့ လေချဉ်တက် လိုက်လေသည်။ သူသည် ကြက်ပေါင်ရိုးကိုပင် ဝါးစားမတတ် ဖြစ်နေခဲ့သည်။

ကျောက်ဟောင်သည် ရှက်ရမ်းရမ်းကာ ခေါင်းကုတ်လိုက်မိသည်။ စပ်သည့် အစားအစာများကြောင့် သူ၏ ကိုယ်ပေါ်တွင် ချွေးစေးလေးများ ပြန်လာခဲ့လေသည်။ ရဲ့ရှင်းချန်သည် ခဏလောက် စဉ်းစားလိုက်ပြီးနောက် စိတ်ငြိမ်ဆေးအရှိန် မည်မျှလောက် ခံမည်အား တွက်ကြည့်လိုက်လေသည်။ ထို့နောက် ကျောက်ဟောင် ရေချိုး၍ ရအောင် ကျန်နေသည့် လက်တစ်ဖက်ကိုပါ ဖြုတ်ပေးလိုက်တော့သည်။

ရဲ့ရှင်းချန်သည် ကျောက်ဟောင် အတွက် အင်္ကျီလက်တိုနှင့် ဘောင်းဘီတို အသစ်တစ်စုံကိုပင် ပြင်ဆင် ပေးထားပြီး ကုတင်ခြေရင်းတွင် တင်ထား ပေးလိုက်လေသည်။

ညအချိန်သည် အလျင်အမြန် ကုန်ဆုံးသွားခဲ့လေသည်။ လီအန်းရန်သည် အိပ်ရာမဝင်ခင် ကျောက်ဟောင်အား စိုးရိမ်ကြောင်း ပြသဖို့ရန် အတွက် တစ်ကြိမ်သာ လာကြည့်ခဲ့သည်။ ထို့နောက် သူမသည် ဆိုဖာပေါ်တွင် ကိုယ့်သဘောနဲ့ကိုယ် ပြန်သွားပြီးနောက် ရှောင်ပေါင်လေးအား ဖက်ကာ အိပ်ပျော် သွားလေတော့သည်။ နောက်တစ်နေ့ မနက်တွင် ရဲ့ရှင်းချန်သည် မနက်စာတောင် မစားနိုင်ဘဲ တတိယထပ်အား တန်းဆင်းလာခဲ့လေသည်။

ပထမဆုံးအနေနဲ့ သူက လီအန်းရန်အား အေးခဲထားသည့် ပေါင်မုန့်တချို့ ပေးလိုက်ပြန်သည်။ ထို့နောက် ရဲ့ရှင်းချန်သည် ကျောက်ဟောင်၏ လက်များအား လက်ထိပ်ခတ်လိုက်ပြီးနောက် ဓာတ်လှေကားထဲမှ နေ၍ ခြောက်လွှာအား ခေါ်ဆောင်သွားခဲ့သည်။

ခြောက်လွှာ အရောက်တွင် လင်းစစ်ကျားနှင့် မိုချီတို့သည် ဆိုဖာပေါ်မှာ အတန်းလိုက် ထိုင်ရင်း ရဲ့ရှင်းချန်အား စောင့်နေကြလေသည်။ ရဲ့ရှင်းချန်သည် ယနေ့ မနက်စာ မလုပ်ဖို့ အတွက် လင်းစစ်ကျားအား အထူးတလည် မှာထားခဲ့ခြင်း ဖြစ်သည်။

"ရောက်ပြီ အစ်ကိုကျောက်"

ဓာတ်လှေကားထဲမှ ထွက်ပြီးနောက် တံခါးဖွင့်လိုက်ကာ ရဲ့ရှင်းချန်သည် ကျောက်ဟောင်နှင့်အတူ ဧည့်ခန်းထဲကို ဝင်သွားလေတော့သည်။

"မင်္ဂလာပါ ဦးလေးကျောက်"

မိုချီသည် ဆိုဖာပေါ်မှနေ၍ ထလာခဲ့ကာ ရင်းရင်းနှီးနှီး နှုတ်ဆက်လိုက်လေရာ ကျောက်ဟောင် အနည်းငယ် အံ့အားသင့် သွားမိတော့သည်။ သူသည် ဤအိမ်ရာဝင်း အတွင်း၌ လုံခြုံရေးအစောင့် လုပ်လာခဲ့သည်မှာ နှစ်ချီနေပြီ ဖြစ်သည့်တိုင် မိုချီအား တစ်ကြိမ် တစ်ခါမှ မမြင်ဖူးခဲ့ပေ။

"ဒါ ဒါက မင်းတို့ ကလေးလား"

ကျောက်ဟောင်မှ ကြောင်တောင်တောင်ဖြင့် မေးလိုက်လေရာ ရဲ့ရှင်းချန်နှင့် လင်းစစ်ကျားတို့ နှစ်ယောက်လုံး ထိတ်လန့် သွားကြကုန်လေသည်။

"အစ်ကိုကျောက်ကလည်း နောက်နေပြန်ပြီဗျာ ကျွန်တော်တို့ဆီမှာ ဒီလောက်ကြီးတဲ့ ကလေး ဘယ်လိုလုပ် ဒီလောက်မြန်မြန် ရှိနိုင်မှာလဲ"

သူသည် ကျောက်ဟောင်အား ဆိုဖာဆီ ခေါ်သွားပြီးနောက် ထိုင်ခိုင်း လိုက်လေသည်။ ကျောက်ဟောင်သည် ရေမိုးချိုး သန့်စင်ထားပြီးပြီ ဖြစ်ရာ သူစရောက်လာချိန်ကဲ့သို့ ချဉ်စူးစူး အနံ့မျိုး မရှိတော့ချေ။

"ကျွန်တော် မိတ်ဆက်ပေးမယ် ဒါက မိုချီတဲ့ အပြင်မှာ ပစ္စည်းတွေ သွားရှာတုန်းက ကောက်ရလာတာ"

ကျောက်ဟောင်၏ မျက်နှာပေါ်တွင် ဇဝေဇဝါ ဖြစ်နေဟန် ရသည့် အရိပ်အယောင်များ ပေါ်လာခဲ့သည်။ ရဲ့ရှင်းချန်သည် လမ်းပေါ်မှနေ၍ လူတစ်ယောက်အား အမှန် တကယ် ကောက်ရလာလိမ့်မည်ဟု သူ တစ်ခါမှ မထင်ထားခဲ့မိချေ။

"အစ်ကိုကျောက် အစ်ကို့ကို လျှို့ဝှက်ချက်တစ်ခု ပြောပြမယ်လို့ မနေ့က ကျွန်တော် ပြောခဲ့တယ်လေ"

ကျောက်ဟောင် မျက်နှာသည် အလွန်အမင်း လေးနက်သွားခဲ့ရသည်။ သူသည် ရဲ့ရှင်းချန်အား ကြည့်ကာ ခေါင်းညိတ် ပြလိုက်လေသည်။

"ပြောလေ ညီလေးရဲ့ ငါ ဘယ်သူ့ကိုမှ မပြောပါဘူး"

ရဲ့ရှင်းချန်မှ ပြုံးလိုက် ပြီးနောက် ဘဲသွေး ခေါက်ဆွဲဟင်းရည် တစ်ပန်းကန်အား လေထဲကနေ ရုတ်တရက် ပေါ်လာခဲ့သည်။ မူလတွင် လေးနက်နေဟန် ရသည့် ကျောက်ဟောင်၏ မျက်နှာသည် အခုချိန်တွင် အနည်းငယ် ဇဝေဇဝါ ဖြစ်သွားခဲ့ရလေသည်။ သူသည် လက်အား မြှောက်ကာ မျက်လုံးများကိုပင် ပွတ်သပ်ကြည့်လိုက်မိသည်။

"အစ်ကိုကျောက် ဘာစားချင်လဲ"

ရဲ့ရှင်းချန်မှ ပြုံးကာ ကျောက်ဟောင်အား မျက်စိမှိတ် ပြလိုက်လေသည်။ တစ်ဖက်မှာမူ ကျောက်ဟောင်သည် အံ့ဩမှင်တက်နေပုံရလေသည်။ သူ့ပါးစပ်သည် တစ်ဝက်လောက် ဟနေသော်လည်း စကားတစ်ခွန်းမှ ထွက်မလာခဲ့ပေ။ မိုချီမှ အရင်ဆုံး တိတ်ဆိတ်မှုအား ဖြိုခွဲလိုက်တော့သည်။

"အစ်ကိုရှင်းချန် သမီး ဟမ်ဘာဂါ စားချင်တယ် ဒိန်ခဲအများကြီးပါတဲ့ အမဲသား ဟမ်ဘာဂါနဲ့ ကြက်ဥကြော် တစ်လုံးပါတယ် နှစ်ခုနော်"

သူမဆီမှ ဟင်းမှာခြင်းသည် ကြားရခဲလှသည်။ မိုချီသည် အမြန် လက်ထောင် ပြလိုက်လေရာ ရဲ့ရှင်းချန်သည် ဟမ်ဘာဂါနှစ်ခုအား လေထဲကနေ ဖန်တီး ယူလိုက်ပြီးနောက် သူမ၏ ရှေ့၌ ချပေးလိုက်သည်အား မြင်လိုက်ရလေသည်။

"ရေး ကျေးဇူးပါ အစ်ကိုရှင်းချန်"

လင်းစစ်ကျားသည်လည်း ပူးပေါင်း ပါဝင်သည့် အနေဖြင့် ကွမ်တုံးစတိုင် ဒင်းဆမ်း အစားအစာ တချို့အား မှာလိုက်လေသည်။

"အင်း ကျွန်မ လတ်တလော အရမ်းပင်ပန်းနေလို့ ပေါ့ပေါ့ပါးပါး တစ်ခုခု စားချင်တယ် ပုစွန်ဖက်ထုပ် ဝက်နံရိုး ဟင်းရည်ဖက်ထုပ်နဲ့ ကြက်ခြေထောက်လေး ပေးပါ"

လင်းစစ်ကျား မှာလိုက်သည့် ဟင်း တစ်ခုချင်းစီအား ရဲ့ရှင်းချန်မှ သူ၏ နေရာလွတ်ထဲမှနေ၍ ထုတ်ပေးလိုက်ပြန်သည်။ အချိန်တို အတွင်းမှာပဲ ကော်ဖီစားပွဲ၏ တစ်ဝက်လောက်သည် အစားအစာများဖြင့် ပြည့်သွားခဲ့လေတော့သည်။

"အစ်ကိုကျောက် ဘာစားချင်လဲ စဉ်းစားမိပြီလား ပြောသာပြောပါ ကျွန်တော့်ဆီမှာ ရှိသရွေ့ အစ်ကိုကျောက် စိတ်ကျေနပ်အောင် အကောင်းဆုံး ကြိုးစားပေးမယ်"

ကျောက်ဟောင်သည် အိပ်မက်ထဲမှ နိုးထလာသလိုမျိုး ဖြစ်နေခဲ့သည်။ သူ့နှုတ်ခမ်းများ တုန်ယင်နေခဲ့ကာ ရဲ့ရှင်းချန်အား မယုံကြည်နိုင်သကဲ့သို့ ကြည့်နေခဲ့သည်။ ထို့နောက် တုန်ယင်နေသည့် အသံဖြင့် စကားသုံးခွန်း ပြောလိုက်လေသည်။

"ဝက်သားနီနှပ် ထမင်းပေါင်း"

ကျောက်ဟောင်အား ပိုပြီး အသက်ဝင်ဝင် ခံစားရစေဖို့ရန် အတွက် ရဲ့ရှင်းချန်သည် လက်ဖက် ကြက်ဥကြော် နှစ်လုံးကိုပါ ကျောက်ဟောင်အတွက် ထပ်ထည့် ပေးလိုက်လေသည်။

"ကျွန်တော့် လျှို့ဝှက်ချက်ကို မြင်ပြီလား ဒါပေမဲ့ အစ်ကိုကျောက် ထင်သလိုမျိုးတော့ မဟုတ်ဘူး ကျွန်တော့် လျှို့ဝှက်ချက်က မျက်လှည့် မဟုတ်သလို လေထဲကနေ ပစ္စည်းတွေ ဖန်တီးယူတာလည်း မဟုတ်ဘူး"

"တကယ်တော့ ကျွန်တော့်မှာ အထူးစွမ်းအား တစ်ခု ရှိတယ် ခင်ဗျားတို့ ဘယ်သူမှ မမြင်နိုင်တဲ့ နေရာလွတ်တစ်ခု ရှိတယ် ခုနက ကျွန်တော် ထုတ်ပေးလိုက်တဲ့ ပစ္စည်းတွေက ကျွန်တော့် နေရာလွတ်ထဲမှာ ကြိုပြီး သိမ်းထားတဲ့ အရာတွေချည်းပဲ"

"ကျွန်တော် အိမ်ကို ပစ္စည်းတွေ အများကြီး သယ်လာတာကို အစ်ကိုကျောက် မြင်ဖူးမှာပေါ့ ပွင့်ပွင့်လင်းလင်း ပြောရရင် အဲဒီပစ္စည်းတွေ အကုန်လုံးကို အဲဒီ နေရာလွတ်ထဲမှာ ကျွန်တော် သိမ်းထားလိုက်တာ"

"ကျွန်တော့် နေရာလွတ်က ကျွန်တော်နဲ့ တစ်သားတည်းပဲ ကျွန်တော် အသက်ရှင်နေသရွေ့ နေရာလွတ်က ရှိနေမှာပဲ ကျွန်တော် သေသွားရင် နေရာလွတ်ကလည်း ကျွန်တော်နဲ့ အတူ ပျောက်ကွယ်သွားလိမ့်မယ်"

"ဒါက ကျွန်တော့်ရဲ့ အထူးစွမ်းအားပဲ"

ရဲ့ရှင်းချန်မှ ခေါင်းငုံ့ကာ ဘဲသွေးခေါက်ဆွဲဟင်းရည် တစ်ငုံ သောက်လိုက် ပြီးနောက် ပါးစပ်မှာ ဆော့စ်တွေ ပေပွနေသည့် မိုချီအား ကြည့်လိုက်မိသည်။

"ကျွန်တော့် အပြင် မိုချီမှာလည်း အထူးစွမ်းအား ရှိတယ် မိုချီရဲ့ အထူးစွမ်းအားက လျှပ်စီးပဲ သူက လျှပ်စီးကြိုးတွေ အကုန်လုံးကို ထိန်းချုပ်နိုင်တယ်"

ထို့နောက် ရဲ့ရှင်းချန်ရဲ့ အကြည့်သည် ကျောက်ဟောင်ဆီ ရောက်သွားခဲ့တော့သည်။

"အမှန်အတိုင်း ပြောရရင် အစ်ကိုကျောက်ကို ကျွန်တော် လေ့လာကြည့်တာ အစ်ကိုကျောက်မှာလည်း အထူးစွမ်းအား တစ်ခုခု နိုးထလာသင့်တယ် အစ်ကိုကျောက် ခန္ဓာကိုယ်မှာ တစ်နေရာရာ ပြောင်းလဲသွားတယ်လို့ ခံစားရလား"

All Chapters