အခန်း ၁၂၀
Vol. 9 Ch. 120
အခန်း (၁၂၀) ထိုးဖောက်မရတဲ့ ခန္ဓာကိုယ်
ရဲ့ရှင်းချန်သည် ခေါက်ဆွဲ တစ်ပန်းကန်လုံး ဗိုက်ထဲ ရောက်သွား သည်အထိ ကျောက်ဟောင် သတိမဝင် လာသေးပေ။
"အရင်စားလိုက်ပါ အစ်ကိုကျောက် ဝက်သားနီနှပ် ထမင်းပေါင်း အေးသွားလိမ့်မယ်"
ကျောက်ဟောင်သည် စက်ရုပ်ကဲ့သို့ ခေါင်းညိတ် ပြလိုက်သည်။ ဝက်သားနီနှပ် ထမင်းပေါင်းအား ပထမဆုံးတစ်လုတ် စားလိုက်မှသာလျှင် သူသည် အိပ်မက်ထဲမှ နိုးထလာသကဲ့သို့ ရဲ့ရှင်းချန်အား မော့ကြည့်လိုက်သည်။
"ညီလေးရဲ့ မင်းပြောတာ တကယ်လား"
ကျောက်ဟောင် ၏ မျက်နှာပေါ်မှာ မယုံကြည်နိုင်သည့် အရိပ်အယောင်များဖြင့် ပြည့်နှက်နေခဲ့သည်။ မည်သို့ပင်ဆိုစေ သူလာခဲ့သည့် လူ့အဖွဲ့အစည်းသည် ရုပ်ဝတ္ထုများကိုသာ အခြေခံသည့် လူ့အဖွဲ့အစည်း တစ်ခု ဖြစ်ခဲ့သည် မဟုတ်ပါလော။ ရဲ့ရှင်းချန် ပြောခဲ့သမျှ အရာအားလုံးသည် ကျောက်ဟောင်၏ နားလည်နိုင်စွမ်းများအား လုံးဝ ပြောင်းပြန် လှန်ပစ်လိုက်သကဲ့သို့ ဖြစ်နေခဲ့သည်။
"မိုချီ အစ်ကိုကျောက် အတွက် လျှပ်စီး ဘောလုံးလေး တစ်ခုလောက် ဖန်တီးပြလိုက်ပါဦး"
မိုချီသည် ပါးစပ်အား သုတ်ပြီးနောက် ဗိုက်အား ပွတ်လိုက်ကာ လေချဉ် တက်လိုက်လေသည်။ ထို့နောက် လက်ညှိုးအား ထိုးလိုက်ပြီး ခရမ်းရောင် လျှပ်စီးဘောလုံးငယ်လေး တစ်ခုအား ကျောက်ဟောင်၏ ရှေ့သို့ ပစ်ပေးလိုက်သည်။ မိုချီသည် သူမ၏ စွမ်းအားအား ထိန်းချုပ်နိုင်သည့် အတွက် ကျောက်ဟောင်အား မထိခိုက်စေနိုင်ပေ။
ကျောက်ဟောင်သည် သူ၏ ရှေ့မှ အရာလေးအား မျက်လုံးပြူးကြီးဖြင့်သာ စိုက်ကြည့်နေခဲ့မိသည်။ သူမသည် မျက်လှည့်ပြနေသကဲ့သို့ ဖြစ်နေသည် မဟုတ်ပါလား။ ရုတ်တရက် လင်းလက်နေသည့် အရာတစ်ခုသည် သူ၏ ရှေ့မှာ လေထဲမှနေ ၍ ပေါ်လာခြင်း ဖြစ်ပေသည်။
သူသည် ထိုဘောလုံးလေးအား မထိဘဲ မနေနိုင်အောင် ဖြစ်သွားခဲ့ရသည်။ ကျောက်ဟောင်သည် သူ့တစ်ကိုယ်လုံး၌ လျှပ်စစ်စီးကြောင်း တစ်ခု ဖြတ်ပြေး သွားသကဲ့သို့ ခံစားလိုက်ရကာ ဆံပင်များပင် ထောင်ထသွားခဲ့ရသည်။
"တကယ်ကို အံ့ဩစရာပဲ ဒီမှာ တကယ် လျှပ်စစ်စီး ရှိနေတာပဲ"
မနက်စာ စားပြီးနောက် လင်းစစ်ကျားသည် ကျောက်ဟောင်၏ ခန္ဓာကိုယ် အခြေအနေအား အရင်ဆုံး စစ်ဆေး ကြည့်လိုက်လေသည်။ ထို့နောက် ရဲ့ရှင်းချန်သည် ကျောက်ဟောင်အား ဦးနှောက်ဆေးဖို့ အလှည့် ရောက်လာခဲ့သည်။
"ယုံရခက်လိမ့်မယ်ဆိုတာ သိပါတယ် အစတုန်းက ကျွန်တော် ကိုယ်တိုင်လည်း မယုံနိုင်ခဲ့ဘူး"
"ကျွန်တော့် စွမ်းအား ဘယ်လိုနိုးထလာလဲ ဆိုတာတော့ ကျွန်တော်လည်း မသိဘူး တစ်နေ့ကျတော့ မျက်လုံး ဖွင့်ကြည့်လိုက်တဲ့အခါ စိမ်းသက်နေတဲ့ နေရာတစ်ခုထဲကို ကျွန်တော် ရုတ်တရက် ရောက်နေတာ တွေ့လိုက်ရတယ်"
"အစ်ကိုကျောက် ဘယ်လို အထူးစွမ်းအားမျိုး နိုးထလာမလဲ ဆိုတာကိုလည်း ကျွန်တော် သိချင်တယ် ခန္ဓာကိုယ်မှာ ပြောင်းလဲမှု တစ်ခုခု ခံစားရလား"
မိုချီ၏ လျှပ်စီးဘောလုံးဆီမှ လျှပ်စစ်သည် ကျောက်ဟောင်၏ လက်ချောင်းထိပ်လေးများမှ နေ၍ မြီးညှောင့်ရိုးအထိ ဖြတ်ပြေးသွားခဲ့သည်။ အခုချိန်ထိ ကျောက်ဟောင်ရဲ့ မြီးညှောင့်ရိုးသည် ထုံကျင်နေဆဲ ဖြစ်သည်။
"ပြောရခက်တယ် ကျွန်တော့် ခန္ဓာကိုယ်ကြီး အရမ်း လေးနေတယ်လို့ပဲ ခံစားခဲ့ရတာ လှုပ်ရှားရတာ အထူးသဖြင့် ခက်ခဲနေတယ်လို့ ခံစားရတယ် ဒါပေမဲ့ ဘာကြောင့်မှန်းမသိဘူး အခုတော့ အဲဒီလို မခံစားရတော့ဘူး"
"အစ်ကိုကျောက်ရဲ့ နိုးထမှုက ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်နဲ့ သက်ဆိုင်လိမ့်မယ်လို့ ကျွန်တော် ခံစားရတယ်"
ရဲ့ရှင်းချန်မှ တွေးတွေးဆဆဖြင့် သူ၏ မေးစေ့အား ပွတ်သပ်လိုက်လေသည်။ မည်သို့ပင် ဆိုစေကာမူ ကျောက်ဟောင်၏ ဒဏ်ရာများသည် သာမန်လူများထက် အဆပေါင်းများစွာ မြန်ဆန်သည့် နှုန်းဖြင့် သက်သာလာခဲ့သည် မဟုတ်ပါလား။
"ကျွန်တော်တို့ အစ်ကိုကျောက်ကို ပြန်ခေါ်လာတုန်းက တစ်ကိုယ်လုံး ဒဏ်ရာတွေချည်းပဲ အသားတချို့ကိုတောင် ကိုက်ဖြတ်ခံထားရတာ ဒါပေမဲ့ အခုတော့ အစ်ကိုကျောက် ကိုယ်ပေါ်မှာ ဒဏ်ရာ တစ်ခုမှ မရှိတော့ဘူး အသားတွေ အကိုက်ခံရတဲ့ နေရာတွေမှာတောင် အသားနုတွေ ပြန်တက်နေပြီ"
ရဲ့ရှင်းချန်မှ စဉ်းစားလိုက်ပြီးနောက် သူ၏ နေရာလွတ်ထဲ မှနေ၍ ဓားမြှောင်လေး တစ်ချောင်းအား ရုတ်တရက် ဆွဲထုတ်လိုက်လေသည်။
"အစ်ကိုကျောက် ကျွန်တော် စမ်းကြည့်ရင် စိတ်ဆိုးမလား"
ရဲ့ရှင်းချန်မှ မတ်တပ်ရပ်ပြီးနောက် ကျောက်ဟောင်၏ ဘေးသို့ လျှောက်သွားလိုက်သည်။ သူ၏ ရည်ရွယ်ချက်သည် အလွန် ရှင်းလင်းနေလေသည်။ ကျောက်ဟောင်၏ အထူးစွမ်းအားသည် မြန်မြန်ဆန်ဆန် သက်သာစေနိုင်စွမ်း ရှိမရှိ သိဖို့ရန် အတွက် ကျောက်ဟောင်၏ လက်မောင်းအား ထပ်မံ၍ လှီးကြည့်ချင်နေခြင်း ဖြစ်သည်။
ကျောက်ဟောင်သည် လူမိုက် တစ်ယောက် မဟုတ်သည့် အတွက် ရဲ့ရှင်းချန်၏ ရည်ရွယ်ချက်ကို သဘာဝကျကျပင် နားလည်လိုက်လေသည်။ သုံးစက္ကန့်လောက် တုံ့ဆိုင်းနေ ပြီးနောက် ကျောက်ဟောင်သည် ဝမ်းမြောက်ဝမ်းသာ သဘောတူလိုက်လေသည်။
မည်သို့ပင် ဖြစ်စေ ဤသည်မှာ ရဲ့ရှင်းချန်၏ အိမ် ဖြစ်သည်။ သူ့အား တစ်ခုခု ဖြစ်သွားစေလျှင်ပင် ဒေါက်တာလင်းသည် သူ၏ ဘေးတွင် ရှိနေသေးပေသည်။ ထို့အပြင် သူသည် သေပြီးသား လူတစ်ယောက် ဖြစ်ကာ သူ၏ အသက်ကိုပင် ရဲ့ရှင်းချန်မှ ကယ်တင်ပေးခဲ့ခြင်း မဟုတ်ပါလား။ ရဲ့ရှင်းချန် ကျေနပ်မည်ဆိုလျှင် သူ၏ အသက်အား ပေးရမယ်ဆိုလျှင်ပင် ဘာဖြစ်မည်နည်း။
ရဲ့ရှင်းချန် ထုတ်လိုက်သည့် ဓားသည် အလွန် ထက်မြက်လှပေသည်။ ဓားအသစ် ဖြစ်သည့်တိုင် သွေးထားပြီးသား ဖြစ်သည်။
ရဲ့ရှင်းချန်သည် ကျောက်ဟောင်၏ လက်မောင်းအား အားကုန် ထိုးချလိုက်လေသည်။ မထင်မှတ်ထားစွာဖြင့် ရဲ့ရှင်းချန်၏ ဓားသည် ကျောက်ဟောင် ၏ လက်မောင်း အတွင်းကို မဝင်သွားခဲ့ချေ။ ရဲ့ရှင်းချန် အံ့ဩသွားရလေသည်။ သူ အားသိပ်မပါဟု ထင်လိုက်သည့်အတွက် နောက်တစ်ကြိမ်တွင် အားပိုထည့်လိုက်သည်။ သူထင်တဲ့အတိုင်းပင် ဖြစ်ချေသည်။ ရဲ့ရှင်းချန် အားပိုထည့်လိုက်သည့်တိုင် ဓားသည် ကျောက်ဟောင် ၏ အရေပြားအား ထိုး မဖောက်နိုင်ပေ။
"ရပါတယ် ညီလေးရဲ့ စမ်းကြည့်စမ်းပါ အားပိုထည့်ကြည့်"
ကျောက်ဟောင်သည် ရဲ့ရှင်းချန်မှ ဓားကိုင်ပြီး သူ၏ လက်မောင်းအား အရှေ့အနောက် လှီးနေသည်အား ကြည့်နေခဲ့သည်။ အစပိုင်းတွင် အလွန် နာလိမ့်မည်ဟု ထင်မှတ်ထားပေသည့်တိုင် မျှော်လင့်ထားသည့် နာကျင်မှုမှာ ရောက်ရှိမလာခဲ့ပေ။ ရဲ့ရှင်းချန်မှ သူ့အား ဓားနှင့်လှီးနေသည်မှာ ယားသည့်နေရာအား ကုတ်ခြစ် ပေးနေသကဲ့သို့ ဖြစ်နေခဲ့သည်။
"ဒါ ဘယ်လိုဖြစ်တာလဲ"
ရဲ့ရှင်းချန် အံ့ဩ မှင်တက်သွားခဲ့ရသည်။ သူသည် ကျောက်ဟောင်၏ လက်မောင်းအား လက်တစ်ဖက်ဖြင့် ကိုင်ထားပြီး နောက်လက်တစ်ဖက်ဖြင့် ဓားကို အားကုန်သုံးကာ ထိုးချလိုက်လေသည်။ သို့သော် ကျောက်ဟောင်၏ လက်မောင်းမှာ ဒဏ်ရာဆိုသည်မှာ ဝေလာဝေး အနီရောင် အစက်အပြောက်လေးပင် မပေါ်လာခဲ့ချေ။
"ဟင်"
သူ၏ လက်ထဲမှ ဓားသွားသည် ကျောက်ဟောင် အရေပြားကြောင့် ကွေးသွားသည်ကို ရဲ့ရှင်းချန် မြင်တွေ့လိုက်ရသည်။ ထိုအချိန်တွင် ရဲ့ရှင်းချန်တင် မက မိုချီနှင့် လင်းစစ်ကျားတို့ပင် အံ့ဩသွားကြကုန်သည်။ ကျောက်ဟောင် ကိုယ်တိုင်သည်လည်း အပါအဝင် ဖြစ်ချေသည်။ တစ်ခဏလောက် အံ့ဩ သွားပြီးနောက် ရဲ့ရှင်းချန်မှ ရုတ်တရက် သဘောပေါက် သွားခဲ့သည်။
ကျောက်ဟောင်၏ အထူးစွမ်းအားသည် ထိုးဖောက်လို့မရသည့် ခန္ဓာကိုယ် ဖြစ်နေခြင်း ဖြစ်နိုင်ပေသည်။ ကျောက်ဟောင်မှ ရုပ်ပိုင်းဆိုင်ရာ စွမ်းအားတစ်ခုခုအား နိုးထလာလိမ့်မည်ဟု သူ ထင်ထားခဲ့သည့်တိုင် ကျောက်ဟောင်သည် ဤမျှလောက် အံ့မခန်း စွမ်းအားမျိုး နိုးထလာလိမ့်မည်ဟု သူ မထင်ထားခဲ့မိချေ။
ရုတ်တရက် ရဲ့ရှင်းချန်သည် ကျောက်ဟောင်အား ထိခိုက်မိမှာကို စိုးရိမ်စရာ မလိုတော့ချေ။ ချက်ချင်းပင် ကျောက်ဟောင်၏ ခြေထောက်အား ဓားဖြင့် ခုတ်ချလိုက်လေသည်။ ထင်ထားသည့် အတိုင်းပင် ဖြစ်ချေသည်။ ကျောက်ဟောင်၏ ခန္ဓာကိုယ်နှင့် ခြေလက်များသည် အခုချိန်တွင် ယှဉ်စရာ မရှိအောင် မာကျောနေပြီ ဖြစ်သည်။
ထို့နောက် ရဲ့ရှင်းချန်သည် ကျောက်ဟောင် ၏ မျက်နှာအား ဓားဖြင့် ခုတ်လိုက်ပြန်သည်။ ခန္ဓာကိုယ်၏ တခြားအစိတ်အပိုင်းများဖြင့် မတူဘဲ ရဲ့ရှင်းချန်သည် ကျောက်ဟောင် မျက်နှာအား ဖွဖွလေး လှီးလိုက်ခြင်း ဖြစ်သည့်တိုင် ကျောက်ဟောင်၏ မျက်နှာပေါ်တွင် ဒဏ်ရာအသေးလေး တစ်ခု ပေါ်လာခဲ့သည်။
"ဟင် ကြည့်ရတာ အစ်ကိုကျောက် လည်ပင်းအထက်ပိုင်းက သူ့ရဲ့ အားနည်းချက် ဖြစ်မယ်"
ရဲ့ရှင်းချန် မျက်မှောင်ကြုတ် သွားပြီးနောက် မျက်စိရှေ့မှာတင် မြန်မြန်ဆန်ဆန် သက်သာလာသည့် ကျောက်ဟောင်၏ မျက်နှာနှင့် လည်ပင်းမှ ဒဏ်ရာများအား ကြည့်လိုက်လေသည်။ အနာဂတ်တွင် ကျည်ဆန်ကာဖို့ရန် သူ့အား ရှေ့ထုတ်သည့်အခါ ကျောက်ဟောင်၏ ခေါင်းနှင့် လည်ပင်းအား ပို၍ ကာကွယ်ပေးရလိမ့်မည် ထင်သည်။
‘နေပါဦး ကျည်ဆန်တွေ’
"ခဏလေးနေဦး အစ်ကိုကျောက် ကျွန်တော် ဒါလေး စမ်းကြည့်ပါရစေ"
ရဲ့ရှင်းချန်သည် သူ၏ နေရာလွတ်ထဲ မှနေ၍ ပစ္စတိုတစ်လက်အား ထုတ်ယူလိုက်ကာ ကျောက်ဟောင်၏ ပေါင်အား ချိန်လိုက်လေသည်။
"ဓားတွေက အစ်ကိုကျောက်ကို ဒုက္ခ မပေးနိုင်တော့ဘူး ဆိုတော့ ကျည်ဆန်နဲ့ စမ်းကြည့်ရအောင်"
ကျောက်ဟောင် ခန္ဓာကိုယ်သည် တစ်ခဏလောက် တောင့်တင်း သွားသည့်တိုင် ရဲ့ရှင်းချန် လုပ်ရပ်အား သူ သဘောတူ လိုက်လေသည်။ အဘယ်ကြောင့်ဆိုသော် ရဲ့ရှင်းချန်တင် မက သူကိုယ်တိုင် သည်လည်း သူ မည်ကဲ့သို့ စွမ်းအားမျိုးအား ပိုင်ဆိုင်ထားသနည်း ဆိုသည်အား အလွန်အမင်း သိချင်နေသည့် အတွက် ဖြစ်ပေသည်။
"ဒိုင်း “
“ဒင်"
ရဲ့ရှင်းချန် သေနတ် တစ်ချက် ပစ်လိုက်သည့်တိုင် ကျည်ဆန်သည် ကျောက်ဟောင်၏ ပေါင်နှင့် ထိမိ ပြီးနောက် ဒင် ဆိုတဲ့ အသံနှင့်အတူ မြေပြင်ပေါ် ကျသွားခဲ့တော့သည်။
"အစ်ကိုကျောက် ဂုဏ်ယူပါတယ် ကြည့်ပါဦး အစ်ကိုကျောက်က အခု ထိုးဖောက်လို့ မရတော့ရုံတင် မကဘူး ကျည်ဆန်တွေတောင် အစ်ကိုကျောက်ကို မထိခိုက်နိုင်တော့ဘူး"
ကျောက်ဟောင် သည်လည်း အလွန်ပင် ဝမ်းသာသွားခဲ့လေသည်။ သူသည် သူ့ပေါင်အား အားကိုးတကြီးဖြင့် ငုံ့ကြည့် လိုက်သည်။ သူ၏ အရေပြားနှင့် ကျည်ဆန် ထိတွေ့သွားသည့် ခံစားချက်သည် တာဝန် ထမ်းဆောင်နေစဉ် သေနတ်မှန်ဖူးသည့် ခံစားချက်နှင့် အလွန် ဆင်တူလှပေသည်။ နည်းနည်း ထုံသွားသည့်တိုင် နာကျင်မှု မရှိပေ။
ရဲ့ရှင်းချန်နှင့် လင်းစစ်ကျားတို့သည် တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်မိကြကာ ထို့နောက် ရဲ့ရှင်းချန်သည် ကျောက်ဟောင်၏ အနားကို ကပ်သွားခဲ့သည်။
"အစ်ကိုကျောက် အခု ကျွန်တော်တို့ လျှို့ဝှက်ချက်ကို အစ်ကိုကျောက် သိသွားပြီဆိုတော့ ကျွန်တော်တို့ အတွက် လျှို့ဝှက် ပေးထားနိုင်မယ်လို့ မျှော်လင့်ပါတယ်"
"အစ်ကိုကျောက်ရဲ့ နိုးထလာတဲ့ စွမ်းအားနဲ့ ပတ်သက်ပြီးတော့"
ရဲ့ရှင်းချန်သည် ခဏမျှ ရပ်တန့် လိုက်ပြီး ထပ်ပြောလိုက်သည်။
"အစ်မအန်းရန် အပါအဝင် ဘယ်သူ့ကိုမှ မပြောပြဖို့လည်း မျှော်လင့်ပါတယ်"
"အစ်ကိုကျောက်လည်း သိတဲ့အတိုင်း အခု အပြင်ဘက်မှာ အရမ်း အန္တရာယ်များနေတယ် တကယ်တော့ အစ်မအန်းရန် သိပ်မသိလေ ပိုလုံခြုံလေပဲ အစ်ကိုကျောက် ဘယ်လိုထင်လဲ"
ကျောက်ဟောင်သည်လည်း ရဲ့ရှင်းချန် ပြောသည်အား သဘောတူလေသည်။ မည်သို့ပင် ဆိုစေကာမူ လီအန်းရန်အား သူပြောပြလျှင်ပင် လီအန်းရန် ယုံမှာ မဟုတ်ဘူး ဆိုသည်ကို သူသိပေသည်။