အခန်း ၁၂၂
Vol. 9 Ch. 122
အခန်း (၁၂၂) ရူးသွပ်ခြင်း (၁)
ကျောက်ဟောင်မှာမူ အဆင်ပြေပေသည်။ လင်းစစ်ကျားသည် သူ့အား အထပ်ထပ်အခါခါ စစ်ဆေးကြည့်ပြီးနောက်တွင် ကျောက်ဟောင် ထံတွင် မည်သည့် ပြသာနာများ မရှိတော့သည်အား တွေ့လိုက်ရလေသည်။ တကယ်တမ်းတွင် သူသည် တခြားလူများ ထက်ပင် ပို၍ အဆင်ပြေ ကျန်းမာ နေသေးပေသည်။
သို့သော် ကျောက်ဟောင် အဆင်ပြေနေသည်နှင့် ဝင်ပေါက်တွင် စောင့်နေသည့် လူအုပ်စုလည်း အဆင်ပြေလိမ့်မည်ဟု ဆို၍ မရပါချေ။ သူတို့သည် ရဲ့ရှင်းချန်၏ အမိန့်အား နာခံပြီး ဝင်ပေါက်တွင် စောင့်နေကြခြင်း ဖြစ်သည်။
စားစရာများ ရှိသည့်တိုင် သိပ်မများလှပေ။ ရဲ့ရှင်းချန်မှ ကျောက်ဟောင်၏ သူငယ်ချင်းဖြစ်သူ ယွမ်ပေါင်အား သူတို့ဆီ အစားအစာများ သွားပို့ခိုင်းထားခြင်း ဖြစ်သည်။
အိမ်ရာဝင်း ဝင်ပေါက်မှ လုံခြုံရေးတဲလေးအား နေ့စဉ် ကင်းလှည့်ရန် စီစဉ်ပြီးမှ ယာယီ ဆောက်ထားခြင်း ဖြစ်သည်။ လေအေးများအား ကာကွယ်ပေးနိုင်သည့်တိုင် အလုံးစုံ ကာကွယ်နိုင်ခြင်း မရှိပေ။ သူတို့ထဲမှ တချို့သည် အခန်းကျဉ်းလေး အထဲတွင် တုန်ရီနေရင်း စုဝေးနေလျှက် ရှိကြလေသည်။
"အစ်ကိုရဲ့က ဘယ်တော့ လာမှာလဲ"
"အေးလေ ငါတို့ စောင့်နေတာ ကြာလှပြီ ဘာလို့ မလာသေးတာလဲ"
"အစ်ကိုကျောက်က ဒဏ်ရာပြင်းထန်လို့ အရင်ကုသဖို့ လိုတယ်ဆိုပေမဲ့ ငါတို့လည်း ဒဏ်ရာရထားတာပဲ မဟုတ်ဘူးလား"
"ဟူး ခဏလောက် ထပ်စောင့်ကြည့်ကြတာပေါ့ အစ်ကိုကျောက်နဲ့ ယှဉ်ရင် ငါတို့ ဒဏ်ရာတွေက ဘာမှမဟုတ်ပါဘူး"
သူတို့သည် မကျေမနပ် ဖြစ်နေကြသည့်တိုင် အလွန်အကျူး မကျမနပ် ဖြစ် မပြရဲကြပါချေ။ မည်သို့ပင်ဆိုစေ ကျောက်ဟောင်နှင့် သူတို့သည် မယှဉ်နိုင်ဆိုသည်ကို သူတို့အားလုံး သိကြလေသည်။ ရဲ့ရှင်းချန်မှ သူတို့အား ကူညီပေးသည် ဆိုသည်မှာ ကျောက်ဟောင်၏ မျက်နှာကြောင့် ကူညီပေးခြင်း ဖြစ်သည်။ ရဲ့ရှင်းချန်သည် မည်သည့်အတွက် ကျောက်ဟောင်နှင့် ဤမျှလောက် ရင်းနှီးနေရသနည်း ဆိုသည်အား ခုထက်ထိ သူတို့ မသိကြသေးချေ။
တစ်ရက်နှင့် တစ်ည ကုန်လွန်သွားပြီး ဖြစ်ကာ သူတို့အားလုံး အတူတူ စုဝေးလျှက် နားနေကြတော့သည်။ ဝင်ပေါက်တံခါးကိုမူ သော့ခတ်ထားဆဲ ဖြစ်ကာ ယနေ့တွင် မည်သူမှ လာရောက် ကင်းလာမစောင့်ကြချေ။ ရုတ်တရက် လူအုပ်ထဲမှ တစ်ယောက်သည် စတင်၍ ညည်းတွား လိုက်ပါတော့သည်။
"ရေ ငါ ရေသောက်ချင်တယ် အရမ်း ရေဆာနေပြီ"
သူ့ဒဏ်ရာသည်လည်း သိပ်မသေးလှပေ။ မျက်နှာတွင် အခြစ်ခံထားသော်လည်း အနာဖေး စ တက်နေပြီ ဖြစ်သည်။ လူအုပ်ထဲမှနေ၍ တိုးထွက်လာ ပြီးနောက် ရူးသွားသလိုမျိုး ယာယီ လုံခြုံရေးတဲထဲမှနေ၍ ရုတ်တရက် ပြေးထွက်သွားလေတော့သည်။ ထို့နောက် ဝင်ပေါက်တံခါးဆီ ပြေးသွားကာ တံခါးအား လက်ဖြင့် ဖွင့်လိုက်လေတော့သည်။
"ချီးပဲ မင်း ဘာလုပ်နေတာလဲ"
ခက်ခက်ခဲခဲ ပိတ်ထားခဲ့ရသည့် တံခါးကြီးသည် ဒိုင်းဆိုသည့် အသံနှင့်အတူ ထိုလူကြောင့် ရုတ်တရက် ပွင့်သွားလေတော့သည်။ ထို့တိုင် တံခါးဝတွင် ရပ်နေသည့် ကူးစက်ခံထားရသည့် လူအုပ်ကြီးမှာမူ ပျောက်ကွယ်သွားသည်မှာ ကြာမြင့်လှပြီ ဖြစ်သည်။
ရူးသွပ်နေသည့် လူတစ်ယောက်ကဲ့သို့ ရုတ်တရက် ပြေးထွက်သွားသည့် လူ၏ အမည်မှာ ကျောက်ကျင်း ဖြစ်ပေသည်။ သူသည် ယိမ်းယိုင်ယိုင် ခြေလှမ်းများဖြင့် ပြေးသွားရင်း ရေဆာတယ်လို့ အော်ဟစ်လျှက် တံခါး အပြင်ဘက်မှ ဆီးနှင်းများထဲသို့ ထိုးဆင်းသွားလေတော့သည်။
"အား ရေဆာတယ် ရေဆာတယ် ရေ ငါ ရေသောက်ချင်တယ်"
ရုတ်တရက် ပြောင်းလဲသွားသည့် အခြေအနေများကြောင့် ယာယီလုံခြုံရေးတဲထဲမှ လူများ တစ်ယောက်ကို တစ်ယောက် ကြောင်တောင်တောင်ဖြင့် ကြည့်နေမိကြကုန်တော့သည်။ ကျောက်ကျင်းသည် ဆီးနှင်းတွေထဲ ထိုးဆင်းသွားပြီးနောက် ခေါင်းပြန် မဖော်လာတော့သည်အား သူတို့ တွေ့လိုက်ကြရလေသည်။
"သူ သူ ရူးသွားပြီလား"
"ဘာလို့ သူက ပုံမှန်မဟုတ်သလို ဖြစ်နေတာလဲ ရေဆာတယ်ဆိုရင် မြေကြီးပေါ်က နှင်းတွေကို အရည်ပျော်အောင် လုပ်ပြီး သောက်လို့ ရသားပဲ သူ့ကိုယ်သူ ဆီးနှင်းတွေထဲ မြှုပ်ထားဖို့ လိုလို့လား"
"ကျွတ် သူ့ကို ကြည့်ပြီး ငါတောင် ချမ်းလာပြီ ဒီလောက်နက်တဲ့ ဆီးနှင်းတွေထဲမှာ သူ မချမ်းဘူးလား"
"စကားမပြောကြနဲ့တော့ သူ ဘာဖြစ်သွားတာလဲ ဆီးနှင်းတွေထဲ ထိုးဆင်းသွား ပြီးကတည်းက မလှုပ်တော့သလိုပဲ"
"ဟုတ်တယ် သူ ဝင်သွားပြီးကတည်းက တကယ် မလှုပ်တော့တာပဲ"
"ပြီးပြီ ပြီးပြီ သူ အသက်ရှူကြပ်ပြီး သေသွားတာများလား"
"ဒါ ငါတို့ သွားကြည့်ရအောင်"
မည်သို့ဆိုစေ သူတို့ အတူတူ နေလာသည် တစ်ညရှိပြီ ဖြစ်သည်။ ကျောက်ကျင်းမှ ရုတ်တရက် ယခုလို ဖြစ်သွားတာသည်မှာ သူတို့အား အနည်းငယ် စိုးရိမ်သွားစေခဲ့ခြင်း ဖြစ်သည်။
"ဟေး ဟေး ကျောက်ကျင်း မင်း အဆင်ပြေရဲ့လား"
လူအများအပြားသည် လျှောက်သွားကြပြီးနောက် သူတို့၏ လက်ထဲမှ လက်နက်များဖြင့် ကျောက်ကျင်းအား ထိုးကြည့်ကြလေသည်။ သို့သော် ကျောက်ကျင်းမှာမူ မလှုပ်မယှက် ဖြစ်နေဆဲ ဖြစ်သည်။
"မဖြစ်နိုင်ပါဘူး သူ အသက်ရှူကြပ်တာ ဒါမှမဟုတ် အေးခဲပြီး သေသွားတာတော့ မဖြစ်နိုင်ပါဘူး ဆီးနှင်းတွေ ကျတာ ရပ်သွားပြီဆိုပေမဲ့ နှင်းက အေးနေတုန်းပဲလေ"
မကြာခင်မှာပဲ ကျောက်ကျင်းမှ မတုံ့ပြန်သေးခင်မှာပင် နောက်ထပ် တခြားလူ တစ်ယောက်မှ ထိုစကားများကိုသာ ရုတ်တရက် ထအော်ပြောပြီးနောက် သူတို့၏ အနောက်မှနေ ပြေးထွက်လာခဲ့လေသည်။
"ငါ အရမ်းရေဆာတယ် အရမ်းရေဆာတယ် ရေလိုချင်တယ် ရေလိုချင်တယ်"
ကျောက်ကျင်းလိုပင် ထိုလူသည်လည်း ပြေးထွက်လာပြီးနောက် ဆီးနှင်းများ အကြား ထိုးဆင်းသွားတော့သည်။ ရုတ်တရက် လူအများအပြားသည် လူအုပ်ထဲမှနေ၍ ပြေးထွက်လာခဲ့ကာ ဆီးနှင်းများ အကြား ထိုးဆင်းသွားကြကုန်လေသည်။
"ဘာတွေဖြစ်နေတာလဲ သူတို့ ရူးသွားကြပြီလား"
"သူတို့အကုန်လုံး ဘာလို့ ရုတ်တရက် ရူးသွားကြလဲဆိုတာ ငါ မသိဘူး အအေးဒဏ်ကြောင့် ဦးနှောက် ပျက်သွားတာများလား"
သို့သော် သူတို့ မတုံ့ပြန်နိုင်ခင်မှာပင် ဆီးနှင်းများထဲ ပုံကျနေသည့် လူအချို့မှာ ရုတ်တရက် ပြန်လည်၍ ရုန်းကန်လာကြကုန်သည်။
"ဟေး ဟေး ကြည့်စမ်း သူတို့ အသက်ရှင်နေသေးတယ် မသေသေးဘူး"
"မဟုတ်ဘူး သူတို့ ဘာဖြစ်နေတာလဲ ဘာလို့ ပုံစံက ထူးဆန်းနေတာလဲ"
မုန်လာဥနီများကဲ့သို့ ဆီးနှင်းများ အတွင်း နစ်နေသည် လူအချို့သည် ဆီးနှင်းများ ကြားမှ ထွက်လာနိုင်ရန် အတွက် ရုန်းကန်နေကြခြင်း ဖြစ်သည်။။ ထို့နောက် သူတို့၏ ကိုယ်ဟန်အနေအထားများနှင့် အပြုအမူများသည် ထူးဆန်းလာလေတော့သည်။ ပြီးခဲ့သည့် ရက်ပိုင်းမှ ထူးဆန်းလှသည့် ကျူးကျော်သူများ၏ ပုံစံနှင့်ပင် အနည်းငယ် ဆင်တူနေခဲ့လေသည်။
"တစ်ခုခု မှားနေပြီ အားလုံး ဆုတ်"၏
ထိုအုပ်စုထဲမှ ဉာဏ်ကောင်းလှသည့် သူများ ပါဝင်ပေသည်။ သူတို့၏ အပြုအမူများသည် လွန်ခဲ့သည့် ရက်ပိုင်းအတွင်း ကျူးကျော်လာသည့် သူများနှင့် အလွန် ဆင်တူနေသည် ဆိုသည်အား တစ်ချက်ကြည့်ရုံနှင့်ပင် သူတို့ သိလိုက်လေပြီ ဖြစ်သည်။
"ပြေး ပြေး အိမ်ရာဝင်းထဲ ပြန်ပြေး တံခါးကို ပိတ်"
ဆီးနှင်းများ အကြား မြှုပ်နေသည့် လူအချို့သည် ယိမ်းယိုင်ယိုင်ဖြင့် မတ်တပ်ရပ်လာ ပြီးနောက် သူတို့ထံ ပြေးဝင်လာကြကုန်တော့သည်။
"ဒိုင်း"
ကျယ်လောင်လှသည့် အသံကြီးနှင့်အတူ သူတို့၏ ရှေ့တွင် ရှိသည့် သံတံခါးကြီး ပိတ်သွားလေတော့သည်။ အနောက်တွင် ပြေးလာသည့် သူတချို့သည် အချိန်မီ မဝင်နိုင်လိုက်ပါချေ။ သူတို့ထံမှ ကယ်ပါဦး ဟု အော်ဟစ်ရင်း အိမ်ရာဝင်း၏ သံတံခါးကြီးအား ထုနှက် နေကြကုန်လေတော့သည်။ သို့သော် မကြာခင်မှာပင် အနောက်မှာ ကျန်နေခဲ့သည့် သူများအား ထို ထူးဆန်းသည့် အပြုအမူနှင့် လူများသည် ခုန်အုပ်ကာ ဆွဲဖြဲပစ် လိုက်ကြလေတော့သည်။
"ချီးပဲ ဒါ ဘာကြီးလဲ သူတို့ ဘာလို့ ရုတ်တရက် ရူးသွားကြတာလဲ"
ဝူချီပေါ်သည် အိမ်ရာဝင်း ဝင်ပေါက် အတွင်းသို့ နောက်ဆုံး ဝင်လာနိုင်ခဲ့တဲ့ သူ ဖြစ်သည်။ ထို့အပြင် တံခါးအား တွန်းပိတ်လိုက်သည့် နောက်ဆုံးလူလည်း ဖြစ်ပေသည်။ သူသည် တံခါးအား မှီပြီးနောက် အမောတကော အသက်ရှူနေလျှက် ရှိသည်။
တံခါး အတွင်းဘက်မှ လူများ၏ မျက်နှာအမူအရာများမှာမူ အမျိုးမျိုး ဖြစ်နေလျှက် ရှိသည်။ အပြင်ဘက်မှ အော်ဟစ်သံများနှင့် အကူအညီတောင်းသံများ သည် ပိုပို၍ ကျယ်လာခဲ့လေတော့သည်။ လွန်ခဲ့သည့် မိနစ်နှစ်ဆယ်လောက်တွ၍ သူတို့သည် လုံခြုံရေးအခန်း အတွင်း၌ နွေးနွေးထွေးထွေး နေခဲ့ကြသေးခြင်း ဖြစ်သည်။ သို့သော် မိနစ်နှစ်ဆယ် အတွင်းမှာပင် သူတို့ထဲမှ တစ်ဝက်လောက် အသက် ဆုံးရှုံးသွားခဲ့ရပြီ ဖြစ်သည်။
"အရမ်း ကြောက်စရာကောင်းတာပဲ သူတို့ သရဲပူးသွားတာလား"
"ငါမသိဘူး ခုနလေးတင် သူတို့ အကောင်းကြီးပဲလေ ဒါပေမဲ့ ရုတ်တရက်ကြီး သူတို့ထဲက တချို့က ရူးသွားကြတာ"
"အဲလို မဖြစ်သင့်ပါဘူး မင်းတို့ သတိထားမိလား သူတို့က ဟိုနေ့က ကျူးကျော်လာတဲ့ သူတွေနဲ့ တူနေတယ် သူတို့ရဲ့ အပြုအမူတွေက အစ အကုန်ပဲ ပြီးတော့ ခုနက သူတို့ကို ငါတို့ မေးသေးတယ်လေ ဒါပေမဲ့ သူတို့က ဘာမှပြန်မပြောဘူး အဲဒီနောက်မှာ သူတို့ ရူးသွပ်လာကြတာ"
"ဘာလို့ ကူးစက်ရောဂါလိုမျိုး ဖြစ်နေရတာလဲ ငါတို့ အတူတူ စားခဲ့ကြတာပဲလို့ ထင်တာ ဘာလို့ ငါတို့က ဘာမှမဖြစ်ဘဲ သူတို့က ဖြစ်ရတာလဲ ဒါ တကယ် ကူးစက်ရောဂါတော့ မဖြစ်နိုင်ပါဘူး ငါတို့ ဘာမှမဖြစ်တာကို သူတို့ပဲ ကူးစက်ခံရတယ်လို့"
"သူတို့က အခြစ်ခံရတာ ဒါမှမဟုတ် အကိုက်ခံရတာ ဖြစ်ပုံရတယ် သူတို့ဒဏ်ရာတွေက ပိုပြင်းထန်လို့များလား ငါတို့ဒဏ်ရာတွေက သိပ်မပြင်းထန်တော့ သူတို့က ကူးစက်ခံရပြီး ငါတို့က ကူးစက်မခံရတာ ဖြစ်နိုင်မလား"
ထိုစကားအား ကြားပြီးနောက် ကျန်ရစ်သူ ရှစ်ယောက်လုံး ရုတ်တရက် တိတ်ဆိတ် သွားကြလေတော့သည်။
"မင်းတို့ မှတ်မိသေးလား"
"ဘာကို မှတ်မိတာလဲ"
ဝူချီပေါ်မှ အတော်ကြာအောင် တိတ်ဆိတ်နေပြီးမှ ရုတ်တရက် ထပ်ပြောလာခဲ့လေသည်။
"ရဲ့ရှင်းချန် ငါတို့ကို ပြောခဲ့တာကို မင်းတို့ မှတ်မိသေးလား"
"ဘာလို့ ငါတို့ ဆယ်ယောက် ဒီမှာ ရောက်နေတာလဲ ရဲ့ရှင်းချန်က အခြစ်ခံရတဲ့သူတွေ အကိုက်ခံရတဲ့သူတွေကို ရှေ့ထွက် လာပြီး အိမ်ရာဝင်း ဝင်ပေါက်မှာ စုခိုင်းခဲ့လို့ မဟုတ်ဘူးလား"
"မင်းဆိုလိုတာက မဖြစ်နိုင်တာ သူက ကြိုသိနေခဲ့တာများလား"