အခန်း ၁၂၄
Vol. 9 Ch. 124
အခန်း (၁၂၄)
သူတို့အား တစ်ယောက်ချင်းစီ ပြန်ခေါ်လာဖို့ရန် အထိ ရဲ့ရှင်းချန် သဘောမကောင်းလှချေ။ မည်သို့ဆိုစေ ရဲ့ရှင်းချန်သည် သူတို့အား အမြောက်စာ အဖြစ်သာ အသုံးချချင်သည့် အတွက် ဖြစ်သည်။ အိမ်ရာဝင်း အတွင်းတွင် မူလနေထိုင်သူများသည် နောက်မှ ခေါ်ထားသည့် သူများလောက်ပင် စကားမနားထောင်ကြချေ။
နောက်ထပ် တစ်ရက် ကုန်လွန်သွားပြန်ပြီ ဖြစ်သည်။ ကျောက်ဟောင်သည် အစပိုင်းတွင် ရှက်ပြီး အားနာနေသော်လည်း အခုချိန်တွင် အနည်းငယ် ပွင့်လင်းလာခဲ့ပြီ ဖြစ်သည်။ ကျောက်ဟောင် နိုးလာကတည်းမှ ရဲ့ရှင်းချန်သည် သူ့အား ထမင်းစားဖို့ အတွက် အပေါ်ထပ်သို့ တစ်ခါမှ ပြန်မခေါ်တော့ပါချေ။ သို့သော် နေ့တိုင်း ကျောက်ဟောင်နှင့် လီအန်းရန် အတွက် အစားအစာတွေ အများကြီး ယူလာပေးသည်။။
ကျောက်ဟောင်သည်လည်း ချက်ချင်းပင် အများကြီး သက်တောင့်သက်သာ ဖြစ်သွားခဲ့ခြင်း ဖြစ်သည်။ ရဲ့ရှင်းချန်မှ သူ့နှင့် လီအန်းရန်အား ထမင်းစားဖို့ရန် အတွက် အပေါ်ထပ် ခေါ်သွားမည်ကိုပင် သူ ကြောက်နေခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် တစ်ခြားသော အကြောင်းအရင်းမှာ လီအန်းရန်မှ ရဲ့ရှင်းချန် သဘောမကျမည့် စကားမျိုး တစ်ခုခု ပြောမိမှာကို သူ ကြောက်နေခဲ့ခြင်း ဖြစ်သည်။
တံခါးဝတွင် ကျန်နေသည့် ရှစ်ယောက်သည်လည်း အတွေးကိုယ်စီဖြင့် လုံခြုံရေးအခန်းထဲတွင် ထိုင်နေကြလေသည်။ သူတို့ ထွက်သွားချင်သော်လည်း သူတို့ ထွက်သွားလျှင် ရဲ့ရှင်းချန်ထံတွင် အမှန် တကယ် ဆေးရှိနေခဲ့လျှင် ဆိုပြီး တွေးမိနေကြခြင်း ဖြစ်သည်။ ထိုသို့ ဆိုလျှင် သူတို့သည် အခွင့်အရေး လက်လွတ်သွားမည် မဟုတ်ပါလား။
သို့သော် အစောပိုင်း အချိန်ကနှင့် ယှဉ်လျှင်မူ အခုအချိန်တွင် သူတို့ အနည်းနှင့်အများ ခပ်ခွာခွာ ထိုင်နေကြခြင်း ဖြစ်သည်။ အစောပိုင်းတွင် နွေးနေရန် အတွက် အတူတူ စုထိုင်နေခဲ့ကြသော်လည်း အခုအချိန်တွင်မူ အတူတူရှိနေသည့် သူများ ရုတ်တရက် ပြောင်းလဲသွားမည်ကို ကြောက်၍ တစ်ယောက်နှင့် တစ်ယောက် စိုက်ကြည့်နေကြလေတော့သည်။
"မင်း ဘယ်နေရာ မသက်မသာ ဖြစ်နေလဲ"
"ငါ မဖြစ်ပါဘူး မင်းရော ဖြစ်နေလို့လား။ ရေဆာနေလား ငါကတော့ ရေမဆာဘူး"
မည်သူမှ အန္တရာယ်ကြားတွင် မနေချင်ကြချေ။ အစပိုင်းတွင်မူ သူတို့ တစ်ယောက်ကို တစ်ယောက် ဂရုစိုက်ကြသေးပေသည်။ နေ့ဝက်လောက် အတွင်းမှာပင် သူတို့ အချင်းချင်း သံသယဝင်လာကြတော့သည်။ လှုပ်ရှားမှုလေး တစ်ခုခု ရှိသည်နှင့် ချက်ချင်း ခုန်ထကာ သူတို့ အဖော်များအား အပြင် ပစ်ထုတ်ချင်နေကြကုန်သည်။
အပြင်ဘက်တွင် ရှိသည့် အိမ်ရာဝင်း တံခါးမှာမူ အထုခံနေရတုန်းပင် ဖြစ်သည်။ အတွင်းဘက်မှာမူ အချိန်မရွေး မျိုးဗီဇ ပြောင်းသွားနိုင်သည့် အဖော်များ ရှိနေလေသည်။ သူတို့၏ စိတ်နှလုံးများသည် တိတ်တဆိတ် ပြောင်းလဲလာကြတော့သည်။
"အရင်က မျိုးဗီဇပြောင်းနေတဲ့ သူတွေကို ငါတို့ အများကြီး သတ်ခဲ့တာပဲ မဟုတ်ဘူးလား ငါတို့ ဘာလို့"
"ငါတော့ မလုပ်ချင်ဘူး မင်း သွားချင်ရင် သွားလေ ငါ့ကိုတော့ မခေါ်နဲ့"
"ဟုတ်တယ် ငါ မသေချင်ဘူး မင်း သေချင်ရင်တော့ သေပေါ့ အရင်က သူတို့ဆီကနေ ကူးစက်နိုင်တယ်ဆိုတာ ငါ မသိခဲ့ဘူး သိခဲ့ရင် ငါ လုံးဝ လာခဲ့မှာ မဟုတ်ဘူး"
"ဟုတ်တယ် ရဲ့ရှင်းချန်က တမင် လုပ်တာများလားလို့တောင် တွေးမိတယ် ဒီလူတွေဆီမှာ ကူးစက်ရောဂါ ရှိတယ်ဆိုတာ သူ ကြိုသိနေလို့များ အစကတည်းက သတိထားဖို့နဲ့ သူတို့ရဲ့ အခြစ်ခံ အကိုက်ခံ မရအောင် နေဖို့ ငါတို့ကို ပြောခဲ့တာလား"
"အေးလေ မင်းပြောမှပဲ ငါလည်း အဲဒီလို ထင်လာတော့တယ် မဟုတ်ရင် ဘာလို့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ သူက ကြိုပြောရမှာလဲ"
"ချီးပဲ ရဲ့ရှင်းချန်က ဒီလိုလူမျိုး ဖြစ်နေမယ်လို့ ငါ မထင်ထားခဲ့ဘူး သူက ငါတို့ကို အမြောက်စာလို သဘောထားပြီး သေတွင်းထဲ ပို့နေတာ မဟုတ်ဘူးလား"
"ဒီလောက်ကြာအောင် စောင့်နေတာတောင် သူ ဘာလို့ မလာသေးတာလဲလို့ ငါ တွေးနေတာ သူက ငါတို့ကို လာကယ်ဖို့ စိတ်ကူးတောင် မရှိတာ ဖြစ်ရမယ်"
လီချန်သည် ဘေးမှနေ၍ တိတ်တဆိတ် နားထောင်နေခဲ့သည်။ ထိုစကားများအား ကြားချိန်တွင် သူ အလွန် စိတ်မကောင်း ဖြစ်သွားရတော့သည်။ ရဲ့ရှင်းချန်၏ နောက်သို့ အသေအလဲ လိုက်ရန် သူ ဆုံးဖြတ်ထားသည်ဟု ထင်ခဲ့သော်လည်း တခြားသူများ ပြောနေသည် များအား ကြားလိုက်ရချိန်တွင် ရဲ့ရှင်းချန်သည် အစကတည်းမှ သူတို့အား အမြောက်စာ အဖြစ်သာ သဘောထားခဲ့ခြင်း ဖြစ်သည် ဟူသော ခံစားချက်မျိုး သူ့ဆီမှာ ရုတ်တရက် ဖြစ်ပေါ်လာခဲ့တော့သည်။
"အဲဒီလို မပြောပါနဲ့ အစ်ကိုရဲ့က ပုံမှန်ဆို ငါတို့အပေါ် အရမ်း ကောင်းပါတယ် အရင်က ငါ့သူငယ်ချင်းတွေကို မေးကြည့်ဖူးတယ် သူတို့ အိမ်ရာဝင်းရဲ့ စီမံခန့်ခွဲရေးမှူးက သူတို့ပစ္စည်းတွေ အကုန်လုံးကို သိမ်းသွားပြီး တစ်လုတ်စာလေးတောင် ချန်မထားခဲ့ဘူးတဲ့"
"ဟုတ်တယ် တကယ်တော့ အစ်ကိုရဲ့က ငါတို့အပေါ် အရမ်းကောင်းနေပါပြီ အနည်းဆုံးတော့ ငါတို့ကို စားစရာလေးတွေ ပေးသေးတယ်လေ ဟေး ဒီကိစ္စအတွက် အစ်ကိုရဲ့ကို အပြစ်တင်လို့ မရဘူး ထင်တယ်"
စကားပြောလိုက်သည့် သူသည် လင်းဖေး ဖြစ်သည်။ သူသည်လည်း အရင်တွင် လူငါးယောက်စာ ဆုကြေးရခဲ့ဖူးလေသည်။ ထိုအချိန်တွင် ရဲ့ရှင်းချန်၏ သေနတ် ပစ်စွမ်းရည် သည် မည်မျှ တိကျသည် ဆိုသည်အား သူ မျက်မြင်ကိုယ်တွေ့ တွေ့ခဲ့ရခြင်း ဖြစ်သည်။
တကယ်တမ်းတွင် သူပြောတာ မမှားချေ။ ထို မျိုးဗီဇပြောင်းသွားသည့် သူများမှ ဗိုင်းရပ်စ် ကူးစက်နိုင်သည် ဆိုတာအား ရဲ့ရှင်းချန် မသိခဲ့ချေ။ မည်သို့ပင် ဆိုစေကာမူ သူတို့ထဲမှ အနည်းငယ်သာ မရှိလျှင် ထို မျိုးဗီဇပြောင်းလဲမှုသည် ဒဏ်ရာများ မှနေတစ်ဆင့် ကူးစက်နိုင်သည် ဆိုသည်ကိုလည်း ရဲ့ရှင်းချန် အမှန်တကယ် သိနိုင်ခဲ့လိမ့်မည် မဟုတ်ချေ။
"ဒီအကြောင်း မပြောကြရအောင် ငါ ပြောချင်တာက မင်းတို့ ရုတ်တရက် ပူလာတယ်လို့ မခံစားရဘူးလား"
ဘေးတွင် တိတ်ဆိတ်နေသည့် လီချန်မှ ရုတ်တရက် ဝင်ပြောလိုက်လေသည်။ မည်သည်ကြောင့်မှန်း မသိချေ။ ရဲ့ရှင်းချန်မှ သူတို့အား အမြောက်စာ အဖြစ် အသုံးချနေခြင်း ဖြစ်သည်ဟု သူတို့ ပြောသံအား ကြားလိုက်ရချိန်တွင် သူ၏ ခန္ဓာကိုယ်ထဲမှ ပူလောင်နေသည့် ခံစားချက်တစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်ဟု သူ ခံစားလိုက်ရခြင်း ဖြစ်သည်။
ဟုတ်ပေသည်။ သူ ပူလောင်နေခြင်း ဖြစ်သည်။
"ဟုတ်လို့လား ငါ ဘာမှမခံစားရပါဘူး အေးနေတုန်းပဲ မဟုတ်ဘူးလား အပြင်မှာ လေတွေတောင် တိုက်နေတုန်းပဲလေ"
"မပြောနဲ့လေ မင်းပြောလိုက်မှ ငါလည်း နည်းနည်း ပူလာသလိုပဲ ခံစားရတယ် တကယ် ထူးဆန်းတာပဲ"
လီချန် စကားပြောပြီး မကြာခင်မှာပင် လုံခြုံရေးအခန်းထဲမှ လူရှစ်ယောက်ထဲမှ ငါးယောက်သည် ပူတက်လာကြတော့သည်။
"ချီးပဲ ဘာတွေဖြစ်နေတာလဲ မျိုးဗီဇ ပြောင်းသွားတာတော့ မဖြစ်နိုင်ပါဘူး"
ကျန်တဲ့သုံးယောက်၏ မျက်လုံးများသည် ပြူးထွက်မတတ် ဖြစ်သွားတော့သည်။ တံခါးအစွန်တွင် ထိုင်နေသည့် လင်းဖေးသည် လုံခြုံရေးအခန်းထဲမှ ပထမဆုံး ပြေးထွက်သွားခြင်း ဖြစ်သည်။
"မြန်မြန် မြန်မြန် ထွက်ခဲ့ကြ မင်းတို့နှစ်ယောက် ဘာရပ်လုပ်နေတာလဲ"
သူ စကားပြော၍ မဆုံးခင်မှာတင် တက်နေသည့် လူအချို့သည် ရုတ်တရက် မျက်လုံး လှန်လာကြလေတော့သည်။ အအေးဒဏ်အား ကာကွယ်ဖို့ရန် အတွင် သူတို့ မျက်နှာတွင် ပတ်ထားသည့် လည်စည်းများကိုပင် ခါချပစ်လိုက်ကြခြင်း ဖြစ်သည်။
"မြန်မြန် မြန်မြန် တံခါးပိတ်"
သူတို့ ထင်သည်မှာ မှန်ပေသည်။ တက်နေသည့် လူငါးယောက်သည် နောက်တစ်ခဏမှာပင် သူတို့၏ ခြေလက်များအား စတင် လိမ်ကောက် လာကြပါတော့သည်။ ထို့နောက် တံခါးဘက်အား လှည့်ပြီး ထူးဆန်းလှသည့် အပြုံးမျိုး ရုတ်တရက် ပြုံးပြကာ တံခါးဆီသို့ လျှောက်လာပြီး ထုနှက်ကြပါလေတော့သည်။
လုံခြုံရေးတဲသည် ယာယီ ဆောက်ထားခြင်း ဖြစ်သည်။ လင်းဖေးနှင့် တခြားသူများသည် တံခါးအား ပိတ်ထားလျှင်ပင် အရွယ်ရောက် ပြီးသား ယောက်ျားငါးယောက်၏ တွန်းအားကို မခံနိုင်ပါချေ။ အထဲမှလူများသည် တံခါးအား ထုရုံတင် မက နံရံကိုပါ ထုနှက်ကြခြင်း ဖြစ်သည်။ နာရီဝက် မပြည့်ခင်မှာပဲ လုံခြုံရေးတဲလေးအား သူတို့သည် အတင်း တွန်းလှဲပစ်လိုက်ကြကုန်တော့သည်။
"ချီးပဲ ပြေး"
အရှေ့ဘက် တံခါးဝတွင်မူ မျိုးဗီဇပြောင်းသွား ပြီးသား သူများ ရှိနေလေသည်။ အခု သူတို့၏ နောက်သို့ လိုက်နေသည်မှာ အခုလေးတင် မျိုးဗီဇ ပြောင်းသွားသည့် သူတို့၏ အဖော်များ ဖြစ်သည်။ လင်းဖေးနှင့် တခြားသူများသည် သွေးပျက်မတတ် ကြောက်လန့်နေကြပြီ ဖြစ်သည်။
ထို့တိုင် လင်းဖေးသည် သူတို့ထက် ပိုကံကောင်းလှပေသည်။ သူသည် ကျေးလက်တွင် ကြီးပြင်းလာခြင်း ဖြစ်သဖြင့် သစ်ပင် တက်တတ်ပေသည်။ ဆီးနှင်းများ ရပ်သွားသည်နှင့် အားလုံးသည် တိတ်တဆိတ် လမ်းကြောင်း တစ်ခု တူးခဲ့ကြပြီး ထိုလမ်းကြောင်းတွင် အလှစိုက်သစ်ပင် အနည်းငယ် ရှိနေခဲ့သည်။
လင်းဖေးသည် တခြားမည်သည်ကိုမှ စဉ်းစား မနေရဲတော့ချေ။ သစ်ပင်တစ်ပင်အား ဖက်ကာ အပေါ်ကို အမြန် တက်သွားလိုက်တော့သည်။ ဆီးနှင်းများသည် သုံးထပ်တိုက်လောက် အမြင့်ရှိနေခြင်း ဖြစ်သည်။
ကံကောင်းထောက်မစွာဖြင့် အလှအပ အတွက် စီမံခန့်ခွဲမှုအဖွဲ့မှ စိုက်ထားသည့် အလှစိုက်သစ်ပင်များ အားလုံးသည် လေးထပ်တိုက် အမြင့်လောက် ရှိနေပြီ ဖြစ်သည်။ လင်းဖေးသည် သစ်ပင်ထိပ်အား တင်းတင်းကျပ်ကျပ် ဖက်ထားခဲ့ကာ ခုနလေးတင် မျိုးဗီဇ ပြောင်းလဲသွားသည့် လူငါးယောက်မှ ထွက်မပြေးနိုင်လိုက်သည့် ကျန်လူနှစ်ယောက်အား မြေကြီးပေါ်သို့ ဆွဲလှဲကာ တစ်လုတ်ပြီး တစ်လုတ် စားသောက်နေတာအား တုန်တုန်ရီရီဖြင့်စောင့်ကြည့်နေရလေတော့သည်။
ကွာခြားသည်မှာ ဤတစ်ကြိမ်တွင် အကူအညီတောင်းသံသည် သူ၏ အောက်တည့်တည့်မှနေ ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။ လင်းဖေးသည် အလွန် ကြောက်လွန်းလို့သဖြင့် သူ၏ ခြေထောက်များကိုပင် အပေါ်သို့ ဆွဲတင် ထားလိုက်မိတော့သည်။ ရဲ့ရှင်းချန်နှင့် လင်းစစ်ကျားတို့မှာမူ စောင့်ကြည့်ဗီဒီယိုအား ကြည့်နေကြသည်။
အခြေအနေများသည် အကောင်းဘက်တွင် မရှိချေ။ ဤသည်မှာ အစပိုင်းတွင် သူထင်ထားသည်နှင့် ကွာခြားနေလျှက် ရှိသည်။ ဒဏ်ရာပြင်းထန်သည့်သူ သို့မဟုတ် အကိုက်ခံရသည့် သူများသာ မျိုးဗီဇပြောင်းခြင်း ဖြစ်မည်ဟု သူ အစပိုင်းတွင် ထင်ထားခြင်း ဖြစ်သည်။ သို့သော် ယခုအခြေအနေအား ကြည့်ခြင်းဖြင့် ထိုသို့ မဟုတ်သည်မှာ ပေါ်လွင်နေခဲ့တော့သည်။