အခန်း ၁၂၉
Vol. 9 Ch. 129
အခန်း (၁၂၉)
ရဲ့ရှင်းချန်သည် ယခု လူအင်အား လိုအပ်နေခဲ့သည်။ သူသည် ထိုကိစ္စအား သေချာ စဉ်းစားကြည့်လိုက်မိသည်။ ယခု အချိန်တွင် မျိုးဗီဇ ပြောင်းသွားသည့် လူများပင် ပေါ်ပေါက် လာခဲ့ပြီဆိုလျှင် အနာဂတ်တွင် မျိုးဗီဇ ပြောင်းသွားသည့် တိရစ္ဆာန်များ အင်းဆက်များလည်း ပေါ်လာနိုင်သေးပေသည်။
မည်သို့ဆိုစေ ရာသီဥတု တစ်ခုတည်းသာ ပုံမှန်မဟုတ်ခြင်း မဟုတ်ပေ။ ယုတ္တိအရ ဆိုလျှင် ဗိုင်းရပ်စ် မျိုးဗီဇ ပြောင်းသွားသည် ဆိုလျှင်ပင် ထိုသို့ ဖြစ်ရန် အချိန်အတိုင်းအတာ တစ်ခုမျှ ကြာမြင့်ရပေမည်။
ထို့ကြောင့် သူတို့ ကူးစက်ခံရသည်မှာ သိပ်မကြာသေးကြောင်း ထင်ရှားလှသည်။ ဆိုလိုသည်မှာ ယခုလို ပြင်းထန်သည့် ရာသီဥတု အခြေအနေ အောက်တွင် အရာအားလုံးသည် သူတို့၏ နားလည်နိုင်စွမ်းများနှင့် ဆန့်ကျင်ဘက် ဖြစ်နေခြင်း ဖြစ်သည်။
ကျန်းရီ၏ သက်တော်စောင့်များအား သူ့အတွက် အသုံးချရန် သိမ်းသွင်းနိုင်လျှင် သူ့၏ တိုက်ခိုက်ရေးစွမ်းအားသည် အများကြီး တိုးတက်လာလိမ့်မည် ဖြစ်သည်။ မည်သို့ပင် ဖြစ်စေ သက်တော်စောင့် ကုမ္ပဏီမှ လူများသည် သာမန်လူများထက် တိုက်ခိုက်ရာတွင် ပိုတော်ကြသည် မဟုတ်ပါလား။
ရဲ့ရှင်းချန်သည် ပါးစပ်အား သုတ်လိုက် ပြီးနောက် လက်ခုပ်တီးကာ အဝတ်အစားများ စတင် ဝတ်ဆင်လိုက်သည်။ သူသည် ခဏမျှ စဉ်းစား ပြီးနောက် အပြင်ထွက်လိုက်ကာ သတ္တမထပ်သို့ တန်းဆင်း သွားလိုက်လေသည်။ တံခါးအား သော့ခတ်ပြီးသည်နှင့် သတ္တမထပ်မှ သေနတ်ပစ်ပေါက်အား ရဲ့ရှင်းချန် ဖွင့်လိုက်လေသည်။
"ဟူး ဘာလို့ ဒီလောက်တောင် နှေးနေရတာလဲ နည်းနည်း မြန်မြန် လုပ်လို့မရဘူးလား"
ကျန်းရီသည် တံတိုင်း အား ကျော်နေသည်မှာ နာရီဝက်ကျော်နေပြီ ဖြစ်သည်။ ရဲ့ရှင်းချန်သည် မနက်စာအား ပုံမှန်ထက် ဖြည်းညှင်းစွာ စားခဲ့သည့်တိုင် ကျန်းရီနှင့် တခြားသူများအား ဆယ်မိနစ်ခန့် ထပ်စောင့်နေရသေးသည်။
နောက်ထပ် နာရီဝက်ကြာမှသာ သူတို့ အကုန်လုံး တွားသွားပြီး ဝင်လာကြလေသည်။ လူ သိပ်မများလှချေ။ ရဲ့ရှင်းချန်သည် လူအရေအတွက်အား ရေတွက် ကြည့်လိုက်လေသည်။ ကျန်းရီ အပါအဝင် ခြောက်ယောက် ရှိသည်။
တံတိုင်း၏ အပြင်ဘက်မှာတွင် ကျန်းရီ၏ သက်တော်စောင့်များ ရှိသည်။ သူတို့သည် ရှစ်ယောက် ရှိပေသည်။ သူတို့သည် အပြင်ဘက်မှနေ ကြိုးတစ်ချောင်း ပစ်ချပေးလိုက်လေသည်။ ကြည့်ရသည်မှာ နောက်မှ ကျန်းရီနှင့် တခြားသူများ လာရာလမ်းအတိုင်း ပြန်ထွက်ရန် လွယ်ကူစေရန် လုပ်ပေးလိုက်ခြင်း ဖြစ်ရမည်။
သူတို့ မည်ကဲ့သို့ တိုက်ခိုက်ရန် စီစဉ်ထားသနည်း ဆိုသည်အား ရဲ့ရှင်းချန် သိချင်နေမိသည်။ မည်သို့ပင် ဖြစ်စေ အရင်တွင် လာခဲ့သည့်သူများ စမ်းကြည့်ပြီးပြီ မဟုတ်ပါလား။ ဗုံးခွဲသည်မှာလည်း မရ သကဲ့သို့ ဖြိုချ၍လည်း မရခဲ့ချေ။
"အိုး ဒါ အသစ်ပဲ"
စနိုက်ပါရိုင်ဖယ်၏ မှန်ပြောင်း မှတစ်ဆင့် ကျန်းရီသည် မည်သည့် အရာမှန်းမသိသည့် အရာတစ်ခုအား ယူပြီးနောက် သူ၏ အိမ်ပေါ်သို့ စတင် တက်ရန် ကြိုးစားနေသည်အား ရဲ့ရှင်းချန် တွေ့လိုက်ရလေသည်။
ထိုအရာသည် ကပ်စေးစေး ဖြစ်နေပုံရသည်။ ကျန်းရီသည် ထိုအရာအား ပစ်လိုက်လေရာ ဒိုင်းဆိုသည့် အသံနှင့်အတူ နံရံတွင် ကပ်သွားခဲ့သည်။ ထို့နောက် ကျန်းရီနှင့် တခြားသူများသည် ကြိုးအား ဆွဲပြီး သတိကြီးစွာဖြင့် အပေါ်သို့ တက်လာကြသည်။
"သူတို့က ငါ့အိမ်ခေါင်မိုးပေါ်ကို တက်ဖို့ စဉ်းစားနေတာပဲ ငါ့အိမ်ခေါင်မိုး ပေါ်ကနေ တိုက်ခိုက်လို့ ရမယ်လို့များ သူတို့ ထင်နေတာတော့ မဟုတ်ပါဘူးနော်"
ရဲ့ရှင်းချန်သည် ဤသည်မှာ ရယ်စရာကောင်းသည်ဟု ထင်သော်လည်း ကျန်းရီအား အပြစ်တင်၍ မရဟုလည်း ခံစားလိုက်ရသည်။ မည်သို့ပင် ဖြစ်စေကာမူ တခြားအိမ်များ၏ ခေါင်မိုးများ အကုန်လုံးသည် ခေါင်မိုးထပ်များ ဖြစ်ကြကာ ထိုခေါင်မိုးထပ်အား သွားနိုင်သည့် တံခါးမှာ တစ်ပေါက်တည်းသာ ရှိသည့် အတွက် ဖြစ်သည်။ ကြည့်ရသည်မှာ ကျန်းရီသည် ထိုတံခါးမှ တစ်ဆင့် ရဲ့ရှင်းချန်၏ အိမ်အတွင်းသို့ မည်သူမှ မရိပ်မိခင် တိတ်တဆိတ် ဝင်ရောက်ရန် ကြိုးစားခြင်း ဖြစ်ရပေမည်။
မျက်နှာချင်းဆိုင် တိုက်ခိုက်၍ မနိုင်လျှင် ခိုးကြောင်ခိုးဝှက် တိုက်ခိုက်ရန် ပြောင်းလဲလိုက်ခြင်း ဖြစ်ပေမည်။ ရဲ့ရှင်းချန်သည် သက်ပြင်းမချဘဲ မနေနိုင်တော့ချေ။
"ငါ့အိမ်ရဲ့ တံခါးတွေ ပြတင်းပေါက်တွေကိုတောင် အထူးပြုလုပ်ထားတာလေ ငါ့ခေါင်မိုးက သာမန်လူတွေရဲ့ ခေါင်မိုးတွေနဲ့ တူမယ်လို့ မင်းကို ဘယ်အရာကများ ထင်သွားစေတာလဲကွာ"
ဟုတ်ပေသည်။ ရဲ့ရှင်းချန် ၏ အိမ်သည် တခြားသူများနှင့် မတူသည်မှာ သေချာလှပေသည်။ အဘယ်ကြောင့်ဆိုသော သူ၏ အိမ်တွင် ခေါင်မိုးထပ် မရှိပါချေ။ သူသည် အိမ်အား သတ္တုသေတ္တာကြီးတစ်ခု အဖြစ် ပြောင်းလဲပစ်ခဲ့ပြီးပြီ မဟုတ်ပါလား။
ကျန်းရီနှင့် တခြားသူများ အပေါ် မတက်လာခင်မှာပင် ရဲ့ရှင်းချန်သည် စနိုက်ပါရိုင်ဖယ်အား ချိန်ရွယ်ပြီးသား ဖြစ်နေခဲ့ပြီ ဖြစ်သည်။ ထောင့်ချိုးအား ချိန်ညှိ ပြီးနောက် ရဲ့ရှင်းချန်သည် ခလုတ်အား ဆွဲလိုက်လေသည်။
"ဒိုင်း" ဆိုသည့် အသံ နှင့်အတူ ကျန်းရီ၏ အနောက်မှ လိုက်လာသည့် သူသည် အံ့အားသင့်ကာ အော်ဟစ်လိုက်ရန် အချိန်ပင် မရလိုက်ဘဲ အောက်သို့ တန်းတန်းမတ်မတ် ပြုတ်ကျသွားတော့သည်။ ခေါင်းအား တည့်တည့်မှန်သွားခြင်း ဖြစ်သည်။
"သေနတ်မကိုင်ရတာ အတော်လေး ကြာသွားပြီ ငါ့ရဲ့ သေနတ်ပစ်စွမ်းရည်က ဒီလောက်ကောင်းလိမ့်မယ်လို့ မထင်ထားဘူး"
ရင်းနှီးပြီးသား ဖြစ်သော်လည်း သူစိမ်းဆန်နေဆဲ ဖြစ်သည့် အရင်အချိန်တွင် ခံစားလိုက်ရသည့် ခံစားချက်မျိုး ထပ်ပေါ်လာခဲ့သည်။ သို့သော် ရဲ့ရှင်းချန်သည် လောလောဆယ်တွင် အလွန်အမင်း စိတ်လှုပ်ရှားနေသည့် အတွက် ထိုခံစားချက်အား အထူးတလည် ဂရုမစိုက်မိချေ။
နောက်ထပ် နှစ်ချက် ထပ်ပစ် လိုက်လေသည်။ တတိယအချက်မှာမူ ရဲ့ရှင်းချန်သည် ကျည်တစ်တောင့်တည်းဖြင့် လူနှစ်ယောက်၏ ခေါင်းကိုပင် ဖောက်ထွင်း ပစ်လိုက်နိုင်ခြင်း ဖြစ်သည်။
မူလတွင် ကြိုးပေါ်မှာ တွဲလွဲခိုနေသည့် လူခြောက်ယောက်သည် ချက်ချင်းပင် ကြိုးနှစ်ဖက်စွန်းတွင် တွဲလွဲခိုနေသည့် လူနှစ်ယောက် အဖြစ်သို့ ရောက်သွားခဲ့သည်။
"ချီးပဲ ဒါ ဘာကြီးလဲ သူတို့ ဘာလို့ ပြုတ်ကျသွားတာလဲ"
အပူချိန် နိမ့်ကျနေချိန်တွင် သာမန် လှုပ်ရှားမှုလေး တစ်ခုကပင် ခွန်အားတွေ အများကြီး ကုန်ဆုံးစေနိုင်ခြင်း ဖြစ်သည်။ ကျန်းရီနှင့် တခြားသူများသည် အချိန် အတော်ကြာအောင် တက်ခဲ့သော်လည်း ပဉ္စမထပ်ကိုပင် မရောက်နိုင်သေးချေ။
"ဒီလောက် နီးကပ်တဲ့ အကွာအဝေးမှာ ထားလိုက်ပါတော့ တစ်ခုခု ပြောင်းလိုက်မယ် ကျည်ဆန်တွေ အလဟဿ မဖြုန်းတီးတော့ဘူး"
ရဲ့ရှင်းချန်သည် ပါးစပ်အား လျှာဖြင့် သပ်လိုက်ပြီးနောက် အနည်းငယ် နှမြောသွားမိသည်။ အဘယ်ကြောင့်ဆိုသော် ပုံမှန်ဆိုလျှင် ထို စနိုက်ပါရိုင်ဖယ်အား ထုတ်သုံးရန် အခွင့်အရေး မရှိခဲ့ချေ။
သူသည် သူ၏ စိတ်ကျေနပ်စေရန် နောက်ထပ် သေနတ် အချက် အနည်းငယ်မျှ ထပ်ပစ်ချင်နေသေးခြင်း ဖြစ်သည်။ ကံမကောင်းစွာနှင့် ကျည်ဆန်များသည် ပြန်လည် မဖြည့်တင်းနိုင်သည့် ပစ္စည်းများ ဖြစ်နေသည့် အတွက် ချွေတာသုံးရမည် ဖြစ်သည်။
ရဲ့ရှင်းချန်သည် ကိုယ်တိုင်လုပ်ထားသည့် မိုလိုတော့ဗ် (မီးလောင်ဗုံး) တစ်လုံးအား ထုတ်ယူပြီး ကြိုးပေါ်မှ နောက်ဆုံးလူဆီ ပစ်ပေါက် လိုက်တော့သည်။ သူ၏ ခန္ဓာကိုယ်မှနေ၍ ရုတ်တရက် မီးတောက်များ ထွက်ပေါ်လာပြီး ကြိုးအား လောင်ကျွမ်းသွားစေလေသည်။
"မီး မီး ကယ်ကြပါဦး မီးငြှိမ်းပေးကြပါဦး"
ကျန်းရီသည် ကြိုး၏ အရှေ့ဆုံးမှာ ရှိနေခြင်း ဖြစ်သည်။ ကြိုးမှ စတင်၍ မီး လောင်ကျွမ်းလာပြီးနောက် မကြာခင်မှာပဲ ကျန်းရီဆီ ရောက်လာခဲ့လေသည်။ ရုတ်တရက် ထွက်ပေါ်လာသည့် မီးတောက်များကြောင့် ကျန်းရီ ကြောင်အမ်း သွားခဲ့ရသည်။ အေးစက်နေသည့် နေ့တစ်နေ့ ဖြစ်နေလေရာ အဘယ်ကြောင့် ရုတ်တရက် မီးလောင် ထရလေသနည်း။
သူသည် ဆီးနှင်းများ အကြား ပြင်းထန်စွာ ပြုတ်ကျသွားခဲ့တော့သည်။ ကျန်းရီသည် ဆီးနှင်းတွေထဲတွင် အကြိမ်အနည်းငယ် လိမ့်သွား ပြီးနောက် အပေါ်ဆုံးထပ်အား မော့ကြည့်လိုက်လေသည်။
"ဟယ်လို မတွေ့ရတာ ကြာပြီနော်"
ရဲ့ရှင်းချန်သည် အသံလွှင့်စက်အား ဖွင့်လိုက်လေသည်။ ပြတင်းပေါက်အား ဖွင့်ပြီး ကျန်းရီအား လက်ပြ နှုတ်ဆက်ချင်နေသေးသည်။ ကံမကောင်းစွာဖြင့် ထိုသည်မှာ အလွန် အန္တရာယ်များလွန်းလှသည်။ ကျန်းရီ ထံတွင် လျှို့ဝှက်လက်နက်များ ပါလာသလားဆိုသည်အား သူ မသိချေ။ ထို့ကြောင့် သူသည် အန္တရာယ် ဖြစ်စေနိုင်သည့် မည်သည့် အခြေအနေများကိုမှ အဖြစ်မခံနိုင်ချေ။
"မင်း သေပြီလို့ ငါ ထင်နေတာ မင်း အသက်ရှင် နေသေးတယ်လို့ မထင်ထားမိဘူး မင်းက တော်တော် မိုက်တာပဲ အသက်လည်း ပြင်းတယ် အရင်က ငါ မင်းကို အထင်သေးခဲ့မိတယ်"
ကျန်းရီ၏ ဘေးတွင် ရှိနေသည်မှာ ရဲ့ရှင်းချန်၏ အသိဟောင်း တစ်ယောက် ဖြစ်သည့် အနီးအနားမှ အိမ်ရာဝင်းခေါင်းဆောင် ဟွမ်ထျန်းဖန်း၏ လက်အောက်ငယ်သားများ ဖြစ်ပေသည်။
ထို့တိုင် ရဲ့ရှင်းချန်သည် သူ့အး အရင် အချိန်များတွင် မသိခဲ့ချေ။ သူ၏ နာမည်ကိုသည ကြားဖူးခဲ့ခြင်း ဖြစ်၍ ဟွမ်ထျန်းဖန်းသည် သူ၏ ရှေ့တွင် ရှိနေလျှင်ပင် သူ မှတ်မိနိုင်လိမ့်မည် မဟုတ်ချေ။
တကယ်တမ်းတွင် ကျန်းရီသည် တခြားသူများနှင့် မဟာမိတ်ဖွဲ့ရန် ကြိုတင် ပြင်ဆင်မှုများ လုပ်ထားပြီးသား ဖြစ်သည်။ အစပိုင်းတွင် ကျန်းရီသည် ကျိန့်ဟွာချန်နှင့် တခြားသူများအား မျက်စိကျနေခဲ့ခြင်းသာ ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် ဤအိမ်ရာဝင်းထဲမှ လူများသည် မည်ကဲ့သို့ လူစားများ ဆိုသည်အား ကျန်းရီသည် ကောင်းကောင်း သိနေခဲ့ခြင်း ဖြစ်သည်။
သူ၏ အိမ်ရာဝင်းထဲမှ အသုံးမကျသည့် သူများအား သူ မယုံကြည်ခဲ့ချေ။ အသက်ရှင်ချင်သည် ဆိုလျှင် စွမ်းဆောင်ရည် တစ်ခုခု ရှိသည့် သူနှင့် ပူးပေါင်းရမည် ဖြစ်သည်။
သို့သော် ကျန်းရီသည် မူလတွင် ဤမျှ များပြားလှသည့် အစားအစာများကို သယ်သွားပြီး သူ့၏ အဖော်အဖြစ် ယုံကြည်စိတ်ချရကာ စွမ်းဆောင်ရည် ရှိသည့် လူတစ်ယောက်အား ရှာဖွေရန် စီစဉ်ထားခဲ့ခြင်း ဖြစ်သည်။ ထို့တိုင် တစ်ခုခု မှားယွင်း သွားလိမ့်မည်ဟု သူ မထင်ထားခဲ့မိချေ။ သူ့၏ အစားအစာများ အကုန်လုံးအား ထိုကျိန်စာသင့်မည့် လူတစ်စုမှ ခွဲဝေယူသွားကြခြင်း ဖြစ်သည်။
ကျန်းရီသည် အရူးတစ်ပိုင်းပင် ဖြစ်သွားရလေသည်။ ထိုအချိန်တွင် ကျိန့်ဟွာချန်နှင့် တခြားသူများအား သူ အမှန်တကယ် သိကျွမ်းခွင့် ရလိမ့်မည်ဟု မထင်ထားခဲ့ချေ။
ကျိန့်ဟွာချန်သည် ရဲ့ရှင်းချန်ဆီမှနေ၍ အများဆုံး ဒုက္ခရောက်ခဲ့ရခြင်းကြောင့် ကျန်းရီသည် ကျိန့်ဟွာချန်အား သတင်းအချက်အလက်များ အများအပြား ထောက်ပံ့ပေးခဲ့လေသည်။ ထို့ကြောင့်ပင် ကျန်းရီသည် ကျိန့်ဟွာချန်နှင့် အမှန်တကယ် ပူးပေါင်း နိုင်သွားခဲ့သည်။
ထိုသို့ ဆိုလျှင် ကျန်းရီသည် အဘယ်ကြောင့် ယခု ဟွမ်ထျန်းဖန်းဖြင့် ပူးပေါင်းနေရသနည်း။ အဘယ်ကြောင့် ဆိုသော် ကျန်းရီ အစောပိုင်းတုန်းတွင် ကျိန့်ဟွာချန်နှင့် တခြားသူများ ထံ သွားရောက် ပူးပေါင်းချိန်တွင် ပေးခဲ့သည့် လက်ဆောင်ကြောင့်သာ ဖြစ်သည်။
ကျန်းရီနှင့် သူ၏ သက်တော်စောင့်များသည် အလောင်း အနည်းငယ်အား ဆွဲထုတ်သွားပြီးနောက် ကျိန့်ဟွာချန်နှင့် တခြားသူများအား အကုန် ပေးလိုက်ကြသည်။ ထို့နောက် ကျန်းရီနှင့် သူ့သက်တော်စောင့်များသည် အဘယ်ကြောင့် ထွက်ခွာ သွားကြလေသနည်း။ အဘယ်ကြောင့်ဆိုသော် ထိုအလောင်းများကြောင့်ပင် ဖြစ်သည်။
ကျိန့်ဟွာချန်နှင့် တခြားသူများသည် အသားချဉ်အား အများအပြား စားခဲ့မိ၍လား မသိချေ။ တစ်နေ့တွင် ကျန်းရီသည် သူတို့ထံတွင် အထူးသဖြင့် မှားယွင်းနေသည့် အရာတစ်ခုခု ရှိနေသည်ဟု ရုတ်တရက် ခံစားလိုက်ရလေသည်။
ချမ်းသာသည့် လူများ၏ ဦးနှောက်များသည် တချို့အချိန်များတွင် အသုံးဝင်သည်ဟု ပြောရမည် ဖြစ်သည်။ သူတို့ထံတွင် တစ်ခုခု မှားယွင်း နေပြီဆိုသည်အား ကျန်းရီ သတိထား မိလိုက်ချိန်မှာပင် သူ့သည် သူ၏ သက်တော်စောင့်များ နှင့်အတူ တိတ်တဆိတ် ချက်ချင်း ထွက်သွားခဲ့လေသည်။
ကျန်းရီနှင့် သူ၏ လူများ အကုန်လုံး ထွက်ပြေး သွားခဲ့ပြီဆိုသည်အား သတိထားမိ ပြီးနောက်တွင် ထို့နေ့တွင် ကျိန့်ဟွာချန်မှာ ဒေါသများပင် ထွက်ခဲ့ရသေးသည်။