အခန်း ၁၂၉၁
Vol. 113 Ch. 1291
အခန်း ၁၂၉၁
“ကဲပါ... လျှောက်ပြောမနေကြနဲ့တော့။ ကြယ်တံခွန်ရဲ့ ဆွဲငင်အားစက်ကွင်းထဲကနေ မင်း ရုန်းထွက်နိုင်မလားဆိုတာ မြန်မြန်ကြည့်လိုက်ဦး။”
တစ်ယောက်ယောက်က မနေနိုင်ဘဲ သတိပေးလိုက်သည်။
ထိုလူသည် အရေးပေါ်ကယ်ဆယ်ရေးယာဉ်ကို ချက်ချင်း နှိုးလိုက်သော်လည်း သူ၏အရှိန်မှာ သိသိသာသာ ပြောင်းလဲသွားခြင်းမရှိပေ။
“မုန်းစရာကောင်းလိုက်တာ...။ ငါ့အတွက် ရွေ့လိုက်စမ်း။”
ထိုလူက အော်ဟစ်ဆဲဆိုရင်း အင်ဂျင်ပါဝါစနစ်ကို အမြင့်ဆုံးအထိ တင်လိုက်သည်။
နောက်ဆုံးတွင် သူ၏ ကယ်ဆယ်ရေးယာဉ်အရှိန်သည် စတင်နှေးကွေးသွားသော်လည်း နောက်တစ်စက္ကန့်တွင်မူ ကြယ်တံခွန်နောက်သို့ လိုက်ပါကာ ရှေ့သို့ ဆက်လက်ပျံသန်းနေဆဲပင်။
“သတိပေးချက်...လောင်စာဆီ လျော့နည်းနေပါသည်။”
ကယ်ဆယ်ရေးယာဉ်မှ အချက်ပေးသံ ထွက်ပေါ်လာသည်။
“ဘာ... ငါ ခုနကတင် ငါ့ရဲ့ အုတ်မြစ်ကျောက် ကိုးဆယ်ရာခိုင်နှုန်းကို သုံးပြီး ဆီအပြည့်ဖြည့်ထားတာလေ။ အခုကျမှ ဆီနည်းနေပြီလို့ လာပြောနေတာလား။”
ထိုလူက ထိတ်လန့်တုန်လှုပ်စွာ အော်ဟစ်လိုက်သည်။
ဤအချိန်တွင် လောင်စာဆီတိုင်းကိရိယာပြကွက်က ၀ ရာခိုင်နှုန်းကို ပြသနေပြီဖြစ်သည်။
“ငါ့ရဲ့ စုဆောင်းထားသမျှ ပိုင်ဆိုင်မှုအားလုံးကို သုံးလိုက်တာတောင် တစ်စက္ကန့်စာပဲ ခံတယ်တဲ့လား။”
ထိုလူမှာ မျှော်လင့်ချက်မဲ့သွားကာ ညည်းတွားလိုက်မိသည်။
“တစ်စက္ကန့်တောင် မပြည့်ချင်ဘူးလေကွာ။”
အကူအညီမဲ့စွာဖြင့်ပင် ထိုလူသည် အများသုံးချန်နယ်ပေါ်သို့ မက်ဆေ့ခ်ျတစ်ခု ပို့လိုက်သည်။
“တကယ်လို့ မင်းတို့ ကြယ်တံခွန်နဲ့ တွေ့ရင် ဝေးဝေးမှာပဲ နေကြပါ။”
“ညီအစ်ကို... အခြေအနေ ဘယ်လိုလဲ။ ကြယ်တံခွန်ရဲ့ ဆွဲငင်အားထဲကနေ ရုန်းထွက်နိုင်ခဲ့လား။”
“သူ ဒီလို ခံစားချက်ပြင်းပြင်းထန်ထန်နဲ့ ရေးထားတာကို ကြည့်ရရင် ဒီအတွေ့အကြုံက တော်တော်လေး မှတ်မှတ်ရရ ဖြစ်သွားပုံပဲ။”
“ငါ့အမွှေးကိုပဲ ရုန်းထွက်နိုင်လိုက်လေ။ ငါ့ရဲ့ အုတ်မြစ်ကျောက်တွေ အကုန်သုံးလိုက်တာတောင် မလွတ်ဘူး။ အခုတော့ ဒီအတိုင်း ထိုင်ပြီး အသေခံဖို့ စောင့်နေရပြီ။”
“ဘာ...။ အင်ဂျင်ပါဝါစနစ်ကို အဆုံးထိ တင်လိုက်တာတောင် မင်း ရုန်းမထွက်နိုင်ဘူးလို့ ပြောနေတာလား။”
“အေးလေ...။ ငါ စနစ်ကို နှိုးလိုက်တာက အရှိန်ကို နည်းနည်းပဲ လျှော့ချပေးနိုင်ပြီး တစ်စက္ကန့်တောင် မခံဘူး။ ဆီကုန်သွားလို့ အခု ကြယ်တံခွန်နဲ့အတူ ရှေ့ကို ပြန်မျောပါနေပြီ။”
“တစ်စက္ကန့်တောင် မခံဘူး ဟုတ်လား။ မင်း ဆီ ဘယ်နှမှတ်ဖိုး ဝယ်လိုက်လို့လဲ။”
“ငါ့ဆီက အပြည့်ပဲ...။ ဒါပေမဲ့ အလကားပဲ။ ငါ့အထင်တော့ ဒါကို အစောပိုင်းအဆင့်မှာပဲ ရှောင်လို့ရလိမ့်မယ် ထင်တယ်။ အားလုံးပဲ ဒါကို သင်ခန်းစာယူကြပါ။”
“ဆီတစ်တိုင်ကီအပြည့် ရှိတာတောင် ကြယ်တံခွန်ရဲ့ ဆွဲငင်အားကနေ မလွတ်နိုင်ဘူးဆိုတော့...ဒါက ကြယ်တံခွန်နဲ့ တွေ့တာနဲ့ သေပြီပဲ။”
“စောစော ထောက်လှမ်းမိရင် စောစော ဝေးဝေးရှောင်ကြ။ ငါတို့ကမ္ဘာက ရှေးလူကြီးတွေ ကြယ်တံခွန်ကို တံမြက်စည်းကြယ်လို့ ခေါ်ခဲ့တာ မဆန်းတော့ဘူး။”
“ရှေးလူကြီးတွေ စကားက တကယ် မမှားဘူးပဲ။”
ထိုအရာကို မြင်သောအခါ ရှောင်းယီ အနည်းငယ် အံ့အားသင့်သွားမိသည်။
“လူတိုင်းရဲ့ ကမ္ဘာဦးယဉ်ကျေးမှုတွေက ဒီလို ဆင်တူယိုးမှားတွေ ရှိနေကြတာလား။”
အနည်းဆုံးတော့ ရှားနိုင်ငံမှာလည်း ကြယ်တံခွန်ကို ထိုသို့ ခေါ်ကြသည်။
“ဒါက အယူသီးရုံသက်သက်ပါပဲ။ ကြယ်တံခွန်ကို တံမြက်စည်းကြယ်လို့ ခေါ်တာက သူ့ရဲ့ အမြီးကြောင့်လေ။ စစ်ပွဲတွေ၊ သဘာဝဘေးအန္တရာယ်တွေ ဖြစ်တော့မယ့် နိမိတ်ဆိုး မဟုတ်ပါဘူး။”
“အပေါ်က ညီအစ်ကို... အဲလောက်ကြီးလည်း တထစ်ချ မပြောပါနဲ့။ လောကမှာ ရှိရှိသမျှ အရာအားလုံးက တစ်ခုနဲ့တစ်ခု ဆက်စပ်နေကြတာ။ ကြယ်တံခွန် ပေါ်လာတာက အပြောင်းအလဲတွေ ဆက်တိုက်ဖြစ်စေပြီး နောက်ဆုံးမှာ ကြီးမားတဲ့ ဘေးဒုက္ခဆီ ဦးတည်သွားစေနိုင်တာပဲ။”
“မင်းတို့ သိပ္ပံပညာရဲ့ လမ်းအဆုံးက ဘာသာရေးဆိုတဲ့ စကားကို မကြားဖူးကြဘူးလား။”
“သေစမ်း... အဓိပ္ပာယ်မရှိတာတွေ လာပြန်ပြီ။ သွားစမ်းပါ။ သိပ္ပံက သိပ္ပံပဲ...။ ဘာသာရေး ဖြစ်သွားစရာ အကြောင်းမရှိဘူး။”
“မင်းတို့ရဲ့ ကမ္ဘာတွေမှာရော ဒီလို စမ်းသပ်ချက်မျိုး လုပ်ဖူးလားလို့ ငါ သိချင်မိတယ်။ ခွက်အမျိုးမျိုးထဲကို ရေတစ်မျိုးတည်း ထည့်ပြီး ခွက်တွေပေါ်မှာ မတူညီတဲ့ ခံစားချက်ပြစကားလုံးတွေ ဥပမာ ပျော်ရွှင်ခြင်း၊ ဒေါသထွက်ခြင်းတို့ ကပ်ထားတာမျိုးလေ။ အဲဒီနောက် မိုက်ခရိုစကုပ်နဲ့ ဓာတ်ပုံရိုက်ပြီး ရေမော်လီကျူးတွေရဲ့ ပုံဆောင်ခဲဖြစ်တည်မှုကို စောင့်ကြည့်တဲ့ စမ်းသပ်ချက်မျိုးပေါ့။”
ထိုအရာကို မြင်လိုက်ရသောအခါ ရှောင်းယီ ပို၍ပင် အံ့သြသွားရသည်။ ၎င်းသည် သူ အရင်က နေခဲ့သည့် ကမ္ဘာက ‘ရေဆီကလာတဲ့ သဝဏ်လွှာများ’ ဆိုသည့် စမ်းသပ်ချက် မဟုတ်ပါလော။
ထိုစမ်းသပ်ချက်၏ ရလဒ်မှာ ယေဘုယျအားဖြင့် ပျော်ရွှင်ခြင်းနှင့် ဝမ်းမြောက်ခြင်းလိုမျိုး အပြုသဘောဆောင်သည့် စကားလုံးများ ကပ်ထားသော ခွက်များထဲက ရေမော်လီကျူးများသည် လှလှပပ စီတန်းနေပြီး ဝမ်းနည်းခြင်းနှင့် ဒေါသထွက်ခြင်းကဲ့သို့ အပျက်သဘောဆောင်သည့် စကားလုံးများ ကပ်ထားသော ခွက်များထဲမှာမူ မော်လီကျူးများက အလွန် ဖရိုဖရဲ ဖြစ်နေတတ်ခြင်း ဖြစ်သည်။
“အဲဒီစမ်းသပ်ချက်က အဓိပ္ပာယ်မရှိဘူး။ ဘယ်လိုမှ မဖြစ်နိုင်ဘူး။”
“ငါ မေးပါရစေဦး... မင်းကိုယ်တိုင်ရော အဲဒီစမ်းသပ်ချက်ကို စမ်းလုပ်ကြည့်ဖူးလို့လား။ အားလုံးရဲ့ ဂြိုဟ်တွေပေါ်က နည်းပညာတွေနဲ့ဆိုရင် ဒီစမ်းသပ်ချက်ကို ပြန်လုပ်ဖို့က မခက်ခဲလောက်ပါဘူး။”
“မင်းပြောပုံအရဆို မင်းကိုယ်တိုင် လုပ်ဖူးတဲ့ပုံပဲ။”
“ငါ တကယ်လုပ်ဖူးတယ်။ အဲဒီစမ်းသပ်ချက် ရလဒ်တွေအတိုင်း အတိအကျကို ထွက်လာတာ။”
“ကြိုက်သလိုပြောကွာ...။ ငါကတော့ လုံးဝ မယုံဘူး။”
“မင်းက အဲဒီစမ်းသပ်ချက်ကို မယုံဘူးဆိုတော့...လူတစ်ယောက်က ရေအမျိုးအစားအမျိုးမျိုးကို သူ့မျက်စိနဲ့တင် ခွဲခြားနိုင်တယ်ဆိုတာကိုရော မင်း ယုံလား။”
“ဒါက ပိုလို့တောင် အဓိပ္ပာယ်မရှိသေးတယ်။ ငါ ပိုတောင် မယုံဘူး။ မိုက်ခရိုစကုပ်နဲ့ဆိုရင်တော့ ဟုတ်နိုင်တာပေါ့။”
“ဒါဆိုရင်လည်း မင်းရဲ့ကိုယ်ပိုင်ကမ္ဘာလေးထဲမှာပဲ ဆက်ပြီး နစ်မြုပ်နေလိုက်တော့။”
ဤအချိန်တွင် ကြယ်တံခွန်နောက်သို့ မျောပါသွားသည့် လူအကြောင်းကို မည်သူမှ ဂရုမစိုက်ကြတော့ပေ။
ရှောင်းယီသည် ခေါင်းကိုခါယမ်းလိုက်ပြီးနောက် သူ့ပြတင်းပေါက်မှန်ပေါ်ရှိ ရေခဲပုံဆောင်ခဲများနှင့် ဖုန်မှုန့်များအားလုံးကို သိမ်းဆည်းရယူပြီးသွားပြီဖြစ်ကြောင်း သတိပြုမိလိုက်သည်။ ရှောင်းယီသည် အပြင်ဘက်ရှိ ပိန်းပိတ်အောင်မှောင်မိုက်နေသော ကြယ်တာရာကောင်းကင်ကြီးကို နောက်ဆုံးတွင် ပြန်လည်မြင်တွေ့လိုက်ရပြီဖြစ်သည်။
သူ၏ အရေးပေါ်ကယ်ဆယ်ရေးယာဉ်၏ မျက်နှာပြင်ပေါ်သို့ ကျရောက်လာသော ဒြပ်ပစ္စည်းများကို သိမ်းဆည်းရုံမျှဖြင့်တင် သူသည် ရေ ကီလိုဂရမ် ၅၀၀ တိတိပင် ရရှိခဲ့သည်။
ရေတန်ချိန်ဝက်ဆိုသည်မှာ များပြားလှသည်ဟု ထင်ရသော်လည်း တန်ချိန်ဘီလီယံပေါင်း ရာနှင့်ချီလေးလံသော ကြယ်တံခွန်ကြီးနှင့် နှိုင်းယှဉ်ပါက သမုဒ္ဒရာထဲက ရေတစ်စက်မျှသာ ရှိပေသည်။
သူသည် ကယ်ဆယ်ရေးယာဉ်၏ ပါဝါအဆင့်ကို စစ်ဆေးကြည့်လိုက်ရာ ၉၀ ရာခိုင်နှုန်းတွင် ရှိနေဆဲဖြစ်သည်။ သူ၏ အကြမ်းဖျင်းတွက်ချက်မှုအရ ၂၄ နာရီလျှင် လျှပ်စစ်ဓာတ်အား ၂၀ ရာခိုင်နှုန်းခန့် ကုန်ဆုံးနေခြင်းဖြစ်သည်။
မီးအလင်းရောင်၊ စက်ရုပ်လက်တံ၊ အာကာသချိတ်၊ မစင်နှင့် ဆီးသိမ်းဆည်းခြင်းကိရိယာ၊ လေထုသန့်စင်မျှခြေထိန်း စက်ပစ္စည်းနှင့် ဓာတ်ငွေ့ဖိသိပ်အအေးခံစက် စသည်တို့အားလုံးက လျှပ်စစ်ဓာတ်အားကို သုံးစွဲနေကြခြင်း ဖြစ်သည်။
“ဒီအတိုင်းသာ သုံးစွဲနေရင် ငါ နောက်ထပ် လေးရက်လောက်ပဲ တောင့်ခံနိုင်တော့မယ်။ နောက်လေးရက်နေရင် ကြယ်တစ်လုံးကို ပြန်မြင်ရပါ့မလားဆိုတာပဲ မသိတာ။”
ရှောင်းယီသည် သူ့ရှေ့မှ ဧရာမဂြိုဟ်ကြီးကို ကြည့်ရင်း မျက်မှောင်ကုတ်ကာ စဉ်းစားနေမိသည်။
“သူ့ရဲ့ ဂြိုဟ်ပတ်လမ်းလှည့်ပတ်မှုနဲ့ ဆန့်ကျင်ဘက်အရပ်မျက်နှာအတိုင်း ရွေ့လျားကြည့်ရင် ကောင်းမလား...။ ဒါဆိုရင် ကြယ်တစ်လုံးကို ပြန်တွေ့ဖို့ အချိန်ကို ပိုမြန်စေနိုင်လောက်မလား။”
ရှောင်းယီ စိတ်ထဲမှ တွေးလိုက်မိသည်။
ထိုအချိန်တွင် လုမေယွီထံမှ မက်ဆေ့ခ်ျတစ်ခု ရောက်လာခဲ့သည်။
“သူဌေး... နိုးပြီလား။”
“ပြောစရာရှိတာရှိရင် ပြောပါ။”
ရှောင်းယီ ကိုယ်ကိုမျှောလွင့်သွားပြီး ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ပေါ်ရှိ သီးသန့်မက်ဆေ့ခ်ျကို ကြည့်ကာ ပြန်ဖြေလိုက်သည်။
“သူဌေး... ကျွန်တော့်ဆီမှာ ပါဝါပြတ်တော့မယ်။ ကျွန်တော် သူဌေးဆီကနေ လျှပ်စစ်ဓာတ်အားနည်းနည်းလောက် ဝယ်လို့ရမလားလို့ မေးကြည့်ချင်လို့ပါ။”
လုမေယွီက အားနာရိုသေစွာဖြင့် မေးလိုက်သည်။
ကယ်ဆယ်ရေးယာဉ်တွင် ဆိုလာပြားတစ်ခု ပါဝင်သော်လည်း ၎င်း၏အဆင့်မှာ သာမန်မျှသာဖြစ်ပြီး လျှပ်စစ်ထုတ်လုပ်နိုင်စွမ်းမှာ ကန့်သတ်ချက်ရှိသည်။
အစောပိုင်းက ကြယ်ဆီက အလင်းရောင် ရရှိနေသေးသည့်အချိန်တွင် ထိုဆိုလာပြားက လျှပ်စစ်ဓာတ်အား အနည်းငယ် ထုတ်လုပ်ပေးနိုင်ခဲ့သော်လည်း လုမေယွီ၏ မပြတ်မတောက် မောင်းနှင်ထိန်းကျောင်းမှုများအတွက်မူ လုံးဝမလုံလောက်ခဲ့ပေ။
လုမေယွီတွင် အာကာသချိတ် မရှိသဖြင့် ကယ်ဆယ်ရေးယာဉ်ကို ဟိုဟိုဒီဒီ မောင်းနှင်နေရရုံသာ ရှိရာ ၎င်းက လောင်စာဆီကိုသာမက လျှပ်စစ်ဓာတ်အားကိုပါ ကုန်ဆုံးစေခဲ့သည်။
ကယ်ဆယ်ရေးယာဉ်ပေါ်ရှိ စက်ရုပ်လက်တံကို အသုံးပြုရန်အတွက်လည်း လျှပ်စစ်ဓာတ်အား လိုအပ်သည်မဟုတ်ပါလော။
“ငါ့ဆီမှာလည်း လျှပ်စစ်ဓာတ်အား အများကြီးမရှိဘူး။”
ရှောင်းယီက ပြတ်ပြတ်သားသားပင် ပြန်ဖြေလိုက်သည်။ ထိုအခါ လုမေယွီက ချက်ချင်းပြောလိုက်၏။
“ဒါလေးနဲ့ လဲလို့ရမလား။ [အလင်းမျက်နှာပြင် ထောက်လှမ်းကိရိယာ ထုတ်လုပ်မှုပုံစံ] ၁။”
ထိုထုတ်လုပ်မှုပုံစံကို မြင်လိုက်ရသည့်အခါ ရှောင်းယီ၏ သဘောထားမှာ ချက်ချင်း ပြောင်းလဲသွား၏။
“ရတာပေါ့။ မင်းကို လျှပ်စစ်ဓာတ်အား ၁၀ ရာခိုင်နှုန်း ပေးမယ့်အပြင် အာကာသသီးသန့် နှစ်ထပ်မှန် လေးချပ်ပါ အပိုဆောင်းပေးလိုက်မယ်။ ဘယ်လိုလဲ။”
“သူဌေး...သူဌေးဆီမှာ အပိုမှန်တွေတောင် ရှိသေးတာလား။”
လုမေယွီက အံ့အားသင့်စွာ ပြောလိုက်သည်။
“ရပါတယ်...ရပါတယ်... ကျေးဇူးအများကြီးတင်ပါတယ် သူဌေး။”
“အင်း... ငါ့ဆီမှာ မှန်နည်းနည်း ကျန်သေးတယ်။”
ရှောင်းယီက ရိုးရိုးရှင်းရှင်းပင် ရှင်းပြလိုက်သည်။
“ဒါဆို မြန်မြန် လဲလိုက်ရအောင်။ ကျွန်တော့်စက်ရုပ်လက်တံကြီးက ရပ်တော့မယ်။”
လုမေယွီက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
အလင်းမျက်နှာပြင် ထောက်လှမ်းကိရိယာကလည်း အရေးကြီးသည်ဆိုသော်လည်း လောလောဆယ်တွင် လျှပ်စစ်ဓာတ်အားက သူ့ကယ်ဆယ်ရေးယာဉ်အတွက် ပြဿနာဖြစ်နေသည်။ ၎င်းကို သူဌေးထံမှ ပါဝါအချို့နှင့် လဲလှယ်နိုင်ရုံတင်မက သူဌေး၏ မျက်နှာသာပေးမှုကိုပါ ရယူနိုင်ခြင်းက နှစ်ဦးနှစ်ဖက် အကျိုးရှိသည့် အခြေအနေဖြစ်ရာ အဘယ်ကြောင့် မလုပ်ဘဲ နေရပါမည်နည်း။
သူတို့နှစ်ဦးသည် ကုန်သွယ်မှုကို လျင်မြန်စွာ အဆုံးသတ်လိုက်ကြပြီး လုမေယွီသည် သူ၏ ကယ်ဆယ်ရေးယာဉ်ပတ်ပတ်လည်၌ မှန်များကို ချက်ချင်း တပ်ဆင်လိုက်တော့သည်။
“ဟားဟားဟား... ဒီလိုဆိုတော့ မြင်ကွင်းက တကယ်ကြီး ပိုကျယ်သွားတာပဲ။ ရိက္ခာသေတ္တာတွေ ရှာရတာ သေချာပေါက် ပိုအဆင်ပြေတော့မယ်။”
လုမေယွီက အကျယ်ကြီး အော်ရယ်လိုက်သည်။
“လုံခြုံရေးကလည်း အများကြီး ပိုကောင်းလာတယ်။ ဒီတစ်ခေါက် ထောက်လှမ်းကိရိယာတစ်ခု ဆုံးရှုံးသွားပေမဲ့ အပြန်အလှန်အနေနဲ့ ပတ်ပတ်လည်မှာ ကြမ်းပြင်ကနေ မျက်နှာကျက်အထိ မှန်ပြတင်းပေါက်ကြီးတွေ ရလိုက်တာပဲ။ မြတ်သေးတယ်။”
အပြင်ဘက် အခြေအနေကို ကြည့်ရင်း လုမေယွီ၏ စိတ်အခြေအနေမှာ များစွာ ပွင့်လင်းလန်းဆန်းသွားသလို ခံစားလိုက်ရတော့သည်။