ဒေါ်လေး နှင့် ပြန်လည် ဆုံတွေ့ခြင်း
Vol. 17 Ch. 187
“ကောင်းပြီလေ...”
ချီယန် က ဝင်ပြောလိုက်ပြီးနောက်ဆုံးတွင်တော့ လီယွမ် အား သူ၏ အဒေါ်ဖြစ်သူနှင့် သီးသန့် တွေ့ဆုံနိုင်ရန် အခွင့်အရေး ဖန်တီးပေးလိုက်တော့သည်။
ဤသည်မှာ သူ အမြဲတမ်း စောင့်မျှော်နေခဲ့သော အခိုက်အတန့်လေးပင် ဖြစ်၏။
“သခင်မလေး... ကျေးဇူးပြုပြီး ကျွန်တော်နဲ့ လိုက်ခဲ့ပါ...”
လီယွမ် သည် သူ၏ စိတ်လှုပ်ရှားမှုများကို ဖုံးကွယ်ထားလိုက်ပြီး အန်းမူယောင် အား ဘေးခန်းလေးဆီသို့ ခေါ်ဆောင်သွားသည်။
အခန်းတွင်းသို့ ဝင်ရောက်လိုက်သည်နှင့် ဆန်းကြယ်ပုံရိပ်ကူ ကို ချက်ချင်း အသက်သွင်းလိုက်ပြီး အခန်းတစ်ခုလုံး၏ ချီအငွေ့အသက်များကို ပြီးပြည့်စုံစွာ ဖုံးကွယ်လိုက်တော့သည်။
“ရှောင်လင်းအာ...”
အန်းမူယောင် သည် သူမ၏ လှိုက်မောနေသော စိတ်ခံစားမှုများကို ထပ်မံ ဖုံးကွယ် မထားနိုင်တော့ချေ။ သူမ၏ မျက်ဝန်းများမှာ နီရဲလာပြီး လီယွမ် ကို တင်းကြပ်စွာ ဖက်ထားလိုက်၏။
“နောက်ဆုံးတော့နောက်ဆုံးတော့လည်း ငါ နင့်ကို ပြန်တွေ့ရပြီပဲ...”
သွေးမျိုးဆက်များ၏ ဆက်နွှယ်မှုကို ခံစားလိုက်ရပြီးနောက် လီယွမ် လည်း သူ၏ ဟန်ဆောင်မှုများကို စွန့်ပစ်လိုက်ကာ... စိတ်ခံစားမှုများကို မထိန်းချုပ်နိုင်တော့ချေ။
သူ၏ ရင်ထဲတွင် လှိုက်မောသွားပြီး မျက်ရည်များ ဝဲတက်လာတော့သည်။
သို့သော်လည်း သူက တည်ငြိမ်စွာနေလိုက်ပြီး အန်းမူယောင် ၏ ပါးပြင်ပေါ်မှ မျက်ရည်များကို ညင်သာစွာ သုတ်ပေးလိုက်၏။
“ဒေါ်လေး ကလည်း ဘာလို့ ငိုနေတာလဲ...”
လီယွမ် က ပြုံးလျက်...
“အခြေအနေတွေက တဖြည်းဖြည်း ပိုကောင်းလာနေပြီ မဟုတ်လား... အခုဆိုရင် သားတို့တွေ လောကက သူရဲကောင်း တွေ အားလုံးရဲ့ မျက်စိအောက်မှာတောင် တွေ့ခွင့်ရနေပြီလေ... အဲဒါ အရမ်း မကောင်းဘူးလား...”
“တောင်းပန်ပါတယ်... လင်းအာ... နင့်ဆီလာမလည်ဖြစ်တာ အတော်လေး ကြာသွားပြီပဲ...”
အန်းမူယောင် က ခါးသီးသော မျက်နှာထားဖြင့် ဆိုလိုက်သည်။
“အဲဒါကလည်း ကျွန်တော့်ရဲ့ ကောင်းကျိုး အတွက်ချည်းပါပဲ...”
လီယွမ် သည် ဆွေမျိုးများအပေါ် ဝမ်းနည်းမှုများ ထပ်မံ မပေးချင်သဖြင့် တတ်နိုင်သမျှ တက်ကြွနေအောင် ကြိုးစားနေလိုက်၏။
“အဘိုး က ကျွန်တော့်ရဲ့ အစစ်အမှန် ကို သိသွားပြီ မဟုတ်လား...”
“အင်း...”
အန်းမူယောင် က ခေါင်းညိတ် လိုက်ပြီး
“အဖေ့ မှာ အချိန် သိပ်မကျန်တော့ဘူး လေ... နင့်ကို တွေ့ရဖို့က သူ့ရဲ့ တစ်ခုတည်းသော ဆန္ဒပဲ... နတ်ဘုရားသိုင်း နန်းတော်ကြီး ဖွင့်လှစ်တော့မယ် ဆိုတော့ လောက က လူတွေ အားလုံး နယ်စပ်ကို ဝင်လာကြလို့... ငါတို့လည်း လိုက်လာခဲ့တာပဲ...”
“အဖေ က နင့်ကို တွေ့ရလို့ အရမ်း ဝမ်းသာနေမှာ သေချာတယ်...”
“အဖေ ဒီလောက်တောင် အားရပါးရ ရယ်မောနေတာကို ငါ မမြင်ရတာ တော်တော် ကြာနေပြီ... ရှောင်လင်းအာ... ကျေးဇူးတင်ပါတယ်... ငါတို့ကို အပြစ်မတင်တဲ့ အတွက်လည်း ကျေးဇူးတင်ပါတယ်...”
သူ၏ အဒေါ်ဖြစ်သူ ၏ စကားများထဲမှ အပြစ်မကင်းသလို ခံစားနေရမှု ကို လီယွမ် အာရုံခံ သိရှိလိုက်သည်။
ယခုအချိန်အထိ သူမက သူ့ကို ကလေးလေး တစ်ယောက်လို ဆက်ဆံနေဆဲပင်။
သူ ဘယ်သူ့ကိုမှ အပြစ်မတင်ခဲ့ဖူးပါချေ။
လောက၏ ရေစီးကြောင်းကြီးကို ဆန့်ကျင်ရန် မဖြစ်နိုင်ပေ။ သူ၏ အဒေါ်နှင့် အဘိုးဖြစ်သူတို့က သူ့ဘက်တွင် အခိုင်အမာ ရပ်တည်ပေးပြီး တုံ့ဆိုင်းခြင်း အလျင်းမရှိဘဲ သူ့ကို ပံ့ပိုးပေးနေခြင်း ကပင် လုံလောက်နေပြီ မဟုတ်ပါလော။
ဤသည်မှာ သက်သာရာရမှု တစ်မျိုး... နှစ်သိမ့်မှု တစ်မျိုး ပင်။
အနည်းဆုံးတော့ သူ တစ်ယောက်တည်း လောကကြီး တစ်ခုလုံးကို တိုက်ခိုက်နေရခြင်း မဟုတ်ချေ။
“ဒေါ်လေး... အရမ်းကြီးလည်း အားနာမနေပါနဲ့...”
လီယွမ် က ကြိုတင် ပြင်ဆင်ထားသော ကျောက်စိမ်း ပုလင်းလေးကို ထုတ်ယူလိုက်သည်။
“ဒါက ကျွန်တော့်ရဲ့ ကူအိမ်တော် ကနေ ထုတ်လုပ်ထားတဲ့ ဝိညာဉ် ပစ္စည်းလေးပါ... သွေးနတ်မျက်ရည် လို့ ခေါ်တယ်... အသက်အန္တရာယ် ကြုံနေရတဲ့ အချိန်မျိုးမှာ လူတွေကို ကယ်တင်ပေးနိုင်တယ်... ဒါက အဘိုး အတွက် အရမ်း သင့်တော်ပါတယ်...”
“ဒီအရာလေး ကနေ တစ်ဆင့် အဘိုးသာ နည်းနည်းပါးပါး တိုးတက်လာမယ် ဆိုရင်...နောက်ထပ် အချိန်နည်းနည်းလောက် ဆက်ပြီး အသက်ရှင်နေနိုင်မှာပါ... ကျွန်တော်တို့တွေ ပွင့်ပွင့်လင်းလင်း တွေ့ဆုံနိုင်မယ့်နေ့တစ်နေ့ ရောက်လာတဲ့အထိ... ပြီးတော့ အမေ့ ရဲ့ အုတ်ဂူဆီကို အတူတူ သွားပြီး ကောင်းကင်ဘုံက အမေ့ရဲ့ ဝိညာဉ်လေးကို နှစ်သိမ့်ပေးနိုင်တဲ့ အထိပေါ့...”
“ဒေါ်လေး... ဒါလေးကို သေချာ သိမ်းထားပေးပါနော်...”
လီယွမ် သည် ကျောက်စိမ်း ပုလင်းလေးကို အန်းမူယောင် ၏ လက်ထဲသို့ ထည့်ပေးလိုက်သည်။
ဤ လက်ဆောင်လေး တစ်ခုတည်းကိုသာ သူ ပြင်ဆင်ထားခဲ့ခြင်း ဖြစ်၏။ ခန္ဓာကိုယ်ကို သန်စွမ်းစေရန်နှင့် ကုသပေးနိုင်သော အခြား ရတနာများမှာ မြောက်ပိုင်း ရေခဲ နယ်မြေ မျိုးနွယ်စု တွင် ပြတ်လပ်နေမည် မဟုတ်ပါချေ။
“လင်းအာ... နင် ကြီးပြင်းလာပြီပဲ...”
အန်းမူယောင် က ကျောက်စိမ်း ပုလင်းလေးကို တင်းကျပ်စွာ ဆုပ်ကိုင်ထားလိုက်သည်။
သူမ၏ အဖေ ရရှိထားသော ဒဏ်ရာများမှာ ယခုလက်ရှိ ရှောင်လင်းအာ ၏ အဆင့်ဖြင့် ကုသပေးနိုင်သည်ထက် များစွာ ပိုမို ကြီးမားနေကြောင်း သူမ ကောင်းစွာ သိရှိထားသော်လည်း ဒါက လင်းအာ ၏ ရင်ထဲမှ လှိုက်လှိုက်လှဲလှဲ ပေးသော လက်ဆောင် ဖြစ်နေသဖြင့် သူမ က ပြုံးလျက် လက်ခံလိုက်၏။
လင်းအာ က ပုလင်း အလွတ် တစ်လုံးကို ပေးမည် ဆိုလျှင်တောင်... အဖေကတော့ အရမ်းကို ပျော်ရွှင်နေမည်မှာ သေချာလှ၏။
ဤသည်မှာ ချစ်ရသူများ၏ ရင်ထဲကို နှစ်သိမ့်ပေးခြင်း တစ်မျိုး ပင်။
မည်သည့် ပြင်ပ အရာဝတ္ထု များနှင့်မျှ အစားထိုး၍ မရနိုင်သော အရာပင်။
“ကျွန်တော် ကြီးပြင်းလာတာ ကြာပါပြီ...” လီယွမ် က ပြောလိုက်၏။
“အဒေါ် တို့ကသာ ကျွန်တော့်ကို ကလေးလေး လို ဆက်ဆံနေကြတာ...”
“ငါတို့ ရင်ထဲမှာတော့ နင် ဘယ်လောက်ပဲ ကြီးလာကြီးလာ ကလေးလေး တစ်ယောက်ပါပဲ ...”
အန်းမူယောင် က ညင်သာစွာ ပြုံးလိုက်သည်။
လီယွမ် ကနောက်ပြောင်လိုက်ပြီး
“ကျွန်တော့် လောက် အစွမ်းထက်တဲ့ ကလေးမျိုး ရှိသေးလို့လား...”
အန်းမူယောင် က ခြေတစ်လှမ်း ဆုတ်လိုက်ပြီး လီယွမ် အပေါ်သို့ သူမ၏ အကြည့်များ ကျရောက်သွားကာ... သေချာစွာ စူးစိုက် ကြည့်လိုက်၏။
“အင်း... ရှောင်လင်းအာ က တကယ်ပဲ ကြီးလာတာ ကိုး...”
“ငါ့ရဲ့ ရှောင်လင်းအာ လေးက တိတ်တဆိတ်နဲ့ ဒီအဆင့်အထိ ရောက်လာလိမ့်မယ်လို့ ငါ တကယ် မထင်ထားခဲ့ဘူး... ထူးခြားကူ ကိုတောင် သန့်စင် နိုင်နေပြီပဲ... အလယ်ပိုင်းလွင်ပြင် သူရဲကောင်း လေးယောက် ထဲက တစ်ယောက်ဖြစ်တဲ့ ချင်ချန် ကတောင်... နင့်အတွက် ပြိုင်ဘက် မဟုတ်ဘူးလေ... မကြာခင်မှာ အဒေါ့် ကိုတောင် မီသွားတော့မယ် ထင်တယ်...”
“အဲဒီနေ့ ရောက်လာဖို့ ငါ တကယ် မျှော်လင့်နေပါတယ်...”
ရှောင်လင်းအာ သည် သူ၏ အမေဖြစ်သူ ထံမှ ပါရမီများကို အမွေရထားခြင်း ဖြစ်၏။ သူ လေ့လာသမျှ အရာအားလုံးကို မြန်မြန်ဆန်ဆန် တတ်မြောက်ပြီး အရာအားလုံးတွင် ထူးချွန်လှ၏။
ဖြစ်နိုင်သည်မှာ... ဒါက ကောင်းကင်ဘုံ ၏နောက်ဆုံး လက်ဆောင် တစ်ခု ပင် ဖြစ်ပေလိမ့်မည်။
အစ်မ ဖြစ်သူ ၏ ဝိညာဉ်ကို နှစ်သိမ့်ပေးရန် နည်းလမ်း တစ်ခု ပါပင်။
“ဒေါ်လေး ကရော ဘယ်လို နယ်ပယ်မျိုးမှာ ရှိနေပြီလဲ...”
လီယွမ် သေချာ မသိပါချေ။
“နင် ခန့်မှန်း ကြည့်လေ...”
အန်းမူယောင် က ကောက်ကျစ်စွာ ပြုံးလိုက်၏။
“အထွတ်အထိပ် သူတော်စင် တော့ မဖြစ်နိုင်ဘူး မဟုတ်လား...”
လီယွမ် ၏ လေ့လာ တွေ့ရှိချက် အရ... အပြင်ဘက်တွင် ရှိနေသော ရေခဲပြင် မျိုးနွယ်စု ၏ ချီလင်ဘုရင် အန်းထိုယွမ် ပင်လျှင် သူ၏ ကျင့်ကြံမှု အဆင့်မှာ အများဆုံး ပြီးပြည့်စုံခြင်း အဆင့်တွင်သာ ရှိ၏။
ဒေါ်လေး က ဤမျှ ငယ်ရွယ်နေသေးရာ ထိုမျှလောက် အစွမ်းထက်ဦးမည် မဟုတ်ပါချေ။
“သူတော်စင် တစ်ပါး ဖြစ်လာဖို့ ခြေတစ်လှမ်းပဲ လိုတော့တယ်...” အန်းမူယောင် က ဆွဲဆောင်မှု ရှိစွာ ပြုံးလိုက်ပြီး
“မဟာ သိုင်းသူတော်စင် တွေကြားမှာ ပြိုင်ဘက်ကင်းတယ် လို့ နင် မှတ်ယူထားလို့ ရပါတယ်...”
“အဲဒါ တကယ့်ကို အံ့မခန်းပဲလား...”
လီယွမ် မှာ အံ့အားသင့်စွာ ရေရွတ်လိုက်သည်။
“ဒါပေါ့...”
အန်းမူယောင် က ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်၏။
“ငါက နင့်ရဲ့ အဒေါ်လေ... ငါ့ရဲ့ ပါရမီ က အစ်မ လောက် မကောင်းရင်တောင်... ငါ က နာမည်ကြီး မြောက်ပိုင်း ပါရမီရှင် တစ်ယောက်ပဲ...”
“တကယ်တော့”
သူမ က စကားကို ရုတ်တရက် ပြောင်းလိုက်၏။
“ကံကြမ္မာ အငယ်စား သခင်မလေး ဆိုတဲ့ ဂုဏ်ပုဒ်ရဲ့ ကောင်းချီး တွေကြောင့်ပါ... အမွေအနှစ် တစ်ခု လို့ နင် မှတ်ယူထားလို့ ရပါတယ်...”
“အို... အို...” လီယွမ် တစ်ဝက်တစ်ပျက်သာ နားလည်လိုက်သည်။
“အနာဂတ်မှာ အခွင့်အရေး ရတဲ့အခါ... နင့်ကို အိမ်ခေါ်သွားပြီး လည်ပတ်ခိုင်းမယ်... အဲဒီကျရင် နင် ကိုယ်တိုင် သေချာပေါက် ခံစားသိရှိ နိုင်မှာပါ...”
အန်းမူယောင် က အများကြီး ရှင်းပြ မနေတော့ပါချေ။
ထို့နောက် သူတို့ နှစ်ဦးမှာ အချိန်အတော်ကြာ စကား ပြောဆိုနေခဲ့ကြ၏။
နေဝင်ချိန် ရောက်လာသည် အထိပင်။
အန်းမူယောင် သည် ယူရှန်းယင်း က တစ်စုံတစ်ရာ ထူးခြားမှုကို ရိပ်မိသွားမည် စိုးသဖြင့် အချိန်ကြာမြင့်စွာ မနေရဲတော့ပါချေ။ သာမန် အင်အားစု အချင်းချင်းလာရောက် လည်ပတ်သည့် အဖြစ်သာ ဖန်တီးထားရပြီး သူမ ပြန်ချင်စိတ် မရှိသေးသော်ငြားလည်း အချိန်တန်ပြီ ဖြစ်သဖြင့် ပြန်ရတော့မည် ဖြစ်၏။
“ရှောင်လင်းအာ... နင့်ကို ပြောစရာနောက်ဆုံး ကိစ္စလေး တစ်ခု ကျန်သေးတယ်... ဒါက နင့်အဘိုး ရဲ့ မှာတမ်း ပဲ...”
“ဘာလဲဟင်...” လီယွမ် ၏ ရင်ထဲတွင် မကောင်းသော ခံစားချက် တစ်ခု ဝင်ရောက်လာတော့၏။
“ရေခဲပြင် မျိုးနွယ်စု တွေရဲ့ မြင့်မြတ်တဲ့ ယဇ်ပူဇော် ပွဲတွေ အကြောင်း နင် ကြားဖူးမှာပါ... အဖေ က ပြောတယ်... နင့်ရဲ့ အဘိုး တစ်ယောက် အနေနဲ့ သူ ဘာမှ မလုပ်ဘဲ ဒီအတိုင်းနေနေလို့ မရဘူးတဲ့...”
အန်းမူယောင် က ဆက်ပြောလိုက်သည်။
“မြင့်မြတ်တဲ့ ယဇ်ပူဇော်ပွဲ ရဲ့ တည်ရှိမှုက... ချီလင်ဘုရင် ကို နဝမ နယ်ပယ် အထိ ရောက်အောင် စွမ်းအားတွေ ပေးနိုင်တယ်... ဒါပေမဲ့ အရမ်း တိုတောင်းတဲ့ အချိန်လေး အတွက်ပါပဲ...”
“သူ့ရဲ့ အချိန်တွေ မကုန်ဆုံးခင်မှာ... အဖေက နောက်ဆုံး နတ်ဘုရားရဲ့ အပြစ်ပေးခြင်း ကို ခံယူပြီး နတ်ဆိုး နယ်မြေ ရဲ့ အနက်ရှိုင်းဆုံးနေရာကို ဝင်ရောက်ကာ... အဆင့် (၈) ပြီးပြည့်စုံခြင်း နယ်ပယ် က နတ်ဆိုး တစ်ကောင်ကို သတ်ဖြတ်ပြီး နင့်ကို လက်ဆောင် အဖြစ် ပေးခဲ့မယ် တဲ့...”
“နင့်ရဲ့ လုံခြုံရေး အတွက် သူ နင်နဲ့ သီးသန့် စကားပြောမှာ မဟုတ်ဘူး... နင့်ကို တစ်ချက်လောက် မြင်လိုက်ရရင်ပဲ သူ ကျေနပ်ပြီ တဲ့...”
“အင်း...”
သူမ ပြောနေစဉ်မှာပင် သူမ၏ မျက်ဝန်းများမှာနောက်တစ်ကြိမ် နီရဲလာပြီး မျက်ရည်ကြည်လေးများ ဝဲတက်လာကာ သူမ၏ အသံမှာ ရှိုက်သံများဖြင့် တုန်ယင်နေတော့သည်။
“ကဲ... ဒါပါပဲ...”
“ဒီလို ထပ်ပြောနေမယ် ဆိုရင်... နင့်ဆီက လှောင်ခံရနိုင်တယ် ...”
သူမ က မျက်ရည်များ ကြားမှ ရယ်မောလိုက်ပြီး
“အပြင်မှာဆိုရင် နင့်အဒေါ် က နှင်းခဲပြင် က နတ်သမီးလေး တစ်ပါးပါ ... သူမရဲ့ မျက်ရည် တွေက ရေခဲပွင့်လေးတွေ ချည်းပဲ... ဒီကောင်စုတ်လေး ကတော့ အမြဲတမ်း ငါ ငိုနေတာကိုပဲ မြင်နေရတာ... အဲဒါကြောင့် နင် ငါ့ကို လှောင်ဖို့ မကြိုးစားနဲ့နော်.အဟင့်...”
စကားပင် မဆုံးသေးမီမှာပင် အန်းမူယောင် မှာ အလွန်အမင်း ဝမ်းနည်းကြေကွဲ သွားပြီး လီယွမ် ၏ ရင်ခွင်ထဲသို့ တိုးဝင်ကာ မျက်ရည်များ ရွှဲရွှဲစိုအောင် ငိုကြွေး လိုက်တော့သည်။
ဖြစ်နိုင်သည်မှာ... တွေ့ဆုံမှု တိုင်းကနောက်ဆုံးအကြိမ် ဖြစ်နေနိုင်၏။
သူမ အစ်မ ဖြစ်သူ နှင့် ကွဲကွာခဲ့ရစဉ်က လိုမျိုး... သူမ ကလေးမလေး အရွယ်က... လေနှင်းမုန်တိုင်း ကြီးထဲတွင် အစ်မ ဖြစ်သူ ထွက်ခွာသွားသည်ကို ကြည့်နေခဲ့ရပြီး ထိုအခိုက်အတန့် လေးကပင်နောက်ဆုံး နှုတ်ဆက်ခြင်း ဖြစ်သွားခဲ့ရသည် ။
“ကဲ... ကဲ...”
လီယွမ် က သူမကို ညင်သာစွာ ဖက်ထားလိုက်၏။
“မငိုပါနဲ့ ဒေါ်လေး ရယ်... ယန်ဇီမြစ် ကို ဖြတ်သန်းရမယ့် ခရီးက ရှည်လျား ပေမဲ့... ငါတို့တွေ ပြန်ဆုံတွေ့ ရဦးမှာပါ...”
“ဒါ့အပြင်...”
“အဘိုး က ဘာမှ ဖြစ်မှာ မဟုတ်ပါဘူး... နတ်ဘုရား ရဲ့ အပြစ်ပေးခြင်း က ဘာများ ကြောက်စရာ ကောင်းလို့လဲ... ကူအင်မော်တယ် နဲ့ စစ်နတ်ဘုရား တို့ကလည်း သာမန် လူသားတွေ ဘဝကနေပဲ ပေါ်ထွက်လာကြတာ မဟုတ်ဘူးလား... သူ သေချာပေါက် ပြန်ကောင်းလာမှာပါ...”
အခြား တစ်ဖက် တွင်ကား...
ချီလင်ဘုရင် အန်းထိုယွမ် နှင့် ဘိုးဘေးကြီး ချီယန် တို့သည်... ပျော်ရွှင်စွာ စကားစမြည် ပြောဆိုနေကြပြီး အရက်ပင် အတူတူ သောက်နေကြလေပြီ။
ဘိုးဘေးကြီး သာ အရပ်ပုပြီး ကုန်းကွကွ မဖြစ်နေလျှင် ပြီးတော့ ချီလင်ဘုရင် သာ ဤမျှ ထည်ဝါ ခမ်းနား မနေလျှင် ထိုသူ နှစ်ဦးမှာ ညီအစ်ကိုများ အဖြစ်ပင် ကျမ်းသစ္စာ ကျိန်ဆိုပြီး လောက်ပြီ ဖြစ်၏။
“ဒါဆိုလည်း သဘောတူတယ် ကွာ...” အန်းထိုယွမ် က အားရပါးရ ရယ်မောလိုက်သည်။
“အသက်ကြီးလာတဲ့ အချိန်မှ ညီအစ်ကို ယန် လို ရင်ဘတ်ချင်း တူတဲ့ မိတ်ဆွေ တစ်ယောက် ရလာတာ... ငါ့ဘဝတော့ အချည်းနှီး မဖြစ်တော့ဘူး...”
“ညီအစ်ကို ထိုယွမ် ကလည်းနောက်နေပြန်ပြီ...”
ချီယန် က ရယ်မောလိုက်ပြီးပြန်လည်၍ ပြောဆိုလိုက်သည်။
“ချီလင် နတ်ဘုရား တွေက မင်းကို အသက်ရှည်ရှည်နေနိုင်အောင် ကောင်းချီး ပေးမှာ သေချာပါတယ်... ဒါက ဘာမှ မဟုတ်ပါဘူး... ငါတို့ နှစ်ယောက်သာ ပူးပေါင်းလိုက်ရင် တစ်လောကလုံး ကို သိမ်းပိုက်လို့ ရတယ်... ညဇီးကွက်ဘုရင်လာရင်တောင်မှ သူ့ကို ဆွဲချပစ်လိုက်မယ်...”