ကျူးယန်တံခါးဝမှ ထွက်ခွာခြင်း
Vol. 17 Ch. 188
ဧည့်သည်များနှင့် အိမ်ရှင်များ ပျော်ရွှင်စွာ ဆုံတွေ့ပြီးနောက် ချီယန်နှင့် လီယွမ်တို့သည် အန်းသားအဖကို လိုက်လံပို့ဆောင် နှုတ်ဆက်ကြသည်။
တွေ့ဆုံမှု တစ်လျှောက်လုံးတွင် ချီလင်ဘုရင် အန်းထိုယွမ်သည် လီယွမ်နှင့် သာမန်စကား အနည်းငယ်သာ ပြောဆိုခဲ့ပြီး အကြည့်ချင်း အနည်းငယ်သာ ဆုံခဲ့ကြ၏။ ဤသည်ကား ဘုရင်တစ်ပါး၏ ခန့်ညားသော ဟန်ပန်ပါပင်။ အသက်အရွယ် ကြီးရင့်ချိန်တိုင်အောင် သူတို့သည် စိတ်ခံစားမှု အားလုံးကို ထိန်းချုပ်နိုင်စွမ်း ရှိကြပြီးနောက်လာမည့် မျိုးဆက်များကို မထိခိုက်စေရန် အရာအားလုံးကို ရင်ဘတ်အောက်ခြေ၌ နက်ရှိုင်းစွာ မြှုပ်နှံထားနိုင်ကြ၏။
ရထားလုံးအတွင်းသို့ ဝင်ရောက်သွားပြီး ပြင်ပလောကနှင့် လုံးဝ အဆက်အသွယ် ပြတ်တောက်သွားသည့် အခိုက်အတန့်လေးမှာပင် သူ၏ မျက်ရည်များက ထိန်းမရသိမ်းမရ ကျဆင်းလာတော့၏။
“ကောင်းလိုက်တာ... သိပ်ကောင်းတာပဲ...”
အန်းထိုယွမ်သည် ကုလားထိုင်ပေါ်တွင် ထိုင်လျက် ငိုတစ်လှည့် ရယ်တစ်လှည့် ဖြစ်နေတော့သည်။
“ရှောင်လင်းအာလေးက တကယ်ကို ကြီးပြင်းလာခဲ့ပြီပဲ... သူ့အမေရဲ့ ပါရမီတွေကို အပြည့်အဝ အမွေရထားတာ... သူက ကူလမ်းစဉ်ထဲကို မတော်တဆ ဝင်ရောက်သွားခဲ့ရင်တောင် ပြိုင်ဘက်ကင်းတဲ့ ပါရမီရှင် တစ်ယောက်ဖြစ်လာပြီး တောက်ပနေမှာ သေချာတယ်...”
“မူချိုးရေ... မင်းသာ သက်ရှိထင်ရှား ရှိနေသေးရင် ဘယ်လောက်တောင် ဝမ်းသာပီတိ ဖြစ်ရမလဲကွာ...”
“ငါတော့ သေပျော်ပါပြီ...”
မြောက်ပိုင်းနယ်မြေမှ ထွက်ခွာလာကတည်းက တောင်ပိုင်းနယ်စပ်တွင် အသေခံရန် သူ ပြင်ဆင်ထားခဲ့ပြီး ပင်။ ဘဝ၏နောက်ဆုံးအချိန်လေးတွင် ရှောင်လင်းအာအတွက် တစ်ခုခု လုပ်ပေးနိုင်ခဲ့ခြင်းက သူ့ကို ပိုမို ငြိမ်းချမ်းစေပြီး မူချိုးကို သွားတွေ့သည့်အခါ အပြစ်မကင်းသလို ခံစားရမှုများ လျော့ပါးသွားစေမည် မဟုတ်ပါလော။
“အဖေရယ်... အဲဒီလို အဓိပ္ပာယ်မရှိတဲ့ စကားတွေ မပြောပါနဲ့...”
အန်းမူယောင်သည် သူမအဖေ၏ ကျန်းမာရေး အခြေအနေကို ကောင်းစွာ သိရှိထား၏။ နတ်ဘုရား၏ အပြစ်ပေးခြင်းကို ရှောင်လွှဲ၍ မရနိုင်သလို မည်သည့် သက်တမ်းတိုးဆေး သို့မဟုတ် ကုသရေးဆေးဝါးများကမျှလည်း ကုသပေးနိုင်မည် မဟုတ်ချေ။ တစ်ခုတည်းသော ဖြေရှင်းနည်းမှာ အဖေကိုယ်တိုင် သူ၏ ကျင့်ကြံမှုအဆင့်ကို ထပ်မံ မြှင့်တင်ရန်သာ ဖြစ်၏။
ထိုသို့ဆိုလျှင် ပို၍ အသက်ရှည်ရှည်နေနိုင်မည် မဟုတ်ပါလော။ ရေခဲပြင်မျိုးနွယ်စုများ၏ သွေးမျိုးဆက် သဘာဝအရ သူတို့၏ သက်တမ်းမှာ သိုင်းပညာရှင်များထက် များစွာ နိမ့်ကျနေသည်ကိုပင် ထားလိုက်ဦးတော့ ဟင်းလင်းပြင်ကို ခွဲဖြာပြီး နတ်ဘုရားများ၏ နယ်ပယ်ကို လှမ်းကြည့်နိုင်စွမ်း ဆိုသည်မှာကား ပို၍ပင် ဝေးကွာလှ၏။
“မူယောင်... အဖေ့ကို ထပ်ပြီး နှစ်သိမ့်မနေပါနဲ့တော့”
အန်းထိုယွမ်က ပြုံးလျက်...
“ရှောင်လင်းအာကို မြင်တွေ့ခဲ့ရပြီးပြီဆိုတော့ အဖေ့မှာနောင်တ မရှိတော့ပါဘူး... အနာဂတ် ရေခဲပြင်မျိုးနွယ်စု အတွက် သမီး ရှိနေမှတော့ အဖေ စိတ်အေးအေး ထားလို့ ရပါပြီ...”
“နောက်ရက်အနည်းငယ် ကြာရင် အဖေ နတ်ဆိုးနယ်မြေ အနက်ပိုင်းကို သွားပြီး အဆင့်ရှစ် ပြီးပြည့်စုံခြင်းအဆင့် နတ်ဆိုးတစ်ကောင်ကို အမဲလိုက်မယ်... ပြီးရင် လင်းအာကို လက်ဆောင်ပေးခဲ့မယ်... သူ သေချာပေါက် သဘောကျမှာပါ...”
ချီလင်ဘုရင်တွင်နောင်တတရားများ ကင်းမဲ့သွားပြီး သူ၏ စိတ်နှလုံးမှာ ငြိမ်းချမ်းနေခဲ့ပြီ ဖြစ်၏။
“အဖေ့ရဲ့ မြေးလေး ကလည်း အဖေ့အတွက် လက်ဆောင် တစ်ခု ပေးလိုက်ပါသေးတယ်...”
အန်းမူယောင်က စကားလမ်းကြောင်း လွှဲလိုက်သည်။
“ဘာလက်ဆောင်လဲ...”
အန်းထိုယွမ်၏ မျက်လုံးများက အလွန်အမင်း ဝမ်းသာပျော်ရွှင်မှုများဖြင့် တောက်ပသွားတော့သည်။
“ဒါလေးပါ...” အန်းမူယောင်က ကျောက်စိမ်းပုလင်းငယ်လေးကို ထုတ်ယူလိုက်၏။
“ဒီအထဲက အရာလေးကို သွေးနတ်မျက်ရည် လို့ ခေါ်တယ်... ရှောင်လင်းအာရဲ့ သက်စောင့်ကူအိမ်တော် ကနေ ထုတ်လုပ်ထားတဲ့ ဝိညာဉ်ပစ္စည်းလေးပါ...”
“အင်မော်တယ် အမွှေးဆီတွေရဲ့ အာနိသင်ရယ်... အသက်ရှင်ခြင်းနဲ့ သေဆုံးခြင်း ကြားက နားလည်သဘောပေါက်မှု အာနိသင်တွေရယ် ပါဝင်နေတာမို့ အဖေ့အတွက် တကယ့်ကို အသင့်တော်ဆုံးပါပဲ...”
“ဒါက ရှောင်လင်းအာရဲ့ ကူအိမ်တော် ကနေ ပထမဆုံး ထွက်ပေါ်လာတဲ့ သွေးနတ်မျက်ရည် စက်လေးပဲ...”
“ဟားဟားဟားဟား...”
အန်းထိုယွမ်က အားရပါးရ ကျယ်လောင်စွာ ရယ်မောလိုက်ပြီး သူ၏ သမီးလက်ထဲမှ ကျောက်စိမ်းပုလင်းလေးကို စိတ်လှုပ်ရှားစွာ ဆွဲယူကာ အနီးကပ် သေချာစွာ စစ်ဆေးကြည့်နေတော့သည်။
အလွန် ရှားပါးလှသော ရတနာတစ်ပါးကို မြတ်နိုးစွာ ကြည့်ရှုနေသည့်အလား ပါပင်။
“ဟား ဟား ဟား ဟား...”
“ဒါ ငါ့မြေးလေး ပေးတဲ့ လက်ဆောင်ကွ... ငါ့မြေးလေးက ငါ့ကို လက်ဆောင်ပေးလိုက်ပြီဟေ့... ဟားဟားဟား...”
ထို အခိုက်အတန့်လေးတွင် ဘဝသစ်တစ်ခု ပြန်လည်ရရှိသွားသည့်အလား အဖိုးအိုမှာ အလွန်အမင်း ပျော်ရွှင်နေခဲ့သည်။
“အဖေ ဘယ်လောက်တောင် ပျော်နေလဲ ဆိုတာ ကြည့်ပါဦး...”
အန်းမူယောင်လည်း ပြုံးလိုက်ပြီး တိုက်တွန်းလိုက်သည်။
“ဒါကြောင့်မို့ မြေးလေး မျက်နှာကို ကြည့်ပြီး အဖေ ဒီအခက်အခဲကို ဖြတ်ကျော်ပြီး အသက်ရှင်အောင်နေရမယ်နော်...”
“မူယောင် ပြောတာ မှန်တယ်...”
အန်းထိုယွမ်က လေကို ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်၏။
“လင်းအာ အတွက် အဖေ အသက်ရှင်အောင် တိုက်ပွဲဝင်ရမယ်... အဖေသာ အဆင့်ကိုး နယ်ပယ်ကို ရောက်သွားခဲ့ရင် ညဇီးကွက်ဘုရင် က လင်းအာကို အန္တရာယ် ပေးချင်ရင်တောင် သူ့ဆီက အသားတစ်တစ်လောက်ကို အဖေ ကိုက်ဖြတ်ယူနိုင်မှာပဲ...”
သူ အောင်မြင်နိုင်ခြေ အလွန်နည်းပါးကြောင်းကို သူ ကောင်းစွာ သိရှိထား၏။
သို့သော်လည်း ဤအခိုက်အတန့်တွင် ထိုမျှော်လင့်ချက် အလင်းတန်းလေးဆီသို့ အရင်က တစ်ခါမျှ မဖြစ်ပေါ်ဖူးသော ပြင်းပြသည့် တောင့်တမှုမျိုး သူ၏ ရင်ထဲတွင် ဖြစ်ပေါ်လာခဲ့ချေပြီ။
ရက်အနည်းငယ် ကြာပြီးနောက်...
ချီယန်သည် လီယွမ်ကို ခေါ်ဆောင်ကာ ကျူးယန်တံခါးဝမှ ထွက်ခွာလာပြီး ကျိုးကုန်းတောင်တန်းများဆီသို့ ပြန်လာခဲ့ကြသည်။
ရထားလုံး အတွင်း၌ ဖြစ်၏။
ချီယန်သည် ချီလင်ကို အလွန်အမင်း ကျေနပ်အားရစွာဖြင့် ကြည့်နေသည်။ လုပ်ငန်းစဉ်မှာ မည်သို့ပင် ရှိစေကာမူ လီယွမ်၏ စီမံခန့်ခွဲမှု အောက်တွင် အနည်းဆုံးတော့ ရလဒ်က ပြီးပြည့်စုံခဲ့သည် မဟုတ်ပါလော။
သူ၏ ရည်မှန်းချက်များ အားလုံး အောင်မြင်ခဲ့လေပြီ။
ပထမအချက်အနေဖြင့် ဤကူလမ်းစဉ် ပါရမီရှင်က သိုင်းတာအို ပါရမီရှင်ကို အပြတ်အသတ် အနိုင်ယူလိုက်ခြင်းဖြင့် ကူလမ်းစဉ်ကို နာမည်ကြီးစေခဲ့ပြီး လူများစွာကို ဆွဲဆောင်နိုင်ကာ အချိန်တိုအတွင်း ကူလမ်းစဉ်ထဲသို့ သွေးသစ်များစွာ စီးဝင်လာစေခဲ့သည်။
ဒုတိယအချက်အနေဖြင့် ကူသခင်များ လောကထဲသို့ ဝင်ရောက်ရန် လမ်းကြောင်းပွင့်သွားခဲ့ပြီး လောကအရပ်ရပ်မှ အင်အားစုများက နဝမ ကူ နန်းတော်နှင့် ပူးပေါင်းကာ ကူသခင်မျိုးဆက်များနေရာအနှံ့ ကြီးပွားတိုးတက်လာစေရန် ကူညီပေးလိုကြသည်။ မြောက်ပိုင်း ရေခဲပြင် မျိုးနွယ်စု ကဲ့သို့သော ဒေသတွင်း ဧရာမ အင်အားစုကြီးနှင့် မဟာမိတ် ဖွဲ့နိုင်ခြင်းက ကူနန်းတော် အတွက် ကြီးမားလှသော အထောက်အပံ့တစ်ခု ပါပင်။
တတိယ နှင့် အရေးအကြီးဆုံး အချက်မှာ...
လီယွမ်၏ အစစ်အမှန် စွမ်းအားကို သူ ကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ တွေ့လိုက်ရခြင်းပင်။ ကူလမ်းစဉ်အပေါ် သူ၏ ကျွမ်းကျင်မှုမှာ အပြစ်အနာအဆာ ကင်းစင်လွန်းသည် ဟူသော စကားတစ်ခွန်းတည်းဖြင့်သာ ဖော်ပြနိုင်၏။
ကူကောင်များ အတွက် တကယ့်ကို မွေးဖွားလာသူ ပါပင်။
ထိုနေ့က လေ့ကျင့်ရေး ကွင်းပြင်တွင် အသုံးပြုခဲ့သော ပင့်ကူမျှင် ပင်လယ် နှင့် သွေးပေါက်ကွဲကူကောင် တို့၏ ပေါင်းစပ်မှုက သူ့ကို အံ့မခန်း ဖြစ်သွားစေရန် လုံလောက်ခဲ့သည်။ မျက်တောင်တစ်ခတ်အတွင်း အသက်သွင်းနိုင်မှု၊ လုံးဝ ပြီးပြည့်စုံလှသော ထိန်းချုပ်မှု နှင့် တွဲဖက်လုပ်ဆောင်နိုင်မှုတို့မှာ ကူသခင် များစွာ သူတို့၏ သက်စောင့်ကူကောင်များကို ကိုင်တွယ်ရာတွင်ပင် မစွမ်းဆောင်နိုင်သော အရာများ ဖြစ်၏။
လီယွမ်သည် လက်အောက်ခံ ကူကောင်များကို ကျွမ်းကျင်ရုံသာမက ထိုအဆင့်အထိပါ စွမ်းဆောင်နိုင်ခဲ့ခြင်း ဖြစ်၏။ အဆင့်မြင့်မားလွန်းသော ပြီးပြည့်စုံခြင်း အဆင့်တစ်ခုသို့ ရောက်ရှိနေချေပြီ။
ဤအချက်က ဤလူငယ် တပည့်လေး၏ အနာဂတ် အောင်မြင်မှုများသည် သူ့ထက်ပင် ကျော်လွန်သွားမည်ဖြစ်ပြီးနောက်ထပ် နှစ်ပေါင်း သုံးထောင်အကြာတွင် ဒုတိယမြောက် ကူအင်မော်တယ် တစ်ပါးပင် ဖြစ်လာနိုင်ကြောင်း ကြိုတင် နိမိတ်ပြနေခြင်း ပါပင်။
“အဟမ်း...”
လီယွမ်က စကားပြောချင်လွန်း၍ ယားယံနေတော့၏။
“အဲ... ဘိုးဘေးကြီး... ကျွန်တော့်ကို ကတိပေးထားတာလေး တည်သင့်ပြီ မဟုတ်ဘူးလား...”
“မင်းက အရာရာ တော်ပါတယ်... အမြတ်အစွန်း ကို သိပ်ပြီး အာရုံစိုက်လွန်းနေတာလေး တစ်ခုကလွဲရင်ပေါ့…ဟားဟား...”
ချီယန်က ရယ်မောလိုက်သည်။
“တကယ်တမ်း အမြတ်အစွန်းကို မက်မောတဲ့ သူတွေက ရင်ထဲမှာပဲ တိတ်တဆိတ် သိမ်းထားကြတာလေ... ကျွန်တော်က ဘိုးဘေးကြီးကို မိသားစုဝင် တစ်ယောက်လို သဘောထားလို့ ဘာဟန်ဆောင်မှုမှ မရှိဘဲ ပွင့်ပွင့်လင်းလင်း တောင်းတာပါ... ဒါက အမွေအနှစ် ပဲလေ... ကူလမ်းစဉ်ရဲ့ အဆုံးမဲ့တဲ့ ရှင်သန်မှုပါ...”
“တော်တော့ ပါးစပ်ပိတ်ထားစမ်း...”
ချီယန်၏ နှုတ်ခမ်းများ တွန့်လိမ်သွားပြီး စကားကို ဖြတ်ပြောလိုက်၏။
ဒီကောင်လေးက ငါ မျိုးဆက်သစ်တွေကို ပေးခဲ့တဲ့ ဆုံးမစကားကို မှတ်ထားပြီး အခွင့်အရေး တောင်းဖို့ ဆောင်ပုဒ်တစ်ခုလို ပြန်သုံးနေတာပဲ။
သူက နောက်ဆုံး ကျန်ရှိနေသော မှတ်စုစာအုပ် သုံးအုပ်ကို ထုတ်ယူကာ စားပွဲပေါ်သို့ တင်လိုက်၏။
“ရော့... အားလုံး မင်းကို ပေးလိုက်ပြီ...”
“ကျေးဇူးတင်ပါတယ် ဘိုးဘေးကြီး...”
သင်ယူရန် စိတ်အားထက်သန်နေသော လီယွမ်သည် စာအုပ်များကို ချက်ချင်း ကောက်ယူကာ ရင်ခွင်ထဲသို့ ပိုက်ထားလိုက်သည်။
ချီယန်ကနောက်ပြောင်လိုက်ပြီး
“ကျူးယန်တံခါးဝ မှာတုန်းကလို ရိုင်းစိုင်းတဲ့ ဟန်ပန်လေး ပြန်ပြောင်းလိုက်ပါဦးလား...”
“ဘယ်လိုလုပ် အဲဒီလို ဖြစ်နိုင်မှာလဲ...” လီယွမ်က ရယ်မောလျက်... “ကျွန်တော်က အမြတ်အစွန်းကို မက်မောလို့ ဘိုးဘေးကြီးရဲ့ စာအုပ်တွေကို ကူလမ်းစဉ်ရဲ့ ကျမ်းစာအဖြစ် သတ်မှတ်တာ မဟုတ်ပါဘူး... ကျူးယန်တံခါးဝ မှာ လောကက သူရဲကောင်းတွေကို တွေ့ပြီးတဲ့နောက် ကိုယ့်ကိုယ်ကိုယ် သေးငယ်လွန်းတယ်လို့ ခံစားရပြီး တကယ်ကို တိုးတက်ချင်လာလို့ပါ...”
ချီယန် နှုတ်ဆိတ်သွား၏။
သူ၏ ခြောက်သွေ့နေသော လက်များက တုတ်ကောက်ကို တင်းတင်းဆုပ်ကိုင်ထားပြီး သည်းခံရန် ကိုယ့်ကိုယ်ကိုယ် သတိပေးနေရသည်။ ဤသည်မှာ သူ ကိုယ်တိုင် ရွေးချယ်ခဲ့သော ပါရမီရှင် ဖြစ်ရာ မည်မျှပင် အရိုက်ခံချင်စရာ ကောင်းနေပါစေ သည်းခံရမည်သာတည်း။
ရထားလုံး အပြင်ဘက်တွင် ရထားထိန်းအဖြစ် ရုပ်ဖျက်ထားသော ယန်ဝူရုန်သည် နောက်ဆုံးတွင် အမှန်တရား တစ်ခုကို သဘောပေါက်သွားခဲ့လေပြီ။
လီယွမ်သည် သတိကြီးပြီး ရိုးသားနေခြင်း လည်း မဟုတ်ပေ။ မာနကြီးပြီး ဘဝင်မြင့်နေခြင်းလည်း မဟုတ်ချေ။
သူက ဖိနှိပ်ချုပ်တည်းထားရတဲ့ ရူးသွပ်မှုတွေနဲ့ ပြည့်နေတဲ့ သူပဲ။
မြောက်ပိုင်းနယ်မြေ ယင်းမင်းသား၏ စံအိမ်တော်။
တော်ဝင်အမိန့်စာ တစ်စောင် ရောက်ရှိလာခြင်းက မြောက်ပိုင်း နှင်းခဲနယ်မြေတွင် နှစ်ထောင်ပေါင်းများစွာ တည်ရှိခဲ့သော တော်ဝင်သွေး မပါသည့် ဘုရင်များ၏ မိရိုးဖလာ အုပ်ချုပ်ခွင့်ကို အဆုံးသတ်ပေးလိုက်တော့၏။ ထိုအချိန်မှစ၍ လောကတွင် တာ့ယန် ယင်းဘုရင် ဆိုသည်မှာ မရှိတော့ပါချေ။
မြောက်ပိုင်း နှင်းခဲနယ်မြေသည် တော်ဝင်မိသားစု၏ တိုက်ရိုက် အုပ်ချုပ်မှုအောက်ရှိ နယ်မြေအဖြစ် တရားဝင် သွတ်သွင်းခံလိုက်ရလေပြီ။
ညဇီးကွက်ဘုရင် သည် ယင်းဘုရင် ဖုန်းလီ နှင့် သူ၏ မိသားစုတို့ ကျန်းနန် လမ်းမကြီးတစ်လျှောက် ရထားလုံးဖြင့် ထွက်ခွာသွားသည်ကို ငေးကြည့်နေ၏။
“နောက်တစ်ယောက် လျော့သွားပြန်ပြီ...” သူက တိုးညင်းစွာ ရေရွတ်လိုက်သည်။
“ဒါဆို... ဒီ ဟာကွက်ကို ဘယ်သူက ဖြည့်ဆည်းပေးရမလဲ...”
အရှေ့ပိုင်း တောရိုင်းနယ်မြေရှိ ဟာကွက်ကို နဝမ ကူ နန်းတော်၏ ဒုတိယသခင် ယန်တျန် က ဖြည့်ဆည်းပေးခဲ့ပြီး ပင်။ မြောက်ပိုင်း နှင်းခဲနယ်မြေရှိ ဟာကွက်ကိုလည်း တည်ငြိမ်မှု ရှိစေရန်အတွက် ကျန်းဟူ အင်အားစု တစ်ခုခု... ထို့အပြင် ရှည်လျားသော သမိုင်းကြောင်းနှင့် အမွေအနှစ်များ ရှိသည့် အင်အားစု တစ်ခုခုက ဖြည့်ဆည်းပေးရန် လိုအပ်နေ၏။
မြောက်ပိုင်း ရေခဲပြင်ရှိ မျိုးနွယ်စုများက ရွေးချယ်မှုကောင်း တစ်ခု ဖြစ်နိုင်သည်။ သို့သော် အသေအချာ စဉ်းစားပြီးနောက်တွင်တော့ ထိုအကြံကို သူ စွန့်လွှတ်လိုက်၏။
ထိုစဉ် ငှက်တစ်ကောင် ပျံသန်းလာပြီး ညဇီးကွက်ဘုရင် ၏ လက်မောင်းပေါ်သို့ ဆင်းသက်လာသည်။ ညဇီးကွက်ဘုရင်သည် ငှက်၏ ခြေထောက်မှ စာလိပ်ကို ဖြုတ်ယူကာ ဖြန့်ဖတ်လိုက်၏။
စာထဲတွင် ရေးသားထားသည်မှာ... “အရှင်မင်းကြီး... စစ်မှန်သော နဂါး က ပေါ်ထွက်မလာသေးပါ...” ဟူ၍ ပင်။
“တကယ်ပဲ အဲဒီလိုလား...”
ညဇီးကွက်ဘုရင် သည် အဝေးသို့ ငေးကြည့်လိုက်၏။
“ဒါမှမဟုတ် အရှင်မင်းသားက လျှို့ဝှက် မြို့စားတောင် မထိန်းချုပ်နိုင်တဲ့ အထိ ကြီးပြင်းလာခဲ့ပြီလား...”
“ဒါဆိုရင်တော့”
သူက ပခုံးတွန့်လိုက်ရာ ငှက်ကလေးမှာ ပျံသန်းထွက်ခွာသွားတော့၏။
“ပိုမြင့်မြင့် ပျံသန်းသွားလှည့်ပါ... တာ့ယန် နိုင်ငံတော်ကြီးရဲ့ ခမ်းနားလှတဲ့ ရှုခင်းတွေကို သွားကြည့်လှည့်ပါ... သစ္စာခံ ကျွန်တော်မျိုး ကတော့ မင်းသားလေး ပြန်လာမယ့်နေ့ကို ဒီနေရာကနေပဲ စောင့်ကြိုနေပါ့မယ်…”