တတိယအကြိမ် တိုက်ပွဲအတွက် ပြင်ဆင်ခြင်း
Vol. 17 Ch. 189
“လီယွမ်... မင်း ငါနဲ့အတူ နဝမ ကူ နန်းတော်ရဲ့ အတွင်းစည်းထဲကို လိုက်ခဲ့မလား... ဒါမှမဟုတ် ဒီနေရာမှာပဲ ဆက်နေမလား...”
ကျိုးကုန်းတောင်တန်းများဆီသို့ အပြန်ခရီးတွင် ပင် အမှတ်(၁၂) ဂူစံအိမ်သို့ ရောက်ရှိသောအခါ ချီယန်က ထပ်မံ ဖိတ်ခေါ်လိုက်သည်။
“ဘိုးဘေးကြီး... ဒီစာအုပ်တွေက တပည့်အတွက် အချိန်အတော်ကြာ လေ့လာဖို့ လုံလောက်ပါတယ်...”
လီယွမ်က ပြုံးလျက် ဖြေကြားလိုက်၏။ ချီယန်ထံမှ မသင်ယူချင်၍ မဟုတ်ပါချေ။ သို့သော် သူ၏ သက်စောင့်ကူကောင် အများအပြားနှင့် ဓားနတ်သမီးတို့၏ လျှို့ဝှက်ချက်များကြောင့် အင်အားကြီး ပညာရှင်တစ်ဦး၏ အနီးတွင် အချိန်ကြာမြင့်စွာနေထိုင်ရန် မဖြစ်နိုင်သောကြောင့် ပါပင်။
“ကောင်းပြီလေ...”
ချီယန်သည် သူ၏ တပည့်ကို တမင်သက်သက် ကန့်သတ်ချုပ်ချယ်ထားမည် မဟုတ်ပေ။ လီယွမ် သည် သူကိုယ်တိုင် ဤအဆင့်အထိ ရောက်ရှိလာနိုင်ခြင်းကပင် သူ၏ ပါရမီကို သက်သေပြရန် လုံလောက်နေပြီ ပင်။ ဤကဲ့သို့သော ပါရမီရှင်ကို သူနှင့်အတူ ကျင့်ကြံရန် ဖိအားပေးခြင်းက ချုပ်ချယ်မှု တစ်မျိုး ဖြစ်သွားနိုင်၏။
၎င်းက ပြိုင်ဘက်၏ အလားအလာကို လျော့ကျသွားစေလိမ့်မည်သာ ဖြစ်၏။ လီယွမ်ကဲ့သို့သော ပါရမီရှင် တစ်ဦးကို ပျိုးထောင်ရန် အကောင်းဆုံး နည်းလမ်းမှာ သူတို့ကို ပူပင်သောက ကင်းကင်းဖြင့် ကြီးထွားခွင့်ပေးပြီး အမြင့်ဆုံးသို့ လွတ်လပ်စွာ ပျံသန်းခွင့် ပေးခြင်းပင် ဖြစ်တော့သည်။
ထို့အပြင်... လီယွမ်သည် သူ့ကို အပြည့်အဝ ယုံကြည်မှု မရှိသေးဘဲ သတိထားနေဆဲ ဖြစ်ကြောင်းကိုလည်း ချီယန် ကောင်းစွာ ခံစားမိသည်။
ဒီကောင်လေးက သံသယ အရမ်းများတာပဲ... ဖြစ်နိုင်တာက သူ့ရဲ့ မွေးရာပါ စရိုက်ဖြစ်ပြီး ပြောင်းလဲဖို့ ခက်ခဲလိမ့်မယ်။
“အင်း...”
လီယွမ်က မျက်တောင်ပုတ်ခတ်ပုတ်ခတ် လုပ်ကာ... ဆက်လက်ပြောဆိုလာ၏။
“ဘိုးဘေးကြီး... တပည့်ကို ကတိပေးထားတာလေး မှတ်မိသေးတယ် မဟုတ်လား...”
“မင်း တကယ်ပဲ သေချာပြီလား...”
ချီယန်က ဆက်ပြောလိုက်သည်။
“အကယ်၍ မင်း အခုနောင်တရတယ် ဆိုရင်တောင် တခြား ဆုလာဘ် တစ်ခုကို ငါ ပြောင်းပေးလို့ ရပါသေးတယ်... ကူအင်မော်တယ် ရဲ့ လျှို့ဝှက်နယ်မြေ ကို သွားရင် မင်း ဘာမှ ရလာမှာ မဟုတ်ဘူး ဆိုတာ အရမ်းကို သေချာသလောက်ပဲနော်...”
“ဒါက တပည့် ရင်ထဲမှာ အမြဲတမ်း စွဲလန်းနေခဲ့တဲ့ အရာပါ...”
လီယွမ်က အံတင်းတင်းကြိတ်ကာ စိတ်ရှုပ်ထွေးနေဟန်ဖြင့်
“ကျွန်တော်က ကူသခင် မျိုးဆက်ရဲ့ တစ်ဦးတည်းသော ကူအင်မော်တယ် ရဲ့ ခမ်းနားကြီးကျယ်မှုကိုနောက်တစ်ကြိမ် ထပ်ပြီး မျက်မြင်ကိုယ်တွေ့ မြင်ချင်ရုံလေးပါ... ကျွန်တော် ဘာတစ်ခုမှ ပြန်မရခဲ့ရင်တောင်...နောင်တ မရပါဘူး...”
“ကောင်းပြီလေ...” ချီယန်လည်း ထပ်ပြီး ဖြောင်းဖျ မနေတော့ပါချေ။
“မင်း ကူအင်မော်တယ် ရဲ့ လျှို့ဝှက်နယ်မြေ ကို ဘယ်အချိန် သွားချင်တာလဲ... အကယ်၍ အဲဒီ လျှို့ဝှက်နယ်မြေကို မင်း ရှာတွေ့ခဲ့ပြီ ဆိုရင်... ပထမကူနန်းတော် မှာ ငါ့ကိုလာရှာလိုက်...”
“ဘိုးဘေးကြီး... ဘိုးဘေးကြီး ရဲ့ ကျန်းမာရေးက သိပ်မကောင်းတာကို ဟိုဒီ သွားလာနေဖို့ အဆင်မပြေပါဘူး... ဒီလို သေးငယ်တဲ့ ကိစ္စလေးအတွက် ဘိုးဘေးကြီးကို ဒုက္ခ မပေးပါရစေနဲ့...”
လီယွမ်က အနေခက်စွာဖြင့် ပြောဆိုလိုက်သည်။
“ဝိညာဉ်လိပ် ကူကောင် ကို ထိန်းချုပ်တဲ့ အဆောင်ပြားလေးကို တပည့်ဆီ ပေးထားလိုက်ပါ... တပည့် သွားချင်တဲ့ အချိန်ကျရင် အဲဒီကို ကိုယ့်ဘာသာကိုယ် သွားလိုက်ပါ့မယ်...”
“အဲဒါလည်း ကောင်းပါတယ်...” ချီယန်က လီယွမ်ကို အဓိပ္ပာယ်ပါပါ တစ်ချက် ကြည့်လိုက်ပြီးနောက် ပြုံးလျက် ခေါင်းညိတ်လိုက်သည်။
“မင်းက ကူသခင် မျိုးဆက်တွေ လောကထဲ ခြေဆန့်နိုင်ဖို့အတွက် ကြီးမားတဲ့ အကျိုးပြုသူ ဖြစ်တဲ့အတွက်... အထူး အခွင့်အရေး ရသင့်ပါတယ်...”
ထိုသို့ ပြောပြီးနောက် အင်မော်တယ် လျှို့ဝှက်နယ်မြေ သို့ ဝင်ရောက်နိုင်မည့် အဆောင်ပြားကို လီယွမ်ထံသို့ ပေးအပ်လိုက်သည်။
“ကျေးဇူးတင်ပါတယ် ဘိုးဘေးကြီး...” လီယွမ်က လက်နှစ်ဖက်ကို ယှက်ကာ အရိုအသေ ပေးလိုက်၏။
“ကူအင်မော်တယ် ရဲ့ ဆန္ဒက မင်းကို အသိအမှတ်ပြုပါစေလို့ ငါ ဆုတောင်းပေးပါတယ်... မင်း လီယွမ် မှာ အဲဒီလို လုပ်နိုင်စွမ်း ရှိတယ်လို့ ငါ ယုံကြည်တယ်...” ထိုသို့ ပြောပြီးနောက် ချီယန်သည် လှည့်ကာ ထွက်ခွာသွားတော့သည်။
“ကောင်းကောင်း သွားပါ ဘိုးဘေးကြီး...” လီယွမ်က ပြုံးလျက် နှုတ်ဆက်လိုက်သည်။
သူ့အတွက်တော့ ဤနယ်စပ်ခရီးစဉ်မှာ အလွန်ကို အကျိုးဖြစ်ထွန်းလှ၏။ သူ၏ အဘိုးနှင့် အဒေါ်ဖြစ်သူတို့ကို တွေ့ဆုံရန် အခွင့်အရေး ရခဲ့ပြီး 'သွေးနတ်မျက်ရည်' ကို လက်ဆောင်ပေးနိုင်ခဲ့ရုံသာမက ဘိုးဘေးကြီး ကိုယ်တိုင် ရေးသားထားသော ကူကောင် သန့်စင်ခြင်း မှတ်စုများကိုလည်း ရရှိခဲ့သည် မဟုတ်ပါလော။ ပို၍ အရေးကြီးသည်မှာ အင်မော်တယ် လျှို့ဝှက်နယ်မြေ သို့နောက်တစ်ကြိမ် ဝင်ရောက်ခွင့် ရရှိခဲ့ခြင်း ပါပင်။ ယခုအခါ သူ၏ ကျင့်ကြံမှု နယ်ပယ်များ အဆက်မပြတ် တိုးတက်လာသည်နှင့်အမျှ လီယွမ်ကို အမှန်တကယ် အကျိုးပြုနိုင်မည့် ရတနာ အရေအတွက်မှာ ပို၍ပို၍ နည်းပါးလာခဲ့ချေပြီ။ ထို့ကြောင့် အင်မော်တယ် လျှို့ဝှက်နယ်မြေ မှာ သူ မဖြစ်မနေ သွားရောက်ရမည့်နေရာတစ်ခု ဖြစ်၏။ ပြီးတော့ ရည်မှန်းချက် တစ်ခုတည်းသာ ရှိ၏။
ဤခရီးစဉ်က အဆင့်ရှစ် ကျင့်ကြံခြင်း နယ်ပယ်ဆီသို့ သေချာပေါက် ရောက်ရှိစေလိမ့်မည်။ အဆင့်ရှစ် နယ်ပယ်သို့ ရောက်ရှိသွားသည်နှင့် ဆန်းကြယ်ပုံရိပ်ကူ ၏ မွေးရာပါ စွမ်းရည်ဖြစ်သော 'ဆန်းကြယ် နယ်မြေ' ကို ပိုမို ဖွံ့ဖြိုးလာအောင် ပြုလုပ်နိုင်မည်ဟု လီယွမ် အပြည့်အဝ ယုံကြည်နေ၏။ ကူအိမ်တော် သုံးခု၏ ကောင်းကင်ဖြစ်စဉ် စွမ်းအားများ နှင့် ဓားနတ်သမီး တို့ ပေါင်းစပ်လိုက်ပါက သူတော်စင် တစ်ပါးနှင့် ထိပ်တိုက် တွေ့လျှင်ပင် သူ ကြောက်ရွံ့နေမည် မဟုတ်တော့ချေ။
“အခွင့်အရေးက တစ်ခါတည်းပဲ ရှိတာမို့ လုံးဝ ပြီးပြည့်စုံအောင် ပြင်ဆင်ထားမှ ဖြစ်မယ်...”
လီယွမ်က အသက်ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်ပြီး သူ၏ ရွေးချယ်မှုများကို သေချာစွာ စတင် စဉ်းစားလေတော့သည်။ ကူအင်မော်တယ် လျှို့ဝှက်နယ်မြေ သည် လူသားများ ဖန်တီးထားသော နိမ္ဗာန် ဘုံတစ်ခုဖြစ်ပြီး ကူသခင် မျိုးဆက်၏ အခြေခံ အုတ်မြစ်ကြီး ပင်။ ကူအင်မော်တယ် ၏ ဆန္ဒက မည်သူ့ကိုမျှ ၎င်းအား ကိုယ်ကျိုးအတွက် အလွဲသုံးစား ပြုလုပ်ရန် ခွင့်ပြုမည် မဟုတ်ပါချေ။ အကယ်၍ သူက ကူအင်မော်တယ် ၏ ဆန္ဒထံမှ အသိအမှတ်ပြုမှုကို ရရှိခဲ့လျှင်ပင် ထိုအထဲမှ သူ ရယူနိုင်မည့် အရင်းအမြစ်များမှာ အကန့်အသတ် ရှိနေဦးမည်သာ ဖြစ်၏။ ထို့ကြောင့် ထိုအကန့်အသတ် အတွင်းမှ အရင်းအမြစ်များကို အထိရောက်ဆုံး အသုံးချနိုင်ရန် သူ လုပ်ဆောင်ရမည် ပင်။ ကူကောင်များကို သန့်စင်ရန်အတွက် ရှင်းလင်း ပြတ်သားသော ဗျူဟာ တစ်ခုတော့ မဖြစ်မနေ ရှိရပေမည်။
ဤအခြေအနေတွင် ဘိုးဘေးကြီး၏ ကူကောင် သန့်စင်ခြင်း မှတ်စုများက သူ့ကို ပေးစွမ်းနိုင်မည့် အကူအညီများမှာ စိတ်ကူးနှင့်ပင် မှန်းဆ၍ မရနိုင်လောက်အောင် ကြီးမားလှ၏။ ထို့ကြောင့် ကူအင်မော်တယ် လျှို့ဝှက်နယ်မြေ သို့ မဝင်ရောက်မီ ထိုမှတ်စု စာအုပ် ခုနစ်အုပ်လုံးကို သူ အပြည့်အဝ နားလည် သဘောပေါက်အောင် ဖတ်ရှုပြီး ၎င်းတို့၏ လျှို့ဝှက်ချက်များကို ခေါင်းထဲတွင် စွဲမြဲနေအောင် မှတ်သားထားရန် လိုအပ်၏။
“စလိုက်ကြစို့...”
ထိုသို့ တွေးတောရင်း လီယွမ်သည် လျှို့ဝှက်နေရာလေး အတွင်းသို့ ဝင်ရောက်သွားကာ လုံးဝ စူးစိုက်နှစ်မြှုပ်ထားသော ကူကျင့်ကြံခြင်းကို စတင်လိုက်တော့သည်။
…
နယ်စပ်ဒေသ တွင်ကား... သိုင်းတာအို နှင့် ကူလမ်းစဉ် တို့ကြားမှ ပဋိပက္ခများ ငြိမ်သက်သွားပြီးနောက် တာ့ယန် အင်ပါယာ နှင့် နတ်ဆိုးနယ်မြေ တို့ကြားမှ စစ်ပွဲက နယ်စပ်ဒေသ၏ အဓိက အကြောင်းအရာ အဖြစ် ဆက်လက် တည်ရှိနေဆဲပင်။
နယ်စပ်တွင် ရှေ့သို့ ချီတက်မှုများ ထိခိုက်ခဲ့ရသော်လည်း ယေဘုယျ အခြေအနေမှာမူ ကြီးမားသော အောင်ပွဲများဆီသို့ ဦးတည်နေဆဲ ပင်။ တောင်ပိုင်းနယ်စပ် စစ်ဆေးရေးမှူး ရှောင်ချင်အာ၊ နိုင်ငံတော်၏ စစ်သူကြီးချုပ် ပိုင်ချန် နှင့် ညဇီးကွက် အစောင့်တပ်မှ တပ်မှူး အသီးသီးတို့၏ ပူးပေါင်း တိုက်ခိုက်မှုများကြောင့် နယ်စပ် တစ်လျှောက် လီ (၈၀၀) အထိ ရှေ့သို့ ချီတက်နိုင်ခဲ့သည်ဟူသော ရည်မှန်းချက်ကို အောင်မြင်စွာ အကောင်အထည် ဖော်နိုင်ခဲ့၏။ ဒုတိယအကြိမ် နယ်စပ်စစ်ပွဲ မှာ တာ့ယန် တို့၏ အပြတ်အသတ် အောင်ပွဲဖြင့် အဆုံးသတ်သွားခဲ့ချေပြီ။ မြောက်များစွာသော စစ်သည်တော်များက အောင်ပွဲခံ အော်ဟစ်လိုက်ကြသည်။
မကြာမီမှာပင် စစ်သူကြီးချုပ် ပိုင်ချန် ၏ ဦးဆောင်မှုအောက်တွင် အနောက်တောင်ပိုင်း နယ်စပ်ဒေသကြီး နှစ်ခုလုံးမှ စစ်သူကြီးများသည် တတိယအကြိမ် နယ်စပ်စစ်ပွဲ အတွက် စတင် အကွက်ချ စီစဉ်နေကြတော့သည်။ ဤစစ်ပွဲကား အခက်ခဲဆုံးသော စစ်ပွဲ တစ်ပွဲ ဖြစ်လာပေလိမ့်မည်။ အရေးအကြီးဆုံးသော စစ်ပွဲ တစ်ပွဲလည်း ဖြစ်၏။ တစ်ကြိမ် အနိုင်ရလိုက်သည်နှင့် တာ့ယန် ၏ ကျဆုံးသွားသော မြို့များ အားလုံးကို ပြန်လည် သိမ်းပိုက်နိုင်မည်ဖြစ်ပြီး ပြီးပြည့်စုံသော နယ်စပ် ကာကွယ်ရေးကိုလည်း ပြန်လည် တည်ဆောက်နိုင်မည် ပင်။
“အားလုံးပဲ... ယခုလေးတင် နတ်ဆိုးနယ်မြေ ထဲက ငါတို့ရဲ့ သူလျှိုတွေဆီက သတင်း ရလိုက်တယ်... ရှန်းဟိုင်ကွမ် မှာ နတ်ဆိုး အမြောက်အမြား စုရုံးနေကြပြီ တဲ့...”
ရှန်းဟိုင်ကွမ် သည် လောက၏ ပထမဆုံးသော တံခါးပေါက်ကြီး အဖြစ် လူသိများသည်။
အနောက်တောင်ပိုင်း နယ်စပ်ဒေသကြီး နှစ်ခု ဆုံရာ လမ်းဆုံတွင် တည်ရှိသော ထိုနေရာမှာ ရှေးယခင် ကတည်းက စစ်ရေးဗျူဟာ အရ အလွန် အရေးပါသောနေရာတစ်ခု ဖြစ်ခဲ့ပြီး စစ်ဗျူဟာမှူးများက အလုအယက် သိမ်းပိုက်လိုကြသောနေရာတစ်ခုလည်း ဖြစ်၏။
သမိုင်းတစ်လျှောက်တွင် မြောက်များစွာသော သူရဲကောင်း များစွာသည် ရှန်းဟိုင်ကွမ် တံခါးပေါက် တွင် အသက်စွန့်ခဲ့ကြရသည် မဟုတ်ပါလော။
“ဒီ တန်ပြန် တိုက်ခိုက်မှုမှာ ငါတို့ တာ့ယန် က နှစ်ပွဲဆက်တိုက် အနိုင်ရခဲ့ပြီး နယ်စပ်မြို့တွေ အများကြီးကို ပြန်လည် သိမ်းပိုက်နိုင်ခဲ့ပေမဲ့... ဒါက ဘာကြောင့်လဲ ဆိုတဲ့ အရေးကြီးတဲ့ အကြောင်းရင်းကို အားလုံး သိကြလိမ့်မယ်လို့ ငါ ယုံကြည်တယ်...”
“အဲဒါက နတ်ဆိုး တပ်မကြီး အများစုဟာ ရှန်းဟိုင်ကွမ် ရဲ့ အပြင်ဘက်နဲ့ အတွင်းဘက်မှာ အခိုင်အမာ တပ်စွဲထားကြလို့ပဲ...”
“အရင် တိုက်ပွဲကြီး နှစ်ပွဲက ပွင့်ပွင့်လင်းလင်း ပြောရရင် ငါတို့ တာ့ယန် ကို နတ်ဆိုးတွေက စမ်းသပ်လိုက်ရုံ သက်သက်ပဲ... အခုတော့ တာ့ယန် ရဲ့ ထက်မြက်မှုနဲ့ ငါတို့ရဲ့ ရည်မှန်းချက်တွေကို သူတို့ မြင်တွေ့သွားကြပြီ...”
“ဒီ တိုက်ပွဲမှာ နတ်ဆိုးတွေကနောက်ဆုတ်မှာ မဟုတ်ဘဲ အစွမ်းကုန် တိုက်ခိုက်ကြလိမ့်မယ်... ဒါဟာ သမိုင်းမှာ တစ်ခါမှ မကြုံဖူးလောက်အောင် ပြင်းထန်ပြီး သွေးထွက်သံယို များမယ့် တိုက်ပွဲကြီး တစ်ပွဲ ဖြစ်လာမှာ...”
ဤ အစည်းအဝေးတွင် ထိုင်နေကြသူများ အားလုံးမှာ သက်ဆိုင်ရာ ဒေသအသီးသီးမှ စစ်သူကြီးများချည်းသာ ဖြစ်ကြသည်။ သူတို့ကို နှစ်သိမ့်ပေးနေစရာ မလိုပါချေ။ ပိုင်ချန် သည် အလွန် လေးနက်သော မျက်နှာထားဖြင့် ပြောဆိုလိုက်၏။ အမှန်တရားကို ဖွင့်ချပြလိုက်ခြင်းက အရပ်မျက်နှာ အသီးသီးမှ ခေါင်းဆောင်များကို သွေးစွန်းသော တိုက်ပွဲကြီး တစ်ပွဲအတွက် ကြိုတင် ပြင်ဆင်ထားနိုင်စေပြီး အဆိုးရွားဆုံး အခြေအနေ အတွက် အစီအစဉ်များ ချမှတ်ထားနိုင်စေမည် ပင်။
...
မြို့ငယ်လေး တစ်မြို့ အတွင်း၌ ဖြစ်၏။ ကျန်းဟူ သူရဲကောင်း တစ်ဦးအဖြစ် ရုပ်ဖျက်ထားသော မုရုံစု သည် အရက်သောက်ရင်း သူ၏ လက်အောက်ငယ်သား အိုးရန်ရှန်း နှင့် စကားစမြည် ပြောဆိုနေသည်။
“သခင်လေး... ချီလင် နဲ့ လီယွမ် က ဆက်စပ်နေတယ်လို့ ထင်လား... သူတို့ နှစ်ယောက်က လူတစ်ယောက်တည်းများ ဖြစ်နေမလား...” အိုးရန်ရှန်း က မေးလိုက်၏။
“ငါလည်း မသိဘူး...”
မုရုံစု က ခေါင်းခါယမ်းလိုက်သည်။ ထိုနေ့က ကျူးယန်တံခါးဝ တွင် တာအို နှစ်ခုကြားမှ တိုက်ပွဲကို သွားရောက် ကြည့်ရှုရန် သူ မသွားခဲ့ပါချေ။
“ကျွန်တော်လည်း အဲဒီလို မထင်ပါဘူး...” အိုးရန်ရှန်း က ဆက်ပြောလိုက်သည်။
“အဲဒီနေ့က ကျူးယန်တံခါးဝ ကို အင်အားကြီး ပုဂ္ဂိုလ်တွေ အများကြီးလာခဲ့ကြတယ်... ပြီးပြည့်စုံခြင်း အဆင့် ပညာရှင်တွေလည်း ပါသလို နေလမင်းဂိုဏ်းချုပ် ကိုယ်တိုင်တောင်လာခဲ့တာလေ... အကယ်၍ ချီလင် သာ ရုပ်ဖျက်ထားတာ ဆိုရင် သူတို့ထဲက တစ်ယောက်ယောက်ကတော့ သေချာပေါက် ရိပ်မိမှာပါ...”
“သူသာ မဟုတ်ရင် အကောင်းဆုံးပဲ...”
မုရုံစု ၏ မျက်လုံးများထဲတွင် အေးစက်သော အလင်းတန်း တစ်ခု ဖြတ်ပြေးသွား၏။
“သူက ချီလင် ပဲ ဖြစ်ဖြစ်၊ လီယွမ် ပဲ ဖြစ်ဖြစ်.. သေရမှာပဲ...”
သိုင်းသူတော်စင်ကြီး ၏ လုပ်ကြံမှု ကျရှုံးသွားခြင်းက လီယွမ် အပေါ် သူ၏ နာကြည်းချက်များကို ပိုမို နက်ရှိုင်းသွားစေပြီး အစပိုင်းက အလိုလို မနှစ်မြို့မှုထက်ပင် များစွာ ကျော်လွန်သွားခဲ့ချေပြီ။ ယခုအချိန်မှ စတင်၍ လီယွမ် သေလျှင်သေ... မသေလျှင် မုရုံစု သေရမည်သာပင်။ တတိယမြောက် ရွေးချယ်စရာ လမ်းဆိုသည်မှာ လုံးဝ မရှိတော့ပါချေ။
“သခင်လေး ကြီးမားတဲ့ အောင်မြင်မှုတွေ ရပြီးတဲ့ အချိန်ကျမှ လီယွမ် ကို သတ်လည်းနောက်ကျမှာ မဟုတ်ပါဘူး... အခု လောလောဆယ်တော့ နယ်စပ် အတွက် အစီအစဉ်ဆွဲဖို့က ပိုပြီး အရေးကြီးပါတယ်...”
“ကျွန်တော်တို့ရဲ့ လွှမ်းမိုးမှု အောက်မှာ နတ်ဆိုး နှိမ်နင်းရေး မဟာမိတ်အဖွဲ့ နဲ့ နန်းတွင်း ကြားက ပဋိပက္ခ တွေက တစ်နေ့တခြား ပိုပိုပြီး ပြင်းထန်လာနေပါပြီ...”
အိုးရန်ရှန်း က ခနဲ့တဲ့တဲ့ ပြုံးရင်း ဆက်လက် တင်ပြလာသည်။
“နတ်ဆိုးနယ်မြေ က သတင်းတွေ အရဆိုရင် နတ်ဆိုးနယ်မြေ ရဲ့ သားတော် ကိုးပါးစလုံး က ရှန်းဟိုင်ကွမ် တိုက်ပွဲမှာ ပါဝင်လာကြလိမ့်မယ် တဲ့...”
“အဲဒီ အချိန်ကျရင်...”
“အရေးအကြီးဆုံး အချိန်လေးမှာ ငါတို့ကသာ ပြင်းပြင်းထန်ထန် တိုက်ခိုက်လိုက်မယ် ဆိုရင်... ပြိုကျလုနီးပါး ဖြစ်နေတဲ့ တာ့ယန် အင်ပါယာ ကြီးက သေချာပေါက် ပြင်းထန်တဲ့ တုံ့ပြန်မှု တွေကို ခံစားရမှာပဲ...”