ဧကရာဇ်မှ သိုင်းလောကကို ဖိနှိပ်စိုးမိုးခြင်း
Vol. 17 Ch. 190
အလယ်ပိုင်းလွင်ပြင်.. ပိုင်လျန်ဂိုဏ်း။
သိုင်းလောကတွင် နှစ်ပေါင်းများစွာ မားမားမတ်မတ် ရပ်တည်လာခဲ့သော ဤဂိုဏ်းသည် သိုင်းလောကတစ်ခုလုံးရှိ လက်နက်သွန်းလုပ်ခြင်း လုပ်ငန်းတစ်ဝက်တိတိကို ချုပ်ကိုင်ထားသော ဩဇာတိက္ကမကြီးမားသည့် အင်အားစုကြီးတစ်ခု ဖြစ်ပေ၏။
သို့သော် ယနေ့တွင်မူ ၎င်းတို့တစ်ဂိုဏ်းလုံးကို တုန်လှုပ်ချောက်ချားသွားစေမည့် ပုဂ္ဂိုလ်တစ်ဦး ရောက်ရှိလာခဲ့လေပြီ။
“ညဉ့်ဇီးကွက်ဘုရင်... ခင်ဗျား ဘာကိစ္စရှိလို့ ဒီကို ရောက်လာရတာလဲ”
ပိုင်လျန်ဂိုဏ်း၏ ဂိုဏ်းချုပ်သည် ထွားကျိုင်းသော ခန္ဓာကိုယ်နှင့် ကတုံးပြောင်ပြောင် ယောက်ျားကြီး တစ်ဦးဖြစ်ကာ ကျောပြင်ထက်တွင် ဧရာမ သံမဏိတူကြီး တစ်လက်ကို လွယ်ချိတ်ထားပြီး တောင်တန်းကြီး တစ်ခုပမာ ခန့်ညားထည်ဝါနေတော့သည်။
ဂိုဏ်းသားအားလုံးသည် တောင်တက်လှေကားထစ်များအတိုင်း တစ်ထစ်ချင်း တက်လှမ်းလာသော ထိုပုံရိပ်ကို အာရုံစူးစိုက်လိုက်ကြရင်း ကျောရိုးထဲမှ စိမ့်ခနဲ အေးစက်သွားကြတော့၏။
ထိုမြင်ကွင်းက သစ်ပင်တစ်ပင်၏ အရိပ်ပမာ
နှစ်ထောင်ပေါင်းများစွာ သိုင်းလောကကို ခြယ်လှယ်လာခဲ့ပြီး မြောက်များစွာသော သိုင်းသမားများ လေးစားခံရသည့် အင်အားကြီးဂိုဏ်းကြီး၏ ဩဇာအရှိန်အဝါသည် ယခုအခါ တောင်ပေါ်သို့ တက်လှမ်းလာသော ညဉ့်ဇီးကွက်ဘုရင်၏ အောက်တွင် လုံးလုံးလျားလျား ဖုံးလွှမ်းခံလိုက်ရလေပြီ။
[ဘာသာပြန်သူ၏ မှတ်စု - လူတစ်ယောက်၏ ဂုဏ်သတင်းသည် သစ်ပင်တစ်ပင်၏ အရိပ်ပမာ.. ဤသည်မှာ တရုတ်ဆိုရိုးစကားဖြစ်ပြီး လူတစ်ဦး၏ ကျော်ကြားသော နာမည်ဂုဏ်သတင်းက ၎င်း၏ ဩဇာလွှမ်းမိုးမှုကို ကိုယ်စားပြုကြောင်း တင်စားထားခြင်း ဖြစ်ပါသည်]
ညဉ့်ဇီးကွက်ဘုရင်ထံမှ အသက်ရှူမဝလောက်အောင် ပြည့်လျှံနေသော ဖိအားများ ထွက်ပေါ်နေကာ သူ၏ တည်ငြိမ်သော ခြေသံများက လူတိုင်း၏ နှလုံးသားပေါ်သို့ အားကုန်ခပ်ပြင်းပြင်း နင်းချေနေသကဲ့သို့ ခံစားရစေ၏။
“ညဉ့်ဇီးကွက်ဘုရင်... ဒီကို ဘာလာလုပ်တာလဲ”
ဂိုဏ်းချုပ်ဖြစ်သူက ထပ်မံ၍ မေးခွန်းထုတ်လိုက်ပြန်သည်။
အရင်တုန်းက နန်းတော်နှင့် ပိုင်လျန်ဂိုဏ်းတို့ကြား စီးပွားရေးကိစ္စများ ရှိလာသည့်အခါ ဤကဲ့သို့ ရုတ်တရက်ကြီး ရောက်မလာဘဲ ကြိုတင်အကြောင်းကြားကာ ရက်ရွေး၍သာ လာရောက်လေ့ရှိပေ၏။
ယခုမူ သူတို့ကို တမင်တကာ ဖိအားပေးရန် ရောက်လာခြင်းက သိသာလွန်းနေတော့သည်။
“ဂိုဏ်းချုပ်ထျဲ့”
ညဉ့်ဇီးကွက်ဘုရင် နှုတ်မှ အသံထွက်ပေါ်လာချိန်တွင် သူက တောင်ထိပ်ပေါ်သို့ ခြေချမိနေပြီဖြစ်ကာ ဂိုဏ်းချုပ် ထျဲ့လန်ရှန်း၏ ဘေးတွင် ရပ်နေပြီပင်။
“ပိုင်လျန်ဂိုဏ်းကို နန်းတော်ကိုယ်စား ကျေးဇူးတင်စကား လာပြောတာပါ”
“အို”
ထျဲ့လန်ရှန်းက အေးတိအေးစက် တုံ့ပြန်လိုက်၏။
“ခင်ဗျားရဲ့ စေတနာကို လက်ခံပေမဲ့ ခင်ဗျားပြောမယ့်စကားတွေကိုတော့ ပြန်ရုပ်သိမ်းသွားပါ”
ညဉ့်ဇီးကွက်ဘုရင်က ဒေါသထွက်မသွားဘဲ ဆက်လက်၍
“ခင်ဗျားတို့ဂိုဏ်းက မြောက်ပိုင်းရေခဲနယ်မြေက သံရိုင်းသတ္တုတွင်းတွေကို အမြဲတမ်း လိုချင်နေခဲ့တာ ကျုပ် သိတယ်”
“အဲဒီနေရာက ယင်းဘုရင်ရဲ့ နယ်မြေဖြစ်ခဲ့ဖူးတော့ ညဉ့်ဇီးကွက်တပ်ဖွဲ့က ဝင်ရောက်စွက်ဖက်ပိုင်ခွင့် မရှိခဲ့ဘူး”
“အခုတော့ ယင်းဘုရင်က ရာထူးကနေ နုတ်ထွက်သွားပြီမို့ မြောက်ပိုင်းရေခဲနယ်မြေက တော်ဝင်မိသားစုရဲ့ အုပ်ချုပ်မှုအောက်ကို ပြန်လည်ရောက်ရှိလာခဲ့ပြီ... ဒါပေမဲ့ နန်းတော်မှာ လက်မှုပညာရှင် အင်အားနည်းပါးလွန်းတော့ ဒီလောက်များပြားတဲ့ ရှားပါးသံမဏိရိုင်းတွေကို အချိန်တိုအတွင်း သွန်းလုပ်ဖို့ဆိုတာ ခက်ခဲလွန်းတယ်”
“ညဉ့်ဇီးကွက်တပ်ဖွဲ့ရဲ့ မြောက်ပိုင်းတပ်မှူး ဟွမ်လီ အကြံပြုချက်အရ ဒီလိုအရေးကြီးတဲ့ တာဝန်ကို ပိုင်လျန်ဂိုဏ်းကပဲ ထမ်းဆောင်နိုင်လိမ့်မယ်... ရှန်းဟိုင်ဂိတ်တံခါးတိုက်ပွဲက နီးကပ်လာပြီမို့ နန်းတော်အနေနဲ့ ခင်ဗျားတို့ဂိုဏ်းရဲ့ အကူအညီကို အရေးတကြီး လိုအပ်နေတယ်”
လောကတွင် အလကားရသော နေ့လယ်စာဟူသည် မရှိကြောင်း ထျဲ့လန်ရှန်းက အခိုင်အမာ ယုံကြည်ထားသလို ညဉ့်ဇီးကွက်တပ်ဖွဲ့ဆိုသည်မှာ မည်ကဲ့သို့သော အဖွဲ့အစည်းမျိုးဖြစ်ကြောင်းကိုလည်း သူက ကောင်းကောင်းကြီး သိထားပြီးသားပင်။
နဝမ ကူနန်းတော်နှင့် ပတ်သက်သည့် သတင်းများကို သူ အရင်က ကြားဖူးထား၏။
ဒုတိယနန်းဆောင်သခင် ယန်တျန် တစ်ယောက် အရှေ့ပိုင်း တောရိုင်းနယ်မြေထဲတွင် ပိတ်မိနေခြင်းမှာ ညဉ့်ဇီးကွက်တပ်ဖွဲ့၏ ယုတ်မာသော အကြံအစည်ကြောင့်ဆိုသည်က မြေကြီးလက်ခတ်မလွဲ သေချာလွန်းလှသည်။
ညဉ့်ဇီးကွက်ဘုရင်သည် အလွန်တရာကို မာနထောင်လွှားလွန်းနေလေပြီ။
ကျားနှစ်ကောင်ကို ကိုက်ခိုင်းသည့် ဗျူဟာဖြင့် နယ်စားပယ်စားများကို အင်အားဆုတ်ယုတ်သွားစေပြီးနောက် ယခုအခါ သိုင်းလောကကိုပါ သူတို့၏ မြင်းခွာများအောက်တွင် နင်းခြေတော့မည်လော။
“ဒီတောင်းဆိုချက်ကို လက်မခံနိုင်တဲ့အတွက် စိတ်မကောင်းပါဘူး”
ထျဲ့လန်ရှန်းက အံကြိတ်ကာ တင်းမာပြတ်သားစွာ ငြင်းဆန်လိုက်သည်။
“အို”
ညဉ့်ဇီးကွက်ဘုရင်က ခပ်ဖျော့ဖျော့ ပြုံးလိုက်ရင်း
“ပိုင်လျန်ဂိုဏ်းက... ဧကရာဇ်ရဲ့ အမိန့်ကို ဖီဆန်ချင်နေတာလား”
ထျဲ့လန်ရှန်း၏ တစ်ကိုယ်လုံးမှ ချွေးစေးများ ချက်ချင်း ပေါက်ထွက်လာတော့၏။
တောင်တံခါးဝတစ်ခုလုံး၏ လေထုက ချက်ချင်းပင် တင်းမာလာကာ ရန်လိုမှုများဖြင့် ပြည့်နှက်သွားတော့သည်။
ထိုအချိန်တွင် မြောက်များစွာသော လျှို့ဝှက်လက်နက်များနှင့် ဒူးလေးများအားလုံးက ညဉ့်ဇီးကွက်ဘုရင်ထံသို့ ချိန်ရွယ်ထားလိုက်ကြပြီဖြစ်ကာ ၎င်းတို့ လှုပ်ရှားလိုက်သည်နှင့် တစ်ပြိုင်နက် မြားမိုးများ ရွာကျလာပြီး သူ၏ ခန္ဓာကိုယ်ကို ဖောက်ထွင်းပစ်တော့မည် ဖြစ်သည်။
ညဉ့်ဇီးကွက်ဘုရင်ကမူ လက်နှစ်ဖက်ကို နောက်ပစ်ထားလျက် မတုန်မလှုပ် ရပ်နေဆဲပင်။
“ပိုင်လျန်ဂိုဏ်းဆိုတာ ထောင်ချောက်တွေ ယန္တရားတွေနဲ့ ပြည့်နှက်နေတဲ့ မြို့တော်တစ်ခုဖြစ်ပြီး တစ်ခုနဲ့တစ်ခု ဆက်စပ်နေတယ်လို့ ငါ ကြားဖူးထားတာ ကြာပြီ... အဲဒါတွေကိုသာ အသက်သွင်းလိုက်ရင် သနားညှာတာမှုကင်းမဲ့တဲ့ အသားကြိတ်စက်ကြီးတစ်ခု ဖြစ်လာလိမ့်မယ်တဲ့လား”
ညဉ့်ဇီးကွက်ဘုရင် စကားပြောအပြီးတွင်.. ကောင်းကင်ယံမှ လင်းယုန်ငှက်တစ်ကောင်၏ စူးရှသောအသံကြီး ဟိန်းထွက်လာတော့၏။
ကောင်းကင်ကြီးက လျင်မြန်စွာ မှောင်မိုက်သွားပြီး နေရောင်ခြည်ကို ငှက်အုပ်ကြီးများက ဖုံးကွယ်ပစ်လိုက်ကာ ဧရာမငှက်ကြီးများစွာ၏ အပေါ်တွင် အနက်ရောင်သံချပ်ကာဝတ်စုံ ဝတ်ဆင်ထားသော မျက်နှာဖုံးစွပ်လူများ ရပ်နေကြသည်။
လှောင်ပြောင်သရော်လိုက်သော အသံတစ်သံက ကောင်းကင်ထက်မှ ထွက်ပေါ်လာ၏။
“သမိုင်းတစ်လျှောက် ခေတ်အဆက်ဆက်မှာ သိုင်းလောကအင်အားစုတွေ အများကြီး ပေါ်ထွက်ခဲ့ပေမဲ့ အများစုကတော့ သမိုင်းရဲ့ ဖုန်မှုန့်တွေကြားမှာ ပျောက်ကွယ်သွားခဲ့ရတာချည်းပဲ”
“ယန္တရားမြို့တော်တဲ့လား... ဟက်... ဒီနေ့တော့ သံတိုသံစတွေကလွဲပြီး ဘာမှဖြစ်လာမှာမဟုတ်ဘူး”
ထိုသူက ကောင်းကင်ယံအထက်တွင် မားမားမတ်မတ် ရပ်နေကာ ပိုင်လျန်ဂိုဏ်းမှ လူများကို အထက်စီးမှနေ၍ မောက်မာစွာ စိုက်ကြည့်လိုက်သည်။
၎င်းမှာ ညဉ့်ဇီးကွက်တပ်ဖွဲ့၏ မြောက်ပိုင်းတပ်မှူး ဟွမ်လီ ပင်။
မြောက်ပိုင်းတပ်မှူး ဟွမ်လီ သည် မိန်းမကြမ်း တစ်ဦးဖြစ်ကာ ဆွဲဆောင်မှုအပြည့်ဖြင့် ဝတ်ဆင်ထား၏။ သူမ၏ ရှည်လျားသန်စွမ်းသော ခြေတံများကို ဂုဏ်ယူဝင့်ကြွားစွာ ရပ်တန့်ထားလျက် လက်ထဲတွင် တောက်ပသော အစိမ်းရောင်မိုးမခကိုင်းတစ်ခုကို ကိုင်ဆောင်ထားလေသည်။
“ညဉ့်ဇီးကွက်ဘုရင်... ခင်ဗျား... ခင်ဗျားတို့အားလုံး”
ထျဲ့လန်ရှန်း ဒေါသထွက်လွန်း၍ ပေါက်ကွဲမတတ် ဖြစ်နေသော်လည်း ဘာမှမတတ်နိုင်ပေ။
သူသာ လှုပ်ရှားလိုက်သည်နှင့် ဂိုဏ်းတစ်ခုလုံး ကြေမွပျက်စီးသွားတော့မည်။
ညဉ့်ဇီးကွက်တပ်ဖွဲ့က ကြိုတင်ပြင်ဆင်ထားပြီးဖြစ်ရာ ပိုင်လျန်ဂိုဏ်း၏ ဧရာမယန္တရားကြီးများက သူတို့ကို ခုခံနိုင်စွမ်း ရှိမည်မဟုတ်ချေ။
သို့တိုင် သူက လုံးဝ အရှုံးပေးမည် မဟုတ်။
'အဆိုးဆုံးကတော့ သွေးရဲရဲသံရဲရဲဖြစ်ပြီး သိုင်းလောကကို မုန်တိုင်းထန်သွားစေရုံပဲလေ...'
ယခုအခါ သိုင်းလောကမှ သူရဲကောင်းအားလုံး နယ်စပ်တွင် ရောက်ရှိနေကြ၏။
ပိုင်လျန်ဂိုဏ်းသာ ဖျက်ဆီးခံလိုက်ရပါက နယ်စပ်ရှိ သိုင်းသူရဲကောင်းများ၏ နှလုံးသားကို အေးစက်သွားစေလိမ့်မည်။
ရှန်းဟိုင်ဂိတ်တံခါး တိုက်ပွဲက နီးကပ်နေချိန်တွင် ညဉ့်ဇီးကွက်ဘုရင်က ဤကဲ့သို့သော လုပ်ရပ်မျိုးကို တကယ်ရဲရဲဝံ့ဝံ့ လုပ်ရဲလိမ့်မည်ဟု သူ မယုံကြည်နိုင်သေးချေ။
“ဂိုဏ်းချုပ်ထျဲ့”
ထိုအချိန်တွင် ပိုင်လျန်ဂိုဏ်း၏ အတွင်းပိုင်းမှ အိုမင်းရင့်ရော်နေသော အသံတစ်သံ ထွက်ပေါ်လာတော့သည်။
“မဟာ အကြီးအကဲ”
ဂိုဏ်းသားအားလုံး မှင်တက်သွားကြပြီး ထိုအရပ်ဆီသို့ အာရုံစူးစိုက်လိုက်ကြ၏။
အဘိုးအိုတစ်ဦးသည် လေထဲမှနေ၍ ခြေလှမ်းအနည်းငယ်မျှဖြင့် တောင်တံခါးဆီသို့ ရောက်ရှိလာသည်ကို မြင်တွေ့လိုက်ရလေသည်။
“ကျုပ်က နာ့လန်ဟော့ပါ... ညဉ့်ဇီးကွက်ဘုရင်နဲ့ တွေ့ဆုံခွင့်ရတာ ဝမ်းသာပါတယ်”
ပိုင်လျန်ဂိုဏ်း၏ အကြီးအကဲအများစုမှာ ပန်းပဲဆရာများ ဖြစ်ကြရာ အသက်အရွယ် ကြီးရင့်နေပြီဖြစ်သော်လည်း သန်စွမ်းကြံ့ခိုင်နေဆဲဖြစ်ပြီး ထူးခြားသော ဩဇာအရှိန်အဝါတစ်ရပ်ကို ပိုင်ဆိုင်ထားကြ၏။
ထျဲ့လန်ရှန်း တစ်ခုခုပြောရန် ဟန်ပြင်လိုက်စဉ်မှာပင် နာ့လန်ဟော့က သူ့အား တားဆီးရန် လက်ကာပြလိုက်ရင်း ရယ်မောကာ နှုတ်ဆက်လိုက်သည်။
“ရှန်းဟိုင်ဂိတ်တံခါး တိုက်ပွဲက တာ့ယန် အင်ပါယာရဲ့ နယ်မြေနဲ့ လူသားမျိုးနွယ်အတွက် အလွန်အရေးကြီးတဲ့ ကိစ္စရပ်တစ်ခုပဲ... သိုင်းလောကရဲ့ ခေါင်းဆောင်တစ်ဦးအနေနဲ့ ပိုင်လျန်ဂိုဏ်းကလည်း တာဝန်ကျေပွန်သင့်ပါတယ်”
“နန်းတော်က မြောက်ပိုင်းရေခဲနယ်မြေက ရှားပါးသံရိုင်းသတ္တုတွေကို ပိုင်လျန်ဂိုဏ်းကို ပေးအပ်ချင်တယ်ဆိုတော့ ကျုပ်တို့ဂိုဏ်းကလည်း အဲဒီယုံကြည်မှုကို သေချာပေါက် အသက်သွင်းပေးမှာပါ”
“ဂိုဏ်းကိုယ်စား ဒီကိစ္စကို ကျုပ် တာဝန်ယူပါ့မယ်... မြောက်ပိုင်းရေခဲနယ်မြေက သံသတ္တုတွင်းတွေကို စောင့်ရှောက်ဖို့လည်း ကျုပ်ပဲ တာဝန်ယူပါ့မယ်... ညဉ့်ဇီးကွက်ဘုရင် ကျေနပ်နိုင်မလား မသိဘူး”
နာ့လန်ဟော့သည် ပိုင်လျန်ဂိုဏ်း၏ မဟာအကြီးအကဲ တစ်ဦးအနေဖြင့် အမြင့်ဆုံးသော သန့်စင်သူတော်စင်အဆင့် သို့ ရောက်ရှိနေသည့် ကျင့်စဉ်အဆင့်ကိုလည်း ပိုင်ဆိုင်ထားသူ ဖြစ်ပေသည်။
ညဉ့်ဇီးကွက်ဘုရင်က ခပ်ဖျော့ဖျော့ ပြုံးလိုက်ကာ
“အကြီးအကဲနာလန်က ဒီလိုဆန္ဒရှိတာကို ကြားရတော့ ငါ အရမ်းဝမ်းသာမိတယ်... ဒါဆို နန်းတော်နဲ့ နယ်စပ်က စစ်သည်တွေကိုယ်စား ပိုင်လျန်ဂိုဏ်းကို ကျေးဇူးတင်ပါတယ်”
သိပ်မကြာမီမှာပင် ညဉ့်ဇီးကွက်ဘုရင် ထွက်ခွာသွားသလို ညဉ့်ဇီးကွက်တပ်ဖွဲ့ဝင်အားလုံးလည်း ပြန်လည်ဆုတ်ခွာသွားကြတော့၏။
“ဒါက တော်တော်ကို လွန်လွန်းနေပြီ” ထျဲ့လန်ရှန်းက လက်သီးများကို တင်းတင်းဆုပ်ထားလိုက်ကာ
“မဟာအကြီးအကဲ... ခင်ဗျား ဘာလို့ သူတို့ကို ပြန်မတိုက်ရတာလဲ”
“ငါတို့ နိုင်မှာမဟုတ်ဘူး”
နာ့လန်ဟော့က သက်ပြင်းချလိုက်ရင်း
“ရှေးခေတ်ကတည်းက နန်းတော်က ရန်သူတွေကို ဖိနှိပ်စိုးမိုးလာခဲ့တာ... ငါတို့က ရေစုန်မျောလိုက်ရုံပဲ တတ်နိုင်မှာပေါ့... ဒါ့အပြင် မြောက်ပိုင်းရေခဲနယ်မြေက သံရိုင်းတွေကလည်း ငါတို့ဂိုဏ်းအတွက် တကယ်ကို အသုံးဝင်တဲ့ အရာတွေပဲလေ”
“ဒါကို အပေးအယူတစ်ခုအနေနဲ့ သဘောထားလိုက်ပါ... နဝမ ကူနန်းတော်တောင် အလျှော့ပေးခဲ့ရတာ မဟုတ်ဘူးလား”
“နောက်ရက်အနည်းငယ်နေရင် မြောက်ပိုင်းရေခဲနယ်မြေကို သွားဖို့ ငါ အဖွဲ့တစ်ဖွဲ့ကို ဦးဆောင်သွားမယ်... မင်းကတော့ ဂိုဏ်းမှာပဲ နေရစ်ခဲ့ပါ... ဘာပဲလုပ်လုပ် နှစ်ခါပြန်တွေးဖို့ မမေ့နဲ့... ပြီးတော့ ဘယ်အချိန်မှာ နှိမ့်ချရမလဲဆိုတာကိုလည်း သိထားပါ”
..
ခွန်လွန်တောင်။
လှောင်ချိုင့်တွင်းမှ ငှက်ငယ်လေးပမာ လူငယ်လေးသည် တောင်တန်းများပေါ်တွင် နေ့စဉ်ရက်ဆက် သိုင်းကွက်များကို လေ့ကျင့်နေကာ ညဉ့်ဇီးကွက်ဘုရင် သင်ကြားပေးခဲ့သော နက်နဲလှသည့် လျှို့ဝှက်သိုင်းကျမ်းများကို လေ့လာသင်ယူနေလေသည်။
“ဟင်...”
သူက ရုတ်တရက် မျက်မှောင်ကြုတ်လိုက်ပြီး သူ၏ မျက်လုံးများမှ ရွှေရောင်အလင်းတန်းများ ဖြာထွက်လာကာ ခမ်းနားထည်ဝါသော တောင်တန်းကြီးများကို စူးစူးရဲရဲ စိုက်ကြည့်လိုက်တော့သည်။
“မဟာတာ့ယန် ကံကြမ္မာ က ထပ်ပြီး လှုပ်ရှားလာပြန်ပြီလား”
မဟာတာ့ယန် နဂါးကြော ကို ပိတ်ဆို့ထားသည့် သံကြိုးရှစ်ချောင်းက လေထဲတွင် လွင့်မျောလာ၏။
လွန်ခဲ့သော ရက်အနည်းငယ်က အရှေ့မြောက်အရပ်ရှိ သံကြိုးများသည် ပြတ်တောက်သွားမည့် လက္ခဏာများကို ပြသနေသည်ကို သူ သတိထားမိခဲ့ရာ ယင်းဘုရင် ဖုန်းလီ သည် သမိုင်းထဲတွင် ပျောက်ကွယ်သွားပြီဟု သူ့ကို ကောက်ချက်ချမိစေခဲ့သည်။
ထင်ထားသည့်အတိုင်းပင် ဖြစ်လာခဲ့ချေပြီ။
တစ်စုံတစ်ယောက်က အရှေ့မြောက်ဘက် နေရာကို သိမ်းပိုက်လိုက်ပြီး ထိုသံကြိုးကို ခိုင်မာစေခဲ့သော်လည်း ၎င်းမှာ ကြားခံတစ်ခုမျှသာ ဖြစ်ပေသည်။
အဆုံးသတ်တွင်မူ သူသာလျှင် အဆိုးရွားဆုံး ဝန်ထုပ်ဝန်ပိုးကို ထမ်းရွက်ရမည့် လှောင်ချိုင့်တွင်းမှ ငှက်ငယ်လေးပင် ဖြစ်တော့၏။
တစ်နေ့တွင် မတူညီသော မျိုးရိုးအမည်များရှိသည့် ဘုရင်ငါးပါးစလုံးသည် အတိတ်၏ အစိတ်အပိုင်းတစ်ခု ဖြစ်လာကြပေလိမ့်မည်။
ညဉ့်ဇီးကွက်ဘုရင်၏ အဆုံးစွန်သော ပန်းတိုင်မှာ အောင်မြင်သွားမည်ဖြစ်ပြီး မဟာတာ့ယန် ကံကြမ္မာ ပေါင်းစည်းသွားကာ အစစ်အမှန် မင်းသားငယ်လေး၏ ပြန်လည်ရောက်ရှိလာမှုကလည်း သိပ်ဝေးတော့မည် မဟုတ်ချေ။
စာကလေးတစ်ကောင်က စစ်မှန်တဲ့ နဂါးတစ်ကောင်ကို အနိုင်ယူနိုင်ပါ့မလား...
လူငယ်လေးက မိမိကိုယ်ကိုယ် နှိမ့်ချကာ ခနဲ့တဲ့တဲ့ ရယ်မောလိုက်ပြီး လက်သီးကို ဆက်လက်ဝှေ့ယမ်းနေလိုက်သည်။
'သူ့ရည်ရွယ်ချက်က ဘာပဲဖြစ်ဖြစ် လောကကြီးကိုသာ တိုက်ခိုက်ပါစေလေ... ငါကတော့ သူ့အတွက် လုံလောက်တာထက်ကို ပိုလုပ်ပေးခဲ့ပြီးပြီပဲ... ဘာပဲဖြစ်ဖြစ် သူ့ကိုတော့ ငါ ဆော်ပစ်ရမှ ကျေနပ်မယ်...'
လူငယ်လေးသည် ခွန်လွန်တောင်ပေါ်ရှိ ဘဝနှင့် အသားကျနေပြီ ဖြစ်လေသည်။
သူက သူ၏ မိခင်သင်္ချိုင်းကို စောင့်ရှောက်ရင်း သူချစ်ရသော ကောင်မလေး အိမ်ထောင်ကျကာ ကလေးများမွေးဖွားပြီး ပျော်ရွှင်ပြည့်စုံသော ဘဝကို ဖြတ်သန်းနေသည်ကို စောင့်ကြည့်ကာ ရွာသားများက ညဉ့်ဇီးကွက်တပ်ဖွဲ့ကို ကျိန်ဆဲနေကြသည်ကို ရံဖန်ရံခါ ကြားရတတ်သည်။
ဒီလိုဘဝမျိုးက အရမ်းကို..
“ချီးပဲ...”
လူငယ်လေးက ဒေါသများ တဟုန်းဟုန်း ထွက်လာပြီး စိတ်ထဲမှ တွေးလိုက်သည်။
'မင်း ပြန်မလာတာပဲ ကောင်းမယ်...'