အင်မော်တယ် နှိပ်နယ်မှု
Vol. 17 Ch. 191
နယ်စပ်ဒေသ။
မြောက်ပိုင်း ရေခဲ နယ်မြေရှိ မျိုးနွယ်စုများ၏ စခန်းချရာနေရာတစ်ခု။
ချီလင်ဘုရင် အန်းထိုယွမ် နှင့် ကံကြမ္မာ အငယ်စား သခင်မလေး အန်းမူယောင် တို့သည် အေးစက်သော အငွေ့အသက်များ ထွက်ပေါ်နေသည့် ကျောက်စိမ်းတုံးလေး တစ်ခုဘေးတွင် ထိုင်နေကြပြီး ရှောင်လင်းအာ ငယ်စဉ်က ပျော်စရာ ကောင်းသော ဇာတ်လမ်းလေးများကို ထပ်တလဲလဲ ပြောဆိုနေကြ၏။
အသေးစိတ် အချက်အလက် အသစ်လေး တစ်ခု ရှာတွေ့ရုံဖြင့်ပင် သူတို့ကို အချိန်အကြာကြီး ပျော်ရွှင်သွားစေနိုင်၏။
အန်းမူယောင် ကတော့ အဆင်ပြေပါသည်။
တစ်နေ့နေ့ကျလျှင် ရှောင်လင်းအာ က ပိတ်လှောင်မှုတွေကို ဖောက်ထွက်ပြီး နေရောင်ခြည်ကို ပြန်လည် မြင်တွေ့နိုင်မည်... ပြီးတော့ အိမ်ကို ပွင့်ပွင့်လင်းလင်း ပြန်လာပြီး သူမနှင့် ပြန်လည် ဆုံတွေ့နိုင်မည် ဆိုတာကို သူမ အမြဲတမ်း ယုံကြည်နေခဲ့သည်လေ။သို့သော် ...အဖေ ကတော့ အချိန်အကြာကြီး ဆက်ပြီး မစောင့်နိုင်တော့ရှာ။
“နတ်ဆိုးရဲ့ သားတော် ကိုးပါးစလုံးက နယ်စပ်မှာ ပေါ်လာကြပြီလို့ ငါ ကြားတယ်...”
အန်းထိုယွမ် က မျက်လုံးများကို မှေးစင်းလျက် ပြောလိုက်သည်။
“ဟုတ်ပါတယ်...”
အန်းမူယောင် က ခေါင်းညိတ်လိုက်ပြီးပြောလိုက်၏။
“နတ်ဆိုး သားတော် ကိုးပါးစလုံး က အတော်လေး အစွမ်းထက်ကြပြီး အရမ်းလည်း မာနကြီးကြတယ်... တာ့ယန် က ပါရမီရှင် တွေ သူတို့နဲ့ အကြိမ်ကြိမ် တိုက်ခိုက်ခဲ့ကြပေမဲ့ အနိုင်ရတာထက် အရှုံးပေါ်တာက ပိုများနေတယ်...”
“ဒါ ငါတို့အတွက် အခွင့်အရေး ကောင်းပဲ...”
အန်းထိုယွမ် က ရယ်မောလိုက်သည်။
“နတ်ဆိုး သားတော် ကိုးပါးရဲ့နောက်ကွယ်မှာ အဆင့်ရှစ် ပြီးပြည့်စုံခြင်း နယ်ပယ်က အစောင့်အရှောက် တစ်ယောက်တော့ သေချာပေါက် ရှိမှာပဲ... လင်းအာ အတွက် လက်ဆောင်အဖြစ် သူတို့ထဲက တစ်ယောက်ယောက်ကို အမဲလိုက်ဖို့ ထောင်ချောက် ဆင်ရမယ်...”
အန်းမူယောင် ၏ ရင်ထဲတွင် လေးလံသွားပြီး လုံးဝ အကူအညီမဲ့ သွားသလို ခံစားလိုက်ရသည်။
သူမ၏ ဖခင် ကျန်းမာရေး အခြေအနေကို သူမ ကောင်းစွာ သိရှိထားပြီး နတ်ဘုရား၏ အပြစ်ပေးခြင်းက မည်မျှ ဆိုးရွားကြောင်းကိုလည်း သဘောပေါက်ထား၏။ ၎င်းမှာ ချီလင်ဘုရင် တိုင်း ဖြတ်သန်းရမည့် လုပ်ငန်းစဉ် တစ်ခုဖြစ်ပြီး ရှောင်လွှဲ၍ မရနိုင်ပါချေ။
“အဖေ... ဖြစ်နိုင်တာက... နည်းလမ်း ရှိသေးတယ်...”
“တော်ပြီ... အဲဒီ စကားတွေကို ငါ ကြားရတာ ငြီးငွေ့နေပြီ... ငါ မင်းနဲ့အတူ အချိန်အတော်ကြာနေခဲ့ပြီးပြီပဲ... တခြား ကမ္ဘာတစ်ခုကို သွားပြီး မူချိုး ကို အဖော်သွားလုပ်ပေးရမယ့် အချိန်ရောက်ပြီလေ...” အန်းထိုယွမ် က ခါးသီးစွာ ပြုံးလျက် ဆိုလိုက်၏။
အန်းမူယောင် က တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွားပြီး “အဖေ... ရှောင်လင်းအာ ပေးထားတဲ့ လက်ဆောင် ရှိသေးတယ် မဟုတ်လား... အဖေသာနောက်ထပ် ခြေတစ်လှမ်း ထပ်လှမ်းနိုင်မယ် ဆိုရင်... အရာအားလုံးကို အချိန်ဆွဲထားလို့ ရနိုင်ပါတယ်...”
“ဟားဟား...”
အန်းထိုယွမ် က ရယ်မောလိုက်ပြီး သက်ပြင်းချကာ..
“ရှောင်လင်းအာ သူ့ဘာသာသူ ကြီးပြင်းလာရတာ ကိုက အရမ်း ခက်ခဲနေပြီလေ... ပြီးတော့ သူက ကူလမ်းစဉ် က လူတစ်ယောက် ဖြစ်နေမှတော့ ငါ့ကို ဘယ်လိုလုပ် ကူညီနိုင်မှာလဲ... ဒါက နှလုံးသားကို နှစ်သိမ့်ပေးရုံ သက်သက်ပါပဲ...”
“ဒီ နှစ်သိမ့်မှုလေးနဲ့တင် ငါ ကျေနပ်နေပါပြီ... သေရမယ် ဆိုရင်တောင်နောင်တ မရှိတော့ဘူး...”
ရေခဲပြင် မျိုးနွယ်စု မှ ရတနာများစွာပင် သူ့အတွက် အသုံးမဝင်ခဲ့သည် မဟုတ်လား... ကံကြမ္မာကို ပြောင်းလဲရန် ဆိုသည်မှာ ထိုမျှ မရိုးရှင်းပါချေ။
“စမ်းကြည့်လိုက်ပါ အဖေရယ်...”
ရှောင်လင်းအာ ၏ ရတနာလေးတွင် ထူးခြားသော အဓိပ္ပာယ် တစ်ခု ရှိနေပြီး ဖခင်ဖြစ်သူအား ထူးခြားသော စိတ်အခြေအနေ တစ်ခုကို ပေးစွမ်းနိုင်မည်ဟု အန်းမူယောင် ယုံကြည်နေ၏။
ရတနာများ၏ အာနိသင်များက ဆင်တူနေလျှင်ပင်... မတူညီသော စိတ်ခံစားမှုများက လုံးဝ ကွဲပြားခြားနားသော ရလဒ်များကို ဖြစ်ပေါ်စေနိုင်သည် မဟုတ်ပါလော။
“သေချာပေါက် စမ်းကြည့်ရမှာပေါ့... ဒါ လင်းအာ ပေးတဲ့ ရင်တွင်းဖြစ် လက်ဆောင်ပဲဟာ...”
အန်းထိုယွမ် က ကျောက်စိမ်း ပုလင်းငယ်လေးကို ထုတ်ယူလိုက်ပြီး အဖုံးကို ဖွင့်လိုက်ရာ ပြင်းထန်သော သွေးနံ့များ ပျံ့လွင့်လာတော့၏။
ပုလင်း အတွင်း၌ ဇာစ်မြစ် .. အရင်းအမြစ် မရှိသော အရည်တစ်မျိုးက အဆက်မပြတ် စီးဆင်းနေပြီး အလွန် လျှို့ဝှက်ဆန်းကြယ်လှသည်။
တစ်ခါတစ်ရံတွင် သွေးများနှင့် တူနေပြီး တစ်ခါတစ်ရံတွင်မူ မျက်ရည်များနှင့် တူနေပြန်၏။
အန်းထိုယွမ် က အသက်ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်ပြီး ၎င်းကို မော့သောက်လိုက်တော့သည်။
“ဝုန်း…”
မျက်တောင်တစ်ခတ် အတွင်းမှာပင် သူ၏ စိတ်ထဲတွင် ဗလာကျင်းသွားတော့၏။
ရွှေရောင် အလင်းတန်းများ ဝင်းလက်သွားပြီး ကြိုးကြာငှက်များ ၏ အော်မြည်သံများကို ကြားလိုက်ရကာ... ရွှေရောင် ကလေးငယ်များ နှင့် ကျောက်စိမ်းရောင် အစေခံ မိန်းကလေးငယ်များ က ကောင်းချီးမင်္ဂလာ များကို ဆောင်ကြဉ်းလာပြီး မှေးမှိန်နေသော အင်မော်တယ် ပုံရိပ်တစ်ခုက ကောင်းကင်ယံ မှ ဆင်းသက်လာသည်။
“အင်မော်တယ်က ဦးခေါင်းကို လာနှိပ်ပေးသလိုပါပဲလား... ဒါ တကယ် ကြီး တည်ရှိနေတာပဲ...”
တစ်ချိန်က အစွမ်းထက်ခဲ့သော ချီလင်ဘုရင် မှာ အလွန်အမင်း တုန်လှုပ် သွားရသည်။
ဖြစ်နိုင်သည်မှာ... ဤအရာက သေးငယ်သော မေတ္တာ လက်ဆောင်လေး တစ်ခု သက်သက် မဟုတ်ဘဲ... သူ၏ ကံကြမ္မာကို ပြောင်းလဲပေးနိုင်မည့် အခွင့်အရေး တစ်ရပ် ဖြစ်နေနိုင်၏။
ဒါက လင်းအာ ယူဆောင်လာပေးသော... ဘဝသစ် တစ်ခုပင်။
...
အချိန်များက လျင်မြန်စွာ ကုန်လွန်သွားခဲ့လေပြီ။
တိတ်ဆိတ် ငြိမ်သက်သော ဝါးတော အတွင်း၌ ရက်ပေါင်းများစွာ လေ့လာပြီးနောက် လီယွမ် သည် ဘိုးဘေးကြီး ရေးသားခဲ့သော ကူကောင် သန့်စင်ခြင်း မှတ်စုများ ထဲမှ လျှို့ဝှက်ချက် အများစုကို အဆုံးစွန်ထိ ဖတ်ရှု နားလည် သဘောပေါက်သွားခဲ့ချေပြီ။
“တကယ့်ကို အံ့မခန်းပဲ...”
“ကမ္ဘာသစ် တစ်ခုကို ဖွင့်လှစ်လိုက်ရသလိုပဲ...”
အချက်အလက် မျက်နှာပြင် က မျက်စိရှေ့တွင် ပေါ်လာ၏။
( ကူသခင် : လီယွမ် )
( အနက်ရောင် အိုးကြီး (အဆင့်-၇ ၂၄၂၆/၈၀၀၀) )
( ရောင်စုံ အိုးကြီး : ၁၀၀၀ )
( နယ်ပယ် : အဆင့်-၇ )
( စိတ်စွမ်းအား : ပြီးပြည့်စုံသော နယ်မြေအဆင့် )
( သက်စောင့်ကူ : ရစ်ပတ်နတ်ဘုရားကူ ၊ ပြန်လည်ရှင်သန်ခြင်းကူ ၊ အိပ်မက်ရောင်စုံ နတ်မိမယ် ၊ ဆန်းကြယ်ပုံရိပ်ကူ ၊ ပင့်ကူဘုရင်မကူ ၊ ဓားနတ်သမီး ၊ ရှစ်ခွင်လွှမ် ကံကြမ္မာကူ )
( ကူအိမ်တော်များ : အိပ်မက်ရောင်စုံ နန်းတော် (ထောင်ဂဏန်း ကူအိမ်တော်) ၊ ပင့်ကူမျှင် လျှို့ဝှက်နယ်မြေ (ထောင်အဆင့် ကူအိမ်တော်) ၊ သွေးနတ်အိမ်တော် (ရာအဆင့် ကူအိမ်တော်) )
“ဖြတ်ကျော်ရတာ အရမ်း ခက်ခဲတာပဲ...”
အနက်ရောင် အိုးကြီး၏ နှေးကွေးလှသော တိုးတက်မှု အတန်းလေးကို စိုက်ကြည့်ရင်း... ဤသို့ ဖြည်းဖြည်းချင်း သွားနေမည် ဆိုပါက အဆင့်မြှင့်တင်ရန် အချိန်မည်မျှ ကြာမည်နည်း။ လောက၏ ယေဘုယျ အခြေအနေက သူ့အား ဤမျှ အေးဆေးစွာ ဆက်လက် စောင့်ဆိုင်းနေရန် ခွင့်မပြုတော့ကြောင်း သိသာထင်ရှား လှ၏။
ကူအင်မော်တယ် ၏ လျှို့ဝှက်နယ်မြေ သို့နောက်တစ်ခေါက် သွားရမယ့် အချိန် ရောက်ပြီပဲ။
နောက်ဆုံးအကြိမ် ကူအင်မော်တယ် ၏ လျှို့ဝှက်နယ်မြေ သို့ ခြေချခဲ့စဉ်က... လီယွမ် ၏ ကျင့်ကြံမှု နယ်ပယ်မှာ မလုံလောက်သေးဘဲ... အချိန်ကလည်း အရမ်း ကပ်နေခဲ့သဖြင့် လျှို့ဝှက်ချက် များစွာကို နားမလည်ခဲ့ပါချေ။
ဤခရီးစဉ် ကတော့ ကြီးမားတဲ့ အောင်မြင်မှု ကြီးတစ်ခု ဖြစ်လာမှာ သေချာတယ်...
“ဓားနတ်သမီး... မင်း အဆင်သင့် ဖြစ်ပြီလား...”
လီယွမ် က ဓားနတ်သမီး ကို ကြည့်ကာ မေးလိုက်သည်။
ဓားနတ်သမီး က သူ့ကို မျက်တောင် မခတ်ဘဲ စိုက်ကြည့်နေ၏။
လီယွမ် က ပြုံးလျက်…တိုက်တွန်းလိုက်သည်။
“မင်း အိမ်က ထွက်လာတာ အတော်လေး ကြာနေပြီဆိုတော့ မင်းအဖေ က မင်းကို အရမ်း လွမ်းနေလောက်ပြီ... အိမ်ပြန်ပြီး သူ့ကို သွားလည်ရမယ့် အချိန်ရောက်ပြီလေ... ပြီးတော့ ပစ္စည်းလေး နည်းနည်းပါးပါး လည်း ယူလာခဲ့ကြတာပေါ့...ဘယ်လို သဘောရလဲ...”
ဓားနတ်သမီး က သဘောတူကြောင်း ပြသသည့် အနေဖြင့် မျက်တောင် မခတ်ဘဲ ခေါင်းညိတ်ပြလိုက်သည်။
“လိမ္မာလိုက်တဲ့ ကောင်မလေး...”
လီယွမ် မှာ ဤခရီးစဉ် အတွက် ယုံကြည်မှုများ အပြည့်အဝ ရှိနေတော့၏။
ကူအင်မော်တယ် ကြီးက ဓားနတ်သမီး ကို မည်မျှ ကောင်းမွန်စွာ ပြုစုပျိုးထောင် ပေးခဲ့သည်ကို မြင်တွေ့ရလျှင် သူ၏ စိတ်နှလုံးများ ပျော်ရွှင် မြူးတူးသွားမည်မှာ သေချာပြီး ဆုလာဘ် တစ်ခုခု ပေးတာက တရားမျှတတယ် မဟုတ်လား။
ဝါးတောငယ်လေး ၏ လျှို့ဝှက်နေရာမှ ထွက်ပေါ်လာပြီးနောက်...
လီယွမ် သည် ရှောင်ကျောက် နှင့်နောက်တစ်ကြိမ် တွေ့ဆုံကာ သူ တံခါးပိတ် ကျင့်ကြံနေစဉ် အတွင်း ဖြစ်ပျက်ခဲ့သော ကိစ္စရပ်အချို့ကို မေးမြန်းလိုက်သည်။
ပိုင်လျန်ဂိုဏ်း ၏ မဟာ အကြီးအကဲ နာ့လန်ဟော်က မြောက်ပိုင်း နှင်းခဲနယ်မြေ ရှိ သတ္တုတွင်း ကို ကာကွယ်ရန် အဖွဲ့တစ်ဖွဲ့ကို ဦးဆောင်သွားခဲ့ကြောင်း ရှောင်ကျောက် က ပြောပြသောအခါ... လီယွမ် အတော်လေး အံ့အားသင့် သွားရ၏။
ဤ အခြေအနေမှာ ဒုတိယ ကူနန်းတော် သခင် ယန်တျန် က အရှေ့ပိုင်း ယူနယ်မြေ ( တောရိုင်း နယ်မြေ) ရတနာတိုက်ကို ကာကွယ်ခဲ့ရသည့် မြင်ကွင်းမျိုးနှင့် တထေရာတည်း တူညီနေသည် မဟုတ်လား။
“ဒါဆိုရင်... မျိုးရိုးမတူတဲ့ ဘုရင်ငါးပါး ကာကွယ်နေရတဲ့ နယ်မြေတွေ အားလုံးမှာ... နတ်ဆိုး ဝိညာဉ်တွေ ခိုအောင်းနေတယ် ဆိုတဲ့ သဘောပဲ... ဒါက ထိုက်ဇူဧကရာဇ် လက်ထက် ကတည်းက ချန်ထားရစ်ခဲ့တဲ့ ပြဿနာ တစ်ခုလား... ဒါမှမဟုတ် ပိုပြီး ရှေးကျတဲ့ ခေတ်ကာလ ကတည်းကလား...”
လီယွမ် မှန်းဆလိုက်သည်။
ဤအတိုင်းသာ ဆက်သွားနေမည် ဆိုပါက...လာမည့် အချိန်ကာလ များအတွင်း ချန်းလန် ဘုရင် ရှောင်လျဲ့ ၊ ဟန်ဘုရင် ဟိုင်ဝူကျင်း နှင့် ချန်ဘုရင် ကျောက်ချန်ဖုန်း တို့ အားလုံးသည်လည်း ညဇီးကွက်ဘုရင် ၏ ခြယ်လှယ်မှု အောက်မှ လွတ်ကင်းနိုင်မည် မဟုတ်ပါချေ။
သို့ဆိုလျှင်နိုင်ငံတော် ၏ အစောင့်အရှောက် စစ်သူကြီးချုပ် ပိုင်ချန် နှင့် ညဇီးကွက်ဘုရင် တို့ကြားတွင် မလွှဲမရှောင်သာ ပဋိပက္ခ တစ်ခု ဖြစ်ပေါ်လာတော့မည်မှာ သေချာလှ၏။
ညဇီးကွက်ဘုရင် က ဘာလုပ်မလဲ ဆိုတာကိုတော့ စောင့်ကြည့်ရဦးမှာပေါ့။
နယ်စပ် အခြေအနေ ကို တဖြည်းဖြည်းချင်း ခြိမ်းခြောက် ဖျက်ဆီးမယ့် လျှို့ဝှက် လှည့်ကွက် တစ်ခုလား... ဒါမှမဟုတ် မြန်ဆန်ပြီး ပြတ်သားတဲ့ ဖိနှိပ်မှု တစ်ခုလား။
လီယွမ် ကတော့ ပထမ အချက်ကို ပိုပြီး ယုံကြည်နေမိ၏။
ညဇီးကွက်ဘုရင် ၏ တိကျသော အစီအစဉ်များကို သူတို့ မခန့်မှန်း နိုင်သေးပါချေ။
“ဒါဆို... ငါ့အတွက် အချိန်တွေ ပိုပိုပြီး နည်းလာပြီပဲ...”
ဤသည်မှာ လီယွမ် အနေဖြင့် အင်မော်တယ် လျှို့ဝှက်နယ်မြေ သို့ အမြန်ဆုံး ဝင်ရောက်ချင်နေရသည့် အကြောင်းရင်း လည်း ဖြစ်၏။ လျှို့ဝှက်နယ်မြေ ၏ ကျေးဇူးကြောင့်နောက်လာမည့် လှိုင်းတံပိုး များအတွင်း ခြေကုပ် ရယူနိုင်ရန် အဆင့်ရှစ် နယ်ပယ်သို့ မဖြစ်မနေ ဖောက်ထွက်နိုင်ရမည် ဖြစ်၏။
“ရှန်းဟိုင်ကွမ် တိုက်ပွဲ ကရော ဘယ်လိုနေလဲ... ဘယ်လောက်အထိ တိုးတက်နေပြီလဲ...” လီယွမ် က ထပ်မံ မေးမြန်းလိုက်ပြန်သည်။
“တိုက်ပွဲ ကတော့ မစသေးဘူး...”
ဝမ်ကျောက်ကျောက် က ပြောလိုက်ပြီး
“ဒါပေမဲ့... နယ်စပ် ဒေသမှာ နှစ်ဖက်စလုံး က အကြိမ်ကြိမ် ထိပ်တိုက် တွေ့ဆုံမှု တွေနဲ့ ပြောက်ကျား တိုက်ပွဲတွေ ဖြစ်နေကြတယ်... ဒါပေမဲ့ အားလုံးက အသေးစား တိုက်ပွဲလေးတွေ ချည်းပါပဲ...”
“မှတ်သားစရာ ကောင်းတာ တစ်ခုကတော့”
“နတ်ဆိုးနယ်မြေ က ပါရမီရှင် တွေ ပေါ်ထွက်လာပြီး ရှန်းဟိုင်ကွမ် တိုက်ပွဲမှာ ပါဝင်လာကြတယ်... သူတို့ကို နတ်ဆိုး သားတော် ကိုးပါး လို့ ခေါ်ကြတယ် တဲ့...”
နတ်ဆိုးနယ်မြေ တွင် တိုင်းပြည် ဆိုသည်မှာ မရှိပါချေ...။ နယ်မြေ များကို လူမျိုးစု များအလိုက် ခွဲဝေ ထားကြ၏။
လူမျိုးစု အသီးသီး ကြားရှိ ပြိုင်ဆိုင်မှု များမှာ... တာ့ယန် အင်ပါယာ ကြီး၏ အင်အားစု များကြား အာဏာလုပွဲ များနှင့် ဆင်တူပြီး နတ်ဆိုး သားတော် ကိုးပါး ဆိုသော ဂုဏ်ပုဒ် မှာလည်း အလယ်ပိုင်းလွင်ပြင် သူရဲကောင်း လေးယောက် နှင့် ဆင်တူသော ဂုဏ်ပုဒ် တစ်ခု ဖြစ်၏။
“နားလည်ပြီ...”
လီယွမ် သည် နတ်ဆိုးနယ်မြေ အကြောင်းကို အလွန် နည်းပါးစွာသာ သိရှိထားပြီး အခြေအနေများကို ကြိုတင် မခန့်မှန်း နိုင်ပါချေ။
ဘယ်သူ နိုင်ပြီး ဘယ်သူ ရှုံးမလဲ...။ လုံးဝ (လုံးဝ) မသိနိုင်ပါချေ။
သို့သော်လည်း အချက်အလက်များ နှင့် သူ၏ အာရုံခံစားမှု တို့က နတ်ဆိုးနယ်မြေ သည် အလွန်အမင်း နက်ရှိုင်းလှပြီး ယခင် မျိုးဆက်များမှ သိုင်းနတ်ဘုရားများပင် ထိုးဖောက် ဝင်ရောက်နိုင်ခြင်း မရှိခဲ့ကြောင်း သူ့ကို သတိပေးနေသည်။ တာ့ယန် တို့ အနေဖြင့် ရှန်းဟိုင်ကွမ် ကို ပြန်လည် သိမ်းပိုက်နိုင်ခြင်း ကပင်နောက်ဆုံး အောင်ပွဲ ဖြစ်ပေလိမ့်မည်။
ယေဘုယျ အခြေအနေ ကို နားလည် သဘောပေါက် သွားပြီးနောက် လီယွမ် စိတ်သက်သာရာ ရသွား၏။
“ရှောင်ကျောက်... ငါ ဝါးတော ကနေ ခဏလောက် ထွက်သွားဖို့ လိုတယ်... အချိန် အတန်ကြာတဲ့ အထိ ပြန်မလာနိုင်လောက်ဘူး... အမှတ်(၁၂) ဂူစံအိမ် ရဲ့ ကိစ္စရပ်တွေ အားလုံးကို မင်းဆီမှာပဲ အပ်ခဲ့မယ်နော်...”
“ကောင်းပါပြီ ..အစ်ကိုယွမ်... အမြန် ပြန်လာခဲ့ပါနော်...”
လောကဓံ ကို ဖြတ်သန်းခဲ့ဖူးပြီ ဖြစ်သော ဝမ်ကျောက်ကျောက် သည်... ယခင်ကကဲ့သို့ ခွဲခွာရတိုင်း မျက်ရည်ကျ ငိုကြွေးတတ်သော ကလေးမလေး မဟုတ်တော့ပါချေ...။ ယခုအခါ သူမသည် သူမ၏ ဝမ်းနည်းမှုများကို ရင်ထဲတွင်သာ သိမ်းဆည်း ထားနိုင်ခဲ့လေပြီ
လီယွမ် သည် သူမ၏ ကြီးပြင်းလာမှု အဆင့်တိုင်းကို မျက်မြင်ကိုယ်တွေ့ တွေ့မြင်ခဲ့ရသူ ဖြစ်၏။
နေဝင်ရိုးရီ အချိန်...
လီယွမ် သည် ဧရာမ လင်းယုန်ငှက်ကြီး ကို စီးနင်းကာ ဓားနတ်သမီး ကို ခေါ်ဆောင်လျက်... နဝမ ကူ နန်းတော် ၏ အတွင်းစည်း တံခါးဆီသို့ တည့်တည့်မတ်မတ် ဦးတည် ပျံသန်း သွားလေတော့၏။