← Chapters

ကူအင်မော်တယ် ၏ လျှို့ဝှက်နယ်မြေ သို့ နောက်တစ်ခေါက် ဝင်ရောက်ခြင်း

Vol. 17 Ch. 192

ကူအင်မော်တယ် ၏ လျှို့ဝှက်နယ်မြေ သို့ နောက်တစ်ခေါက် ဝင်ရောက်ခြင်း

Vol. 17 Ch. 192

လေပြေလေညင်းလေး တစ်ချက်က ညင်သာစွာ တိုက်ခတ် သွား၏။

လီယွမ် သည် လင်းယုန်ငှက်ကြီး ၏ ကျယ်ပြန့် ခိုင်မာသော ကျောပြင်ပေါ်တွင် လှဲလျောင်းလျက်... ကောင်းကင်ယံရှိ လမင်းကြီး ကို မော့ကြည့်ကာ အလွန် ကောင်းမွန်သော ခံစားချက်ကို ရရှိနေသည်။

ရှောင်ချိုက် နှင့် ဝူမေ့ တို့သည် သူ၏ ဘယ်ဘက်ပခုံး နှင့် ရင်ဘတ်တွင် အသီးသီးနေရာယူထားကြပြီး ဓားနတ်သမီး ကတော့ သူ၏ ညာဘက်တွင် တိတ်ဆိတ်စွာ ထိုင်နေကာ ခွဲမရနိုင်သော တြိဂံပုံစံ ကို ဖန်တီးထား၏။

“လူတွေချင်း တိုက်ခိုက်ဖို့” ဆိုသည့် အရာကိုသာ သိသော ရစ်ပတ်နတ်ဘုရားကူ ပင်လျှင် ရှားရှားပါးပါး အပြင်ထွက်လာခဲ့သည်။

ပျင်းရိတတ်သော ပက်ကျိလေး လည်း ထွက်လာခဲ့၏။

အရာရာကို စိတ်မဝင်စားတတ်ဆုံး ဖြစ်သော ရှစ်ခွင်လွှမ်း ကံကြမ္မာ ရွှေရောင် ရတနာကူ ကတော့ လူမှုဆက်ဆံရေးကို အတော်လေး ရှောင်ရှားတတ်ပြီး ထောင့်တစ်နေရာတွင် လုံးဝန်းသော ဘောလုံးလေး တစ်လုံးအလား ကွေးကွေးလေးနေနေသည်။

တစ်ကြိမ်တစ်ခါမျှ ထွက်မလာခဲ့ဖူးသော တစ်ကောင်တည်းသော သက်စောင့်ကူကောင် မှာကား... ဒုတိယမြောက် သက်စောင့်ကူ ဖြစ်သည့် ရှင်သန်ခြင်းကူ ပင် ဖြစ်ပြီး အစမှ အဆုံးတိုင် တိတ်ဆိတ် ငြိမ်သက်စွာဖြင့် ကိုယ်တွင်းအင်္ဂါများ ထဲတွင်သာ ခိုအောင်းနေ၏။

“အားလုံးပဲ တကယ်ကို မျှော်လင့်နေကြတဲ့ ပုံပဲ...”

သက်စောင့်ကူ အများအပြား တစ်ပြိုင်နက်တည်း ထွက်ပေါ်လာကြ၏။

သူတို့ အားလုံးသည် လောကကြီး အကြောင်းကို သိရှိကြကာ သူတို့၏ သခင်ဖြစ်သူ လီယွမ် ၏ အတွေးများကြောင့် လွှမ်းမိုးခံထားရသဖြင့် ဤခရီးစဉ်၏ အဆုံးသတ်ကို အားလုံးက စောင့်မျှော်နေကြခြင်း ပင်။

အင်မော်တယ် လျှို့ဝှက်နယ်မြေ သို့ သူနောက်ဆုံးအကြိမ် ဝင်ရောက်ခဲ့စဉ်က... လျှို့ဝှက်နယ်မြေ ၏ အရှေ့တွင် စီနီယာအစ်မကြီး ဖြစ်သူ က နင်ဟုန်ယွီ ပေးထားခဲ့သော မြေပုံကို ထုတ်ပြခဲ့သည်ကို လီယွမ် သတိရသွား၏။

သူသည် ထိုမြေပုံကို ယခုအချိန်အထိ အကောင်းဆုံး အခြေအနေဖြင့် ထိန်းသိမ်းထားခဲ့ပြီး တစ်နေ့နေ့တွင် ကူအင်မော်တယ် ၏ လျှို့ဝှက်နယ်မြေ သို့နောက်တစ်ကြိမ် ပြန်လည် ဝင်ရောက်နိုင်ရန် မျှော်လင့်ခဲ့သည် မဟုတ်ပါလော။

မြေပုံထဲတွင် ကျွန်းပေါ်ရှိ တားမြစ်နယ်မြေ သုံးခု နှင့် ရှားပါး ရတနာများ ထွက်ရှိရာ နယ်မြေ ငါးခု ကို ပြသထား၏။

နောက်ဆုံးအကြိမ် က လီယွမ် သည် 'ဧရာမ သစ်ပင် တောင်ကြော' နယ်မြေကို စူးစမ်းရှာဖွေခဲ့ပြီး အဓိက ဖြစ်သော အိပ်မက်သစ်ပင် ကို သန့်စင်ကာ ထူးခြားကူ ဖြစ်သည့် ဆန်းကြယ်ပုံရိပ်ကူ ကိုပင် မွေးမြူနိုင်ခဲ့သည်။

ထို့အပြင် တားမြစ်နယ်မြေ သုံးခု ထဲမှ တစ်ခုဖြစ်သော 'အသက်ရှင်လျက် သေဆုံးနေသူများ၏ သင်္ချိုင်း' ကိုလည်း တူးဖော်ခဲ့ပြီး ဓားနတ်သမီး ကို တူးဖော် ရရှိခဲ့၏။

ထို့ကြောင့် ယခုလက်ရှိ ကူအင်မော်တယ် ၏ လျှို့ဝှက်နယ်မြေ တွင် တားမြစ်နယ်မြေ နှစ်ခု နှင့် ရှားပါး ရတနာ ထွက်ရှိရာ နယ်မြေ လေးခု သာ ကျန်ရှိတော့သည်။

ရှားပါး ရတနာ ထွက်ရှိရာ နယ်မြေ လေးခုမှာ... အဆိပ်တစ်သောင်း တောအုပ် ၊ အင်းဆက် ချောက်နက် ၊ သွေးဝိညာဉ် တောင်ကြား နှင့် တံလျှပ် မျှော်စင် တို့ ပါပင်။

အန္တရာယ် အများဆုံးနေရာ နှစ်ခုမှာမူ... အချိန်ကာလ သင်္ချိုင်း နှင့် အသက်ရှင်ခြင်းနှင့် သေဆုံးခြင်း တံတား တို့ ဖြစ်၏။

ကူအင်မော်တယ် လျှို့ဝှက်နယ်မြေ အတွင်းရှိ အမွေအနှစ် ရတနာများစွာမှာ... လွန်ခဲ့သော နှစ်ပေါင်း သုံးထောင်က ကူအင်မော်တယ် ထံမှချည်းသာ လာသည် မဟုတ်ဘဲ... အချို့မှာ ကူလမ်းစဉ် ဘိုးဘေးများ ၏ အမွေအနှစ်များလည်း ပါဝင်၏။

ဘိုးဘေးများသည် ကူအင်မော်တယ် တည်ဆောက်ခဲ့သော ကောင်းကင်ဘုံ ၏ အခြေခံ အဆောက်အအုံ အတွက် အဖိုးမဖြတ်နိုင်သော အကျိုးပြုမှုများကို လုပ်ဆောင်ခဲ့ကြသည် မဟုတ်ပါလော။

လီယွမ် က မြေပုံကို သေချာစွာ လေ့လာလိုက်သည်။

နယ်မြေ လေးခု နှင့် တားမြစ်နယ်မြေ နှစ်ခု အနက်... သူ့ကို အဆွဲဆောင်နိုင်ဆုံးနေရာမှာ ယုံမှားဖွယ် မရှိဘဲ 'အချိန်ကာလ သင်္ချိုင်း' ပင် ဖြစ်တော့၏။

နာမည် ကြားရုံနှင့်တင် ထူးခြား ဆန်းကြယ်လှ၏။

ဖြစ်နိုင်သည်မှာ... ထိုနေရာတွင် သူ အလိုချင်ဆုံး ရတနာများ ပါဝင်နေနိုင်ပြီး ၎င်းက အချိန်နှင့် ဟင်းလင်းပြင် စည်းမျဉ်းများနှင့် သက်ဆိုင်ကာ 'အချိန်ကာလ လိပ်ပြာရောင်စုံ' ၏ ဆင့်ကဲပြောင်းလဲမှုကို အရှိန်မြှင့်တင် ပေးနိုင်ပေလိမ့်မည်။

နွေဦး ဆောင်းဦး ပိုးတုံးလုံး အဆင့်မှစ၍ အချိန်စီးဆင်း ပိုးဖလံ အဆင့်... ထို့နောက် အချိန်ကာလ ရောင်စုံလိပ်ပြာ အဆင့်အထိ ရောက်ရှိလာခဲ့ပြီး ထူးခြားကူ ဖြစ်လာရန် ခြေတစ်လှမ်းသာ လိုတော့သော်လည်း လီယွမ် သည် ၎င်းကို 'သက်စောင့်ကူ အရန်' တစ်ကောင် အနေဖြင့် အမြဲတမ်း ပျိုးထောင်ထားခဲ့ခြင်း ဖြစ်၏။

...

သို့ရာတွင် အချိန်ကာလ သင်္ချိုင်း ကို တားမြစ်နယ်မြေ တစ်ခုအဖြစ် သတ်မှတ်ထားပြီး သေဆုံးခြင်း နှင့် နီးကပ်စွာ ရင်ဆိုင်ရမည့်နေရာ တစ်ခု ဖြစ်ပေရာ လီယွမ် အနေဖြင့် အပြည့်အဝ ယုံကြည်မှု မရှိဘဲ ထိုနေရာသို့ ခြေချမည် မဟုတ်ပါချေ။

နောက်ဆုံးအကြိမ် သူ 'အသက်ရှင်လျက် သေဆုံးနေသူများ၏ သင်္ချိုင်း' သို့ ဝင်ရောက်ခဲ့စဉ်က... သတိလစ်နေသော ဓားနတ်သမီး ၏ လက်ချက်ဖြင့် သေလုနီးပါး ဖြစ်ခဲ့ရသည် ။

ရှင်သန်ခြင်းကူ ၏ အဆက်မပြတ် ပြန်လည် ရှင်သန်နိုင်စွမ်း နှင့် သက်စောင့်ကူ အများအပြား ၏ စွမ်းအားများကြောင့်သာ အသက်လု လောင်းကြေးထပ်ပြီး လွတ်မြောက်လာခဲ့ရ၏။

‘ဟူး..အဆုံးသတ် ခရီးစဉ်ကို ရောက်ရှိ နိုင်မလား မရောက်နိုင်ဘူးလား ဆိုတာကတော့ ဓားနတ်သမီး အပေါ်မှာပဲ မူတည်တော့တယ်…’

...

ရက်အနည်းငယ် ကြာပြီးနောက်...

လီယွမ် သည် နဝမ ကူ နန်းတော် ၏ အတွင်းစည်းနေရာသို့ ရောက်ရှိလာခဲ့ပြီး တောင်တန်းများ ကြားရှိ ရေကန်ကြီး အစပ်သို့ ရောက်လာခဲ့သည်။

ပထမဆုံးအကြိမ် ရောက်ရှိခဲ့စဉ်က အတိုင်းပင်... ရေကန်ကြီးမှာ ထူထပ်သော မြူခိုးများဖြင့် လွှမ်းခြုံထားပြီး အရာအားလုံးကို ဖုံးကွယ်ထားဆဲပင်။ ယခုအခါ လီယွမ် ၏ စွမ်းအားများက ပိုမို ကြီးမားလာခဲ့ပြီး စိတ်စွမ်းအား နယ်ပယ် ကလည်း ပိုမို မြင့်မားလာခဲ့ချေပြီ။

သို့သော်လည်း သူသည် ကူအင်မော်တယ် ၏ လျှို့ဝှက်နယ်မြေ နှင့် ပတ်သက်လာလျှင်တော့ ပို၍ ပို၍ ကြောက်ရွံ့ ရိုသေမှုများ ဖြစ်ပေါ်လာရသည်။

ရေကန်ကို ဖြတ်ကျော်ရန် ကြိုးစားခြင်းက အန္တရာယ် များကြောင်းနှင့်... ကျွန်းပေါ်သို့ ဝင်ရောက်နိုင်မည့် တစ်ခုတည်းသော နည်းလမ်းမှာ 'ဝိညာဉ်လိပ်ကူ' ကို ဆင့်ခေါ်နိုင်သော အဆောင်ပြားကို အားကိုးရန်သာ ဖြစ်ကြောင်း သူ၏ အာရုံခံစားမှုက သတိပေးနေ၏။

မကြာမီမှာပင် ရေကန်ထဲမှ ရေလှိုင်းပုတ်သံများ ထွက်ပေါ်လာပြီး ဧရာမ လိပ်ကြီး တစ်ကောင် ကမ်းပေါ်သို့ တက်လာ၏။

ယခုတစ်ကြိမ်တွင် လီယွမ် သည် နဝမ ကူ နန်းတော် နယ်မြေမှ မဟုတ်ဘဲ... အချိန်ကာလ သင်္ချိုင်း တားမြစ်နယ်မြေ ၊ အင်းဆက် ချောက်နက် နှင့် သွေးဝိညာဉ် တောင်ကြား တို့နှင့် ပိုမို နီးကပ်သော ဒုတိယ ကူနန်းတော် နယ်မြေ အနီးသို့ ဆင်းသက်ရန် ရွေးချယ်လိုက်သည်။

“အစ်ကို လိပ်ကြီး... သွားကြစို့...”

လီယွမ် ကို သယ်ဆောင်ထားသော လိပ်ကူကောင် ကြီးမှာ ရေကန်၏ ထူထပ်သော မြူခိုးများ ကြားသို့ ပျောက်ကွယ်သွားတော့၏။

ရေကန်ထဲရှိ အထီးကျန် ကျွန်းလေးနှင့် နီးကပ်လာလေလေ... ဓားနတ်သမီး ၏ မျက်လုံးထဲမှ အလင်းတန်းများက ပို၍ ပို၍ တောက်ပလာလေလေ ဖြစ်ကြောင်း သူ သတိပြုမိလိုက်သည်။

“ဒါ ကူအင်မော်တယ် ရဲ့ ဆန္ဒကို အာရုံခံမိနေတာလား...”

ကူအင်မော်တယ် နှင့် ဓားနတ်သမီး တို့ကြားရှိ သားအဖ သံယောဇဉ် မှာ အတော်လေးကို အံ့မခန်း ဖြစ်၏။

လွန်ခဲ့သော နှစ်ပေါင်းများစွာ က ဓားနတ်သမီး သေလုဆဲဆဲ အချိန်တွင်မှ နားလည်မှုလွဲမှားခြင်းများ အားလုံး ရှင်းလင်းသွားခဲ့ပြီး သူမ မသေဆုံးမီလေးတွင် “အဖေ” ဟု ခေါ်ဆိုလိုက်ခြင်းက... သမိုင်းတွင် ပထမဆုံးသော ကူအင်မော်တယ် ကို ဆင့်ခေါ်နိုင်ခဲ့ခြင်း ပင်။

ကူအင်မော်တယ် သည် ဓားနတ်သမီး ကို ပြန်လည် အသက်သွင်းရန် ကြိုးပမ်းရာတွင် ကောင်းကင်ဘုံ ၏ ကံကြမ္မာကို ဆန့်ကျင်ရန် ကြိုးစားခဲ့ပြီး သူ၏ ဆန္ဒများမှာ ယနေ့တိုင်အောင် တည်ရှိနေဆဲ ပင်။

ယခုလက်ရှိ နှစ်ဖက်စလုံး၏ အခြေအနေမှာ...

ဖခင် ဖြစ်သူ ကူအင်မော်တယ် အနေဖြင့် လျှို့ဝှက်နယ်မြေ တွင် ဆက်လက် ရှင်သန်နေမည့် ဆန္ဒလေး တစ်ခုသာ ကျန်ရှိတော့ပြီး ဓားနတ်သမီး မှာ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ် ပြန်လည် အသက်ဝင်လာခဲ့ပြီ ဖြစ်သော်ငြားလည်း ပြီးပြည့်စုံသော စိတ်ဝိညာဉ် အသိဉာဏ် မရှိသေးပါချေ။

ကံကြမ္မာက လှောင်ပြောင်လိုက်သလိုပင် သားအဖ နှစ်ဦး ပြန်လည် ဆုံတွေ့နိုင်မည့် အခွင့်အရေး တစ်ခု ရှိနေသေးသည်။

အတွေးများထဲတွင် နစ်မြောနေစဉ်မှာပင် လိပ်ကူကောင် ကြီးသည် ရေကန်ထဲရှိ အထီးကျန် ကျွန်းလေးသို့ ရောက်ရှိလာခဲ့ချေပြီ။

လီယွမ် သည် ဓားနတ်သမီး ကို ပွေ့ချီလျက် ခုန်ဆင်းလိုက်သည်။

ဤမြေပေါ်သို့နောက်တစ်ဖန် ခြေချလိုက်ရသောအခါ သူ၏ ရင်ထဲတွင် လှိုက်လှဲစွာ ဝမ်းသာ ပျော်ရွှင်သွားပြီး ကောင်းကင်ယံ သို့ ရိုသေစွာ ဦးညွှတ်လိုက်တော့၏။

“စီနီယာ ကူအင်မော်တယ်ကြီး... ဂျူနီယာ လီယွမ်က စီနီယာ့ ရဲ့ သမီးလေး ဓားနတ်သမီး ကို စီနီယာ့ ဆီ လာလည်ဖို့ ခေါ်လာခဲ့ပါတယ်...”

ကူအင်မော်တယ် ၏ ဆန္ဒက သိသည်ဖြစ်စေ မသိသည်ဖြစ်စေ... ရိုးသားမှု ကတော့ မရှိမဖြစ် အရေးပါလှ၏။

လောကကြီး တစ်ခုလုံး တိတ်ဆိတ် ငြိမ်သက်နေပြီး မည်သည့် တုံ့ပြန်မှုမျှ မရှိပါချေ။

သိသာထင်ရှားသည်မှာ ကူအင်မော်တယ် ၏ ဆန္ဒက အချိန်တိုင်း အသက်ဝင်နေခြင်း မဟုတ်ဘဲ... လျှို့ဝှက်နယ်မြေ ကို ကာကွယ်ပေးထားသော အလိုအလျောက် စည်းမျဉ်း တစ်ခု အဖြစ်သာ အချိန်အများစုတွင် တည်ရှိနေ၏။

လီယွမ် က မည်သည့်အရာကိုမျှ ဂရုမစိုက်ဘဲ ထပ်မံ ဦးညွှတ်လိုက်ပြန်၏။

“စီနီယာ ကူအင်မော်တယ်ကြီး... အပြင်ဘက် လောကကြီးမှာ ကသောင်းကနင်း တွေ ဖြစ်နေပြီး အပြောင်းအလဲ လေပြင်း တွေ တိုက်ခတ်နေပါတယ်... ဂျူနီယာ ရဲ့ စွမ်းအား တွေက ဓားနတ်သမီး ရဲ့ လုံခြုံရေး ကို ကာကွယ်ပေးဖို့ မလုံလောက်သေးလို့... ကံကောင်းမှု တစ်ခုလောက် ကို တောင်းဆိုဖို့လာခဲ့တာပါ”

လောကကြီး က တိတ်ဆိတ် ငြိမ်သက်နေဆဲပင်။

လီယွမ်နောက်တစ်ကြိမ် ထပ်မံ ဦးညွှတ်လိုက်ပြန်သည်။

“စီနီယာ တိတ်ဆိတ်နေတာက... ဂျူနီယာ ရဲ့ တောင်းဆိုမှုကို သဘောတူ လိုက်တာပဲ လို့ ယူဆလိုက်ပါတော့မယ်...”

“စီနီယာ့ ရဲ့ ဖိတ်ခေါ်မှုကို လက်ခံရတာ ကျွန်တော့်အတွက် ဂုဏ်ယူစရာပါ... ဂျူနီယာ က စီနီယာ ကူအင်မော်တယ် ကြီးကို ကြိုတင်ပြီး ကျေးဇူးတင်ပါတယ် ခင်ဗျာ... စီနီယာ့ ရဲ့ ကောင်းချီးတွေက အရမ်းကို အံ့မခန်းပါပဲ... စိတ်ချပါ ဂျူနီယာ က ဓားနတ်သမီး ကို သေချာပေါက် ကာကွယ်ပေးသွားမှာပါ...”

ဓားနတ်သမီး သည် အရေးကြီးသော အချိန်များတွင် သူ့ကို ကာကွယ်ပေးခဲ့သော်လည်း သူကိုယ်တိုင်ကလည်းနေ့စဉ်နေ့တိုင်း ဓားနတ်သမီး ကို ကောင်းမွန်စွာ ပြုစု စောင့်ရှောက်ပေးခဲ့ပြီး စားသောက် အိပ်စက်သည့် အချိန်များတွင် အတူတကွ ရှိနေပေးကာ စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်မှု များကိုပါ ပေးစွမ်းခဲ့သည် မဟုတ်ပါလော။

“ဓားနတ်သမီး... သွားကြစို့...”

“ရှောင်ချိုက်... မင်းက လမ်းပြပေး...”

ကူအင်မော်တယ် ၏ လျှို့ဝှက်နယ်မြေ အတွင်းသို့ ဝင်ရောက်လာပြီ ဖြစ်ရာ အိပ်မက်ရောင်စုံ နတ်မိမယ်လေးအတွက်နောက်တစ်ဖန် တောက်ပရမည့် အချိန် ရောက်လာခဲ့ပြီ ဖြစ်၏။

“ချွီ...”

ရတနာများ၏ အနံ့ကို ရှူရှိုက်လိုက်ရသောအခါ ရှောင်ချိုက် မှာ အလွန်အမင်း စိတ်လှုပ်ရှားနေတော့သည်။

“ငါတို့ အခု ရောက်နေတာက ရှားပါး ရတနာ ထွက်ရှိရာ နယ်မြေ လေးခု ထဲက တစ်ခုဖြစ်တဲ့ အင်းဆက် ချောက်နက် ရဲ့ အပြင်ဘက် ဧရိယာ မှာပဲ... အရှေ့ဘက်ကို ထပ်သွားရင် အင်းဆက် ချောက်နက် ထဲကို ရောက်သွားလိမ့်မယ်...”

“အင်းဆက် ချောက်နက် ရဲ့ အလွန်မှာတော့ အချိန်ကာလ သင်္ချိုင်း တားမြစ်နယ်မြေ ရှိတယ်...”

ဒီနေရာကို အရင်ဆုံး စူးစမ်း ကြည့်မည်။

ယခုတစ်ကြိမ် တွင်မူ ဓားနတ်သမီး ၏ အကာအကွယ် အောက်တွင် လီယွမ် သည် ကူအင်မော်တယ် ၏ ဆန္ဒမှ ဖိအားပေးမှုကို မခံစားရတော့ဘဲ များစွာ ပိုမို သက်သောင့်သက်သာ ရှိနေ၏။

သို့သော်လည်း သူ အချိန်အများကြီး ဖြုန်းတီးရန် မဝံ့ရဲသေးပါချေ။

အကောင်းဆုံးကတော့ ဆယ်ရက်အတွင်း အပြင်ကို ပြန်ထွက်နိုင်ဖို့ပါ။

ထိုသို့မှ မဟုတ်လျှင် လိပ်ကူကောင်ကြီး ထွက်သွားပြီး ရေကန်ကို ဖြတ်ကူးရမည် ဆိုပါက... သူ အနည်းငယ် စိုးရိမ်ရမည် ဖြစ်ပြီး ဂိုဏ်းမှ အင်အားကြီး ပညာရှင်များ ၏ ထောက်လှမ်းခံရနိုင်ချေ ရှိ၏။

လီယွမ် သည် ဦးတည်ရာ တစ်ခုကို ညွှန်ပြလိုက်ပြီး ရှောင်ချိုက် က ရှေ့မှ လမ်းပြကာ တတ်နိုင်သမျှ မြန်မြန်ဆန်ဆန် စူးစမ်းရှာဖွေ လေတော့သည်။

မကြာမီမှာပင် အလွန် နက်ရှိုင်းသော ချောက်နက်ကြီး တစ်ခု မြင်ကွင်းထဲသို့ ရောက်ရှိလာ၏။

“ဒါက အင်းဆက် ချောက်နက်လား...”

လီယွမ် ၏ ပြီးပြည့်စုံသော နယ်မြေအဆင့် စိတ်စွမ်းအား များဖြင့် အာရုံခံစားမှု မှာ အလွန် ကျယ်ပြန့်လှ၏။

ချောက်နက်ကြီး ၏ နှစ်ဖက်စလုံးတွင် ဂူပေါက်ပေါင်း သန်းနှင့်ချီ၍ ရှိနေပြီး ခေါင်မိုးများမှ ရေခဲတိုင်ပေါင်း မရေမတွက်နိုင်အောင် တွဲလောင်းကျနေကာ အေးစက်စက် အပြာရောင် အလင်းတန်းများ ရောင်ပြန်ဟပ်နေတော့သည်။

ကျောက်ကမ်းပါးယံ ပေါ်ရှိ မှိုခင်းကြီးများမှာ အသက်ရှင်နေသော သတ္တဝါ တစ်ကောင်အလား လှုပ်ရှားနေပြီး အင်းဆက်ပိုးမွှား အုပ်ကြီး များဖြင့် ဖွဲ့စည်းထားသော အိပ်မက်ဆန်ဆန် မြစ်ကြီး တစ်စင်း ကလည်း ဂူပေါက်များကြားတွင် စီးဆင်းနေသည်။ ကျောက်တုံး အက်ကွဲကြောင်းများ နှင့် ဆွေးမြေ့နေသော သစ်တုံးများ ကြားတွင် မပေါက်ဖွားရသေးသော အင်းဆက် ဥပေါင်း မရေမတွက်နိုင်အောင် ရှိနေ၏။

“မြေပုံ အရဆိုရင်... အင်းဆက် ချောက်နက် မှာ အရမ်းကို ရှားပါးတဲ့ ရှားပါးကူ အမျိုးအစား တစ်ခုဖြစ်တဲ့ အရိပ်ကိုးပါး ရေခဲဝိညာဉ်ကူ ရှိတယ်... ပြီးတော့ သူနဲ့ သက်ဆိုင်တဲ့ ရတနာဖြစ်တဲ့ ရေခဲခြင်ဆီ ကျောက်စိမ်းရည် လည်း ရှိတယ်...”

“အကယ်၍ ငါတို့ အဲဒါကို ရနိုင်ခဲ့ရင် ဝူမေ့ ကို သူမရဲ့နောက်ဆုံး ဆင့်ကဲ ပြောင်းလဲမှု အတွက် အကူအညီ ပေးနိုင်လိမ့်မယ်...”

မှတ်တမ်းများ အရ... ရေခဲခြင်ဆီ ကျောက်စိမ်းရည် ဆိုသည်မှာ တကယ့် အရည် တစ်မျိုး မဟုတ်ဘဲ... အလွန်အမင်း အေးခဲသော အပူချိန်ကြောင့် သေဆုံးသွားသော အင်းဆက်ဥ အမြောက်အမြား ၏ သက်စောင့် စွမ်းအင်များ စုစည်းကာ အေးခဲသွားခြင်း ပင်။

ထိုအရာများ ဖြစ်ပေါ်လာရန် အတွက် အခြေအနေများမှာ အလွန်အမင်း ခက်ခဲ ကြမ်းတမ်း လှ၏။

ဝူမေ့ ၏ 'ပြောင်းပြန် ဆင့်ကဲပြောင်းလဲမှု' ၏နောက်ဆုံးအဆင့် အတွက် မတူညီသော သက်စောင့် စွမ်းအင်များ ပါဝင်ပြီး သက်စောင့် စွမ်းအင်များ ကြွယ်ဝစွာ ပါဝင်သော ရတနာ တစ်ခု လိုအပ်သည်။

ဤအချက်ကပင် လီယွမ် အနေဖြင့် ကျွန်းပေါ်ရှိ ဒုတိယ ကူနန်းတော် နယ်မြေ အနီးသို့ ဆင်းသက်ရန် ရွေးချယ်ခဲ့ရသည့် အကြောင်းရင်း ပင်။

All Chapters