အခန်း (၆၇၅-၆၇၆)
Vol. 51 Ch. 675-676
တစ်ချိန်က ကူစုဝမ်သည် လေနတ်ဆိုးကဲ့သို့ ယွမ်ရှောင်၏ ရည်ရွယ်ချက်က အဓိပ္ပါယ်မရှိဟု ထင်ခဲ့မိသော်လည်း ယခုအခါ သေမျိုးများအတွက် ကိုယ်ကျိုးစွန့် ရိုးသားဖြူစင်သော စိတ်ဓာတ်မှာ လှောင်ပြောင်ရန် မသင့်ချေ။
"ငါ မှားခဲ့တယ်"
သူမက မြေပြင်တွင် ဒူးထောက်၍ မျက်ရည်များ ပိုးပိုးပေါက်ပေါက် စီးကျလာကာ သန့်စင်သော ဝမ်းနည်းပူဆွေးမှု ဖြစ်ပေါ်လာခဲ့သည်။ သူမက အမှန်တကယ် နောင်တရနေခြင်း ဖြစ်ပြီး ချောင်ရူကဲ့သို့ သတ္တိမရှိခြင်း၊ သွေးကြောင်ခြင်းနှင့် ရက်စက်ကြမ်းကြုတ်သော လုပ်ရပ်များကို ဖြစ်ရိုးဖြစ်စဥ်ပမာ သဘောထားပါ မျက်ကွယ်ပြုမိခြင်းအတွက်ကြောင့် ဖြစ်သည်။ ကိုယ့်ကိုကိုယ် လမ်းမှားရောက်နေကြောင်း နက်နက်ရှိုင်းရှိုင်း သိမြင်လာသောအခါ မိမိ လုပ်ခဲ့သမျှတိုင်းသည် မှားယွင်းကြောင်း နောက်ဆုံးတွင် ဝန်ခံလိုက်တော့သည်။
"အပြစ်ကို ပြန်လည်ပေးဆပ်ဖို့ အခွင့်အရေး ရှိသေးလား"
"သူနဲ့အတူ ရပ်တည်တဲ့လူ နည်းနေသေးတော့ ငါတို့ အခွင့်အရေး ရှိမှာပါ"
ယုယင်က ကူစုဝမ်ကို ပခုံးပုတ်၍ အားပေးလိုက်သော်လည်း ကိုယ်တိုင်ကမူ သူမကဲ့သို့ နောင်တများ ဖြစ်ပေါ်နေခဲ့သည်။ ဤတိုက်ပွဲအပြီးတွင် ယွမ်ရှောင်က မိုးကြိုးဌာန၏ ကယ်တင်ရှင် ဖြစ်လာပြီး စီရင်သူများ၏ ထောက်ခံမှု ရပေလိမ့်မည်။ သူသာ အပြည့်အဝ ပြင်ဆင်ပြီးသွားလျှင် ပူဇော်သက္ကာရ ပြစ်မှုများအကြောင်း ထုတ်ဖော်ကာ အဆုံးအဖြတ် တိုက်ပွဲ အချိန် ကျလာပေတော့မည်။
"အနည်းဆုံး ငါတို့က ကိုယ့်အပြစ်ကို ဝန်ခံပြီး သူပြောတာတွေ မှန်တယ်ဆိုတာ သက်သေလုပ်ပေးနိုင်တယ်"
ကူစုဝမ်က မတ်တပ်ရပ်၍ ယုယင်၏ လက်ကို ဆုပ်ကိုင်ကာ လေးနက်စွာ ပြောလိုက်သည်။
"ငါတို့တွေ အပြစ်တင်ခံရမှာကို မကြောက်ဘူးလား"
"ဒါတွေက အရေးမကြီးတော့ပါဘူး။ ငါ မသေခင် ကောင်းမှုတစ်ခုခု လုပ်သွားချင်တယ်"
သူမ၏ မျက်လုံးများက တလက်လက် တောက်ပ၍ စကားမှာ တင်းမာပြတ်သားနေ၏။
"ပူဇော်သက္ကာရ လက်ခံတာက တကယ်မှားနေတယ်လို့ နင် ထင်တာလား"
ယုယင်၏ အသံက ဖြည်းဖြည်းချင်း တုန်ရီလာသော်လည်း ကူစုဝမ်မှာ ပို၍ တည်ငြိမ်လာနေသည်။
"မဟုတ်လို့လား"
ယုယင် တိတ်ဆိတ်သွားကာ အသက်ရှင် နေထိုင်ကြသော သေမျိုးများက သူတို့၏ အလိုလောဘအတွက် အသက်မဲ့ကုန်ကြသည့် မြင်ကွင်းမှာ အလွန်မှားယွင်းကြောင်း လက်ခံလိုက်ရသည်။ ဤမျှ ရှင်းလင်းပြတ်သားနေသော အမှားနှင့် အမှန်၊ အမှောင်နှင့် အလင်းကို မမြင်နိုင်သည်အထိ သူတို့ မျက်စိကန်းခဲ့ကြပြီး အကြီးမားဆုံးသော ပြစ်မှုကို အလှပဆုံး စကားလုံးများဖြင့် ဖုံးကွယ်လေ့ရှိ၏။
"ကောင်းကင်က ပြစ်ဒဏ်ခတ်ဖို့ ဒီကလေးကို စွမ်းအားတွေ ပေးသနားလိုက်တာ ဖြစ်မယ်။ မဟုတ်ရင် ဒီလောကမှာ အမှားနဲ့အမှန်ကို ခွဲခြားဖို့ ဘယ်သူမှ ရှေ့ထွက်ရဲမှာ မဟုတ်တော့ဘူး"
တရားမျှတမှုအတွက် တိုက်ခိုက်ချင်သော လူငယ်များစွာ ပေါ်ပေါက်ခဲ့သော်လည်း အများအားဖြင့် အဖြစ်ဆိုးကြ၏။ ဥပမာအားဖြင့် လုအန်းနှင့် သေမျိုးလောကများမှ တက်လှမ်းလာသူများ အားလုံး အသတ်ခံလိုက်ရခြင်း ဖြစ်သည်။ ယွမ်ရှောင်ကမူ ယုယင်နှင့် ကူစုဝမ်၏ ခံယူချက်ကိုပင် ပြောင်းလဲနိုင်ခဲ့ပြီး အခက်ခဲဆုံးဖြစ်သော အပြစ်ဝန်ခံခြင်းနှင့် နောင်တအား ထုတ်ပြောစေခဲ့သည်။ လူတစ်ယောက်ကို အနိုင်ယူရန် လွယ်ကူသော်လည်း အပြစ်သားကို ပြောင်းလဲရန်မှာမူ ကောင်းကင်သို့ တက်လှမ်းရသကဲ့သို့ ခက်ခဲပြီး အများအားဖြင့် ကြောက်လန့်သွားရုံသာ ရှိ၍ နောင်တရမည် မဟုတ်ပေ။ ထိုညတွင် အပြစ်သားနှစ်ယောက်က နောင်တကြီးစွာဖြင့် မိုးကြိုးဌာနသို့ ကျူးကျော်လာသော ရန်သူများကို သတ်ဖြတ်ရှင်းလင်းနေသော လူငယ်လေးအား တိတ်တဆိတ် စိုက်ကြည့်နေကြသည်။ ထို့နောက် သူနှင့် စီရင်သူများက အတူတကွ အောင်ပွဲခံနေကြပြီး ရိုးသားမှုအပြည့်ဖြင့် ဆက်ဆံနေသောအခါ ဖိအားတစ်စုံတစ်ရာ မရှိသည့်အလား ဝမ်းသာနေကြပုံပေါ်သည်။
"အမှန်တရား ထွက်ပေါ်လာရင် မိုးကြိုးဌာနက သူ့ကို လက်ခံရဲပါ့မလား။ စီရင်သူတွေကရော သူ့နောက် တကယ်လိုက်ရဲပါ့မလား"
"သူတို့က သေချာပေါက် သူ့နောက်ကို လိုက်ကြလိမ့်မယ်။ ဘာဖြစ်ဖြစ် မိုးကြိုးဌာနဆိုတာ တရားမျှတမှုကို ကိုယ်စားပြုတယ်။ ဒီနေရာမှာ ကြီးပြင်းလာတဲ့ စီရင်သူတိုင်း ဥပဒေနဲ့ အကျွမ်းတဝင်ရှိပြီး သူရဲကောင်းစိတ်ဓာတ် ပိုင်ဆိုင်ထားတယ်။ အမှောင်ထုက အထက်ပိုင်းမှာ ကြီးစိုးနေပေမယ့် ဒီလူသားတွေရဲ့ နှလုံးသားမှာတော့ ကြင်နာမှုနဲ့ တာဝန်သိစိတ် ရှိတယ်ဆိုတာ ငါတို့ ယုံကြည်ရမယ်"
ကူစုဝမ်က စိုးရိမ်တကြီး ရေရွတ်လိုက်သော်လည်း ယုယင်မှာ ယုံကြည်မှု အပြည့် ရှိနေ၏။ မိုးကြိုးဌာနသည် ကောင်းကင်အလိုကို ဖော်ဆောင်၍ စီရင်သူတိုင်းက တာဝန်ကို စောင့်ရှောက်ကြပြီး လူတိုင်း ဤစိတ်ဓာတ်များဖြင့် ကြီးပြင်းလာခဲ့သည်။ ကူစုဝမ်သည်လည်း ငယ်ရွယ်စဥ်က တရားမျှတသူ တစ်ယောက် ဖြစ်ခဲ့ဖူးသော်လည်း မိဘများက သေမျိုးလောကသို့ အကြိမ်ကြိမ် ခေါ်သွားပြီး ဦးနှောက်ဆေးခဲ့သဖြင့်သာ လမ်းမှား ရောက်သွားခဲ့ရ၏။ ပြန်တွေးကြည့်လျှင် လူငယ်ဘဝတွင် မိုးကြိုးဌာန၌ သူရဲကောင်းများစွာ ရှိခဲ့ဖူးသည် မဟုတ်ပါလော။
တစ်ချိန်က စိတ်အနှောင့်အယှက် ဖြစ်စရာကောင်းလွန်းသော ချောင်ရူသည် အမှန်တကယ်အားဖြင့် လေးစားထိုက်သူ ဖြစ်ကြောင်း ကူစုဝမ် ယခုမှ သဘောပေါက်လာသည်။ ယောကျ်ားများ၏ ကဲ့ရဲ့စကားသံများအကြားတွင် နာမည်ဆိုးဖြင့် ကျော်ကြားသော်လည်း အတွင်းစိတ်၌ ရိုးသားမှုကို ပြတ်ပြတ်သားသား ကာကွယ်ထားနိုင်ခဲ့သည့် မိန်းကလေးတစ်ယောက်ပင် ဖြစ်၏။ ကူစုဝမ်နှင့် ယုယင်တို့ အတွေးများနေစဥ် အနောက်မှ အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာကာ လှည့်ကြည့်လိုက်မိသည်။
"ဒေါ်လေးတို့ ရေဘဝဲလက်တံ စားကြဦးမလား"
ပိုင်အာသည် စုပ်ခွက်များ ပြည့်နှက်နေသည့် ရေဘဝဲလက်တံနှစ်ချောင်း ကမ်းပေးကာ မေးလိုက်ခြင်း ဖြစ်သည်။ ထိုညတွင် အမှောင်ထု လုံးဝ ရှိမနေသည့်အလား မိုးကြိုးဌာနတစ်ခုလုံး တိုက်ပွဲဝင်စိတ်ဓာတ်ဖြင့် တောက်ပနေပြီး လူငယ်လေးတစ်ယောက်၏ အင်အားဖြင့် မဟာတာအိုနယ်မြေ၏ ထောင့်တစ်နေရာတွင် တရားမျှတမှု လင်းလက်လာပြီ ဖြစ်သည်။ ပူဇော်သက္ကာရ လက်ခံဖူးသော အပြစ်သားနှစ်ယောက်မှာလည်း ကိုယ့်ကိုကိုယ် နောင်တရနေပြီဖြစ်ရာ ကောင်းကင်ရုံးတော်တွင် ဤမျှ ရိုးသားသန့်ရှင်းသော နေရာမျိုး မရှိတော့ပေ။
အောက်ဘက်ရှိ မြင်ကွင်းကို ခိုးကြောင်ခိုးဝှက် စောင့်ကြည့်နေသော ထိုက်ယု၊ ဓားနတ်ဆိုးနှင့် နဂါးကျားအရှင်အား ယွမ်ရှောင် အာရုံခံမိသော်လည်း အရေးမစိုက်ခဲ့ပေ။ သို့သော် သန်းချီသော မိုးကြိုးဌာန၏ အင်မော်တယ်များက စည်းစည်းလုံးလုံး အော်ဟစ်နေသော အောင်ပွဲအသံများ စူးရှကျယ်လောင်စွာ ထွက်ပေါ်နေ၏။
"တော်တော်ဆူတာပဲ။ မသိရင် သူက ဒီနေရာရဲ့ အင်ပါယာလို့တောင် ထင်သွားနိုင်တယ်"
ထိုက်ယုက ရုတ်တရက် ရယ်မော၍ လှောင်ပြောင်နေစဥ် နောက်လိုက်နှစ်ယောက်မှာ အေးစက်စက်ဖြင့် အကြည့်ချင်းဆုံနေကြသည်။
"မိုးကြိုးဌာနက ပုန်ကန်နေပြီ"
ဓားနတ်ဆိုးက မှတ်ချက်ပေးလိုက်သကဲ့သို့ နဂါးကျားအရှင်လည်း စကားဆိုသည်။
"အလကားပါပဲ။ အောက်ခြေလူတန်းစားက သဘာဝအရတော့ ထောက်ခံကြလိမ့်မယ်။ ဒါပေမယ့် သူတို့က မိုးကြိုးဧကရာဇ်ကို မလှန်ရဲပါဘူး။ သူ ပြန်ရောက်လာတာနဲ့ ယွမ်ရှောင် ကြိုးစားအားထုတ်ထားတာ အကုန်လုံး ရေစုန်မျောသွားမှာပဲ"
"အလောင်းနတ်ဆိုး၊ မဟာအစီအရင်ကို ထိန်းချုပ်တာ၊ ကံကြမ္မာကို ဆန့်ကျင်ချင်နေတာ လောလောဆယ်တော့ ကောင်းပါတယ်။ သူ့မှာ မဟာမိတ် မရှိဘူး။ လုဖန်နဲ့ ရင်ဆိုင်ဖို့တောင် အတွေ့အကြုံ နုသေးတယ်။ ဒါပေမယ့် ထင်ထားတာထက် သန်မာနေတော့ လုဖန်နဲ့ တိုက်ပွဲက တော်တော်လေး ကြည့်ကောင်းလိမ့်မယ်"
ထိုက်ယုက ကျေနပ်စွာ ပြောလိုက်ပြီး နောက်လိုက်များကို ဆက်၍ မေးခွန်းထုတ်သည်။
"လုဖန်ကို ပေါ်တင် ရန်စပြီး အလောင်းနတ်ဆိုးကို မွေးထားတယ်။ မယ်တော်ကြီးရော လုဖန်ရော သူနဲ့ ပြန်လည် သင့်မြတ်စရာ နည်းလမ်း ရှိတယ်လို့ ထင်လား"
"လုဖန်နဲ့ ယွမ်ရှောင်က ကိုယ့်ကိုကိုယ် သူရဲကောင်းတွေလို့ အထင်ကြီးနေရုံပါပဲ။ တစ်ဂူထဲ ကျားနှစ်ကောင် မအောင်းဘူးဆိုမှတော့ မကြာခင် တစ်ယောက်ကိုတစ်ယောက် အသေအကြေ ရှင်းပစ်ကြလိမ့်မယ်"
ဓားနတ်ဆိုးက လှောင်ရယ်ပြီး နဂါးကျားအရှင်မှာ လေးနက်စွာ ပြောသည်။
"အထူးသဖြင့် လုဖန်က သူ့ကိုယ်သူ ပြိုင်ဘက်ကင်း ပါရမီရှင်လို့ သတ်မှတ်ထားတယ်။ အခု ယွမ်ရှောင်က သူ့ထက် ပိုထူးချွန်နေတော့ အကြောက်ဆုံး ဖြစ်နေလိမ့်မယ်"
"သူတို့အချင်းချင်း သတ်ကြပါစေ။ ငါတို့က ကောင်းကင်ရုံးတော်ကို ပြန်ပြီး ဝင်မစွက်ဖက်ဘူး။ ပူဇော်သက္ကာရ လက်ခံတာကိုတော့ လောလောဆယ် ရပ်ခိုင်းလိုက်"
"အမိန့်အတိုင်းပါ"
နဂါးကျားအရှင်က တွန့်ဆုတ်နေဟန်ဖြင့် စကားဆက်သည်။
"နောက်ထပ် ကိစ္စတစ်ခု ရှိပါသေးတယ်၊ အိမ်ရှေ့စံ"
"ပြောစမ်း"
တော်ဝင်နန်းတော်သို့ ပြန်ရန် မတ်တပ်ရပ်လိုက်သော ထိုက်ယုက မျက်မှောင်ကြုတ်လိုက်သည်။
"လုဖန်က လောဘကြီးပြီး ကောက်ကျစ်တယ်။ လူကောင်း မဟုတ်လို့ သိပ်ပြီး စိတ်ပူစရာ မရှိပါဘူး။ ဒါပေမယ့် ယွမ်ရှောင်ကတော့ မတူဘူး။ သူ့ရည်မှန်းချက်က ကောင်းကင်ရုံးတော်ကို ထိခိုက်စေနိုင်တယ်။ ကျုပ်တို့ သူ့ကို အနိုင်ယူဖို့အတွက် ကြိုတင် ပြင်ဆင်ထားသင့်တယ်"
"ကောင်းပြီလေ။ ဒါဆိုရင် သေမျိုးလောကအပေါ် ချုပ်ကိုင်ထားတာကို ငါ နည်းနည်းလောက် တင်းကြပ်လိုက်မယ်"
နဂါးကျားအရှင်၏ အကြံဉာဏ်ကို ထိုက်ယုက မငြင်းဆန်ဘဲ တစ်ချက်ပြုံးကာ လက်ခံလိုက်လေသည်။
အပိုင်း ၆၇၆ - မိုးကြိုးဌာန၏ ဒဏ္ဍာရီ ဖြစ်လာခြင်း
ကောင်းကင် စစ်တပ် သစ္စာဖောက်၍ နတ်ဆိုးများ ကျူးကျော်လာသဖြင့် ပျက်စီးပြိုလဲမတတ် ဖြစ်ခဲ့ရသော မိုးကြိုးဌာနသည် အမှောင်ဆုံးညကို ကျော်ဖြတ်နိုင်ပြီးနောက် မရေမတွက်နိုင်သော သတင်းပို့ အဆောင်များ မဟာတာအိုနယ်မြေအနှံ့ ပျံထွက်သွားခဲ့သည်။ အခြေအနေကို ပြောင်းပြန်လှန်ရန် အင်မော်တယ်ပြိုင်ပွဲ ချန်ပီယံ ထွက်ပေါ်လာပြီး ကျူးကျော်လာသူများကို အနိုင်ယူကာ ကယ်တင်ပေးခဲ့ခြင်းမှာ သမိုင်းကြောင်း မဟုတ်ဘဲ လက်ရှိ အဖြစ်အပျက်ပင်။ အဆောင်များအတွင်း ရေးသားထားသော စာလုံးများသည် ရဲရင့်တက်ကြွ၍ တရားမျှတမှုကို ဆောင်ရွက်သော ပြိုင်ဘက်ကင်း စီရင်သူတစ်ယောက်အကြောင်း ဖော်ပြထား၏။ လွန်ခဲ့သော ရက်အနည်းငယ်က သူသည် နတ်ဘုရားဂိတ်တွင် အင်မော်တယ်ပြိုင်ပွဲ ချန်ပီယံ ဖြစ်လာသကဲ့သို့ ယခုတွင်လည်း သာမန်အင်မော်တယ်များ၏ စိတ်နှလုံးကို ဖမ်းစားလိုက်ပြန်သည်။ အနည်းဆူံး သူက မရေမတွက်နိုင်သော အောက်ခြေလူတန်းစား အင်မော်တယ်များ၏ အမြင်တွင် ပြိုင်ဘက်ကင်း ဒဏ္ဍာရီ ဖြစ်လာခဲ့ကာ မိုးကြိုးဌာနတွင် အော်သံများ ပဲ့တင်ထပ်နေဆဲ ဖြစ်၏။
ထိုအခိုက်အတန့်တွင် ယခင်က ထည်ဝါခမ်းနားခဲ့သော်လည်း အပျက်အစီးပုံသာ ကျန်ရစ်သော ကျောက်စိမ်းရုံးအတွင်းသို့ ယွမ်ရှောင် ပြန်လည် ရောက်ရှိလာသည်။ အမျိုးသမီးသုံးယောက်ကကြိုဆိုနေကြပြီး သူသည် ကူစုဝမ်နှင့် ယုယင်ကို ကျော်၍ အလောင်းနတ်ဆိုးအား ပထမဆုံး ခေါ်လိုက်သည်။
"ပိုင်အာ၊ မင်းစားထားတာတွေ ပြန်ထုတ်လို့ရပြီ"
သေးငယ်သော်လည်း အရာများစွာ ဝါးမျိုခဲ့သော ပုံရိပ်လေးက နာခံစွာ ခေါင်းညိတ်၏။ သူမက ပါးစပ်ကို ပြိတ္တာကြီးတစ်ကောင်အလား ဖြဲ၍ မရေမတွက်နိုင်သော နတ်ဆိုးအရိုးများ၊ အသက်တံဆိပ်များနှင့် ဓားအရိုးများကို အန်ချလိုက်ရာ အကြွင်းအကျန် ဝိညာဥ်တို့ ကပ်တွယ်နေဆဲ ဖြစ်သည်။
"အသက်ချမ်းသာပေးပါ"
အသိစိတ် ကျန်ရစ်နေသော ဝိညာဥ်များက သေခြင်းတရား ရှေ့မှောက်တွင် ပြင်းပြင်းထန်ထန် ငိုကြွေးနေကြ၏။
"နောင်တကို ကုဖို့ ဆေးမရှိဘူး"
ယွမ်ရှောင်၏ မူလဝိညာဥ် တိုးထွက်လာကာ ရွှေရောင်အလင်းများ ဖြာထွက်၍ ၎င်းတို့ကို အဆုံးသတ်ပစ်ခဲ့သည်။ သူတို့၏ ဉာဏ်အလင်းများ၊ ဘဝအတွေ့အကြုံနှင့် သိမြင်မှုများ တစ်နည်းအားဖြင့် အတွေးများသည် မူလဝိညာဥ်အတွင်း ဝါးမျိုခံလိုက်ရကာ စွမ်းအား တစ်စိတ်တစ်ပိုင်း ဖြစ်လာ၏။ သူက ဝိညာဥ်အင်မော်တယ် တစ်ယောက် ဖြစ်လာပြီး အခြားသူများထက် များစွာ သာလွန်နေခဲ့သည်။ ထို့နောက် လက်ကျန် ရတနာများကို ပုံမှန်လုပ်ငန်းစဥ်ပမာ ဝါးမျိုလိုက်ပြီး အသား၊ အရိုးနှင့် ကလီစာတို့ကို သက်သက်စီ ခွဲထုတ်နေသော သားသတ်သမားကဲ့သို့ စနစ်ကျလှ၏။
"သူ့လက်ချက်နဲ့ သေရင် အလောင်း မပြောနဲ့၊ ဝိညာဥ်တောင် မကျန်ဘူး"
"အပြစ်သားတွေက အားနည်းသူတွေကို အနိုင်ကျင့်ပြီး သတ်ဖြတ်ကြတယ်။ ဒါပေမယ့် သူက အပြစ်သားတွေကို သတ်တဲ့နေရာမှာ သူတို့ထက်တောင် ပိုပြီး ရက်စက်သေးတယ်"
ယုယင်က အလန့်တကြား ရေရွတ်လိုက်သောအခါ ကူစုဝမ်လည်း ထောက်ခံ၏။ သို့သော် အကောင်းနှင့် အဆိုးကို ကောင်းကင်က ဆုံးဖြတ်နိုင်လျှင် ဤလမ်းကြောင်းတွင် ရန်သူများထက် ထောက်ခံအားပေးသူ အရေအတွက်က များစွာ သာလွန်ပေလိမ့်မည်။ ဥပမာအားဖြင့် မိုးကြိုးဌာနတွင် အပြစ်သား ထောင်ချီကို သတ်ခဲ့သော်လည်း သန်းနှင့်ချီသော ထောက်ခံသူများ ရရှိခဲ့သည် မဟုတ်ပါလော။ ဤလောကကြီးတွင် လူတိုင်းကို စိတ်ကျေနပ်စေရန် မဖြစ်နိုင်သောကြောင့် ယွမ်ရှောင်က ကိုယ်ပိုင်နည်းလမ်းအတိုင်းသာ ဆက်လျှောက်ခဲ့သည်။
နတ်ဆိုးအရိုးနှင့် ဓားအရိုးများကို ဝါးမျိုပြီးနောက် ကောင်းကင်သင်္ချိုင်းဓားဝိညာဥ်တွင် ဓားပိုင်နက် နှစ်ဆယ် ထပ်တိုးလာပြီး ရုန်းပိုင်နက်မှာလည်း သုံးဆယ်ကျော်အထိ ဖြစ်သွား၏။ ထို့ကြောင့် ဓားဝိညာဥ်ရော အသက်တံဆိပ်ပါ သတ်ဖြတ်နိုင်စွမ်း သိသိသာသာ မြင့်တက်လာပြီး သတ်ဖြတ်လုယက်ခြင်းမှာ ချမ်းသာရန် အကောင်းဆုံး နည်းလမ်းပင်။ မိုးကြိုးဌာန၏ အရာရှိများကို သတ်ဖြတ်ခြင်းဖြင့် သူက အသုံးပြုရန် လုံလောက်သည်ထက် များစွာ သာလွန်သော အင်မော်တယ်ကျောက်စိမ်းများကို စုဆောင်းနိုင်ခဲ့သည်။
"ဘယ်လိုခံစားရလဲ"
"ဗိုက်ပြည့်သွားပေမယ့် နည်းနည်း နံနေတယ်"
ယွမ်ရှောင်၏ မေးခွန်းကို ပိုင်အာက ကိုယ့်ကိုကိုယ် ငုံ့ကြည့်ရင်း ဖြေသည်။ ထို့နောက် သူက အသက်တံဆိပ်ဖြင့် နဖူးကို ထိကပ်ကာ သန့်စင်ပေးလိုက်သောအခါ သူမ၏ ခန္ဓာကိုယ်ပတ်လည်ရှိ အလောင်းအငွေ့အသက်အားလုံး ပျောက်ကွယ်ကုန်၏။ မကြာခင် သူမက လူသားတစ်ယောက်ပမာ ပြန်လည် သန့်ရှင်းသွားကာ သာမန်လူများ၏ အမြင်တွင် သိုင်းကျင့်ကြံသူတစ်ယောက်နှင့်ပင် တူညီနေသေးသည်။
"ကျေးဇူးတင်ပါတယ်"
"နေစမ်းပါဦး။ မင်း အကုန် အန်ထုတ်ပြီးပြီလား"
ပိုင်အာက ဒူးထောက်၍ အရိုအသေပေးလိုက်သောအခါ ယွမ်ရှောင်သည် မေးကိုင်၍ ခေါင်းမော့စေလိုက်သည်။
"ဟို...ဟို.. သွေးတွေကတော့ အရည်မပါဘဲ အသားစားရင် နင်တတ်လို့ပါ"
"မရဘူး။ ပြန်အန်ပြီး ဒီအိတ်ထဲကို ထည့်လိုက်"
သူမက အနည်းငယ် နှမြောသော်လည်း သွေးများ မည်သူ့ထံ ရောက်သွားမည်ကို သိထား၍ ညွှန်ကြားချက်အတိုင်း လိုက်နာခဲ့၏။ သူမက သိုလှောင်အိတ်ရှေ့တွင် ဆောင့်ကြောင့်ထိုင်၍ အန်ထုတ်လိုက်သောအခါ လူသား၊ မိစ္ဆာနှင့် နတ်ဆိုးသွေးများ ထွက်ကျလာကာ အိတ်အပြည့် ဖြစ်သွားသည်။
"ခင်ဗျား အားတယ်ဆိုရင် ပစ္စည်းတစ်ခု ပို့ပေးမလား"
သူက သိုလှောင်အိတ်ကို ယူ၍ ယုယင်ထံ ကမ်းပေးလိုက်၏။
"ဘယ်ကို ပို့ရမှာဘဲ"
"နာရက မိစ္ဆာနယ်မြေ ဝင်ပေါက်။ အဲ့ဒီရောက်ရင် တစ်ယောက်ယောက် လာယူလိမ့်မယ်"
"ဟုတ်ကဲ့"
မည်သို့ပင်ဖြစ်ပါစေ၊ သစ္စာခံထားပြီး ဖြစ်သောကြောင့် သူမက အပိုဆာဒါးများ မေးမနေဘဲ ဓားယာဥ်တစ်ခုဖြင့် ချက်ချင်း ထွက်ခွာသွားတော့သည်။
"မိုးကြိုးဌာန ပြန်လည် တည်ဆောက်ရေးအတွက် ခင်ဗျား တာဝန်ယူရမယ်"
ထို့နောက် ယွမ်ရှောင်သည် အပျက်အစီးများကို စိုက်ကြည့်ရင်း ကူစုဝမ်ထံ အမိန့်ပေး၏။
"ကျင့်ကြံချင်တယ်ဆိုရင်တော့ နတ်မိုးကြိုးဗျူရို မပျက်စီးသေးပါဘူး"
သူမက အသံတုန်ယင်စွာ ပြောလိုက်သောအခါ ရိတ်သိမ်းထားသော အရင်းအမြစ်များ ချေဖျက်ရန် လိုအပ်နေသည့်အတွက် သူ မငြင်းခဲ့ဘဲ ခြေလှမ်းတည်ငြိမ်စွာဖြင့် နတ်မိုးကြိုးဗျူရိုသို့ လျှောက်သွားခဲ့သည်။
"ကြိုဆိုပါတယ် လမင်းဓားနတ်ဘုရား"
နာရကချောက်နက်၏ ဝင်ပေါက်သို့ ရောက်လာသော ယုယင်ကို ဆွဲဆောင်အားပြင်းသည့် အသံတစ်ခုက ဖိတ်ခေါ်ခဲ့သည်။ သူမ၏ မြင်ကွင်းအတွင်း အရပ်ခုနစ်ပေ မြင့်မားသော မိန်းမလှတစ်ယောက် ရောက်ရှိလာသောအခါ ချောင်ရူကိုပင် သတိရမိလိုက်သေးသည်။ သို့သော် တစ်ဖက်လူမှာ မိစ္ဆာတစ်ယောက် ဖြစ်နေသောကြောင့် အသားအရေနှင့် ဆွဲဆောင်မှုက သိသာစွာ ကွဲပြားနေ၏။ သွေးနီရောင် မျက်ဝန်းများ၊ နဂါးချိူများ၊ သေးကျဥ်သော ခါးနှင့် ဖွံ့ထွားသော တင်ကြောင့် အချိုးအစား ကျနလှပသော်လည်း ချောင်ရူကဲ့သို့ အသက်ကြီးကြီး မဟုတ်ဘဲ တက်ကြွဖြတ်လတ်သော လူငယ်တစ်ယောက် ဖြစ်သည်။
"မင်းနာမည်က..."
"စစ်မင်းသမီး"
"တခြားမှာစရာ မရှိရင် ငါ သွားတော့မယ်"
"နှုတ်ဆက်ပါတယ်"
ပြောစရာစကား ရှာမရသောကြောင့် ယုယင်သည် သိုလှောင်အိတ်ကို ပစ်ပေးကာ အချင်းချင်း နှုတ်ဆက်၍ ဓားယာဥ်ပေါ် ပြန်တက်လာခဲ့သည်။ စိတ်ထဲတွင် ယွမ်ရှောင်က လုဖန်ကဲ့သို့ နာရကချောက်နက်နှင့် ဆက်သွယ်ခြင်းအပေါ် မတင်မကျ ဖြစ်နေသော်လည်း သူမ၏ ကိစ္စ မဟုတ်ချေ။ ကျန်တစ်ဖက်တွင်လည်း စစ်မင်းသမီးသည် ဓားယာဥ် မြင်ကွင်းအတွင်းမှ ပျောက်ကွယ်သွားသည်အထိ ငေးကြည့်နေခဲ့သည်။
"နေရာတိုင်း မိန်းမတွေနဲ့ ပတ်သက်နေပြန်ပြီ"
စစ်မင်းသမီးက နှာခေါင်းရှုံ့၍ ရေရွတ်လိုက်သောအခါ နှလုံးသားအတွင်းမှ အဖြေစကား ကြားခဲ့ရသည်။
"ဘာတွေလျှောက်ပြောနေတာလဲ။ သူက ငါ့နောက်လိုက်ပါ"
"သူက နင့်အပေါ်မှာ စိတ်ရောကိုယ်ရော ပေးဆပ်ချင်နေတာ အသိသာကြီးပါ"
"ငါ့ကို ကြောက်နေတာပါ။ တကယ်အသိအမှတ်ပြုဖို့ဆိုတာ ဝေးပါသေးတယ်"
"နင် မိန်းမတွေအကြောင်း မသိပါဘူး။ နင့်ကို စိတ်ဝင်စားနေတာ သေချာတယ်"
"တော်ပြီ၊ မဆိုင်တာတွေ မပြောစမ်းနဲ့။ လောလောဆယ် မင်းလည်း ကျင့်ကြံဖို့ လိုအပ်တယ်"
ယွမ်ရှောင်က စိတ်မရှည်ဟန်ဖြင့် ငေါက်လိုက်သောအခါ စစ်မင်းသမီးသည် မကျေမနပ် ရေရွတ်ရင်း မိစ္ဆာနယ်မြေအတွင်း ပြန်လည် ဝင်ရောက်သွားသည်။
"အမြဲတမ်း လောနေတာပဲ"
အနက်ရောင် မီးခိုးများ ဖုံးအုပ်နေသော လောကအတွင်း သူမသည် ချောက်နက်တစ်ခုအတွင်း ဆင်းသက်၍ သိုလှောင်အိတ်ကို ထုတ်ယူကာ စတင် ကျင့်ကြံလိုက်လေသည်။