← Chapters

အခန်း (၆၇၇-၆၇၈)

Vol. 51 Ch. 677-678

အခန်း (၆၇၇-၆၇၈)

Vol. 51 Ch. 677-678

အပိုင်း ၆၇၇ - မိစ္ဆာမျက်လုံး

ဤတစ်ကြိမ်တွင် စွမ်းအားနည်းပါးနေသဖြင့် မဟာအစီအရင်က အလုံးစုံ ပျက်စီးမသွားအောင် တိုက်ခိုက်ခဲ့သည်မှာ မည်သည်ကိုမျှ အလဟဿ မဖြစ်စေတော့ပေ။ ယွမ်ရှောင်နှင့် ပိုင်အာက သက်ဆိုင်ရာ အရင်းအမြစ်များ ပိုင်ဆိုင်လိုက်ရသကဲ့သို့ စစ်မင်းသမီးမှာလည်း များပြားလှသော အင်မော်တယ်သွေးများကို ကပ်ဘေးသွေးကျင့်စဥ်ဖြင့် မိစ္ဆာသွေးအဖြစ် ပြောင်းလဲလိုက်နိုင်၏။ စုပ်ယူထားသော သွေးများအတွင်း ပျော်ဝင်နေသည့် ဖန်ဆင်းရှင်မျိုးစေ့ အချို့လည်း ပါဝင်သောကြောင့် သူမ၏ အရည်အချင်းများလည်း မြင့်တက်လာ၏။

နတ်ဆိုးတစ်ကောင်ကဲ့သို့ ခန္ဓာကိုယ် ဖွဲ့စည်းပုံ သန်မာသော မိစ္ဆာတစ်ကောင် ဖြစ်သည့်အတွက် အားသာချက်များကို အမြင့်ဆုံး ဖြစ်စေရန် ရုပ်ပိုင်းဆိုင်ရာ လေ့ကျင့်ရန် လိုအပ်သည်။ သူမတွင် နည်းလမ်း နှစ်ခု ရှိပြီး ပထမနည်းမှာ လနတ်သားကဲ့သို့ ပျက်စီးချီကို အသုံးပြုခြင်း ဖြစ်၏။ ဒုတိယအချက်မှာ ကပ်ဘေးမိစ္ဆာကို လောင်ကျွမ်း၍ ခန္ဓာကိုယ်အား သန့်စင်ခြင်း ဖြစ်ပြီး အကျိုးသက်ရောက်မှု ကောင်းမွန်သည်။ ရုပ်ပိုင်းဆိုင်ရာ ခွန်အားတွင် သူမက လနတ်သားအောက် နိမ့်ကျသော်လည်း ယွမ်ရှောင်ထက် ပို၍ သန်မာ၏။ ၎င်းသည် ယွမ်ရှောင် အတင်းအကြပ် ဖန်တီးပေးခဲ့သော မိုးကြိုးမီးဖို တည်ဆောက်ပုံ ခန္ဓာကိုယ်နှင့် ချောင်ရူထက်လည်း သာလွန်သည်။ အကျဥ်းချုံး ပြောရလျှင် ချီပမာဏတွင် ရှေးဟောင်းဟင်းလင်းပြင် ကျင့်စဥ်က ပိုသာပြီး ရုပ်ပိုင်းဆိုင်ရာတွင် ကပ်ဘေးမိစ္ဆာသွေးကျင့်စဥ်မှာ အထက်စီးရသည်။ ဝိညာဥ်စွမ်းအားကို မြှင့်တင်ပေးနိုင်သော အတွေးရတနာကျင့်စဥ်မှာမူ ဤကျင့်စဥ်များနှင့် သီးခြား ရပ်တည်လျက်ရှိ၏။

"ဝုန်း"

ချောက်နက်အတွင်းမှ အနီရောင် မီးခိုးများ ကောင်းကင်သို့ ပြင်းထန်စွာ လှိမ့်တက်လာပြီး လှိုင်းထန်နေ၏။ ကပ်ဘေးမိစ္ဆာသွေးသည် စစ်မင်းသမီး၏ ဆွဲဆောင်မှု ပြင်းထန်သော ခန္ဓာကိုယ်ပတ်ပတ်လည်တွင် မုန်တိုင်းအဖြစ် တိုက်ခတ်လာသည်။ ထို့နောက် အချိန်အတန်ကြာ ပျံ့နှံ့နေသော မီးခိုးများက ၎င်းမုန်တိုင်းအတွင်း ဝင်ရောက်ပေါင်းစပ်လာကာ မှိန်ပျပျ အလင်းရောင်အောက်တွင် သူမ ထရပ်လာသောအခါ သေရည်များစွာ သောက်သုံးထားသကဲ့သို့ မျက်နှာ နီမြန်းနေ၏။

မိုးကြိုးဌာနသို့ ကျူးကျော်လာသော ရန်သူသုံးထောင်ကျော်၏ သွေးများက စစ်မင်းသမီးကို ရွှေအင်မော်တယ် နယ်ပယ်သို့ ရောက်ရှိလာစေရန် လုံလောက်သည်။ လူသားများနှင့် ကျင့်ကြံဆင့် သတ်မှတ်ပုံချင်း တူညီ၍ ရွှေမိစ္ဆာ အင်မော်တယ်ဟု ခေါ်ဆိုသော်လည်း မကွဲပြားချေ။

"ငါ့ကို မင်း ကျေးဇူးတင်သင့်တယ်"

စစ်မင်းသမီး ဖြစ်စေ၊ လနတ်သား ဖြစ်စေ၊ နောက်ကွယ်မှ အမှန်တကယ် လှုပ်ရှားနေသူမှာ ယွမ်ရှောင်ဖြစ်ပြီး သို့မဟုတ်လျှင် သူမ၏ မွေးရာပါ အရည်အချင်းဖြင့် ဤနေရာသို့ ရောက်လာနိုင်မည် မဟုတ်ပေ။ ကပ်ဘေးမိစ္ဆာသွေးမှတစ်ဆင့် သူက စိုက်ကြည့်လိုက်သောအခါ ယွမ်ရှောင်၏ ရုပ်ရည်နှင့် စစ်မင်းသမီး၏ အသွင်အပြင် ပေါင်းစပ်ထားသော မူလဝိညာဥ်ကို မြင်နိုင်ခဲ့သည်။ ၎င်းသည် သူတို့နှစ်ယောက်အကြား ပေါင်းဖက်၍ မွေးဖွားလာသော ကလေးတစ်ယောက်နှင့်ပင် တူညီနေကာ အဓိကအချက်မှာ တစ်ကိုယ်လုံး အနီရောင် ဆံပင်ရှည်များ လွှမ်းခြုံနေခြင်း ဖြစ်၏။ ဤမူလဝိညာဥ်သည် စစ်မင်းသမီး၏ ဝိသေသလက္ခဏာများကို သယ်ဆောင်ထားကာ ၎င်းကို အမိန့်ပေး၍ အပြင်ထွက်ပြီး တိုက်ခိုက်စေနိုင်သည်။ သို့ရာတွင် ၎င်းကိုလည်း ကပ်ဘေးမိစ္ဆာသွေးမှ ဖန်တီးထားခြင်း ဖြစ်သောကြောင့် ယွမ်ရှောင်နှင့် ပတ်သက်ဆက်နွယ်မှု ရှိနေခဲ့၏။

"ငါက ညံ့တယ်လို့ ပြောချင်တာလား"

စစ်မင်းသမီးက စိတ်တိုသွားဟန်ဖြင့် နှုတ်ခမ်းဆူလိုက်သည်။

"ဟုတ်တယ်"

"တကယ် အပြောအဆို မတတ်ဘူး။ ဒီလောက်ဆိုးဝါးနေတာတောင် မိန်းမတွေအများကြီးက နင့်ကို ဘာလို့ကြိုက်နေမှန်း စဥ်းစားလို့တောင် မရဘူး။ ဒီမိစ္ဆာသွေးသာ ငါ့အပိုင် ဖြစ်ပြီး နင်နဲ့ မိုင်တစ်သိန်းလောက် ဝေးနေရင် ကောင်းမှာပဲ"

"မိုင်တစ်သိန်းလည်း ငါ လာချင်ရင် ခနလေးပါ"

သူမက ဆောင့်ဆောင့်အောင့်အောင့် ရေရွတ်လိုက်သော်လည်း ယွမ်ရှောင်မှာ ဆက်လက် စနောက်နေသည်။ သို့သော် သူမ၏ စိတ်ထဲတွင် ယွမ်ရှောင်ကို ကောင်းမွန်သော သခင်အဖြစ် အသိအမှတ်ပြုထားကာ သို့မဟုတ်လျှင် ရန်တွေ့ရဲမည် မဟုတ်ပေ။ ထို့နောက် သူမက ခန္ဓာကိုယ်ကို လှုပ်ရှားလိုက်သောအခါ စီးဆင်းသွားသော ကပ်ဘေးသွေးကြောင့် ရုပ်ပိုင်းဆိုင်ရာ ကြီးကြီးမားမား သန်မာလာခဲ့၏။

"ကံကောင်းတာက ငါ့ကို အသုံးပြုဖို့ သူ လိုအပ်လို့ပေါ့။ မဟုတ်ရင် ဒီစွမ်းအားတွေ ငါ ပိုင်ဆိုင်နိုင်မှာ မဟုတ်ဘူး"

သူမက စိတ်ထဲတွင် ဤသို့ တွေးနေစဥ် ယွမ်ရှောင်မှ ရုတ်တရက် ညွှန်ကြားလာသည်။

"တိတ်စမ်း။ အခု မင်းရဲ့ မူလဝိညာဥ်ကို သုံးပြီး အရှေ့ဘက်ကို စစ်ဆေးလိုက်"

မူလဝိညာဥ်က ထိုအရပ်မျက်နှာသို့ ဦးတည်သွားသောအခါ မကြာခင်မှာပင် မိစ္ဆာတစ်ကောင် မြင်ကွင်းအတွင်း ဝင်ရောက်လာ၏။

"သူ့ကို သိလား"

"မသိဘူး။ တော်တော်လေး ဒဏ်ရာ အပြင်းအထန် ရထားတာပဲ။ လျှပ်စစ်စွမ်းအားကြောင့် အသက်ငင်နေရုံပဲ ရှိတယ်"

ယွမ်ရှောင်၏ မေးခွန်းကို စစ်မင်းသမီးက လေးစားစွာ အစီရင်ခံသည်။

"အရိပ်မိစ္ဆာ ရှု ဖြစ်ရမယ်။ ဒါက မိစ္ဆာနယ်မြေကို ချဥ်းကပ်ဖို့ မင်းရဲ့ အခွင့်အရေးပဲ။ သူ့ဆီ သွားပြီး ငါ ခိုင်းသလို ပြောလိုက်"

"ဟုတ်ကဲ့"

သူမက ဦးနှောက်သုံးစရာ မလိုဘဲ ယွမ်ရှောင် ခိုင်းသမျှ လိုက်နာနေရုံဖြင့် သန်မာလာသောကြောင့် မည်သည့်ဖိအားမျှ မရှိပေ။ လေထဲသို့ ပျံတက်၍ ရှူထံ ဦးတည်သွားလိုက်သောအခါ ခြေထောက်နှစ်ဖက်လုံး ပြတ်တောက်၍ တစ်ကိုယ်လုံး မီးကျွမ်းကာ မြေပြင်၌ လဲကျလျက် အသက်ငင်နေသည်ကို မြင်လိုက်ရ၏။

"အရှင်ရှူ၊ ဘာကြောင့် ဒဏ်ရာ ပြင်းပြင်းထန်ထန် ရထားတာလဲ"

သူမက အပြေးအလွှား သွားရောက်ကာ စိုးရိမ်တကြီး မေးမြန်းသည်။

"မင်း ငါ့ကို သိလို့လား"

ရှူကမူ သူမကို တစ်ခါမှ မမြင်ဖူးသောကြောင့် ဇဝေဇဝါ ဖြစ်နေခဲ့၏။

"အရှင့်အကြောင်း မိစ္ဆာနယ်မြေမှာ အားလုံး သိကြပါတယ်။ ခွင့်လွှတ်ပါ။ ကိုယ့်ကိုကိုယ် မိတ်ဆက်ပါရစေ။ ကျွန်မက ယင်မိစ္ဆာဂိုဏ်းက အဖွဲ့ဝင် ရောင်ရောင်ပါ"

"တော်လောက်ပြီ။ စကားတွေ အများကြီး မပြောနဲ့။ ငါ့ကို မြင့်မြတ်တဲ့ မိစ္ဆာမျက်လုံးဆီ ခေါ်သွားပေးစမ်း"

စကားတစ်ခွန်းကို အားယူပြောပြီးနောက် သူ၏ အသက်ရှူသံမှာ အားနည်းလာပြီး သတိလစ်သွားကာ အသံ လုံးဝ မထွက်တော့ပေ။ ခန္ဓာကိုယ်မှာ ဖြည်းဖြည်းချင်း လုံးဝန်းသော အနက်ရောင်အရိပ်တစ်ခု ဖြစ်လာကာ ဒဏ်ရာများ အလိုလို ကုသနေသည်။

"သူ့ကို ခေါ်သွားလိုက်"

"ဘယ်လိုသယ်ရမလဲ။ ဒီကောင့်ကို မထိချင်ဘူး"

စစ်မင်းသမီးက ခပ်တိုးတိုး ရေရွတ်လိုက်သောအခါ ယွမ်ရှောင်သည် ဆက်လက် ညွှန်ကြားပေး၏။

"ရှူ အိပ်မောကျနေတဲ့ အခြေအနေပဲ။ မူလဝိညာဥ်က ထိခိုက်ထားလို့ အသိစိတ်ကို ပိတ်ချလိုက်တယ်။ ပိုက်ကွန်ထဲ ထည့်ပြီး သယ်သွားလိုက်"

"အဲ့တာလည်း ဟုတ်တာပဲ။ ဒါပေမယ့် သူက ငါ့ကို ဘာလို့ ဒီလောက်တောင် ယုံကြည်နေရတာလဲ"

"သူက မင်းကို ယုံတာ မဟုတ်ဘူး။ မိစ္ဆာမျက်လုံးက မျက်နှာသာပေးတဲ့ သူဖြစ်လို့ မိစ္ဆာချောက်နက်ထဲမှာ ဘယ်သူမှ မထိရဲလောက်ဘူး"

"မိစ္ဆာမျက်လုံးက ဘာကြီးလဲ"

"မကြာခင် ကိုယ်တိုင်မြင်ရမှာပါ"

စစ်မင်းသမီးက ရှူကို ပိုက်ကွန်တစ်ခုအတွင်း ဆွဲထည့်ရင်း မေးသော်လည်း အဖြေမရသဖြင့် မျက်စောင်းတစ်ချက်ဝင့်သွား၏။ လက်ရှိတွင် သူမက သန်မာအောင် ကျင့်ကြံပြီးနောက် နာရကမိစ္ဆာနယ်မြေ၏ အသိုင်းအဝိုင်းထဲ စိမ့်ဝင်ရန် အချိန်တန်ပြီဖြစ်သည်။ တစ်ဖက်တွင်လည်း လနတ်သားက မယ်တော်ကြီးအနားသို့ပင် ရောက်နေပြီဖြစ်ကာ ရုပ်ရည်အားကိုးသောကြောင့် ထိရောက်ခဲ့၏။ သို့သော် စစ်မင်းသမီးနှင့် ပတ်သက်လျှင်မူ သူက ထိုနည်းလမ်းကို အသုံးမပြုချင်သောကြောင့် ဤမျှ အလုပ်ရှုပ်နေရခြင်းပင်။

စစ်မင်းသမီးသည် ရှူကို ဆွဲခေါ်၍ မိစ္ဆာချောက်နက်၏ အလယ်ဗဟိုသို့ ဦးတည်လာသောအခါ ဖိအားတချို့ စတင် ခံစားလာရသည်။

"ဒီနေရာမှာ ကမ္ဘာကြီးက အချိန်မရွေး ပျက်စီးသွားနိုင်သလိုပဲ"

ဤသို့သော ပတ်ဝန်းကျင်မျိုးတွင် မျိုးနွယ်တူ မိစ္ဆာများ ရှင်သန်ရုန်းကန်နေရသည်ကို မြင်သောအခါ သူမ ဝမ်းနည်းမိ၏။

"ဒါကြောင့်လည်း သူတို့က မဟာတာအိုနယ်မြေကို မျက်စိကျနေတာလေ"

"လူသားမျိုးနွယ်ကပဲ ကောင်းမွန်တဲ့ ပတ်ဝန်းကျင်ပိုင်ဆိုင်နေတာ မဖြစ်သင့်ဘူး။ မိစ္ဆာတွေက သန်မာတယ်ဆိုရင် ပိုင်ဆိုင်ခွင့် ရှိရမှာပဲ"

"ထားပါ။ ဘာဖြစ်ဖြစ် မင်းအခု အမှုထမ်းနေရတဲ့ သခင်ကတော့ လူသားတစ်ယောက်နော်"

"တော်စမ်းပါ။ နင်က လူ မဟုတ်ဘူး။ မကောင်းဆိုးဝါးပဲ"

ယွမ်ရှောင်က သူမ၏ စကားကြောင့် ခဏတိတ်ဆိတ်သွားကာ ဆက်ပြောလိုက်သောအခါ ချက်ချင်း ပြန်ပက်ခံလိုက်ရသည်။

"ဒီနေရာနဲ့ ယှဥ်ရင် နတ်ဆိုးနယ်မြေက ပိုဆိုးတယ်။ အဲ့ဒီမှာဆိုရင် ငရဲလိုပဲ။ ပုပ်ပွနံစော်ပြီး အကုန်လုံးက မယ်တော်ကြီးအတွက် အစာဖြစ်နေရတယ်။ အနည်းဆုံးတော့ မိစ္ဆာတွေက ကိုယ်ပိုင်ဆန္ဒနဲ့ နေနိုင်ကြတယ်"

"နတ်ဆိုးနယ်မြေက ဒီလောက်တောင် ဆိုးရွားတာလား"

မိစ္ဆာချောက်နက်က ပတ်ဝန်းကျင် အရှိန်အဝါ ဆိုးဝါးသော်လည်း ချီစွမ်းအင် ပေါကြွယ်ဝသောကြောင့် သေမျိုးလောထက် အဆပေါင်းများစွာ ပို၍ ကောင်းမွန်နေသည်။

"သေချာပြောရရင်တော့ ဘယ်နေရာမှ အကောင်းဆုံးလို့ မရှိပါဘူး"

"နောက်ကျရင် ဒီနေရာကိုရော ဖျက်ဆီးမှာလား"

"ငါက ဘာလို့ ဖျကိဆီးရမှာလဲ"

"နင့်ရန်သူတွေ ရှိတယ်မလား"

"ဟုတ်ချင်မှ ဟုတ်မှာပါ"

ယွမ်ရှောင်၏ စကားကြောင့် သူမက ဇဝေဇဝါဖြင့် ပြန်မေးလာသည်။

"ဘယ်လိုမျိုးလဲ"

"ငါ့အတွက် နံပတ်တစ်ရန်သူက လောလောဆယ်မှာ ကောင်းကင်ရုံးတော်ပဲ။ စာရင်းထဲမှာ ဒုတိယမြောက်ဆိုရင် လုဖန် ရှိတယ်။ ပြီးရင်တော့ နတ်ဆိုးနယ်မြေရဲ့ မယ်တော်ကြီးပေါ့။ သူမရဲ့ တည်ရှိမှုသက်သက်ကတင် နတ်ဆိုးတွေကို ငရဲခံခိုင်းထားတယ်။ ပြီးတော့ ပိုင်အာကိုလည်း သေစေချင်နေမှတော့ နံပတ်သုံးပဲ။ မိစ္ဆာချောက်နက်အတွက်ကတော့ မိစ္ဆာမျက်လုံးနဲ့ တွေ့ကြည့်ရမှာပဲ။ ရန်သူလား မိတ်ဆွေလား ဆုံးဖြတ်ဖို့ မင်းကို လွှတ်လိုက်တာလေ။ အခုတော့ ငါတို့ကြားထဲမှာ ပြဿနာ မရှိသေးဘူး"

ယွမ်ရှောင်က ရှင်းပြလိုက်ပြီး ပြန်လည် သင့်မြတ်ရန် မဖြစ်နိုင်သော ရန်သူသုံးယောက် ရနေပြီဖြစ်ရာ မဟာမိတ်တစ်ယောက် တိုးလာလျှင် ပို၍ ကောင်းပေလိမ့်မည်။ သူက မိစ္ဆာမျိုးနွယ်ကို အခွင့်အရေး ပေးချင်နေပြီး ပူဇော်သက္ကာရ ပြစ်မှုများတွင် မိစ္ဆာချောက်နက် ပါဝင်ပတ်သက်သည်ဟု မကြားဖူးသောကြောင့်လည်း ဖြစ်၏။

"ကောင်းပြီ။ ဒါဆိုရင် ငါ ဘာဆက်လုပ်ရမလဲ သိပြီထင်တယ်။ သူတို့တွေ နင်နဲ့ ရန်သူ ဖြစ်မလာအောင် အတတ်နိုင်ဆုံး ကြိုးစားမယ်။ ငါက မိစ္ဆာမျိုးနွယ်ဝင်တစ်ယောက်ဆိုတော့ သူတို့ကို ချစ်မြတ်နိုးတယ်။ ပြီးတော့ မိစ္ဆာမျိုးနွယ်အားလုံးအတွက် လမ်းကြောင်းတစ်ခု ရှိလာဖို့လည်း မျှော်လင့်ပါတယ်"

စစ်မင်းသမီး၏ မျက်လုံးများက ဆုံးဖြတ်ချက်ချလိုက်ဟန်ဖြင့် ဖြတ်ခနဲ အရောင်လက်သွားကာ စိတ်အားထက်သန်စွာ ကြေညာလိုက်လေသည်။

အပိုင်း ၆၇၈ - မိစ္ဆာမျက်လုံးနှင့် တွေ့ဆုံခြင်း

"ယုံရခက်ပေမယ့် မင်းက တော်တော်လေး စိတ်ထားနူးညံ့တာပဲ"

ယွမ်ရှောင်က ရယ်မောလိုက်သောအခါ စစ်မင်းသမီးမှ ပြန်လည် ချေပသည်။

"လောကကြီးမှာ စစ်ပွဲတွေ ကင်းစင်ပြီး ကိုယ့်အမျိုးအနွယ်တွေအတွက် ပိုကောင်းတဲ့ ဘဝကို မျှော်လင့်တာလေ။ စိတ်ထားနူးညံ့တာနဲ့ ဘာဆိုင်လို့လဲ"

"မင်း ပြောတာ မှန်ပါတယ်။ ဒါပေမယ့် တစ်ခုတော့ မှားနေတုန်းပဲ။ အခု မင်းကိုယ်ထဲမှာ စီးဆင်းနေတဲ့ သွေးတွေက မင်းမိဘရဲ့ မိစ္ဆာသွေး မဟုတ်ဘဲ ငါ့သွေးတွေ ဖြစ်နေပြီနော်"

"သွားစမ်းပါ။ ရွံစရာကြီး"

သူမက စိတ်အနှောင့်အယှက် ဖြစ်သွားဟန်ဖြင့် မောင်းထုတ်လိုက်သော်လည်း နှစ်ယောက်သား ရန်ဖြစ်လေလေ၊ ရင်ခုန်လေလေ ဖြစ်ကာ အကြောင်းပြချက် ရှာမရပေ။ ယွမ်ရှောင်သည် ကျောက်ရန်ရန်၊ ချန်ရီတို့နှင့် တစ်ခါမှ ရန်မဖြစ်ဖူးကြောင်း သိထားကာ သူမနှင့်သာ ဇနီးမောင်နှံပမာ အချေအတင် ဖြစ်သည်ကို သဘောကျနေပုံပေါ်သည်။ တစ်နေ့နေ့တွင် ဤဆက်ဆံရေး ပျောက်ကွယ်သွားမည်ကို သူမ စိုးရိမ်သဖြင့် အတွေးများနေစဥ် ယွမ်ရှောင်၏ စကားသံကြောင့် အတွေးကမ္ဘာထဲမှ ထွက်လာရ၏။

"ရောက်ပြီ"

သူမ လှမ်းကြည့်လိုက်သောအခါ မိုးကုပ်စက်ဝိုင်းတွင် မီးတောက်ဝပမာ အပေါက်ကြီးတစ်ခု ရှိနေပြီး အထက်တွင် အနီရောင်နှင့် အနက်ရောင် မီးခိုးများ ထူထပ်စွာ ရောယှက်နေသည်။ ၎င်းပတ်ပတ်လည်တွင် မျိုးနွယ်ပေါင်းစုံမှ မိစ္ဆာ အမြောက်အများကို ထူးဆန်းစွာ အုပ်စုလိုက် စုဝေးနေကြ၏။ ယင်မိစ္ဆာများက လူသားနှင့် အနီးစပ်ဆုံး တူညီသောကြောင့် လူသားလောကတွင် မကြာခဏ မြင်ရတတ်ပြီး အချို့သော ကျင့်ကြံသူများဆိုလျှင် ကြွားဝါရန်အတွက် အစေခံအဖြစ်ပင် မွေးမြူတတ်ကြသည်။ တိုက်ခိုက်ရေးစွမ်းအား မည်သို့ဖြစ်ပါစေ၊ ယင်မိစ္ဆာများက စျေးကောင်းပြီး ဤအကြောင်းပြချက်ကြောင့် မိစ္ဆာအသိုင်းအဝိုင်းထဲတွင် ဖယ်ကျဥ်ခံရကာ မောင်းထုတ်ခံရမတတ်ပင်။ သူမ ရွေးချယ်ခဲ့သည်မှာ အထီးကျန်၍ အာဏာနှင့် ထင်ပေါ်ကျော်ကြားမှုမရှိဘဲ မေ့ပျောက်ခံထားရသော အုပ်စုတစ်စု ဖြစ်သည်။

"ရပ်စမ်း"

ထို့ကြောင့် မီးတောက်ပေါက်နားသို့ စစ်မင်းသမီး ချဥ်းကပ်လာသောအခါ တားမြစ်ရန် ပုံရိပ်အချို့ ထွက်ပေါ်လာကြ၏။ လေထဲတွင် အရိပ်မိစ္ဆာ ခုနစ်ကောင် မျောလွင့်ပြီး မျက်နှာကို မြူများဖြင့် ဖုံးကွယ်၍ ခပ်ရိုင်းရိုင်း လေသံဖြင့် မောင်းထုတ်ခဲ့ကြသည်။

"ဒီနေရာက မြင့်မြတ်တဲ့ မိစ္ဆာမျက်လုံးရဲ့ နေရာပဲ။ ညစ်ညမ်းနေတဲ့ ယင်မိစ္ဆာတွေက ခြေချဖို့ မထိုက်တန်ဘူး။ ဝေးဝေးသွားစမ်း"

သူမသည် မိစ္ဆာမျိုးနွယ်များအတွက် ကောင်းမွန်သော အနာဂတ်ကို မျှော်လင့်ထားသော်လည်း သူတို့ကမူ ရှောင်ဖယ်နေကြ၏။ မိစ္ဆာမျက်လုံးသို့ ချဥ်းကပ်နိုင်ရန်အတွက် သူမက ဒေါသကို မျိုသိပ်၍ ပြန်ပြောလိုက်ရသည်။

"အရှင်ရှူ ပြင်းပြင်းထန်ထန် ဒဏ်ရာရထားပြီး အသက်ငင်နေတာကို တွေ့လို့ပါ။ သူက ငါ့ကို မြင့်မြတ်တဲ့ မိစ္ဆာမျက်လုံးဆီ ခေါ်သွားဖို့ အမိန့်ပေးခဲ့တယ်။ မဟုတ်ရင် ဘယ်လိုလုပ် ရှေ့တိုးရဲမှာလဲ"

အရိပ်မိစ္ဆာမျိုးနွယ်၏ ထိပ်တန်းဆယ်ယောက်အနက် တစ်ယောက် ဖြစ်သော ရှူ၏ အမည်ကို ကြားလိုက်ရသောအခါ သူတို့ မျက်နှာထား ပြောင်းလဲသွားကြသည်။ သူမက ပိုက်ကွန်ကို ကြိုတင်သိမ်းဆည်းထားပြီး ဖြစ်ကာ အနက်ရောင်စက်လုံးကို ကမ်းပေးလိုက်ရာ သူတို့၏ မျက်နှာများ မှုန်ကုပ်ကုပ် ဖြစ်ကုန်၏။

"အိပ်မောကျတဲ့ အခြေအနေမှာ ရှိနေတာပဲ။ ဒဏ်ရာက ပြင်းထန်လွန်းတယ်။ မဟာတာအိုနယ်မြေမှာ ရခဲ့တာ ဖြစ်မယ်"

"သူ့ကို မိစ္ဆာမျက်လုံးဆီ မြန်မြန်ခေါ်သွားကြ"

သူတို့က အလျင်စလို ရှေ့တိုးလာကာ ရှူကို သတိထား၍ ပွေ့ချီလိုက်ကြပြီး ချက်ချင်း ထွက်ခွာသွားကြရာ အထီး အမ စုံတွဲတစ်တွဲသာ ကျန်ရစ်၏။

"ကောင်းပြီ။ မင်းအလုပ် ပြီးပြီဆိုတော့ သွားနိုင်ပြီ"

အရိပ်မိစ္ဆာ အမက လေသံပျော့သွားသော်လည်း အထင်သေးသည့် ဟန်ပန် ရှိနေဆဲပင်။

"နေဦး။ အရှင်ရှူက သတိမရသေးဘူး။ ငါတို့နဲ့ လိုက်လာပြီး မိစ္ဆာမျက်လုံးကို မင်း သိထားသမျှ အကုန်ပြောပြလိုက်"

သို့ရာတွင် အရိပ်မိစ္ဆာ အထီးက တစ်ချက်စဥ်းစား၍ ဖိတ်ခေါ်လိုက်သောအခါ အမဖြစ်သူထံမှ မေးခွန်းထွက်လာ၏။

"သင့်တော်ပါ့မလား"

ယခင်က ယင်မိစ္ဆာများသည် လူသားမျိုးနွယ်၏ ဖျက်ဆီးမှုကြောင့် ကပြားကလေးငယ်များ မွေးဖွားခဲ့သည့် ဖြစ်ရပ်များစွာ ရှိ၍ မိစ္ဆာချောက်နက်အတွက် ညစ်ညမ်းမှု ဖြစ်နေသည်။ မိစ္ဆာများက ကိုယ့်မျိုးနွယ်အပေါ် အလွန်အထင်ကြီးကြသောကြောင့် ဤအရာမျိုးကို လုံးဝ သည်းမခံနိုင်ကြပေ။

"ဒီတစ်ယောက်က အခုမှ အရွယ်ရောက်တာလေ။ သန့်စင်လောက်ပါတယ်"

အထီးက ဤသို့ ပြောလိုက်သောအခါ စစ်မင်းသမီး၏ ရုပ်ရည်ကို မနာလိုဖြစ်သော အရိပ်မိစ္ဆာ အမက စိတ်ထဲမှ ကျိန်ဆဲလိုက်၏။ သို့သော် အထီးကောင်က ပို၍ အဆင့်အတန်း မြင့်မားသောကြောင့် ထပ်မံ၍ ကန့်ကွက်မနေဘဲ ငြိမ်နေခဲ့သည်။

"နာမည်ပြော"

"ရောင်ရောင်"

"ငါက မိုယန်၊ အဆင့်လေး မိစ္ဆာ စစ်သူကြီး"

အရိပ်မိစ္ဆာ အထီးက စစ်မင်းသမီးကို စိုက်ကြည့်နေပြီး မျက်လုံးများ စူးရှကာ ထိုးဖောက်မတတ် ဖြစ်လာသည်။

"နောက်က လိုက်ခဲ့။ ဟိုရောက်ရင် မေးမှ ဖြေ၊ ပြီးတော့ ငါနဲ့ ပေသုံးဆယ်ထက် ဝေးမသွားစေနဲ့"

"ဟုတ်ကဲ့"

မိုယန်၏ အေးစက်စက် အမိန့်ကို သူမက ရိုသေစွာ ခေါင်းညိတ်ပြသည်။

"မင်းကို သဘောကျနေတာ ထင်တယ်"

"သေလိုက်"

"ကဲပါ စိတ်မဆိုးနဲ့တော့။ မိစ္ဆာမျက်လုံးနဲ့ တွေ့ဖို့က ပိုအရေးကြီးတယ်နော်။ သွားတွေ့လိုက်ပါ"

မူလတွင် ယွမ်ရှောင်က စနောက်လိုက်သော်လည်း စစ်မင်းသမီး အမှန်တကယ် ဒေါသထွက်နေသဖြင့် ရပ်တန့်ကာ ချောမော့နေခဲ့သည်။ မျိုးနွယ်တူအချင်းချင်း လူမျိုးရေး ခွဲခြားဆက်ဆံခံရသည်ကို မည်သူမျှ သဘောမကျပေ။ အနွယ်တူ မိစ္ဆာများကပင် ညစ်ညမ်းသည်ဟု ဖယ်ကျဥ်ခြင်းမှာ အလွန်စိတ်အနှောင့်အယှက်ဖြစ်စရာ ကောင်းလှသည် မဟုတ်ပါလော။

"မိစ္ဆာမျက်လုံး နိုးထလာပြီ"

ထိုအခိုက်အတန့်တွင် မီးတောက်အဝမှ အော်သံများ ရုတ်တရက် ကျယ်လောင်စွာ ထွက်ပေါ်လာပြီး ပတ်ဝန်းကျင် တောင်တန်းများ လှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။ အရပ်မျက်နှာအသီးသီးမှ မိစ္ဆာပေါင်းသိန်းချီ စုရုံးရောက်ရှိလာကြပြီး ကြိတ်ကြိတ်တိုး စည်းကား၍ ရိုသေစွာ ဂါရဝပြုနေကြ၏။ နတ်ဆိုးချောက်နက်တွင် မယ်တော်ကြီးကို ကိုးကွယ်သည်နှင့် ဆင်တူသော်လည်း ကွာခြားသည်မှာ နတ်ဆိုးများကဲ့သို့ အကြောက်တရားဖြင့် မဟုတ်ဘဲ မိစ္ဆာများ၏ မျက်ဝန်းတွင် လေးစားယုံကြည်မှုများ ပြည့်နှက်နေသည်။

အခြေအနေကို အခွင့်ကောင်းယူကာ စစ်မင်းသမီးသည် မီးတောင်အဝသို့ လှမ်းကြည့်လိုက်သောအခါ ဆတ်ခနဲ တုန်ရီသွားသည်။ အောက်ဘက်တွင် သွေးနီရောင် ဧရာမ မျက်လုံးကြီး တည်ရှိပြီး ကြည့်နေစဥ်မှာပင် မျက်ခွံ ပွင့်လာခဲ့၏။ ၎င်းထံမှ အလင်းများ ထွက်ပေါ်လာသောကြောင့် မိစ္ဆာနယ်မြေ၏ ကောင်းကင်ကို လင်းထိန်သွားစေသည်။ မျက်လုံးသူငယ်အိမ်တွင် အမည်းရောင် မြွေများ ရစ်ပတ်လိမ်ယှက်နေကာ မိစ္ဆာဟူသော စာလုံးသဏ္ဍာန် ပုံဖော်ထားကြသည်။

"ဒါက ဘယ်လိုအမျိုးအစားလဲ။ ငါ တစ်ခါမှ မမြင်ဖူးဘူး။ မိစ္ဆာရော ဟုတ်ရဲ့လား"

"မဟုတ်ဘူး။ မျက်လုံးတစ်လုံးတည်းဆိုပေမယ့် မိစ္ဆာဆိုတာ ငါ ခံစားနိုင်တယ်။ မျက်လုံးထဲမှာ စီးဆင်းနေတဲ့ သွေးက အတူတူပဲ"

ယွမ်ရှောင်က ဇဝေဇဝါဖြင့် ရေရွတ်လိုက်သောအခါ သူမက ရှင်းပြ၏။

"ရှု"

ရှေးဟောင်းဆန်၍ အလွန်အိုမင်းသော အသံတစ်ခုက မိစ္ဆာမျက်လုံးထံမှ ရုတ်တရက် အက်ကွဲကွဲ ထွက်ပေါ်လာသည်။

"အရှင်၊ သူ ဒီမှာ ရှိပါတယ်"

အရိပ်မိစ္ဆာများက ရှူကို ရှေ့သို့ တွန်းပို့ပေးလိုက်သောအခါ အနီရောင်အလင်းတန်း ဖြာကျလာ၍ ဒဏ်ရာများကို ကုသပေးခဲ့၏။ သူက ပြန်လည် သတိရရချင်း ဝုန်းခနဲ ခုန်ထ၍ မိစ္ဆာမျက်လုံးရှေ့တွင် ချက်ချင်း ဒူးထောက်သည်။

"ကျေးဇူးတင်ပါတယ် အရှင်"

"မင်း သတင်းစုံစမ်းပြီးပြီလား"

ထိုမေးခွန်းကြောင့် သူ တုန်လှုပ်သွားကာ ခပ်တိုးတိုး တင်ပြလိုက်သည်။

"ဟုတ်ကဲ့"

"ပြောစမ်း"

"ကျုပ်တို့ နတ်ဆိုးတွေနဲ့ လုဖန်ဘက်မှာ ပူးပေါင်းပြီး ကောင်းကင်ရုံးတော်ကို ဆန့်ကျင်လို့ရတယ်။ ဒါပေမယ့် ဘယ်လိုအခြေအနေမျိုးမှာဖြစ်ဖြစ် လုယောင်ကိုတော့ သွားထိလို့ မဖြစ်ဘူး"

"ဘယ်သူမှ မင်းကို ယုံမှာ မဟုတ်ဘူး"

မိစ္ဆာမျက်လုံးက လေးနက်စွာ မှတ်ချက်ချလိုက်သောအခါ ရှူသည် လေးလံစွာ သက်ပြင်းချ၍ ဆက်လက် ရှင်းပြ၏။

"ကျုပ် သိပါတယ်။ ဒါပေမယ့် ကျုပ်ရဲ့ သတင်းကို ယုံကြည်ပေးပါ။ လက်ရှိအခြေအနေတွေက မိစ္ဆာချောက်နက်ကို အတင်းအကြပ် လှုပ်ရှားလာအောင် ဖိအားပေးနေတယ်ဆိုတာကို နားလည်ပါတယ်။ ဒါပေမယ့် လုယောင်ရဲ့ အစွမ်းက ကျုပ်တို့ တွေးနိုင်တာထက်ကို ကျော်လွန်နေပြီ။ မိစ္ဆာတိုင်းက ဒါကို အခွင့်အရေးတစ်ခုလို့ မြင်ပြီး အတင်းတိုက်ခိုက်ချင်နေရင်တောင် အရှင်ကတော့ ကျုပ်ရဲ့ ဆုံးဖြတ်ချက်ကို ယုံကြည်ပေးဖို့ မျှော်လင့်ပါတယ်"

"အင်း။ ဒါနဲ့ မင်းကို ပြန်ခေါ်လာပေးတာ ယင်မိစ္ဆာတစ်ကောင်လား"

ထို့နောက် မိစ္ဆာမျက်လုံးက ရုတ်တရက် မျက်ခွံပိတ်သွားပြီးနောက် မေးခွန်းထုတ်လာပြန်လေသည်။

All Chapters