အခန်း (၁၇၉-၁၈၀)
Vol. 51 Ch. 179-180
တစ်ဖက်လူက ယင်မိစ္ဆာအကြောင်း ထုတ်ပြောလာလိမ့်မည်ဟု ရှု တစ်ခါမျှ မျှော်လင့်မထားခဲ့ပေ။ သူက ဒဏ်ရာပြင်းထန်စွာ ရရုံသာ ဖြစ်ပြီး မသေဆုံးခဲ့သောကြောင့် မည်သူ ကယ်တင်ပေးသည်ဖြစ်စေ၊ မိစ္ဆာမျက်လုံး ကိုယ်တိုင် ထုတ်ဖော်ပြောဆိုရန် မတန်ချေ။ နားမလည်နိုင် ဖြစ်နေသော်လည်း သူက ဇဝေဇဝါဖြင့် ပြန်ဖြေ၏။
"ဟုတ်ပါတယ်။ ကျွန်တော့်ကို ပြန်ခေါ်လာတာ ယင်မိစ္ဆာမလေးပါ"
"သူ့ကို ခေါ်လိုက်စမ်း"
"ဟင်၊ အရှင်က တွေ့ချင်လို့လား"
သူက ဤအမိန့်ကြောင့် ပို၍ ဇဝေဇဝါဖြစ်သွားဟန်ဖြင့် မေးလိုက်သောအခါ မိစ္ဆာမျက်လုံးထံမှ အရောင်တစ်ချက် လက်ခနဲ ဖြစ်သွားသည်။ ဆိုလိုသည်မှာ ရှုက မလိုအပ်သော အပိုစကားများ ပြောနေခြင်း ဖြစ်သည်။ ထို့ကြောင့် သူက နာခံစွာ ခေါင်းညိတ်၍ မိုယန်အား အမိန့်လှမ်းပေးသည်။
"မိုယန်၊ ယင်မိစ္ဆာမလေးကို ခေါ်လာစမ်း"
မိုယန်သည်လည်း နားကြားမှားသည်ဟု ထင်လိုက်သောကြောင့် ပြန်မေးချင်သော်လည်း အထက်လူကြီးက ခွင့်မပြုခဲ့ပေ။
"မြန်မြန်လုပ်စမ်း"
"ဟုတ်ကဲ့"
မိုယန်က စစ်မင်းသမီးကို လိုက်လံရှာဖွေ၍ ထောင့်တစ်နေရာတွင် မြင်သောအခါ ပြတ်ပြတ်သားသား အမိန့်ပေး၍ လက်ဆွဲရန် လှမ်းလိုက်၏။
"ငါနဲ့ လိုက်ခဲ့။ ရှုက မင်းကို ခေါ်ခိုင်းလိုက်တယ်"
သူမက ထိုလက်ကို ရှောင်တိမ်းရန်အတွက် ယိမ်းနွဲ့သွားကာ အားစိုက်စရာမလိုဘဲ လွတ်မြောက်သွား၏။ မိုယန်သည်လည်း လေကိုသာ ဖမ်းမိလိုက်သဖြင့် ရှက်ကိုးရှက်ကန်းဖြင့် ဒေါသထွက်သွားသော်လည်း ရှု၏ အမိန့်ကို အမြန်ဆုံး ဖော်ဆောင်ရန် လိုအပ်သောကြောင့် စိတ်ထိန်းလိုက်ရသည်။
"သွားကြစို့"
သူက အေးစက်စက် တစ်ချက်ကြည့်၍ ရှေ့မှ ဦးဆောင်သွားကာ စုဝေးနေသော မိစ္ဆာအုပ်ကြီးသည် ရှဲခနဲ လမ်းဖယ်ပေးလိုက်ကြကာ စူးစမ်းနေကြသည်။
"မိုယန်က ယင်မိစ္ဆာကို ခေါ်လာတာလား"
"ဘာတွေ လုပ်ချင်နေတာလဲ"
ထိုအခိုက်အတန့်တွင် မိုယန်က ရှုရှေ့မှောက်တွင် အရိုအသေပေးကာ တင်ပြလျက်ရှိသည်။
"အမိန့်အတိုင်း ခေါ်ဆောင်လာပါပြီ"
"အရှင်မျက်လုံးက မင်းကို တွေ့ချင်နေတယ်။ စကားပြောရင် သတိထားပြီး အပြုအမူကို ဆင်ခြင်"
ရှုက စစ်မင်းသမီးကိုသာ စိုက်ကြည့်၍ လေးလေးနက်နက် သတိပေးလိုက်သောအခါ အနားရှိ မိစ္ဆာများ ကိုယ့်နားကိုယ် မယုံကြည်နိုင်အောင် ဖြစ်ကုန်ကြ၏။
"ဟုတ်ကဲ့"
မိစ္ဆာမျက်လုံးက တွေ့ချင်ရသော အကြောင်းအရင်းကို နားမလည်သော်လည်း ဖြစ်သမျှအကြောင်း ရင်ဆိုင်ရန်အတွက် သူမက အသင့်ပြင်ထားသည်။ နောက်ဆုံးတွင် သူမနှင့် ရှုသည် မီးတောက်ဝအတွင်း ဝင်ရောက်သွားကြသောအခါ အရိပ်မိစ္ဆာများ အကြည့်ချင်း ဖလှယ်နေသည့်အပြင် မိုရီ အမည်ရ တစ်ယောက်သည် မိုယန်ကို တံတောင်ဖြင့် တွတ်ကာ တီးတိုးမေး၏။
"ဒါက ဘာတွေဖြစ်နေတာလဲ။ သူက ဘာလို့ အရှင့်ဆီကို ဝင်ခွင့်ရသွားတာလဲ"
"ငါလည်း မသိဘူး"
မိုယန်၏ စိတ်ထဲတွင် ထိုယင်မိစ္ဆာမလေးကို ဖမ်းရန် လွဲချော်ခဲ့ခြင်းအပေါ် အတွေးရောက်နေသည်။ သို့သော် နိမ့်ကျအားနည်းသော ယင်မိစ္ဆာတစ်ကောင်က သူ့ထက် ပို၍ သန်မာနေခြင်းမှာ ဖြစ်နိုင်စရာ အကြောင်းမရှိပေ။
ရှုနှင့် စစ်မင်းသမီးက မိစ္ဆာမျက်လုံးရှေ့မှောက် ထွက်ပေါ်လာသောအခါ အကြည့်အားလုံး ဖမ်းစားခံလိုက်ရသည်။ မိစ္ဆာမျက်လုံးထံမှ ဖြာထွက်နေသော အလင်းရောင်က သူမအပေါ် ကျရောက်နေပြီး အမှန်တကယ် လှပစေသည်။ သို့ရာတွင် ခွန်အားသာ အရေးအကြီးဆုံး ဖြစ်သော ဤမျိုးနွယ်တွင် အလှအပသည် အထင်သေးဖွယ်ရာ အားသာချက်တစ်ခု ဖြစ်နေကာ အင်အားကြီးမားသူများ၏ ကစားစရာသာ ဖြစ်ရ၏။
"ကလေး၊ မင်းနာမည် ဘယ်လိုခေါ်လဲ"
သို့သော် မိစ္ဆာမျက်လုံးကမူ နူးညံ့သိမ်မွေ့သော လေသံမျိုးဖြင့် စကားစလိုက်သောအခါ အားလုံး တုန်လှုပ်သွားကြ၏။
"အရှင်၊ ကျွန်မက ရောင်ရောင်လို့ ခေါ်ပါတယ်"
သူမက ထောင်လွှားခြင်းမရှိ၊ အောက်ကျို့ခြင်းမရှိဘဲ ပြန်ဖြေလိုက်သည်။
"နာမည်ကောင်းပဲ။ မင်းက ရှုကို ကယ်တင်ပေးခဲ့မှတော့ ငါ့အနေနဲ့ လက်ဆောင်တစ်ခု ချီးမြှင့်လိုက်မယ်"
မိစ္ဆာမျက်လုံး၏ စကားမ်ားက မိစ္ဆာအုပ်ကြီးအကြား တီးတိုးဆွေးနွေးသံများ ဆူညံသွားစေသည်။ ဤကိစ္စက အသေးအဖွဲသာ ဖြစ်သော်လည်း အရှင်မျက်လုံးကိုယ်တိုင် ဆုချီးမြှင့်မည်ဟု ဆိုသောကြောင့် သူတို့အမြင်၌ မဖြစ်သင့်ချေ။
"မိစ္ဆာမျက်လုံးက ယင်မိစ္ဆာတွေကို ပြန်လက်ခံစေချင်တာလား"
"မဖြစ်နိုင်ဘူး။ လူသားတွေနဲ့ ပေါင်းဖက်နေတာမျိုးက လက်ခံနိုင်စရာ မရှိဘူး"
မိစ္ဆာများက မြက်တစ်ပင်မျှ မပေးသင့်ဟု ယုံကြည်ထားသော်လည်း အသံထွက် မပြောရဲသဖြင့် အတွေးများတွင်သာ ကန့်သတ်ထားသည်။ ထိုအချိန်တွင် မိစ္ဆာမျက်လုံးအတွင်း သွေးနီရောင် အလင်းများ စုစည်း၍ ရေစီးကြောင်းပမာ စီးထွက်လာကာ စစ်မင်းသမီး ရှေ့မှောက်တွင် ဆေဘာတစ်လက်အဖြစ် သိပ်သည်းသွားခဲ့၏။ ဓားက အပြည့်အဝ ရုပ်လုံးမပေါ်ခင်မှာပင် ကြောက်မက်ဖွယ် စွမ်းအား ထွက်ပေါ်နေပြီး မရေမတွက်နိုင်သော စစ်မြေပြင်များကို ဖြတ်သန်းလာသကဲ့သို့ ထင်မှတ်ရသည်။
"ဒါက ဘာလဲ။ ထာဝရ မိုးကြိုးဆေးအိုးနဲ့တောင် ယှဉ်နိုင်လောက်တယ်"
သူမ၏ နှလုံးသားအတွင်းမှ ယွမ်ရှောင်သည်လည်း ဤအနီရောင် ဆေဘာအကြောင်း နားလည်နိုင်ရန် အကဲဖြတ်လျက် ရှိ၏။ ဆေဘာ ထွက်ပေါ်လာသည်နှင့် တပြိုင်နက် တီးတိုးပြောဆိုနေသော မိစ္ဆာများလည်း တိတ်ဆိတ်ကာ နေရာတွင် တောင့်တင်းပြီး အံ့သြတကြီး ဖြစ်ကုန်သည်။ နောက်ဆုံးတွင် ဆေဘာက အပြည့်အဝ ထွက်ပေါ်လာသောအခါ ခြောက်ပေ ရှည်၍ ဗြက်လေးလက်မ ကျယ်ကာ ဓားကိုယ်ထည်တလျှောက် သွေးကြောများ ယှက်ဖြာနေပြီး ဓားရိုး၌ ကြေးကွင်းကိုးကွင်း တွဲလောင်းကျနေသည်။ အထင်ရှားဆုံးမှာ ဓားရိုးတွင် အသက်ဝင်လှုပ်ရှားနေသော မိစ္ဆာမျက်လုံး၏ ပုံစံငယ် မျက်လုံးတစ်လုံး ဖြစ်ကာ တန်ဖိုးကြီးမားလှ၏။
"ဒါက သွေးဆေဘာ"
မိစ္ဆာချောက်နက်၏ ဒဏ္ဍာရီလာ လက်နက်ဖြစ်သော သွေးဆေဘာကို မိစ္ဆာအများစုက ပထမဆုံးအကြိမ် မျက်မြင်တွေ့ဖူးခြင်း ဖြစ်သောကြောင့် မင်သက်နေကြ၏။ စိတ်လှုပ်ရှားကာ အံ့သြနေသော အငွေ့အသက်များ လေထဲတွင် ပြည့်နှက်ကာ ဤလက်နက်သည် မိစ္ဆာချောက်နက်တွင် လေးစားမှုနှင့် ထိုက်တန်ပေသည်။ သို့သော် ထွက်ပေါ်လာသည့် အခြေအနေက အနည်းငယ် ထူးဆန်းကာ မိစ္ဆာမျက်လုံး၏ ဆိုလိုရင်းမှာ လက်ခံနိုင်စရာ မရှိပေ။
"ဒါကို ဆုအဖြစ် ပေးမလို့တော့ မဟုတ်လောက်ပါဘူး"
"ရှုကို ခေါ်လာရုံလောက်က ဘယ်သူမဆို လုပ်နိုင်တာပဒ"
"အဲ့တာ အသာထားလိုက်ဦး။ ရှုအယောက်တစ်ရာ ဆိုရင်တောင် သွေးဆေဘာရဲ့ တန်ဖိုးကို မီလို့လားဟ"
မိစ္ဆာများသာမက ယွမ်ရှောင်ကိုယ်တိုင်ပင် မယုံနိုင်အောင် ဖြစ်နေခဲ့ပြီး မိစ္ဆာမျက်လုံး တစ်ခုခု သိရှိသွားကာ စစ်မင်းသမီးကို သတ်ဖြတ်လိုက်မည်အား စောင့်ကြည့်နေခဲ့ရသည်။ အမှန်အတိုင်း ပြောရလျှင် သူက ဤမိစ္ဆာမလေးအပေါ် ခင်တွယ်နေပြီ ဖြစ်ပြီး သေဆုံးခွင့် မပေးနိုင်ချေ။ ထိုအချိန်တွင် မိစ္ဆာမျက်လုံးက ဆေဘာကို စစ်မင်းသမီး၏ လက်အတွင်း ကိုယ်တိုင်ကိုယ်ကျ အပ်နှံလိုက်ပြီး ပေါ့ပေါ့ပါးပါး စကားဆိုသည်။
"ကလေး၊ ဒါကို ယူလိုက်။ စိတ်မပူနဲ့။ ဒါက ငါ မသုံးတော့တဲ့ အဟောင်းပစ္စည်းတစ်ခုပါပဲ"
မိစ္ဆာများက အုပ်စုလိုက် နေရာတွင် အေးခဲသွားပြီး ထူးဆန်းလှသော မြင်ကွင်းကို အိပ်မက်မက်နေသည့်အလား ထင်မှတ်နေကြ၏။ ၎င်းက အလွန်တရာ အဓိပ္ပါယ် ကင်းမဲ့ပြီး ဧကရာဇ်တစ်ပါးသည် သာမန်ပြည်သူထံ နန်းစွန့်ပေးလိုက်သည်နှင့် မခြားပေ။
"ဘာတွေ ဖြစ်ကုန်တာလဲဟ"
အနီးဆုံးတွင် ရှိနေသော ရှုသည်ပင် အသက်ရှူရပ်မတတ် ဖြစ်သွားကာ သူ၏ အသက်က ထိုမျှလောက် တန်ဖိုးမရှိကြောင်း အသိဆုံး ဖြစ်သည်။ ယခုထက် အဆပေါင်းထောင်ချီ သတ္တိရှိလျှင်တောင် သူက သွေးဆေဘာအပေါ် တပ်မက်လိုစိတ် မဖြစ်ဝံ့ချေ။
"ကလေး၊ မင်း လက်မခံဘူးလား"
မိစ္ဆာများ ရူးမတတ် ဖြစ်နေစဥ်မှာပင် ထပ်မံကြားလိုက်ရသော စကားကြောင့် စိတ်ဒဏ်ရာပင် ရသွားနိုင်လောက်၏။
"ယူလိုက်တော့"
အခြေအနေ ပိုမို တင်းမာလာနိုင်မည်ကို စိုးရိမ်သောကြောင့် ယွမ်ရှောင်က စစ်မင်းသမီးနှင့် ဆက်သွယ်ကာ ညွှန်ကြားပေးလိုက်ရသည်။
"မိစ္ဆာမျက်လုံးက ငါ့ဆီမှာ တစ်ခုခု ထူးခြားတာကို အသိအမှတ်ပြုသွားတာ သေချာပေါက်ပဲ။ ဒီဆေဘာကို ကိုင်လိုက်ရင် နောက်ဆုတ်ရခက်သွားနိုင်တယ်နော်"
"ယူခိုင်းရင် ယူလိုက်စမ်းပါ"
"ဒီအကောင်ကတော့..."
သူမက ခပ်တိုးတိုး ရေရွတ်လိုက်သော်လည်း ယွမ်ရှောင်မှာ အရေးမစိုက်သဖြင့် လည်ပင်းညှစ်သတ်ချင်စိတ် ပေါက်သွား၏။
"ဒီလက်ဆောင် အတွက် ကျေးဇူးတင်ပါတယ်။ နိမ့်ကျတဲ့ ကျွန်မက အလွန်ပဲ ဂုဏ်ယူမိပါတယ်"
သူမက ဒူးထောက်၍ ကြွေးကြော်ပြီး ဆေဘာ၏ ဓားလက်ကိုင်ရိုးထံ လက်လှမ်းလိုက်သောအခါ စိတ်ဝင်စားစရာ ကောင်းလာခဲ့သည်။ ဓားရိုးတွင် ရှိနေသော မျက်လုံးသည် သူမကို ခင်မင်နှစ်သက်နေဟန်ဖြင့် စိုက်ကြည့်ကာ ဆေဘာမှာလည်း မည်သည့်ခုခံမှုမျှ မရှိဘဲ ထိန်းချုပ်မှုအောက် နာခံစွာ ဝင်ရောက်လာ၏။ ခြောက်ပေ ရှည်သော ဓားကြီးကို ဆုပ်ကိုင်၍ မတ်တပ်ရပ်လိုက်သောအခါ သူမ၏ မြင့်မားသော အရပ်အမောင်းကြောင့် သြဇာအာဏာ ပြင်းထန်သည့် ဧကရီတစ်ပါး၏ ပုံရိပ်မျိုး ထွက်ပေါ်လာခဲ့သည်။
"တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်ပြီး ဆေဘာရဲ့ တန်ဖိုး မနိမ့်ကျစေရပါဘူး။ မိစ္ဆာချောက်နက်ကို အမြင့်ရောက်အောင် ပို့ဆောင်ပေးဖို့ ကျွန်မ သစ္စာဆိုပါတယ်"
သူမက ဆေဘာ၏ စွမ်းအားကို ခံစားသိရှိပြီးနောက် မိစ္ဆာမျက်လုံးကို အရိုအသေပေးရင် ကျယ်လောင်စွာ ကြေညာလိုက်သည်။ ဤအချက်က မရေမတွက်နိုင်သော မိစ္ဆာများကို လက်မခံလိုစိတ်ကြောင့် လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားစေကာ သောင်းကျန်းစပြုလာ၏။
"ပါးစပ်ပိတ်ထားစမ်း"
"ဒီလက်နက်အကြောင်းကိုတောင် မင်းက သိလို့လား"
"နိမ့်ကျတဲ့ ယင်မိစ္ဆာတစ်ကောင်က မိစ္ဆာချောက်နက်ကို အမြင့်ဆီ ခေါ်ဆောင်ပေးမယ် ဟုတ်လား။ မတန်မရာတွေ မပြောစမ်းနဲ့"
"သွားစမ်း။ လူ့ပြည်မှာ ကိုယ့်ကိုကိုယ် ရောင်းစားနေလိုက်"
အကြွင်းမဲ့ ခွန်အားအပေါ်တွင်သာ အဆင့်အတန်း ခွဲခြား၍ အုပ်ချုပ်သော မိစ္ဆာမျိုးနွယ်သည် အထင်သေးစကားများ အော်ဟစ်လိုက်ကြသည်။ သူတို့က စစ်ပွဲကို နှစ်သက်၍ သတ္တိရှိသော သူရဲကောင်းများကို လေးစားကာ အလှအပကို ဂရုမစိုက်ဘဲ ရဲစွမ်းသတ္တိနှင့် ခွန်အားသာ အရေးအကြီးဆုံး ဖြစ်လေသည်။
အပိုင်း ၆၈၀ - လမ်းပိတ်လျှင် လမ်းဖောက်
မြင့်မြတ်သော မိစ္ဆာမျက်လုံး ကိုယ်တိုင် ချီးမြှင့်လိုက်သည့်တိုင်အောင် ပိုင်ရှင်ထက် ရတနာက သာလွန်နေလျှင် မည်သည့်မိစ္ဆာမှ လက်ခံကြမည် မဟုတ်ပေ။ မကျေနပ်ချက်များ စတင် ပြောဆိုလာသည်နှင့် တပြိုင်နက် လေထုမှာ တင်းမာ၍ ထိန်းမနိုင်သိမ်းမရ ဆူညံသွားခဲ့သည်။
"အရှင်၊ ဒီဆုလာဘ်ကို ပြန်လည် ရုတ်သိမ်းပေးပါ"
"ယင်မိစ္ဆာ တစ်ကောင်နဲ့ သွေးဆေဘာက မထိုက်တန်ပါဘူး"
ထို့နောက် မိစ္ဆာများက တညီတညာတည်း ဒူးထောက်ချလိုက်ကာ နဖူးနှင့် မြေကြီးထိကပ်၍ တောင်းဆိုနေကြ၏။ သူတို့က မိစ္ဆာမျက်လုံးအပေါ် ရိုသေလေးစားကြောင်း ထင်ရှားပြီး မကျေနပ်သော်လည်း ကောင်းကောင်းမွန်မွန် ငြင်းဆန်ကြသည်။
"အသုံးမဝင်တော့တဲ့ ကိုယ်ပိုင် ဓားတစ်လက်ကို ဘယ်သူ့ဆီ ပေးမယ်ဆိုတာ ငါ့ဆုံးဖြတ်ချက် ချမယ်"
၎င်းက တည်ငြိမ်စွာ ပြောလိုက်သော်လည်း ပင်ပန်းနွမ်းနယ်နေပုံရပြီး ဆက်လက် ကြေညာသည်။
"ဒီကိစ္စ ပြီးပြီ။ မိစ္ဆာမျိုးနွယ်အချင်းချင်း တစ်ကိုယ်ကောင်းမဆန်ကြနဲ့။ မဟုတ်ရင် စည်းကမ်းအတိုင်း အရေးယူမယ်"
မည်သူမျှ နားမလည်နိုင်သောကြောင့် မိစ္ဆာများသည် မိစ္ဆာမျက်လုံး၏ ဆုံးဖြတ်ချက်အတွက် အကြောင်းပြချက် ရှိရမည်ဟု ယုံကြည်ချင်သော်လည်း အတွင်းစိတ်ထဲတွက် လက်မခံနိုင်ကြပေ။
"မိစ္ဆာချောက်နက်ရဲ့ အနာဂတ်က နှစ်ရက်အတွင်း အဆုံးအဖြတ် ဖြစ်လာလိမ့်မယ်။ စစ်ပွဲအတွက် ပြင်ဆင်ဖို့ အာရုံစိုက်ထားကြ"
ထို့နောက် ၎င်း၏ အကြည့်မှာ မှေးမှိန်လာကာ သိသိသာသာ ပင်ပန်းသွားပြီး မျက်ခွံ တွဲကျ၍ ဖြည်းဖြည်းချင်း ပိတ်သွားတော့သည်။ မီးတောက်ဝသို့ အနီရောင် ဆည်းဆာက ကျရောက်ပြီဖြစ်သော်လည်း ဆက်လက် တိတ်ဆိတ်နေ၏။ မိစ္ဆာများက စစ်မင်းသမီးကို အေးစက်စက် စိုက်ကြည့်နေကာ နားဝင်ဆိုးလှသော ကျိန်ဆဲသံများ ထွက်ပေါ်လာပေတော့မည်။
"အရှင်က အကြောင်းပြချက် ရှိပါလိမ့်မယ်။ အကုန်လုံး စိတ်အေးအေးထားကြ။ အချိန်ကျရင် အဖြေ သိမှာပါ"
ရှုက တင်းမာမှုကို လျှော့ချရန်အတွက် ပြောလိုက်ခြင်း ဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ၊ ယင်မိစ္ဆာမလေးသည် သွေးဆေဘာကို မထိန်းချုပ်နိုင်လျှင် သူတို့ထံ ပြန်ရောက်လာပေလိမ့်မည်။ မိစ္ဆာမျက်လုံးသည် သူတို့အပေါ် စိတ်ပျက်စရာ ဆုံးဖြတ်ချက်မျိုး မပေးခဲ့ဖူးချေ။ ဤအတွေးများကြောင့် သူတို့က ဖြည်းဖြည်းချင်း စိတ်ငြိမ်သွားကာ တစ်ဖက်လူအပေါ် ရန်လိုနေရာမှ စိန်ခေါ်စူးစမ်းလိုသော အကြည့်မျိုး ပြောင်းလဲကုန်သည်။
"ငါ ထပ်ပြောမယ်။ ဘယ်သူမှ သွေးဆေဘာကို လုခွင့် မရှိဘူး။ မဟုတ်ရင် ငါ့အဆိုးမဆိုနဲ့"
ရှုက ခြိမ်းခြောက်လိုက်သော်လည်း ရိုးရှင်းသော အမှန်တရားကို အားလုံး နားလည်ထားကြသည်။ သွေးဆေဘာကို ပိုင်ဆိုင်ရန် အရည်အချင်း မပြည့်မီလျှင် လုယူလျှင်လည်း အကြောင်းမထူးပေ။ ထို့အပြင် မိစ္ဆာမျက်လုံး၏ ဆုံးဖြတ်ချက်ကို ကလန်ကဆန် လုပ်မိသော မည်သည့်ငမိုက်သားမဆို အဆုံးသတ် ဆိုးရွားပေလိမ့်မည်။
"ငါသာ ကြိုသိခဲ့ရင် ဒီကောင်မကို သတ်ပစ်လိုက်ပါတယ်"
အရိပ်ထဲတွင် ရှိနေသော မိုရီက အံကြိတ်၍ ပြောဘိုက်သောအခါ မိုယန်မှာ လှောင်ရယ်လိုက်၏။
"ပါးစပ် ပိတ်ထားစမ်း။ အရှင်က သူမကို အသုံးချဖို့ ဖြစ်လောက်တယ်။ သနားစရာ နယ်ရုပ်လေးပေမယ့် အသုံးဝင်လို့ နေမှာ"
၎င်းက ယုတ္တိရှိသော အကြောင်းပြချက်ဖြစ်၍ မိစ္ဆာများ လက်သင့်ခံနိုင်ပြီး စစ်မင်းသမီးအပေါ် တစ်စက်ကလေးပင် အထင်ကြီးလေးစားခြင်း မရှိချေ။
"စစ်ပွဲနဲ့ ပတ်သက်ပြီး ဘာဆက်လုပ်မလဲ"
"လုဖန်က သုံးရက်အတွင်း မဟာတာအိုအစီအရင်ကို သိမ်းပိုက်ဖို့ နည်းလမ်း ရှိတယ်လို့ ပြောသွားတယ်။ ဒါသာ ပြိုလဲသွားရင် ကောင်းကင်ရုံးတော်က တိုက်ခိုက်စရာမလိုဘဲ ပြိုလဲသွားလိမ့်မယ်။ သခင်ရှူ ဘာဆက်လုပ်မလဲ ဆိုတာ စောင့်ကြည့်ရသေးတာပေါ့"
မိုရီနှင့် မိုယန်က ဤအကြောင်း ဆွေးနွေးနေစဥ် ရှုသည် စစ်မင်းသမီးကို ခေါ်ဆောင်၍ လာနေပြီဖြစ်သည်။
"မိုယန်၊ သူ့မှာ တရားဝင်အဆင့်အတန်း မရှိသေးဘူး။ အခုကစပြီး မိစ္ဆာစစ်တပ်ထဲမှာ ပူးပေါင်းခိုင်းလိုက်။ မင်းလက်အောက်ကို ငါ တာဝန်ချပေးလိုက်မယ်"
"ဟုတ်ကဲ့ပါ သခင်"
ရှု၏ တင်းမာသော အမိန့်ကို မိုယန်က ကြိုတင်မျှော်လင့်ထားသည့်အလား တစ်ချက်ပြုံး၍ ခေါင်းညိတ်နာခံသည်။ သွေးဆေဘာကို မလုမိစေရန် နောက်တစ်ကြိမ် သတိပေးပြီးနောက် သူက လေထဲတွင် ဖြတ်ခနဲ ပျောက်ကွယ်သွား၏။
"အခြေစိုက်စခန်းကို ပြန်ပြီး စစ်ပွဲအတွက် ပြင်ဆင်ကြစို့။ မင်းကို တစ်ခု ပြောထားမယ်။ သွေးဆေဘာကို ရထားလို့ဆိုပြီး အထူးအခွင့်အရေး ပေးမယ်လို့ မမျှော်လင့်နဲ့"
"နားလည်ပါပြီ"
မိုယန်က စစ်မင်းသမီးကို စိုက်ကြည့်၍ ခပ်ပြတ်ပြတ် သတိပေးသောအခါ တည်ငြိမ်စွာ တုံ့ပြန်လိုက်သည်။ သူမက အရိပ်မိစ္ဆာများနှင့် လိုက်ပါသွား၍ မိစ္ဆာအုပ်ကြီးမှာလည်း တိုးတိုးတိတ်တိတ် ဆွေးနွေးပြောဆိုရင်း လူစုခွဲလိုက်ကြသည်။ အခြေစိုက်စခန်းက စစ်မတိုက်မီ ယာယီစခန်းတစ်ခု ဖြစ်ပြီး အရိပ်မိစ္ဆာများနှင့် သက်ဆိုင်၏။ သူတို့က ကိုယ်ပျောက်စွမ်းရည် ထူးချွန်သောကြောင့် ကင်းထောက်ရန်နှင့် လုပ်ကြံသတ်ဖြတ်ရန် တာဝန်ယူကြပြီး မိစ္ဆာချောက်နက်၏ အဆင့်မြင့် မျိုးနွယ်တစ်ခု ဖြစ်သည်။ မီးတောင်အဝနှင့် မနီးမဝေးတွင် ၎င်းစခန်းကို တည်ဆောက်ထားကာ လက်ရာအကြမ်းဆန်ပြီး အနက်ရောင် ခြယ်ထားသော်လည်း အစီအရင်များဖြင့် အားဖြည့်ထား၏။ သတင်းများ ပျံ့နှံ့နေပြီ ဖြစ်သောကြောင့် စစ်မင်းသမီးအပေါ် အရိပ်မိစ္ဆာများ၏ ရိုင်းစိုင်းသော ဝေဖန်ချက်များ နေရာတိုင်း ရှိနေသည်။
"သူတို့က မင်းကို ဒီလောက်အထိ စော်ကားပြောဆိုနေတာတောင် မိစ္ဆာမျိိုးနွယ်အပေါ် ဂရုစိုက်တုန်းလား"
"ဟုတ်တယ်။ ငါ ဂရုစိုက်တယ်"
ယွမ်ရှောင်၏ မေးခွန်းကို သူမက ရိုးရှင်းစွာ အဖြေပေးသည်။
"မင်းက သည်းခံလွန်းနေတာ မဟုတ်ဘူးလား။ ငါသာဆို အကုန်သတ်ပစ်ပြီးပြီ။ ဒါမှမဟုတ် အနည်းဆုံးတော့ လျှာတွေ ဖြတ်ပစ်လောက်တယ်"
သူက ရယ်မော၍ မှတ်ချက်ချလိုက်သောအခါ သူမကို အံကြိတ်မိစေသည်။
"ငါက နင် မဟုတ်ဘူး။ သူတို့က ယင်မိစ္ဆာတွေကို အထင်သေးတာက တကယ်လည်း အားနည်းလို့ပဲ။ ကိုယ့်ကိုကိုယ် မကာကွယ်နိုင်တဲ့အပြင် သူတို့ကိုပါ ဆွဲချသွားသလို ဖြစ်နေတယ်။ ဒါကြောင့် ကိုယ့်ကိုကိုယ် သက်သေပြပြီး ယင်မိစ္ဆာမျိုးနွယ် အားမနည်းကြောင်း ပြရမယ်"
သူမက စိတ်ထဲတွင် ယွမ်ရှောင်နှင့် ဆွေးနွေးနေစဥ် မိုယန်သည် အမှောင်ခန်းတစ်ခုသို့ ခေါ်ဆောင်လာကြောင်း သတိပြုမိလိုက်သည်။ မိုရီသည် အစီအရင်ဖြင့် ကာကွယ်ထားသော တံခါးကို ဒိုင်းခနဲ ပိတ်ချလိုက်သောအခါ အခန်းထဲတွင် သုံးယောက်သာ ကျန်ရစ်၏။
"ဒါက ဘာလုပ်တာလဲ"
"မိစ္ဆာစစ်တပ်ရဲ့ လုပ်ထုံးလုပ်နည်းအရ ခန္ဓာကိုယ်စစ်ဆေးတာက ပုံမှန်ပဲ"
မိုယန်က တစ်ချက်ပြုံး၍ သူမအပေါ် စိုက်ကြည့်ကာ ပြောလိုက်သကဲ့သို့ မိုရီလည်း ချဥ်းကပ်လာသည်။
"အဝတ်အစားချွတ်လိုက်။ လုပ်ငန်းစဥ်ကို ငါ ညွှန်ကြားမယ်"
"သူ့ရှေ့မှာလား။ ဒါက မသင့်တော်ဘူး"
စစ်မင်းသမီးက မိုယန်ကို လက်ညှိုးထိုးပြလိုက်သောအခါ မိုရီမှာ ဟားတိုက်ရင်း လှောင်ရယ်နေခဲ့သည်။
"မင်းလို ယင်မိစ္ဆာတွေက ယောကျ်ားတွေကို အစေခံဖို့ ငယ်ငယ်ထဲက လေ့ကျင့်ထားတာ မဟုတ်ဘူးလား။ အပိုတွေ သရုပ်ဆောင်မနေနဲ့"
"သေလိုက်"
တစ်ချိန်တည်းမှာပင် သူမ၏ လက်ထဲတွင် ဆုပ်ကိုင်ထားသော သွေးဆေဘာသည် မိုရီခေါင်းအပေါ် လက်ခနဲ ပိုင်းချပစ်လိုက်သည်။
"ဘန်း"
လှောင်ရယ်နေသော အရိပ်မိစ္ဆာမသည် အလယ်မှ နှစ်ခြမ်းကွဲထွက်ကာ ဘေးသို့ လွင့်ထွက်သွား၍ နှုတ်ခမ်းပင်လျှင် ဒေါင်လိုက် နှစ်ပိုင်း ပြတ်နေ၏။
"မင်း..မင်း မိစ္ဆာစစ်သူကြီး တစ်ယောက်ကို သတ်ရဲတယ်ပေါ့"
သွေးထက်သံယို မြင်ကွင်းကြောင့် မိုယန်မှာ အလန့်တကြား ဖြစ်နေရာမှ ဒေါသတကြီး ငေါက်ငမ်းသည်။
"ဒီလောက်နဲ့ ပြီးသွားတာ ကံကောင်းတယ် မှတ်လိုက်"
စစ်မင်းသမီး၏ ခန္ဓာကိုယ်ပတ်လည်တွင် သွေးနဂါးများ ရစ်ပတ်၍ ကပ်ဘေးမိစ္ဆာသွေး ပွက်ပွက်ဆူလာသဖြင့် သွေးဆေဘာထံမှပင် ဟိန်းသံကြီး ထွက်ပေါ်လာသည်။ ဓားရိုးမှ မျက်လုံး၏ အကြည့်ကြောင့် မိုယန်မှာ နေရာတွင် တောင့်တင်းသွား၍ မင်သက်နေစဥ် ခေါင်းဖြတ်ခံလိုက်ရပြန်၏။ ထို့နောက် သူမက ဆံပင်မှ ဆွဲထားသဖြင့် ခေါင်းပြတ်အလောင်းကြီး လဲကျသွားစဥ် မိုယန်၏ မျက်လုံးများ ပြူးကျယ်နေသည်။
"မင်း...မင်း"
"နားညီးတယ်။ တိတ်စမ်း"
သူမက ဦးခေါင်းခွံကို ရိုက်ခွဲလိုက်သောအခါ သွေးများ နေရာအနှံ့ ပြန့်ကြဲကာ ကျေနပ်စွာ ရေရွတ်လိုက်သည်။
"ပေါက်ကွဲလိုက်တာ တော်တော်ခံစားလို့ ကောင်းတာပဲ"
"ဒါမှ ငါ့လူ။ ငါတို့က ကိုယ့်မျိုးနွယ်အတွက် သည်းခံနိုင်ပေမယ့် အမှိုက်တွေကိုတော့ ရှင်းပစ်ရမှာပဲ။ အရင်ဆုံး မျိုးနွယ်တူ ငမိုက်သားတွေကို အရင်သတ်၊ ပြီးမှ ရန်သူကို ဆက်သတ်လိုက်"
သူမ၏ နှလုံးသားအတွင်းမှ ကျေနပ်အားရနေသော ယွမ်ရှောင်၏ စကားသံ ပဲ့တင်ထပ်လာ၏။
"နင် ပြောတာ ဟုတ်သလိုလိုပဲ။ ဟွန့်၊ နင်ကမှ ငါ့ထက်တောင် ပိုပြီး မိစ္ဆာဆန်နေသေးတယ်"
တံငါနားနီးတံငါ ဆိုသကဲ့သို့ သူမသည်လည်း ယွမ်ရှောင်၏ အကျင့်များ စတင် ကူးစက်လာသဖြင့် မျက်စောင်းထိုးလိုက်၏။
"အတူတူပါပဲ။ အကောင်းနဲ့အဆိုးက မျိုးနွယ်အပေါ် မူတည်ပြီး သတ်မှတ်တာ မဟုတ်ဘူး"
"ဟုတ်ပါပြီရှင်"
သူမက ဤမျှဖြင့် မကျေနပ်သေးဘဲ မိုရီ၏ အလောင်းကို အစိတ်စိတ်အမွှာမွှာ ဖြစ်သည်အထိ တက်နင်းပစ်ကာ ဆက်မေးသည်။
"ဘာဆက်လုပ်ကြမလဲ"
"ဘာလုပ်ရမှာလဲ။ သတ်သင့်တာကို သတ်၊ စည်းရုံးသင့်တာ စည်းရုံးပေါ့။ မနာခံရင် သေလမ်း ရွေးခိုင်းလိုက်။ သူတို့ရဲ့ သွေးတွေက မင်းအတွက် တက်လမ်းပဲ။ လုံလုံလောက်လောက် သန်မာပြီဆိုရင် တကယ့်တိုက်ပွဲအတွက် ငါနဲ့ လာပူးပေါင်း"
ယွမ်ရှောင်၏ ညွှန်ကြားချက်များက သူမကို အမြင်ကျယ်သွားစေသည်။ ကျင့်ကြံရေး လမ်းကြောင်းတွင် ငြိမ်းငြိမ်းချမ်းချမ်း ဆွေးနွေးနေရုံဖြင့် မပြီးဘဲ သွေးခင်းလမ်း လျှောက်သင့်လျှင် သတ်ရပေလိမ့်မည်။ ယွမ်ရှောင်ထံမှ သင်ယူရသည်မှာ စိတ်လှုပ်ရှားစရာကောင်းပြီး သူမ၏ စိတ်ပျက်အားငယ်မှုများကို ဖွင့်ထုတ်ရန် အခွင့်အရေးများ ရရှိလာခဲ့၏။
"ဘုန်း"
ထို့နောက် သူမသည် သွေးများ စုပ်ယူလိုက်သဖြင့် ခြောက်ကပ်သွားသော မိုယန်၏ ခေါင်းပြတ်ကို ဆွဲကာ တံခါးအား ကန်ဖွင့်လိုက်သည်။ မဟာတာအို နယ်မြေဘက်တွင် ယွမ်ရှောင်သည် နတ်မိုးကြိုးဗျူရိုအတွင်း ကျင့်ကြံနေစဥ် ယုယင်မှ တံခါးခေါက်လိုက်သည်။
"ဘာကိစ္စလဲ"
"အနောက်နန်းဆောင်ရဲ့ မိဖုရားကျောက်က အရှင့်ကို တွေ့ချင်နေပါတယ်"
သူမက ခေါင်းငုံ့၍ ရိုသေစွာ အကြောင်းကြားလိုက်လေသည်။