← Chapters

အခန်း (၆၈၃-၆၈၄)

Vol. 51 Ch. 683-684

အခန်း (၆၈၃-၆၈၄)

Vol. 51 Ch. 683-684

အပိုင်း ၆၈၃ - မယ်တော်ကြီး၏ မေတ္တာ

မိဖုရားကျောက်သည် စကားအဆုံးတွင် သက်ပြင်းချကာ ကောင်းကင်ရုံးတော်အတွက် စိုးရိမ်တကြီး ဖြစ်နေဟန်ဖြင့် ညည်းတွားလိုက်သည်။

"ကောလဟာလဆိုတာ ဖြန့်ဖို့ လွယ်ပေမယ့် ဖြေရှင်းဖို့ ခက်ခဲတယ်"

ထိုအခိုက်အတန့်တွင် အကြည့်အားလုံးသည် ယွမ်ရှောင်ထံ ကျရောက်လျက်ရှိပြီး အသေးစိတ် အကဲခတ်နေကြသည်။ သူက တည်ငြိမ်သော အမူအရာဖြင့် ခေါင်းတညိတ်ညိတ်လုပ်ကာ တုံ့ပြန်စကားဆို၏။

"လူကြားထဲမှာ အပြစ်သားတွေ ရှိတယ်။ မကောင်းမှုလုပ်ထားရင် ဆုံးမပေးဖို့ လိုအပ်တာပါပဲ"

"သခင်လေးလုလိုမျိုး ကောင်းကင် မျက်နှာသာပေးတဲ့ ပါရမီရှင်က အပြစ်သားနဲ့ ပတ်သက်နေမှာ မဟုတ်ပါဘူး။ မဟုတ်မမှန် သတင်းဖြန့်တာတွေကို ပါးစပ်ပိတ်သွားအောင် လုပ်ပေးမယ်"

သူမက ကျေနပ်စွာ ပြုံး၍ မှတ်ချက်ချလိုက်သည်။ ထို့နောက် ယွမ်ရှောင်သည် အစည်းအဝေးတွင် ပါဝင်ဆင်နွှဲကာ မက်မွန်သီးများနှင့် သေရည်အချို့ သုံးဆောင်ပြီးနောက် ကျင့်ကြံရန် အကြောင်းပြချက် ပေး၍ ထွက်ခွာလာခဲ့သည်။ အမျိုးသမီး အင်မော်တယ်များက ဤလူချောလေးကို မခွဲနိုင်မခွာရက် ခံစားချက်များဖြင့် ကိုယ်စီ နှုတ်ဆက်ခဲ့ကြ၏။

"လုဖန်နဲ့ အင်ပါယာ ပူးပေါင်းပြီး အရှင့်ကို အန္တရာယ်ပေးဖို့ ကြံစည်နေတာလား"

အပြင်ရောက်သောအခါ သူ၏ မျက်နှာထားက ချက်ချင်း အေးစက်တင်းမာသွားသဖြင့် ယုယင်မှ မေးလိုက်ခြင်း ဖြစ်သည်။

"ထားလိုက်ပါ"

"သွားကယ်ကြမလား"

"ဒီအကြောင်း နောက်မှ ဆွေးနွေးမယ်"

သူက တည်တည်ငြိမ်ငြိမ် ပြန်ဖြေ၍ မိုးကြိုးဌာနသို့ ပြန်လည် ဝင်ရောက်သွားသော်လည်း တော်ဝင်နန်းတော် ရှိရာသို့ ကြည့်လိုက်သောအခါ ဒေါသတို့ ပွက်ပွက်ဆူနေသည်။

နာရကချောက်နက်၊ နတ်ဆိုးနယ်မြေ၏ ပျက်စီးချီပင်လယ်သည် မိစ္ဆာနယ်မြေ၏ မီးတောင်အဝနှင့် ယှဥ်နိုင်သော မြင့်မြတ်နေရာ ဖြစ်သည်။ အမျိုးမျိုးသော စွမ်းအင်များက ပျက်စီးချီအဖြစ် ပြောင်းလဲသွားကြပြီး လေ၊ မီး၊ မိုးကြိုး စသဖြင့် ဓာတ်ကြီးငါးပါး ချီများပင် မည်မျှ ရုန်းကန်နေပါစေ၊ မလွတ်မြောက်နိုင်ကြပေ။ ၎င်းသည် နတ်ဆိုးတိုင်း တောင့်တနေသော အထွတ်အမြတ်နေရာ ဖြစ်ပြီး တစ်ချိန်က အုပ်ချုပ်ရေးအတွက် နတ်ဆိုးရုံးတော် တစ်ခု တည်ရှိဖူးသော်လည်း စဥ်ဆက်မပြတ်သည့် စစ်ပွဲများကြောင့် မယ်တော်ကြီး မွေးဖွားလာသောအခါ အရာအားလုံး ကပြောင်းကပြန် ဖြစ်ကုန်သည်။ ယခင်က မျှမျှတတ ခွဲဝေပေးထားသော ပျက်စီးချီပင်လယ်မှာ သူမ၏ ကိုယ်ပိုင်ရတနာသဖွယ် ဖြစ်လာကာ အမြဲတမ်း အိပ်စက်နေသော်လည်း မည်သူ အသက်ရှင်၍ မည်သူ သေရမည်ကို ဆုံးဖြတ်နေခဲ့သည်။

လွန်ခဲ့သော ရက်အနည်းငယ်ကမူ ချွင်းချက်တစ်ခု ပေါ်ပေါက်လာကာ ပျက်စီးချီပင်လယ်အတွင်း စိတ်တိုင်းကျ ကူးခတ်နေသော မြေခွေးနတ်ဆိုးတစ်ကောင်ကို နတ်ဆိုးအချို့ မြင်တွေ့ခဲ့သည်။ မယ်တော်ကြီးက တားမြစ်ပိတ်ပင်ရမည့်အစား လူသားအသွင်ဖြင့် စောင့်ကြပ်ပေးနေကာ ပြုံးလျက်ရှိသည်။ သူမက သားဖြစ်သူ ရေကစားနေသည်ကို စောင့်ကြည့်နေသော မိခင်ပမာ ပြုမူနေ၏။ အစပိုင်းတွင် နတ်ဆိုးများက အလေးမထားကြသော်လည်း အချိန်ကြာလာသောအခါ တစ်စုံတစ်ယောက်သည် အံ့ဖွယ်ဖြစ်ရပ်ဆန်းကို သတိထားမိလာခဲ့သည်။

"မယ်တော်ကြီး"

တစ်ကိုယ်လုံး မည်းနက်ပြီး အမွေးအမျှင်များ ထူထဲသော နတ်ဆိုးကြီးတစ်ကောင်က စကားစလိုက်သည်။ ရက်စက်ကြမ်းကြုတ်သော မျက်နှာ၊ ဂျိုကြီးနှစ်ချောင်းနှင့် အရိုင်းဆန်ဆန် ပုံစံ ပေါက်သည့်အပြင် အမည်းရောင် သစ်မြစ်များ ဖြာထွက်နေသောကြောင့် ရှေးဟောင်း သစ်ပင်နတ်ဆိုးတစ်ကောင် ဖြစ်ကြောင်း သိနိုင်၏။

"သစ်ပင်ဘုရင်က မယ်တော်ကြီးကို စကားပြောနေတယ်"

သူက နတ်ဆိုးနယ်မြေတွင် လေးစားထိုက်သော ပုဂ္ဂိုလ်ကြီးတစ်ယောက် ဖြစ်သောကြောင့် နတ်ဆိုးများသည် အသက်ပင် မရှူဘဲ စောင့်ကြည့်နေကြသည်။

"ဒီကောင်က ပျက်စီးချီကို ကျုပ်တို့ နားလည်နိုင်တာထက် ပိုပြီး အသုံးပြုနေတယ်။ သူ ပင်လယ်ထဲကို ရောက်ကတည်းက နယ်ပယ်အတော်များများ ကျော်ဖြတ်ပြီး အခုဆိုရင် နှစ်ရက်တည်းနဲ့ ရွှေရောင်ဝိညာဥ်တောင် ဖြစ်ပေါ်လာတော့မယ်"

သစ်ပင်ဘုရင်က မျက်မှောင်ကြုတ်၍ အစီအရင်ခံလိုက်ပြီး ဤတွေ့ရှိချက်ကို နတ်ဆိုးအတော်များများလည်း သတိထားမိကြသည်။

"ဟုတ်ပါတယ်။ သူက အများကြီး ဝါးမျိုနေတယ်"

အခြားနတ်ဆိုးများက ထောက်ခံလိုက်ကြသော်လည်း အသံတိုးတိုးသာ ဖြစ်သောကြောင့် မယ်တော်ကြီးကို ကြောက်လန့်နေကြောင်း သိရသည်။

"ဆက်ပြောလေ"

မယ်တော်ကြီးက ပေါ့ပေါ့ပါးပါး လေသံဖြင့် အမိန့်ပေးလိုက်သော်လည်း သစ်ပင်ဘုရင်ကို တုန်လှုပ်သွားစေကာ ကပျာကယာ ဦးညွှတ်ချလိုက်၏။

"သူ့ကို လုဖန် စေလွှတ်လိုက်တာ ဖြစ်လို့ ထောင်ချောက်တစ်ခု ဖြစ်နိုင်တယ်။ ဒါပေမယ့် မယ်တော်ကြီးက အရာအားလုံး ကြိုသိထားမယ်လို့ ကျုပ် ယုံကြည်ပါတယ်"

"သူ့ကို ဒီကောင် ဟိုကောင်တွေ ခေါ်နေတာ ရိုင်းလိုက်တာ။ သူက ငါ့အတွက် ရတနာလေးပဲ"

သူမက မတ်တပ်ထရပ်လိုက်သောအခါ ကြီးမားခမ်းနား၍ သစ်ပင်ဘုရင်ကို အထက်စီးမှ ငုံ့ကြည့်နေသည်။

"ဟင်"

သူက ထိုစကားနောက်ကွယ်မှ ခြိမ်းခြောက်မှုကို ခံစားလိုက်ရသော အခိုက်အတန့်တွင် မယ်တော်ကြီး၏ ခေါင်းမှာ ဟောင်းလောင်းပေါက် ပါးစပ်ကြီးအဖြစ် ကျယ်ပြန့်လာကာ ကိုက်ဖြတ်ပစ်လိုက်သည်။

"မယ်တော်ကြီး အသက်ချမ်းသာပေးပါ။ ကျုပ် တောင်းပန်ပါတယ်"

သစ်ပင်ဘုရင်က အလန့်တကြားဖြင့် သနားစဖွယ် အော်ဟစ်လိုက်သော်လည်း အချည်းနှီးသာ ဖြစ်ပြီး ထက်ရှသော အစွယ်များအောက်တွင် ဖြည်းဖြည်းချင်း တိတ်ဆိတ်ငြိမ်သက်သွားတော့သည်။

"ဖူး..."

ထို့နောက် သူမက ထပ်ခါတလဲလဲ ကိုက်ဝါး၍ သွားညောင်းလာဟန်ဖြင့် ပင်စည်ကို ထွေးထုတ်ပစ်လိုက်ပြီး မြေပြင်ပေါ် ဘုန်းခနဲ ပြုတ်ကျသွားသည်။ နတ်ဆိုးများအကြား ကျောစိမ့်လောက်သော လေအေးတစ်ခု ဖြတ်တိုက်သွားကာ အသက်ပင်ရဲရဲ မရှူနိုင်တော့ဘဲ ခေါင်းငုံ့၍ နောက်ဆုတ်သွားရင်း လနတ်သားအကြောင်း မကောင်း မပြောမိစေရန် ဆုံးဖြတ်လိုက်ကြ၏။ သူတို့၏ စိတ်ထဲတွင် အကြောက်တရားမှ လွဲ၍ မရှိတော့ဘဲ သစ်ပင်ဘုရင် အစားခံလိုက်ရသော အကြောင်းအရင်းကိုပင် မေးခွန်းမထုတ်ဝံ့ကြပေ။

သစ်ပင်ဘုရင်ကို စားသောက်ပြီးနောက် မယ်တော်ကြီးသည် လူသားအသွင် ပြန်ပြောင်းကာ ကြီးမားတုတ်ခိုင်သော ခန္ဓာကိုယ်ကြီးဖြင့် ပျက်စီးချီပင်လယ်ထဲသို့ ပေါ့ပါးသွက်လက်စွာ ခုန်ချသွားခဲ့သည်။ လေထဲတွင် အဝတ်အစားများ လွင့်သွားသဖြင့် ရှစ်ပေမြင့်သော်လည်း ရင်သပ်ရှုမောဖွယ် လှပသည့် ကောက်ကြောင်းများ အတိုင်းသား ထွက်ပေါ်နေ၏။ အလောင်းများစွာ ဝါးမျိုထား၍ ညစ်ညမ်းသော အရှိန်အဝါကို မသန့်စင်ထားသော်လည်း အလှတရားမှာမူ မည်သူ့အောက်မှ မနိမ့်ချေ။

"ဗွမ်း"

လနတ်သားသည် ရုတ်တရက် ဆင်းသက်လာသော မယ်တော်ကြီးကို မြင်လိုက်ရသည်။ သူက အရပ်ခြောက်ပေခန့်သာ ရှိပြီး သူမနှင့် နှိုင်းယှဥ်လျှင် သေးငယ်သွားပုံပေါ်သည်။ လှပသော်လည်း သူ၏ စိတ်ထဲတွင် ကျောချမ်းလောက်စရာ ခံစားချက်သာ ရှိနေပြီး နောက်ဆုတ်မသွားခဲ့ပေ။ အမှန်တကယ်အားဖြင့် ကိုယ်ပွားသာ ဖြစ်သော်လည်း ယွမ်ရှောင်၏ အကျင့်စရိုက်အတိုင်း ဖြစ်ကာ လွယ်လွယ်နှင့် ကြောက်လန့်တတ်သော လူစားမျိုး မဟုတ်ချေ။

"လာ၊ လာ ဖက်ကြည့်ရအောင်"

မယ်တော်ကြီးက ခပ်ဖျော့ဖျော့ ပြုံးပြ၍ လက်နှစ်ဖက်ဆန့်တန်းကာ ဖိတ်ခေါ်နေသည်။ အလောင်းပေါင်း မရေမတွက်နိုင်အောင် ဝါးမျိုစားသောက်ထားသဖြင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်နေခြင်းမျိုး ဖြစ်နိုင်၏။ လနတ်သားက ရှေ့တိုးလာသောအခါ သူမသည် အလျင်အမြန် ဆွဲဖက်၍ ရင်ခွင်အတွင်း ထည့်ထားခဲ့သည်။

"အချစ်ကလေး"

သူမက မြေခွေးနားရွက်ကို ပွတ်သပ်ဆော့ကစားရင်း ချွဲချွဲနွဲ့နွဲ့ ပြောလိုက်သောအခါ လနတ်သားမှာ အံကြိတ်၍ ချီးကျူးနေရသည်။

"မယ်တော်ကြီးရဲ့ အထိအတွေ့က နွေးထွေးနေတာပဲ"

"ကဲ..ကဲ ရေကူးချေ။ သွားဆော့တော့"

နာကျည်းချက်များနှင့် အလောင်းကောင်များ စုပေါင်းရာမှ ဖြစ်တည်လာသော အလောင်းနတ်ဆိုးကို မည်သူမျှ နွေးထွေးသည်ဟု မပြောဖူးသဖြင့် သူမက သိသိသာသာ ပျော်ရွှင်နေသည်။ ထို့နောက် သူမက လက်လွှတ်ပေးလိုက်သောအခါ လနတ်သားသည် မည်သည်မှ ဂရုစိုက်မနေဘဲ ပျက်စီးချီများအကြား ဆက်လက် စုပ်ယူလိုက်၏။ သစ်ပင်ဘုရင်၏ အဖြစ်ဆိုးကို မြင်သောအခါ ထွက်ပြေးရန် နီအန်ဝိညာဥ်နှင့် တိုင်ပင်ထားပြီးဖြစ်သော်လည်း ဆက်လက် အဆင့်တက်ရန် အခွင့်အရေး ရှိနေသောအခါ မလိုအပ်တော့ပေ။ ထို့ကြောင့် အခြားနတ်ဆိုးများ ကြောက်လန့်စွာ ကြည့်နေသော မြင်ကွင်းတွင် သူက တပ်မက်စရာ ပျက်စီးချီများကို စိတ်တိုင်းကျ သုံးဆောင်ပစ်လိုက်လေသည်။

"အဆင်ပြေလွန်းနေတယ်။ နတ်ဆိုးနယ်မြေဘက်မှာ မယ်တော်ကြီးက ငါ့ကိုယ်ပွားကို အလေးပေးတယ်။ မိစ္ဆာမျက်လုံးကလည်း သွေးကျွန်ကို ဂရုစိုက်တယ်။ ဖြစ်ရပ်နှစ်ခုက ထူးထူးခြားခြား တူညီပြီး လနတ်သားနဲ့ စစ်မင်းသမီး နှစ်ယောက်လုံး သက်ဆိုင်ရာ အရှင်သခင်တွေ အာရုံကို ဖမ်းစားနိုင်ခဲ့တယ်"

ယွမ်ရှောင်က အတွေးနက်နေရင်း လနတ်သားကို ပျက်စီးချီများဖြင့် ကျင့်ကြံ၍ အမြင့်သို့ ပျံသန်းရန် ညွှန်ကြားထားသည်။ မယ်တော်ကြီး၏ မျက်နှာသာပေးမှုကြောင့် ပိုမို အရည်အသွေးမြင့်သော ချီများကို ဝါးမျိုစားသောက်ရန် သူက ပင်လယ်ကြမ်းပြင်သို့ ရေငုပ်ဆင်းသွားခဲ့၏။

"စိတ်တိုင်းကျ စားသောက်ပစ်လိုက်ဦးမယ်"

သူက မူလအသွင်ဖြစ်သော အမြှီးခြောက်ချောင်း ငွေရောင်မြေခွေးအဖြစ် ပြောင်းလဲကာ ဧရာမ ဝဲတစ်ခုအလား ပျက်စီးချီများကို တဝေါဝေါ စုပ်ယူပစ်လိုက်လေသည်။

အပိုင်း ၆၈၄ - ကြယ်တာရာ အတားအဆီးများ ပျောက်ကွယ်ခြင်း

စွမ်းအင်များက ဒီရေလှိုင်း ဝင်ဆောင့်လိုက်သည့်ပမာ လနတ်သား၏ ခန္ဓာကိုယ်အတွင်း အလုံးအရင်း ဝင်ရောက်လာပြီး သန်မာစေခဲ့သည်။ ကိုယ်ပွား၏ ရုပ်ပိုင်းဆိုင်ရာက အကန့်အသတ်ရှိသော်လည်း နီအန်သားရဲကို ဝါးမျိုနိုင်ခဲ့သောကြောင့် အခြေခံအားဖြင့် အဆင့်မြင့် အုတ်မြစ်တစ်ခု ချထားနိုင်၏။ ၎င်း၏ ဖန်ဆင်းရှင်မျိိုးစေ့က အလွန်အားကောင်းပြီး ရေတိုအတွက် လနတ်သား၏ အလားအလာမှာ အလွန်တရာ ကြီးမားတိုးတက်လာသည်။

"စိတ်လှုပ်ရှားစရာ ကောင်းသားပဲ"

နီအန်ဝိညာဥ်က စိတ်အားထက်သန်စွာ အော်ဟစ်လိုက်ပြီး ခန္ဓာကိုယ်တစ်ခုလုံး ချေဖျက်ခံလိုက်ရသော်လည်း ခေါင်းမာလွန်းသဖြင့် မျက်လုံးတစ်စုံ ချန်ထားခဲ့နိုင်သည်။ ၎င်းကို အလွယ်တကူ ဖျက်ဆီးနိုင်သော်လည်း လက်ရှိတွင် အမိန့်နာခံသည့်အပြင် အသုံးဝင်နေသဖြင့် ယွမ်ရှောင်က အသက်ရှင်ခွင့်ပေးလိုက်၏။

"မိုးကြိုးငါးပါး ကပ်ဘေး ကျဆင်းလာတော့မယ်"

ရက်အတန်ကြာ ကျင့်ကြံပြီးနောက် အဆင့်တက်ရန် အလှမ်းမဝေးတော့ပေ။ ကပ်ဘေးမိစ္ဆာသွေးနှင့် ယှဥ်လျှင် ပျက်စီးနတ်ဆိုးခန္ဓာကို တိုးတက်စေရန်မှာ များစွာ ပို၍ လွယ်ကူနေသည်။ ခန့်မှန်းထားသောအတိုင်း သန်မာလာနေဆဲ ဖြစ်သော လနတ်သား၏ မူလဝိညာဥ်သည် ပထမဆုံး ကပ်ဘေးမိုးကြိုးကို ဆွဲဆောင်ခဲ့ပြီး မြေချီဓာတ် အမျိုးအစား ဖြစ်၏။ သို့ရာတွင် ဝိညာဥ်က ကပ်ဘေးကျော်ဖြတ်နေစဥ် သူသည်လည်း ပျက်စီးချီများကို ဆက်လက်စုပ်ယူခဲ့ပြီး ပျက်စီးချီပင်လယ် အနက်ရှိုင်းဆုံး နေရာမှ အသိပ်သည်းဆုံး အဆီအနှစ်များပင်။

ကပ်ဘေး ကျဆင်းလာသောအခါ တိတ်ဆိတ်နေသော နတ်ဆိုးနယ်မြေသည် လှုပ်လှုပ်ခတ်ခတ် ဖြစ်ကုန်ပြီး နတ်ဆိုးများမှာ ကောင်းကင်ရှိ မြေချီ မိုးကြိုးထံ မော့ကြည့်လိုက်ကြသည်။ ၎င်းက သာမန်ဖြစ်သော်လည်း ပျက်စီးချီပင်လယ်တွင် ထွက်ပေါ်လာသောကြောင့် အားလုံးကို အာရုံစိုက်စေခဲ့ပြီး လက်ရှိတွင် နေထိုင်ခွင့်ရှိသော နတ်ဆိုးမှာလည်း တစ်ကောင်တည်းသာ ရှိ၏။

"သစ်ပင်ဘုရင် ပြောသလို ဒီနတ်ဆိုးရဲ့ တိုးတက်နှုန်းက ပြဿနာ ရှိနေပြီ"

"မယ်တော်ကြီးက ဘာတွေ စဥ်းစားနေတာလဲ"

လနတ်သား၏ ကြောက်စရာ ပါရမီကို သူတို့ မနှစ်မြို့သော်လည်း မယ်တော်ကြီးကြောင့် အသံထွက် မပြောရဲကြပေ။ သစ်ပင်ဘုရင်၏ အကြွင်းအကျန် ပင်စည်မှာ မြေကြီးထဲတွင် စိုက်ထူခံထားရဆဲ ဖြစ်၍ သူတို့က သက်ပြင်းချရုံသာ တတ်နိုင်ပြီး ခါးသီးစွာ ကြည့်နေရသည်။ မိုးချုန်းသံနှင့်အတူ ကပ်ဘေး ကျဆင်းလာသောအခါ သူတို့၏ မျှော်လင့်ချက်အသစ် ဖြစ်ပေါ်လာကာ တစ်ဖက်လူ မကျော်ဖြတ်နိုင်ဘဲ သေဆုံးသွားစေရန်သာ ဆုတောင်းလိုက်ကြ၏။ မယ်တော်ကြီးကမူ ပင်လယ်အထက် လေထဲတွင် မျောလွင့်နေပြီး တည်ရှိမှုသည် သြဇာညောင်းလွန်း၍ မည်သူမျှ မော်မကြည့်ရဲချေ။

"ဂျိန်း"

ထိုအချိန်မှာပင် ဒုတိယမြောက် မီးတောက်မိုးကြိုး ထပ်မံ ကျဆင်းလာကာ မြေဓာတ် မိုးကြိုးများ ပျောက်ကွယ်ကာနီးမှာပင် မီးပင်လယ်ကြီး ဖြစ်သွားစေသည်။

"ဟင် ဒီလောက်ကြီးကျ မမြန်လွန်းဘူးလား"

"သူက လူသားတွေရဲ့ အင်မော်တယ် သိုင်းပြိုင်ပွဲ ချန်ပီယံထက်တောင် သာသလိုပဲ"

"မယုံနိုင်ဘူး"

တိုးတိုးတိတ်တိတ် ပြောဆိုသံများအကြားတွင် လနတ်သားသည် ကပ်ဘေးမိုးကြိုးများကို အသက်ရှင်လျက်သား ကျော်ဖြတ်ခဲ့သည်။ သူတို့၏ နှလုံးသားကို ထပ်မံ တုန်လှုပ်သွားစေသည်မှာ တတိယမြောက် ရေမိုးကြိုး ချက်ချင်းဆိုသလို ကျဆင်းလာသောကြောင့်ဖြစ်သည်။ မိုးကြိုးနှင့် ရေဓာတ် ပေါင်းစပ်သွားသောအခါ လျှပ်စီးကြောင်းမှာ ပို၍ ကြောက်မက်ဖွယ်ကောင်းလာကာ မာကျောမှုနှင့် နူးညံ့မှုတို့ ရောယှက်နေသည့် အစစ်အမှန် ဖျက်ဆီးနိုင်စွမ်းကို သယ်ဆောင်ထား၏။ ၎င်းကို ကျော်ဖြတ်လိုက်သည်နှင့် တပြိုင်နက် သူက ဝိညာဥ်ပြောင်း နယ်ပယ် နောက်ပိုင်းအဆင့်သို့ ရောက်ရှိသွားပေလိမ့်မည်။ လူသေပမာ ဖြူဖျော့သော မယ်တော်ကြီး၏ မျက်နှာက စိတ်လှုပ်ရှားမှုကြောင့် တောက်ပလာသကဲ့သို့ လက်ချောင်းများ တုန်ယင်နေသည်။

"ဝိညာဥ်ပြောင်းနယ်ပယ် နောက်ပိုင်းအဆင့်။ သူက အခု ထိပ်တန်းနတ်ဆိုး ဖြစ်လာပြီ"

"ဒီအတိုင်း ဆက်ပြီး တိုးတက်နေရင် ဘယ်သူမှ ထိန်းချုပ်နိုင်တော့မှာ မဟုတ်ဘူး"

အစွမ်းထက်နတ်ဆိုးများပင် မျက်နှာပျက်နေကြပြီး စိတ်မသက်မသာနှင့် အားငယ်နေကြသည်။ ကံကောင်းစွာဖြင့် တတိယမြောက် မိုးကြိုးအပြီးတွင် ကပ်ဘေးတိမ်တိုက်များ လွင့်ပြယ်သွားသောအခါ လနတ်သားအနေဖြင့် ထပ်မံ၍ အဆင့်မတက်နိုင်ကြောင်း ကြေညာလိုက်သကဲ့သို့ပင်။

"ငါ ခနလောက် နားပြီးရင် ကျန်တဲ့ နှစ်ဆင့်ကို တစ်ခါတည်း ကျော်ဖြတ်လိုက်မယ်"

ပျက်စီးချီပင်လယ်အတွင်း ကျင့်ကြံနေသော လနတ်သားက တိုးတက်လာသည့် စွမ်းအားများဖြင့် အသားမကျသေးပေ။ ရက်ပိုင်းအတွင်း အစစ်အမှန် အင်မော်တယ် ဖြစ်လာသည့်အပြင် အဆင့်များစွာ တက်နိုင်ခဲ့သောကြောင့် ခံစားချက် ကောင်းမွန်နေသည်။ သူက အသက်ပြင်းပြင်းရှူ၍ ရေပြင်အထက်သို့ ပြန်လည် ကူးခတ်ရန် ပြင်ဆင်နေစဥ် ထူးခြားမှုတစ်ခု ရုတ်တရက်ဆန်ဆန် ဖြစ်ပျက်သွားခဲ့သည်။ ပင်လယ်ရေပြင်က ဓားဖြင့် ပိုင်းချလိုက်သည့်အလား နှစ်ခြမ်းကွဲသွားကာ သူ၏ ပတ်ဝန်းကျင်ရှိ စွမ်းအင်များအားလုံး ပျောက်ကွယ်ကုန်သည်။ ကောင်းကင်အထက်မှ မယ်တော်ကြီးသည် အသက်မဲ့သော မျက်ဝန်းများဖြင့် ငုံ့ကြည့်နေကာ စကားတစ်ခွန်းမှ မပြောဘဲ ရှည်လျားသော အနီရောင်လျှာကြီးက လျှပ်ပြက်သည့်ပမာ ပြေးထွက်လာကာ သူ့ကို အထပ်ထပ် အခါခါ ရစ်ပတ်ပစ်လိုက်၏။

"ဘာလုပ်တာလဲ"

လနတ်သားက ကောက်ညှင်းထုပ်ပမာ တုပ်နှောင်ခံလိုက်ရပြီး လျှာကြီးမှာ အလွန်တရာ အစွမ်းထက်နေသည်။ လက်ရှိစွမ်းအားဖြင့် အသားမကျသေး၍ ရုန်းထွက်ရန် ကြိုးစားသော်လည်း အရာမထင်ပေ။

"စားစရာ ရပြီ။ တကယ့်ကို ကောင်းမှာပဲ"

မယ်တော်ကြီး၏ ပါးစပ်က နားအထိ ပြဲထွက်သွားကာ ကြောက်မက်ဖွယ် စပ်ဖြဲဖြဲ မျက်နှာထားကြီး ဖြစ်ပေါ်လာ၏။ လနတ်သားသည် ဘဝတလျှောက်လုံး နှစ်ကြိမ်တိုင်တိုင် စားသောက်ခံခဲ့ရပြီး နီအန်နှင့် တားမြစ်ကံကြမ္မာ နတ်ဆိုးတို့ လက်ချက်ပင်။ ထို့နောက် လျှာကြီးက လျင်မြန်စွာ ဆွဲခေါ်သွား၍ သူ့ကို ပါးစပ်အတွင်း ပစ်ထည့်ကာ ဂလုမြည်သံနှင့်အတူ မျိုချစားသောက်ခံလိုက်ရပြန်သည်။ သူမက ကိုယ်ဝန်ဆောင်ထားရသကဲ့သို့ ရုတ်တရက် ဖောင်းကားလာသည့် ဗိုက်ကို ငုံ့ကြည့်ရင်း ပျင်းရိစွာ အကြောဆန့်ကာ ကျေကျေနပ်နပ်ကြီး ပြုံးနေခဲ့၏။

"သြော် မယ်တော်ကြီးက ဝက်ကို အသားတိုးအောင် အစာကျွေးနေတာပဲ"

ထိုအချိန်ရောက်မှ နတ်ဆိုးများသည် မယ်တော်ကြီး၏ ရည်ရွယ်ချက်ကို နားလည်သွားကာ လနတ်သားကဲ့သို့ ကံကြမ္မာမျိုးနှင့် မကြုံတွေ့စေရန် ချက်ချင်း ဒူးထောက်ကာ ရှိခိုးကိုးကွယ်လိုက်ကြသည်။

"လုဖန်ကို မေးလိုက်စမ်း။ ဘယ်အချိန် စမှာလဲ"

သူမ၏ အမိန့်သံ ပြတ်ပြတ်သားသား ထွက်ပေါ်လာသောအခါ လမင်းသခင်မက ရှေ့တက်၍ ပျော်ရွှင်စွာ သတင်းပို့လိုက်၏။

"မယ်တော်ကြီး၊ အရှင်လုက သတင်းပါးလိုက်တယ်။ မဟာတာအိုနယ်မြေရဲ့ ကြယ်တာရာ အကာအကွယ် ပြိုလဲသွားပါပြီ။ နတ်ဆိုးနယ်မြေအနေနဲ့ အခုပဲ စစ်ချီနိုင်ပါတယ်"

ထိုသတင်းကြောင့် ပတ်ဝန်းကျင်တစ်ခုလုံး ပြင်းပြင်းထန်ထန် တုန်ခါသွား၍ သွေးဆာနေသော နတ်ဆိုးများသည် ရူးသွပ်သွားကာ စစ်တပ်ကြီးအဖြစ် နေရာယူလိုက်ကြတော့သည်။

မိစ္ဆာချောက်နက်တွင် စစ်မင်းသမီးသည် လေထဲတွင် မတ်တပ်ရပ်ရင်း အရိပ်မိစ္ဆာ တစ်သိန်း စစ်တပ်ကို ငေးကြည့်နေခဲ့သည်။ ထို့နောက် ရုတ်တရက် တုန်ခါသွားသည်ကို သတိထားမိလိုက်ပြီး စစ်ပွဲ အငွေ့အသက်များ စတင်ပျံ့နှံ့လာကြောင်း ခံစားလိုက်ရသည်။

"ဟေ့"

အနောက်ဘက်မှ ခပ်တိုးတိုး အသံတစ်ခု စူးရှစွာ ထွက်ပေါ်လာ၍ လှည့်ကြည့်လိုက်သောအခါ သူမ၏ မြင်ကွင်းအတွင်း ရှု ထွက်ပေါ်လာသည်။ သူက ဒဏ်ရာ ပြင်းထန်စွာ ရထားဖူးကြောင်း မထင်ရလောက်အောင် အရှိန်အဝါ ပြင်းထန်နေ၏။

"သခင်ရှု"

"မင်းက မိုရီနဲ့ မိုယန်ကို သတ်ပြီး အရိပ်မိစ္ဆာတစ်ထောင်ကျော် ထိခိုက်အောင် လုပ်ခဲ့တယ်"

"သူတို့က မိစ္ဆာမျက်လုံးရဲ့ အမိန့်ကို အလေးမထားဘဲ ငါ့ကို စော်ကားကြတယ်။ သေသင့်တယ် မထင်ဘူးလား"

သူမက ခပ်တည်တည်ဖြင့် ပြန်လည် ချေပသည်။

"မင်းက သူတို့လက်အောက်က စစ်တပ်ကို ကွပ်ကဲရမယ်။ ချက်ချင်း ချီတက်ပေတော့"

ရှု၏ မျက်ဝန်းများတွင် သတ်ဖြတ်လိုစိတ် လက်ခနဲ ဖြစ်သွားသော်လည်း သွေးဆေဘာထံ အကြည့်ရောက်သွားသောအခါ နောက်တွန့်သွားသည်။ ထို့နောက် သူက စကားလမ်းကြောင်း ပြောင်းကာ အမိန့်ပေးသဖြင့် သူမကို သိချင်စိတ် ဖြစ်ပေါ်လာစေ၏။

"ဘယ်ကို ချီတက်ရမှာလဲ"

"မဟာတာအိုနယ်မြေ၊ ကြယ်တာရာ အကာအကွယ် မရှိတော့ဘူး"

ရှုက စကားလုံးတိုင်းကို တိတိကျကျနှင့် ပြတ်သားစွာ ပြောလိုက်ရင်း အေးစက်စက် ပြုံးနေခဲ့လေသည်။

All Chapters