အခန်း (၆၈၇-၆၈၈)
Vol. 51 Ch. 687-688
အပိုင်း ၆၈၇ - ပြိုလဲသွားသော ကောင်းကင်
ထူးခြားသော အခြေအနေ ဖြစ်ပေရာ ကောင်းကင်ရုံးတော် ပတ်ဝန်းကျင်သည် သာမန်မဟုတ်သော အပူချိန်မျိုးဖြင့် ပွက်ပွက်ဆူနေကာ စစ်ပွဲအငွေ့အသက်များ နေရာအနှံ့ ရှိနေသည်။ သံချပ်ကာ တပ်ဆင်ထားပြီး ခမ်းနားထည်ဝါသော ကောင်းကင်စစ်တပ်၏ အင်မော်တယ်များသည် သံမဏိအရည်များ စီးဆင်းနေသည့်အလား အဝေးရှိ မိုးကုပ်စက်ဝိုင်းထံ တဘုန်းဘုန်း ချီတက်နေကြ၏။ ဦးတည်ချက်က ကောင်းကင်ပျံသန်းမြို့တော် ဖြစ်ပြီး စစ်ကြောင်းဗဟိုမှ အုပ်စုတစ်ခု တန်းစီလျက်သား ခွဲထွက်ကာ ကောင်းကင်သို့ ရုတ်တရက် ပျံတက်လိုက်ကြသည်။ ၎င်းကို ဦးဆောင်သည်မှာ နဂါးဆွဲရထားလုံးတစ်စင်း ဖြစ်ကာ အနောက်တွင် ထိပ်တန်းအဆင့် တိုက်ခိုက်ရေးသမားများ လျင်လျင်မြန်မြန် လိုက်ပါလာခဲ့၏။ စစ်ဧကရာဇ် လုဖန်နှင့် နောက်လိုက်စစ်သူကြီးများ ဖြစ်ပြီး များမကြာခင် ဟင်းလင်းပြင်အထိ ရောက်ရှိသွားကာ ရှေ့တည့်တည့်တွင် မဟာတာအို အနန္တမီးတောက် ကြယ်အစီအရင်က စီးကြိုနေသည်။
"အရှင်"
ထိုနေရာတွင် စောင့်ဆိုင်းနေသော မည်သူမဆို လုဖန်သည် ဤရက်ကို လူတိုင်းထက်ပို၍ မျှော်လင့်ထားကြောင်း နားလည်သည်။ ထိုအစီအရင်ကို ဖျက်ဆီးခြင်းသည် မဟာတာအိုနယ်မြေ၏ ထိုက်မင်းဆက်ကို မျိုးဖြုတ်ရန် အဓိက သော့ချက်ဖြစ်ပြီး အရေးပါလှ၏။ သို့သော် သူ၏ သစ္စာရှိနောက်လိုက်များပင် ၎င်းကို အမှန်တကယ် ဖျက်ဆီးနိုင်မည်လားဟု သံသယ အနည်းနှင့်အများ ရှိပေသည်။ နာရကချောက်နက်၏ စစ်တပ်များပင် သူတို့၏ အရှင်ကို ယုံကြည်သဖြင့် ချီတက်လာပြီဖြစ်သောကြောင့် ယုံကြည်ချက်လည်း ခိုင်မာ၏။
ထို့နောက် သောက်စားမူးယစ်၍ ဖရိုဖရဲ ဟန်ပန်ဖြင့် လုဖန်က ရထားလုံးအတွင်းမှ ထွက်လာသောအခါ နောက်လိုက်များ စိတ်အားထက်သန်မှုကြောင့် မျက်ဝန်းများ တောက်ပကုန်သည်။ ဤအမာခံ အုပ်စုကို သာမန်စုစည်းထားခြင်းမျိုး မဟုတ်ဘဲ ယွမ်ရှောင်လက်ချက်ဖြင့် အသတ်ခံလိုက်ရသော ကျူးရှန်လုနှင့် ယုလင်းကဲ့သို့ မဟာစစ်သူကြီး ရှစ်ယောက်အထိ ပါဝင်၏။ မိုးကြိုးဌာနတစ်ခုလုံး၌ပင် သုံးယောက်သာ ရှိသော်လည်း ကောင်းကင်စစ်တပ်တွင် ဆယ်ယောက်အထိ ပိုင်ဆိုင်ကာ အင်အားကြီးမားကြောင်း ပေါ်လွင်စေသည်။ ကောင်းကင်စစ်တပ်အပြင် ပေါ့သေးသေး မဟုတ်သော နောက်ထပ် အင်အားစု သုံးခု ထပ်ရှိပြီး ၎င်းအောက် အားမနည်းပေ။
ပထမအင်အားစုသည် လမင်းသခင်မ စုစည်းထားသော နတ်ဆိုးမျိုးနွယ်ဖြစ်ကာ ဒုတိယတစ်ခုကို ဂျိုအင်မော်တယ်မျိုးနွယ်က ဦးဆောင်သည်။ လက်ရှိတွင် လုဖန်အနောက်တွင် ရွှေရောင်နှင့် ငွေရောင် ဦးဂျိုနှစ်ချောင်း ရှိသော ဧရာမ ဂျိုအင်မော်တယ်တစ်ယောက် ရပ်နေပြီး နတ်ဘုရားဂိတ်မှ အစောင့်နှစ်ယောက်ထက် သိသိသာသာ ပို၍ အားကောင်းပုံပေါ်၍ ဂျိုအင်မော်တယ်ဘုရင် ဖြစ်၏။ သို့သော် နတ်ဆိုးများ ဖြစ်စေ၊ ဂျိုအင်မော်တယ်များ ဖြစ်စေ၊ တတိယအုပ်စုနှင့် နှိုင်းယှဥ်လိုက်လျှင် လုံးဝ မှေးမှိန်သွားရသည်။ ၎င်းတွင် ကောင်းကင်ရုံးတော်ရှိ မည်သည့်အဖွဲ့အစည်း ဌာနနှင့်မျှ မသက်ဆိုင်သော တစ်ကိုယ်တော် ကျင့်ကြံသူများ ပါဝင်၏။ သူတို့က အစွမ်းထက်သော်လည်း အကြောင်းအမျိုးမျိုးကြောင့် အသိအမှတ်ပြုခြင်း မခံရသဖြင့် မကျေနပ်ချက် ကြီးမားကြသည်။ သူတို့က ကိုယ့်ကိုကိုယ် လွတ်လပ်သူများဟု ခေါ်ဆိုကြပြီး ပေါင်းစည်းလိုက်သောအခါ အင်အားစုတစ်ခု ဖြစ်လာကာ ထိပ်သီးအရေအတွက်၌ ကောင်းကင်စစ်တပ်ထက်ပင် ပို၍ များပြားနေ၏။
ဥပမာပြောရလျှင် သဘောကောင်းသော ဟန်ပန်အမူအရာဖြင့် အဘိုးအိုတစ်ယောက်သည် လုဖန်အနားတွင် ရှိနေသည်။ သို့သော် သူ့အကြောင်း သိထားလျှင် သူတော်စင် ဖုန်းလိုင်သည် ကောင်းကင်ရုံးတော်၏ အစစ်အမှန် ရာဇဝတ်ကောင်ကြီး ဖြစ်ကြောင်း နားလည်သွားပေလိမ့်မည်။ အချိန်ကြာမြင့်စွာ လိုက်လံဖမ်းဆီးခံရသော်လည်း လွတ်မြောက်နေဆဲ ဖြစ်ကာ လုဖန်၏ နောက်လိုက်တစ်ဦး ပါဝင်လာခဲ့သည်။ လက်ရှိအခိုက်အတန့်တွင် နောက်လိုက်အားလုံးသည် သူတို့၏ အရှင် စစ်ဧကရာဇ်က မဟာတာအို အစီအရင်နှင့် ရင်ဆိုင်ရန် တက်လှမ်းသွားသည်ကို ရင်တမမ စောင့်ကြည့်နေကြ၏။
"တကယ့်ကို လက်ရာကောင်းတဲ့ အစီအရင်ပဲ။ မင်းကြောင့် ငါ အချိန်တွေ အများကြီး ကုန်ဆုံးခဲ့ရတယ်"
လုဖန်က လက်ကို ဆန့်ထုတ်ရင်း ပြောလိုက်ကာ လက်ကောက်ဝတ် တစ်ချက်လှည့်လိုက်သည်နှင့် တပြိုင်နက် ချီစွမ်းအင် ငါးမျိုးဖြင့် ဖွဲ့စည်းထားသော ရောင်စုံနံရံကြီး ကောင်းကင်တစ်ခွင် ဖြန့်ကျက်၍ မဟာတာအိုနယ်မြေတစ်ခုလုံး ချက်ချင်း ဖုံးလွှမ်းခံလိုက်ရသည်။
"စနစ်၊ ငါက မဟာကြယ်တာရာ ဝိညာဥ်ပြောင်း ကျင့်စဥ်ကို လဲလှယ်ချင်တယ်"
စနစ် - အတည်ပြုပါတယ်။ အလဲအလှယ် ပစ္စည်း- ဉာဏ်ပညာဝိညာဥ်။
စနစ်၏ ကြေညာချက်ကို ကြားသောအခါ လုဖန်၏ မျက်နှာမှာ ရိုင်းစိုင်းစွာ ပြောင်းလဲ၍ မောက်မောက်မာမာ ဖြစ်သွားခဲ့သည်။
"စတင်စမ်း"
သူ၏ စကားအဆုံးတွင် အနန္တမီးတောက် ကာကွယ်ရေး အစီအရင်သည် ဆတ်ခနဲ တုန်ခါ၍ ပျောက်ကွယ်သွားပုံရ၏။ အချိန်မြစ် တွန့်လိမ်သွားသယောင် ထင်မှတ်ရပြီး ဝိညာဥ်များ လှုပ်ရှားကာ လူတိုင်း အမြင်အာရုံ ဗလာကျင်းကာ လုဖန်ပင်လျှင် တန်ဖိုးရှိသော အရာတစ်ခု ဆုံးရှုံးသွားသကဲ့သို့ ညည်းသံတစ်ချက် ထွက်လာသည်။ ထို့နောက် စွမ်းအင်လှိုင်းများ ဖြာထွက်လာကာ ထိတွေ့မိသမျှ နေရာတိုင်း အစီအရင်က ဖြည်းဖြည်းချင်း ပျောက်ကွယ်ကာ အမှန်တကယ် ပျက်စီးသွားတော့၏။
နောက်လိုက်များသည် မြင်ကွင်းကို မယုံကြည်နိုင်ဟန်ဖြင့် ငေးကြည့်နေရင်း မျက်လုံးများ ပြူးသထက်ပြူးကျယ်လာသည်။ ခဏတာ တိတ်ဆိတ်ပြီးနောက် မဟာစစ်သူကြီးများက ဦးဆောင်၍ ကြွေးကြော်လိုက်ကာ ပျော်ရွှင်စွာ အောင်ပွဲခံလိုက်ကြ၏။
"ကောင်းကင် ပြိုလဲပြီ။ ငါတို့တွေ အမြင့်ကို တက်လှမ်းရတော့မယ်"
နောက်လိုက်တိုင်းသည် အနန္တမီးတောက် ကြယ်အစီအရင် ပျောက်ကွယ်သွားခြင်း မည်မျှ အရေးပါသည်ကို နားလည်ထားကြ၏။
"နောက်ဆုံးတော့ ငါတို့အတွက် ဒီအချိန် ရောက်လာပြီ။ ထိုက်ဝေ၊ ထိုက်ယု၊ အခုမင်းတို့ တန်ဖိုးကြီးကြီးမားမား ပြန်လည်ပေးဆပ်စေရမယ်"
ဖုန်းလိုင်က ဝမ်းသာမျက်ရည်များ ကျဆင်းလာသော်လည်း ကြုံးဝါးလိုက်သော အသံမှာ ခက်ထန်တင်းမာနေသည်။ မဟာတာအိုနယ်မြေ၏ ကာကွယ်ရေးအစီအရင် ရုတ်တရက် ပျောက်ကွယ်သွားခြင်းမှာ သမိုင်းတွင် တစ်ကြိမ်တစ်ခါပင် မဖြစ်ဖူး၍ နယ်မြေတစ်ခွင် ဗြောင်းဆန်သွားမည်မှာ မြေကြီးလက်ခတ်မလွဲ သေချာသည်။
ကျန်တစ်ဖက်တွင်လည်း မရေမတွက်နိုင်သော နတ်ဆိုးနှင့် မိစ္ဆာစစ်သည်များသည် ကြီးမားသော အကာအကွယ် ပျောက်ကွယ်သွားခဲ့ကြောင်း မျက်ဝါးထင်ထင် မြင်လိုက်ရသောအခါ ရူးသွပ်စွာ ရှေ့တိုးလာခဲ့ကြသည်။ အဆုံးမရှိ ရှည်လျားသော စစ်ကြောင်းနှစ်ခု၏ အဆုံးတွင် ဧရာမ ပုံရိပ်ကြီးနှစ်ခု ထွက်ပေါ်လာကာ မယ်တော်ကြီးနှင့် မိစ္ဆာမျက်လုံး ဖြစ်နေသည်။
"အရှင်၊ ငါတို့ ဒီနှစ်ယောက်နဲ့ တွေ့ရဦးမလား"
"လုပ်စရာရှိတာ လုပ်ပြီးပြီ။ သူတို့ဘာသာ စစ်တိုက်ကြလိမ့်မယ်။ ငါတို့အပူ မပါဘူး"
ဖုန်းလိုင်၏ မေးခွန်းကို လုဖန်က ပခုံးတွန့်ကာ ခေါင်းယမ်းပြသည်။
"ဒီလိုဆိုရင် ကျားနှစ်ကောင် သတ်နေတာကို စောင့်ကြည့်ရမယ့် မုဆိုးက ငါတို့ ဖြစ်လာတော့မှာပေါ့"
ချိုအင်မော်တယ်ဘုရင်က ကျေနပ်အားရစွာ ရေရွတ်သည်။
"မသေချာဘူး။ နောက်ထပ် ကျားတစ်ကောင် လွတ်နေသေးတယ်"
လုဖန်ကမူ ကောင်းကင်ပျံသန်းမြို့တော် ရှိရာသို့ ငေးကြည့်ရင်း တင်းတင်းကြပ်ကြပ် သတိပေးလိုက်လေသည်။
အပိုင်း ၆၈၈ - လူသားမျိုးနွယ်အတွက် စည်းလုံးကြ
အင်ပါယာအမိန့်တော်ကို သယ်ဆောင်လာသော သတင်းပို့အဆောင်များစွာသည် တော်ဝင်နန်းတော်မှ မဟာတာအိုနယ်မြေ အစွန်အဖျားထိ ရောက်ရှိသွားကြ၏။ တစ်ခုချင်းစီတွင် လုဖန်၏ ပြစ်မှုများကို ရှင်းလင်းပြတ်သားစွာ ဖော်ပြထားပြီး စာအုပ်စာပေဖြင့် မှတ်တမ်းတင်လျှင် မဖြစ်နိုင်လောက်အောင် များပြားလှသည်။ ပြစ်မှုများအပြင် လုဖန် တစ်ယောက်တည်းအတွက်သာ ထုတ်ပြန်ထားသော ဖမ်းဝရမ်းတစ်ခုလည်း ရှိပြီး ကောင်းကင်စစ်တပ်၊ ဖုန်းလိုင်၊ ဂျိုအင်မော်တယ်ဘုရင်နှင့် လမင်းသခင်မကဲ့သို့ ပုန်ကန်သူများ မပါဝင်ချေ။ ရည်ရွယ်ချက်က ရှင်းလင်းပြီး လုဖန်ကို ဖိအားကြီးကြီးမားမား ပေးရန်နှင့် နောက်လိုက်များ၏ စိတ်ဓာတ်ကို ပြန်လည် ဆွဲဆောင်ရန် ဖြစ်သည်။
အမိန့်တော် ထုတ်ပြန်လိုက်သည့်တိုင်အောင် တော်ဝင်နန်းတော်သည် လုဖန်ကို ကိုယ်တိုင် ဖမ်းဆီးရန် အစီအစဥ် ရှိပုံ မရပေ။ ကောင်းကင်စစ်တပ်သည် ကောင်းကင်ပျံသန်းမြို့တော်သို့ ချီတက်နေကြောင်း သူတို့ သိထားသော်လည်း ကျားနှစ်ကောင် သတ်ပုတ်မည်ကိုသာ စောင့်ကြည့်လိုသော ထိုက်ယု၏ အကြံပင် ဖြစ်သည်။ ထိုက်ဝေ အင်ပါယာနန်းဆောင်အတွင်း ရောက်ရှိနေသော ထိပ်သီးအရာရှိကြီးများက လှုပ်ရှားရန် ပြင်ဆင်မနေဘဲ ယုံကြည်ချက် အပြည့် ရှိနေကြ၏။
"အမိန့်တော် ထုတ်ပြန်ပြီးပြီ။ အခု ငါတို့က ယွမ်ရှောင်နဲ့ လုဖန် တိုက်ခိုက်တာကို ဘေးထွက်ကြည့်နေရုံပဲ ဟား ဟား"
ထိုက်ယုနှင့် အပေါင်းအပါများက ဟားတိုက် ရယ်မောလိုက်သော်လည်း ချက်ချင်းဆိုသလို မျက်နှာပျက်သွားခဲ့သည်။ သူက ရုတ်တရက် ထရပ်ကာ လည်ပင်းကျိုးမတတ် ခေါင်းမော့၍ ကောင်းကင်သို့ စိုက်ကြည့်ရင်း အသက်ရှူသံများ ပြင်းထန်လာသည်။
"မဖြစ်နိုင်ဘူး"
သူက အလန့်တကြားဖြင့် အသံကုန်အော်ဟစ်ရင်း နန်းဆောင်အတွင်းမှ ပျောက်ကွယ်သွားခဲ့ကာ နားခိုရာလက်နက်ထံ အပြေးအလွှား ထွက်ခွာလိုက်သည်။
"ဘာဖြစ်သွားတာလဲ"
နောက်လိုက်များက ရုတ်တရက်ဆန်လွန်းသော အပြောင်းအလဲကြောင့် ဇဝေဇဝါဖြစ် ကုန်၏။
"အိမ်ရှေ့စံက အင်ပါယာကို သွားရှာတယ်ဆိုတော့ မဟာအစီအရင် တကယ် ပျက်စီးသွားတာများလား"
မိဖုရားကျောက်က သိသိသာသာ တုန်လှုပ်နေပုံရပြီး ရေရွတ်လိုက်သောအခါ စုရုံးနေသော အရာရှိအားလုံး ကျောစိမ့်သွားကြသည်။
"မဖြစ်နိုင်ဘူး။ ဒီအစီအရင်ကို ကောင်းကင်ရုံးတော်က နှစ်ပေါင်းများစွာ လက်ဆင့်ကမ်းလာတာပဲ"
လျှို့ဝှက်ကြယ်က ယခုထိ မယုံကြည်သေးဟန်ဖြင့် ခေါင်းယမ်းသည်။
"ဒီအစီအရင်ကို ကြီးကျယ်မြင့်မြတ်တဲ့ ဘိုးဘေးတွေ ချီးမြှင့်ခဲ့တာလို့ အင်ပါယာက ပြောဖူးတယ်။ ထိုက်မင်းဆက် စတင်ကတည်းက ဘယ်သူမှ အဲ့တာကို မဖျက်ဆီးနိုင်ခဲ့ဘူး"
ကောင်းကင်တက်လှမ်းကြယ်ဝန်ကြီးက အံကြိတ်၍ ဝင်ပြောလိုက်သည်။ သူတို့က လုဖန်ကို လျှော့မတွက်ခဲ့ကြသော်လည်း မဟာတာအို အနန္တမီးတောက် ကြယ်အကာအကွယ် ဖျက်ဆီးခံလိုက်ရသည်မှာ လူတိုင်း၏ အမြင်ကို ပြောင်းပြန်လန်သွားစေ၏။ တော်ဝင်နန်းဆောင်အတွင်း အပ်ကျသံ ကြားရလောက်အောင် တိတ်ဆိတ်နေရာမှ ဆူဆူပူပူ ဖြစ်လာသောအခါ အာဏာအရှိဆုံး ဖြစ်သော မိဖုရားကျောက်က အော်ငေါက်ပစ်လိုက်သည်။
"တိတ်စမ်း။ ဘာမှမဖြစ်နိုင်ဘူး။ အငြင်းပွားနေတာတွေ မကြားချင်ဘူး"
ပြင်းထန်သော အမိန့်အောက်တွင် နောက်လိုက်များက ပြန်လည် တည်ငြိမ်လာသော်လည်း ခဏအတွင်းမှာပင် ထိုက်ယု ပြန်လည်ရောက်ရှိလာသည်။ သွေးဆုတ်ဖြူရော်နေသော မျက်နှာထားကြောင့် ပြဿနာကြီး တစ်ခု ဖြစ်ပွားနေကြောင်း အားလုံး နားလည်နိုင်ခဲ့၏။
"အစီအရင်က ထူးထူးဆန်းဆန်း ပျောက်ကွယ်သွားပြီ။ နာရကစစ်တပ်တွေကလည်း တော်ဝင်နန်းတော်ကို ချီတက်လာနေကြတယ်"
ဤကြေညာချက်က အရာရှိများကို တုန်လှုပ်သွားစေပြီး မယုံကြည်ချင်သော်လည်း ပြောလိုက်သူမှာ အခြေအနေအား လက်ခံနိုင်ရန် အခက်အခဲဆုံး ထိုက်ယု ဖြစ်နေခဲ့သည်။
"တော်ဝင်နန်းတော်ကို ကာကွယ်ဖို့ ကြယ်တပ်မတော်နဲ့ ဌာနဆိုင်ရာ စစ်တပ်အားလုံးကို ဆင့်ခေါ်လိုက်စမ်း။ အင်ပါယာအစီအရင်ရဲ့ ပတ်ပတ်လည်ကို ကာကွယ်ခိုင်းလိုက်။ နတ်ဆိုးနဲ့ မိစ္ဆာတွေကို သတ်ဖြတ်ပြီး အင်ပါယာကို ကယ်တင်ရမယ်"
ထိုက်ယုက အလျင်အမြန် အမိန့်ပေးလိုက်ပြီး သတိပြန်ဝင်လာသည်နှင့် တပြိုင်နက် ကာကွယ်ရေး ချမှတ်လိုက်၏။ အင်ပါယာအစီအရင်တွင် နတ်ဘုရားဂိတ်၏ လှေကားထစ်များပင် ပါဝင်ပြီး ကောင်းကင်ရုံးတော်အတွက် မဟာတာအို ကြယ်အကာအကွယ် ပြီးလျှင် ဒုတိယမြောက် အစွမ်းအထက်ဆုံး ဖြစ်သည်။ သမိုင်းကြောင်းအရ ၎င်း၏ တည်ရှိမှုသည် ပြင်ပရန်ကို ကာကွယ်ရန် မဟုတ်ဘဲ တော်ဝင်နန်းတော်၏ ဂုဏ်သိက္ခာ ပြယုဂ် ဖြစ်ခဲ့သည်။
"မှန်လှပါ"
အရေးပေါ် အခြေအနေ ဖြစ်သောကြောင့် စစ်ရေးတာဝန်ယူထားသည့် အရာရှိတိုင်း ချက်ချင်း လှုပ်ရှားခဲ့ကြပြီး တပ်ဖြန့်လိုက်သောအခါ ကောင်းကင်ရုံးတော် တစ်ခုလုံး ဖာတန်း မီးလောင်သကဲ့သို့ ဖြစ်ကုန်၏။
"အိမ်ရှေ့စံ၊ နာရကကျူးကျော်စစ်က တော်ဝင်နန်းတော်ကို ပစ်မှတ်ထားနေတာ သေချာလား"
"ဟုတ်တယ်။ သူတို့ကလည်း အင်မော်တယ် နားခိုရာလက်နက်ကို မျက်စိကျနေတာလေ"
မိဖုရားကျောက်က စိုးရိမ်တကြီး မေးလာသောအခါ ထိုက်ယုမှ မဲ့ပြုံးတစ်ချက်ဖြင့် ပြန်ဖြေသည်။
"နန်းတော်ကို အင်ပါယာအစီအရင်နဲ့ ကာကွယ်ထားပြီး ရန်သူတွေကို ချေမှုန်းပစ်လိုက်လို့ ရတယ်။ ဒါပေမယ့် တခြားနယ်မြေနဲ့ မြို့တွေကိုရော ဘယ်လိုလုပ်ကြမလဲ"
ဤအချက်ကို စုရုံးရောက်ရှိနေသော အင်မော်တယ်များလည်း စိုးရိမ်ပူပန်ကြပြီး ဌာနဆိုင်ရာ စစ်တပ်များသည်ပင် တော်ဝင်နန်းတော်တစ်ခုတည်းကို ကာကွယ်ပေးရပေလိမ့်မည်။ ထို့ကြောင့် တော်ဝင်နန်းတော် အပြင်ဘက်တွင် မိသားစုကိုယ်စီ ရှိကြသော အရာရှိကြီးများလည်း မိဖုရားကျောက်ကဲ့သို့ စိတ်မအေးနိုင်ကြပေ။
"တော်ဝင်နန်းတော်က မဟာတာအိုနယ်မြေရဲ့ နှလုံးသားပဲ။ နှလုံးခုန်နေသရွေ့ လူက ရှင်နေဦးမှာပဲ။ မဟာတာအို ကြယ်အကာအကွယ် မရှိမှတော့ အထိအခိုက် ရှိလာမှာပဲ။ စတေးစရာ ရှိတာ စတေးပစ်လိုက်။ နောက်မှ လွမ်းဆွတ်သတိရနေချင်ရင် အထိမ်းအမှတ် အဆောက်အအုံတွေ ဖန်တီးပေးမယ်"
ထိုက်ယုကမူ မိဖုရားကျောက်ကို မလိုလားဟန်ဖြင့် အေးစက်စက် စိုက်ကြည့်ကာ တစ်ကိုယ်ကောင်းဆန်စွာ ဖြေလိုက်သည်။ ထိုက်မင်းဆက်အတွက် ဦးစားပေးသည့် အရာနှစ်ခုသာ ရှိပြီး သူကိုယ်တိုင်နှင့် အင်ပါယာထိုက်ဝေမှလွဲလျှင် မည်သည်မျှ ဂရုမစိုက်ချေ။ အရာရှိများလည်း ငြင်းဆန်နိုင်ခြင်း မရှိဘဲ တော်ဝင်နန်းတော်ကို ရာနှုန်းပြည့် ကာကွယ်ပေးရန် သဘောတူခဲ့ရ၏။
"အရာရှိတွေ၊ မဟာတာအို ကြယ်အကာအကွယ် ပျက်စီးသွားတာက မကြုံစဖူး ကပ်ဘေးကြီးပဲ။ အခု မဟာတာအိုနယ်မြေ ဖရိုဖရဲ ဖြစ်လာရင် လူသားမျိုးနွယ် ဆက်လက် တည်တံ့နိုင်ဖို့ ငါတို့ တာဝန်ယူရမယ်။ ငါတို့နောက်ကွယ်မှာ လူသားမျိုးနွယ်တစ်ခုလုံး ရှိနေလို့ ဒီစစ်ပွဲကို ရှုံးလို့ မဖြစ်ဘူး"
"အမိန့်အတိုင်း လူသားမျိုးနွယ်အတွက် တိုက်ပွဲဝင်ကြမယ်"
သို့ရာတွင် ထိုက်ယုသည် လူကြားကောင်းအောင် အသံကောင်းဟစ်လျက် ရှိပြီး နောက်လိုက်များမှာလည်း ထူးမခြားနားပင် ဖြစ်သည်။
ကောင်းကင်ပျံသန်းမြို့တော်သည် မိုးကြိုးဌာန၏ စီရင်ခွင့်ရှိသော ပိုင်နက်အတွင်း တည်ရှိကာ ညအမှောင်က သားရဲကြီးတစ်ကောင်ကဲ့သို့ တစ်မြို့လုံးအပေါ် ဝါးမျိုသွားခဲ့၏။ အမှောင်ထုနှင့်အတူ ကောင်းကင်စစ်တပ် ထွက်ပေါ်လာခဲ့ပြီး ၎င်း တည်ရှိရသော အဓိကရည်ရွယ်ချက်သည် နယ်မြေ ကာကွယ်ရန် ဖြစ်သော်လည်း သာမန်လူတန်းစား အင်မော်တယ်များ နေထိုင်ရာ တစ်မြို့လုံးကို အပြင်ဘက်မှ ပိတ်ဆို့လိုက်ကြသည်။ အခြေအနေ ပုံမှန်မဟုတ်ကြောင်း သတိမထားမိသော မြို့သူမြို့သားများက မီးအိမ်များ ထွန်းညှိကာ သာမန်အတိုင်း နေထိုင်နေပြီး တေးဂီတသံများပင် ပျံ့လွင့်လာသည်။ လုယောင်၏ ဒဏ္ဍာရီအကြောင်း နေ့စဥ် နားထောင်နေရသဖြင့် သူတို့က ပုံမှန်ထက် ပို၍ ပျော်ရွှင်နေပုံပေါ်ပြီး လုအိမ်တော်အတွင်းမှ သခင်မယု၏ ခြံဝန်းငယ်လေးမှာ အလည်အပတ်နေရာတစ်ခု ဖြစ်လာ၏။ သူတို့က စူးစမ်းလိုစိတ်ဖြင့် အဝေးမှ လာရောက်ငေးမောတတ်ကြပြီး ပိုင်ရှင်မဲ့ ဖြစ်နေသော ဝက်ကလေးများကိုပင် အစားကျွေးလေ့ရှိသည်။
လုယောင်နှင့် လုဖန်အကြားရှိ ရန်ငြှိုးအကြောင်း ဇာတ်လမ်းသည် မြို့တစ်ခွင် ပျံ့နှံ့နေပြီး မည်သည့်သာမန်ပြည်သူကိုမဆို မေးကြည့်လိုက်လျှင် လုယောင်ဘက်မှသာ ရာနှုန်းပြည့် ရပ်တည်ကြပေလိမ့်မည်။ လုယောင်၏ စွမ်းအားကြောင့် အားကိုးရှိသော သာမန်အင်မော်တယ်များက ဤနေရာတွင် မိန်းမနှင့် ရင်သွေးများကို စွန့်ပစ်ခဲ့သော လူယုတ်မာအပေါ် ရဲရဲတင်းတင်း ပြစ်တင်ဝေဖန်ရဲကြသည်။ ကောင်းကင်ရုံးတော်သည် ယွမ်ရှောင်အကြောင်း သတင်းအချက်အလက် မထုတ်ပြန်ရသေးသဖြင့် သူတို့၏ အမြင်တွင် လုယောင်ဆိုသည် အိပ်မက်များကို အကောင်အထည်ဖော်နေသော တက်ကြွချောမောသည့် လူငယ်စီရင်သူတစ်ယောက် ဖြစ်လေသည်။