အခန်း ၃၁
Vol. 4 Ch. 31
အခန်း (၃၁) အကွက်ဆင်ခြင်း
ချန်သယ်လမ်းမကြီးပေါ်တွင် မိုးပြာဝါးဂိုဏ်း၏ဝတ်စုံကို ဝတ်ဆင်ထားသောဆုရှင်းက မိုးပြာဝါးဂိုဏ်း၏ဌာနချုပ်သို့ လျှောက်သွားနေခဲ့၏။
သူ၏မျက်နှာပေါ်ရှိ လူ့အရေခွံမျက်နှာဖုံးကို ထိတွေ့ရင်း ဤအရာမှာ အတော်လေးထူးဆန်းသည်ဟု ဆုရှင်း ခံစားလိုက်ရသည်။ ၎င်းကို တပ်ဆင်ပြီးနောက် သူ၏မျက်နှာကိုကြည့်လိုက်လျှင် သူ့ကိုယ်သူပင် မမှတ်မိနိုင်တော့ပေ။
သူက ပန်းခိုးသူထံမှ ဤလူ့အရေခွံမျက်နှာဖုံးကို ရရှိခဲ့ပြီးနောက် ဤမျှမြန်မြန်အသုံးဝင်လာလိမ့်မည်ဟု သူ ဘယ်သောအခါမျှမမျှော်လင့်ထားခဲ့ပေ။
သူ၏ရုပ်ဖျက်မှုနှင့် ယခုတစ်ကြိမ် မိုးပြာဝါးဂိုဏ်း၏နယ်မြေသို့ ရောက်ရှိလာခြင်းမှာ ပြဿနာအချို့ဖြစ်စေရန် ရည်ရွယ်ထားသည်မှာ ရှင်းလင်းနေ၏။
မိုးပြာဝါးဂိုဏ်းနှင့် လင်းယုန်ပျံဂိုဏ်းတို့က တိုက်ခိုက်ကြမည့်အခြေအနေတွင်မရှိပေ။ ကေထိုသို့ဆိုလျှင် သူကမီးလောင်ရာ လေပင့်ပေးလိုက်မည်။
ချန်နင်စီရင်စုတွင် ဂိုဏ်းသုံးဂိုဏ်းနှင့် အဖွဲ့လေးဖွဲ့ အပါအဝင် အဓိကအင်အားစုခုနစ်ခုရှိပြီး၊ ၎င်းတို့ထဲတွင် ဤဂိုဏ်းသုံးဂိုဏ်းမှာ အားအနည်းဆုံး ဖြစ်သည်။
သို့သော် ဤဂိုဏ်းသုံးဂိုဏ်းတွင် လင်းယုန်ပျံဂိုဏ်းနှင့် ကျန်ယန်ဂိုဏ်းတို့မှာ လွန်ခဲ့သောဆယ်စုနှစ် အနည်းငယ်ကမှ ကျော်ကြားလာခဲ့ခြင်းဖြစ်သော်လည်း မိုးပြာဝါးဂိုဏ်းမှာ ဝေ့မိသားစုဖြင့် မျိုးဆက်သုံးဆက်တိုင်အောင် လက်ဆင့်ကမ်းလာခဲ့ခြင်းဖြစ်သည်။
ထို့အပြင် မိုးပြာဝါးဂိုဏ်းကို စတင်တည်ထောင်စဉ်က ၎င်းသည် ချန်နင်စီရင်စုတွင် အကြီးဆုံးဂိုဏ်း ဖြစ်ခဲ့၏။
ကံမကောင်းစွာဖြင့် မျိုးဆက်တိုင်းက ယခင်မျိုးဆက်ထက် ပိုမိုဆိုးရွားလာခဲ့သည်။ ဝေ့ဖုန်း၏ အချိန်သို့ ရောက်သောအခါ သူက သူ၏ဒုဂိုဏ်းချုပ်နှစ်ဦးကိုပင် အနိုင်မယူနိုင်တော့သဖြင့် လုံးဝအသုံးမကျဖြစ်သွားတော့၏။
ယခင် နံပါတ်တစ်ဂိုဏ်းအနေဖြင့် မိုးပြာဝါးဂိုဏ်းက ကျဆင်းလာပြီဖြစ်သော်လည်း ၎င်း၏အရှိန်အဝါကို ထိန်းသိမ်းထားနိုင်ဆဲဖြစ်သည်။ အနည်းဆုံး ၎င်း၏ဌာနချုပ်ကို အလွန်ခမ်းနားစွာ တည်ဆောက်ထားပြီး လမ်းတစ်လမ်းလုံးမှာ မိုးပြာဝါးဂိုဏ်း၏ ဌာနချုပ်တည်ရှိရာနေရာဖြစ်၏။
ဂိုဏ်း၏အဝင်ဝသို့ ရောက်သောအခါ ကျောက်ခဲများ အပြည့်ပါသောသေတ္တာတစ်လုံးကို သယ်ဆောင်လာသည့် ဆုရှင်းက ဂိတ်စောင့်အား ဦးညွှတ်ကာ ပြောလိုက်သည်။ "အစ်ကို။ ကျွန်တော်က ခေါင်းဆောင်ချန်ရဲ့လူတွေထဲက တစ်ယောက်ပါ။ ခေါင်းဆောင်က ဂိုဏ်းချုပ်ဆီပစ္စည်းတချို့ ပို့ခိုင်းလိုက်လို့။ ကျေးဇူးပြုပြီး သွားအကြောင်းကြားပေးပါ။"
ခေါင်းဆောင်ချန်က ဝေ့ဖုန်းကိုထောက်ခံသော ခေါင်းဆောင်ကြီးသုံးဦးထဲမှ တစ်ဦးဖြစ်သည်။ တိုင်ချုံးသေဆုံးပြီးနောက် ယုံလဲ့ရပ်ကွက်ကို ကာကွယ်ရန် တိုင်ချုံး၏နေရာကို သူလွှဲပြောင်းရယူခဲ့၏။
သို့သော် ခေါင်းဆောင်ချန်၏ ခွန်အားမှာ တိုင်ချုံးထက်များစွာနိမ့်ကျသည်။ သူက အခြား ခေါင်းဆောင်တစ်ဦးဖြစ်သူ ဒုဂိုဏ်းချုပ် မာချင်းယွမ်၏အကြီးအကျယ် ဖိနှိပ်ခြင်းကို ခံနေရ၏။
သူတို့နှစ်ဦးကြား တန်းတူထိန်းချုပ်ရမည့် ယုံလဲ့ရပ်ကွက်မှာ ယခုအခါ မာချင်းယွမ်က သုံးပုံနှစ်ပုံကို ပိုင်ဆိုင်ထားပါသည်။
သို့သော် ခေါင်းဆောင်ချန်တွင်လည်း အားသာချက်တစ်ခု ရှိသည်။ သူက မည်သို့ မြှောက်ပင့်ရမည်ကို သိခြင်းပင်။ သူက ဝေ့ဖုန်းကို ထူးဆန်းပြီး ထူးခြားသောအရာများ မကြာခဏလက်ဆောင်ပေးတတ်သဖြင့် ဝေ့ဖုန်းက သူ့ကိုသဘောကျပြီး ပို၍ပင် အားကိုးလာစေခဲ့၏။
ခေါင်းဆောင်ချန်က လူများစွာကိုစေလွှတ်ခဲ့သဖြင့်၊ ပစ္စည်းများလာပို့သောသူ ပြောင်းလဲသွားသည်ကို ဂိတ်စောင့်ဂိုဏ်းဝင်က သတိမထားမိပေ။
အဖွဲ့ဝင် ၇၀၀၀ ကျော်ရှိသော မိုးပြာဝါးဂိုဏ်းအတွက် အချင်းချင်းမသိကြသည်မှာ ပုံမှန်သာ ဖြစ်၏။
"ဂိုဏ်းချုပ်က ချွန်းရှန်းစံအိမ်မှာ အရက်သောက်နေတယ်။ မင်းရဲ့ပစ္စည်းတွေကို ဒီမှာ ထားခဲ့ပြီး သူပြန်လာရင် ငါသူ့ကို ပေးလိုက်ရမလား။"
*ဒီမှာမရှိဘူးလား။ *
ဆုရှင်းက စိတ်ထဲမှရယ်မောလိုက်၏။ သူ ဤနေရာတွင်ရှိမနေခြင်းက ပိုကောင်းသည်။ ပင်မခန်းမထဲတွင် လှုပ်ရှားပါက အနည်းငယ်အန္တရာယ်များပေလိမ့်မည်။
အပျော်စံအိမ်အိမ်ကဲ့သို့ ဆူညံပြီးရှုပ်ထွေးသော နေရာမျိုးတွင် လွတ်မြောက်ရန် ပိုမိုလွယ်ကူပါလိမ့်မည်။
"မထားခဲ့တော့ဘူး။ ဒါက ကိုယ်ရေးကိုယ်တာကိစ္စတစ်ခုပါ။ ခေါင်းဆောင်ချန်က ဂိုဏ်းချုပ်ကို လူကိုယ်တိုင်ပေးရမယ်လို့ ပြောထားတယ်။ ကျွန်တော် ချွန်းရှန်းစံအိမ်ကိုပဲ သွားလိုက်တော့မယ်။"
ဂိတ်စောင့်ဂိုဏ်းဝင်က သူ့ကို နားလည်သော အကြည့်ဖြင့် ချက်ချင်းကြည့်လိုက်၏။
အမျိုးသမီးများအပေါ် ဝေ့ဖုန်း၏နှစ်သက်မှုမှာ မိုးပြာဝါးဂိုဏ်းအတွင်း အားလုံးသိကြသည့် ကိစ္စ ဖြစ်သည်။ ဤအချက်ကြောင့် ခေါင်းဆောင်ချန်က ဝေ့ဖုန်းအားထူးခြားဆန်းပြားပြီး ကာမဆန္ဒကိုနိုးဆွပေးသည့် အရာမျိုးစုံကို မကြာခဏထောက်ပံ့ပေးလေ့ရှိ၏။
သေချာသည်မှာ ဤအရာများကို အခြားသူများ မြင်တွေ့ရန် မရည်ရွယ်ပေ။
ဆုရှင်းလှည့်၍ လမ်းသွယ်လေးတစ်ခုထဲသို့ ဝင်သွားပြီး သေတ္တာကိုဖြစ်သလို လွှင့်ပစ်လိုက်ကာ သူ၏မိုးပြာဝါးဂိုဏ်းဝတ်စုံကိုချွတ်လိုက်ပြီး အောက်ခံပိုးထည်ဝတ်ရုံများကို ထုတ်ဖော်ကာယပ်တောင်တစ်ချောင်းကို ထုတ်ယူလိုက်၏။
မျက်စိတစ်မှိတ်အတွင်း သူက ရုပ်ရည်ချောမောသော သခင်လေးတစ်ဦးအဖြစ်သို့ ပြောင်းလဲသွားတော့သည်။
လမ်းသွယ်ထဲမှ ထွက်လာပြီးနောက် ဆုရှင်းက ထမ်းစင်ထမ်းသမားများစောင့်ဆိုင်းနေကြသည့် လမ်းထောင့်တစ်ခုသို့ ရောက်ရှိလာသည်။
ဆုရှင်းက ငွေတစ်ကျပ်ကို ပစ်ပေးလိုက်ရာ ထမ်းစင်ထမ်းသမားတစ်ဦး၏ မျက်လုံးများ တောက်ပသွားခဲ့၏။
သူက ချက်ချင်း ကောက်ယူလိုက်ပြီး "သခင်လေး။ ဘယ်ကိုသွားမလို့လဲ။"ဟု လေးစားစွာ မေးလိုက်သည်။
"ချွန်းရှန်းစံအိမ်။"
ပြည့်တန်ဆာအိမ်များက စီရင်းစုမြို့တိုင်း၏ မရှိမဖြစ်အစိတ်အပိုင်းတစ်ခုဖြစ်သော်လည်း ချန်သယ်ရပ်ကွက်ရှိ ချွန်းရှန်းစံအိမ်မှာ ပျော်ရွှင်ဖွယ်တောအုပ်ရှိ လမင်းယစ်မူးမျှော်စင်ထက် များစွာ ညံ့ဖျင်းပါသည်။
အပြင်အဆင်ကညံ့ဖျင်းပြီး ဝန်ဆောင်မှုကလည်း ပို၍ပင် ဆိုးရွားသေး၏။
ဆုရှင်း အခန်းထဲသို့ ဝင်ဝင်ချင်းပင် တောက်ပသော အနီရောင်အပြင်အဆင်ကြောင့် ရွံရှာသွားမိသည်။
ထို့နောက် အသက်ငါးဆယ်အရွယ် ပြည့်ဖြိုးသော ပြည့်တန်ဆာခေါင်းဆောင်မကြီးတစ်ဦးက ဆွဲဆောင်မှုရှိစွာမျက်စိပစ်ပြီး ရယ်မောရင်း "သခင်လေး။ ကျေးဇူးပြုပြီး ဝင်ခဲ့ပါ။" ဟု ပြောလိုက်သည်။
ဤမြင်ကွင်းက ဆုရှင်းကို စကားမပြောနိုင်ဖြစ်သွားစေခဲ့၏။
ပိုင်ရှင်လျို၏လမင်းယစ်မူးမျှော်စင်ကဲ့သို့နေရာက အပြင်အဆင်နှင့် ဝန်ဆောင်မှုနှစ်မျိုးစလုံးအား တတ်နိုင်သမျှကြော့ရှင်းရန်လုပ်ဆောင်လေ့ရှိသည်။
သို့သော် ချွန်းရှန်း စံအိမ်ကမူ ဟောင်းနွမ်းပြီး ရိုးအီနေသောနည်းလမ်းဟောင်းများကိုသာ အသုံးပြုနေဆဲဖြစ်သည်။ ပြည့်တန်ဆာခေါင်းဆောင်မကြီးက ဖောက်သည်များကို ချွဲနွဲ့စွာဆွဲဆောင်ပြီး မိန်းကလေးများအား သူတို့ကိုကြိုဆိုရန် ပေါင်ကားထားစေကြသည်။
ဝေ့ဖုန်းကဲ့သို့ ဂိုဏ်းခေါင်းဆောင်တစ်ဦးက ၎င်းကို ဤမျှနှစ်သက်နေခြင်းမှာ အတော်လေး အံ့သြစရာ ကောင်းပါသည်။
"သွားတော့။ ငါ့ဘာသာလျှောက်သွားလိုက်မယ်။" ဆုရှင်းက ငွေတုံးတစ်တုံးကို ပြည့်တန်ဆာခေါင်းဆောင်မကြီး၏ရင်ခွင်ထဲသို့ တိုက်ရိုက် ပစ်ထည့်လိုက်၏။
ပြည့်တန်ဆာခေါင်းဆောင်မကြီးက ငွေကို ယူကာ တစ်ချက်ကြည့်ပြီးနောက် ချက်ချင်းလှည့်ထွက်သွားသည်။
ဖောက်သည်ဆိုတာ နတ်ဘုရားဘဲဟူသော သဘောတရားကို သူမ နားလည်ထား၏။
သင်က သူမကိုပိုက်ဆံပေးသရွေ့၊ သူမကို ပြည့်တန်ဆာအလုပ်ပြန်လုပ်ခိုင်းလျှင်ပင် သူမ၏ ယခင်ဘဝအတိုင်း ပျော်ပျော်ရွှင်ရွှင်ဖြင့် လုပ်ပေးလိမ့်မည်။
ချွန်းရှန်းစံအိမ်၏ဒုတိယအထပ်တွင် ဆုရှင်းက သူ၏နားများထဲသို့ အတွင်းအားများအားဖြည့်လိုက်ရာ သူ၏အကြားအာရုံက ချက်ချင်းပင် အဆပေါင်းများစွာ တိုးတက်သွားခဲ့၏။
အသံအကာအကွယ်ညံ့ဖျင်းနေပြီဖြစ်သော သီးသန့်အခန်းထဲတွင် အသံမျိုးစုံက ဆုရှင်း၏နားဘေးတွင်ရှိနေသကဲ့သို့ ရှင်းလင်းစွာကြားနေရသည်။
ဆူညံသံများကို လျစ်လျူရှုကာ ဆုရှင်းက သူ၏ခေါက်ယပ်တောင်ထဲတွင် ဖုံးကွယ်ထားသော ဓားမြှောင်ကိုဆုပ်ကိုင်ပြီး အနက်ရှိုင်းဆုံး သီးသန့်အခန်းဆီသို့ လျှောက်သွားခဲ့၏။
သီးသန့်အခန်းထဲတွင် အသက်သုံးဆယ်အရွယ် လူရွယ်တစ်ဦးက မိန်းကလေးတစ်ဦးကို ဖက်ကာ တိတ်ဆိတ်စွာ အရက်သောက်နေပါသည်။
မိုးပြာဝါးဂိုဏ်းဝင်အနည်းငယ်က သူ့အတွက် အရက်ငှဲ့ပေးရင်း နှစ်သိမ့်စကားများ တီးတိုးပြောနေကြ၏။
ဤလူမှာ မိုးပြာဝါးဂိုဏ်း၏လက်ရှိ ဂိုဏ်းချုပ် ဝေ့ဖုန်းဖြစ်သော်လည်း ယခုရက်ပိုင်းတွင် သူက အလွန်ဂုဏ်သိက္ခာရှိသော ဘဝမျိုးဖြင့် နေထိုင်နေရခြင်းတော့ မဟုတ်ပေ။
ဝေ့ဖုန်းက အလွန် စိတ်ဓာတ်ကျနေခဲ့၏။ သူက ဂိုဏ်းချုပ်ဖြစ်လာခဲ့သော်လည်း သူ၏ဘဝမှာ ဂိုဏ်းချုပ်ငယ်လေးအဖြစ် ရှိစဉ်ကလောက် မကောင်းမွန်တော့ပေ။
ထိုစဉ်က ဝေ့ဖုန်းအခြေအနေက တကယ်ကိုအံ့သြဖွယ်ပင်။ သူ၏ဖခင်က ကျောထောက်နောက်ခံပေးထားသဖြင့် မိုးပြာဝါးဂိုဏ်းတွင် မည်သူက သူ့ကို ပြဿနာရှာရဲမည်နည်း။
မိုးပြာဝါးဂိုဏ်းနှင့် လင်းယုန်ပျံဂိုဏ်းတို့၏ကြီးမားသောတိုက်ပွဲမှာ ပြည့်တန်ဆာအိမ်တစ်ခုတွင် အမျိုးသမီးတစ်ဦးအတွက် ဝေ့ဖုန်းနှင့် ရှားဖေးယင်း၏သား ရှားယွမ်တုန်းတို့ ရန်ဖြစ်ရာမှ စတင်ခဲ့ခြင်း ဖြစ်သည်။
ထိုစဉ်က ဝေ့ဖုန်းက ရှားယွမ်တုန်းကိုပင် မကြောက်ခဲ့ပေ။
*မင်းက ရှားဖေးယင်းရဲ့သား ဟုတ်မဟုတ် ငါဂရုမစိုက်ဘူး။ ငါမင်းကို တုံ့ဆိုင်းမနေဘဲရိုက်နှက်မှာပဲ*
ယခုတော့။ သူက လင်းယုန်ပျံဂိုဏ်း၏အပြင်းအထန်ရိုက်နှက်ခြင်းခံလိုက်ရကာ ဤနေရာတွင် တစ်ယောက်တည်းအရက်သောက်နေရုံသာတတ်နိုင်တော့သည်။
"ငါလခွမ်းလိုပဲ။ ငါ့ကိုအခွင့်အရေးမရစေကြနဲ့။ မိုးပြာဝါးဂိုဏ်းကို ငါတကယ်ထိန်းချုပ်နိုင်သွားရင် ပထမဆုံးလုပ်မယ့်အလုပ်က အဲဒီခွေးအိုကြီး နှစ်ကောင်ကို ရှင်းပစ်ဖို့ပဲ။"
သူ၏ဘေးရှိ ဂိုဏ်းဝင်များက သူ၏ခွက်ကို အလျင်အမြန်ဖြည့်ပေးလိုက်ပြီး သူတို့၏မျက်နှာများတွင် ဖားယားသော အပြုံးများ ပြည့်နှက်နေခဲ့၏။ "ဟုတ်ပါတယ်။ မကြာခင် ဒါမှမဟုတ်နောက်ပိုင်းမှာ အဲဒီ လိပ်အိုကြီးနှစ်ကောင်ကို ဂိုဏ်းချုပ်ဘယ်လောက်စွမ်းတယ်ဆိုတာ သိသွားစေရပါမယ်။"
ထိုစဉ် ကျွိခနဲမြည်သံနှင့်အတူ သီးသန့်အခန်း၏တံခါးပွင့်သွားပြီး ဆုရှင်း ဝင်လာခဲ့၏။
ဝေ့ဖုန်းက ချက်ချင်းမျက်မှောင်ကြုတ်လိုက်သည်။ "မင်းကို ဘယ်သူဝင်ခွင့်ပေးလို့လဲ။ ထွက်သွား မင်းမှာယဉ်ကျေးမှုမရှိဘူးလား။"
"မင်းက ဝေ့ဖုန်းလား။" ဆုရှင်းက တိုးညင်းစွာမေးလိုက်ပြီး သူ၏မျက်လုံးများက အခန်းထဲရှိအရာအားလုံးကို အကဲခတ်ကြည့်လိုက်၏။
ဝေ့ဖုန်းနှင့် သူ၏ရင်ခွင်ထဲရှိ ပြည့်တန်ဆာမလေးမှလွဲ၍အခန်းထဲတွင် ဂိုဏ်းဝင်ငါးဦးသာ ရှိသော်လည်း သူတို့အားလုံးမှာ အသုံးမကျဘဲ အထူးတလည်သန်မာခြင်း မရှိပေ။
ဝေ့ဖုန်းက သူ၏မိုးပြာဝါးဂိုဏ်း ဌာနချုပ်တွင် မည်သူမျှ သူ့ကိုပြဿနာလာမရှာရဲဘူးဟု ထင်ခဲ့၍ ဖြစ်နိုင်ပါသည်။ ထို့ကြောင့်ပျော်ပါးရန် အပြင်ထွက်သောအခါ သူ၏နောက်လိုက် အနည်းငယ်ကိုသာ ခေါ်လာခဲ့ခြင်း ဖြစ်၏။
"မင်း ဘယ်လိုတောင် ရဲတင်းတာလဲ။ ငါတို့ ဂိုဏ်းချုပ်နာမည်ကို အဲဒီလိုခေါ်လို့ရမယ် ထင်နေတာလား။" ဂိုဏ်းဝင်တစ်ဦးက ရှေ့သို့ချက်ချင်း တက်လာပြီး သူ့ကိုဆူပူလိုက်သည်။
ဆုရှင်းက သူ့ကိုလျစ်လျူရှုကာရှေ့သို့ လျှောက်သွားရင်း ပြောလိုက်၏။ "ဒီနေ့ ငါလာတာ မင်းကို တစ်ခုတည်း ပြောပြဖို့ပဲ။ လင်းယုန်ပျံဂိုဏ်းကို စော်ကားတဲ့သူတိုင်း သေဖို့ထိုက်တန်တယ်။"
နောက်ဆုံး စကားလုံးထွက်လာသည်နှင့် တစ်ပြိုင်နက် ဆုရှင်း၏ခေါက်ယပ်တောင် ရုတ်တရက်ပေါက်ကွဲသွားပြီး အတွင်းမှ ဓားမြှောင် တစ်လက်ထွက်ပေါ်လာကာ ဝေ့ဖုန်းဆီသို့ ထိုးစိုက်သွားခဲ့၏။
"လုပ်ကြံသူ။"
ဂိုဏ်းဝင်ငါးဦး အော်ဟစ်လိုက်သော်လည်း သူတို့ထဲမှတစ်ဦးမျှဆုရှင်းကို တားဆီးရန်ထွက်မလာခဲ့ကြပေ။ သူတို့အားလုံး အော်ဟစ်ကာ သူ၏အနောက်တွင် ပုန်းနေကြ၏။
ဝေ့ဖုန်း၏မျက်လုံးများတွင် ထိတ်လန့်မှု တစ်ခု ဖြတ်သွားသည်။ သူသည်လည်း သိုင်းပညာရှင် တစ်ဦးဖြစ်ပြီး သူ၏အတွင်းအား ကျင့်ကြံခြင်းမှာ ဆုရှင်းထက် မအားနည်းပေ။
သူက သွေးကြောအမှတ်သုံးဆယ့်ခြောက်ခုကို ဖွင့်ထားပြီး ဟောက်ထျန်းအစောပိုင်းအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်၏။
ကံမကောင်းစွာဖြင့် သူကငယ်စဉ်ကတည်းက မည်သူနှင့်မျှ အစစ်အမှန်တိုက်ပွဲ မဖြစ်ခဲ့ဖူးပေ။ ဤကဲ့သို့အရာ ရုတ်တရက်ဖြစ်ပေါ်လာသောအခါ ဝေ့ဖုန်းက သူလည်း သိုင်းပညာတတ်မြောက်ထားကြောင်းကိုမေ့သွားခဲ့သည်။
ဆုရှင်း မျက်မှောင်ကြုတ်လိုက်၏။ ဝေ့ဖုန်းက ဤမျှထိအသုံးမကျဘဲ မည်သို့ရှောင်တိမ်းရမည်ကိုပင် မသိလောက်အောင်ကြောက်ရွံ့နေလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။
သူက ဝေ့ဖုန်းကို တကယ်သတ်ရန် မရည်ရွယ်သော်လည်း ၎င်းကိုအလွန်သိသာလွန်းအောင် လွှတ်ထားလိုက်ပါက အခြားသူများသူ့ကို အလွယ်တကူ မြင်သာသွားပါလိမ့်မည်။
ကံကောင်းထောက်မစွာဖြင့် ဝေ့ဖုန်းမှာ လုံးဝ တုံးအမနေခဲ့ပေ။
ဓားမြှောင်ထိတော့မည့် အချိန်တွင် ဝေ့ဖုန်းက သူ၏ဘေးရှိ ပြည့်တန်ဆာမလေးကို ရှေ့သို့ ရုတ်တရက်ဆွဲယူလိုက်ပြီး တိုက်ခိုက်မှုကို ကာကွယ်ရန် ကြိုးစားလိုက်သည်။
ဆုရှင်းက တမင်တကာလမ်းကြောင်းလွှဲလိုက်ရာ ဓားမြှောင်က ပြည့်တန်ဆာမလေး၏ပခုံးကို ဖောက်ထွင်းသွားပြီး ဝေ့ဖုန်း၏လက်မောင်းကိုလည်း စိုက်ဝင်သွားခဲ့၏။
ပထမဆုံး တိုက်ခိုက်မှုလွဲချော်သွားပြီးနောက် ဆုရှင်းက ချက်ချင်းဆုတ်ခွာသွားကာ ဝေ့ဖုန်းမတုံ့ပြန်နိုင်မီ ဒုတိယအထပ်ပြတင်းပေါက်မှ ခုန်ချသွားတော့သည်။
"ခေါင်းဆောင်။ အဆင်ပြေရဲ့လား။" ဆုရှင်း ပြေးသွားသည်ကိုမြင်သောအခါ နောက်လိုက် အနည်းငယ်က သူ့အခြေအနေကို လာရောက် မေးမြန်းကြတော့သည်။
"ထွက်သွား။ မင်းတို့လိုအသုံးမကျတဲ့အမှိုက်တွေ အားလုံး ထွက်သွား။ စောစောက မင်းတို့ အားလုံး ဘာလုပ်နေကြတာလဲ။"
ဝေ့ဖုန်းက သူ့ကိုယ်စားဓားအထိုးခံလိုက်ရပြီး သူ၏ ရင်ခွင်ထဲတွင် ငိုကြွေးနေဆဲဖြစ်သော ပြည့်တန်ဆာမလေးကို ဘေးသို့တွန်းဖယ်လိုက်ကာ ဂိုဏ်းဝင်များကို စတင် ကျိန်ဆဲတော့သည်။
သူတို့အားလုံး အနေခက်စွာ ရယ်မောနေကြပြီး မည်သူကမျှပြန်လည်မချေပရဲဘဲ ဝေ့ဖုန်း၏ဆူပူမှုကို သည်းခံနေကြသည်။
ဆုရှင်း၏လုပ်ရပ်များက ရုတ်ရုတ်သဲသဲဖြစ်သွားစေပြီး မိုးပြာဝါးဂိုဏ်းကို သတိပေးလိုက်၏။ မာချင်းယွမ်နှင့် ချန်ဟုန်တို့က ချွန်းရှန်းစံအိမ်သို့ ၁၅ မိနစ်ပင် မပြည့်မီအချိန်တွင် ရောက်ရှိလာကြ၏။
"ဂိုဏ်းချုပ်။ ဘာတွေဖြစ်နေတာလဲ။" မာချင်းယွမ်က စိုးရိမ်ဟန်ဆောင်ကာ မေးလိုက်သည်။
"ဘာဖြစ်ရမလဲ။ လင်းယုန်ပျံဂိုဏ်းက လုပ်ကြံသူတွေကြောင့် ငါသေလုနီးပါး ဖြစ်သွားတာ။ သူတို့က မိုးပြာဝါးဂိုဏ်းရဲ့ဌာနချုပ်ထဲမှာ ငါ့ကိုပေါ်ပေါ်ထင်ထင် လုပ်ကြံဖို့ကြိုးစားခဲ့ကြတယ်။ လင်းယုန်ပျံဂိုဏ်းက ငါ့မျက်နှာကိုအဲဒီလောက် ပြင်းပြင်းထန်ထန်ရိုက်လိုက်တာတောင် မင်းတို့က ဒါကို သည်းခံနေဦးမှာလား။" ဝေ့ဖုန်းက ဒေါသတကြီး အော်ဟစ်လိုက်၏။
"နားလည်မှုလွဲတာ တစ်ခုခုများရှိနေမလား။" ချန်ဟုန်က မေးလိုက်သည်။
သူက ပုတိုပြီးပိန်ပါးကာ ယဉ်ကျေးသိမ်မွေ့သော အသွင်အပြင်ရှိပြီး သိုင်းပညာရှင်တစ်ဦးထက် စာရေးကြီးတစ်ဦးနှင့် ပိုတူပါသည်။
တကယ်တမ်းတွင် သူက မိုးပြာဝါးဂိုဏ်း၏ခေါင်းဆောင်ဟောင်းကို အကြံပေးလေ့ရှိသူဖြစ်ပြီး တိုက်ခိုက်ခြင်းနှင့် သတ်ဖြတ်ခြင်း ကိစ္စရပ်များအားလုံးကို မာချင်းယွမ်က ကိုင်တွယ်ဖြေရှင်းခဲ့သည်။
ထို့ကြောင့် ဤအကြောင်းကို သူကြားသောအခါ သူ၏ပထမဆုံး တုံ့ပြန်မှုမှာ တစ်စုံတစ်ဦးက သူ့ကို အကွက်ဆင်နေခြင်းဖြစ်သည်ဟု ထင်ခဲ့၏။ မည်သို့ပင်ဆိုစေ လင်းယုန်ပျံဂိုဏ်းက အမြဲတစေထိန်းချုပ်နေခဲ့ပြီး ယခုရုတ်တရက်ရူးသွပ်ကာ ဝေ့ဖုန်းကိုလုပ်ကြံရန် လူလွှတ်လိမ့်မည်ဟု သူ မယုံကြည်ပေ။
"နားလည်မှုလွဲတာ။ လုပ်ကြံသူကိုယ်တိုင်က သူဟာ လင်းယုန်ပျံဂိုဏ်းကလို့ ပြောခဲ့တာ။ ဘာနားလည်မှုလွဲစရာ ရှိသေးလို့လဲ။"
ဝေ့ဖုန်းက ၎င်းတို့နှစ်ဦးကို နီရဲနေသော မျက်လုံးများဖြင့် စိုက်ကြည့်လိုက်၏။ "မင်းတို့လင်းယုန်ပျံဂိုဏ်းကို မတိုက်ဘူးဆိုရင်ငါတိုက်မယ်။ ငါ့ရဲ့ ဂိုဏ်းချုပ်နေရာကို မင်းတို့ကို ပေးမယ်။ ငါထွက်မယ်။"
ချန်ဟုန်က ဝေ့ဖုန်း၏လက်မောင်းကို အလျင်အမြန် ဖမ်းကိုင်လိုက်၏။ "ခေါင်းဆောင်။ စိတ်လျှော့ပါ ငါတို့မတိုက်ဘူးလို့ မပြောပါဘူး။ လင်းယုန်ပျံဂိုဏ်းကို စစ်ပွဲဆင်နွှဲဖို့နဲ့ ငါတို့ကို ရှင်းလင်းချက်တစ်ခုပေးဖို့ အခုချက်ချင်း အမိန့်ထုတ်လိုက်ပါ့မယ်။"
"ဟွန့်။"
ကျေနပ်လောက်သော အဖြေတစ်ခုကို ရရှိပြီးနောက် ဝေ့ဖုန်းက သူ၏လူများနှင့်အတူ ထွက်သွားခဲ့၏။
ဝေ့ဖုန်း၏လူများ ထွက်သွားပြီးနောက် မာချင်းယွမ်၏မျက်နှာမှာ ချက်ချင်း မည်းမှောင်သွားတော့သည်။ "ချန်ဟုန်။ မင်း ဘာလုပ်နေတာလဲ။ အခုစစ်တိုက်တာက ငါတို့အတွက် ဘာအကျိုးမှ မရှိဘူး။"
ချန်ဟုန်က သက်ပြင်းချလိုက်သည်။ "အခု ဒီလိုကိစ္စမျိုးဖြစ်လာပြီဆိုတော့ စစ်တိုက်တာကလွဲပြီး ငါတို့ ဘာလုပ်နိုင်ဦးမှာလဲ။ ငါတို့ရဲ့ကိုယ်ပိုင် ဂိုဏ်းချုပ်တောင် လုပ်ကြံခံလိုက်ရပြီ။ ငါတို့ ဆက်ပြီးသည်းခံနေရင် ခေါင်းဆောင်ကြီးတွေက ငါတို့ စကားကိုနားထောင်ရင်တောင် ဂိုဏ်းဝင်တွေက နားထောင်မှာ မဟုတ်ဘူး။"
"ဒါက လင်းယုန်ပျံဂိုဏ်းလုပ်မယ့်အလုပ်နဲ့ မတူဘူး။ တစ်ယောက်ယောက်ကပြဿနာတွေ လာဖန်တီးနေတယ်လို့ ငါ ခံစားရတယ်။ ဝေ့ဖုန်း ကိုယ်တိုင်ကတောင် သူ့ကိုလုပ်ကြံဖို့ တစ်ယောက်ယောက်ကိုငှားခဲ့တာဖြစ်နိုင်တယ်။ သူက ငါတို့ဆီကနေအာဏာသိမ်းချင်လို့ ဂိုဏ်းစစ်ပွဲကို လှုံ့ဆော်ချင်နေတာ။"
"ဒီကောင်လေးမှာ အဲဒီလောက်ကောက်ကျစ်တဲ့ ဉာဏ်ရှိတယ်လား။" မာချင်းယွမ်က မယုံကြည်ပေ။ သူသည် ဝေ့ဖုန်းကိုငယ်စဉ်ကတည်းက ကြီးပြင်းလာသည်ကို ကြည့်ရှုခဲ့သူဖြစ်၏။
ဤအပျော်အပါးမက်သော သခင်လေးမှာ ရုပ်ချောရုံ သက်သက်သာရှိသည်။
ချန်ဟုန်က လျှို့ဝှက်ဆန်းကြယ်စွာ ပြုံးလိုက်၏။ "လူတွေကအဆုံးစွန်ထိတွန်းပို့ခံရရင် ဘာကိုမဆိုလုပ်ကြမှာလဲ။ ဒါပေမဲ့ သူက ငါတို့ရဲ့အာဏာကို သိမ်းယူဖို့အများကြီး နုနယ်ပါသေးတယ်။ သူ တိုက်ချင်တယ် မဟုတ်လား။ ကောင်းပြီ ဒီတစ်ခါတော့ သူ့ကို စိတ်ကြိုက်တိုက်ခိုင်းလိုက်မယ်။ သူ့လူတွေအကုန်လုံးသေသွားရင် သူလည်း လိမ္မာတဲ့ ရုပ်သေးရုပ်ဂိုဏ်းချုပ်လေး တစ်ယောက် ဖြစ်သွားမှာပဲ။"