အခန်း ၃၂
Vol. 4 Ch. 32
အခန်း (၃၂) မိုးပြာဝါးဂိုဏ်းအား တိုက်ခိုက်ခြင်း
လင်းယုန်ပျံဂိုဏ်း ဌာနချုပ်အတွင်း၌ဂိုဏ်းချုပ် ရှားဖေးယင်းနှင့် ခန်းမသခင်သုံးဦးတို့က ဝေ့ဖုန်း လုပ်ကြံခံရကြောင်းကြားသိရသောအခါ အားလုံး မှင်တက်သွားကြ၏။
"သူတို့ကို ဘယ်သူလွှတ်လိုက်တာလဲ။" ရှားဖေးယင်း၏အကြည့်က တုန်းချန်ဝူနှင့် ကျွမ်းလီတို့အပေါ် ဖြတ်ပြေးသွားပြီး နောက်ဆုံးတွင် လင်းဖူဟူအပေါ် ကျရောက်သွားခဲ့သည်။
သူတို့သုံးဦးထဲတွင် သူက ဒေါသထွက်လွယ်ဆုံးသူဖြစ်ပြီး အခြေအနေအရပ်ရပ်ကို ထည့်မတွက်ဘဲ လှုပ်ရှားတတ်သူဖြစ်၏။
ထို့အပြင် မိုးပြာဝါးဂိုဏ်းအတွင်း ဝေ့ဖုန်းကို တစ်ယောက်တည်း ဝင်ရောက်လုပ်ကြံနိုင်သည့် စွမ်းရည်မျိုးမှာ စစ်ရေးခန်းမမှလူတစ်ဦးသာရှိမည်။
"ကျုပ်အပြစ်ကင်းပါတယ် ဂိုဏ်းချုပ်။ သူတို့ကို ကျုပ်လွှတ်လိုက်တာ တကယ်မဟုတ်ရပါဘူး။ မိုးပြာဝါးဂိုဏ်းကအဲဒီကောင်တွေ အရမ်းလွန်လွန်းတယ်ဆိုပေမဲ့ ဘယ်ဟာကအရေးကြီးပြီး ဘယ်ဟာက အရေးမကြီးဘူးဆိုတာ ကျုပ်သိပါတယ်။ ဒီလိုအချိန်ကြီးမှာ လက်စားချေဖို့လူတစ်ယောက်ကို ကျုပ်က ဘာလို့လွှတ်လိုက်မှာလဲ။" လင်းဖူဟူက မကျေမနပ်ဖြစ်နေပုံ ပေါ်သည်။
ရှားဖေးယင်းက သူ့ကို တစ်ချက်ကြည့်လိုက်သော်လည်း နောက်ထပ်ဘာမှ ဆက်မမေးတော့ပေ။
လင်းဖူဟူက ကြမ်းတမ်းပြီး စိတ်လိုက်မာပါ လုပ်တတ်သူဖြစ်ကာကိစ္စရပ်များကို လျှို့ဝှက်ထားနိုင်မည့် သူမျိုး မဟုတ်ပေ။ သူက မလွှတ်ဘူးဟု ပြောလျှင် သူ လွှတ်လိုက်သူမဟုတ်သည်မှာ သေချာသလောက် ရှိ၏။
ကျွမ်းလီက ပြောလိုက်သည်။ "ဂိုဏ်းချုပ် အခု ဘယ်သူလွှတ်လိုက်တာလဲဆိုတာ စုံစမ်းနေလို့လည်း အဓိပ္ပာယ်မရှိတော့ဘူး။ မိုးပြာဝါးဂိုဏ်းကတော့ တော်တော်လေးမျက်နှာပျက်သွားပြီ။ သူတို့ရဲ့ဂိုဏ်းချုပ်တောင် လုပ်ကြံသူလက်ထဲ သေလုနီးပါး ဖြစ်သွားတာဆိုတော့ ငါတို့ ဒီတိုက်ပွဲကို ဆင်နွှဲမှ ရတော့မယ်။"
ရှားဖေးယင်းက ခေါင်းညိတ်လိုက်၏။ "ဟုတ်တယ်။ ငါတို့ တိုက်ရမယ် ဒါပေမဲ့တိုက်ရမှာဆိုမှတော့ ငါတို့ရှုံးလို့မရဘူး။ လင်းယုန်ပျံဂိုဏ်းက လူတိုင်းကိုတိုက်ပွဲအတွက် အပြည့်အဝပြင်ဆင်ထားဖို့နဲ့ အချိန်မရွေးတိုက်ခိုက်ဖို့ အသင့်ပြင်ထားဖို့ ပြောလိုက်ပါ။ ဒီတစ်ကြိမ် ငါတို့ရှုံးလို့ မဖြစ်ဘူး။"
"ဟုတ်ကဲ့ပါ ဂိုဏ်းချုပ်။"
ထိုသုံးဦးက ခေါင်းညိတ်လိုက်ပြီး လှည့်ကာ ပင်မခန်းမထဲမှ ထွက်သွားကြ၏။
တုန်းချန်ဝူက ပြစ်ဒဏ်ခန်းမသို့ပြန်ရောက်ပြီးနောက် ဂိုဏ်းဝင်တစ်ဦးကို ခေါ်ယူကာ မေးလိုက်၏။ "ပြီးခဲ့တဲ့နှစ်ရက်က ဆုရှင်းကို စောင့်ကြည့်ထားဖို့ မင်းကိုငါပြောထားတယ်။ သူ ဘာလှုပ်ရှားမှု ရှိလဲ။"
ဂိုဏ်းဝင်က ပြန်ဖြေလိုက်သည်။ "ဆုရှင်းက တော်တော်လေး ပုံမှန်ရှိပါတယ်။ ပျော်ရွှင်ဖွယ်တောအုပ်ကို မနက်တစ်ကြိမ် ညနေတစ်ကြိမ် ကင်းလှည့်တာကလွဲရင် ကျန်တဲ့အချိန်တွေ အိမ်မှာပဲ နေပါတယ်။"
"ဒီနေ့ သူပျော်ရွှင်ဖွယ်တောအုပ်ကနေ မထွက်သွားဘူးဆိုတာ သေချာလား။"
"သေချာပေါက် မထွက်သွားပါဘူး။ သခင်ကြီးရဲ့ ညွှန်ကြားချက်အတိုင်း ပျော်ရွှင်ဖွယ်တောအုပ် အထွက်ပေါက်တွေမှာ သူလျှိုတွေထားထားပါတယ်။ ဆုရှင်းထွက်သွားတာနဲ့ သူတို့က ကျုပ်တို့ကို ချက်ချင်း သတင်းပို့မှာပါ။"
တုန်းချန်ဝူက ဂိုဏ်းဝင်ကိုထွက်သွားရန် လက်ဝှေ့ယမ်းပြလိုက်ပြီးနောက် သူ၏မေးစေ့ကို ပွတ်သပ်ကာ ဇဝေဇဝါဖြင့် တွေးလိုက်သည်။ "တကယ်ပဲ သူလက်ချက်မဟုတ်တာများလား။"
ပျော်ရွှင်ဖွယ်တောအုပ် ဌာနခွဲအတွင်း၌ဆုရှင်းသည် အဝတ်အစားများနှင့် လူ့အရေခွံမျက်နှာဖုံးကို ချွတ်ကာ မီးရှို့လိုက်ပြီဖြစ်၏။
ဆုရှင်းက လုပ်ရပ်တိုင်းတွင်တည်ငြိမ်မှုကို အမြဲတမ်း ဦးစားပေးတတ်သည်။ ဤပုံရိပ်ကို တစ်ကြိမ်အသုံးပြုပြီးပြီဖြစ်သဖြင့် ၎င်းကိုဖျက်ဆီးပစ်လိုက်ခြင်းက ပိုကောင်းပါလိမ့်မည်။
ဟွမ်ပင်းချန်က တံခါးကိုခေါက်၍ဝင်လာကာ သူ၏ မျက်နှာမှာ စိတ်လှုပ်ရှားမှုများဖြင့် တောက်ပနေသည်။ "ခေါင်းဆောင်။ ဂိုဏ်းက သတင်းစကား ပါးလိုက်ပြီ။ လူတိုင်း အပြည့်အဝအသင့်ပြင်ထားကြပြီး မိုးပြာဝါးဂိုဏ်းကို အချိန်မရွေးတိုက်ခိုက်လို့ ရပါပြီ။"
"အစီအစဉ် အောင်မြင်သွားပြီ။ ငါ့ရဲ့ ကြိုးစားမှုတွေ အလဟဿ မဖြစ်ခဲ့ဘူး။ တိုက်ပွဲက ရလာမယ့် ပိုင်ဆိုင်မှုတွေကို ဘယ်လိုတွက်ချက်ကြမလဲ။"
"စည်းမျဉ်းဟောင်းတွေအတိုင်းပါပဲ။ နယ်မြေကို သိမ်းပိုက်နိုင်သူကပိုင်ဆိုင်ပြီး လစဉ်သတ်မှတ်ထားတဲ့ အမြတ်ဝေစုကိုအချိန်မီ ပေးသွင်းဖို့ပဲလိုပါတယ်။"
ဆုရှင်း ခေါင်းညိတ်လိုက်၏။ ထိုအချက်က လင်းယုန်ပျံဂိုဏ်း စည်းမျဉ်းများ၏ ကောင်းမွန်သော အချက်ပင်။
သေချာပေါက် ရရှိလာသော အကျိုးအမြတ်များကို မည်သူကမျှ လုယူမည်မဟုတ်ပေ။
ဤနယ်မြေကို သူသိမ်းပိုက်နိုင်ပါက သူ၏အပိုင် ဖြစ်လာမည်။ သို့သော် လစဉ်လတိုင်းဤနယ်မြေမှ မည်မျှပင်ရရှိစေကာမူ အထက်လူကြီးများထံသို့ ၂၀ ရာခိုင်နှုန်း ပေးအပ်ရပါလိမ့်မည်။
ခေါင်းဆောင်ငယ်က ဝင်ငွေ၏၂၀ ရာခိုင်နှုန်းကို ခေါင်းဆောင်ကြီးထံသို့ ပေးအပ်ရပြီး ခေါင်းဆောင်ကြီးက စုစုပေါင်း ဝင်ငွေ၏၂၀ ရာခိုင်နှုန်းကို ဂိုဏ်းထံသို့ပြန်လည် ပေးအပ်ရခြင်းဖြစ်၏။
ဆုရှင်းက သူ၏ပထမဆုံးလတွင် ပျော်ရွှင်ဖွယ်တောအုပ်မှ လစဉ်ဝင်ငွေအဖြစ် ငွေပြားရှစ်သောင်းရရှိခဲ့ပြီး မွေးစားဖခင်ဖြစ်သူ၏ပါးစပ်ကို ပိတ်ထားရန် တတိယသခင်ကြီးဟူထံသို့ တစ်ဝက်နီးပါး ပေးအပ်ခဲ့ရသည်။ ပုံမှန်အားဖြင့် ထိုမျှလောက် ပေးရန် မလိုအပ်ပေ။
"သွားပြီးလှုပ်ရှားဖို့ အသင့်ပြင်ထားဖို့ လီဟွိုင်ကို သွားပြောလိုက်။ လူတွေ အကုန်လုံးကို စုထား ဒီည ငါတို့ လှုပ်ရှားမယ်။"
ယခုချက်ချင်း လှုပ်ရှားခြင်းက အသာစီးရနိုင်သော်လည်း ကံမကောင်းစွာဖြင့်စည်းမျဉ်းများက ခွင့်မပြုပေ။
ဤနေရာက ချန်နင်စီရင်စုဖြစ်သည်။ ဂိုဏ်းအသီးသီးက မည်မျှပင်ပြဿနာများ ဖန်တီးစေကာမူ ဤနေရာက အင်ပါယာနန်းတော်၏ နယ်မြေ ဖြစ်နေဆဲပင်။
ထို့ကြောင့် ချန်နင်စီရင်စုတွင် အမြဲတစေ အသံတိတ်စည်းမျဉ်းတစ်ခုရှိသည်။ အကြီးစား ဂိုဏ်းစစ်ပွဲများက ညမိုးချုပ်သည်အထိစောင့်ရမည်ဖြစ်ပြီး ဆိုင်များအားလုံး ပိတ်သိမ်းသွားချိန်တွင် သင် ကြိုက်သလို တိုက်ခိုက်နိုင်ပါသည်။
အကယ်၍ တစ်စုံတစ်ယောက်က စည်းမျဉ်းများကို ချိုးဖောက်ရဲပါက အစိုးရရုံးမှ ရဲမက်များက သူတို့ကို ပညာပေးလိမ့်မည်။
နေဝင်ခါစမှောင်ရီစပျိုးချိန်တွင် အမှောင်ထု တဖြည်းဖြည်းကျဆင်းလာကာ ဆုရှင်း၏ လက်အောက်ငယ်သား နှစ်ရာကျော်က လက်နက်များ ကိုင်ဆောင်လျက် ဆုရှင်း၏အမိန့်ကို စောင့်ဆိုင်းရန် ပင်မခန်းမ၌စုဝေးနေကြပြီ ဖြစ်သည်။
ထိုညတွင် သူတို့ဘာလုပ်ရမည်ကို ကြိုတင်သိရှိထားပြီးဖြစ်ရာ သူတို့၏မျက်နှာများပေါ်တွင် စိုးရိမ်မှုများကို မဖုံးကွယ်နိုင်ကြပေ။ မည်သို့ပင်ဖြစ်စေ သူတို့ထဲမှအများစုမှာ ဂိုဏ်းစစ်ပွဲတစ်ခုတွင် ပထမဆုံးအကြိမ်ပါဝင်ရခြင်း ဖြစ်၏။
ဓားကြီးကိုကိုင်ဆောင်ထားသော ဆုရှင်းက လူအုပ်၏ရှေ့တွင် ရပ်လျက် ကျယ်လောင်စွာ ကြေညာလိုက်၏။ "ငါအရင်က ပြောခဲ့ဖူးတယ်။ မင်းတို့ချမ်းသာချင်ရင် ဂုဏ်သိက္ခာကို လိုချင်ရင် တိုက်ခိုက်ရမယ်။ သတ်ရမယ်။ အခု အခွင့်အရေး ရောက်လာပြီ။ မင်းတို့ အဲဒါကိုဆုပ်ကိုင်နိုင်မလား ကြည့်ကြတာပေါ့။ ဒီည ငါတို့ယုံလဲ့ရပ်ကွက်ကို တိုက်ခိုက်မယ်။ လူတစ်ယောက်သတ်ရင် ဆုကြေး ငွေဆယ်ပြားရမယ်။"
ချမ်းသာကြွယ်ဝမှုက အလွန်သွေးဆောင်နိုင်သောအရာတစ်ခုဖြစ်ပြီး ဆုရှင်းက စကားအများကြီး မပြောခဲ့သော်လည်း ဤကတိတစ်ခုတည်းကပင် သူ၏နောက်လိုက်များစွာ၏ မျက်လုံးများနီရဲသွားစေခဲ့သည်။
ချန်နင်စီရင်စု၏ကုန်ဈေးနှုန်းများအရ ငွေတစ်ပြားက ချွေတာစွာသုံးစွဲပါက တစ်လစာအတွက် လုံလောက်ပါသည်။ ယခုဂိုဏ်းဝင်တစ်ဦးစီတွင် လစဉ်ကြေး ငွေဆယ်ပြားရှိနေပြီဖြစ်ရာ သူတို့ကို အနည်းငယ် ပိုမိုသက်သောင့်သက်သာနေထိုင်နိုင်စေသော်လည်း လုံးဝမလုံလောက်သေးပေ။
*လူ့အသက်တစ်ချောင်းအတွက် ငွေဆယ်ပြား။ ဒီည လူဆယ်ယောက်ကို သတ်နိုင်ရင်ချက်ချင်း မိန်းမယူလို့ ရပြီ။*
ပျော်ရွှင်ဖွယ်တောအုပ်တွင် မီးရောင်များထိန်လင်းနေဆဲဖြစ်သော်လည်း လမ်းတစ်ဖက်ရှိ ယုံလဲ့ရပ်ကွက်မှာမူ မှောင်မည်းနေပြီဖြစ်၏။ စီးပွားရေးလုပ်ငန်းများ အားလုံးကိုအသိပေးထားပြီးဖြစ်ရာ တံခါးများကိုပိတ်ထားကြပြီး ဆိုင်ရှေ့တွင် မီးအိမ်တစ်လုံးစီသာ ချန်ထားခဲ့ကြသည်။
မှိန်ဖျော့သော လမ်းမီးရောင်များက လမ်းမရှည်ကြီးကိုလင်းထိန်စေပြီးခြောက်ခြားဖွယ်ဖြစ်နေစေသည့်အပြင် လမ်းအဝင်ဝကိုစောင့်ကြပ်နေသော မိုးပြာဝါးဂိုဏ်းဝင်များကိုင်ဆောင်ထားသည့် ဓားရှည်များ၏အေးစက်သော အလင်းတန်းများကိုလည်း ရောင်ပြန်ဟပ်နေ၏။
မိုးပြာဝါးဂိုဏ်းက ချန်နင်စီရင်စု၏ရပ်ကွက် လေးဆယ့်ကိုးခုအနက် သုံးခုကို သိမ်းပိုက်ထားသည်။
ယုံလဲ့ရပ်ကွက်၏ဘေးတွင် ချန်လဲ့ရပ်ကွက်အပြင် တတိယသခင်ကြီးဟူပိုင်ဆိုင်သော ရွှန်းရိရပ်ကွက်လည်းရှိ၏။
ထို့ကြောင့် ယုံလဲ့ရပ်ကွက်၏ဂိုဏ်းဝင်များကို အုပ်စုနှစ်စု ခွဲထားပါသည်။ အုပ်စုတစ်စုက ရွှန်းရိရပ်ကွက်၏နေရာကို စောင့်ကြပ်ပြီး ကျန်အုပ်စုက ပျော်ရွှင်ဖွယ်တောအုပ်၏အဝင်ဝကို စောင့်ကြပ်ကြသည်။
ယုံလဲ့ရပ်ကွက်တစ်ခုလုံးတွင် မိုးပြာဝါးဂိုဏ်းဝင် ၁၅၀၀ ကျော် ရှိသော်လည်း သူတို့ထဲမှ သုံးပုံတစ်ပုံခန့်သာ ပျော်ရွှင်ဖွယ်တောအုပ်တွင်တပ်စွဲထားခဲ့၏။ သူတို့အားလုံးက ဝေ့ဖုန်းလက်အောက်ခေါင်းဆောင်ချန်လူများ ဖြစ်ကြသည်။
ဂိုဏ်းစစ်ပွဲများအတွင်း ကောက်ကျစ်သော လှည့်ကွက်များကိုပင် အသုံးပြုတတ်သဖြင့် ခေါင်းဆောင်ချန်က အတော်လေး ထူးဆန်းသူ တစ်ဦးဟုဆိုနိုင်ပေသည်။
တတိယသခင်ကြီးဟူ၏အမိန့်အောက်တွင် လူတစ်ထောင်နီးပါးရှိပြီး ကိုင်တွယ်ရန်မလွယ်ကူကြောင်း သူသိသော်လည်း ချန်လဲ့ရပ်ကွက်မှာတော့ ပျော်ရွှင်ဖွယ်တောအုပ်ဟူသော လမ်းမကြီးတစ်လမ်းသာရှိပြီး ခေါင်းဆောင်ငယ်တစ်ဦးနှင့် လူနှစ်ရာနီးပါးကသာ စောင့်ကြပ်နေခဲ့သည်။
ဤမျှသော လူအနည်းငယ်လေးကို သူမကိုင်တွယ်နိုင်စရာအကြောင်းမရှိပေ။ ထို့ကြောင့် သူ့ကိုဤနေရာသို့ပြောင်းရွှေ့ပေးရန် ဂိုဏ်းချုပ်ထံ သူ တောင်းဆိုခဲ့ခြင်းဖြစ်၏။
ဝေ့ဖုန်းကလည်း မတုံးအပေ။ မာချင်းယွမ်နှင့် ချန်ဟုန်တို့က သူ၏ယုံကြည်ရသော လက်အောက်ငယ်သားများကို အသုံးချခံများအဖြစ်အသုံးပြုမည်ကို စိုးရိမ်သဖြင့် သူက ချက်ချင်း သဘောတူလိုက်သည်။
"အားလုံး စုထားကြစမ်း။ လင်းယုန်ပျံဂိုဏ်းက အဲဒီကောင်တွေကိုချေမှုန်းပစ်ကြ။ မနက်ဖြန် မနက်ဆိုရင် သူတို့တစ်ယောက်စီကို ကြေးပြားကြီးတစ်ရာစီ ဆုချမယ်။"
ဓားကိုင်ဆောင်ထားသော ခေါင်းဆောင်ချန်က လူအုပ်ထဲမှအော်ဟစ်လိုက်ရာ အနည်းငယ်ရဲစွမ်းမြင့်တင်ပေးစေခဲ့၏။
လမ်းမရှည်ကြီး၏ တစ်ဖက်တွင် ဆုရှင်းက သူ၏လူများနှင့်အတူ ဖြည်းညှင်းစွာ လျှောက်လာခဲ့သည်။ မိမိတို့ထက်နှစ်ဆကျော်များပြားသော ရန်သူ့အင်အားစုကိုရင်ဆိုင်ရချိန်တွင် သူက ဓားကို လွှဲယမ်းကာ "သတ်"ဟုသာ အော်ဟစ်လိုက်သည်။
ဂိုဏ်းစစ်ပွဲများက ဧရာမစစ်ပွဲကြီးများ မဟုတ်ပေ။ ၎င်းတို့က ဤကျဉ်းမြောင်းသောလမ်းမပေါ်တွင် ပြေးဝင်ကာတိုက်ခိုက်ခြင်းမျှသာဖြစ်သည်။
အားလုံးကို စကားတစ်ခွန်းဖြင့် အကျဉ်းချုပ်နိုငိလေ၏။ စစ်တပ်နှစ်ခုကျဉ်းမြောင်းသော လမ်းတွင် ဆုံတွေ့သောအခါသတ္တိရှိသူကသာ အနိုင်ရလိမ့်မည်။
ဆုရှင်း၏လူငယ်များက မိုးပြာဝါးဂိုဏ်းထက် များစွာသာလွန်ကြောင်း ရှင်းလင်းနေ၏။ မိမိတို့ထက် နှစ်ဆကျော်များပြားသော ရန်သူကို ရင်ဆိုင်ရချိန်၌ပင်သူတို့ထဲမှ တစ်ဦးမျှနောက်မဆုတ်ကြပေ။
လီဟွိုင်က ရှေ့သို့ ပြေးထွက်ရန် ပြင်လိုက်သော်လည်း ဆုရှင်းက သူ့ကိုတားလိုက်၏။ "မလှုပ်နဲ့ဦး။ ဒီတိုက်ပွဲက သူတို့အတွက်တကယ့် စမ်းသပ်မှုပဲ။ သွေးထွက်သံယိုမဖြစ်ဘဲ အစစ်အမှန်တိုက်ပွဲနဲ့မကြုံ့ရရင် သူတို့ အတွင်းအားနဲ့ သိုင်းပညာတွေကို သင်ယူထားရင်တောင် အသုံးမကျဖြစ်နေလိမ့်မယ်။"
အသက်လုတိုက်ပွဲများက အိမ်တွင်တရားထိုင်နေခြင်းထက်များစွာ ပိုမိုအသုံးဝင်ပါသည်။ တိုင်ချုံးကိုလုပ်ကြံခြင်း မပြုမီနှင့် ပြုပြီးနောက် ဆုရှင်း၏ခွန်အားကွာခြားချက်မှာ မိုးကောင်းကင်နှင့် မြေပြင်ကဲ့သို့ပင်။
လက်ရှိအချိန်မှာတော့ ဂိုဏ်းနှစ်ခု၏အဖွဲ့ဝင်များက လမ်းမရှည်ကြီးပေါ်တွင် အနီးကပ်တိုက်ပွဲများစတင် ဆင်နွှဲနေကြပြီ ဖြစ်သည်။
သူတို့ စတင်သည်နှင့် တစ်ပြိုင်နက်လူအင်အား များပြားသော မိုးပြာဝါးဂိုဏ်း၏အားသာချက်မှာ ချက်ချင်း ထင်ရှားလာခဲ့၏။
ဂိုဏ်းဝင်နှစ်ဦး သို့မဟုတ် သုံးဦးက လင်းယုန်ပျံဂိုဏ်းဝင်တစ်ဦးကို ဝိုင်းရံကာ သူတို့၏ဓားရှည်များဖြင့် ခုတ်ပိုင်းနေကြသည်။ ထိုကဲ့သို့သော အချိန်မျိုးတွင် အစစ်အမှန်တိုက်ပွဲအတွေ့အကြုံမရှိခြင်း၏အားနည်းချက်မှာ ပေါ်လွင်လာတော့သည်။
ဂိုဏ်းဝင်အများစုမှာ ထိတ်လန့်နေကြပြီး သူတို့ သင်ယူထားသော ခွေးရိုက်တုတ်သိုင်းကိုပင် မေ့လျော့နေကြကာ လူသုံးဦးအုပ်စုဖွဲ့စည်းနည်းကိုပင်မေ့လျော့နေကြ၏။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူတို့ထဲမှ အချို့သေဆုံးသွားခဲ့သည်။
"ခေါင်းဆောင်။ သွားရအောင်။" ဟွမ်ပင်းချန်က ဘေးမှနေ၍ စိုးရိမ်တကြီး ပြောလိုက်သည်။
"နည်းနည်း ထပ်စောင့်ဦး။ ဒီအခက်အခဲကိုတောင် သူတို့မကျော်ဖြတ်နိုင်ရင် သူတို့ကိုလေ့ကျင့်ပေးနေတာက ဘာအဓိပ္ပာယ်ရှိတော့မှာလဲ။" ဆုရှင်းက မလှုပ်မယှက် ရှိနေသည်။
ဤဂိုဏ်းဝင်များက ၎င်းတို့၏အတိတ်ဘဝများတွင် ဆုရှင်းနှင့် တွေ့ဆုံရန် ကောင်းချီးရရှိခဲ့သည်ဟု ဟွမ်ပင်းချန်က တစ်ခါပြောခဲ့ဖူးသော်လည်း ဆုရှင်းကမူ ၎င်းသည် သူတို့၏ကံဆိုးမှုများကြောင့်လည်း ဖြစ်နိုင်သည်ဟု ပြောခဲ့၏။
အသက်ရှင်ကျန်ရစ်သူများက သဘာဝကျကျပင် ကောင်းချီးရရှိသူများ ဖြစ်သည်။
သေဆုံးသွားခြင်းကိုမူ ယခင်ဘဝက ဝဋ်ကြွေးများကို ဆပ်လိုက်ရခြင်းအဖြစ် သတ်မှတ်နိုင်ပါသည်။
ဆုရှင်းက ဤလက်အောက်ငယ်သားများကို ပြုစုပျိုးထောင်ရန်များစွာကြိုးစားခဲ့ခြင်းမှာ သူက အထူးတလည်သဘောထားကြီးလွန်း၍ မဟုတ်ဘဲ သူ့ကိုအင်အားများထောက်ပံ့ပေးရန် သူတို့ကို လိုအပ်သောကြောင့်ဖြစ်သည်။ သူ၏လက်ထဲရှိ ဤလူများကိုထက်ရှသောလက်နက်တစ်ခုအဖြစ် သူ လိုအပ်သည်။
သူတို့၏တန်ဖိုးကို သက်သေပြနိုင်ပါက ငွေပိုသုံးရန်နှင့် ပိုမိုကြိုးစားအားထုတ်ရန် ဆုရှင်း ဝန်လေးမည် မဟုတ်ပေ။
သို့သော် သူတို့သက်သေမပြနိုင်သေးပါက ဆုရှင်း ပြောခဲ့သကဲ့သို့ပင် သူ၏အမိန့်အောက်တွင် အသုံးမကျသောသူများကို သူထားရှိမည် မဟုတ်ပေ။
ကံကောင်းထောက်မစွာဖြင့် ဤလူများက အတော်လေး ပြိုင်ဆိုင်လိုစိတ်ရှိကြ၏။ အစပိုင်းတွင် ထိတ်လန့်သွားပြီးနောက် သူတို့က တဖြည်းဖြည်း ခြေကုပ်ရာရလာကြပြီး သူတို့ထဲမှအချို့မှာ ခံစစ်အခြေအနေတစ်ခုဖွဲ့စည်းကာ တန်ပြန်တိုက်ခိုက်မှု စတင်လာကြ၏။
တစ်ဦးချင်း စွမ်းရည်အရ အတွင်းအားနှင့် ခွေးရိုက်တုတ်သိုင်းကိုကျင့်ကြံထားသော ဆုရှင်း၏ဂိုဏ်းဝင်များမှာ သဘာဝကျကျပင်ပိုမိုသန်မာကြသည်။ သူတို့ခြေကုပ်ရသွားသည်နှင့် တစ်ပြိုင်နက် မိုးပြာဝါးဂိုဏ်းမှာ ချက်ချင်းပင်ဖရိုဖရဲဖြစ်သွားတော့သည်။
မိုးပြာဝါးဂိုဏ်းတွင် အဖွဲ့ဝင် ၅၀၀ ကျော် ရှိသော်လည်း သူတို့ထဲမှအများစုမှာ အခြေအနေ ကောင်းမွန်ချိန်တွင် ဖိနှိပ်ရန်ကျွမ်းကျင်ကြ၏။
အခြေအနေကောင်းချိန်တွင် သူတို့ကမယုံနိုင်လောက်အောင် ရဲရင့်ကြသော်လည်း အခက်အခဲများနှင့် ကြုံတွေ့ရသည်နှင့် တစ်ပြိုင်နက် သူတို့၏ခွန်အားမှာ ချက်ချင်း ကျဆင်းသွားတော့သည်။
ပျော်ရွှင်ဖွယ်တောအုပ်ရှိ ခေါင်းဆောင်ငယ်တစ်ဦးသာဖြစ်သော တစ်ဖက်လူက ဤကဲ့သို့ထိပ်တန်းအဆင့် လက်အောက်ငယ်သားများကို မည်သို့ပြုစုပျိုးထောင်နိုင်ခဲ့သနည်းဆိုသည်ကို ခေါင်းဆောင်ချန် တကယ်ပင် နားမလည်နိုင်ပေ။
လူဆယ်ဦးခန့် သေဆုံးပြီးနောက် မိမိတို့ဘက်မှ ပြိုလဲလုနီးပါးဖြစ်နေသည်ကို မြင်သောအခါ ခေါင်းဆောင်ချန်က အံကြိတ်ကာ သူ၏ခါးမှ ဓားကိုဆွဲထုတ်ပြီး ရှေ့သို့ ပြေးဝင်လာခဲ့သည်။
ခေါင်းဆောင်ချန် လှုပ်ရှားလိုက်သည်ကို မြင်သောအခါ ဆုရှင်းက အော်ဟစ်လိုက်၏။ "လီဟွိုင်။ ငါ့အတွက် လမ်းရှင်းပေးစမ်း။"
လီဟွိုင်က ဓားအိမ်ထဲမှဓားတိုနှစ်လက်ကို ဆွဲထုတ်ကာ လူအုပ်ထဲသို့ ပြေးဝင်သွားခဲ့၏။ ဓားများက အထက်အောက်လှုပ်ရှားသွားပြီး ဂိုဏ်းဝင် အချို့၏လည်ချောင်းများကို မျက်စိတစ်မှိတ်အတွင်း ဖြတ်တောက်သွားခဲ့၏။
အရှေ့မှ ဂိုဏ်းဝင်များအံ့အားသင့်သွားပြီး လမ်းဖယ်ပေးရန် ချက်ချင်းလူစုကွဲသွားကြတော့သည်။
ဆုရှင်းက အနောက်မှ ကပ်ပါလာရင်း ဓားကြီးကိုလွှဲယမ်းကာ ခေါင်းဆောင်ချန်ကိုတိုက်ရိုက်ခုတ်ပိုင်းလိုက်သည်။
ပြင်းထန်သော လေပြင်းတစ်ချက်တိုက်ခတ်လာရာ ခေါင်းဆောင်ချန်က သူ၏ခါးမှ ဓားကိုမြှောက်လိုက်၏။
သူထံသို့ ကြီးမားသောစွမ်းအားတစ်ခုဝင်ရောက်လာသည်ကို ချက်ချင်းခံစားလိုက်ရပြီး သူ၏လက်များမှာ ထုံကျင်သွားတော့သည်။
ခြေသုံးလေးလှမ်းခန့် နောက်ဆုတ်သွားပြီးနောက်မှ သူရပ်တန့်လိုက်နိုင်သည်။
သူ၏လက်ထဲရှိ ဓားကိုကြည့်လိုက်ရာ လက်မအရွယ်အစားခန့်အရာတစ်ခု ပဲ့ထွက်သွားသည်ကို တွေ့လိုက်ရ၏။
"သူကဘယ်လိုလုပ် ဒီလောက်သန်မာနေရတာလဲ။"
ခေါင်းဆောင်ချန် တိတ်တဆိတ်ညည်းတွားလိုက်မိသည်။ အတွေ့အကြုံမရှိပုံရသော ဤလူငယ်တွင် ဤမျှကြီးမားသော ခွန်အားရှိလိမ့်မည်ဟု သူ အနည်းငယ်မျှ မမျှော်လင့်ထားခဲ့ပေ။
ဓားတစ်ချက်တည်းဖြင့် ဆုရှင်းက ခေါင်းဆောင်ချန်ကို နောက်ဆုတ်သွားစေခဲ့၏။ ဆုရှင်းက မရပ်တန့်ဘဲရှေ့သို့ ပြေးဝင်ကာ ခေါင်းဆောင်ချန်နှင့် နောက်ထပ်ပြင်းထန်သော တိုက်ပွဲတစ်ခုကို ဆင်နွှဲလိုက်သည်။
ကြီးမြတ်သော သုမေရု ဓားသိုင်းကို ထုတ်လွှတ်လိုက်သောအခါ လေးလံပြီးကြီးကျယ်ခမ်းနားသောတောင်ကြီးတစ်တောင်ကို ရင်ဆိုင်နေရသကဲ့သို့ ခေါင်းဆောင်ချန်ချက်ချင်း ခံစားလိုက်ရ၏။
ဓားချက်တစ်ခုစီတိုင်းတွင် ကြီးမားလှသော ခွန်အားများပါဝင်နေသဖြင့် သူ၏သွေးများကို ပွက်ပွက်ဆူလာစေခဲ့၏။
သူပြန်လည်တိုက်ခိုက်လိုသော်လည်း ဆုရှင်းက သူ၏ဓားကြီးကို အပြစ်အနာအဆာကင်းစွာလွှဲယမ်းနေသဖြင့် ပိုက်ကွန်ကြီးတစ်ခုက သူ့ကို ဖြည်းညှင်းစွာဆွဲသွင်းနေသကဲ့သို့ မည်သည့် အခွင့်အရေးမျှ မပေးခဲ့ပေ။
ကြီးမြတ်သော သုမေရု ဓားသိုင်းက မူလက *မုန်ညင်းစေ့တစ်စေ့တွင်ပင် သုမေရုတောင်ရှိနိုင်သည်*ဟု အဓိပ္ပာယ်ရပြီး အားနည်းသူက အားကြီးသူကို အနိုင်ယူနိုင်ကာအားနည်းသူက အစွမ်းထက်သူကို အနိုင်ယူနိုင်ကြောင်းဆိုလိုသဖြင့် ကာကွယ်ရေးတွင် အားသာချက်ရှိပါသည်။
သို့သော် ခေါင်းဆောင်ချန်မှာ အလွန် အားနည်းလွန်းနေ၏။ သူက သွေးကြောအမှတ်ဆယ်ခုကိုပင် ဖွင့်နိုင်သေးမည်မဟုတ်ဟု ဆုရှင်း ခန့်မှန်းမိသည်။
ယခုအခါ ၎င်းမှာ သုမေရုတောင်ပါဝင်သော မုန်ညင်းစေ့မဟုတ်တော့ဘဲ မုန်ညင်းစေ့ပါဝင်သော သုမေရုတောင်ဖြစ်နေလေပြီ။
ဓားကြီး၏အရိပ်များက အရပ်မျက်နှာ အားလုံးမှ ကျဆင်းလာပြီး ထူထပ်ကာဖောက်ထွင်း၍ မရနိုင်သဖြင့် ခေါင်းဆောင်ချန်ကို အတွင်း၌တိုက်ရိုက် ပိတ်လှောင်ထားလိုက်သည်။
ထိုအခါမှသာ ဤလူငယ်က ပြီးခဲ့သည့်လက တိုင်ချုံးကို လုပ်ကြံခဲ့သူဖြစ်ကြောင်း ခေါင်းဆောင်ချန် အမှတ်ရသွားတော့သည်။
ထိုအတွေးဖြင့် ခေါင်းဆောင်ချန်၏နှလုံးသားထဲတွင် တိုက်ခိုက်လိုစိတ်မရှိတော့ပေ။ သူက ဆုရှင်းထံသို့ ဓားကိုပစ်ပေါက်ကာ လှည့်၍ ထွက်ပြေးလေတော့၏။
သို့သော် သူ၏ခန္ဓာကိုယ် လုံးဝ မလှည့်နိုင်မီ အေးစက်သော အလင်းတန်းတစ်ခုက သူ၏မျက်လုံးကို ဖြတ်သွားပြီး သူ၏လည်ချောင်းကို ဖောက်ထွင်းသွားပြီ ဖြစ်သည်။
ဆုရှင်းက သွယ်လျသောဓားကို ဘယ်ဘက်လက်တွင်ကိုင်ထားပြီး ခေါင်းဆောင်ချန်၏ လည်ချောင်းထဲမှ ဖြည်းညှင်းစွာဆွဲထုတ်လိုက်ကာ ၎င်း၏ဆန္ဒမရှိသောအကြည့်များ တဖြည်းဖြည်း အသက်မဲ့သွားသည်ကို ကြည့်နေလိုက်၏။
ဆုရှင်း ဓားအားမည်သို့ထိုးလိုက်သည်ကိုပင် သူမမြင်လိုက်ရသဖြင့် သူကကျေနပ်မှုမရှိဘဲ သေဆုံးသွားခဲ့ရသည်။