အခန်း ၃၃
Vol. 4 Ch. 33
အခန်း (၃၃) အလွန်သန်မာသောရန်သူ လော့ကျန်း
ခေါင်းဆောင်ချန်က ဓားတစ်ချက်တည်းဖြင့် အသတ်ခံလိုက်ရပြီးနောက် မိုးပြာဝါးဂိုဏ်းချက်ချင်း ပြိုကွဲသွားတော့သည်။
*ငါတို့က စစ်တိုက်နေတဲ့ စစ်သားတွေမှ မဟုတ်တာ။ ကိုယ့်ခေါင်းဆောင်တောင်တစ်ချက်တည်းနဲ့ အသတ်ခံလိုက်ရပြီဆိုတော့ ဘာဆက်တိုက်စရာ အကြောင်းရှိတော့မှာလဲ။*
မိုးပြာဝါးဂိုဏ်းဝင်များ ထွက်ပြေးသွားသောအခါ ဆုရှင်းက သူတို့ကိုလိုက်ဖမ်းရန်မည်သူ့ကိုမျှ မစေလွှတ်ခဲ့ပေ။ ထို့အစားသိမ်းပိုက်ရရှိထားသော နယ်မြေကိုနေရာယူရန် လူအချို့ကိုစီစဉ်လိုက်၏။
ယုံလဲ့ရပ်ကွက်ရှိ ခေါင်းဆောင်ချန်၏နေရာက မကြီးမားသော်လည်း ယုံလဲ့ရပ်ကွက်တစ်ခုလုံး၏သုံးပုံတစ်ပုံခန့် ရှိသည်။
ဓားပေါ်မှသွေးများကို သုတ်ရန်အဝတ်တစ်စ ထုတ်ယူရင်းဆုရှင်းက ဟွမ်ပင်းချန်ကိုခေါ်ကာ မေးလိုက်သည်။ "ငါတို့ရဲ့ဆုံးရှုံးမှု အခြေအနေဘယ်လိုရှိလဲ။"
"ညီအစ်ကိုငါးဆယ်ကျော် ဒဏ်ရာရခဲ့တယ်။ ဒါပေမဲ့ အားလုံးက အပေါ်ယံဒဏ်ရာတွေချည်းပါပဲ။ ဒါပေမဲ့ ညီအစ်ကိုရှစ်ယောက် သေဆုံးသွားပါတယ်။" ဟွမ်ပင်းချန်က သတိထားကာ ဖြေကြားလိုက်၏။
ရိုးရိုးသားသားပြောရလျှင် သူ ဤခေါင်းဆောင်ကို အနည်းငယ်ပင် ကြောက်လန့်လာခဲ့ပြီဖြစ်သည်။
အစောပိုင်းက သူ၏လက်အောက်ငယ်သားများကို လေ့ကျင့်ပေးရန်အကြောင်းပြချက်ဖြင့် ဆုရှင်းကဝင်မပါခဲ့ပေ။ အကယ်၍ သူသာ စောစောလှုပ်ရှားခဲ့ပါက ဤမျှထိသေဆုံးဒဏ်ရာရမှုရှိလာမည် မဟုတ်ပေ။
ဆုရှင်းက ဟွမ်ပင်းချန်ကိုကြည့်လိုက်၏။ "ဟွမ်ကြီး။ မင်း ငါ့ကိုကြောက်နေတာလား။"
"မဟုတ်ပါဘူး။ မဟုတ်ပါဘူး။" ဟွမ်ပင်းချန် အလျင်အမြန် ခေါင်းယမ်းလိုက်သည်။
ဆုရှင်းက သူ၏ပခုံးကို ပုတ်လိုက်သည်။ "ဟွမ်ကြီး။ မင်း တစ်ခုတော့မှတ်ထားရမယ်။ သနားကြင်နာတတ်တဲ့စစ်သူကြီးက စစ်တပ်ကို မအုပ်ချုပ်နိုင်ဘူး။ ငါက အမြဲတမ်း သူတို့ရဲ့ရှေ့မှာ ရပ်နေရင် သူတို့ဘယ်တော့မှကြီးပြင်းလာမှာ မဟုတ်ဘူး။ အဲဒီလိုဆိုရင် သူတို့ကိုလေ့ကျင့်ပေးနေတာက ဘာအဓိပ္ပာယ်ရှိတော့မှာလဲ။"
"ဒါပေမဲ့ ဟွမ်ကြီး စိတ်မပူပါနဲ့။ မင်းက ငါ့ကိုအရင်ဆုံးသစ္စာခံခဲ့တဲ့သူပဲ။ မင်း ငါ့ကို သစ္စာမဖောက်သရွေ့ငါလည်း မင်းအပေါ် မတရားဆက်ဆံမှာ မဟုတ်ပါဘူး။"
ဟွမ်ပင်းချန် အလျင်အမြန်ကျိန်ဆိုလိုက်၏။ "ခေါင်းဆောင် ကျွန်တော်ကခေါင်းဆောင်အပေါ် လုံးဝသစ္စာရှိပါတယ်။ ခေါင်းဆောင်သာ မရှိရင် ကျွန်တော်က အခုလိုဘယ်လိုလုပ်သြဇာကြီးလာနိုင်မှာလဲ။"
"ကောင်းပြီ ဟွမ်ကြီး အရမ်းကြီးခံစားမနေပါနဲ့။ ဒီညတိုက်ပွဲရဲ့အောင်မြင်မှုတွေကိုတစ်ယောက်ယောက်ကို တွက်ခိုင်းထားလိုက်။ မနက်ဖြန်မနက်ကျရင် ဆုကြေးတွေကိုအရင်ဆုံး ဝေပေးမယ်။" ဟွမ်ပင်းချန်၏ပခုံးကို ပုတ်ကာ ဆုရှင်းလှည့်၍ ထွက်သွားခဲ့၏။
ယနေ့ သူလုပ်ဆောင်ခဲ့သောအရာများအတွက် ဟွမ်ပင်းချန် မည်သည့်အရာမှမဖြစ်ဘာမှ ၎င်းမှာပုံမှန်မဟုတ်ပေ။ သူကြောက်ရွံ့နေခြင်းမှာ ကောင်းသောအရာဖြစ်သည်။
*လူတွေက ကြောက်ရွံ့ရိုသေတတ်ရမယ်။ အဲလိုမှမဟုတ်ရင် သူတို့ရဲ့မျက်လုံးတွေကို လောဘတွေနဲ့ ဖုံးလွှမ်းသွားတဲ့အခါဆိုးရွားတဲ့ အရာတစ်ခုခုကို လုပ်မိသွားနိုင်တယ်။*
ဟွမ်ပင်းချန်နှင့် ပတ်သက်၍ ဆုရှင်းအတော်လေး ကျေနပ်မိ၏။ သူက ကိစ္စရပ်အကြီးအသေးအားလုံးကိုပြီးပြည့်စုံအောင် ကိုင်တွယ်ဖြေရှင်းနိုင်သည်။ တိုက်ပွဲတွင် အသုံးမကျသော်လည်း ထောက်ပံ့ရေးအပိုင်းတွင်မူ မရှိမဖြစ်လိုအပ်သူ ဖြစ်သည်။
ထို့ကြောင့် ယခု လက်တွေ့ကျကျဆက်ဆံထားခြင်းက နောက်ပိုင်းတွင်ရယ်စရာကောင်းသော အရာများဖြစ်ပေါ်လာခြင်းကို ရှောင်ရှားနိုင်ပါသည်။
လုံအောင်းထျန်းက အမူအရာတစ်ချက်ဖြင့်အရပ်မျက်နှာအားလုံးမှ သူ၏နောက်လိုက်များ၏ လေးစားမှုကို ရယူနိုင်ခဲ့သည်။ သို့သော်ဆုရှင်းကမူ သူ့တွင် ထိုစွမ်းရည်မရှိဟု ယုံကြည်ထားခဲ့၏။
လက်အောက်ငယ်သားများနှင့် ဆက်ဆံရေးကောင်းမွန်အောင်ထိန်းသိမ်းနိုင်ရန်မှာ အချက်နှစ်ချက်သာ လိုအပ်သည်။ သူတို့ကိုလုံလောက်သော အကျိုးခံစားခွင့်များပေးရန်နှင့် သူတို့၏စိတ်ထဲတွင်ကြောက်ရွံ့ရိုသေမှုများ သွင်းပေးရန်သာ ဖြစ်သည်။
နောက်တစ်နေ့ နံနက်တွင် ဆုရှင်းကိုယ်တိုင် လူတစ်စုကိုဦးဆောင်ကာ သေတ္တာများကို သယ်ဆောင်လာပြီး သူ၏ဂိုဏ်းဝင်များ၏လက်ထဲသို့ ငွေအမြောက်အမြားထည့်ပေးလိုက်၏။
"ငါဆုရှင်းက ပြောတဲ့အတိုင်းလုပ်တယ်။ ဒီနေ့ပေးတဲ့ငွေနည်းနည်းလေးက အမြည်းပဲရှိသေးတယ်။ ငါတို့ယုံလဲ့ရပ်ကွက်ကိုသိမ်းပြီးရင် မင်းတို့ကို စောင့်နေတဲ့ငွေတွေ အများကြီး ရှိသေးတယ်။"
တောက်ပနေသောငွေများကို မြင်လိုက်ရသဖြင့် အောက်ရှိ ဂိုဏ်းဝင်များမှာ အလွန်စိတ်လှုပ်ရှားသွားကာ သူတို့၏မျက်လုံးများ နီရဲသွားကြပြီး ညီအစ်ကိုရှစ်ဦး ဆုံးရှုံးရသည့် ဝမ်းနည်းမှုမှာလည်း ယခုအခါလွှမ်းမိုးခံလိုက်ပြီ ဖြစ်၏။
လက်ထဲတွင် ငွေများရှိနေသဖြင့် သူတို့၏စိတ်ထဲတွင် အတွေးတစ်ခုတည်းသာ ရှိတော့သည်။ ကြွယ်ဝချမ်းသာမှုနှင့် အဆင့်အတန်းကို ရရှိရန် သူတို့၏အသက်ကို စွန့်စားရန်ပင်။
မိုးပြာဝါးဂိုဏ်းနှင့် လင်းယုန်ပျံဂိုဏ်းတို့ကြားရှိ ဂိုဏ်းစစ်ပွဲမှာတစ်ရက်တည်းနှင့် ပြီးဆုံးသွားမည် မဟုတ်ပေ။ နောက်တစ်နေ့ညတွင် ဆုရှင်းက သူ၏ လူများကို ဦးဆောင်ကာ ယုံလဲ့ရပ်ကွက်ကို တဖြည်းဖြည်း တိုက်ခိုက်သိမ်းပိုက်ခဲ့၏။
လူငါးဆယ်ကျော်သေဆုံး သို့မဟုတ် ဒဏ်ရာရခဲ့သည်။ ပြင်းထန်စွာဒဏ်ရာရသူအချို့ကို ဖယ်ထုတ်လိုက်ပြီးနောက် ဆုရှင်း၏အမိန့်အောက်တွင် တိုက်ခိုက်ရေးသမား ၁၆၀ ခန့်သာ ကျန်ရှိတော့သည်။
သူတို့သိမ်းပိုက်ထားသောနယ်မြေကို စောင့်ကြပ်နေသည့် လူများကိုဖယ်လိုက်ပါက ထိုအရေအတွက်မှာ အနည်းငယ်နည်းပါးသွားခဲ့ပြီဖြစ်သည်။
ထို့ကြောင့် ဆုရှင်းက ဟွမ်ပင်းချန်အား ချန်လဲ့ရပ်ကွက်တွင် ဆက်လက်လူစုဆောင်းရန် ညွှန်ကြားခဲ့ပြီး ဤနေရာတွင်မူ ပိုမိုဘေးကင်းပြီး တဖြည်းဖြည်းချင်းချဉ်းကပ်ရမည့်နည်းလမ်းကို အသုံးပြုရန် ညွှန်ကြားခဲ့သည်။
မည်သို့ပင်ဖြစ်စေ ဂိုဏ်းစစ်ပွဲမှာ အလွယ်တကူ ပြီးဆုံးသွားမည်မဟုတ်ရာ သူ၏လက်ထဲတွင် အချိန်များစွာရှိသေး၏။
ဂိုဏ်းစစ်ပွဲများကြောင့် သူလူပိုစုဆောင်းလျှင်ပင် တတိယသခင်ကြီးဟူက တကယ်တမ်း ဘာမှ မပြောနိုင်ပေ။
ထို့အပြင် သူကပထမဆုံးနေ့မှာပင် မိုးပြာဝါးဂိုဏ်း၏ခေါင်းဆောင်ကြီးတစ်ဦးကို သတ်ဖြတ်နိုင်ခဲ့ပြီး ယုံလဲ့ရပ်ကွက် နယ်မြေ၏သုံးပုံတစ်ပုံကို သိမ်းပိုက်နိုင်ခဲ့သည်။
ဤကဲ့သို့သော အောင်မြင်မှုများဖြင့် ဆုရှင်းက ညီအစ်ကိုအနည်းငယ် ထပ်စုဆောင်းမည်ဆိုပါက ဘာများကွာခြားသွားမည်နည်း။
နောက်ပိုင်းတိုက်ပွဲများတွင်လည်း ဆုရှင်း ပါဝင်ခဲ့ခြင်း မရှိပေ။
ရန်သူ့ဘက်တွင် အလွန်ကျွမ်းကျင်သော တိုက်ခိုက်ရေးသမား မပါဝင်ပါက ဆုရှင်းလှုပ်ရှားမည် မဟုတ်ပေ။
သူ၏လူများက အသက်လုတိုက်ပွဲများစွာကို ဖြတ်သန်းခဲ့ရပြီးနောက် အားလုံးသွေးထွက်သံယို ဖြစ်ခဲ့ကြသဖြင့် သူတို့၏တိုက်ခိုက်ရေးစွမ်းအားမှာ အဆမတန် တိုးတက်လာခဲ့၏။ သူတို့က ရန်သူသုံးဦးကို တစ်ယောက်ထဲ ထိန်းချုပ်ခုခံနိုင်စွမ်းရှိလာသည်။
နှစ်ရက်ဆက်တိုက်တိုက်ခိုက်ပြီးနောက် ဆုရှင်းက ယုံလဲ့ရပ်ကွက်၏ထက်ဝက်နီးပါးကို သိမ်းပိုက်နိုင်ခဲ့သည်။
သို့သော် တတိယမြောက်ညတွင်တော့ အခြေအနေများ ပြောင်းလဲသွားခဲ့၏။
လမ်းမရှည်ကြီး၏အလယ်ဗဟိုတွင် မျက်နှာတွင် အမာရွတ်ရှိသော လူလတ်ပိုင်းတစ်ဦးက သံလှံတစ်ချောင်းကိုကိုင်ဆောင်လျက် မာနထောင်လွှားစွာ ရပ်နေပါသည်။
သူ၏အနောက်တွင် မိုးပြာဝါးဂိုဏ်းဝင်များ အုပ်စုလိုက်ရပ်နေကြပြီး အနည်းဆုံး လူ ခုနစ်ရာ သို့မဟုတ် ရှစ်ရာခန့် ရှိပါလိမ့်မည်။
ဟွမ်ပင်းချန်၏မျက်နှာမှာ ချက်ချင်းဖြူရော်သွားခဲ့၏။ "အဲဒါ မိုးပြာဝါးဂိုဏ်းရဲ့ခေါင်းဆောင်ကြီး လော့ကျန်းပဲ။ ဒါပေမဲ့ သူက အခုရွှန်းရိရပ်ကွက်မှာ တတိယသခင်ကြီးဟူကို စောင့်ကြပ်နေရမှာလေ။"
"ဒီလူခုနစ်ရာရှစ်ရာက သူ့ရဲ့လက်အောက်ငယ်သားတွေချည်းပဲ။ အခု သူကတတိယသခင်ကြီးဟူကို စောင့်ကြပ်ရမယ့်အစား သူတို့ကိုဒီကိုခေါ်လာတယ်။ ယုံလဲ့ရပ်ကွက်ရဲ့တစ်ဝက်ကို သူ မလိုချင်တော့ဘူးလား။"
ဆုရှင်း သက်ပြင်းတစ်ချက် ချလိုက်၏။ "ငါတို့ အလှည့်စားခံလိုက်ရပြီ။ ငါ့ရဲ့မွေးစားအဖေရဲ့ လှည့်စားတာကို ခံလိုက်ရတာပဲ။"
*အဲ့ဒီနှစ်ရက်အတွင်းမှာ ငါ့ရဲ့မွေးစားအဖေက ယုံလဲ့ရပ်ကွက်ကို တိုက်တောင်မတိုက်ခဲ့ဘူးပဲ။ သူ့ရဲ့ ရည်ရွယ်ချက်ကရှင်းပါတယ်။ လော့ကျန်းကို ငါ့ဆီ လာဖို့ဖိအားပေးချင်လို့ပဲ။*
ဤအရာကလည်း ဆုရှင်း ပေါ့ဆမှုကြောင့်ပင်။ သူက မိမိဘက်တွင်အောင်ပွဲခံနေရသည်ကိုသာ အာရုံစိုက်နေခဲ့ပြီး ဟွမ်ပင်းချန်ကို တတိယသခင်ကြီးဟူ မည်သည့်အရာများလုပ်နေသည်ကို သွားစုံစမ်းဖို့ မခိုင်းခဲ့ပေ။
လက်ရှိဂိုဏ်းစစ်ပွဲတွင် လင်းယုန်ပျံဂိုဏ်းက သူ၏ အဖွဲ့ဝင်အားလုံးနီးပါးကို စုစည်းထားပါသည်။ ခေါင်းဆောင်ကြီးတစ်ဦးဖြစ်သော တတိယသခင်ကြီးဟူက ဂိုဏ်းသားတစ်ယောက်မျှ မလှုပ်ရှားစေခြင်းမှာ အတော်လေးပုံမှန်မဟုတ်ပေ။
အကယ်၍ဆုရှင်းသာ သတင်းကို စောစောသိခဲ့ပါက သူသေချာပေါက်ကြိုတင်ပြင်ဆင်ထားပါလိမ့်မည်။
လွန်ခဲ့သောနှစ်ရက်အတွင်း လော့ကျန်းက တတိယသခင်ကြီးဟူ ဘာဆိုလိုသည်ကို သဘောပေါက်သွားလောက်မည်။
အကယ်၍ သူသာမလှုပ်ရှားပါက ဆုရှင်းက ယုံလဲ့ရပ်ကွက်ကို တဖြည်းဖြည်းသိမ်းပိုက်သွားသည်ကိုသာစောင့်ကြည့်နေရမည်ဖြစ်ပြီး နောက်ဆုံးတွင် တတိယသခင်ကြီးဟူက ဆုရှင်းနှင့် ပူးပေါင်းကာ ညှပ်ပိတ်တိုက်ခိုက်ပြီး ယုံလဲ့ရပ်ကွက်ကို သိမ်းပိုက်သွားမည် ဖြစ်သည်။
ထို့ကြောင့် လော့ကျန်းပ ဆုရှင်းကို ဦးစွာချေမှုန်းရန်မှလွဲ၍ အခြားရွေးချယ်စရာမရှိတော့ပေ။ ထိုသို့လုပ်ခြင်းဖြင့် ယုံလဲ့ရပ်ကွက်၏ထက်ဝက်ကို ဆုံးရှုံးရလျှင်ပင် ဆုရှင်းသိမ်းပိုက်ထားသောကျန်ထက်ဝက်ကို သူပြန်လည်ရယူနိုင်ဦးမည်ဖြစ်၏။
"ခေါင်းဆောင် အဆင်မပြေရင်ဆုတ်လိုက်ရအောင်။ ဒီလော့ကျန်းက အရင်တုန်းက သက်တော်စောင့် လုပ်ခဲ့တာ။ သူ့ရဲ့စွမ်းရည်တွေက တော်တော် ထိတ်လန့်စရာကောင်းတယ်။ မိုးပြာဝါးဂိုဏ်းမှာ သူ့ရဲ့နာမည်က တိုင်ချုံးထက်တောင် ပိုကြီးသေးတယ်။" ဟွမ်ပင်းချန်က အကြံပေးလိုက်၏။
ဆုရှင်း တိတ်ဆိတ်နေသော်လည်း တစ်ဖက်မှ လော့ကျန်းက ကျယ်လောင်စွာအော်ဟစ်လိုက်၏။ "လင်းယုန်ပျံဂိုဏ်းက လူမိုက်လေးတွေ ထွက်လာပြီးတိုက်ဖို့သတ္တိမရှိဘူးလား။ မင်းတို့လူမိုက်တစ်စုကလည်း မဆိုးပေမဲ့ ငါ့မှာလူပိုများနေတယ်။ တကယ့်တိုက်ပွဲမှာ မင်းတို့အသာစီးရမှာမဟုတ်ဘူး။ ငါတို့နှစ်ယောက်တည်း ရှင်းကြရအောင်။ မင်း လုပ်ရဲလား။"
ဆုရှင်းပြုံးလိုက်ပြီး သူ၏ဓားကြီးကိုဆွဲကာ ထွက်လာခဲ့၏။
လော့ကျန်း ကျယ်လောင်စွာ ရယ်မောလိုက်သည်။ "မင်းမဆိုးဘူး ကောင်လေး။ မင်းရဲ့သတ္တိကြောင်တဲ့ မွေးစားအဖေထက်အများကြီး ပိုတော်တယ်။ တတိယသခင်ကြီးဟူက အရင်တုန်းကတော့ လူစားကြမ်းတစ်ယောက်ပါ ဒါပေမဲ့ သူ အသက်ကြီးလာတော့ သောက်ကျိုးနည်းသတ္တိကြောင်တဲ့ကောင်ဖြစ်သွားပြီ။"
"ငါတို့ဘယ်လိုတိုက်ကြမလဲ။ အသေတိုက်မှာလား ဒါမှမဟုတ် အရှုံးအနိုင်ပဲရှင်းမှာလား။" ဆုရှင်းက မေးလိုက်၏။
လော့ကျန်း လက်ဝှေ့ယမ်းလိုက်၏။ "သေချာပေါက် အရှုံးအနိုင်ပဲဆုံးဖြတ်မှာပေါ့။ ငါက မိုးပြာဝါးဂိုဏ်းရဲ့ကျွန်မှ မဟုတ်တာ ဝေ့ဖုန်းရဲ့အသေးအဖွဲကိစ္စလေးတစ်ခုအတွက် ငါကဘာလို့ အသေခံတိုက်ပေးရမှာလဲ။"
"ငါ့နောက်က ညီအစ်ကိုတွေအားလုံးက ငါ့ကို ယုံကြည်လို့သစ္စာရှိကြတာ။ ဝေ့ဖုန်းရဲ့အသေးအဖွဲ ကိစ္စလေးတစ်ခုအတွက် သူတို့ကိုသေတွင်းထဲ မပို့နိုင်ဘူး။"
ဆုရှင်း အနည်းငယ်ပြုံးလိုက်၏။ ဤလော့ကျန်းက အတော်လေးစိတ်ဝင်စားစရာ ကောင်းလှသည်။
တိုက်ပွဲ၏ပထမဆုံးနေ့တွင် ဆုရှင်းက သူ၏လက်အောက်ငယ်သားများတိုက်ခိုက်ရေး ကျွမ်းကျင်မှုရရှိစေရန် တမင်တကာမတိုက်ခိုက်ဘဲ သူတို့ကိုဒဏ်ရာရစေရန် သို့မဟုတ် သေဆုံးစေရန်ပင် လွတ်ထားခဲ့သည်။
သို့သော် ဤလူကမူ သူ၏လူများအတွက် သူ့ထက် သိသိသာသာအားနည်းသော သူတစ်ဦးနှင့် တိုက်ခိုက်တော့မည်။ ဤသည်မှာ တကယ်ကို ဆန့်ကျင်ဘက်အစွန်းနှစ်ဖက်ပင်။
တကယ်တမ်းတွင် လော့ကျန်းသာ ယခုတိုက်ခိုက်ရန် အမိန့်ပေးလိုက်ပါက ဆုရှင်း၏လူတစ်ရာကျော်က သူ့ကိုတားဆီးနိုင်မည် မဟုတ်ပေ။
သူတို့၏ခွန်အားမှာ ပထမဆုံးနေ့ကထက်များစွာ ပိုကောင်းလာသော်လည်း လော့ကျန်းဘက်တွင် လူပိုများပြီး လော့ကျန်းကိုယ်တိုင်ကဲ့သို့သော သိုင်းသမား တစ်ဦးလည်း ပါဝင်နေသေး၏။
"ကောင်းပြီ၊ ဒါဆို တိုက်ကြတာပေါ့။"
ဆုရှင်းက သူ၏ရှေ့တွင် ဓားကြီးကို ဆုပ်ကိုင်ကာ လော့ကျန်းထံသို့ လျင်မြန်စွာခုတ်ပိုင်းလိုက်၏။
လော့ကျန်းက သူ၏လက်ထဲရှိ သံလှံကိုခါယမ်းလိုက်ရာ သူ၏အရှိန်အဝါမှာ ချက်ချင်းမြင့်တက်လာပြီး ကြမ်းတမ်းသောအရှိန်အဝါတစ်ခု ထွက်ပေါ်လာသည်။
လူတစ်ရပ်ထက်ပိုရှည်သော သံလှံက ထူးကဲသော အမြန်နှုန်းဖြင့် ပင်လယ်ထဲမှနဂါးတစ်ကောင် ထွက်ပေါ်လာသကဲ့သို့ ထိုးလွှတ်လိုက်၏။
ဆုရှင်းဘေးသို့ ရှောင်လိုက်သော်လည်း သံလှံက ထိုးနှက်ရာမှ တံမြက်လှည်းသည့်သဏ္ဍာန်အဖြစ် ပြောင်းလဲသွားပြီး ဆုရှင်းထံသို့ပြင်းထန်စွာရိုက်ချလာသည်။
ဆုရှင်းဓားဆွဲကာ နောက်ဆုတ်လိုက်ပြီး သံလှံကို ကာကွယ်ရန် အလွန်မြန်ဆန်သောဓားချက်သုံးချက်ကို ထုတ်လွှတ်ကာ ၎င်း၏အရှိန်ကို လမ်းလွှဲလိုက်၏။ သို့သော်ရိုက်ခတ်မှုကြောင့် သူကိုယ်တိုင် ခြေသုံးလှမ်းခန့်နောက်ဆုတ်သွားရသည်။
ဟောက်ထျန်းအစောပိုင်းအဆင့်။
ဆုရှင်း မျက်စိမှေးလိုက်၏။ တစ်ဖက်လူကလည်း ဟောက်ထျန်းအစောပိုင်းအဆင့် သိုင်းပညာရှင် တစ်ဦးဖြစ်ပြီး သွေးကြောအမှတ် လေးဆယ်ကျော်ခန့်ကို ဖွင့်ထားလောက်မည်။
ဆုရှင်းက ယခုအခါသွေးကြောအမှတ် လေးဆယ့်ခုနစ်ခုကို ဖွင့်ထားပြီးဖြစ်သော်လည်း ခွန်အားအရ ပြိုင်ဘက်ထက်နိမ့်ကျနေဆဲဖြစ်၏။
လော့ကျန်းက သူ့ထက်သွေးကြောအမှတ် ပိုမိုဖွင့်ထားသည်မှာ သေချာသည်။
"မင်းလည်း ဟောက်ထျန်းအစောပိုင်းအဆင့်ပဲ မဟုတ်လား။ အင်း ဒီခေတ်လူငယ်တွေက တော်တော် မဆိုးဘူးပဲ။ ငါ မင်းအရွယ်တုန်းကဆိုရင် လှံကိုင်ပြီးမြင်းစီးလေ့ကျင့်နေရတုန်းပဲ ရှိသေးတယ်။"
လော့ကျန်းက သက်ပြင်းချလိုက်သော်လည်း သူ၏ သံလှံမှာ လုံးဝရပ်တန့်မသွားပေ။ သူက ထိုး၊ စိုက်၊ ခုတ်လျက်ပြိုင်ဘက်ကင်းသောစွမ်းအားကို ထုတ်လွှတ်ကာ ဆုရှင်းကိုတစ်လှမ်းချင်း နောက်ဆုတ်သွားစေ၏။
အနောက်ရှိလူအုပ်ထဲတွင် ဟွမ်ပင်းချန်က လီဟွိုင်ကို မေးလိုက်သည်။ "ခေါင်းဆောင်က အသာစီး မရဘူးလို့ ငါ ဘာလို့ခံစားနေရတာလဲ။"
လီဟွိုင်က တည်ငြိမ်စွာဖြေလိုက်၏။ "မင်း ခံစားရတာတင် မကဘူး။ ခေါင်းဆောင်က အခုတကယ်ပဲ အသာစီး မရဘူးဖြစ်နေတာ။"
"သောက်ကျိုးနည်း..လော့ကျန်းက အသက်ငါးဆယ်နီးပါးရှိနေပြီမလား။ သူက ဘယ်လိုလုပ်အခုထိ ဒီလောက်သန်မာနေရသေးတာလဲ။"
"လော့ကျန်းက အရမ်းသန်မာနေတာမဟုတ်ဘူး။ သူ့ရဲ့လက်နက်က အရမ်းအားသာနေတာ။ တစ်လက်မပိုရှည်လေ တစ်လက်မပိုသန်မာလေပဲ။"
လီဟွိုင် ပြောခဲ့သကဲ့သို့ပင် လော့ကျန်းနှင့် တိုက်ခိုက်ရာတွင် သူ၏လက်နက်က ဆုရှင်းကို အမှန်တကယ်ပင် ထိနှိပ်ထားနိုင်ခဲ့၏။
လှံနှစ်မျိုးရှိပါသည်။ တစ်မျိုးမှာ ဖယောင်းဖြူသစ်သားရိုးပါသောလှံဖြစ်ပြီး အခြားတစ်မျိုးမှာ လေးလံသော သံလှံဖြစ်သည်။
လော့ကျန်းက ဒုတိယအမျိုးအစားကို အသုံးပြုနေ၏။ သူ၏သံလှံအလေးချိန်မှာ တိုင်ချုံး အသုံးပြုခဲ့သော ရွှေတူကြီးထက်မလျော့နည်းပေ။
ထို့အပြင် လော့ကျန်း၏အတွင်းအားမှာ တိုင်ချုံးထက်များစွာ အားကောင်းသဖြင့် ဆုရှင်းက ဤထိုးနှက်ချက်ကြောင့် အကြီးအကျယ်ဒုက္ခရောက်မည်မှာ သေချာပါသည်။
ထို့အပြင် *တစ်လက်မ ပိုရှည်လေ တစ်လက်မ ပိုသန်မာလေ။ တစ်လက်မ ပိုတိုလေ တစ်လက်မ ပိုအန္တရာယ်များလေ။* ဟူသော စကားပုံလည်းရှိသည်။
လော့ကျန်းက သူ၏အကွာအဝေး အားသာချက်ကို အပြည့်အဝ အသုံးချခဲ့၏။ လေးလံသောသံလှံက သူ့အတွက်ထိုးဖောက်၍မရနိုင်သော အရာတစ်ခု ဖြစ်နေပြီး ဆုရှင်းက သူ၏သုံးလှမ်းအကွာသို့ပင် မကပ်နိုင်ခဲ့ပေ။