အခန်း ၃၅
Vol. 4 Ch. 35
အခန်း (၃၅) မင်းကိုယုံကြည်မှုနဲ့ သတ္တိတွေ ဘယ်သူက ပေးလိုက်တာလဲ
အချိန်ကားအလွန်စောသေးသော်လည်း ကောင်းကင်မှာ လင်းနေပြီဖြစ်၏။
ပုံမှန်အားဖြင့် ဤအချိန်ဆိုလျှင် ယုံလဲ့ရပ်ကွက်ရှိ ဆိုင်အများစုမှာ ဖွင့်နေပြီဖြစ်၏။ ညဘက်မှသာ စည်ကားလေ့ရှိသော ပြည့်တန်ဆာအိမ်များနှင့် လောင်းကစားရုံများမှလွဲ၍ပင်။
သို့သော် မကြာသေးမီကမှ ဖြစ်ပွားခဲ့သော ဂိုဏ်းနှစ်ခုကြားမှ ပဋိပက္ခကြောင့် အသေးစား စီးပွားရေးလုပ်ငန်းရှင်များမှာ အလွန်ကြောက်လန့်နေကြပြီး သူတို့၏ဆိုင်ဖွင့်ချိန်ကိုပင် တစ်နာရီခန့် နောက်ဆုတ်လိုက်ကြ၏။
သို့သော်လည်း ကြိုးစားအားထုတ်မှုမှ ငွေအနည်းငယ်ပိုရရန်အတွက် နံနက်စောစော ဆိုင်ဖွင့်သောနံနက်စာရောင်းသည့် ဆိုင်ပိုင်ရှင်တစ်ဦးတော့ ရှိပါသည်။
သို့သော် သူက ရိုက်ထားသော မုန့်နှစ်များကို ဆီပူအိုးထဲသို့ ပစ်ထည့်လိုက်ချိန်မှာပင် လင်းယုန်ပျံဂိုဏ်း၏အနက်ရောင် လက်တိုဝတ်စုံဝတ်ဆင်ထားသော အဖွဲ့ဝင်အချို့သူ့ထံသို့ လျှောက်လာနေသည်ကို တွေ့လိုက်ရ၏။
ဆိုင်ပိုင်ရှင်မှာ ကြောက်လန့်ပြီး တောင့်တင်းသွားပုံရကာ ဤကြေးပြားလေးနှစ်ပြားကို လောဘတက်ပြီး နံနက်စောစောဆိုင်ဖွင့်မိသည်ကို စိတ်ထဲမှ နောင်တရနေတော့သည်။
"ဆိုင်ရှင် အဲဒီ မုန့်ဆီကြော်တွေကို မြန်မြန်မလှန်ဘူးဆိုရင် တူးသွားလိမ့်မယ်။"
နံနက်စာရောင်းသည့် ဆိုင်ဘက်မှ ညင်သာသော အသံတစ်ခု ထွက်ပေါ်လာသည်။ ဆိုင်ပိုင်ရှင်က ဒယ်အိုးထဲရှိ မုန့်ဆီကြော်များကို အလန့်တကြား လှန်ရင်း စိတ်ထဲမှတွေးလိုက်၏။
*ဒီလောက် ချောမောတဲ့လူငယ်လေးက ဂိုဏ်းထဲဝင်သွားတာ နှမြောစရာပဲ။*
"ကျွန်တော့်ကို မုန့်ဆီကြော်နှစ်ခု ပေးပါ။"
ဆုရှင်းက ဟွမ်ပင်းချန်နှင့် အခြားသူများဘက်သို့ လှည့်လိုက်သည်။ "မင်းတို့ရော စားမလား။"
လူတိုင်းက ခေါင်းယမ်းလိုက်ကြပြီး ဟွမ်ပင်းချန်၏ မျက်နှာပေါ်တွင် ခါးသီးသောအပြုံးတစ်ခုပင် ပေါ်နေသည်။
*အခု ဘယ်အချိန်ရှိနေပြီလဲ။ ခေါင်းဆောင် ခင်ဗျားက မနက်စာစားဖို့စိတ်ကူးရှိသေးတာလား။*
ယခုလေးတင် ကြော်ထားသော မုန့်ဆီကြော်များကို ဆီစက္ကူဖြင့်ထုပ်ကာ ဆိုင်ပိုင်ရှင်က ဆုရှင်းကို ပေးလိုက်သည်။ တစ်ကိုက် ကိုက်လိုက်သည်နှင့် အပြင်ဘက်မှကြွပ်ရွပြီး အတွင်းမှနူးညံ့ကာ မွှေးပျံ့သော ရနံ့တစ်ခုကို ရရှိလိုက်၏။
"ဆိုင်ရှင် ခင်ဗျားရဲ့လက်ရာက တော်တော်ကောင်းတာပဲ။ ဒီမနက် ကျုပ်ပိုက်ဆံမပါလာဘူး ဟွမ်ကြီး မင်း ရှင်းလိုက်။" ဆုရှင်းက မုန့်ဆီကြော်ကို တစ်ကိုက် ကိုက်ရင်း ပြောလိုက်သည်။
နံနက်စာရောင်းသော ဆိုင်ပိုင်ရှင်က အလျင်အမြန် လက်ဝှေ့ယမ်းလိုက်၏။ "မလိုပါဘူး မလိုပါဘူး တကယ် မလိုပါဘူး။"
ဟွမ်ပင်းချန်က နံနက်စာရောင်းသော ဆိုင်ပိုင်ရှင်နှင့် ငြင်းခုန်ရန် စိတ်ဝင်စားမှုမရှိသဖြင့် ငွေတစ်ပြားကို ပစ်ပေးလိုက်ပြီး ဆုရှင်းနောက်သို့ လိုက်သွားသည်။
ယခင်က ဆယ်ရက်ခန့်ရှာမှရမည့် ငွေပြားကို ကိုင်ထားရင်း နံနက်စာရောင်းသော ဆိုင်ပိုင်ရှင်က စိတ်ထဲမှ တွေးလိုက်၏။
*ဒီလင်းယုန်ပျံဂိုဏ်းရဲ့ခေါင်းဆောင်က စိတ်မကြည်တဲ့အခါ လူတွေရဲ့ဆိုင်တွေကို ရိုက်ခွဲတတ်တဲ့ အရင်က ခေါင်းဆောင်ချန်ထက် အများကြီး ပိုကောင်းတာပဲ။*
…………
ဆုရှင်း၏ လက်အောက်ငယ်သားကို ဖမ်းဆီးရဲသော ထန်ထိုက်ဟယ်မှာ သာမန်ရုပ်ရည် နှင့် အသက်သုံးဆယ်ဝန်းကျင်ခန့်ရှိကာ အနည်းငယ် ပါးနပ်သောပုံပေါက်၏။
ဆုရှင်းနှင့် သူ့လူများရောက်လာသောအခါ သူက ဆုရှင်းကို စောင့်နေသကဲ့သို့ မလှုပ်မယှက်ရပ်နေခဲ့သည်။
လူခြောက်ယောက်ကို ထန်ထိုက်ဟယ်က ဖမ်းဆီးထားပြီး သူ့လူများက ထိုနေရာတွင်ဒူးထောက်ခိုင်းထားသဖြင့် အလွန်သနားစရာကောင်းသောပုံ ပေါက်နေခဲ့၏။
သူတို့၏မျက်လုံးများမှာ ညိုမည်းနေပြီးပါးစပ်များမှာ ကွဲအက်နေသဖြင့် မနေ့ညက များစွာရိုက်နှက်ခံခဲ့ရသည်မှာ ရှင်းလင်းနေသည်။
အမှန်တော့ ဆုရှင်း၏လူများမှာ ယခုဆိုလျှင် အတော်လေး သန်မာနေပြီ ဖြစ်သည်။ သူတို့က ထန်ထိုက်ဟယ်၏လူသုံးလေးယောက်ကို အလွယ်တကူ ရင်ဆိုင်နိုင်စွမ်းရှိကြ၏။
သို့သော် သူတို့က ပြိုင်ဘက်များ၏များပြားသော အရေအတွက်ကို မခံနိုင်ခဲ့ပေ။ ဆယ်ယောက်ကျော်က တစ်ပြိုင်နက်တည်းဝင်လုံးသောအခါ မည်မျှပင် ကျွမ်းကျင်စေကာမူ ကာကွယ်နိုင်မည် မဟုတ်ပေ။
မိမိတို့၏ညီအစ်ကိုများ ဤကဲ့သို့ရိုက်နှက်ခံထားရသည်ကို မြင်သောအခါ ပျော်ရွှင်ဖွယ်တောအုပ်မှ ဂိုဏ်းဝင်များချက်ချင်း ဒေါသထွက်သွားကြ၏။ လီဟွိုင်နှင့် ဟွမ်ပင်းချန်သာ မတားဆီးခဲ့ပါက သူတို့သည် အခုချက်ချင်းပြေးထွက်သွားလောက်ပါသည်။
ယခုအချိန်မှာ မဆင်မခြင်လုပ်ရမည့်အချိန် မဟုတ်ကြောင်း ဟွမ်ပင်းချန် သိထား၏။
အပြင်လူများကို ကြိုက်သလိုတိုက်ခိုက်နိုင်သော်လည်း၊ ဂိုဏ်းဝင်တစ်ယောက်က ခွင့်ပြုချက်မရှိဘဲ လှုပ်ရှားမည်ဆိုပါက ဂိုဏ်းစည်းမျဉ်းများအရ အပြစ်ပေးခံရပါလိမ့်မည်။
ရန်ဖြစ်ခြင်းက တစ်ပိုင်းသော်လည်း ဤလူမိုက်လေးများကြောင့် လူတစ်ယောက်သေသွားမည်ဆိုပါက ကိစ္စများမှာကိုင်တွယ်ဖြေရှင်းရန် တကယ်ကို ခက်ခဲသွားပေလိမ့်မည်။
ထို့အပြင် ထန်ထိုက်ဟယ်၏အသွင်အပြင်ကို ကြည့်ရသည်မှာ သူက ဘာကိုမျှမကြောက်သောပုံပင်။ ဟွမ်ပင်းချန်က သူသည် တတိယသခင်ကြီးဟူ၏ကျောထောက်နောက်ခံရှိနေ၍သာ ဤသို့လုပ်ရဲသည်ဟုပင် သံသယရှိ၏။
"ထန်ထိုက်ဟယ် လား။" ဆုရှင်းက သူ့ကို ဂရုမစိုက်သကဲ့သို့ တစ်ချက်ကြည့်လိုက်၏။ ဤအကြည့်က ထန်ထိုက်ဟယ်ကို အတော်လေးအနေခက်သွားစေသည်။
ဆုရှင်းက သူ့ကိုခွေးတစ်ကောင်ကဲ့သို့ ကြည့်နေပြီး လူတစ်ယောက်လိုလုံးဝမဆက်ဆံဟု သူ ခံစားလိုက်ရ၏။ ဤသည်မှာ ဆုရှင်းသူ့ကို ဆဲဆိုသည်ထက်ပင် သူ့ကို ပို၍အနေခက်သွားစေပါသည်။
"မင်းက ဆုရှင်းမဟုတ်လား။" ထန်ထိုက်ဟယ်က ဆုရှင်းထံလျှောက်သွားရင်းပြုံးကာ ပြောလိုက်၏။
"ငါက မင်းရဲ့လူတွေကိုတမင်တကာ ဖမ်းထားတာ မဟုတ်ဘူး။ သူတို့ကစည်းမျဉ်းတွေကို မသိလို့ပါ။"
ထန်ထိုက်ဟယ်က မြေပြင်ပေါ်တွင် ဒူးထောက်နေသော လူခြောက်ယောက်ကို ကြည့်လိုက်သည်။ "ဂိုဏ်းစစ်ပွဲမှာ ဒီနယ်မြေကိုယူတဲ့သူက ပိုင်ရှင်ပဲ။ ငါက ဒီနေရာကိုစောင့်ကြည့်နေတာ နှစ်ရက်ရှိပြီ၊ လော့ကျန်းနဲ့ အသေတိုက်ရတော့မလို့ပဲ။ ဒါပေမဲ့ သူထွက်ပြေးသွားလိမ့်မယ်လို့ ငါ မထင်ထားဘူး။"
"လော့ကျန်း ဘယ်ကိုပဲသွားသွား ငါဂရုမစိုက်ဘူး။"
"ဒါပေမဲ့ မင်းရဲ့အစ်ကို ငါကဒီယုံလဲ့ရပ်ကွက်ရဲ့ တစ်ဝက်ကို ပိုင်ဆိုင်ကြောင်းကြေညာပြီးပြီ။ ပြီးတော့ မင်းတို့ခြောက်ယောက်က ဒီကိုလာပြီး ယုံလဲ့ရပ်ကွက်ကို သိမ်းလိုက်ပြီလို့ပြောပြီး ငါ့လူတွေကို ခေါ်ပြီးထွက်သွားဖို့ပြောတယ်။ ဒါက ဘယ်လို အဓိပ္ပာယ်မရှိတာမျိုးလဲ။"
"သူတို့ကို ရိုက်ဖို့ဘယ်သူက မင်းကိုပြောလဲ။" ဆုရှင်းက မေးလိုက်၏။
"ဟင်။" ထန်ထိုက်ဟယ်၏စိတ်မှာ အနည်းငယ် ရှုပ်ထွေးသွားသည်။
*ငါတို့က အခုယုံလဲ့ရပ်ကွက်ရဲ့တစ်ဝက်ကို ပိုင်ဆိုင်တဲ့ အကြောင်း ဆွေးနွေးရမှာမဟုတ်ဘူးလား။ ဘာလို့ သူ့ရဲ့နောက်လိုက် ခြောက်ယောက်ဆီပြန်ရောက်သွားရတာလဲ။*
"ငါ ဆုရှင်းက ငါ့လူတွေကို ငါကိုယ်တိုင် ပညာပေးလို့ရတယ်။ ဒါပေမဲ့ သူတို့ကိုရိုက်ဖို့ မင်းမှာ ဘာအခွင့်အရေးရှိလို့လဲ။" ဆုရှင်းက ရှေ့သို့ တစ်လှမ်းတိုးလိုက်ပြီး ထန်ထိုက်ဟယ်ကို အမှိုက်တစ်စကဲ့သို့ ရွံရှာစွာ ကြည့်လိုက်၏။
ဆုရှင်း၏အကြည့်ကြောင့် နာကျင်သွားသကဲ့သို့ ထန်ထိုက်ဟယ်က ဆုရှင်း၏နှာခေါင်းကို လက်ညှိုးထိုးပြီး အော်လိုက်သည်။ "ဆုရှင်း မင်း ဘာသဘောလဲ..."
ဖြန်း...
ထန်ထိုက်ဟယ် စကားမဆုံးမီမှာပင် ဆုရှင်း၏ပါးရိုက်ခြင်းကိုခံလိုက်ရပြီး သွေးများနှင့် ကျိုးသွားသောသွားများရောထွေးကာ ကျွတ်ထွက်သွားသည်။
ထန်ထိုက်ဟယ်၏ဂိုဏ်းဝင်များ အားလုံး အံ့အားသင့်သွားကြ၏။ သူတို့က ခုနကမှ အေးအေးဆေးဆေးစကားပြောနေကြသည်မဟုတ်လော။ အဘယ်ကြောင့် ရုတ်တရက်တိုက်ခိုက်လိုက်ကြသနည်း။
ဆုရှင်းက သူ၏ဗိုက်ကိုကန်လိုက်ရာ သိုင်းပညာ တစ်ခါမှ မသင်ဖူးသောထန်ထိုက်ဟယ်မှာ ချက်ချင်းမြေပြင်ပေါ်သို့ လဲကျသွားကာဗိုက်ကို ကိုင်ပြီး နာကျင်စွာအော်ဟစ်နေတော့သည်။
သူ၏ဂိုဏ်းဝင်များ အားလုံးက သူတို့၏လက်နက်များကိုဆွဲထုတ်ပြီး ဆုရှင်းထံသို့ ချိန်ရွယ်လိုက်ကြသော်လည်း မည်သူကမျှမလှုပ်ရှားရဲကြပေ။
မိုးပြာဝါးဂိုဏ်း၏ခေါင်းဆောင် တိုင်ချုံးကို လုပ်ကြံခဲ့သော စွမ်းဆောင်ရည်နှင့်ဆိုလျှင် ဤဂိုဏ်းဝင်ငယ်လေးများမှာ ဆုရှင်းရှေ့တွင် ဓားဆွဲရန် သူတို့၏အရေအတွက်နှင့် သတ္တိကိုသာ အားကိုးနိုင်ပါသည်။
မည်သူက ပထမဆုံးထွက်ပြီး အသေခံရဲမည်နည်း။
ဆုရှင်းက ထန်ထိုက်ဟယ်ထံသို့ ဖြည်းဖြည်းချင်း လျှောက်သွားပြီးခြေထောက်ကိုဆန့်ထုတ်ကာ ထန်ထိုက်ဟယ်၏ခေါင်းကို နင်းလိုက်၏။
သူက ဖြည်းဖြည်းချင်းအားပိုထည့်လိုက်သဖြင့် ထန်ထိုက်ဟယ် ကြောက်လန့်တကြားအော်ဟစ်လိုက်ရသည်။
ဆုရှင်းက အချိန်မရွေး သူ့ခေါင်းကိုခြေတစ်ချက်တည်းနှင့် နင်းချေလိုက်တော့မည့်အတိုင်းပင်။
"မင်း ယုံလဲ့ရပ်ကွက်ကိုယူတာ ငါ ဂရုမစိုက်ဘူး။ ဒါပေမဲ့ မင်းဘာလို့ ငါ့လူတွေကိုရိုက်ရတာလဲ။ ငါ့ကို ခြိမ်းခြောက်ဖို့ကြိုးစားနေတာလား။"
မေးခွန်းမေးပြီးသည်နှင့် ဆုရှင်းက ခြေကိုအားစိုက်ကာ ထန်ထိုက်ဟယ်ကိုနင်းချလိုက်သဖြင့် ထန်ထိုက်ဟယ်ကို ဖြေရန်အခွင့်အရေးမပေးလိုက်ပေ။
သူက အတွင်းအားကို အသုံးမပြုသော်လည်း ဤခြေနင်းချက်ကြောင့် ထန်ထိုက်ဟယ်၏ခေါင်းမှာ ပေါက်ကွဲထွက်သွားသကဲ့သို့ ခံစားလိုက်ရ၏။
"မင်းငါ့လူကို ရိုက်တာက ငါ့ကိုပါးရိုက်တာပဲ။ ငါ မင်းနဲ့ အရင်က ရန်ငြိုးမရှိသလိုအခုလည်းမရှိဘူး။ ဒါဆို ဘာလို့ ငါ့ကိုပါးရိုက်ရတာလဲ။"
နောက်ထပ် ဘန်းဆိုသော ခြေနင်းသံ ထွက်ပေါ်လာပြန်သည်။
"ညီအစ်ကိုထန် ငါ့ကိုပါးရိုက်ဖို့ သတ္တိနဲ့ ယုံကြည်မှုတွေ ဘယ်သူက မင်းကိုပေးလိုက်တာလဲ။"
ကျယ်လောင်သော ခြေနင်းချက်နှစ်ချက်ကြောင့် ထန်ထိုက်ဟယ်မှာ သတိလစ်လုနီးပါးဖြစ်နေပြီး အားနည်းစွာညည်းတွားရုံသာ တတ်နိုင်တော့သည်။
"ဘာလို့ ငါ့ကိုမဖြေတာလဲ။ မင်းမှာ ငါ့ကိုပါးရိုက်ဖို့ သတ္တိရှိပေမဲ့ ဘာလို့အဆုံးထိခေါင်းထောင်ထားဖို့ သတ္တိမရှိရတာလဲ။"
ဆုရှင်း၏ခြေထောက်များမှာ လုံးဝ မရပ်တန့်ခဲ့ပေ။ ထန်ထိုက်ဟယ်၏မျက်လုံးများမှာ ထွက်ကျလာမလိုပြူးနေပြီ ဖြစ်သည်။
ဤနေရာတွင်ရှိနေသော ဂိုဏ်းဝင်များက ထန်ထိုက်ဟယ်၏လူများပင်ဖြစ်စေ၊ ဆုရှင်း၏လူများပင်ဖြစ်စေ၊ သူ၏လက်ရှိ အသွင်အပြင်ကြောင့် အားလုံး ကြောက်လန့်နေကြ၏။
သို့သော် သူက ထိုမေးခွန်းများဖြေရန် ထန်ထိုက်ဟယ်ကို အခွင့်အရေးမပေးခဲ့ပေ။ ဆုရှင်းက ရူးသွပ်နေသူတစ်ယောက်ကဲ့သို့ ကိုယ့်ဘာသာ မေးပြီး ကိုယ့်ဘာသာ ဖြေနေ၏။
တစ်ချက်ချင်းစီ ရက်ရက်စက်စက်နင်းချေနေသဖြင့် ဆုရှင်းက ထန်ထိုက်ဟယ်ကိုသေအောင် နင်းချေဖို့ ရည်ရွယ်ထားသည်မှာ သံသယဝင်စရာ မရှိပေ။
သူတို့၏အမြင်တွင်မူ ဆုရှင်းက အခုအရူးတစ်ယောက်ကဲ့သို့ပင်။ အကြောင်းပြချက်အားလုံးကို လက်မခံသော အရူးတစ်ယောက်ဖြစ်သည်။
"သနားညှာသာပေးပါ......သနားပေးညှာသာပေးပါ"
ပညာရှိဝတ်ရုံဝတ်ဆင်ထားသော လူလတ်ပိုင်း တစ်ယောက်က လူအုပ်နောက်မှ တိုးထွက်လာခဲ့၏။ ဤလူမှာ အခြားသူမဟုတ်ပေ။
တတိယသခင်ကြီးဟူ၏လက်အောက်မှ အကြံပေးလျိုပင်။
ထန်ထိုက်ဟယ် သတိလစ်လုနီးပါးဖြစ်နေသည်ကို မြင်သောအခါအကြံပေးလျိုက ခါးသီးစွာပြုံးပြီး ပြောလိုက်သည်။ "ဆုရှင်း ငါတို့ အားလုံးက ဂိုဏ်းထဲက ညီအစ်ကိုတွေပါ။ စကားနဲ့ အေးအေးဆေးဆေးပြောကြရအောင် ဘာလို့ ဒီလောက် ရက်စက်နေရတာလဲ။"
ဆုရှင်းက သူ့ခြေအောက်မှ ထန်ထိုက်ဟယ်ကို လက်ညှိုးထိုးပြပြီး သူ့မျက်နှာကို ပြန်ညွှန်ပြလိုက်၏။ "သူက ငါ့နယ်မြေကို သိမ်းတယ်။ အဲဒါက ငါ့ဘယ်ဘက်ပါးကိုရိုက်လိုက်တာပဲ။ သူက ငါ့လူတွေကိုလည်း ရိုက်တယ်။ အဲဒါက ငါ့ညာဘက်ပါးကို ရိုက်လိုက်တာပဲ။"
သူဆုရှင်းက တကယ်ပင် အနိုင်ကျင့်ရလွယ်သောပုံ ပေါက်နေသည်လော။ သူက ပါးနှစ်ချက်အရိုက်ခံရပြီးနောက် ပြုံးကာ သူငယ်ချင်းဘာလို့ငါ့ကိုပါးရိုက်တာဟုသွားမေးရဦးမည်လော။
အကြံပေးလျိုက ခြောက်ကပ်ကပ် ရယ်မောလိုက်ပြီး ဆုရှင်း၏ထိမိသောစကားကို ကြားသောအခါ သူ စကားထစ်သွားခဲ့သည်။
သူ ဆုရှင်းနှင့် ပထမဆုံးတွေ့ခဲ့သည့်အချိန်ကို ပြန်တွေးမိသည်။ သူ့၏စကားလုံးများဖြင့် တတိယသခင်ကြီးဟူကိုဆွဲဆောင်ခဲ့သော လူငယ်၊ အာဏာရရှိရန်အတွက် တတိယသခင်ကြီးဟူကို မွေးစားအဖေဟုခေါ်ရန် မဆိုင်းမတွ ယဒူးထောက်ခဲ့သော လူငယ်။
ထိုလူငယ်လေးက လွန်စွာရူးသွပ်ပြီး တတိယသခင်ကြီးဟူ၏ယုံကြည်ရသူကို အချိန်မရွေးချေမှုန်းပစ်ရန်အသင့်ဖြစ်နေသော ဤဆုရှင်းနှင့် တကယ်ပင် လူတစ်ယောက်တည်း ဟုတ်ပါသည်လော။
အကြံပေးလျိုက တံတွေးမြိုချလိုက်၏။ "အင်း ဆုရှင်း။ ထန်ထိုက်ဟယ်လုပ်ခဲ့တာက တကယ်တော့ မှားပါတယ်။ ယုံလဲ့ရပ်ကွက်ကို မင်းရဲ့ကိုယ်ပိုင် ခွန်အားနဲ့ အနိုင်ရခဲ့တာ။ ဘယ်သူမှ အဲဒါကို မင်းဆီကနေ ယူသွားလို့ မရပါဘူး။ ထန်ထိုက်ဟယ်က မင်းရဲ့လူတွေကို ရိုက်ခဲ့တယ်။ ဒါကြောင့် ဂိုဏ်းစည်းမျဉ်းတွေက ဒါကိုကိုင်တွယ်ဖြေရှင်းပါလိမ့်မယ်။ မင်းကိုယ်တိုင်လည်း စည်းမျဉ်းတွေကို မလိုက်နာခဲ့ဘူး မဟုတ်လား။ သူ့ကိုအရင်လွှတ်ပေးလိုက်ပါ။ ပြီးရင် ဂိုဏ်းစည်းမျဉ်းတွေက ကိုင်တွယ်ပါလိမ့်မယ်။"
"ဂိုဏ်းစည်းမျဉ်းတွေလား....ဟက်။"
ဆုရှင်းက ရယ်မောလိုက်ပြီးဘာတွေဖြစ်နေသည်ကို လုံးဝသတိမထားမိသောပုံပင်။ ၎င်းက အကြံပေးလျိုကို အနည်းငယ်အနေခက်သွားစေသော်လည်း ဆုရှင်းက ယနောက်ဆုံးတွင် ထန်ထိုက်ဟယ်၏ခေါင်းပေါ်မှ သူ့ခြေထောက်ကိုဖယ် ပေးလိုက်၏။
ဤအရာကိုမြင်လျှင် အကြံပေးလျိုက သက်ပြင်းချလိုက်သော်လည်း သူသက်ပြင်းချမပြီးမီမှာပင် ဆုရှင်းက ထန်ထိုက်ဟယ်၏လက်ကို နင်းချေလိုက်သည်။
နာကျင်မှုကြောင့် သတိလစ်နေပြီဖြစ်သော ထန်ထိုက်ဟယ်မှာ လန့်နိုးလာခဲ့၏။
"ဆုရှင်း၊ မင်း..." အကြံပေးလျိုက ဆုရှင်းကို ဒေါသတကြီး လက်ညှိုးထိုးလိုက်၏။
သို့သော် ဆုရှင်းက မမြင်သကဲ့သို့ ထန်ထိုက်ဟယ်၏ကျန်သည့် လက်တစ်ဖက်နှင့် ခြေထောက်နှစ်ဖက်ကိုပါ စနစ်တကျနင်းချေလိုက်၏။
ဤအရာက နင်းလိုက်၍ကျိုးသွားခြင်း မဟုတ်ဘဲ ဧရာမသံတူကြီးနှင့် ထုရိုက်ခံရသကဲ့သို့ အားဖြင့် နင်းချေခံလိုက်ရခြင်းဖြစ်သည်။
"ကစားပွဲထဲဝင်လာပြီဆိုရင် မှားရင်ဝန်ခံရမယ်။ အရိုက်ခံရရင်လည်း မတ်မတ်ရပ်နေရမယ်။ အမှားလုပ်မိရင်ပေးဆပ်ရမယ်။"
ထိုသို့ ပေါ့ပေါ့ပါးပါးစကားတစ်ခွန်းကို ချန်ထားရစ်ခဲ့ပြီးနောက် ဆုရှင်းက သူ့လူများကို ယရိုက်နှက်ခံထားရသော ဂိုဏ်းဝင်ခြောက်ယောက်အား ခေါ်သွားခိုင်းကာ လှည့်ထွက်သွားတော့သည်။
အကြံပေးလျိုက တစ်ခုခုပြောချင်သော်လည်း နောက်ဆုံးတွင်ကူကယ်ရာမဲ့စွာဖြင့် သက်ပြင်းချရုံသာ တတ်နိုင်တော့သည်။
"တတိယသခင်ကြီး....တတိယသခင်ကြီး၊ ဒီတစ်ခါတော့ ခင်ဗျားနောက်ထပ်ဆိုးရွားတဲ့ အမှားတစ်ခုကို လုပ်မိသွားပြန်ပြီ။"