အခန်း ၃၇
Vol. 4 Ch. 37
အခန်း (၃၇) လီဟွိုင်၏ လျှို့ဝှက်ချက်
အချို့သောလူများမှာ အကျိုးအကြောင်းပြကာရှင်းပြခြင်းက အကြမ်းဖက်ခြင်းထက်ပို၍အကျိုးသက်ရောက်မှုနည်းပါးသည်မှာ ထင်ရှားသည်။
ယုံလဲ့ရပ်ကွက်မှ ဤကုန်သည်များက ထိုကဲ့သို့သော လူမျိုးများပင်။
အစောပိုင်းကအဖြစ်အပျက်များကို သင်ခန်းစာယူပြီးနောက် မကျေနပ်ချက်တစ်စုံတစ်ရာထပ်မပြောရဲတော့ဘဲ ငွေငါးဆယ်ပြားတောင်းဆိုမှုကို လိမ္မာစွာ သဘောတူလိုက်ကြ၏။
ကုန်သည်များထံမှ ငွေညှစ်သောဂိုဏ်းဝင်များကို ပြင်းပြင်းထန်ထန်အပြစ်ပေးမည်ဟူသော ဆုရှင်း၏နောက်ဆုံးစကားနှင့် ပတ်သက်၍မူကုန်သည်များစွာက လျှို့ဝှက်စွာလှောင်ပြောင်လိုက်ကြ၏။
*ခွေးက မစင်စားတာကိုရပ်တန့်မယ်ဆိုရင်တော့ ထူးဆန်းတာပေါ့။*
ကုန်သည်များအားလုံးကိုပြန်လွှတ်ပြီးနောက် ဆုရှင်းက သူရရှိနိုင်သော ကော်မရှင်ခမှာ ငွေခြောက်သောင်းအထိပင်ရောက်ရှိနိုင်ကြောင်း ခန့်မှန်းမိ၏။
ယုံလဲ့ရပ်ကွက်ရှိ အခကြေးပေးရန် မတတ်နိုင်သော အသေးစားလုပ်ငန်းများကို ဖယ်ထားလျှင်ပင် ကုန်သည်ထောင်ပေါင်းများစွာထံမှ အမြတ်ငွေမှာ များပြားနေဆဲပင်။
မိုးပြာဝါးဂိုဏ်းရှိစဉ်က ထိုကောင်များက သွေးစုပ်ဖုတ်ကောင်များဖြစ်သည်။ နံနက်စာရောင်းသည့် ဆိုင်ငယ်လေးများထံမှပင် ငွေအနည်းငယ်တောင်းရဲကြသေး၏။
သို့သော် ဆုရှင်းယုံလဲ့ရပ်ကွက်ကို လွှဲပြောင်းယူပြီးနောက်တွင် ဤစည်းမျဉ်းများအားလုံးကို ဖျက်သိမ်းရန် ဟွမ်ပင်းချန်ကိုညွှန်ကြားခဲ့၏။
ငွေအနည်းငယ်အတွက် ဆင်းရဲသောသာမန်ပြည်သူများထံမှ ငွေညှစ်ရသည့်အရှက်ကို ဆုရှင်းမခံစားနိုင်ပေ။
"ဟွမ်ကြီး။ ညီအစ်ကိုဟောင်းတွေအားလုံးကို ဒီကိုခေါ်လိုက်။ အခု ငါတို့လက်အောက်မှာ လူပိုများလာပြီဆိုတော့ သူတို့ကိုအုပ်ချုပ်ဖို့လူတချို့ ခန့်အပ်ဖို့ အချိန်ရောက်ပြီ။"
ဆုရှင်း၏လက်အောက်တွင် ယခုအခါ လူတစ်ထောင်ရှိနေပြီဖြစ်၏။ သူက ခေါင်းဆောင်ကြီး တစ်ဦးမဟုတ်သော်လည်း ခေါင်းဆောင်ကြီး အချို့ထက်ပင် လူပိုများနေပြီဖြစ်သည်။ အောက်ခြေ ခေါင်းဆောင်သူအချို့ကို သူ ရာထူးတိုးပေးရန် လိုအပ်ပါသည်။
အစကတည်းက ဆုရှင်းနောက်သို့ လိုက်ခဲ့သော ဂိုဏ်းဝင်နှစ်ရာကျော်စလုံး ရောက်ရှိနေကြပြီး သူတို့၏မျက်လုံးများတွင် စိတ်လှုပ်ရှားမှုများ တောက်ပနေ၏။
ခေါင်းဆောင်က လက်အောက်ငယ်သားများကို ရာထူးတိုးပေးချင်ကြောင်း သတင်းရရှိထားသည်မှာ သေချာပေသည်။
"ယုံလဲ့ရပ်ကွက်ကိုမတိုက်ခင်က ငါ မင်းတို့ကိုပြောခဲ့ဖူးတယ်။ မင်းတို့ အသားစားချင်ရင် ချမ်းသာချင်ရင် အသက်ကိုစွန့်စားရမယ်လို့။"
"ဒီတိုက်ပွဲမှာ မင်းတို့ကောင်းကောင်းတိုက်ခဲ့ကြတယ်။ အခုဆုလာဘ်တွေကို ခံစားရမယ့် အချိန်ရောက်ပြီ။"
"ဒီနေ့ကစပြီး လူဆယ်ယောက်ကို အုပ်စုခေါင်းဆောင်အဖြစ်ရာထူးတိုးပေးမယ်။ တစ်ယောက်ကို လူတစ်ရာစီကို တာဝန်ယူရမယ်။ ပြီးတော့ အုပ်စုခေါင်းဆောင် တစ်ယောက်ချင်းစီမှာ လူဆယ်ယောက်ကိုအုပ်ချုပ်မယ့် အဖွဲ့ခေါင်းဆောင် ဆယ်ယောက်စီရှိမယ်။"
တကယ်တမ်းတွင် ဆုရှင်းစဉ်းစားထားသည့် ဖိုကျန်း နှင့် ရှစ်ကျန်းဟူသော ဘွဲ့အမည်များမှာ စစ်ဘက်ဆိုင်ရာ ဘွဲ့အမည်များဖြစ်နေသည်။
လူတစ်ရာကို ဖိုအဖြစ် သတ်မှတ်ပြီး လူဆယ်ယောက်ကို ရှစ်အဖြစ် သတ်မှတ်လေ၏။
သူက ဂိုဏ်းဝင်တစ်ဦးဖြစ်သဖြင့် စစ်ဘက်ဆိုင်ရာ ဝေါဟာရများကိုအသုံးပြုခြင်းမှာ အနည်းငယ်မသင့်လျော်သော်လည်း ဘာမှမတတ်နိုင်ပေ။
ဆုရှင်းက လက်ရှိတွင်ခေါင်းဆောင်ငယ်တစ်ဦးသာ ဖြစ်ရာ သူ၏လက်အောက်ငယ်သားများကို ခေါင်းဆောင်ငယ်များအဖြစ် ရာထူးတိုးပေးမည်လော။ ၎င်းက ဖရိုဖရဲဖြစ်မသွားစေနိုင်ဘူးလော။
သို့သော် အောက်ခြေဂိုဏ်းဝင်များက ဘွဲ့အမည်များကိုဂရုမစိုက်ကြဘဲ အမှန်တကယ်တော့အာဏာကိုသာ လိုချင်ကြ၏။
ဆုရှင်း၏ခွဲဝေမှုအရ ဤလူများထဲမှ အနည်းဆုံး တစ်ဝက်ခန့်က အုပ်စုခေါင်းဆောင် သို့မဟုတ် အဖွဲ့ခေါင်းဆောင်အဖြစ်သို့ ရာထူးတိုးခံရနိုင်ပါသည်။
ဟွမ်ပင်းချန်က ဆုရှင်းကိုမျှော်လင့်တကြီးကြည့်လိုက်၏။
*လူတိုင်းက နေရာတစ်ခုစီရသွားပြီ၊ အခု ငါ့အလှည့် ရောက်လောက်ပြီမဟုတ်လား။*
ဆုရှင်းက ဆက်ပြောလိုက်၏။ "ဟွမ်ပင်းချန်က ဌာနခွဲအတွင်း ထောက်ပံ့ရေးနဲ့ရာထူးတိုးမြှင့်ရေး ကိစ္စတွေကို တာဝန်ယူရမယ်။ လီဟွိုင်ကတော့ ပြစ်ဒဏ်ပေးရေးကို တာဝန်ယူရမယ်။"
"ပျော်ရွှင်ဖွယ်တောအုပ်ရဲ့စည်းမျဉ်းတွေက ယုံလဲ့ရပ်ကွက်နဲ့လည်းသက်ဆိုင်တယ်။ မင်းတို့ အားလုံးက ငါဆုရှင်းနဲ့ အချိန်အကြာကြီးအတူရှိခဲ့တဲ့ လူဟောင်းတွေဆိုတော့ ဒီလိုအခြေခံအမှားမျိုး မင်းတို့လုပ်မယ်လို့ ငါမထင်ဘူး။ မင်းတို့က လူသစ်တွေကိုလမ်းညွှန်ပေးမယ်ဆိုရင် ငါ စိတ်အေးရပါပြီ။"
ပျော်ရွှင်ဖွယ်တောအုပ်တွင် နေခဲ့ရသော အချိန်များကိုပြန်တွေးမိပြီး အောက်ရှိဂိုဏ်းဝင်များမှာ ကျောချမ်းသွားခဲ့ကြ၏။ ဆုရှင်းရိုက်နှက်ခဲ့သော အကြိမ် ၂၀ သောရိုက်ချက်များကို သူတို့ မေ့မရကြသေးပေ။
ဆုရှင်းပေးသည့် တစ်လလျှင် ငွေဆယ်ပြားနှင့် နှိုင်းယှဉ်ပါက ကုန်သည်များထံမှ အနည်းငယ် လျှော့ယူခြင်းက ဘာများကွာခြားသွားမည်နည်း။
မည်သူကမှ အရူးမဟုတ်ကြပေ။ ဤစာမတတ်သောဂိုဏ်းဝင်များပင်လျှင် ပိုမိုကြီးမားသော အကျိုးအမြတ်ကို အမြင်အာရုံကွယ်ကာ ဤမျှမိုက်မဲသောအရာမျိုးကိုလုပ်မည် မဟုတ်ပေ။
ထို့အပြင် ပြစ်ဒဏ်ပေးရန် တာဝန်ယူထားသူမှာ တင်းမာသောမျက်နှာထားနှင့် လီဟွိုင်ပင်။
ပျော်ရွှင်ဖွယ်တောအုပ်တွင်ရှိစဉ်က လီဟွိုင်၏လေ့ကျင့်ပေးမှုများကြောင့် သူတို့အားလုံး စိတ်ဒဏ်ရာ ရခဲ့ကြဖူး၏။
ဤလူမှာစကားပြောရလွယ်ကူသူ မဟုတ်ပေ။ အကယ်၍ သူ၏လက်ထဲသို့ ကျရောက်သွားပါက မည်သို့ဖြစ်သွားမည်ကို မှန်းဆနိုင်ပါသည်။
"ကောင်းပြီ ငါ ပြောစရာဒါပဲရှိတယ်။ အခု ဟွမ်ကြီး။ မင်းက အုပ်စုခေါင်းဆောင်နဲ့ အဖွဲ့ခေါင်းဆောင်နေရာတွေအတွက် လူစာရင်းကို ကြေညာပေးလိုက်။" ဆုရှင်းက လက်ဝှေ့ယမ်းလိုက်ရာ ဟွမ်ပင်းချန်ကချက်ချင်းရှေ့သို့ ထွက်လာပြီး စာရင်းကို ကြေညာလိုက်၏။
ဤရွေးချယ်မှုကို ဆုရှင်းနှင့် ဟွမ်ပင်းချန်တို့က ကြိုတင် ဆုံးဖြတ်ထားခဲ့ပြီးဖြစ်သည်။
အစစ်အမှန်တိုက်ပွဲတစ်ခုက အရာများစွာဖော်ပြပေးနိုင်ပေသည်။
လူတိုင်း၏ခွန်အားနှင့် ပါရမီကို ရှင်းလင်းစွာ ထုတ်ပြနိုင်ခဲ့၏။
ဤလူဆယ်ဦးက ထိုတိုက်ပွဲတွင် အထူးချွန်ဆုံး စွမ်းဆောင်နိုင်ခဲ့သူများ ဖြစ်သည်။
ထိုလူဆယ်ဦးထဲတွင် လီချင်းလည်းပါဝင်ပြီး သူက ဆုရှင်းပြုစုပျိုးထောင်ရန်ရည်ရွယ်ထားသူ တစ်ဦး ဖြစ်သည်။
လီချင်း၏ခွန်အားက ဂိုဏ်းဝင်များထဲတွင် ထိပ်ဆုံး သုံးဦးစာရင်း၌မပါဝင်သော်လည်း သူက ထက်မြက်ပြီးသစ္စာရှိ၏။ ဤကဲ့သို့သော သူကို ပြုစုပျိုးထောင်ရခြင်းကို ဆုရှင်းကျေနပ်မိပါသည်။
ကျန်ရှိသော အဖွဲ့ခေါင်းဆောင်များ ရွေးချယ်မှုတွင်မူ ဆုရှင်းဝင်မစွက်ဖက်ဘဲ ဟွမ်ပင်းချန်ကို အားလုံး လွှဲအပ်ထားခဲ့သည်။
အောက်ခြေအဆင့်အလုပ်များကို သူကိုယ်တိုင် လုပ်ဆောင်ရန် ဆုရှင်းဘယ်သောအခါမျှ မစဉ်းစားခဲ့ပေ။ ထိုသို့လုပ်ခြင်းက သူ့ကိုအလုပ်များစေရုံသာမက သေးသိမ်သောပုံပေါက်စေမည်ဟု သူ ခံစားရသောကြောင့်ပင်။
ဟွမ်ပင်းက ဤကာလအတွင်း အလွန်ကောင်းမွန်စွာလုပ်ဆောင်နိုင်ခဲ့ရာ ဤအခွင့်အရေးများကို သူ ရထိုက်ပါသည်။
အာဏာခွဲဝေမှုပြီးဆုံးသွားပြီးနောက် ဆုရှင်း ကျယ်လောင်စွာ ကြေညာလိုက်၏။ "ယုံလဲ့ရပ်ကွက်ကို အနိုင်ရတဲ့အထိမ်းအမှတ်အနေနဲ့ ဒီနေ့ပျော်ရွှင်ဖွယ်တောအုပ်က လမင်းယစ်မူးမျှော်စင်တစ်ခုလုံးကို ငါ ငှားထားတယ်။ ကုန်ကျစရိတ်အားလုံးကို ဂိုဏ်းက ကျခံပေးမယ်ဆိုတော့ အားလုံးပဲပျော်ပျော်ပါးပါး နေကြပါ။"
"ကျေးဇူးတင်ပါတယ် ခေါင်းဆောင်။"
အောက်ရှိ ဂိုဏ်းဝင်များမှာ စိတ်လှုပ်ရှားမှုများကို ပြသကာကျယ်လောင်စွာအော်ဟစ်လိုက်ကြ၏။
ပျော်ရွှင်ဖွယ်တောအုပ်ရှိ လမင်းယစ်မူးမျှော်စင်မှာ ယခင်က သူတို့မော့ကြည့်ရုံသာတတ်နိုင်သော နေရာတစ်ခုဖြစ်ပြီး ထိုကဲ့သို့အဆင့်မြင့်နေရာမျိုးကို သူတို့မတတ်နိုင်ခဲ့ပေ။
ဆုရှင်းက နောက်ပိုင်းတွင် တစ်လလျှင်ငွေဆယ်ပြား ပေးခဲ့သော်လည်း ထိုငွေပမာဏမှာ လမင်းယစ်မူးမျှော်စင်တွင် အရက်ကောင်းတစ်အိုး ဝယ်သောက်ရန်သာ လုံလောက်ပြီး မိန်းကလေးတစ်ယောက်၏လက်ကို ကိုင်ရန်ပင်မလုံလောက်ပေ။
ယခင်က သူတို့ထဲမှအချို့မှာ ငွေကို မစုဆောင်းနိုင်ခဲ့ကြပေ။ လစာရပြီးနောက် အများဆုံးမှ ပြည့်တန်ဆာအိမ်ငယ်လေးတစ်ခုသို့သာ သွား၍ ပျော်ပါးနိုင်ခဲ့ကြသည်။ ယနေ့တွင် လမင်းယစ်မူးမျှော်စင်သို့ တကယ်သွားရလိမ့်မည်ဟု သူတို့ ဘယ်သောအခါမျှ မမျှော်လင့်ခဲ့ကြချေ။
သူတို့၏ဘဝများမှာ အလဟဿမဖြစ်ခဲ့ဟု ဆိုနိုင်ပါသည်။
ဟွမ်ပင်းချန်က ဆုရှင်းကို တိတ်တဆိတ်ဆွဲကာ တီးတိုး ပြောလိုက်၏။ "ခေါင်းဆောင် လမင်းယစ်မူးမျှော်စင်ကို တစ်ရက်ငှားတာက အနည်းဆုံး ငွေထောင်ချီကုန်လိမ့်မယ်။ ကျုပ်တို့ အရမ်းဖြုန်းတီးလွန်းရာကျမနေဘူးလား။"
ယခု သူက ဂိုဏ်း၏ဘဏ္ဍာရေးကို တာဝန်ယူနေရပြီ ဖြစ်သည်။ သူဆင်းရဲနေခဲ့သည်မှာ ကြာပြီဖြစ်ရာ ဆုရှင်းငွေများကို ရေလိုဖြုန်းတီးနေသည်ကို မြင်သောအခါ သူ၏နှလုံးသားထဲမှ ထိုးအောင့်လာသလိုခံစားလိုက်ရ၏။
ဆုရှင်း ရယ်မောလိုက်သည်။ "စိတ်မပူပါနဲ့ ငါတို့အတွက်ပိုက်ဆံတစ်ပြားမှ ကုန်မှာမဟုတ်ဘူး။ အဲဒါကို လမင်းယစ်မူးမျှော်စင်ရဲ့ပိုင်ရှင်လျိုက စပွန်ဆာပေးထားတာ။"
"သူက တကယ်ပဲ အဲဒီလောက်တောင်သဘောကောင်းတာလား။" ဟွမ်ပင်းချန်က အနည်းငယ်ဇဝေဇဝါဖြင့် မေးလိုက်၏။
*ဒီကုန်သည်တွေအားလုံးက မယုံနိုင်လောက်အောင် စေးနှဲကြတာပါ။ သူတို့ကိုလစဉ်ကြေးငါးဆယ်ပြားကောက်တာတောင် သူတို့ရဲ့မိသားစု တစ်ခုလုံးကို သတ်လိုက်သလိုပဲ။ အခုတော့ သူတို့ကို ပြည့်တန်ဆာအိမ်အလကားလာခွင့်ပြုနေတယ်တဲ့လား။*
"ဒီစီးပွားရေးသမားတွေကို အထင်မသေးနဲ့။ ဒီလောက်ကြီးမားတဲ့ စည်းစိမ်ကိုသုညကနေ စတင်ပြီးတည်ဆောက်နိုင်တဲ့သူတွေထဲမှာ အရူးဘယ်နှစ်ယောက် ပါမလဲ။ ပိုင်ရှင်လျိုက ပါးနပ်တဲ့လူတစ်ယောက်ပါ။" ဆုရှင်းက နောက်ပြောင်သော အပြုံးဖြင့် ပြောလိုက်၏။
မနေ့က ပိုင်ရှင်လျိုကိုယ်တိုင် ဆုရှင်းထံလာရောက်ပြီး ဤကိစ္စကိုပြောပြခဲ့သော်လည်း ဆုရှင်းထံမှ မည်သည့် ကတိကဝတ်ကိုမျှမတောင်းဆိုခဲ့ပေ။
ပါးနပ်သူတစ်ဦးဖြစ်သော ဆုရှင်းက ပိုင်ရှင်လျို မည်သည့်အရာဆိုလိုသည်ကို အကြမ်းဖျင်းခန့်မှန်းလိုက်နိုင်၏။
သူက ယုံလဲ့ရပ်ကွက်တွင် လမင်းယစ်မူးမျှော်စင်၏ဌာနခွဲတစ်ခု ဖွင့်လစ်လိုခြင်းဖြစ်မည်။
ပြည့်တန်ဆာအိမ်ဟူသော ဤကာမဂုဏ်စံအိမ်များက အရေအတွက်အပေါ်မည်သည့်အချိန်အခါကမျှ အားမကိုးခဲ့ပေ။ ၎င်းမှာ အရည်အသွေးအပေါ်တွင်သာအားကိုးကြ၏။
လမင်းယစ်မူးမျှော်စင်က ယခင်က ချန်နင်စီရင်စုတွင် အကြီးဆုံးသောပြည့်တန်ဆာအိမ်ဖြစ်ခဲ့ပြီး ဆုရှင်း၏အကြံပြုချက် အချို့နှင့်ဆိုလျှင် ၎င်း၏အရည်အသွေးမှာ သေချာပေါက် မေးခွန်းထုတ်စရာ မရှိတော့ချေ။
သို့သော် ယုံလဲ့ရပ်ကွက်တွင် ဆိုင်ခွဲဖွင့်မည့် သူ၏အစီအစဉ်မှာ ထိုနေရာရှိ သူ၏လုပ်ငန်းတူ အများအပြားထံမှရန်လိုမှုများကို သေချာပေါက် ဆွဲဆောင်လိမ့်မည်ဖြစ်ပြီး သူတို့က သူ့ကိုနောက်ကွယ်မှ အဖျက်အမှောင့်များပင် ပြုလုပ်လာနိုင်ပါသည်။
မည်သို့ပင်ဆိုစေ မိမိ၏ပန်းကန်ထဲမှ အသားတုံးကို အခြားသူယူသွားခြင်းကို မည်သူကမျှမကြိုက်ကြပေ။
ဤအခြေအနေတွင် ပိုင်ရှင်လျိုက ဆုရှင်းကို အားကိုးရပါတော့မည်။ ဤကဲ့သို့မျက်နှာသာပေးမှုမျိုးနှင့်ဆိုလျှင် ပိုင်ရှင်လျိုပြဿနာ တစ်ခုခု ကြုံတွေ့ရပါက ဆုရှင်းက စကားတစ်ခွန်းပြောပေးရုံသာရှိသည်။
ရေရှည်ရှုထောင့်မှ ကြည့်လျှင် ဆုရှင်း၏မျက်နှာသာပေးမှုကိုရရှိရန် ငွေအမြောက်အမြားသုံးစွဲခြင်းက သူ၏အတွက် လုံးဝတန်ပါသည်။
ထိုအချိန်တွင် ဂိုဏ်းဝင်များအားလုံးက အော်ဟစ်ကာပျော်ရွှင်ဖွယ်တောအုပ်ဆီသို့ ပြေးသွားကြ၏။ နောက်ကျလျှင် မိန်းမလှလေးများကို လက်လွတ်သွားမည်ကို စိုးရိမ်နေကြသည့်အလားပင်။
သို့သော် ဆုရှင်းကမူ သူတို့နှင့်အတူ သွားရန် အစီအစဉ်မရှိဘဲ အိမ်သို့သာ တိုက်ရိုက်ပြန်လာခဲ့သည်။
ဆုရှင်းက အမျိုးသမီးများကိုမုန်းတီးနေခြင်း မဟုတ်ဘဲ၊ ဤကိစ္စနှင့် ပတ်သက်၍ အလွန် မြင့်မားသောစံနှုန်းများ ရှိနေခြင်းသာဖြစ်သည်။
သူ၏ယခင်ဘဝတွင် သူက ငွေကြေးမချို့တဲ့ခဲ့သော်လည်း သူ၏ရုပ်ပိုင်းဆိုင်ရာ လိုအပ်ချက်များကိုဖြည့်ဆည်းရန် ငွေကိုဘယ်သောအခါမျှမသုံးစွဲခဲ့ပေ။
ပျော်ပါးရန်အတွက် ကလပ်တစ်ခုသို့ သွား၍ မိန်းကလေးများရှာလျှင်ပင် ဆုံးဖြတ်ချက်မချမီ တစ်ဖက်လူ၏ရုပ်ရည်ကို ထည့်သွင်း စဉ်းစားရသေး၏။
ထို့အပြင် လက်ရှိသူက သိုင်းလောကတွင် ရောက်ရှိနေသဖြင့် ဆုရှင်းက အချိန်အများစုကိုကျင့်ကြံခြင်းတွင်သာ မြှုပ်နှံထားလို၏။
သို့သော် သူလှည့်ကြည့်လိုက်သည်နှင့် ဆုရှင်းက လီဟွိုင်လည်းမသွားကြောင်းတွေ့လိုက်ရပါသည်။
"လူတိုင်းနဲ့အတူ ဘာလို့မသွားတာလဲ။ မင်းလမင်းယစ်မူးမျှော်စင်ကိုသွားခဲ့ရင် ပိုင်ရှင်လျိုက သူ့ရဲ့အကောင်းဆုံးမိန်းကလေးကို မင်းအတွက် သေချာပေါက်စီစဉ်ပေးမှာပေါ့။" ဆုရှင်းက နောက်ပြောင်လိုက်၏။
"တောင်းပန်ပါတယ် ခေါင်းဆောင်။ ကျွန်တော် နည်းနည်းပင်ပန်းနေလို့ပါ။" လီဟွိုင်မှာ နေမကောင်းပုံပေါ်နေပြီး ဤသို့ပြောပြီးနောက် လှည့်ထွက်သွားခဲ့တော့သည်။
ဆုရှင်း မျက်မှောင်ကြုတ်သွားပြီး အနည်းငယ် အံ့အားသင့်သွားပုံပင်။
လီဟွိုင်၏လက်ရှိ အခြေအနေမှာ အနည်းငယ် ထူးဆန်းနေပါသည်။ သူကပုံမှန်အားဖြင့် အေးစက်ပြီးစကားနည်းသော်လည်း ၎င်းမှာ သူ၏အမူအကျင့်သက်သက်သာ ဖြစ်သည်။
သို့သော် ယခု လီဟွိုင်မှာ စိတ်အခြေအနေမကောင်းသည်မှာ ရှင်းလင်းနေခဲ့၏။
လမင်းယစ်မူးမျှော်စင်ဆီသို့ ပြေးသွားတော့မည့် ဟွမ်ပင်းချန်ကို ပြန်ဆွဲထားလိုက်ပြီး ဆုရှင်းက မေးလိုက်သည်။ "ဒီရက်ပိုင်း လီဟွိုင်ဘာဖြစ်နေတာလဲ။ တစ်ခုခုဖြစ်လို့လား သူ့စိတ်ထဲမှာ တစ်ခုခုရှိနေသလိုပဲ။"
ဟွမ်ပင်းချန်က ဇဝေဇဝါဖြင့် ခေါင်းကုတ်လိုက်၏။ "မရှိပါဘူး သူပြီးခဲ့တဲ့ရက်ပိုင်းတွေမှာ လုံးဝပုံမှန်ပါပဲ။"
စကားပြောရင်း ဟွမ်ပင်းချန်က ရုတ်တရက် တစ်ခုခုကိုသတိရသွားပုံပေါ်ကာ တီးတိုး ပြောလိုက်၏။ "ဘာလို့လဲဆိုတာ ကျုပ်သိပြီထင်တယ်။ ဒီနေ့အဖြစ်အပျက်က လီဟွိုင်ရဲ့အားနည်းချက်ကို သွားထိမိလို့ဖြစ်မယ်။"
"ဘာဖြစ်လို့လဲ။ငါ့ကို စိတ်ပူအောင်မလုပ်နဲ့။"
ဟွမ်ပင်းချန်က ဆုရှင်းကိုထောင့်တစ်နေရာသို့ ဆွဲခေါ်သွားပြီးနောက် ပြောသည်။ "ကျုပ် တခြားသူဆီကကြားတာ။ လီဟွိုင်ကအရင်ကရန်ဖြစ်ရင်း သူရဲ့ မြေတူးစက်လေး အရစ်ပြုန်းသွားလို့ မြေမတူးနိုင်တော့ဘူးတဲ့။"
"အရင်က သူအေးတိအေးစက်နေတတ်ပေမဲ့ အခုလိုမျိုးတော့မဟုတ်ဘူး။ အခုမှ တိုက်ပွဲတစ်ခုဖြစ်တာနဲ့ သွေးဆာပြီးတိုက်ခိုက်ချင်စိတ်ပြင်းပြတဲ့ အရူးတစ်ယောက်လို ဖြစ်သွားတာ။"
"အဲဒီအဖြစ်အပျက်ပြီးမှ သူဒီလိုဖြစ်သွားတာပါ။ သူကအစကတည်းက အမျိုးသမီးတွေကို သိပ်စိတ်မဝင်စားပေမဲ့။ ဒီလိုကိစ္စမျိုးဖြစ်ပြီးရင် ယောကျာ်းတစ်ယောက်ရူးသွားတာ အံ့သြစရာတော့မဟုတ်ပါဘူး။ လီဟွိုင်က တကယ်တော့ တော်တော်လေး ထိန်းချုပ်နေနိုင်သေးတာပါ။"
"ကောင်းပြီ သွားပြီးပျော်ပါးလိုက်ပါဦး။" ဆုရှင်းက ပြောလိုက်၏။
"ခေါင်းဆောင် မသွားဘူးလား။"
ဆုရှင်း ခေါင်းယမ်းလိုက်လျှင် ဟွမ်ပင်းချန်၏အကြည့်က ဆုရှင်း၏အောက်ပိုင်းဆီသို့ အလျိုအလျောက်ပင် ရောက်ရှိသွားခဲ့၏။
*ခေါင်းဆောင်ကရော မြေတူးစက်များပျက်နေတာများလား။*
"ဘာတွေစိုက်ကြည့်နေတာလဲ ထွက်သွားစမ်း။" ဆုရှင်း ရယ်မောကာ ဟွမ်ပင်းချန်ကိုပိတ်ကန်ထုတ်လိုက်သော်လည်း ရုတ်တရက်တစ်ခုခုကို သတိရသွားပါသည်။
ခန်းမရှိသီးသန့်အခန်းတံခါးကို တွန်းဖွင့်လိုက်ရာ လီဟွိုင်ပ ကုတင်ပေါ်တွင်တရားထိုင်နေသည်ကို တွေ့လိုက်ရ၏။
ဆုရှင်း ဝင်လာသည်ကို မြင်သောအခါ လီဟွိုင်က ပြောသည်။ "ခေါင်းဆောင်။ မင်းတို့ပဲ သွားပျော်ကြပါ။ ကျွန်တော်က အမျိုးသမီးတွေကိုစိတ်မဝင်စားပါဘူး။အဲဒီအစား ဒီမှာပဲအချိန်ဖြုန်းပြီး ကျင့်ကြံနေချင်တယ်။ ကျွန်တော်ရဲ့ သုံးဆယ်မြောက် သွေးကြောအမှတ်ကို ဖွင့်နိုင်တော့မယ်လို့ခံစားနေရတယ်။"
ဆုရှင်းက ဘာမှမပြောဘဲ စာအုပ်တစ်အုပ်ကို လီဟွိုင်ထံ ကမ်းပေးလိုက်၏။
"ဒီဓားသိုင်းက မင်းနဲ့ပိုသင့်တော်မယ်လို့ ငါ ထင်တယ်။"
ထိုစာအုပ်တွင် စာလုံးကြီးလေးလုံးသာ ပါရှိသည်။
မိစ္ဆာနှိမ်နင်းရေး ဓားသိုင်း
ဆုရှင်း ဘာမှ ထပ်မပြောတော့ဘဲ လှည့်ထွက်သွားတော့သည်။
သူ၏မြေတူးစက်ထိခိုက်မှုမှာ လီဟွိုင်အတွက် ကြီးမားသောထိုးနှက်ချက်တစ်ခု ဖြစ်သော်လည်း ၎င်းက သူ့ကို မဖျက်ဆီးနိုင်ခဲ့ပေ။ ထို့ကြောင့် ဆုရှင်းက သူ့ကိုဖြေသိမ့်ရန် မကြိုးစားခဲ့သလို၊ ထိုသို့သောအခြေအနေမျိုးတွင် ဖြေသိမ့်ရန်နည်းလမ်းလည်း မရှိချေ။
ဤနာကျင်မှုကို သိုင်းပညာအပေါ် ဆန္ဒနှင့် ရူးသွပ်သောတိုက်ခိုက်လိုစိတ်အဖြစ် ပြောင်းလဲနိုင်စွမ်းက လီဟွိုင်မှာ စိတ်သဘောထားအားနည်းသူမဟုတ်ကြောင်း သက်သေပြနေ၏။
လင်းဖျင်ကျီ နှင့် နှိုင်းယှဉ်ပါက လီဟွိုင်က ဤ မိစ္ဆာနှိမ်နှင်းရေး ဓားသိုင်း နှင့် ပို၍ထိုက်တန်ပါသည်။