← Chapters

အခန်း ၃၈

Vol. 4 Ch. 38

အခန်း ၃၈

Vol. 4 Ch. 38

အခန်း (၃၈) တတိယသခင်ကြီးဟူ၏ နောင်တ

လင်းယုန်ပျံဂိုဏ်းနှင့် မိုးပြာဝါးဂိုဏ်းတို့ကြားရှိ ကြီးမားသော တိုက်ပွဲ၏ရလဒ်မှာ ရှင်းလင်းနေခဲ့၏။ မိုးပြာဝါးဂိုဏ်းမှာ အကြီးအကျယ်ထိခိုက်သွားပြီး လင်းယုန်ပျံဂိုဏ်းကို စိန်ခေါ်ရန် အရည်အချင်း မရှိတော့ပေ။

သို့သော် ဂိုဏ်းအတွင်းမှာတော့အချို့က ပျော်ရွှင်နေပြီး အချို့မှာဝမ်းနည်းနေခဲ့ကြသည်။

အပျော်ရွှင်ဆုံးသူများမှာ သဘာဝကျကျပင် ကုန်သွယ်ရေးမြို့တစ်ဝက်ခန့်တစ်ဟုန်ထိုး သိမ်းပိုက်နိုင်ခဲ့သော ရှားဖေးယင်းနှင့် သူ၏ ဂိုဏ်းသားများပင်။ ၎င်းက လင်းယုန်ပျံဂိုဏ်းကိုအချိန်အတိုင်းအတာတစ်ခုအထိ ရပ်တည်နိုင်ရန် လုံလောက်စေနိုင်သည်။

စိုးရိမ်ပူပန်နေသူများအတွက်မူ မထင်မှတ်ထားစွာဖြင့် တတိယသခင်ကြီးဟူ ဖြစ်လာခဲ့၏။

တတိယသခင်ကြီးဟူတွင် သူ၏မွေးစားသား ဆုရှင်းကို ထိန်းချုပ်နိုင်မည်ဟူသော ယုံကြည်ချက် လုံးဝမရှိတော့ပေ။

တစ်ကိုယ်ရည်စွမ်းရည်အရ ဆုရှင်းက တိုင်ချုံးကိုလုပ်ကြံနိုင်ခဲ့ကြောင်း သက်သေပြနိုင်သော မှတ်တမ်းတစ်ခု ရှိ၏။

ထို့အပြင် ပထမဆုံးတိုက်ပွဲတွင် မိုးပြာဝါးဂိုဏ်းမှ လော့ကျန်းပြသခဲ့သော ခွန်အားက တတိယသခင်ကြီးဟူကဲ့သို့ ချန်နင်စီရင်စုမှ ဝါရင့် သိုင်းလောကသားတစ်ဦးကိုပင် လျှို့ဝှက်စွာထိတ်လန့်သွားစေခဲ့သည်။

သူတို့က လော့ကျန်း၏နောက်ခံကို အတော်လေး ကောင်းစွာသိကြပါသည်။ သူသည် အစစ်အမှန် သိုင်းပညာကိုသင်ယူခဲ့ပြီး သူတို့ကဲ့သို့အပျော်တမ်း သိုင်းသမားများ၏စွမ်းရည်ထက်များစွာ သာလွန်ပါသည်။

တကယ်တမ်းတွင် လော့ကျန်းက သိုင်းပညာကို စတင်သင်ယူချိန်တွင် အနည်းငယ်အသက်ကြီးလွန်းနေသဖြင့် သူ၏အောင်မြင်မှုများကို ကန့်သတ်မထားပါက သေးငယ်သော မိုးပြာဝါးဂိုဏ်းက ဤကဲ့သို့ကြီးကျယ်သော သိုင်းဆရာသခင်တစ်ဦးကို နေရာချထားပေးနိုင်မည်မဟုတ်ပေ။

တရားမျှတသော တိုက်ပွဲတစ်ခုတွင် လော့ကျန်းကို အနိုင်ယူနိုင်သော ဆုရှင်း၏စွမ်းရည်မှာ သူ၏ ခွန်အားကို သက်သေပြရန်လုံလောက်နေ၏။

သူ၏လက်အောက်ငယ်သားများအနေဖြင့်မူ အတွင်းအားနှင့် သိုင်းပညာများကျင့်ကြံထားသော သူ၏လူနှစ်ရာနီးပါးမှာ စစ်ရေးခန်းမ၏တပည့်များကဲ့သို့မများပြားသော်လည်း ထိုအရေအတွက် နီးပါး ရောက်ရှိနေပြီဖြစ်၏။

ထို့အပြင် ယခုအခါ သူ၏လက်အောက်တွင် သာမန် ဂိုဏ်းဝင်တစ်ထောင်ကျော်ရှိနေသည်ကိုတော့ ထည့်မပြောတော့ပေ။

ဆုရှင်း၏ခွန်အားကို ကြောက်ရွံ့သောကြောင့် ထန်ထိုက်ဟယ်အသုံးမကျဖြစ်သွားကြောင်းသိပြီးနောက်တွင်ပင်။ တတိယသခင်ကြီးဟူက နောက်ဆုတ်နေခဲ့ပြီးမသိချင်ယောင်ဆောင်ကာ မလှုပ်ရှားခဲ့ခြင်း ဖြစ်၏။

သို့သော် ယနေ့တွင်မူ သူက ခွက်ကိုရိုက်ခွဲလိုက်၏။

"ဒီကောင်လေးက ဘာလုပ်ချင်နေတာလဲ။ သူ့မှာ လူကြီးသူမတွေကို လေးစားမှုမရှိဘူးလား။ ငါက သူ့ရဲ့မွေးစားအဖေ။ ငါက သူ့ရဲ့ခေါင်းဆောင်။ သူကလင်းယုန်ပျံဂိုဏ်းထဲမှာ ဆက်နေချင်သေးရဲ့လား။"

တတိယသခင်ကြီးဟူက ဒေါသတကြီး ဟိန်းဟောက်လိုက်ပြီး သူ၏မျက်နှာအမူအရာမှာ လူတစ်ယောက်ကိုပင်ဝါးမြိုပစ်ချင်နေသည့်အလား ရက်စက်သောအမူအရာဖြင့် အကျဉ်းတန်နေခဲ့၏။

သူ၏ဘေးတွင်ရပ်နေသော အကြံပေးလျိုက တိုးညင်းစွာသက်ပြင်းချလိုက်ပြီး ဘာပြောရမည်ကို မသိတော့ပေ။

ယမန်နေ့က ဆုရှင်း၏စွမ်းဆောင်ရည်မှာ တတိယသခင်ကြီးဟူကို လန့်သေလုနီးပါးဖြစ်သွားစေခဲ့သည်။

ဇာတ်လမ်းမှာ အမှန်တကယ်တော့ အတော်လေး ရိုးရှင်းလေ၏။ ဆုရှင်းက ယုံလဲ့ရပ်ကွက်၏ကုန်သည်များကို စံနမူနာပြလိုက်ပြီးနောက် ၎င်းတို့ကချက်ချင်းလက်ခံလိုက်ကြပြီး သုံးရက်အတွင်း သူတို့၏လစဉ်ကြေးများအားလုံးကို ပေးအပ်ခဲ့ကြ၏။

ဆုရှင်းက ငွေများကိုရေတွက်ကြည့်ရာ အတိအကျ ငွေခြောက်သောင်းရှိနေပြီး မယုံနိုင်ဖွယ်ထိတ်လန့်ဖွယ်ကောင်းသည့်ပမာဏပင်။

ယုတ္တိတန်စွာတွေးကြည့်လျှင် ဤငွေ၏ ၂၀ ရာခိုင်နှုန်းကို တတိယသခင်ကြီးဟူထံသို့ အရင် ပေးအပ်ရမည်ဖြစ်သည်။ ထို့နောက် တတိယသခင်ကြီးဟူက ၎င်း၏ ၂၀ ရာခိုင်နှုန်းကိုယူကာ ဂိုဏ်းထံသို့ ပေးအပ်ရပါလိမ့်မည်။

သို့သော် ဆုရှင်းက တတိယသခင်ကြီးဟူနှင့် ဆက်ဆံရေးလုံးဝပြတ်တောက်လုနီးပါးဖြစ်နေပြီဖြစ်ရာ အဘယ်ကြောင့် သူ့ထံငွေများ ဆက်ပို့နေရဦးမည်နည်း။

ထို့ကြောင့် သူက ဂိုဏ်းအတွက်ဝေစုအဖြစ်ပေးသင့်သည့်အရာကိုသာပေးအပ်ခဲ့ပြီး တတိယသခင်ကြီးဟူထံပေးသင့်သော အစိတ်အပိုင်းကိုမူ လုံးဝရေငုံနှုတ်ပိတ်နေခဲ့၏။

ငွေကြေးစီမံခန့်ခွဲရန်တာဝန်ရှိသူမှာ အထွေထွေခန်းမ၏အကြီးအကဲ ကျွမ်းလီဖြစ်သည်။ သူက လစဉ်ကြေးများကိုလက်ခံရရှိပြီးနောက် တတိယသခင်ကြီးဟူကို ထိုအကြောင်းပြောပြလိုက်ရာ တတိယသခင်ကြီးဟူက ချက်ချင်းပင် သူ၏ခွက်ကို ရိုက်ခွဲလိုက်လေတော့သည်။

ဆုရှင်းက သူ့ကိုကျော်တက်ကာ လစဉ်ကြေးများကို ဂိုဏ်းထံတိုက်ရိုက်ပေးအပ်ခဲ့ခြင်းမှာ သူ၏မွေးစားအဖေအဖြစ် သူ့ကိုမလေးစားကြောင်း ရှင်းလင်းစွာ ပြသနေ၏။

တတိယသခင်ကြီးဟူက မည်ကဲ့သို့လုပ် ဒေါသမထွက်ဘဲ နေနိုင်မည်နည်း။

"ကျေးဇူးကန်းတဲ့ ကောင်။ ဒီလိုဖြစ်လာမယ်မှန်း သိရင် အဲဒီတုန်းကသူ့ကိုပါးရိုက်သတ်ပစ်ခဲ့ရမှာ။" တတိယသခင်ကြီးဟူက ရက်စက်စွာကျိန်ဆဲလိုက်၏။

လက်ရှိန်မှာတော့ သူအမှန်တကယ်နောင်တရနေလေပြီ။ ဆုရှင်း၏သွေးထိုးလှုံ့ဆော်မှုကို နားယောင်ပြီး သူ့ကိုအပြစ်မပေးခဲ့ရုံသာမက သူ့ကိုမွေးစားသားအဖြစ်ပါ လက်ခံခဲ့မိသည်ကို နောင်တရနေခြင်းဖြစ်သည်။

ရလဒ်အနေဖြင့် ယခုအခါ သူကဖယ်ရှားပစ်ရန်အလွန်ခက်ခဲသည်အထိအင်အားကြီးမားလွန်းလာပြီဖြစ်သည်။

ချန်သောက်က သူ၏နေရာကို လိုချင်နေကြောင်း ဆုရှင်းက ပြောခဲ့ဖူးပြီး တတိယသခင်ကြီးဟူကလည်း ၎င်းကိုသိထားခဲ့၏။ အကယ်၍ ဆုရှင်းက ချန်သောက်ကိုမသတ်ခဲ့လျှင်ပင်။ တတိယသခင်ကြီးဟူက သူ၏နေရာတည်ငြိမ်ရန်အတွက် ချန်သောက်ကို ရှင်းလင်းပစ်မည့်အခွင့်အရေးတစ်ခု ရှာဖွေမည်မှာ သေချာပါသည်။

တတိယသခင်ကြီးဟူက နောက်ထပ်ဆယ်နှစ်အတွင်းအနားယူရန် စီစဉ်ထားခဲ့၏။ ဆုရှင်းကိုတော့ မွေးစားသားအဖြစ်နေရာဆက်ခံစေကာ သူကိုယ်တိုင်တော့အနားယူသွားသော ဧကရာဇ်တစ်ပါးအဖြစ် ဆက်လက်နေထိုင်နိုင်မည်ဖြစ်သည်။

သို့သော် သူအရာအားလုံးသေချာစွာတွက်ချက်ခဲ့သော်လည်း သူအရေးကြီးသော အမှားတစ်ခုကို ပြုလုပ်မိခဲ့သည်။ ဆုရှင်းကား ချန်သောက်မဟုတ်ပေ။

သူ့ကိုခြိမ်းခြောက်နိုင်သည်ဟုခံစားရစေရန် ချန်သောက်က အနှစ်နှစ်ဆယ်အချိန်ယူခဲ့ရ၏။ သို့သော် ဆုရှင်းကမူ သူ့ကိုယှဉ်ပြိုင်နိုင်သည်။ သို့မဟုတ် သူ့ထက်ပင်ပိုမိုသန်မာလာနိုင်သည့် နေရာသို့ ရောက်ရှိရန်သုံးလပင်မကြာခဲ့ပေ။

တတိယသခင်ကြီးဟူက လက်ရှိအချိန်မှာအနားမယူချင်သေးပေ။ သူက ခေါင်းဆောင်ကြီးတစ်ဦးအဖြစ် သူ၏နေရာတွင် ဆက်လက်နေထိုင်လိုသေး၏။

ထို့ကြောင့် ဆုရှင်းနှင့် ပတ်သက်၍မူ...

သူ့ကို ရှင်းလင်းပစ်ရပါလိမ့်မည်။

"တတိယသခင်ကြီး ကျေးဇူးပြုပြီးစိတ်အေးအေးထားပါ။ ဆုရှင်းက ပိုက်ဆံတွေအကုန်လုံး သုံးပြီးသွားပြီ။ သခင်ကြီးဘယ်လောက်ပဲ ဖျောင်းဖျဖို့ ကြိုးစားကြိုးစား အလဟဿပါပဲ။"

အကြံပေးလျိုက နှစ်သိမ့်စကားများ ဆိုလိုက်သော်လည်း စိတ်ထဲတွင်မူ ပြင်းထန်စွာသက်ပြင်းချလိုက်မိ၏။

တတိယသခင်ကြီးဟူက ယခုအခါ အမှန်တကယ်ပင် အသက်ကြီးလာပြီဖြစ်သည်။

ယခင်က တတိယသခင်ကြီးဟူက နက်ရှိုင်းကာအလွန်ပါးနပ်ပြီး သူ၏ခံစားချက်များကို တစ်ခါမျှ ထုတ်မပြခဲ့ပေ။ ယခုမူ ဆုရှင်းထံမှ သတင်းတစ်ခုတည်းဖြင့် သူ၏တည်ငြိမ်မှုကို အလွယ်တကူ ဆုံးရှုံးသွားခဲ့ပြီ ဖြစ်သည်။

ခေါင်းဆောင် ဆယ့်သုံးဦးထဲတွင် တတိယသခင်ကြီးဟူက အသန်မာဆုံးမဟုတ်သော်လည်း သူကား အထက်မြက်ဆုံးပင်။ သူတစ်ဦးတည်းသာ စာမေးပွဲကျထားသော ပညာတတ်တစ်ဦးဖြစ်သည့် အကြံပေးလျိုကို သူ၏အကြံပေးအဖြစ် လုပ်ဆောင်ရန်နှင့် ဗျူဟာများချမှတ်ရန် အထူးတလည်ရှာဖွေခဲ့ခြင်းဖြစ်သည်။

ကံမကောင်းစွာဖြင့် ထက်မြက်သော တတိယသခင်ကြီးဟူက ဆုရှင်း၏ကိစ္စတွင် အလုံးစုံမှားယွင်းသွားခဲ့၏။

အကယ်၍သူသာ ဆုရှင်းကို ဆက်လက်ထောက်ခံခဲ့ပါက ယခု ဆုရှင်းကျော်ကြားလာချိန်တွင်ပင် ဆုရှင်းက သူ့ကိုလေးစားနေဦးမည်ဖြစ်သည်။

ထိုသို့မဟုတ်ပါက လင်းယုန်ပျံဂိုဏ်းတွင် တစ်ချိန်က ကျော်ကြားခဲ့သော ဆုရှင်း၏ဂုဏ်သတင်းမှာ နာမည်ဆိုးတစ်ခုအဖြစ် ပြောင်းလဲသွားပေလိမ့်မည်။

အဆိုးဆုံးအနေဖြင့် တတိယသခင်ကြီးဟူက တိတ်ဆိတ်နေသရွေ့ ထောက်ခံခြင်း သို့မဟုတ် ဖိနှိပ်ခြင်းမပြုလုပ်သရွေ့ ဆုရှင်းက သူ၏ကျေးဇူးကို မှတ်မိနေဦးမည်ဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ ဆုရှင်းက အစပိုင်းတွင် တတိယသခင်ကြီးဟူနာမည်ကို အားကိုး၍ လင်းယုန်ပျံဂိုဏ်းတွင် ခြေကုပ်ယူနိုင်ခဲ့ခြင်း ဖြစ်သည်။

သို့သော် ယခု တတိယသခင်ကြီးဟူက နောက်ကွယ်မှ လှည့်ကွက်များ တိတ်တဆိတ် ကစားနေခဲ့၏။ ပြီးခဲ့သည့် ဂိုဏ်းအစည်းအဝေးက ကိစ္စမှာ တစ်ပိုင်းဖြစ်သော်လည်း ယခုတစ်ကြိမ် ထန်ထိုက်ဟယ်က ဆုရှင်းကိုပြဿနာရှာပြီးအသုံးမကျဖြစ်သွားခဲ့သည်။

ထိုသတင်းမှာ လင်းယုန်ပျံဂိုဏ်းတစ်ခုလုံးသို့ ပျံ့နှံ့သွားပြီ ဖြစ်သည်။ အရူးမဟုတ်သူတိုင်းက မည်သည့်အရာဖြစ်ခဲ့သနည်းဆိုတာကို မှန်းဆနိုင်ပါလိမ့်မည်။

အမှန်တော့ အကြံပေးလျိုက တတိယသခင်ကြီးဟူကို အကြိမ်ကြိမ်အကြံပေးခဲ့ပါသည်။ သို့သော်လည်း လင်းယုန်ပျံဂိုဏ်း၏ခေါင်းဆောင်ကြီးအဖြစ် နှစ်ပေါင်းများစွာရပ်တည်လာခဲ့သော တတိယသခင်ကြီးဟူက သူ၏လူငယ်ဘဝကရှိခဲ့သော နက်ရှိုင်းသည့်ကောက်ကျစ်မှုများကို ကြာမြင့်စွာကတည်းကဆုံးရှုံးသွားခဲ့ပြီး အနည်းငယ်ခေါင်းမာကာ စိတ်လိုက်မာန်ပါတတ်သူဖြစ်လာခဲ့၏။

ယခင်က ကိစ္စတစ်ခုခုရှိလျှင် သူတို့ နှစ်ဦး အတူတကွဆွေးနွေးနိုင်ခဲ့သော်လည်း မကြာသေးမီ နှစ်များအတွင်း အကြံပေးလျိုက အကြံပြုချက်သာပေးနိုင်ပြီး ၎င်းကို အသုံးပြုမည်၊ အသုံးမပြုမည်ဆိုသည်ကို တတိယသခင်ကြီးဟူ တစ်ဦးတည်းကသာ ဆုံးဖြတ်တော့၏။

ဆုရှင်း၏ကိစ္စတွင် အကြံပေးလျို၏အကြံပြုချက်ကို တတိယသခင်ကြီးဟူက လုံးဝပယ်ချခဲ့သည်မှာ ရှင်းလင်းနေပါသည်။

နောက်ထပ်ခွက်အချို့ကို ရိုက်ခွဲပြီးနောက် တတိယသခင်ကြီးဟူက နောက်ဆုံးတွင်တည်ငြိမ်သွားခဲ့၏။

"အကြံပေးလျို။ ဆုရှင်းရဲ့နယ်မြေကို ငါတို့လွှဲပြောင်းယူဖို့ ဂိုဏ်းချုပ်ကို အကြံပြုရင် ဘယ်လိုနေမလဲ။ သူက အခုယုံလဲ့ရပ်ကွက်နဲ့ ပျော်ရွှင်ဖွယ်တောအုပ်ကို ပိုင်ဆိုင်နေပြီ။ အဲဒါက ခေါင်းဆောင်ကြီးသုံးယောက် ပေါင်းထားတဲ့နယ်မြေထက်တောင် ပိုကျယ်သေးတယ်။" တတိယသခင်ကြီးဟူက အေးစက်စွာ ပြောလိုက်သည်။

အကြံပေးလျိုက အလျင်အမြန် ခေါင်းယမ်းလိုက်၏။ "တတိယသခင်ကြီး အဲဒီလိုမလုပ်ပါနဲ့။ ဂိုဏ်းချုပ်က သဘောတူမှာမဟုတ်ဘူး။"

တိုက်ပွဲမှ ရရှိသောအကျိုးခံစားခွင့်များကို ခွဲဝေပေးခြင်းမှာ လင်းယုန်ပျံဂိုဏ်း၏အခြေခံမူ တစ်ခုဖြစ်သည်။ သေးငယ်သည့်အပြောင်းအလဲလေးကပင် ဂိုဏ်းတစ်ခုလုံးကို ဖရိုဖရဲဖြစ်သွားစေလိမ့်မည်။

တိုက်ပွဲအောင်မြင်မှုက အရေးအကြီးဆုံးပင်။ ဤသည်မှာ လင်းယုန်ပျံဂိုဏ်း၏အဓိက မူဝါဒလည်း ဖြစ်၏။

နယ်မြေအား သိမ်းပိုက်ထားနိုင်သူက ပိုင်ဆိုင်မည်။ ဤအခြေခံမူကိုပင် အာမမခံနိုင်ပါက လင်းယုန်ပျံဂိုဏ်းဝင်များ မည်မျှစိတ်ပျက်သွားကြမည်နည်း။

ချန်နင်စီရင်စုက ဂိုဏ်းသုံးဂိုဏ်းနှင့် အဖွဲ့လေးဖွဲ့ရှိသည့်အထဲမှ လင်းယုန်ပျံဂိုဏ်းအပေါ်တွင်သာမှီခိုနေခြင်း မဟုတ်ပေ။

ဤပြဿနာဖြစ်လာသည်နှင့် တစ်ပြိုင်နက် စိတ်ပျက်သွားသော ဂိုဏ်းဝင်အများစုမှာ နောက်တစ်နေ့မှာပင် အခြားအင်အားစုများထံသို့ ကူးပြောင်းသွားကြပါလိမ့်မည်။

"တတိယသခင်ကြီး ဆုရှင်းနဲ့အတိုက်အခံလုပ်နေတာကို ရပ်လိုက်ရင်ရောဘယ်လိုနေမလဲ။ မဟုတ်ရင် အကျိုးအမြတ်မရှိတာတင်မကဘူး ကျုပ်တို့က အလကားသက်သက်ရယ်စရာဖြစ်သွားလိမ့်မယ်" အကြံပေးလျိုက သတိထားကာ အကြံပြုလိုက်၏။

တတိယသခင်ကြီးဟူက အေးစက်စွာ ပြောလိုက်သည်။ "လုံးဝ မဖြစ်နိုင်ဘူး ငါက ဆုရှင်းကိုမနှိမ်နင်းနိုင်ရင် ငါ့မျက်နှာကိုဘယ်နား သွားထားရမှာလဲ။"

"ဆုရှင်းက ငါ့ကိုအသိမပေးဘဲ လစဉ်ကြေးကို ဂိုဏ်းဆီ ပေးလိုက်တယ်။ ခေါင်းဆောင်ကျွမ်းက ငါ့ကို ဒီအကြောင်းပြောပြတာ။ သူက ငါ့ကို ပြောပြနိုင်ရင်တခြားသူတွေကလည်း သိနေကြမှာပဲ။"

"အဲဒီကောင်တွေကို ငါ ကောင်းကောင်းသိတာပေါ့။ ပြဿနာရှာတတ်တဲ့ မွေးစားသားနှစ်ယောက်ကို မွေးစားထားမိတဲ့ ငါ့ကိုသူတို့ကလျှို့ဝှက်ပြီးလှောင်ပြောင်နေကြမှာ သေချာတယ်။"

အကြံပေးလျို တစ်ခုခုပြောရန် ပြင်လိုက်စဉ်မှာပင် တစ်စုံတစ်ဦးက ဝင်ရောက်သတင်းပို့လာခဲ့သည်။

"တတိယသခင်ကြီး ခေါင်းဆောင် ဟိုထုံလာလည်ပါတယ်။"

*သူ ဒီကိုဘာလာလုပ်တာလဲ။*

အကြံပေးလျိုနှင့် တတိယသခင်ကြီးဟူတို့ နှစ်ဦးစလုံး မျက်မှောင်ကြုတ်သွားကြပြီး သူတို့၏ မျက်နှာအမူအရာများမှာ မကောင်းတော့ပေ။

လင်းယုန်ပျံဂိုဏ်း၏ခေါင်းဆောင် ဆယ့်သုံးဦးထဲတွင် တတိယသခင်ကြီးဟူက ဟိုထုံနှင့် ဆက်ဆံရေးအဆိုးရွားဆုံးဖြစ်သလို နောက်ထပ်အခြားသူများနှင့်လည်း အထူးတလည် ရင်းနှီးထားခြင်း မရှိချေ။

လင်းယုန်ပျံဂိုဏ်းမှ လူတိုင်းက ဟိုထုံအား မနှစ်သက်ကြဟု ဆိုရမည်။

လင်းယုန်ပျံဂိုဏ်း၏ခေါင်းဆောင်ကြီး တစ်ဦးဖြစ်သော ဟိုထုံက ရာထူးမြင့်မားသော်လည်း သူ၌အလွန်ဆိုးရွားသော အကျင့်တစ်ခုရှိပါသည်။

လောင်းကစားလုပ်ခြင်းပင်။

ဟိုထုံတွင် အလွန်ဆိုးရွားသော လောင်းကစား အကျင့်များရှိသည်။ သူ ရှုံးသွားသည်နှင့် တစ်ပြိုင်နက် သူကစိတ်လွတ်နေသောလောင်းကစားသမားတစ်ဦးကဲ့သို့ ဖြစ်သွားခဲ့၏။ သူ၏အရှုံးများကို ပြန်လိုက်‌ရန်အတွက် စိတ်ပိုင်းဖြတ်ထားလေ့ရှိသည်။

လင်းယုန်ပျံဂိုဏ်း၏ခေါင်းဆောင်ကြီးများက အမှန်တကယ်တော့ ဝင်ငွေအတော်လေး ကောင်းကြ၏။

ဥပမာအားဖြင့် ဆုရှင်းက ယုံလဲ့ရပ်ကွက်မှ ငွေသုံးသိန်းကျော်ရရှိပါသည်။

ဟိုထုံက ချန်ဖျင်ရပ်ကွက်၏လေးပုံတစ်ပုံကိုသာ ထိန်းချုပ်ထား၏။ သူ၏လစဉ်ကြေးမှာ ဆုရှင်းကဲ့သို့မများသော်လည်း ငွေသောင်းဂဏန်းခန့်တော့ ရှိနေဆဲပင်။

ဂိုဏ်းသို့ငွေပေးအပ်ပြီး ဂိုဏ်းဝင်များကို ခွဲဝေပေးပြီးနောက် ကျန်ရှိသောငွေများမှာ ဟိုထုံအတွက် အလွန်သက်သောင့်သက်သာနေထိုင်နိုင်ရန်အတွက် လုံလောက်ပါသည်။

သို့သော် ဟိုထုံက ငွေများကိုလောင်းကစားလုပ်ရန်သာဇွတ်တောင်းဆိုလေ့ရှိပြီး သူ၏အမြဲတစေကံဆိုးမှုများနှင့် ပေါင်းစပ်လိုက်သောအခါ ရက်အနည်းငယ်အတွင်းမှာပင် အကုန်လုံး လောင်းကစား ရှုံးသွားလေ့ရှိတတ်၏။

ဟိုထုံ ငွေကုန်သွားသောအခါ သူကလောင်းကစားရုံသို့ အကြွေးများမဆပ်ဘဲနေလာသဖြင့် ပိုင်ရှင်က သူနှင့် စီးပွားရေး ဆက်မလုပ်ချင်တော့သည်အထိ ဖြစ်လာတော့သည်။

သူငွေကုန်သွားသောအခါ တတိယသခင်ကြီးဟူကဲ့သို့သော အခြားခေါင်းဆောင်ကြီးများထံမှ ငွေစတင်ချေးငှားလေ့ရှိပြီး ပြန်၍လည်းမဆပ်ပေ။

နောက်ဆုံးတွင် ဟိုထုံ၏ဂုဏ်သတင်းမှာ လုံးဝ ပျက်စီးသွားတော့သည်။ မည်သူကမျှ သူ့ကိုငွေမချေးချင်ကြတော့ပေ။ သူကလည်း အခြားသူများကို အဆက်မပြတ်နှောင့်ယှက်ခြင်းဖြင့်သာ ငွေအနည်းငယ်ကို ရအောင်ယူနိုင်တော့သည်။

တတိယသခင်ကြီးဟူက ဤကဲ့သို့သော လူမျိုးနှင့် လုံးဝ မဆက်ဆံချင်ပေ။ သူကအိမ်တွင်မရှိဟု ဆင်ခြေပေးရန် သူ၏လက်အောက်ငယ်သားများကို ညွှန်ကြားတော့မည့်အချိန်မှာပင် ခြံဝင်းအတွင်းမှ အလွန်အားကောင်းသော အသံတစ်ခုကို ကြားလိုက်ရ၏။

"ဟားဟားဟား တတိယညီကိုဟူ။ မင်းအသစ်မွေးစားလိုက်တဲ့ မွေးစားသားရဲ့လှည့်စားတာကို ခံလိုက်ရတယ်လို့ ငါကြားတယ်။ သူက သူ့ရဲ့ လစဉ်ကြေးကို ဂိုဏ်းဆီတိုက်ရိုက်ပေးလိုက်ပြီး မင်းကို လုံးဝလျစ်လျူရှုထားတယ်ဆို တကယ်ကြီးလား။"

တတိယသခင်ကြီးဟူထက် အနည်းငယ်ငယ်ရွယ်ပုံရသော သက်လတ်ပိုင်းတစ်ယောက်က အခန်းထဲသို့ တည့်တည့်ဝင်လာပြီး အခြားမည်သူမျှ မရှိသကဲ့သို့ ရယ်မောကာ အခြားသူများကို လှောင်ပြောင်လေတော့သည်။

ဟိုထုံက အသိမပေးဘဲဝင်လာသည်ကို မြင်သောအခါ တတိယသခင်ကြီးဟူ အေးစက်စွာမေးလိုက်၏။ "မင်း ဒီကိုဘာလာလုပ်တာလဲ။"

ဟိုထုံက စားပွဲပေါ်ရှိလက်ဖက်ရည်ခွက်ကို ကစားရင်း ပျင်းရိစွာပြောလိုက်၏။ "သေချာတာပေါ့ ငါက မင်းဆီကငွေနည်းနည်းချေးမလို့ပါ။ စိတ်မပူပါနဲ့ ငါအခြေအနေကောင်းလာရင် မင်းကိုနှစ်ဆ ပြန်ဆပ်ပါ့မယ်။"

တတိယသခင်ကြီးဟူ လှောင်ပြောင်လိုက်၏။ "မင်း အဲဒီလိုပြောခဲ့တာအနည်းဆုံးဆယ်ခါလောက် ရှိနေပြီ။ အိပ်မက် မက်မနေနဲ့တော့ ငါ့ဆီမှာပိုက်ဆံ တစ်ပြားမှ မရှိဘူး။"

အစောပိုင်းက ဟိုထုံပြောခဲ့သည်များကို ပြန်တွေးမိလျှင် တတိယသခင်ကြီးဟူ၏ဒေါသများ ထွက်လာတော့သည်။

*မင်းက ဒီကိုပိုက်ဆံလာချေးတယ်ပေါ့။ ဒါပေမဲ့ မင်းကဝင်လာချင်း ငါ့ကိုလှောင်ပြောင်နေသေးတယ်။ မင်းကို ဒီနေရာကနေချက်ချင်းမနှင်ထုတ်တာကပဲ ငါအများကြီးညှာတာနေပြီ။ အဲဒါတောင် မင်းက ပိုက်ဆံချေးချင်သေးတယ်လား။*

ဟိုထု့ ရယ်မောလိုက်၏။ "တတိယညီကိုဟူ အရမ်း အလျင်မလိုပါနဲ့။ ဒီတစ်ခါတော့ ငါ အလကားမယူပါဘူး။ ဒါဆို ဒီလိုလုပ်မယ်လေ ငါမင်းကို ကူညီပေးမယ် မင်းကငါ့ကိုပိုက်ဆံနည်းနည်းချေးပေး။ အဆင်ပြေလား။"

"မင်းက ငါ့ကိုဘယ်လိုကူညီနိုင်မှာလဲ။" တတိယသခင်ကြီးဟူက အဆင့်သတ်မှတ်ချက် အနိမ့်ဆုံးနီးပါးဖြစ်နေသော ထိုခေါင်းဆောင်ကြီးကို အနည်းငယ်အထင်အမြင်သေးစွာကြည့်လိုက်၏။

ဟိုထုံက အနည်းငယ်ပြုံးလိုက်သည်။ "အကူညီအကြီးကြီးတစ်ခုပေါ့။ မင်းရဲ့ စကားနားမထောင်တဲ့ မွေးစားသားဆုရှင်းကို နှိမ်နင်းဖို့ကူညီပေးမလိုလေ။"

All Chapters