အခန်း ၃၉
Vol. 4 Ch. 39
အခန်း (၃၉) ပြဿနာရှာခြင်း
"ဘာသဘောလဲ။" တတိယသခင်ကြီးဟူက ဟိုထုံကို အေးစက်စွာစိုက်ကြည့်ကာ သွားကြားထဲမှ လေသံဖြင်ပြောလိုက်၏။
ဟိုထုံက ရယ်မောလိုက်ပြီး။ "တတိယညီကိုဟူ ဟန်ဆောင်မနေပါနဲ့တော့။ ဆုရှင်းနဲ့ မင်းရဲ့ရှုပ်ထွေးတဲ့ကိစ္စတွေကို လူတိုင်းသိပါတယ်။ အခု သူက ဂိုဏ်းဆီကိုပိုက်ဆံတွေ တိုက်ရိုက်ပေးလိုက်တာက ပွင့်ပွင့်လင်းလင်းပါးရိုက်လိုက်တာပဲ။ မင်း ဆက်ပြီး ငြိမ်ထိုင်နေနိုင်သေးလို့လား။"
"ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် သူက မင်းရဲ့မွေးစားသားပဲလေ။ ပြီးတော့ သူ့ကိုအရင်ဆုံး မလေးမစားလုပ်ခဲ့တာက မင်းပဲ။ မင်းရဲ့မွေးစားအဖေဆိုတဲ့ နာမည်ကို သုံးပြီး သူ့ကိုဖိအားပေးဖို့ကြိုးစားရင် လင်းယုန်ပျံဂိုဏ်းမှာ မင်းရဲ့တတိယသခင်ကြီးဟူဆိုတဲ့ နာမည် ပျက်သွားလိမ့်မယ်။"
"မင်းငါ့ကို ပိုက်ဆံနည်းနည်းပေးရင် အဲဒီကောင်လေးကို မင်းအတွက်ငါရှင်းပေးမယ်။ သူ ဘယ်တော့မှမမေ့နိုင်မယ့် သင်ခန်းစာ တစ်ခု ပေးမယ်လို့ အာမခံတယ်။ လူတွေက ငါအားနည်းသူကို အနိုင်ကျင့်တယ်လို့ပြောရင်တောင် ငါဂရုမစိုက်ဘူး။ ဘာပဲဖြစ်ဖြစ် ငါဟိုထုံက အရှက်မရှိပေမဲ့ မင်းတတိယညီကိုဟူကတော့ အရှက်ရှိသေးတယ် မဟုတ်လား။"
တတိယသခင်ကြီးဟူက အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးနောက် နောက်ဆုံးပြောလိုက်၏။ "တစ်ခွန်းဈေးပဲ ငွေငါးသောင်း။"
"ဟဲဟဲ...သဘောတူတယ်။" ဟိုထုံက အလွန် ကျေနပ်နေသောပုံဖြင့် လက်ခုပ်တီးလိုက်သည်။
"မင်း ဘာလုပ်မှာလဲ။"
ဟိုထုံက အပြင်သို့ ခပ်သွက်သွက်လျှောက်သွားရင်းပြောလိုက်၏။ "အဲဒီအတွက် စိတ်မပူပါနဲ့။ အဲဒီကောင်လေးကို ငါသေချာပေါက်အလွတ်ပေးမှာ မဟုတ်ပါဘူး"
ဟိုထုံထွက်သွားသည်ကို ကြည့်ရင်း အကြံပေးလျိုက စိုးရိမ်တကြီးပြောလိုက်သည်။ "ဟိုထုံက ကိစ္စတွေကိုပိုဆိုးသွားအောင်လုပ်မိမှာစိုးတယ်။ သူက ယုံကြည်ရတဲ့သူ ပုံမပေါ်ဘူး။"
တတိယသခင်ကြီးဟူက လေးနက်သောအသံဖြင့် ပြောလိုက်၏။ "စိတ်မပူပါနဲ့ ဟိုထုံက လောင်းကစားစွဲနေတဲ့သူ တစ်ယောက်သာဖြစ်ပေမဲ့ သူ တကယ်မတုံးပါဘူး။ ငါ့ဆီလာပြီး တောင်းဆိုရဲမှတော့ သူ့မှာကိုယ်ပိုင်အကြောင်းပြချက်တွေရှိမှာပေါ့။"
"လောင်းကစားအကျင့်ဆိုးရှိပြီး စွမ်းရည်မရှိတဲ့ လူအတစ်ယောက်က ခေါင်းဆောင်ကြီးနေရာကို ဒီလောက်နှစ်ပေါင်းများစွာ ဘယ်လိုလုပ်ရယူထားနိုင်မှာလဲ။"
တတိယသခင်ကြီးဟူ၏ မယိမ်းယိုင်သော ယုံကြည်မှုကိုမြင်လျှင် အကြံပေးလျို ဘာမှထပ်မပြောတော့ပေ။ သို့သော် သူ၏မျက်လုံးများထဲတွင် ခန့်မှန်း၍မရနိုင်သောအရိပ်အယောင်တစ်ခုဖြတ်ပြေးသွားခဲ့သည်။
ထိုအချိန်တွင် ပျော်ရွှင်ဖွယ်တောအုပ် ဌာနခွဲအတွင်း၌ဆုရှင်းက အရာအားလုံးကို ဟွမ်ပင်းချန်အား လွှဲအပ်ထားခဲ့ပြီး သူကိုယ်တိုင်တော့ အိမ်ပြန်ကာ တံခါးပိတ်ကျင့်ကြံနေပါသည်။
လော့ကျန်းနှင့် သူ၏တိုက်ပွဲမှ အတွေ့အကြုံများစွာ ရရှိခဲ့ပြီး သူ၏ကျင့်ကြံခြင်း အမြန်နှုန်းမှာသိသိသာသာ တိုးတက်လာ၏။ လွန်ခဲ့သော နှစ်ရက်အတွင်း သူက သွေးကြောအမှတ် ၅ ခုကို တစ်ပြိုင်နက်တည်းဖွင့်လစ်နိုင်ခဲ့ပြီး ယခုအခါ သွေးကြောအမှတ် ၅၁ ကို ဖွင့်ထားလေပြီ။
ဟောက်ထျန်းအလယ်အလတ်အဆင့်သို့ ရောက်ရန် နီးကပ်နေပြီဖြစ်၏။
သွေးကြောအမှတ် ၅ခုကို ဆက်တိုက်ဖွင့်လစ်နိုင်ပြီးနောက် ဆုရှင်း တံခါးပိတ်မကျင့်ကြံတော့ပေ။ ထိုအစား သူက လီဟွိုင်နှင့် တိုက်ခိုက်စမ်းသပ်ရန် လီဟွိုင်ကို သွားရှာတော့သည်။
"မင်းရဲ့ မိစ္ဆာနှိမ်နှင်းရေးဓားသိုင်း ဘယ်လိုနေလဲ။" ဆုရှင်းက လီဟွိုင်၏ခါးရှိ ဓားတိုနှစ်လက်ကို ဓားရှည်များဖြင့် အစားထိုးထားသည်ကို သတိထားမိလိုက်သဖြင့် လီဟွိုင်က မိစ္ဆာနှိမ်နှင်းရေးဓားသိုင်းတွင် အနည်းဆုံးအခြေခံအဆင့်သို့ ရောက်ရှိနေပြီဟု ခန့်မှန်းမိလိုက်၏။
မိစ္ဆာနှိမ်နှင်းရေးဓားသိုင်းကို စတင်ကျင့်ကြံပြီးနောက် လီဟွိုင်က ယခင်ကထက် ပိုမိုတည်ငြိမ်စွာထိန်းချူပ်တတ်လာပြီး ယခင်ကကဲ့သို့ အေးစက်သောအရှိန်အဝါများ မထွက်ပေါ်တော့ပေ။
သို့သော် ဤအချက်ကြောင့်ပင် လီဟွိုင်က ယခင်ကထက် များစွာသာလွန်လာပြီဖြစ်ကြောင်း သက်သေပြနေသည်။
မသိမသာနေတတ်ပြီး အန္တရာယ်မရှိသောပုံပေါက်သူများက တစ်ခါတစ်ရံတွင် အကြောက်စရာ အကောင်းဆုံးသူများဖြစ်တတ်၏။
"ဒီဓားသိုင်းက ရိုးရှင်းပေမဲ့ထူးဆန်းပြီး ရက်စက်တယ်။ မိစ္ဆာလမ်းစဉ်ဓားသိုင်းရဲ့အထွတ်အထိပ်လို့တောင် ပြောလို့ရတယ်။ ကျွန်တော်ဒါကို လေ့လာနေတာ ရက်အနည်းငယ်ပဲရှိသေးပြီးအပေါ်ယံလောက်ပဲသိသေးပေမဲ့ တစ်ခုခုလိုအပ်နေသလို အမြဲတမ်း ခံစားနေရတယ်။" လီဟွိုင် ပြောလိုက်သည်။
လီဟွိုင်၏အဖြေကို ကြားသောအခါ ဆုရှင်း အံ့အားသင့်သွားခဲ့၏။ မိစ္ဆာနှိမ်နှင်းရေးဓားသိုင်းက မူလက နေကြာကျမ်း၏မပြည့်စုံသော ဗားရှင်းတစ်ခုဖြစ်သည်။
ဤအချက်ကို လီဟွိုင်မြင်နိုင်ခြင်းက သူသိုင်းပညာတွင် အမှန်တကယ်ပါရမီရှိကြောင်း သက်သေပြနေခဲ့သည်။
"မင်းပြောတာမှန်တယ် ဒီဓားသိုင်းက အရမ်း စွမ်းအားကြီးတဲ့ကျင့်စဉ်တစ်ခုကနေ ဆင်းသက်လာတာ။ လာ ငါတို့သိုင်းကွက်နည်းနည်းလောက် ဖလှယ်ကြည့်ရအောင်။" ဆုရှင်းက မိစ္ဆာနှိမ်နှင်းရေးဓားသိုင်းကို အလွန် စူးစမ်းချင်နေဆဲပင်။
လီဟွိုင် ခေါင်းညိတ်ကာ ခါးမှဓားရှည်ကို ဆွဲထုတ်လိုက်ပြီး သရဲတစ္ဆေတစ်ကောင်ကဲ့သို့ အလွန် လျင်မြန်သောအမြန်နှုန်းဖြင့် ရွေ့လျားကာ ဆုရှင်း၏ရှေ့သို့ ချက်ချင်း ရောက်ရှိလာသည်။
အေးစက်သော ဓားအလင်းတန်းကြောင့် ဓားက မည်သည့်နေရာမှ လာနေသည်ကို မခွဲခြားနိုင်သဖြင့် အလွန်ထိတ်လန့်ဖွယ်ကောင်းလှ၏။
သို့သော် ထိုအချိန်တွင် ဆုရှင်းက လက်ချောင်းဖြင့် တစ်ချက်ခေါက်လိုက်ရာ ဒင်ဟူသော အသံနှင့်အတူ လီဟွိုင်၏ဓားမှာ ဆုရှင်း၏ပုတ်ထုတ်ခြင်းကို ခံလိုက်ရပါသည်။
နောက်ထပ် ပုံစံတစ်မျိုးပြောင်းလဲကာ လီဟွိုင် ဆုရှင်း၏အနောက်တွင် ချက်ချင်းပေါ်လာသော်လည်း ဆုရှင်းက ထပ်မံလှည့်ကာ လက်ချောင်းဖြင့် တစ်ချက်ထပ်ပုတ်လိုက်ပြီး လီဟွိုင်၏ဓားကို ဖယ်ထုတ်လိုက်ပြန်သည်။
ဓားရှည်ကို ဓားအိမ်ထဲပြန်ထည့်ရင်း လီဟွိုင်က ခေါင်းယမ်းကာပြောလိုက်၏။ "ကျွန်တော့် ဓားက အရမ်းနှေးပြီး အားနည်းနေတုန်းပဲ။ ခေါင်းဆောင် ဓားဆွဲထုတ်လာအောင်တောင် မလုပ်နိုင်ခဲ့ဘူး။"
ဆုရှင်းက အနည်းငယ်ထုံကျင်နေသော လက်ချောင်းများကို ခါယမ်းလိုက်၏။ "ငါက သွေးကြောအမှတ် ၅၀ ကျော် ဖွင့်ထားတာမို့ ငါ့ရဲ့ခွန်အားက မင်းထက်အများကြီးသာနေတာပါ။ အဲဒီအတွက် မင်းစိတ်ပူစရာမလိုပါဘူး။ အတွင်းအားဆိုတာ တဖြည်းဖြည်းချင်းတိုးမြင့်ရတာပဲ မင်းလည်း တစ်နေ့ဒီအဆင့်ကို ရောက်လာမှာပါ။"
"ပြီးတော့တစ်ခုပြင်ပေးချင်တယ်။ မင်းရဲ့ဓားက မနှေးဘူး။ ငါ့ရဲ့တိုက်ခိုက်မှုက ပိုမြန်နေလို့ပဲ။"
"မိစ္ဆာနှိမ်နှင်းရေးဓားသိုင်းက ဓားသိုင်းတစ်ခုဖြစ်ပေမဲ့။ အဲဒီထဲက အရေးအကြီးဆုံးအစိတ်အပိုင်းကတော့ တစ္ဆေတစ်ကောင်လိုရွေ့လျားနိုင်တဲ့ ခြေကွက်ပဲ။"
"မင်းက ပြိုင်ဘက်ရဲ့ဓားချက်ထက်ပိုမြန်နေရင်။ သူတို့ကိုဓားဆွဲထုတ်ဖို့တောင် အခွင့်အရေးမပေးဘဲ တားဆီးနိုင်တယ်။"
ဆုရှင်းက လီဟွိုင်ထက်ပိုမြန်သောကြောင့် လီဟွိုင်၏ဓားကို လက်ချောင်းတစ်ချက်တည်းဖြင့် ပုတ်ထုတ်နိုင်ခဲ့ခြင်းဖြစ်သည်။
မိစ္ဆာနှိမ်နှင်းရေးဓားသိုင်းနှင့် ကျင်းဝူမင်၏လျှပ်တပြတ်ဓားသိုင်းတို့ နှိုင်းယှဉ်ပါက တစ်ခုကရွေ့လျားမှုအမြန်နှုန်းကိုအလေးပေးပြီး နောက်တစ်ခုမှာ ဓားချက်များ၏အမြန်နှုန်းကို အလေးပေးခြင်း ဖြစ်သည်။
လီဟွိုင်ကို မြင်ပြီးနောက် ဆုရှင်းက မိစ္ဆာနှိမ်နှင်းရေးဓားသိုင်း ကျင့်စဉ်၏ယေဘုယျသဘောတရားကို နားလည်သွား၏။
နေကြာကျမ်းမှ ဆင်းသက်လာသော မိစ္ဆာနှိမ်နှင်းရေးဓားသိုင်း၏ အနှစ်သာရကို စကားလုံး တစ်လုံးတည်းဖြင့် အကျဉ်းချုပ်နိုင်ပါသည်။
အမြန်နှုန်းပင်။
မိစ္ဆာနှိမ်နှင်းရေးဓားသိုင်းက အမြန်နှုန်းကို ဦးစားပေးပြီး ပြိုင်ဘက်ကိုမည်သည့် အားသာချက်မျှမပေးဘဲ ပြန်လည်တိုက်ခိုက်ရန်အခွင့်အရေးလည်း မပေးပေ။ သို့မဟုတ်လည်း အလွန်မြန်ဆန်လွန်းသဖြင့် ပြိုင်ဘက်က သိုင်းကွက်၏အားနည်းချက်ကိုမြင်တွေ့လည်း ပြန်လည်တိုက်ခိုက်ရန် အချိန်မရှိချေ။
အဘယ်ကြောင့်ဆိုသော် အားနည်းချက်မှာ မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားသောကြောင့် ဖြစ်သည်။
မိစ္ဆာနှိမ်နှင်းရေးဓားသိုင်းကို ဖြိုခွင်းရန်အတွက် သင်၏အတွင်းအား ကျင့်ကြံခြင်းက ပြိုင်ဘက်ကို လုံးဝဖိနှိပ်ထားနိုင်ရပါမည်။ သို့မဟုတ် ဆုရှင်းကဲ့သို့ ၎င်း၏တိုက်ခိုက်မှုအမြန်နှုန်းက သူတို့ထက် ပိုမြန်ရပါလိမ့်မည်။
လီဟွိုင်နှင့် ဆုရှင်းတို့သိုင်းကွက်များ စမ်းသပ်နေစဉ် ဟွမ်ပင်းချန်ရုတ်တရက် ရောက်လာပြီး သတင်းပို့လေ၏။ "ခေါင်းဆောင် တစ်ခုခုဖြစ်နေပြီ။ လုံချင်းလောင်းကစားရုံက ပိုင်ရှင်စွန်းအပြင်ဘက်မှာ စောင့်နေတယ်။"
"လုံချင်းလောင်းကစားရုံ။" ဆုရှင်း ခဏမျှစဉ်းစားလိုက်ပြီး လုံချင်းလောင်းကစားရုံကို မှတ်မိသွားခဲ့၏။
သူက ရွှန်းသယ်လောင်းကစားရုံ၏ပိုင်ရှင်ဟောင်းကို နှင်ထုတ်ပြီးနောက် လုံချင်းလောင်းကစားရုံ ပိုင်ရှင်စွန်းက အခွင့်အရေးကိုဆုပ်ကိုင်ကာ လွှဲပြောင်းရယူခဲ့ပြီး ပျော်ရွှင်ဖွယ်တောအုပ်တွင် အကြီးဆုံးလောင်းကစားရုံ ဖြစ်လာခဲ့သည်။
သူကား ပါးနပ်သောလူတစ်ယောက်ပင်။
"ဟွမ်ကြီး ဘာတွေဖြစ်သွားတာလဲ။" ဆုရှင်းက မေးလိုက်သည်။
ဟွမ်ပင်းချန်က စိုးရိမ်သောမျက်နှာဖြင့် ပြောလိုက်၏။ "သူ့ရဲ့လောင်းကစားရုံမှာ တစ်ယောက်ယောက်လာပြဿနာရှာပြီး ငွေသိန်းနဲ့ချီရှုံးသွားပေမဲ့ တစ်ပြားမှမလျော်ဘူးလို့ ပိုင်ရှင်စွန်းက ပြောတယ်။"
"ဘယ်သူက ပြဿနာရှာနေတာလဲ။"
ဟွမ်ပင်းချန်၏အသွင်အပြင်ကို မြင်သောအခါ ၎င်းသည် သေချာပေါက်ရင်ဆိုင်ရန်မလွယ်ကူသော သူတစ်ဦးဖြစ်ကြောင်း ဆုရှင်း သိလိုက်၏။
သို့မဟုတ်ပါက ဟွမ်ပင်းချန် ကိုယ်တိုင်ဖြေရှင်းနိုင်ပြီး သူ့ကိုလာအနှောင့်အယှက်ပေးမည် မဟုတ်ပေ။
"ခေါင်းဆောင်ကြီးတစ်ယောက်ဖြစ်တဲ့ ဟိုထုံပါ။"
"ဟိုထုံ သူက ဘာလို့ပျော်ရွှင်ဖွယ်တောအုပ်ကို လာရတာလဲ။" ဆုရှင်း ချက်ချင်းမျက်မှောင်ကြုတ်သွားသည်။
ဆုရှင်းက ဟွမ်ပင်းချန်ကို လင်းယုန်ပျံဂိုဏ်း၏အထက်လူကြီးများအကြောင်း စုံစမ်းခိုင်းထားပြီးဖြစ်ရာ လောင်းကစားစွဲနေသော ဟိုထုံအကြောင်းကို သေချာပေါက် ကောင်းစွာ သိထားပါသည်။
သို့သော် ဟိုထုံက အတော်လေးအသိဉာဏ်ရှိသူဖြစ်သည်။ သူက ပုံမှန်အားဖြင့် သူ၏ကိုယ်ပိုင် နယ်မြေတွင်သာ ပြဿနာရှာလေ့ရှိ၏။
*ဒီနေ့ ဘာလို့ပျော်ရွှင်ဖွယ်တောအုပ်ကို ရောက်လာရတာလဲ။*
"သွားရအောင် သွားကြည့်မယ်။" ဆုရှင်းနှင့် ဟွမ်ပင်းချန်တို့ခန်းမထဲမှ ထွက်လာကြပြီး လီဟွိုင်က အနောက်မှ တိတ်ဆိတ်စွာလိုက်ပါလာခဲ့၏။
ခန်းမအပြင်ဘက်တွင် ပိုင်ရှင်စွန်းက ဆုရှင်းထွက်လာသည်ကို မြင်သည်နှင့် ချက်ချင်းအော်ဟစ်လိုက်သည်။ "ခေါင်းဆောင်ဆု ဟိုထုံကသာ ဒီလို ဆက်ကစားနေရင် ကျွန်တော့်လုံချင်းလောင်းကစားရုံတော့ လုံးဝဒေဝါလီခံရတော့မှာပဲ။"
"သူရှုံးရင် ပိုက်ဆံမပေးတာက ထားလိုက်ပါတော့ ကျုပ်အဲဒါကို မေ့ထားလို့ရပါတယ်။ ဒါပေမဲ့ သူနိုင်တဲ့ ပိုက်ဆံတွေကိုတော့ သူ့လူတွေဆီပေးလိုက်ပြီး ရှုံးတဲ့အခါကျတော့ အကြွေးထားဖို့ကြိုးစားနေတယ်။ ဒါက ပေါ်ပေါ်ထင်ထင်ဓားပြတိုက်တာ မဟုတ်လား။"
"ကောင်းပြီ အော်မနေနဲ့တော့ ဘာဖြစ်လဲဆိုတာ ကြည့်ရအောင် ငါ့နောက်လိုက်ခဲ့။" ဆုရှင်းက ဆူပူလိုက်၏။
ပိုင်ရှင်စွန်းက ခေါင်းငိုက်စိုက်ချကာ ဆုရှင်း၏ အနောက်မှ လိုက်လာခဲ့သည်။ တကယ်တမ်းတွင် သူဆုရှင်းကို လာရှာစဉ်က များစွာမမျှော်လင့်ထားခဲ့ပေ။
ဟိုထုံက လင်းယုန်ပျံဂိုဏ်း၏ဝါရင့်တစ်ဦးဖြစ်ပြီး ထိပ်တန်းခေါင်းဆောင်ဆယ့်သုံးဦးထဲမှ တစ်ဦးဖြစ်ကာ၊ဆုရှင်းမှာမူ နာမည်ကြီးလာသော်လည်း ခေါင်းဆောင်ငယ်တစ်ဦးသာရှိသေး၏။
လစဉ်ကြေးများလက်ခံရရှိပြီးနောက် သူတို့ကိုကာကွယ်ပေးမည်ဟု ဆုရှင်းက ကတိပေးခဲ့သော်လည်း၊ လင်းယုန်ပျံဂိုဏ်း၏ထိပ်တန်း ခေါင်းဆောင်ကြီးနှင့် ရင်ဆိုင်ရချိန်တွင် ထိုကတိက ဆက်တည်နိုင်ပါဦးမည်လော။
ဤအချိန်တွင် လုံချင်းလောင်းကစားရုံရှိ လောင်းကစားသမားအားလုံးကို ဟိုထုံနှင့် သူ၏လူများက နှင်ထုတ်လိုက်ကြသည်။
ထို့ကြောင့် သူတစ်ယောက်တည်းသာ ကြီးမားလှသောလောင်းကစားရုံထဲတွင် ကျန်ရှိနေခဲ့ပြီး လောင်းကစားရုံဝန်ထမ်းများနှင့် အန်စာတုံး လှိမ့်နေလေ၏။
သူက အန်စာတုံးကိုခါယမ်းပြီး လောင်းကစားရုံမှ လူများက မှန်းဆရသည်။ ၎င်းမှာ အကြီး၊ အသေး မှန်းဆရသော အလွယ်ကူဆုံးကစားနည်းပင်။
ဟိုထုံ မည်မျှပင်ကံမကောင်းစေကာမူ သူက ဆယ်ပွဲတွင် နှစ်ပွဲ၊ သုံးပွဲခန့်တော့ နိုင်နိုင်သေးသည်။
သူနိုင်တိုင်းငွေများကို အနောက်ရှိ သူ၏လူများထံသို့ပစ်ပေးလိုက်ပြီး ရှုံးသောအခါ လောင်းကစားရုံကို အကြွေးမှတ်ထားရန်ပြောလေ၏။
"ငါး...ငါး...လေး...။ဆယ့်လေးမှတ် ဟားဟားဟား ငါ ထပ်နိုင်ပြန်ပြီ"
ဟိုထုံက ကျယ်လောင်စွာရယ်မောလိုက်ပြီး အန်စာတုံးခွက်ကို ပစ်ချလိုက်၏။ "အချိန်ဆွဲမနေနဲ့တော့ မြန်မြန်ပိုက်ဆံယူခဲ့စမ်း။"
"ခေါင်းဆောင်ဟို သင်က အချိန်တိုလေးအတွင်းမှာ ငွေသုံးသောင်းနိုင်သွားပြီ။ ကျွန်တော်တို့ လောင်းကစားရုံရဲ့လည်ပတ်ငွေအကုန်လုံးကို သင်နိုင်သွားပါပြီ။ အခု ကျွန်တော်တို့တကယ်ပိုက်ဆံပြတ်နေပြီ သင်အကြွေးတင်နေတဲ့ ငွေထဲကနေနှုတ်လိုက်ရင်ရေယ ဘယ်လိုလဲ။" လောင်းကစားရုံမန်နေဂျာမှာ ငိုလုနီးပါးဖြစ်နေသည်။
ဤကဲ့သို့ လူများကိုအနိုင်ကျင့်သည့်သူမျိုးကို တစ်ခါမျှ မမြင်ဖူးခဲ့ပေ။
ဟိုထုံက လှောင်ပြောင်လိုက်၏။ "ငါအကြွေးတင်နေတဲ့ ပိုက်ဆံက တစ်ပိုင်း။ ငါနိုင်တဲ့ ပိုက်ဆံက တစ်ပိုင်းပဲ။ ငါအကြွေးတင်နေတဲ့ ပိုက်ဆံကို နောက်နေ့မှ ပြန်ဆပ်မယ်။ ဒါပေမဲ့ မင်းက ငါ နိုင်တဲ့ ပိုက်ဆံကိုမပေးရဲဘူးဆိုရင် အခုချက်ချင်း မင်းရဲ့ဆိုင်ကို ဖျက်ဆီးပစ်မယ်။"
"ခေါင်းဆောင်ဟို ခင်ဗျားက အတော်လေးထောင်လွှားတာပဲ။ ချန်ဖျင်ရပ်ကွက်ကတောင် ခင်ဗျားကိုမထိန်းချုပ်နိုင်တော့လို့ ကျုပ်ရဲ့ပျော်ရွှင်ဖွယ်တောအုပ်ကိုလာပြီး ဆိုင်တွေကို ဖျက်ဆီးချင်နေတာလား။"
ဟိုထုံ၏အပြုအမူကို မြင်သောအခါ ၎င်းကကောင်းသောရည်ရွယ်ချက်မရှိကြောင်း ဆုရှင်း သိလိုက်၏။
ဟိုထုံ၏လုပ်ရပ်များက သူ့ကိုသာရည်ရွယ်ခြင်းဖြစ်ပြီး ပိုင်ရှင်စွန်း၏လောင်းကစားရုံမှာ ကြားညပ်သွားခြင်းသာဖြစ်သည်။
"လူကြီးသူမတွေကို မလေးမစားလုပ်တယ်ပေါ့။"
ဟိုထုံ၏မျက်နှာမှာ အေးစက်သွားခဲ့၏။ "အဆင့်အတန်းအရဆိုရင် မင်းရဲ့မွေးစားအဖေ တတိယသခင်ကြီးဟူနဲ့ ငါကမျိုးဆက်တစ်ခုတည်းပဲ။ ရာထူးအရဆိုရင် ငါကဂိုဏ်းထဲမှာ ခေါင်းဆောင်ကြီးတစ်ယောက်ဖြစ်ပြီး မင်းက ခေါင်းဆောင်ငယ်လေးပဲရှိသေးတယ်။"
"မင်းကတွေ့တဲ့အချိန်မှာ သေချာနှုတ်မဆက်နိုင်ဘူးလား။ မင်းရဲ့မွေးစားအဖေ ဒါမှမဟုတ် လင်းယုန်ပျံဂိုဏ်းကို မင်းလေးစားမှုရှိသေးရဲ့လား။"
ဟိုထုံ၏စကားများမှာ ရန်လိုနေသော်လည်း ဆုရှင်းက မျက်နှာသေဖြင့် ပြောလိုက်သည်။ "ခေါင်းဆောင်ဟို ဘယ်သူကမြင့်တယ်။ ဘယ်သူကနိမ့်တယ်ဆိုတာကို ခင်ဗျားက ဆုံးဖြတ်ခွင့်မရှိဘူး။စကားကို လှည့်ပတ်မနေနဲ့တော့ ခင်ဗျားဘာလိုချင်တာလဲ။"
ဆုရှင်း ဤမျှထိတည်ငြိမ်နေသည်ကို မြင်သောအခါ ဟိုထုံအံ့အားသင့်သွားသည်။
သူ၏နားလည်မှုအရ ဆုရှင်းက အနည်းငယ်ရန်စခံရရုံဖြင့် တတိယသခင်ကြီးဟူ၏ယုံကြည်ရသော လက်အောက်ငယ်သား ထန်ထိုက်ဟယ်ကို ဒုက္ခိတဖြစ်သွားအောင်လုပ်ရဲသော အလွန်မာနကြီးသည့် လူငယ်တစ်ဦးဖြစ်သည်။
ယခု ဆုရှင်းက အလွန်တည်ငြိမ်နေသဖြင့် ဟိုထုံက တစ်ခုခုလွဲချော်နေကြောင်း ခံစားလိုက်၏။
"ငါဒီကိုလောင်းကစားလုပ်ဖို့လာတာ ဒါပေမဲ့ လောင်းကစားရုံက ငါ့ကိုပိုက်ဆံပြန်မပေးဘူး။ဒါက မင်းရဲ့ နယ်မြေပဲဆုရှင်း။ မင်းက ငါ့ကို ပိုက်ဆံပေးလိုက်ရင်ရောဘယ်လိုလဲ။"
"ဘယ်လောက်လဲ။" ဆုရှင်း၏မျက်နှာအမူအရာမှာ တည်ငြိမ်နေဆဲပင်။
"ငွေတစ်သိန်း။" ဟိုထုံက လက်ညှိုးတစ်ချောင်း ထောင်ပြလိုက်၏။
လောင်းကစားရုံမန်နေဂျာက ချက်ချင်းအော်ပြောလိုက်သည်။ "ဘယ်လိုလုပ် ငွေတစ်သိန်းဖြစ်ရမှာလဲ။ အန်စာတုံးတစ်ပွဲအတွက် အများဆုံးတန်ကြေးက ငွေတစ်ထောင်ပဲရှိတာကို။"
"ငါက ငွေတစ်သိန်းလို့ ပြောရင်ငွေတစ်သိန်းပဲ။ မင်းက ဒီမှာစကားပြောပိုင်ခွင့်ရှိတယ်လို့ ထင်နေတာလား။ ကိုယ့်ပါးကိုယ် ပြန်ရိုက်စမ်း။"
ဟိုထုံက အေးစက်စွာနှာခေါင်းရှုံ့လိုက်ရာ သူ၏လူများက လောင်းကစားရုံမန်နေဂျာကို ချက်ချင်းဆွဲယူကာ ပါးအကြိမ်ကြိမ်ရိုက်ချလိုက်သဖြင့် သူ၏ပါးစပ်တစ်ခုလုံးသွေးများ ပြည့်နှက်သွားလေသည်။
"ဒါဆို မင်းငါ့ကို ငွေတစ်သိန်းပေးမှာလား မပေးဘူးလား။" ဟိုထုံက ကုလားထိုင်ပေါ်တွင် မာနထောင်လွှားစွာထိုင်ကာ လုံးဝဂရုမစိုက်သော ပုံပေါက်နေ၏။