← Chapters

အခန်း (၁၀၁၉-၁၀၂၀)

Vol. 74 Ch. 1019-1020

အခန်း (၁၀၁၉-၁၀၂၀)

Vol. 74 Ch. 1019-1020

အခန်း ၁၀၁၉ လမင်းကို ထွန်းလင်းစေသော တောင်သုံးလုံး

"တိထျန်း" စုမင်၏ ကြီးမြတ်သော ကိုယ်ပွားသုံးဦးထံမှ တစ်ပြိုင်တည်း ထွက်ပေါ်လာသော ဟိန်းဟောက်သံသည် ပဉ္စမမြောက် မီးဖိုအတွင်းရှိ ပျက်စီးနေသော ဟင်းလင်းပြင်ကမ္ဘာထဲတွင် ပဲ့တင်ထပ်သွားသည်။

ထိုစဉ်က စုမင်သည် စစ်မှန်သော ရုပ်ခန္ဓာကို ဆင့်ခေါ်နေသည်ဟူသော အားကောင်းသည့် ခံစားချက်အား ရရှိခဲ့သည်။ ထို့အပြင် သူသည် သူ့ရုပ်ခန္ဓာထဲသို့ ရောက်ရှိနေပြီဖြစ်ကာ ဤဟင်းလင်းပြင်ကမ္ဘာဆီသို့ ဟင်းလင်းပြင်ကို ဖြတ်သန်း၍ လာနိုင်ပြီဟုပင် ခံစားခဲ့ရသည်။

သို့သော်လည်း သူက အကြိမ်ကြိမ် တားဆီးခံခဲ့ရသည်။ ထိုဖြစ်စဉ်အတွင်း စုမင်သည် စစ်မှန်သော ရုပ်ခန္ဓာအား အတင်းအကျပ် ဆွဲယူရန် ဘေးပတ်လည်ရှိ ပြင်းထန်သော စွမ်းအားများကို အသုံးပြုခဲ့သော်လည်း အရေးကြီးသည့် အခိုက်အတန့်တွင် ထပ်မံ တားဆီးခံခဲ့ရပြန်သည်။

သို့သော် ထိုအရာက စုမင်အား အတားအဆီး အားလုံးကို ချိုးဖျက်ကာ မျက်လုံးများ ဖွင့်နိုင်ရန် လကပ်ဘေး အဆင့် စွမ်းအားများသာမက လမင်းအား ထွန်းလင်းစေသော တောင်သုံးလုံး၏ စွမ်းအားများကိုပါ စုစည်းနိုင်စေခဲ့သည်။

သူ၏ စစ်မှန်သော ရုပ်ခန္ဓာ၏ မျက်လုံးများပင်တည်း။

ယင်းက တစ်ခဏမျှသာ ကြာမြင့်ခဲ့သော်လည်း အမည်းရောင် ဝတ်ရုံဝတ် လူတစ်ယောက်နှင့် ထိုဝတ်ရုံခေါင်းဆောင်း အောက်ရှိ မျက်နှာကို မြင်တွေ့ခွင့် ရစေခဲ့သည်။ ထိုသူက တိထျန်းပင် ဖြစ်သည်။

"တစ်နေ့ကျရင် ငါ့ရဲ့ စစ်မှန်တဲ့ ခန္ဓာကိုယ်ကို ငါ ပြန်လုယူပြမယ်" စုမင်က ခေါင်းကို နောက်သို့လှန်ကာ ဟိန်းဟောက်လိုက်သည်။ သူ့ဘေးပတ်လည်တွင် ကြမ်းကြုတ်သော ဝိညာဉ် တစ်ကောင်မျှ ကျန်ရှိမနေတော့သော်လည်း ဟင်းလင်းပြင်ကမ္ဘာ ပျက်စီးခြင်းမှာ အထွတ်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

ထိုအခိုက်အတန့်တွင် ပြိုကျနေသော ဟင်းလင်းပြင်ကမ္ဘာဆီမှ နားကွဲမတတ် ပေါက်ကွဲသံများ ထွက်ပေါ်လာသည်။ ယင်းက လောကကြီး ကိုယ်တိုင် ပေါက်ကွဲသွားသည့်အလား ထင်မှတ်ရစေသည်။ ဟင်းလင်းပြင်ကမ္ဘာ တစ်ခုလုံး အပိုင်းပိုင်းအစအစ ပေါက်ကွဲထွက်သွားလေတော့သည်။

ထိုသို့ ဖြစ်ပျက်သွားသည်နှင့် ပြင်းထန်သော စွမ်းအားများက ထိုနေရာတစ်ဝိုက်ကို ရိုက်ခတ်သွားပြီး စုမင်ထံသို့ ရူးသွပ်စွာ တိုးဝင်လာကြသည်။ သူ၏ တည်ရှိမှုသည် ပေါက်ကွဲနေသော ကမ္ဘာအတွင်းရှိ တွင်းနက်ကြီး တစ်တွင်းအလားပင်။

စုမင်၏ ကိုယ်ပွားသုံးဦးစလုံး၏ မျက်လုံးများ ကျုံ့ဝင်သွားသည်။ ပြင်းထန်သော စွမ်းအားများ တိုးဝင်လာသည့် အခိုက်အတန့်တွင် သူတို့က လက်များဖြင့် လက်ဟန် တစ်ကွက်ကို တစ်ပြိုင်တည်း ဖော်ထုတ်လိုက်ကြသည်။ ဝုန်းခနဲ အသံနှင့်အတူ ကိုယ်ပွားသုံးဦး၏ ကျောနောက်ရှိ လမင်းများထံမှ အားကောင်းသော အလင်းတန်း တစ်တန်း ပေါက်ကွဲထွက်လာသည်။

အလင်းတန်းကို မီးခိုးရောင်၊ အနီရောင်နှင့် အဝါရောင် အရိပ်အယောင်များဖြင့် ဖွဲ့စည်းထားသည်။ ၎င်းက စုမင်အပေါ် ထပ်တူကျသွားသည့် အခိုက်အတန့်တွင် သူက ခပ်သြသြ ဟိန်းဟောက်လိုက်သည်။

"လမင်းကို ထွန်းလင်းစေတဲ့ တောင်သုံးလုံး"

သူ့ကိုယ်ပွား သုံးဦး၏ ကျောနောက်ရှိ လမင်းများသည် ထိုအခိုက်အတန့်တွင် ပိုမို ကြီးမားလာပြီး အလယ်ဗဟို နေရာ၌ တစ်စင်းနှင့်တစ်စင်း ထပ်တူကျသွားကြသည်။

ထို့နောက် လမင်းသုံးစင်းသည် တစ်စင်းတည်းအဖြစ် ပြောင်းလဲသွားသည်။ ၎င်းမှာ အလွန် ကြီးမားသဖြင့် ပေါ်လာသည်နှင့် တစ်ပြိုင်နက် သူ့ဘေးပတ်လည်ရှိ ပြိုကျနေသော ကမ္ဘာမှ ပြင်းထန်သော စွမ်းအားများ ရိုက်ခတ်လာသည်ကို စုပ်ယူ ဝါးမြိုပစ်လိုက်သည်။

ပေါက်ကွဲသံများ လေထုထဲတွင် ပဲ့တင်ထပ်သွားပြီး စုမင်၏ လမင်းကို ပေရာပေါင်းများစွာ အမြင့်သို့ ရောက်ရှိသည်အထိ ပိုမို ကြီးမားလာစေသည်။ ထိုလမင်းသည် အခြား မည်သည့် ကျင့်ကြံသူမျှ ယခင်က မရရှိဖူးခဲ့သော အရာဖြစ်သည်။ အမှန်တကယ်ပင် စကြဝဠာ အတွင်း၌ လကပ်ဘေး အဆင့်သို့ ရောက်ရှိချိန်တွင် မည်သူတစ်ဦးတစ်ယောက်ကမျှ ဤမျှ ကြီးမားသော လမင်းကို ဖန်တီးနိုင်ခဲ့ခြင်း မရှိပေ။

အဘယ်ကြောင့်ဆိုသော် စုမင်၏ လမင်းသည် မဟာတန်ခိုးရှင် ဒါဇင်ပေါင်းများစွာ၏ ကျင့်ကြံခြင်း အဆင့်များ အားလုံးဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သောကြောင့်တည်း။ ယင်းက နှစ်ပေါင်းများစွာ စုဆောင်းထားသည့် ဟင်းလင်းပြင် ကမ္ဘာ တစ်လုံး၏ အနှစ်သာရများဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။ ယင်းက စုမင် သေခြင်းမှ ရှင်ခြင်းသို့၊ ဆောင်းရာသီ အလယ်ပိုင်းမှ နွေဦးရာသီသို့ လျှောက်လှမ်းစဉ် ဖန်တီးဖြစ်ပေါ်လာသော လမင်းပင် ဖြစ်သည်။

လေထုထဲတွင် ပြင်းထန်သော မြည်ဟည်းသံများ ပဲ့တင်ထပ်သွားပြီး ဟင်းလင်းပြင်ကမ္ဘာကြီး အပိုင်းပိုင်း ပျက်စီးသွားသည်။ စုမင်သည် ကံကြမ္မာ အထောက်အပံ့ကို စိုးစဉ်းမျှ အလဟဿ အဖြစ်မခံပေ။ သူက အားလုံးကို ဝါးမြိုလိုက်ပြီး လကပ်ဘေး အဆင့်တွင် ပထမဆုံး မည်သူမျှ မဖန်တီးနိုင်ခဲ့သလို နောင်လာမည့် သူများလည်း ဖန်တီးနိုင်မည် မဟုတ်သည့် အင်အားအကြီးမားဆုံး လမင်းကို ဖန်တီးလိုက်လေသည်။

နေကပ်ဘေး အဆင့်ရှိ သူများပင်လျှင် သူ၏ လမင်းရှေ့တွင် အလွန်တရာ အားနည်းနေပေမည်။ ဤအရာက လောကကြီးအား ပြည့်လွှမ်းစေသော လကပ်ဘေး အဆင့်ရှိ လမင်းတစ်စင်း ဖြစ်ပြီး ကံကြမ္မာနှင့် သေခြင်းရှင်ခြင်း မဟာတန်ခိုးရှင်များကိုပင် ခြိမ်းခြောက်နိုင်စွမ်း ရှိသည်။

ထိုလမင်း ဖွဲ့စည်းပြီးစီးသွားသည့် အခိုက်အတန့်တွင် စုမင်၏ ကြီးမြတ်သော ကိုယ်ပွားသုံးဦးသည် တစ်စုတစ်စည်းတည်း ပေါင်းစပ်သွားကာ လူတစ်ယောက်တည်း အဖြစ် ချက်ချင်း ပြောင်းလဲသွားသည်။ လမင်းက ကျောနောက်တွင် ရှိနေပြီး စုမင်အား ကြောက်မက်ဖွယ် ကောင်းသော မကောင်းဆိုးဝါး အငွေ့အသက်များဖြင့် ပြည့်နှက်သွားစေသည်။

မည်သို့ပင်ဆိုစေကာမူ လကပ်ဘေး အဆင့်တွင် မည်သူကမျှ ဤမျှ ကြီးမားသော လမင်းကို မပိုင်ဆိုင်ထားပေ။ လမင်းသည် အရောင် သုံးရောင်ဖြင့် တောက်ပနေပြီး အဆက်မပြတ် ထပ်တူကျနေကြသည်။ မီးခိုးရောင် အလင်းက စုမင်အပေါ် ပေါ်လာသောအခါ သူသည် စကြဝဠာအောက်ရှိ ငရဲကမ္ဘာ၏ လူဝင်စား တစ်ဦးအလား ဖြစ်နေသည်။ သူက သေခြင်းနှင့် ဖျက်ဆီးခြင်းကို ကိုယ်စားပြုသည်။

အနီရောင် အလင်းက သူ့ခန္ဓာကိုယ်ပေါ်တွင် ပေါ်လာသောအခါ အရာအားလုံး အနီရောင် လွှမ်းသွားရုံ သက်သက် မဟုတ်ပေ။ သူ့နှလုံးသားနှင့် ဝိညာဉ်တို့ပါ ထိုအရောင် လွှမ်းခြုံသွားသည်။ ထိုအခိုက်အတန့်တွင် စုမင်သည် သတ်ဖြတ်ခြင်း ပုံစံမျိုးစုံကို သိကျွမ်းနားလည်သော ရူးသွပ်သည့် အင်မော်တယ် တစ်ယောက် ဖြစ်သည်။ ထိုအနီရောင်သည် သွေးကို ဆာလောင်မွတ်သိပ်မှု ဖြစ်ပြီး စုမင် အတိတ်က ချမှတ်ခဲ့သော ဆုံးဖြတ်ချက်၊ ကောင်းကင်ကြီးကို သွေးရောင်ဆိုးမည်ဟူသော ပြတ်သားမှုပင် ဖြစ်သည်။

အဝါရောင် အလင်းက စုမင်၏ ခန္ဓာကိုယ်ပေါ်တွင် ပေါ်လာသောအခါ သူသည် သေခြင်းတရား သို့မဟုတ် ဆောင်းဦးရာသီ၏ အနီရောင် အရိပ်အယောင်ကို ကိုယ်စားပြုခြင်း မရှိတော့ပေ။ သူသည် ဖျက်ဆီးခြင်းနှင့် သတ်ဖြတ်ခြင်း မဟုတ်တော့ဘဲ အမြင့်မြတ်ဆုံး အခြေအနေသို့ ရောက်ရှိနေသည့် အသက်စွမ်းအား တစ်ခု ဖြစ်သည်။ သူသည် လောကရှိ သက်ရှိ ပုံစံအားလုံးအပေါ် ကရုဏာ သက်ကာ ယင်းတို့ကို ပြုစုပျိုးထောင်ပေးမည့် အသက်စွမ်းအား အမျိုးအစား ဖြစ်သည်။ သူသည် သူ့နောက်သို့ လိုက်ပါသူ အားလုံးကို ထာဝရ အသက်ရှင်ခြင်း ရရှိစေနိုင်သော ပူပြင်းသည့် နွေရာသီ အတွင်းရှိ ထာဝရ တည်ရှိမှုပင် ဖြစ်သည်။

မတူညီသော ဘဝ သုံးခု၊ မတူညီသော အငွေ့အသက် သုံးခုနှင့် မတူညီသော ခံစားချက် သုံးခုတို့ ပေါင်းစပ်သွားကာ စုမင်အား ကောင်းကင်ဘုံအထိ လွှမ်းခြုံသွားစေသော မကောင်းဆိုးဝါး အငွေ့အသက် တစ်ခုကို ပေးစွမ်းလိုက်သည်။

သူ၏ ထူးဆန်းသော အငွေ့အသက်အား ဖော်ပြရန် ဆိုးယုတ်သော ဟူသည့် စကားလုံးကိုပင် အသုံးပြု၍ မရနိုင်တော့ပေ။ သို့သော် သေချာသည့် အရာတစ်ခုမှာ ထိုအချိန်မှစ၍ စုမင်သည် သုံးပါးပေါင်းစပ် ကန္တာရ မဟာစကြဝဠာ အတွင်း ယခင်က တစ်ခါမျှ မပေါ်ပေါက်ဖူးသော တည်ရှိမှု တစ်ခု ဖြစ်လာခဲ့ခြင်းပင်။

သူ မျက်လုံးများ ဖွင့်လိုက်သောအခါ သူ့ရှေ့ရှိ လောကကြီးမှာ ပျောက်ကွယ်သွားပြီ ဖြစ်သည်။ ဟင်းလင်းပြင်ကမ္ဘာက ပျက်စီးပြီး ဗလာနတ္ထိ ဖြစ်သွားချိန်တွင် လှုံ့ဆော်ခံရသည့် လေထုမုန်တိုင်း အတွင်း၌ လွင့်စဉ်သွားသော အထွတ်အထိပ် ရတနာ ခန္ဓာကိုယ်ကိုလည်း သူ မြင်လိုက်ရသည်။

စုမင် ခေါင်းလှည့်လိုက်သည်။ ထိုအခိုက်အတန့်တွင် ခန္ဓာကိုယ် တစ်ကိုယ်လုံးမှ သေခြင်းတရား အငွေ့အသက်များ ပျံ့နှံ့ထွက်ပေါ်လာသည်။ သူသည် ရှည်လျားသော မီးခိုးရောင် ဝတ်ရုံကို ဝတ်ဆင်ထားပြီး ရှည်လျားသော မီးခိုးရောင် ဆံပင်များ၊ မီးခိုးရောင် သူငယ်အိမ်များ ရှိကာ သူသည် သေခြင်းတရား၏ နှလုံးသားမဲ့ပြီး ခပ်ကင်းကင်းနေတတ်သော ရုပ်သွင်ပင် ဖြစ်သည်။

သူက ရှေ့သို့ တစ်လှမ်း လှမ်းလိုက်ရာ ဟင်းလင်းပြင်ကမ္ဘာ ပျက်စီးခြင်း၏ ရိုက်ခတ်မှုများ ရှိနေသည့်တိုင် သူ့လှုပ်ရှားမှုများကို တားဆီးဝံ့သည့် မည်သည့် စွမ်းအားမျိုးမျှ ရှိပုံမပေါ်ပေ။ ခြေတစ်လှမ်းဖြင့်ပင် သူသည် အထွတ်အထိပ် ရတနာ ခန္ဓာကိုယ် ဘေးတွင် ပေါ်လာပြီး ညာလက်ကို မြှောက်ကာ ၎င်း၏ လက်မောင်းအား ဖမ်းဆွဲလိုက်သည်။

ရွှီဟွေ၏ နှလုံးသား တုန်ခါသွားသည်။ စုမင်၏ အကြည့်နှင့် ထိုမီးခိုးရောင် သူငယ်အိမ်များကို မြင်လိုက်ရသောအခါ သူမ အသက်ရှူသံများပင် ခဏတာ ရပ်တန့်သွားသည်။ သူမ စိတ်ထဲတွင် အားကောင်းသော သူစိမ်းဆန်မှုများ မြင့်တက်လာပြီး ရှေ့ရှိလူကို စုမင်အဖြစ် မှတ်မိရန်ပင် မဖြစ်နိုင်လုနီးပါး ဖြစ်သွားစေသည်။

အထွတ်အထိပ် ရတနာဖြင့် ဖွဲ့စည်းထားသော ခန္ဓာကိုယ်၏ လက်မောင်းကို ဆွဲကိုင်ထားလျက် မီးခိုးရောင် စုမင်က ခေါင်းမော့လိုက်သည်။ ခပ်ကင်းကင်း အကြည့်တစ်ချက်ဖြင့် သူသည် ကမ္ဘာ ပြိုကျပြီးနောက် ဖြစ်ပေါ်လာသော ဟင်းလင်းပြင်ဆီသို့ ရွေ့လျားသွားသည်။

ဟင်းလင်းပြင်ကို ဖြတ်တောက်ပြီး ကောင်းကင်ဘုံအား တုန်လှုပ်စေသော ကျယ်လောင်သည့် ပေါက်ကွဲသံ တစ်သံနှင့်အတူ စုမင်သည် ရွှီဟွေကို ဟင်းလင်းပြင် အတွင်းသို့ ခေါ်ဆောင်သွားသည်။ အလင်းတစ်ချက် လက်သွားပြီးနောက် သူတို့သည် ပျက်စီးသွားသော ကမ္ဘာ အတွင်းမှ ပျောက်ကွယ်သွားကြသည်။

သူတို့ ထွက်ခွာသွားသည့် အခိုက်အတန့်တွင် စုမင်က ခေါင်းလှည့်၍ အောက်ရှိ ဟင်းလင်းပြင်ကမ္ဘာ ပျက်စီးပြီးနောက် ကျန်ရစ်ခဲ့သော မရေမတွက်နိုင်သည့် အပိုင်းအစများကို တစ်ချက် လှမ်းကြည့်လိုက်သည်။ နှလုံးသားမဲ့သော အကြည့်ဖြင့် ထိုအပိုင်းအစများထဲမှ တစ်စကို သူ စိုက်ကြည့်နေသည်။

ထိုအခိုက်အတန့်တွင် ပဉ္စမမြောက် မီးဖို၏ အပြင်ဘက် ကြယ်ပင်လယ် အတွင်းရှိ အဘိုးအို မုယာ၏ အမူအရာမှာ အလွန် မှောင်မိုက်သွားသည်။ သူသည် မထွက်ခွာမီ ထိုနေရာတွင် မှတ်တံဆိပ် တစ်ခု ချန်ထားခဲ့သောကြောင့် ဟင်းလင်းပြင်ကမ္ဘာ အတွင်း စုမင် ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို ခံစားသိရှိနိုင်ခဲ့သည်။

စုမင်သည် ထိုမှတ်တံဆိပ်၏ တည်ရှိမှုကို အာရုံခံနိုင်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။ စုမင်၏ ထူးခြားဆန်းကြယ်မှုများက သူ မျှော်လင့်ထားသည်ထက် ပိုမို များပြားနေပြီး ယင်းက သူ့နှလုံးသားကိုပင် တုန်ခါသွားစေသည်။

"သေခြင်းကနေ ရှင်ခြင်းဆီ၊ ဆောင်းရာသီ အလယ်ပိုင်းကနေ နွေဦးရာသီဆီ... ဘယ်လောက်တောင် ကောင်းတဲ့ လမ်းစဉ်လဲ။ စုမင် မင်းက တယ်ဟုတ်တဲ့ ကောင်ပါလား" အတန်ကြာပြီးနောက် အဘိုးအို မုယာက တိုးညင်းစွာ ရေရွတ်လိုက်သည်။

"လမင်းကို ထွန်းလင်းစေတဲ့ တောင်သုံးလုံး... ကြီးမြတ်တဲ့ ကိုယ်ပွားသုံးဦးက တစ်ခုစီတိုင်းဟာ တောင်တန်းတံဆိပ် တစ်ခုအဖြစ် ပြောင်းလဲသွားပြီး တစ်ချိန်တည်းမှာပဲ လမင်းကို ရောင်ပြန်ဟပ်စေတယ်။ ဒီလမင်းက အရင်က တစ်ခါမှ မပေါ်ဖူးတဲ့ အရာဖြစ်ပြီး သာမန် အရှင်သခင် အဆင့်က မဟာတန်ခိုးရှင် တစ်ပါးကိုတောင် တုန်လှုပ်စေနိုင်လောက်အောင် အားကောင်းတယ်"

"သူက လကပ်ဘေး အဆင့်ကို ရောက်ဖို့ ကံကြမ္မာ အထောက်အပံ့ကို အသုံးပြုနိုင်ပြီး အဲဒီကနေတစ်ဆင့် အရှင်သခင် အဆင့်ကို သွားနိုင်တယ်။ ဒါပေမဲ့ သူ အဲဒီလို မလုပ်ခဲ့ဘူး။ အဲဒါက သူ အလွန် ကြီးမားတဲ့ အရာတစ်ခုကို ရည်မှန်းနေတယ် ဆိုတာကို ပြသနေတယ်"

"သူက သူရဲ့ စစ်မှန်တဲ့ ရုပ်ခန္ဓာကို ရည်မှန်းနေတယ် ဆိုတာကို ငါ ပြောနိုင်တယ်။ ဘာလို့လဲဆိုတော့ သူသာ မပြည့်စုံဘူးဆိုရင် အရှင်သခင် အဆင့်ကို ရောက်သွားရင်တောင် သူ အခု ဖန်တီးထားတဲ့ သူနဲ့ အများကြီး ကွာခြားနေလိမ့်မယ်"

"တစ်နေ့နေ့မှာ သူက သူ့ရဲ့ စစ်မှန်တဲ့ ရုပ်ခန္ဓာနဲ့ ပေါင်းစပ်သွားမယ် ဆိုရင် သူ ပြည့်စုံသွားလိမ့်မယ်။ အဲဒီအခါကျရင် သူ့ရဲ့ အသိဉာဏ် ပွင့်လင်းမှုအပေါ် အခြေခံပြီး သေခြင်းကနေ ရှင်ခြင်းဆီကို သူ ကူးပြောင်းနိုင်လိမ့်မယ်။ အဲဒါက ရှင်ခြင်း အဆင့်ပဲ"

"ဒါက မင်း ကြံစည်နေတဲ့ အရာပဲ။ မင်းက ကံကြမ္မာနဲ့ သေခြင်းရှင်ခြင်း အရှင်သခင်တွေအတွက် မဟာအဆင့်ကြီး လေးခု အတွင်း ရှင်ခြင်း အဆင့်ကို တိုက်ရိုက် လှမ်းတက်နိုင်စေမယ့် ကျင့်စဉ်တစ်ခု၊ နတ်ဘုရား စွမ်းရည်တစ်ခုကို ဖန်တီးခဲ့တာပဲ"

"ဒီနတ်ဘုရား စွမ်းရည်က တောင်ရွှေ့ခြင်း ပညာရပ်နဲ့ ကောင်းကင်ဘုံ အသူရာ ဓားသိုင်း ကိုးကွက်တွေနဲ့ ယှဉ်ပြိုင်နိုင်လောက်အောင် အားကောင်းတယ်"

"စုမင် မင်းက တယ်ဟုတ်တဲ့ ကောင်ပါလား" အဘိုးအို မုယာက သူ့ကျောနောက်ရှိ ကြယ်ပင်လယ်ကို စိုက်ကြည့်ရင်း တိုးညင်းစွာ ရေရွတ်လိုက်သည်။ သူ့မျက်လုံးများထဲတွင် လေးစားမှု အရိပ်အယောင် တစ်ခု ပေါ်လာသည်။

"မကြာခင် အနာဂတ်မှာ ရှင်ခြင်း အဆင့်က နောက်ထပ် မဟာတန်ခိုးရှင် တစ်ပါး သုံးပါးပေါင်းစပ် ကန္တာရ မဟာစကြဝဠာ အတွင်း ပေါ်လာတော့မယ်" မုယာသည် စိတ်ခံစားချက်များ ပြည့်နှက်နေသော သက်ပြင်းတစ်ချက် ချလိုက်ပြီးနောက် ခေါင်းလှည့်ကာ အဝေးသို့ လျှောက်သွားလေသည်။

"စုရွှမ်ရီ... ဒီလို သားမျိုး ရှိနေမှတော့ အခု မင်း အကြီးအကျယ် ဒုက္ခရောက်နေရင်တောင် မင်း စိတ်သက်သာရာ ရပြီး ပျော်ရွှင်သင့်တယ်"

အဘိုးအို မုယာ၏ ပုံရိပ်သည် အဝေးတွင် တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။ ထို့နောက် သူသည် ကြယ်ပင်လယ် အတွင်းမှ အရိပ်အယောင်မျှ မကျန်အောင် ပျောက်ကွယ်သွားလေတော့သည်။

ပဉ္စမမြောက် မီးဖို အတွင်းတွင် စုမင်သည် ရွှီဟွေနှင့်အတူ ဟင်းလင်းပြင် အတွင်း၌ ရှိနေသည်။ ထိုနေရာတွင် သူတို့သည် နှစ်ပေါင်းများစွာကို ဖြတ်သန်းသွားရသကဲ့သို့ ထင်မှတ်ရသည်။ ဝေဝါးဝါးဖြင့် စုမင်သည် ဆရာတော် ကျိလုံကို မြင်လိုက်ရသည်။ သူသည် ဟင်းလင်းပြင် အတွင်းရှိ ဟင်းလင်းပြင်ကမ္ဘာ တစ်လုံးတွင် ကြမ်းကြုတ်သော သားရဲအချို့နှင့် တိုက်ခိုက်နေသည်။

ရွှမ်ရှန်း၊ ယွင်ယိုနှင့် ဟွာယွီတို့ လမ်းခွဲသွားကြသည်ကိုလည်း သူ မြင်တွေ့ခဲ့ရသည်။ မီးဝိညာဉ် တစ်ကောင်က ယွင်ယို၏ ခန္ဓာကိုယ်ကို မီးရှို့ပြီး သူ၏ မူလဝိညာဉ်အား ဝါးမြိုလိုက်စဉ် ယွင်ယို နာကျင်စွာ အော်ဟစ်လိုက်သည်ကိုလည်း သူ မြင်လိုက်ရသည်။

ဝိညာဉ်များကို ချိပ်ပိတ်ရာတွင် ကျွမ်းကျင်သော ဟွာယွီသည် စိမ့်ညွန်တော တစ်တောကို သတိကြီးစွာဖြင့် ဖြတ်သန်းသွားနေပြီး သူ့ကျောဘက်မှ အေးစက်စွာ စိုက်ကြည့်နေသော စိမ်းလန်းသည့် မျက်လုံးစုံ တစ်ဒါဇင်အား လုံးဝ သတိမထားမိသည်ကိုလည်း သူ မြင်တွေ့ခဲ့ရသည်။

စုမင်သည် မီးတောက်မိစ္ဆာ ဘိုးဘေးကိုလည်း မြင်တွေ့ခဲ့ရသည်။ သူသည် လက်ထဲတွင် စစ်ပုဆိန် တစ်လက်ကို ကိုင်ဆောင်ထားပြီး ကောင်းကင်ကြီးအား မော့ကြည့်ကာ ကျယ်လောင်စွာ ရယ်မောနေသည်။ ထိုပုဆိန်ကို အလွန် သဘောကျနေသောကြောင့် ၎င်းနှင့် မခွဲခွာလိုဖြစ်နေသည်။

ဘိုးဘေး လုံဟိုင်းကမူ ရွှမ်ရှန်း၏ နောက်သို့ တိတ်ဆိတ်စွာ လိုက်ပါနေသည်။ သူ့နှုတ်ခမ်းထောင့်တွင် အေးစက်သော လှောင်ပြုံးတစ်ခု ရှိနေသည်။ သူသည် ရွှမ်ရှန်း သတိမထားမိစေဘဲ သူ့နောက်သို့ အချိန်အတော်ကြာ လိုက်ပါနေခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် ကျူးယိုချိုက်လည်း ရှိနေသည်။

သူသည် တောင်တစ်လုံးပေါ်တွင် ထိုင်နေသည်ကို စုမင် မြင်တွေ့ခဲ့ရသည်။ တောက်ပနေသော လမင်းကို ကြည့်နေစဉ် သူ့ပါးပြင်ပေါ်သို့ မျက်ရည်များ စီးကျနေသည်။ သူ့လက်ထဲတွင် ဆေးလုံး တစ်လုံး ရှိနေသည်။ သူ့မျက်ရည်များ ကျဆင်းလာပြီး မြေပြင်ပေါ်သို့ ကျရောက်သွားသည်။ ၎င်းတို့က ပိုမို သေးငယ်သော ရေစက်များအဖြစ် ကွဲထွက်သွားသောအခါ ကျူးယိုချိုက်က သူချည်းသက်သက် ရေရွတ်လိုက်သည်။

"ငါ ပဉ္စမမြောက် ကျောက်တုံးကို သေချာပေါက် ရှာမယ်။ ပဉ္စမမြောက် မဟာလောကကို သွားမယ်။ ပြီးတော့ အသူရာဖန်ဆင်းရှင် တွေကို ရှာမယ်။ ငါ ဘယ်လို တန်ဖိုးမျိုးပဲ ပေးဆပ်ရပါစေ မင်းကို ပြန်ရှင်လာအောင် ငါ လုပ်ပေးမယ်"

စုမင်သည် ဟင်းလင်းပြင် အတွင်း ဖြတ်သန်းသွားစဉ် ဤအရာ အားလုံးကို မြင်တွေ့ခဲ့ရသည်။ အခြားသူ အားလုံးကို သူ လျစ်လျူရှုထားနိုင်သော်လည်း ကျူးယိုချိုက်နှင့် ပတ်သက်လာလျှင် ဘဝမတရားခြင်း လှံအပြင် တောင်တန်းပေါ်တွင် ရှိနေစဉ် အခြားတစ်ယောက်က သူ့အား ကယ်တင်ရန် မည်သို့ လုပ်ဆောင်ခဲ့သည်ကို သူ မှတ်မိနေသည်။ ၎င်းတို့က ကြင်နာမှု လုပ်ရပ်များ ဖြစ်သည်။

ကြင်နာမှု လုပ်ရပ်များကို ပြန်လည် ပေးဆပ်ရမည် ဖြစ်သည်။

စုမင်သည် ကျူးယိုချိုက်၏ စကားများကို မှတ်မိသောအခါ သူ့ဆံပင်များက မီးခိုးရောင် မဟုတ်တော့ဘဲ အဝါရောင်သို့ ပြောင်းလဲသွားသည်။ သူ့သူငယ်အိမ်များကလည်း အဝါရောင် အရိပ်အယောင် ရရှိသွားပြီး သူ့ထံမှ ပျံ့နှံ့ထွက်ပေါ်လာသော အငွေ့အသက်မှာ ကြီးမားပြီး ဖော်ပြ၍မရနိုင်သော အသက်စွမ်းအား တစ်ခု ဖြစ်သည်။ သူ့ထံတွင် လူတစ်ယောက်ကို အလိုအလျောက် အနီးသို့ ချဉ်းကပ်ချင်စိတ် ဖြစ်ပေါ်စေမည့် နွေးထွေးမှု တစ်ခုလည်း ရှိနေသည်။

ထိုအခိုက်အတန့်တွင် သူ ပြုံးမနေလျှင်ပင် လူအားလုံး၏ မျက်စိထဲတွင် သူ့နှုတ်ခမ်းပေါ်၌ ခပ်ဖျော့ဖျော့ အပြုံးတစ်ခု ရှိနေမည် ဖြစ်သည်။ ထိုအရာရှိ နွေးထွေးမှုသည် လူတိုင်းကို အရာအားလုံး စွန့်လွှတ်ကာ သူ့နောက်သို့ လိုက်ရန် ရွေးချယ်စေမည့် ဆွဲဆောင်မှု တစ်ခု ဖြစ်သည်။ ယင်းက လူများကို မူးယစ်စေပြီး ကိုးကွယ်ချင်စိတ် ဖြစ်ပေါ်စေမည့် နတ်ဘုရား၏ အလင်းရောင်ပင် ဖြစ်သည်။

အချိန်မည်မျှ ကုန်ဆုံးသွားသည်ကို စုမင် မသိရှိပေ။ ဟင်းလင်းပြင်၏ အဆုံးသို့ သူ ရောက်ရှိသွားသောအခါ ဝေဝါးသော မြူခိုးလွှာ တစ်လွှာ သူ့ရှေ့တွင် ပေါ်လာသည်။ ထိုနေရာတွင် ဝိညာဉ် ဖြတ်သန်းခြင်း စင်မြင့်များ အများအပြားဖြင့် ဖွဲ့စည်းထားသော နယ်နိမိတ် တစ်ခု ရှိနေသည်ကို သူ သိရှိနိုင်လေသည်။

ဤနေရာသည် ပဉ္စမမြောက် မီးဖို၏ အနက်ရှိုင်းဆုံး အစိတ်အပိုင်း ဖြစ်ပြီး ပထမဆုံး နယ်နိမိတ် တည်ရှိရာ နေရာဖြစ်သည်။ ဤနေရာကို သူ ဖြတ်ကျော်သွားသည်နှင့် တစ်ပြိုင်နက် ပဉ္စမမြောက် မီးဖို၏ စစ်မှန်သော ဗဟိုချက် အတွင်းသို့ ခြေလှမ်း ဝင်ရောက်သွားနိုင်ပြီ ဖြစ်သည်။

ထိုနေရာတွင် ပဉ္စမမြောက် ကျောက်တုံး ပေါ်လာမည် ဖြစ်သည်။

အခန်း ၁၀၂၀ ထိပ်ပြောင်ကြိုးကြာ၏ အတိတ်က အောက်တန်းကျသော အကြိုက်များ...

စုမင်သည် ဟင်းလင်းပြင်ကမ္ဘာကို ဖြတ်သန်းသွားစဉ် ပထမဆုံး နယ်နိမိတ်သို့ ရောက်ရှိသွားသည်။ ထိုနေရာရှိ ဝိညာဉ် ဖြတ်သန်းခြင်း စင်မြင့်များသည် ထိုအခိုက်အတန့်တွင် လုံးဝ ဟာလာဟင်းလင်း ဖြစ်မနေပေ။ စင်မြင့်များပေါ်တွင် ပျံ့ကြဲအိပ်စက်နေသော မီးဝိညာဉ် အနည်းငယ် ရှိနေသည်။ ထိုမီးဝိညာဉ်များ၏ အရောင်မှာ အတော်အတန် မှိန်ဖျော့နေသော်လည်း သူတို့ ခန္ဓာကိုယ်မှ ပျံ့နှံ့ထွက်ပေါ်နေသော အငွေ့အသက်မှာမူ အလွန်တရာ အားကောင်းသည်။

စုမင် မြူခိုးများထဲမှ ပြေးထွက်ကာ ဝိညာဉ် ဖြတ်သန်းခြင်း စင်မြင့်များပေါ်သို့ ခြေချလိုက်သည့် အခိုက်အတန့်မှာပင် မီးဝိညာဉ်များသည် မျက်လုံးများထဲ၌ ကြမ်းကြုတ်မှုများနှင့်အတူ သူ့ထံသို့ လှည့်ကြည့်လာကြသည်။

သို့သော် ထိုကြမ်းကြုတ်မှုသည် ချက်ချင်းပင် ပျောက်ကွယ်သွားပြီး စူးစူးဝါးဝါး အော်ဟစ်သံများနှင့်အတူ ဝေခွဲမရဖြစ်မှုအဖြစ် ပြောင်းလဲသွားသည်။ သူတို့၏ အသံများထဲတွင် မကောင်းသော ရည်ရွယ်ချက် အရိပ်အယောင်မျှ မကြားရပေ။ ယင်းအစား ရင်းနှီးကျွမ်းဝင်မှုနှင့် သံယောဇဉ်တွယ်မှု ခံစားချက်တို့သာ ရှိနေသည်။

စုမင် ပြုံးလိုက်သည်။ သူသည် ရွှေရောင်ဆံပင်၊ ရွှေရောင်မျက်လုံးများနှင့်အတူ မျက်နှာဖျော့တော့နေသော ရွှီဟွေကို ရင်ခွင်ထဲ၌ ပွေ့ပိုက်လျက် ဝိညာဉ် ဖြတ်သန်းခြင်း စင်မြင့် တစ်စင်ပေါ်သို့ လှမ်းတက်လိုက်သည်။ မီးဝိညာဉ်များ၏ စွမ်းအားပြင်းထန်မှုကြောင့် သူမမှာ ကြက်သီးတဖြန်းဖြန်း ထသွားရသည်။

စုမင် ရောက်ရှိလာခြင်းကြောင့် မီးဝိညာဉ်များသည် ထိုနေရာမှ ချက်ချင်း ဖယ်ပေးလိုက်ကြသည်။ သူ ဝိညာဉ် ဖြတ်သန်းခြင်း စင်မြင့်ပေါ်သို့ ခြေချလိုက်သောအခါ သူတို့က စူးစမ်းလိုစိတ်ဖြင့် သူ့ကို အကဲခတ်ကြပြီးနောက် မျက်လုံးထဲတွင် အံ့အားသင့် ဝမ်းမြောက်မှုများ ပေါ်လာသည်။ ထို့နောက် သူတို့သည် သူ့ခန္ဓာကိုယ်မှ ဖြာထွက်နေသော ရွှေရောင်အလင်းတန်းက သူတို့ကို အလွန် သက်တောင့်သက်သာ ဖြစ်စေသည့်အလား သူ့ထံသို့ တစ်ကောင်ပြီးတစ်ကောင် ပြေးလာကြသည်။

စုမင် ခေါင်းမော့လိုက်သည်။ သူသည် မီးဝိညာဉ်များကို ဂရုမစိုက်ဘဲ အဝေးသို့ စိုက်ကြည့်လိုက်သည်။ ထိုနေရာကား ပဉ္စမမြောက် မီးဖို၏ စစ်မှန်သော ဗဟိုချက်ပင် ဖြစ်သည်။ ၎င်းကို ကြည့်ရင်း သူ ရှေ့သို့ ဆက်လှမ်းရန် ခြေလှမ်းပြင်လိုက်သော်လည်း ရုတ်တရက် ရပ်တန့်သွားသည်။

"သောက်ကျိုးနည်း..." ယခုမှ နိုးလာသော ထိပ်ပြောင်ကြိုးကြာ၏ အမြဲတမ်းပြောလေ့ရှိသော စကားက စုမင် စိတ်ထဲ၌ ပဲ့တင်ထပ်သွားသည်။

"ဟင်.. ဒါက ဘာအလင်းလဲ။ ဒါက ဘာအလင်းကြီးလဲ" ထိပ်ပြောင်ကြိုးကြာက ချက်ချင်းပင် အော်ဟစ်လိုက်ရာ စုမင်၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လာသည်။ သူက သိုလှောင်အိတ်ကို ငုံ့ကြည့်လိုက်ရာ မျက်စိရှေ့၌ လင်းလက်သွားပြီး ထိပ်ပြောင်ကြိုးကြာသည် သူ့အလိုလို ပျံထွက်လာသည်။ စုမင်ကို မြင်သောအခါ သူက မျက်လုံးအပြူးသား ဖြစ်သွားသည်။

"နိုးလာပြီဆိုရင်လည်း မင်းဘာသာမင်း နောက်ကလိုက်ခဲ့" စုမင်က ခပ်ဖျော့ဖျော့ ပြောလိုက်ပြီး ထိုနေရာတွင် ဆက်၍ မဆိုင်းတွတော့ပေ။ သူက ရှေ့သို့ တစ်လှမ်း လှမ်းလိုက်ပြီး ပဉ္စမမြောက် မီးဖို၏ ဗဟိုချက်ဆီသို့ ဦးတည်သည့် ဟင်းလင်းပြင်ထဲသို့ တိုက်ရိုက် လျှောက်လှမ်းသွားသည်။

ထိပ်ပြောင်ကြိုးကြာသည် စုမင် နောက်တွင် မျက်လုံးအပြူးသား ကျန်ရစ်ခဲ့သည်။ စုမင် ဘေးပတ်လည်ရှိ ရွှေရောင်အလင်းတန်းကို စိုက်ကြည့်ရင်း သူက အံ့အားသင့်ကာ ဝေခွဲမရ ဖြစ်နေသည်။ ရုတ်တရက် နောက်ဘက်မှ ဟိန်းဟောက်သံများ ထွက်ပေါ်လာသည်။ ခေါင်းလှည့်ကြည့်လိုက်သောအခါ မီးဝိညာဉ်များသည် ရန်လိုသော အမူအရာများဖြင့် သူ့အား အုပ်မိုးတိုက်ခိုက်တော့မည့်အလား ရှိနေသည်ကို ချက်ချင်း မြင်လိုက်ရသည်။

ထိပ်ပြောင်ကြိုးကြာ တုန်လှုပ်သွားပြီး စူးစူးဝါးဝါး အော်ဟစ်လျက် ကိုယ်ပေါ်မှ ရွှေရောင်အလင်းများ ဖြာထွက်နေသော ရွှေရောင် ထိပ်ပြောင်ကြိုးကြာအဖြစ် ပြောင်းလဲလိုက်သည်။ သို့သော် သူ့အလင်းက မီးဝိညာဉ်များ၏ ရန်လိုမှုကို စိုးစဉ်းမျှ မပြောင်းလဲနိုင်ခဲ့ပေ။ ယင်းအစား အလင်းက မျက်လုံးများကို စူးရှသွားစေသောကြောင့် သူတို့က ဒေါသတကြီး ဟိန်းဟောက်ကာ ရှေ့သို့ တိုးဝင်လာကြသည်။

"မတရားဘူး" စူးရှသော အော်ဟစ်သံနှင့်အတူ ထိပ်ပြောင်ကြိုးကြာသည် စုမင်နောက်သို့ အမှီလိုက်ရန် အတောင်ပံများကို အသည်းအသန် ခတ်လျက် ထွက်ပြေးလေတော့သည်။ သူက မီးဝိညာဉ်များ၏ ဖမ်းဆီးခြင်းကို အလူးအလဲ ရှောင်တိမ်းကာ ထွက်ပြေးရင်း စိတ်ထဲတွင် မကျေမနပ် ဖြစ်နေသည်။

"သောက်ကျိုးနည်း.. ငါ အခုမှ နိုးတာလေ။ အခုမှ နိုးတာ သိရဲ့လား။ ဘာလို့ ဒီလိုကိစ္စမျိုးနဲ့ တိုးရတာလဲ။ ပြီးတော့ ငါ ထုတ်လိုက်တဲ့ ရွှေရောင်အလင်းက ဘာလို့ အလုပ်မဖြစ်ရတာလဲ"

"တစ်ခုခုတော့ မဟုတ်တော့ဘူး။ အရောင်ချင်း တူတူပဲကို၊ အခြေခံ သဘာဝချင်း မတူတာများလား" ထိပ်ပြောင်ကြိုးကြာသည် မကျေမနပ် ဖြစ်နေရင်း မိမိကိုယ်ပေါ်ရှိ အလင်းရောင်ကို အဆက်မပြတ် ပြောင်းလဲနေသည်။ တစ်ချက်တွင် ရွှေဝါရောင်၊ ထို့နောက် ဝါညိုရောင်၊ နောက်တစ်ချက်တွင် ဖယောင်းရောင်...

သို့သော် ထိပ်ပြောင်ကြိုးကြာ စုမင်နောက်သို့ အမှီလိုက်၍ သူ့ကို တစ်ချက် ပြန်ကြည့်မိသောအခါ ခန္ဓာကိုယ်မှာ ခဏတာ တောင့်တင်းသွားပြီး မျက်လုံးများ ပြူးကျယ်သွားသည်။ သူ့စိတ်များ ဗလာဖြစ်သွားရသည်မှာ ထိုအခိုက်အတန့်တွင် စုမင်၏ ခန္ဓာကိုယ် ဘေးပတ်လည်ရှိ အရောင်မှာ ရွှေဝါရောင် မဟုတ်တော့ဘဲ သွေးကဲ့သို့ နီရဲသော အရောင် ဖြစ်နေသောကြောင့်တည်း။

ရှည်လျားသော အနီရောင်ဆံပင်၊ အနီရောင်မျက်လုံးများ၊ ရှည်လျားသော အနီရောင်ဝတ်ရုံနှင့် သူ့တစ်ကိုယ်လုံးမှ ပြန့်လွင့်နေသော ကြီးမားသည့် သတ်ဖြတ်ခြင်း အငွေ့အသက်နှင့် ရူးသွပ်မှုတို့က ကောင်းကင်ယံသို့ ထိုးတက်ကာ ထိုနေရာ တစ်ခုလုံးကို ပြည့်နှက်သွားစေသည့် သတ်ဖြတ်ခြင်း စိတ်ဆန္ဒတစ်ခုအဖြစ် ဖွဲ့စည်းထားသည်။ ၎င်းတို့၏ ဘေးပတ်လည်ရှိ ဟင်းလင်းပြင်သည်ပင် ထိုသတ်ဖြတ်ခြင်း စိတ်ဆန္ဒကြောင့် မပြတ် တုန်ခါနေသည်။

အတော်ကြာပြီးနောက် စုမင်၏ အမူအရာက တဖြည်းဖြည်း ပြောင်းလဲသွားသည်။ ယခုတစ်ကြိမ်တွင် သူသည် မီးခိုးရောင် မဟုတ်သလို ရွှေရောင် သို့မဟုတ် အနီရောင်လည်း မဟုတ်တော့ပေ။ ယင်းအစား သူ၏ ပုံမှန်ရုပ်သွင်သို့ ပြန်လည် ရောက်ရှိသွားသည်။ သူက မျက်မှောင်ကြုတ်လျက် အမူအရာ အနည်းငယ် မှုံမှိုင်းစွာဖြင့် ဟင်းလင်းပြင်ထဲ၌ ရှေ့သို့ ဆက်လက် လျှောက်လှမ်းနေသည်။

'ငါ့ရဲ့ စစ်မှန်တဲ့ ခန္ဓာကိုယ်နဲ့ အမြန်ဆုံး ပေါင်းစပ်ဖို့ လိုမယ်။ မဟုတ်ရင် ငါ့ရဲ့ ကိုယ်ပွားတွေက နည်းနည်း မတည်မငြိမ် ဖြစ်နေလိမ့်မယ်။ စောစောက အပြောင်းအလဲတွေကို ငါ မထိန်းချုပ်နိုင်ခဲ့ဘူး။ လှုံ့ဆော်မှု နည်းနည်း ရှိရုံနဲ့တင် ငါ ပြောင်းလဲသွားလိမ့်မယ်' ဟင်းလင်းပြင်ထဲရှိ စုမင်၏ မျက်လုံးများထဲတွင် အလင်းတစ်ချက် လက်သွားသည်။ သူသည် မိမိ၏ စရိုက်တစ်ခုလုံးက တစ်ခဏချင်းအတွင်း ပြောင်းလဲသွားသကဲ့သို့ ဖြစ်နေသဖြင့် မိမိကိုယ်၌ မည်သည့်အရာ မှားယွင်းနေသည်ကို သတိပြုမိသွားသည်။

ထိုအပြောင်းအလဲသည် သူ ကိုယ်တိုင် ထိန်းချုပ်နိုင်သည့် အရာမဟုတ်ပေ။ စရိုက်သုံးခု၊ ကိုယ်ပွားသုံးဦးနှင့် လမင်းကို ထွန်းလင်းစေသော တောင်သုံးလုံးတို့ ပေါင်းစပ်သွားခြင်းက တည်ငြိမ်နေပုံရသော်လည်း အမှန်စင်စစ်တွင် အရေးကြီးဆုံး အစိတ်အပိုင်း တစ်ခုဖြစ်သည့် စစ်မှန်သော ကိုယ်တိုင် တည်ရှိမှု ပျောက်ဆုံးနေခြင်း ဖြစ်သည်။

'ငါ ကံကြမ္မာ အထောက်အပံ့ကို မဝါးမြိုခင်နဲ့ လမင်းကို ထွန်းလင်းစေတဲ့ တောင်သုံးလုံးကို မပေါင်းစပ်ခင်က ဒီလို အတက်အကျများတဲ့ စိတ်ခံစားချက်တွေ မရှိခဲ့ပါဘူး။ ဒါပေမဲ့ ငါ တောင်သုံးလုံးနဲ့ လမင်းကို ထွန်းလင်းစေပြီး ငါ့ရဲ့ လကပ်ဘေး အဆင့်အတွက် ဧရာမ လမင်းကြီးအဖြစ် ပြောင်းလဲလိုက်တာနဲ့ ဘာလို့ ဒီလို ဖြစ်ရတာလဲ' စုမင်သည် ဟင်းလင်းပြင်ကို ဖြတ်သန်း ပြေးလွှားရင်း မျက်မှောင်ကြုတ်လိုက်သည်။

'ကြက်သွေးရောင် မီးလျှံဂြိုဟ်သခင်က အသူရာဖန်ဆင်းရှင်တွေမှာ အလွန် ဆန်းကြယ်တဲ့ နတ်ဘုရား စွမ်းရည်တစ်ခု ရှိတယ်လို့ တစ်ခါက ပြောခဲ့တာကို ငါ မှတ်မိတယ်။ အဲဒါက သူတို့ရဲ့ ကိုယ်ပွားတွေ အားလုံးကို ထူးခြားတဲ့ နည်းလမ်းတစ်ခုနဲ့ ပေါင်းစပ်စေပြီး အလွန် ကြောက်မက်ဖွယ်ကောင်းတဲ့ စွမ်းအား အခြေအနေကို ရောက်ရှိစေတာပဲ'

'အစတုန်းကတော့ သူပြောတာကို ငါ သိပ်နားမလည်ခဲ့ဘဲ ငါ အရင်သုံးခဲ့တဲ့ နည်းလမ်းက အဲဒီအတိုင်းပဲလို့ ထင်ခဲ့တာ။ ဒါပေမဲ့ အခု ကြည့်ရသလောက်တော့ ငါ အခုမှ သုံးလိုက်တဲ့ ပေါင်းစပ်ခြင်း နည်းလမ်းက အသူရာဖန်ဆင်းရှင်တွေရဲ့ အဲဒီဆန်းကြယ်တဲ့ ပေါင်းစပ်ခြင်း ဖြစ်နေမလား' စုမင်က တွေးတောနေမိသည်။

သို့သော် ထိုအတွေးက သူ့ခေါင်းထဲ၌ ဖြစ်ပေါ်လာသည့် အခိုက်အတန့်မှာပင် အန္တရာယ် အရိပ်အယောင်တစ်ခု မြင့်တက်လာသည်။ သူ့အောက်ဘက် ဟင်းလင်းပြင်ထဲတွင် မြူခိုးများက လျင်မြန်စွာ လှိမ့်ဝင်လာပြီး ထိုနေရာမှ စူးစူးဝါးဝါး ဟိန်းဟောက်သံများ ထွက်ပေါ်လာသည်။

"ငါ့အသက်ကို ပြန်ပေး..." ဟိန်းဟောက်သံများနှင့်အတူ လွင့်မျောနေသော စကားသံများက ဟင်းလင်းပြင်ထဲ၌ ပဲ့တင်ထပ်နေသည်။ ၎င်းတို့က သဲသဲကွဲကွဲ မရှိသော်လည်း နားထဲ၌ စူးရှကာ နားမခံသာ ဖြစ်လှသည်။

"ငါ့ကို အဖော်လုပ်ပေး..."

"ငါ့အသက်ကို ပြန်ပေး..."

ထိုအသံများသည် လူအများအပြား တစ်ပြိုင်တည်း စကားပြောနေသည့်အလား နိမ့်ချည်မြင့်ချည် ထွက်ပေါ်နေသည်။ သူတို့က မတူညီသော စကားလုံးများကို ပြောဆိုနေကြပြီး လေထုထဲတွင် ပဲ့တင်ထပ်နေစဉ် ပြင်းထန်သော နာကျည်းမှု လှိုင်းလုံး တစ်လုံးက ဟင်းလင်းပြင်ထဲသို့ ပျံ့နှံ့သွားသည်။

ထို့နောက် စုမင်သည် အောက်ဘက် ဟင်းလင်းပြင်ထဲတွင် အရိပ်များ လုံးဝ မရှိရာမှ ပေါ်လာသည်ကို မြင်လိုက်ရသည်။ ၎င်းတို့က သရဲတစ္ဆေများနှင့် ဆင်တူသော ထူးဆန်းသည့် သက်ရှိပုံစံများအဖြစ် ပြောင်းလဲသွားပြီး သူတို့၏ မျက်နှာပေါ်ရှိ ရူးသွပ်မှုနှင့် ကြီးမားသော နာကျည်းမှုတို့အား သူ ရှင်းလင်းစွာ မြင်နိုင်သည်။ စုမင်ကို မြင်သည်နှင့် သူတို့၏ မျက်လုံးထဲတွင် မှောင်မိုက်သော အလင်းတန်းများ တောက်ပလာပြီး သူ့ထံသို့ တိတ်ဆိတ်စွာ တိုးဝင်လာကြသည်။

သူ ထိုတစ္ဆေများကို မြင်လိုက်ရသည့် အခိုက်အတန့်မှာပင် စုမင်၏ မျက်လုံးထဲ၌ မီးခိုးရောင် အရိပ်အယောင်တစ်ခု ပေါ်လာသည်။ သူ့ဆံပင်များကလည်း မီးခိုးရောင်သို့ ပြောင်းလဲသွားပြီး ခန္ဓာကိုယ်မှ ထူထပ်သော သေခြင်းတရား အငွေ့အသက်တစ်ခုက ချက်ချင်းပင် အကန့်အသတ်မရှိ ပေါက်ကွဲထွက်လာသည်။

ထိုအခိုက်အတန့်တွင် စုမင်သည် အေးစက်ကာ နှလုံးသားမဲ့နေသည်။ သူ့မျက်လုံးထဲတွင် ခံစားချက် အရိပ်အယောင်မျှ မတွေ့ရဘဲ လူသေတစ်ယောက်ကဲ့သို့ ဖြစ်နေသည်။

သေလွန်သူတို့၏ ကမ္ဘာတွင်မူ သက်ရှိဟူ၍ မရှိပေ။ အသက်ရှင်နေသူ အားလုံးသည် ရန်သူများသာ ဖြစ်သည်။

စုမင် မီးခိုးရောင်အဖြစ် ပြောင်းလဲသွားသည့် အခိုက်အတန့်တွင် သူက ရွှီဟွေ၏ လက်ကို လွှတ်လိုက်သည်။ သူမ နှလုံးသား တုန်ခါသွားပြီး နောက်သို့ ဆုတ်လိုက်သည်။ ထိုအခိုက်အတန့်တွင် စုမင်က သူမအတွက် အလွန် စိမ်းသက်နေသဖြင့် သူ့ကို တစ်ခါမျှ မသိခဲ့ဖူးသည့်အလား ဖြစ်နေသည်။ သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော သေခြင်းတရား အငွေ့အသက်က သူမအား သေခြင်းတရားကို တွေးတောမိစေသည်။

ထိုအငွေ့အသက်က အလွန် ထူထပ်သဖြင့် မျက်စိတစ်မှိတ်အတွင်း ဟင်းလင်းပြင် တစ်ခုလုံးကို ပြည့်နှက်သွားသည်။ အားကောင်းသော နာကျည်းမှု အငွေ့အသက်သည် တန်းတူအဆင့်အတန်း မဟုတ်သည့်အလား ချက်ချင်းပင် လွင့်ပြယ်သွားတော့သည်။

'သူ... သူ...'

ထိပ်ပြောင်ကြိုးကြာသည် ရုတ်တရက် ရပ်တန့်သွားပြီး မယုံကြည်နိုင်စွာဖြင့် မျက်လုံးများ ပြူးကျယ်သွားသည်။ သူက စုမင်ကို စိုက်ကြည့်လိုက်သောအခါ သူ့ခန္ဓာကိုယ်ပေါ်တွင် အမွေးအတောင် တစ်မွေးမျှ မရှိသော်လည်း အရေပြား တစ်ပြင်လုံး ကြက်သီးများ ထသွားသကဲ့သို့ ခံစားလိုက်ရသည်။

"သောက်ကျိုးနည်း.. ဘာတွေ ဖြစ်နေတာလဲ" ထိပ်ပြောင်ကြိုးကြာက အနည်းငယ် စကားထစ်နေသည်။ သူက ကြမ်းကြုတ်သော သရဲတစ်ကောင်ကို မြင်လိုက်ရသည့်အလား နောက်သို့ လျင်မြန်စွာ ဆုတ်ခွာသွားသည်။

"ဒီလောက် ထူထပ်တဲ့ သေခြင်းတရား အငွေ့အသက်... သူ ငရဲကနေ တက်လာတာများလား။ တောက်... ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ဒါ... ဒါက..." ထိပ်ပြောင်ကြိုးကြာ တုန်လှုပ်သွားသော်လည်း မျက်လုံးထဲတွင် စိတ်လှုပ်ရှားသည့် အလင်းတစ်စ တဖြည်းဖြည်း ပေါ်လာသည်။

"ဟားဟား.. စုမင် ပိုသန်မာလေ ငါ နောက်ကျရင် တခြားလူတွေကို ပိုအနိုင်ကျင့်ပြီး သူတို့ရဲ့ သလင်းကျောက်တွေကို ငါလိုချင်သလောက် လုလို့ရလေပဲ။ ထိပ်ပြောင်ကြိုးကြာရေ ထိပ်ပြောင်ကြိုးကြာ... မင်းက တယ်တော်ပါလား။ ဘယ်လိုလုပ် ဒီလို မိစ္ဆာကောင်နောက် လိုက်မိတာလဲ။ မင်းက ငါ အကြည်ညိုဆုံးလူပဲ။ မင်းထက် ပိုကြည်ညိုရတဲ့လူ လောကမှာ မရှိတော့ဘူး"

ထိပ်ပြောင်ကြိုးကြာ စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေစဉ် မီးခိုးရောင်မျက်လုံးနှင့် စုမင်မှာမူ ရေခဲတုံးကြီး တစ်တုံးအလား အေးစက်နေသည်။ သူက ခေါင်းငုံ့ကာ အောက်ဘက် ဟင်းလင်းပြင်ဆီသို့ ခပ်ဖျော့ဖျော့ လှမ်းကြည့်လိုက်ရာ အစောက ပြေးထွက်လာချင်နေသော တစ္ဆေများသည် သေခြင်းတရား အငွေ့အသက် ပျံ့နှံ့သွားပြီးနောက် ထိတ်လန့်တုန်လှုပ်စွာဖြင့် အားလုံး ရပ်တန့်သွားကြသည်။

"မင်းတို့တွေ ဒီလို အခြေအနေနဲ့ တည်ရှိနေရင်တောင် အသက်မရှင်သင့်တော့ဘူး" စုမင်က ထိုစကားကို အေးစက်စွာ ပြောဆိုပြီးနောက် ညာလက်အား မြှောက်ကာ ဟင်းလင်းပြင်ကို ဆွဲကိုင်လိုက်သည်။ ချက်ချင်းပင် ကွဲအက်သံများ ထွက်ပေါ်လာပြီး ဘဝမတရားခြင်းလှံ ပေါ်ပေါက်လာသည်။ စုမင်က လှံကို လက်ဖြင့် ဖမ်းဆွဲလိုက်သည်။ သူ ပြောင်းလဲသွားကတည်းက မျက်နှာပေါ်ရှိ အေးစက်မှုမှလွဲ၍ အခြား မည်သည့် ခစားချက် အရိပ်အယောင်မျှ ရှိမနေပေ။

အမှန်စင်စစ် ထိုအခိုက်အတန့်တွင် စုမင်၏ စိတ်မှာ အလွန် အကျိုးအကြောင်း ဆင်ခြင်တုံတရား ရှိနေပြီး ယင်းက အတိုင်းအတာတစ်ခုသို့ ရောက်ရှိသွားသောအခါ ရက်စက်ကြမ်းကြုတ်မှုအဖြစ် ပြောင်းလဲသွားပေမည်။

ထိုဆင်ခြင်တုံတရားက သူ သေစေချင်သော တည်ရှိမှုများကို ဖျက်ဆီးရန် မည်သည့် နည်းလမ်းနှင့် နည်းဗျူဟာကိုမဆို အသုံးပြုခွင့် ပေးနိုင်သည်။

ဤထူးခြားသော အခြေအနေနှင့် အနီရောင် ရူးသွပ်မှုတို့မှာ တစ်ခုနှင့်တစ်ခု လုံးဝ ဆန့်ကျင်ဘက် ဖြစ်သည်ဟု ပြောနိုင်သည်။

ပြောဆိုနေရင်း စုမင်သည် ရှေ့သို့ တစ်လှမ်း လှမ်းလိုက်ပြီး ဖြစ်သည်။ သူက အလွန် လျင်မြန်သဖြင့် တစ္ဆေများထံသို့ ချက်ချင်းပင် ကပ်သွားသည်။ ၎င်းတို့က နာကျင်စွာဖြင့် စူးစူးဝါးဝါး အော်ဟစ်ကြပြီး စုမင်၏ မျက်လုံးထဲတွင် မီးခိုးရောင်အလင်း တောက်ပလာသည်။ ချက်ချင်းပင် လေထုထဲ၌ ကွဲအက်သံများ ထွက်ပေါ်လာသည်။ စုမင်၏ ခန္ဓာကိုယ်မှ သေခြင်းတရား အငွေ့အသက်က အလွန်တရာ အေးစက်သွားပြီး လေထုထဲသို့ လျင်မြန်စွာ ပျံ့နှံ့ကာ ထိုနေရာ တစ်ခုလုံးကို လွှမ်းခြုံသွားသဖြင့် တစ္ဆေများ ခဏတာ တောင့်တင်းသွားကြသည်။ ထိုအခိုက်အတန့်တွင် စုမင်သည် လက်ထဲရှိ လှံရှည်ကို ရှေ့သို့ ပစ်လွှတ်လိုက်သည်။

ထိုလှံနှင့်အတူ ဟင်းလင်းပြင်ကြီး မြည်ဟည်းသွားသည်။ စုမင်၏ ကျောနောက်တွင် ဧရာမ လမင်းကြီးတစ်စင်း အထင်အရှား ပေါ်လာသည်။ ထိုလမင်း၏ အရောင်မှာ မီးခိုးရောင် ဖြစ်သည်။ ၎င်း ပေါ်လာသောအခါ တစ္ဆေများ၏ အော်ဟစ်သံများက ပို၍ စူးရှကာ အားကိုးရာမဲ့ ဖြစ်လာသည်။ သူတို့၏ အငွေ့အသက်များသည် ခန္ဓာကိုယ်မှ ချက်ချင်း ပျံ့ထွက်သွားပြီး ကွယ်ပျောက်တော့မည့်အလား ရှိနေသည်။ သူတို့က နောက်ဆုတ်လိုကြသော်လည်း စုမင် ဘဝမတရားခြင်းလှံကို ပစ်လွှတ်လိုက်သောအခါ လှံထိပ်ဖျားတွင် ဝဲဂယက်တစ်ခု ဖြစ်ပေါ်လာသည်။ ထိုဝဲဂယက်က ထိုနေရာ တစ်ခုလုံးကို လှုံ့ဆော် မွှေနှောက်လိုက်သဖြင့် နောက်ဆုတ်လိုသော တစ္ဆေအားလုံး လှုပ်ရှားနိုင်စွမ်း မရှိတော့ပေ။ သူတို့သည် လမင်း၏ သေခြင်းတရား အငွေ့အသက်အောက်တွင် နာကျင်စွာ အော်ဟစ်ရင်း ကွယ်ပျောက်သွားရုံသာ တတ်နိုင်တော့သည်။

သို့သော် ဝဲဂယက်၏ ဆွဲအားမှ လွတ်မြောက်သွားသော တစ္ဆေအချို့လည်း ရှိနေသည်။ သို့သော် သူတို့က ပုံသဏ္ဌာန်ပြောင်းလဲ၍ ထွက်ပြေးရန် ပြင်လိုက်စဉ်မှာပင် စုမင်က ဘယ်လက်ဖြင့် သိုလှောင်အိတ်ကို ပုတ်လိုက်ရာ ဘူးသီးခြောက်တစ်လုံး ပေါ်လာသည်။ ထိုဘူးသီးပေါ်တွင် မျက်လုံး ခုနစ်လုံးတည်း ရှိနေခြင်း မဟုတ်တော့ဘဲ ရှစ်လုံးအဖြစ် တည်ရှိနေပြီ ဖြစ်သည်။ စုမင်က ဂါထာကို ရွတ်ဆိုလိုက်ရာ မျက်လုံး ရှစ်လုံးစလုံးတွင် အလင်းတစ်ချက် လက်သွားပြီးနောက် လူသေးသေးလေး နှစ်ယောက် ပျံထွက်လာပြီး ထွက်ပြေးရန် ကြံစည်နေသော တစ္ဆေများနောက်သို့ လိုက်လံ ဖမ်းဆီးလေတော့သည်။

ထိပ်ပြောင်ကြိုးကြာသည် ဤအရာကို မြင်သောအခါ သူငယ်အိမ်များ ချက်ချင်း ကျုံ့ဝင်သွားသည်။ သူက သေးငယ်သော အမျိုးသမီးရုပ်လေးကို စိုက်ကြည့်ရင်း မျက်နှာတွင် ဝေခွဲမရဖြစ်သော အမူအရာတစ်ခု ပေါ်လာသည်။

'ဟင်.. သောက်ကျိုးနည်းပဲဟေ့။ အဲဒီ လူသေးသေးလေးက ဘာလို့ ဒီလောက် ရင်းနှီးနေရတာလဲ။ ငါ့ကို အဲဒီ အဘိုးကြီး လိုက်ဖမ်းတုန်းက လုယာကို ကလဲ့စားချင်လို့ ငါ ဖန်တီးခဲ့တဲ့ အမျိုးသမီး ဘူးသီးတွေထဲက တစ်လုံးနဲ့ ဘာလို့ ဒီလောက် တူနေရတာလဲ။ သူ့ကို ရွံရှာစေချင်လို့ ရယ်၊ သူ့ဘူးသီးထဲက လူသေးသေးလေးကို မြှူဆွယ်ချင်လို့ ရယ် ငါ ဖန်တီးခဲ့တဲ့ ဘူးသီးတွေထဲက တစ်လုံးနဲ့ တကယ့်ကို တူနေတာပဲ...'

ထိပ်ပြောင်ကြိုးကြာသည် အံ့အားသင့်မှုများနှင့်အတူ ဝေခွဲမရဖြစ်စွာဖြင့် ခေါင်းကို ကုတ်နေမိတော့သည်။

All Chapters